သွေးနီရောင်ကျင့်ကြံသူ
Vol. 11 Ch. 1001
ယွမ်ချင်း မျက်မှောင်တစ်ချက်ကြုတ်လိုက်ပြီး…
"ဘာ အမှာစကားလဲ…"
စားပွဲထိုးလေးက ရုတ်တရက် ထူးဆန်းသည့် အပြုံးတစ်ချက် ပြုံးလိုက်ပြီး…
"သူပြောတာက ခင်ဗျားက သေတော့မှာ… တဲ့…"
ထို့နောက် ဖောင်းခနဲ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး စားပွဲထိုးလေး၏ ခန္ဓာကိုယ်မှာ သွေးမှုံများအဖြစ်ပေါက်ကွဲထွက်သွားလေသည်။
ယွမ်ချင်း၏ ခန္ဓာကိုယ်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူက လက်တစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်ပြီး လေထဲမှ သွေးမှုံများကို ဖမ်းယူဆုပ်ကိုင်လိုက်သည်။
သွေးမှုံများက လေထဲသို့ ပျံ့နှံ့ပျောက်ကွယ်မသွားခင် ယွမ်ချင်းက တန်ခိုးစွမ်းအားအသုံးပြုပြီး ဖမ်းယူလိုက်ခြင်း ဖြစ်လေသည်။ မဟုတ်ပါက ပေါက်ကွဲထွက်သွားသည့်အရှိန်ကို သူ၏လက်က ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ထို့ပြင်… တန်ခိုးစွမ်းအားကို ထုတ်လွှတ်လိုက်သည့်အတွက် ပတ်ဝန်းကျင်မှ လူများ ပေါက်ကွဲမှုကို မရိပ်မိအောင် ထိန်းထားပေးလိုက်ခြင်းလည်း ဖြစ်လေသည်။
ထို့ကြောင့်… တည်းခိုခန်းမှ လူအများမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်သွားသည်ကို မည်သူမှ မသိလိုက်ကြတော့ပေ။
ယွမ်ချင်းက မျက်လုံးများအသာမှိတ်လိုက်ပြီး လက်ထဲမှ သွေးမှုံသွေးစများကို အာရုံခံကြည့်လိုက်သည်။
အချိန်က ခဏတာလေးမျှသာ ဖြစ်သော်လည်း ယွမ်ချင်းက စားပွဲထိုးလေး၏ အသက်ရှူသံနှင့် အငွေ့အသက်ကို ချက်ချင်းမှတ်သားလိုက်နိုင်သည်။
ထို့နောက် စားပွဲထိုးလေး မည်သည့်အဖြစ်အပျက်များ ရင်ဆိုင်ခဲ့ရသည်ကို သူ ဆက်လက် နောက်ကြောင်းပြန် ခြေရာခံကြည့်လိုက်သည်။
နောက်ဆုံးတွေငတော့… စားပွဲထိုးလေးသည် သန်သန်မာမာ ခန္ဓာကိုယ်ရှိသည့် လူတစ်ယောက်နှင့် မတော်တဆ ဝင်တိုက်မိခဲ့သည့် အဖြစ်အပျက်တစ်ခုကို သတိပြုလိုက်မိသည်။
ယွမ်ချင်း မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်လေသည်။ ထို့နောက်… သူ၏ ခန္ဓာကိုယ်သည် နေရာတွင်ပင် ပျောက်ကွယ်သွားလေတော့သည်။
