အခန်း (၈၃-၈၄)
Vol. 9 Ch. 83-84
အခန်း (၈၃) ဝင်္ကပါများစွာ ရှိနေသည်
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် တစ်ပတ် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ချင်းယန်တောင်ထွတ်၏ အလယ်တွင်။
ဘုန်း…
ချန်လော့၏ အခန်းထဲမှ အစွမ်းထက်သော ဝိညာဉ်စွမ်းအင် လှိုင်းလုံး တစ်ခုနှင့်အတူ လုံးထွေးနေသော အသံတစ်ခု ထွက်ပေါ်လာ၏။
အခန်းထဲရှိ မြေပြင်ပေါ်၌ တင်ပျဉ်ခွေ ထိုင်နေသော ချန်လော့သည် စိတ်ပျက်လက်ပျက်အမူအယာဖြင့် မျက်လုံးကိုဖြည်းညင်းစွာဖွင့်လိုက်သည်။
"ဆယ်ရက်တောင် ကြာတာကို အဆင့်ငယ်လေး တစ်ဆင့်ပဲ တက်တာလား... ဒါက အရမ်း နှေးလွန်းနေပြီ..."
လွန်ခဲ့သော ဆယ်ရက်တာ ကာလအတွင်း ချန်လော့သည် တောင်ပေါ်မှ လုံးဝ မဆင်းဘဲ နေ့စဉ်နေ့တိုင်း ပြင်းထန်သော ကျင့်ကြံမှုများ ပြုလုပ်နေခဲ့ပြီး အဆ ၁၀၀ တိုးပွားစေသော အာနိသင်ကိုပင် အသက်သွင်းထားခဲ့၏။
ရလဒ်အနေဖြင့် ချန်လော့သည် အဆင့်ငယ်လေး တစ်ဆင့်ကို အောင်မြင်စွာ ထိုးဖောက် ဝင်ရောက်နိုင်ရန်အတွက် ဆယ်ရက် ကြာမြင့်ခဲ့ပြီး ဝိညာဉ်ကျောက်တုံး ၁၀၀၀ ကုန်ကျခဲ့သည်။
သာမန်အချိန်ဖြင့် တွက်ကြည့်မည် ဆိုပါက ရက်ပေါင်း ၁၀၀၀ ဖြစ်ပြီး သုံးနှစ်နီးပါးပင် ရှိ၏။
အဆင့်ငယ် တစ်ဆင့် တက်ဖို့ သုံးနှစ်တောင် ကြာတယ်ဆိုတဲ့ သတင်းသာ ထွက်သွားရင် လူတွေက ငါ့ကို ရယ်ကြတော့မှာပဲ…
ချန်လော့သည် သိုလှောင်အိတ်ကို ထုတ်ယူ၍ အတွင်းရှိ ဝိညာဉ်ကျောက်တုံးများကို တစ်ချက် ကြည့်လိုက်သည်။
“ အခုတော့ ဝိညာဉ်ကျောက်တုံး ၆၀၀၀ လောက်ပဲ ကျန်တော့တယ်…”
“များတယ်လို့ ထင်ရပေမဲ့ မလောက်ဘူး…”
ထိုဝိညာဉ်ကျောက်တုံးများက သူ့ကို အများဆုံး နှစ်လခန့်သာ ထောက်ပံ့ပေးနိုင်မည် ဖြစ်၏။
ထို့အပြင် ကျင့်ကြံမှုတွင် ရှေ့သို့ ရောက်လေလေ အဆင့်တက်ရန် ပို၍ ခက်ခဲလာလေလေ ဖြစ်သည်။ ဤဝိညာဉ်ကျောက်တုံးများက သူ၏ ကျင့်ကြံမှုကို အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ်သို့ ရောက်သည်အထိ ထောက်ပံ့ပေးနိုင်မည်လား ဆိုသည်ကို ချန်လော့ အနည်းငယ် စိုးရိမ်နေ၏။
"ထားလိုက်ပါတော့... အခုလောလောဆယ် မကျင့်ကြံတော့ဘူး... ကျောက်စိမ်းရောင် ဆေးလုံး ရတဲ့အထိ စောင့်တာ ပိုကောင်းမယ်..."