သူပျောက်ကွယ်သွားသည်မှာ လျှင်မြန်လွန်းလှသည့်အတွက် လေထဲတွင် သူ့ပုံရိပ်များ ထင်ကျန်ရစ်သည်ကို တွေ့မြင်ရမည် ဖြစ်လေသည်။
***
လမ်းမတစ်ခုထက်တွင် မြင်းတစ်စီး ဒုန်းဆိုင်းမောင်းနှင်လာလေသည်။
ဖုန်လုံးကြီးများတလိမ့်လိမ့်တက်လာပြီး လမ်းသွားလမ်းလာများမှာ တိုက်မိမည်စိုးသည့်အတွက် ကမန်းကတန်း ရှောင်တိမ်းလိုက်ကြရသည်။
ထိုအချိန် မြင်းရှေ့တည့်တည့်တွင် ပိန်ပိန်ပါးပါး တာအိုဆရာတစ်ယောက် မတ်တတ်ရပ်လျှက်သား ထွက်ပေါ်လာလေသည်။
ထိုတာအိုဆရာမှာ ယွမ်ချင်းပင် ဖြစ်လေ၏။ သူက စူးရှသည့် မျက်ဝန်းများဖြင့် မြင်းစီးသမားကို စိုက်ကြည့်နေလေသည်။
ထို့နောက် ယွမ်ချင်းက မြင်းစီးသမားရှိရာသို့ လက်နှစ်ချောင်းဖြင့် ထိုးညွှန်လိုက်ရာ မြင်းစီးသမားရှေ့တွင် ကြီးမားသည့် ပိုက်ကွန်ကြီးတစ်ခု ထွက်ပေါ်လာလေသည်။
မြင်းက ကြောက်ရွံ့ထိတ်လန့်သွားပြီး ရှေ့ခွာကို ပတတ်ရပ်လိုက်လေရာ မြင်းပေါ်မှလူမှာ လွင့်စင်ထွက်သွားလုမတတ်ဖြစ်သွားရသည်။
ယွမ်ချင်းက သူ့လက်ချောင်းများကို စွန်ကုပ်လက်သည်းပုံသဏ္ဍန် ပြုလုပ်လိုက်သည်။
ရုတ်တရက်… ယွမ်ချင်းထံမှ သွေးနီရောင်တိမ်တိုက်တစ်ခု ထွက်ပေါ်လာပြီး ထိုတိမ်တိုက်က မြွေတစ်ကောင်အလား မြင်းစီးသမားထံသို့ ဝင်ရောက်သွားလေသည်။
မြင်းစီးသမားမှာ မလွတ်မြောက်နိုင်တော့ဘဲ ယွမ်ချင်း၏ လက်တွင်းသို့ ကျရောက်သွားလေတော့သည်။
သို့သော်… သူ့လက်ထဲသို့ ရောက်လာသည့် မြင်းစီးသမား၏ ခန္ဓာကိုယ်မှာ သွေးများကို စုပ်ယူပစ်လိုက်သည့်အလား ရုတ်တရက် ခြောက်သွေ့သွားပြီး အရိုးကို ဖုံးလွှမ်းထားသည့် အရေပြားသာလျှင် ကျန်ရစ်ခဲ့လေတော့သည်။
ယွမ်ချင်းက ထိုသူကို ထပ်ကြည့်မနေတော့ပေ။ အကြောင်းမှာ ဤလူသည် အစောကြီးကတည်းက သေဆုံးနေခဲ့ပြီ ဖြစ်သည်ကို သူ သိရှိခဲ့သောကြောင့် ဖြစ်လေသည်။
ထိုသူ၏ ခန္ဓာကိုယ်ကို ထောက်ပံ့ပေးနေသည့် သွေးဝိညာဉ်ကြောင့်သာ အသက်ရှင်နေသည့် လူတစ်ယောက်နှင့် တူနေခြင်း ဖြစ်သည်။
ထိုမြင်းစီးသမားကား အခြားသူမဟုတ်ပေ။ စောစောက စားပွဲထိုးလေးနှင့် ဝင်တိုက်မိသည့်သူ ဖြစ်လေ၏။
ယခု ထိုသူ၏ ခန္ဓာကိုယ်မှ သွေးဝိညာဉ်ထွက်ခွာသွားသည့်အခါ သွေးဝိညာဉ်တန်ခိုးစွမ်းအားက ယွမ်ချင်းကို ရိုက်ခတ်သွားသည့်အတွက် ယွမ်ချင်းမှာ အော့အန်မိမတတ်ပင် ဖြစ်သွားရသည်။