“အခုလို ကျင့်ကြံနေတာက ဝိညာဉ်ကျောက်တုံးတွေကို အရမ်း အလဟဿ ဖြစ်စေတယ်…”
“ကျောက်စိမ်းရောင် ဆေးလုံး ရပြီး ပါရမီကို မြှင့်တင်ပြီးမှ ကျင့်ကြံတာက အကျိုးသက်ရောက်မှု ပိုကောင်းလိမ့်မယ်…”
ဤသည်မှာ ပျင်းရိသွားခြင်း လက်လျှော့သွားခြင်း မဟုတ်ပေ။
ဂိုဏ်းထဲတွင် သူ့ကိုသတ်ချင်နေသူ အများကြီးရှိနေပြီး သူအပြင်ထွက်လိုက်သည်နှင့် တန်းပြီး အသတ်မခံလိုပေ။
တစ်ခဏမျှ စဉ်းစားပြီးနောက် ချန်လော့သည် ဒုတိယအဆင့် ဝင်္ကပါဆရာ နိဒါန်း စာအုပ်ကို ထုတ်ယူကာ ဝင်္ကပါ မန္တာန်ကို အသက်သွင်းလိုက်၏။
"သင်သည် ဒုတိယအဆင့် အဆုံးသတ်သတ်ဖြတ်ခြင်း ဝင်္ကပါ တစ်ခုကို ခင်းကျင်းလိုက်သည်... အဆတစ်ရာ တိုးပွားသွားပြီးနောက် အဆုံးသတ်သတ်ဖြတ်ခြင်း ဝင်္ကပါ အခုတစ်ရာ ခင်းကျင်းပြီးသွားပါပြီ..."
"သင်၏ဝင်္ကပါ ကျွမ်းကျင်မှုသည် အနည်းငယ် တိုးတက်လာပါပြီ..."
"သင်သည် ဒုတိယအဆင့် ဝိညာဉ်အရိပ် ဝင်္ကပါ တစ်ခုကို ခင်းကျင်းလိုက်သည်.... အဆတစ်ရာ တိုးပွားသွားပြီးနောက် ဝိညာဉ်အရိပ် ဝင်္ကပါ အခုတစ်ရာ ခင်းကျင်းပြီးသွားပါပြီ..."
"သင်၏ ဝင်္ကပါ ကျွမ်းကျင်မှုသည် အနည်းငယ် တိုးတက်လာပါပြီ..."
"သင်သည် ဒုတိယအဆင့် ဝိညာဉ်စုစည်းမှု ဝင်္ကပါငယ် တစ်ခုကို ခင်းကျင်းလိုက်သည်.... အဆတစ်ရာ တိုးပွားသွားပြီးနောက် ဝိညာဉ်စုစည်းမှု ဝင်္ကပါငယ် အခုတစ်ရာ ခင်းကျင်းပြီးသွားပါပြီ..."
"သင်၏ ဝင်္ကပါ ကျွမ်းကျင်မှုသည် အနည်းငယ် တိုးတက်လာပါပြီ..."
…
နောက်ထပ် ငါးရက် ကုန်ဆုံးသွားပြန်သည်။
"သင်သည် ဒုတိယအဆင့် ဝိညာဉ်အရိပ် ဝင်္ကပါ တစ်ခုကို ခင်းကျင်းလိုက်သည်... အဆတစ်ရာ တိုးပွားသွားပြီးနောက် ဝိညာဉ်အရိပ် ဝင်္ကပါ အခုတစ်ရာ ခင်းကျင်းပြီးသွားပါပြီ..."
"သင့်တွင် ဝင်္ကပါတွေနဲ့ ပတ်သက်၍ ပိုကောင်းသော နားလည်သဘောပေါက်မှု ရှိလာပြီး အဆင့်တက်ရန် အနည်းငယ် နီးစပ်လာပါပြီ..."
ချွေးများ ဖုံးလွှမ်းနေသော ချန်လော့၏ မျက်နှာသည် ရုတ်တရက် တောင့်တင်းသွားပြီး သူ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွား၏။
" ငါးရက်တောင် ရှိနေပြီကို နည်းနည်းလေးပဲ နီးစပ်လာသေးတာလား..."