သို့သော်… သွေးဝိညာဉ်တန်ခိုးစွမ်းအား၏ ရိုက်ခတ်မှုကြောင့် သူ၏ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ရုတ်တရက် ထိန်းချုပ်ခံလိုက်ရလေသည်။
သွေးဝိညာဉ်တန်ခိုးစွမ်းအားကြောင့် ယွမ်ချင်း၏ မျက်ဝန်းများ သွေးနီရောင် တောက်ပလျှက် ရှိလေသည်။
တစ်စုံတစ်ယောက် သူ့နောက်သို့လိုက်ကာ မကောင်းကြံနေခြင်းဖြစ်ကြောင်း ယွမ်ချင်း ရိပ်မိလိုက်သည်။
ထိုသူသည် သူ့အကြောင်းကို ကောင်းကောင်းသိနေသည့် ရန်သူတစ်ယောက် ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဟွမ်ချွမ်ကျီသာ ဖြစ်နိုင်လေ၏။
သွေးဝိညာဉ်တန်ခိုးစွမ်းအားက အလွန်ပြင်းထန်လေရာ ယွမ်ချင်းမှာ ထိုတန်ခိုးစွမ်းအားများကို ဖျက်စီးပစ်ရန် အတန်ကြာအောင် ကြိုးစားလိုက်ရသည်။
ထိုသွေးဝိညာဉ်တန်ခိုးစွမ်းအားများကိုသာ ယွမ်တုဓားတွင် တံဆိပ်ခတ်ထားလျှင် သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ဖိနှိပ်ထားနိုင်မည်ဟု ယွမ်ချင်း တိတ်တဆိတ်တွေးလိုက်မိသည်။
ထို့ကြောင့် သူက သွေးဝိညာဉ်တန်ခိုးစွမ်းအား (၁၀) ရာခိုင်နှုန်းခန့်ကို ဖျက်စီးမပစ်ဘဲသူ့လက်ဖဝါးထဲတွင် တံဆိပ်ခတ်ကာ အသာ သိမ်းဆည်းထားလိုက်လေသည်။
သိပ်မကြာမီ သူ ညာဘက်လက်ဖဝါးကို ဖြန့်ကြည့်လိုက်လေသည်။ ထိုအခါ သူ၏လက်ဖဝါးထက်တွင် ပြဒါးတံဆိပ်ခတ်ရာတစ်ခု ပေါ်လာလေသည်။
သို့သော်… ယွမ်ချင်း၏ မည်သည့်ဝေဒနာကိုမှ ခံစားရခြင်း မရှိပေ။ အကြောင်းမှာ ထိုပြဒါးတံဆိပ်အမှတ်အသားမှာ သွေးဝိညာဉ်တန်ခိုးစွမ်းအားကို ကန့်သတ်ထိန်းချုပ်ထားသောကြောင့် ဖြစ်သည်။
ထိုသွေးဝိညာဉ်တန်ခိုးစွမ်းအားက သာမန် တန်ခိုးစွမ်းအားတစ်ခု မဟုတ်ပေ။ ထို့ပြင် ထိုတန်ခိုးစွမ်းအားက ယွမ်ချင်းနှင့် ဆက်နွယ်နီးစပ်နေသလို ခံစားလိုက်ရသည်။
ထို့ကြောင့်… ထိုပြဒါးအမှတ်အသားမှတစ်ဆင့် ဖြစ်တည်မှုတစ်ခုကို တိတ်တဆိတ်ခံစားလိုက်ရသည်။
သို့သော် ယွမ်ချင်းက အလျင်လိုခဲ့ခြင်း မရှိပေ။
ယွမ်ကျိုးနယ် အနောက်ဘက်ဒေသတွင် ဗုဒ္ဓ၏ ရှေးဟောင်းဓာတော်မွေတော်များရှိသည်ဟု ယွမ်ချင်း ကြားသိခဲ့ဖူးသည်။
သူ၏ ကိုယ်တွင်းမှ ကျင့်စဉ်လမ်းပဋိပက္ခများကို ဖြေရှင်းနိုင်ရန်အတွက် ထိုဓာတ်တော်မွေတော်ကိုသာ ရရှိလျှင် အလုပ်ဖြစ်နိုင်မည်ဟု ယွမ်ချင်း တွေးလိုက်မိသည်။
***
တောင်ပေါ်တွင် နှင်းများဖုံးလွှမ်းနေပြီး လေလည်းထန်လျှက် ရှိလေသည်။
တောင်တစ်ခွင်လုံး အမှောင်ထုက ဖုံးလွှမ်းနေပြီး မည်သည့်အရာကိုမှ ရှင်းရှင်းလင်းလင်း တွေ့မြင်ရခြင်း မရှိပေ။ သတ္တိကောင်းလှသူများပင်လျှင် ယခုလိုအချိန်မျိုးတွင် တောင်ပေါ်သို့ တက်လာရဲကြမည် မဟုတ်ပေ။
သို့သော်…တောင်ပေါ်ရှိ ဝတ်ကျောင်းတော်အပျက်ကြီးတစ်ခုထဲတွင်တော့ မီးဖိုတစ်ခု ဖိုထားသည်ကိုတွေ့မြင်နိုင်သည်။
အနီရောင်မီးတောက်များအောက်တွင် ပန်းနုရောင်ကျောက်သားဖြင့် ထွင်းထုထားသည့်အလား ထင်မှတ်ရသည့် မိန်းကလေးငယ်တစ်ယောက် ထိုင်နေသည်ကို တွေ့မြင်ရလေသည်။
မီးဖိုမှ မီးရောင်က သူမ၏ မျက်နှာကို ရောင်ပြန်ဟပ်လျှက် ရှိသည်။
သူမ၏ မျက်နှာလေးသည် စင်းလုံးချော ပြေပြစ်လှပလွန်းပြီး ပါးပြင်ထက်မှ အစိမ်းရောင်သွေးကြောငယ်များကိုပင် တွေ့မြင်နေရလေသည်။
နှင်းများက ကျဆင်းနေပြီး လေပြင်းများကလည်း တိုက်ခတ်နေလေသည်။
အေးစက်သည့် နှင်းမှုံများသည် ပျက်စီးနေသည့် ဝတ်ကျောင်းတော်ခေါင်မိုးမှ ဝတ်ကျောင်းတော်အတွင်းသို့ ကျဆင်းလျှက် ရှိသည်။
ဤမိန်းကလေးသည် သာမန်မိန်းကလေးတစ်ယောက်သာဆိုလျှင် ဤမျှအေးစက်သည့်ညတစ်ညကို မည်သို့မှ အသက်ရှင်သန်လျှက် ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။
သို့သော်… ကံကောင်းသည်မှာ သူမသည် သာမန်လူတစ်ယောက် ဟုတ်ဟန်မတူပေ။
သူမက အသက်ဓာတ်စွမ်းအားများကို သန့်စင်လိုက်ပြီး အသက်ရှူလိုက်တိုင်း မိုးမြေစွမ်းအားများကို စုပ်ယူလျှက် ရှိလေသည်။
သူမက မနီးမဝေးတစ်နေရာမှ နတ်ရုပ်တုကြီးကို လှမ်းကြည့်လိုက်ပြီး…
"လူတွေက နတ်ဘုရားတွေကို မေ့လျော့လေ့ မရှိကြဘူး ၊ မင်းလည်း အဲဒီအစွဲနဲ့ နတ်ဘုရားဖြစ်နေတာ မဟုတ်လား…"
နတ်ရုပ်တုကြီး၏ ပခုံးများထက်တွင် အလင်းတန်းများလင်းလက်လာပြီး မီးပုံမှ အလင်းရောင်ပင် အနည်းငယ် မှေးမှိန်သွားလေသည်။
ထို့နောက် အလင်းတန်းများ ပြန်လည်မှေးမှိန်သွားပြီး နတ်ရုပ်တုကြီးက ရုတ်တရက်ပါးစပ်များဖွင့်ဟကာ ထူးဆန်းသော အသံတစ်သံဖြင့် စကားပြောလိုက်သည်။