ချန်လော့ စိတ်ပျက်သွားသည်။ သူသည် သုံးရက်လုံးလုံး ဝင်္ကပါ ကျင့်ကြံခြင်းတွင် အချိန်ဖြုန်းခဲ့ခြင်း ဖြစ်၏။
သူ ပြင်ဆင်ထားခဲ့သော်လည်း ဒုတိယအဆင့် ဝင်္ကပါက ပထမအဆင့်လောက် လုံးဝ မလွယ်ကူကြောင်း သူ သိခဲ့သည်။
ပထမအဆင့်တွင် သူသည် ဝင်္ကပါဆရာများ၏ အဆင့်ထဲသို့ စတင် ဝင်ရောက်ရုံသာ ရှိသေး၏။ ဒုတိယအဆင့် ရောက်မှသာ ဒုတိယအဆင့် ဝင်္ကပါဆရာ တစ်ယောက်အဖြစ် အပြည့်အဝ စတင် လုပ်ဆောင်နိုင်မည် ဖြစ်သည်။
သို့သော် ငါးရက်လုံးလုံး ကျင့်ကြံပြီးနောက်တွင် သူ၏ ဒုတိယအဆင့် ဝင်္ကပါ မန္တာန်က အလယ်အလတ်အဆင့် သို့ပင် မရောက်သေးဘဲ အစောပိုင်းအဆင့် တွင်သာ လည်ပတ်နေသေးမည်ကို ချန်လော့ မမျှော်လင့်ထားခဲ့ပေ။
သူ၏ နဖူးတွင် ချွေးများ ဖုံးလွှမ်းလျက် မြေပြင်ပေါ်သို့ ပြိုလဲကျသွား၏။
လွန်ခဲ့သော ရက်အနည်းငယ် အတွင်း သူ ကျင့်စဥ် ကျင့်ကြံခြင်း လုံးဝ မရှိခဲ့သလောက်ပင်။
ကျင့်စဉ်များကို မကျင့်ကြံဘဲ ဝင်္ကပါ မန္တာန်ကိုသာ ကျင့်ကြံနေခဲ့ခြင်း ဖြစ်သည်။
ပုံမှန်ဆိုလျှင် သူသည် ထိုမျှ လုံ့လဝီရိယ ရှိမည် မဟုတ်ဘဲ သူ၏ ကြိုးစားအားထုတ်မှုများတွင်ပင် တစ်သမတ်တည်း ရှိမည် မဟုတ်ချေ။
“ ဘယ်တတ်နိုင်မလဲ ယန်ချင်းချွမ်နဲ့ သွားပတ်သက်မိတာကိုး”
ချန်လော့အနေဖြင့် တောင်ပေါ်တွင် ထာဝရ နေထိုင်ကာ မည်သည့်အခါမျှ ဆင်းမလာဘဲ နေလို့ရသည်။
သို့သော်လည်း လောချင်းယွီသည် ဤသို့ခွင့်ပြုမည် မဟုတ်ကြောင်း သူ သေချာ သိထား၏။
လောချင်းယွီ လိုချင်သည်မှာ ရန်သူ၏ လည်ပင်းကို ကိုက်ဖြတ်နိုင်သော သားရဲ တစ်ကောင် ဖြစ်ပြီး အခါအားလျော်စွာ သီချင်းဆိုတတ်သော လှောင်ချိုင့်ထဲမှ ငှက်တစ်ကောင် မဟုတ်ပေ။
အခြေခံတည်ဆောက်ခြင်းအဆင့် ဂိုဏ်းသားများက ချန်လော့ကို တိုက်ခိုက်ရာတွင် သူမ ဝင်ရောက် စွက်ဖက်မည် မဟုတ်ကြောင်း ယန်ချင်းချွမ်ကို သူမ ပြောခဲ့ရသည့် အကြောင်းရင်းမှာ ချန်လော့အပေါ် ဖိအားပေးပြီး သူ့ကို ပိုမို သန်မာလာစေရန် ဖြစ်သည်။
သေချာသည်မှာ သူ၏ လက်ရှိ ပါရမီနှင့် စွမ်းရည်များက လောချင်းယွီ ၏ အမြင်တွင် သူ့ကို ပြုစုပျိုးထောင်ရန် လုံလောက်သည်ဟု ထင်မြင်နေပုံကသည်။