"အခုနောက်ပိုင်း ကျင့်ကြံသူတွေက သိပ်ကို တန်ခိုးစွမ်းအား မြင့်မားတာပဲ ၊ မင်းကို ကြည့်ရတာ အသက်ငယ်ငယ်လေးနဲ့ ဒီလို ထိုးထွင်းသိမြင်နိုင်စွမ်းတွေ ရှိနေပါလား…"
"ကျွန်မ ခံစားမိတာပါ ၊ ကျွန်မက ကျင့်ကြံသူတစ်ယောက်ဆိုပေမယ့် သဘာဝတရားကို နားလည်နိုင်စွမ်းလည်း ရှိတယ်လေ ၊ ဒီထက်ဘာမှ မပိုပါဘူး ၊ ဒါနဲ့ မင်း ကျွန်မကို အဖြေပြန်မပေးရသေးဘူးနော်…"
ထိုမိန်းကလေးငယ်လေးသည်ကား လီချင်းဆွေပင် ဖြစ်လေ၏။
နတ်ရုပ်တုကြီးက ထူးဆန်းစွာ စကားပြောနေသည့်တိုင် သူမကတော့ ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ ပုံမှန်အတိုင်း မေးခွန်းများ ဆက်လက်မေးမြန်းနေခဲ့လေသည်။
သို့သော်… သူမတွင် မည်သည့်ရည်ရွယ်ချက်မှ မရှိပေ။ အေးစက်ပြီးနှင်းများကျနေသည့် ညတစ်ညတွင် အလုပ်မရှိ ပျင်းရိသောကြောင့်သာ နတ်ရုပ်တုကြီးကို စကားလှမ်းပြောနေခြင်း ဖြစ်သည်။
"ဟေး… လူတွေက အစွဲမရှိဘဲသေသွားရင် နတ်ပြည်ရောက်ကြတယ်လို့ပြောတယ် ၊ ပြီးတော့ ကောင်းရာဘုံဘဝမှာ ပြန်ဝင်စားကြတယ်လို့ဆိုတယ် ၊ ငါကတော့ ဘာအစွဲမှ မရှိဘဲ အလိုလိုနေရင်း ဒီတောင်ပေါ်မှာနတ်ဘုရားတစ်ပါးဖြစ်လာခဲ့တယ် ၊ ပြီးတော့ လူပြန်ဝင်စားလို့လည်းမရဘဲ ဒီလောကမှာပဲ နေထိုင်နေရတယ်…"
နတ်ရုပ်တုကြီး၏ အသံက အနည်းငယ် တိုးလျနေလေသည်။
လီချင်းဆွေက…
"ဒါဖြင့် မင်းဘယ်လိုလုပ် တောင်စောင့်နတ်ဖြစ်လာတာလဲ…"
"တကယ်တော့ ငါက တောင်ခြေက သာမန်မိန်းကလေးတစ်ယောက်ပါ ၊ တစ်နေ့တော့ ငါ ကိုယ်ဝန်ရှိလာခဲ့တယ် ၊ ငါ့ အဖေက ငါ့ကို အရမ်းဂရုစိုက်ပါတယ် ၊ ငါ ဒီလိုမျိုး မဖြစ်သင့်တာ ဖြစ်လာတာတောင် ငါ့ကို အိမ်ကနေနှင်မထုတ်ခဲ့ဘူး ၊ ငါ့ကို ကာကွယ်ပေးခဲ့တယ် ၊ သူက အခြားသူတွေပြောဆိုကြတဲ့ အတင်းအဖျင်းတွေကို ငါ ပြန်ကြားရမှာစိုးရိမ်လို့ အိမ်ထဲက အိမ်ပြင်တောင် ပေးမထွက်ခဲ့ဘူး ၊ အချိန် (၁)နှစ်နေပြီးတဲ့နောက် ငါ ကလေးတစ်ယောက်မွေးခဲ့တယ် ၊ သူက မွေးမွေးချင်းပဲ မြေကြီးပေါ်မှာ လမ်းလျှောက်နိုင်တယ် ၊ သူက ငါ့ကိုပြောတာ ငါ အသက်ကြီးလို့ သေခါနီးအချိန်ကျရင် ငါ့ကို ကျေးဇူးဆပ်ဖို့ ပြန်လာခဲ့မယ်တဲ့ ၊ အဲဒီလိုလည်းပြောပြီးရော သူ ပျောက်ကွယ်သွားတော့တာပါပဲ ၊ နောင်နှစ်တွေအများကြီးကြာသွားတဲ့နောက် ငါ နာမကျန်းဖြစ်တော့တယ် ၊ ဒါပေမဲ့ ငါ့ဆီကို လူတစ်ယောက်ရောက်လာတယ် ၊ သူက လုံး၀ ဆံပင်လည်းမရှိ မျက်ခုံးမွှေးလည်းမရှိပေမယ့် အရမ်း ချောမောတာပဲ ၊ အရပ်ကလည်း အမြင့်ကြီးပဲ ၊ အဲဒါ ငါ့ရဲ့ သားလေးပဲ ၊ သူက ငါ့ကို ကျေးဇူးဆပ်ဖို့ပြန်လာခဲ့တာပေါ့ ၊ သေလုနီးပါးစြဖ်နေတဲ့ ငါ့ကို သူက လက်ညှိုးတစ်ချက်ညွှန်ပြလိုက်တယ် ၊ ငါ့တစ်ကိုယ်လုံး ရုတ်တရက် ပေါ့ပါးသွားသလို ခံစားလိုက်ရပြီး ငါ ဒီဝတ်ကျောင်းတော်ထဲကို ရောက်လာတယ် ၊ တောင်စောင့်နတ်ဖြစ်သွားတော့တာပါပဲ…"
လီချင်းဆွေက ထိုအကြောင်းကိုကြားသည့်အခါ အနားတွင်ထိုင်နေသည့် ဆန်းလျန်ကို စိတ်ထဲမှ လှမ်းမေးလိုက်သည်။
"အဲဒါ ဘာဖြစ်သွားတာလဲ မင်းသိလား…"
ဆန်းလျန်က ပျင်းရိပျင်းတွဲဟန်ဖြင့် ပြုံးလိုက်ရင်း…
"မင်းကို ဒီနေရာကိုလာဖို့ ကျုပ်ပြောခဲ့တာ အကြောင်းရှိတယ် ၊ တကယ်တော့ ဒီတောင်စောင့်နတ်က သိပ်မလွယ်လှဘူး ၊ မင်းသိလား … သူက တန်ခိုးစွမ်းအားသိပ်မရှိပေမယ့် ဒီလောကမှာ သူ့ကို ဖျက်စီးပစ်နိုင်တဲ့သူ မရှိသလောက်ရှားတယ်…"
လီချင်းဆွေက…
"မင်းပြောချင်တာ ဘာအဓိပ္ပါယ်လဲ ၊ ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ…"
ဆန်းလျန်က…
"သူမွေးဖွားခဲ့တဲ့ ကလေးက အသူရချောက်ရဲ့ သွေးနီရောင်ပင်လယ်ထဲက သွေးနီရောင်ကျင့်ကြံသူပဲ ၊ သူက အသူရာမျိုးနွယ်တွေကို ဖန်ဆင်းခဲ့တဲ့သူလည်း ဖြစ်သလို လောကမှာ တန်ခိုးစွမ်းအားအမြင့်မားဆုံး လူတစ်ယောက်လည်း ဖြစ်တယ် ၊ ဒါပေမဲ့ ကံဆိုးတာက တာအိုဆရာသခင်ထိုက်ယီနဲ့ ရင်ဆိုင်ခဲ့ရပြီး သူ အသက်ဆုံးခဲ့ရတယ် ၊ ဒါပေမဲ့ သူက သွေးနီရောင်ကျင့်ကြံသူဖြစ်တဲ့အတွက် အရည်အချင်း အရမ်းရှိတယ် ၊ သူက သွေးနီရောင်တန်ခိုးစွမ်းအားကို စကြာဝဠာ စတင်ဖြစ်တည်တဲ့ အချိန်ကတည်းက ကျင့်ကြံခဲ့တာ ၊ အဲဒီတန်ခိုးစွမ်းအားက သူ့ရဲ့ မူပိုင်တန်ခိုးစွမ်းအားပဲ ၊ အဲဒီအချိန်တုန်းကဆိုရင် တာအိုဆရာသခင်ထိုက်ယီတောင် တာအိုဆရာသခင်ကြီးတစ်ပါး မဖြစ်သေးတဲ့အချိန်ပေါ့… ၊ သူက အဲဒီတန်ခိုးစွမ်းအားကို အသုံးပြုပြီး လူ့လောကမှာ လူပြန်ဝင်စားခဲ့တာပဲ…"
***