မဟုတ်ပါက လော့ချင်းယွီသည် ချန်းလော့၏ ပါရမီကို မြှင့်တင်ရန် ကျောက်စိမ်းရောင်အသီးများကို ရှာဖွေခိုင်းမည် မဟုတ်သလို ကျောရိုးဓားကိုလည်း ပေးခဲ့မည် မဟုတ်ပေ။
အကယ်၍ သူတစ်ခုခုဖြစ်သွားခဲ့မည်ဆိုပါက လော့ချင်းယွီသည် သူ့ကိုကယ်တင်လိမ့်မည်ကို ချန်လော့ သေချာသိသည်။
သူမသည် ချန်လော့ကိုထိခိုက်စေလိုတာမဟုတ်ဘဲ ဖိအားပေးရန်သာဖြစ်သည်။
မဟုတ်ပါက ချန်လော့ကို ပြုစုပျိုးထောင်ရာတွင် သူမ စိုက်ထုတ်ထားသော ကြိုးစားအားထုတ်မှု အားလုံး အလဟဿ ဖြစ်သွားပေလိမ့်မည်။
သို့သော် လောချင်းယွီသည် သူ့ကို သေချာပေါက် ကယ်တင်မည်ကို ချန်လော့ သိသော်လည်း လောချင်းယွီသည် သူ့ကို အချိန်မီ မကယ်တင်နိုင်မည်ကို သူ စိုးရိမ်နေ၏။
လောချင်းယွီသည် အလွန် သန်မာ၏။ ဘိုးဘေး အချို့မှလွဲ၍ ချန်ရှင်းဂိုဏ်းတွင် မည်သူကမျှ သူမ၏ ပြိုင်ဘက် မဟုတ်ပေ။
သို့သော် အသန်မာဆုံးသူပင်လျှင် အရာအားလုံးကို စွမ်းဆောင်နိုင်သည် မဟုတ်ချေ။ သူမက သူ့ကို အချိန်တိုင်း စောင့်ကြည့်နေနိုင်မည် မဟုတ်ပေ။
ငါ တိုက်ခိုက်ခံရတဲ့ အချိန်မှာ သူမ ရှိမနေရင် ဘယ်လိုလုပ်မလဲ…
ထို့အပြင် ထိုအရာသည် ဖြစ်နိုင်ခြေများကြောင်း ချန်လော့ ခံစားမိ၏။
လောချင်းယွီ မရှိလျှင်ပင် အခြားသူများ၏ လက်ထဲတွင် အသက်ရှင်သန်နိုင်ရန် သို့မဟုတ် ထွက်ပြေးလွတ်မြောက်နိုင်ရန်အတွက် ချန်လော့တစ်ယောက် ဤမျှ ဝီရိယစိုက်ထုတ်၍ ကျင့်ကြံနေခြင်းဖြစ်သည်။
မြေပြင်ပေါ်တွင် ထိုင်၍ အတန်ကြာအောင် နက်နက်နဲနဲ စဉ်းစားပြီးနောက် ချန်လော့သည် ဒုတိယအဆင့် ဝင်္ကပါဆရာ နိဒါန်း စာအုပ်ကို ထပ်မံ ကောက်ယူလိုက်၏။
"အခြား ဝင်္ကပါ စာအုပ် အချို့ကို ရှာဖို့ အချိန်တန်ပြီ..."
ခေါင်းစဉ်၌ အကြံပြုထားသည့်အတိုင်း ထိုစာအုပ်ထဲရှိ ဒုတိယအဆင့် ဝင်္ကပါဆရာများနှင့် ပတ်သက်သော အကြောင်းအရာများသည် နိဒါန်းမျှသာ ဖြစ်သည်။
ဒုတိယအဆင့် ဝင်္ကပါများပင်လျှင် စုစုပေါင်း ငါးခု သို့မဟုတ် ခြောက်ခုသာ ရှိ၏။
ထို့အပြင် ဤဝင်္ကပါ ငါးခု သို့မဟုတ် ခြောက်ခုကို ချန်လော့သည် ဤငါးရက်တာ ကာလအတွင်း ပြီးပြည့်စုံလုနီးပါး အဆင့်အထိ ကျင့်ကြံထားပြီး ဖြစ်သည်။
ဆက်ကျင့်ကြံနေရင်တောင် ဘာမှသိပ် ရမှာ မဟုတ်တော့ဘူး…
ဒုတိယအဆင့် ဝင်္ကပါဆရာ နိဒါန်း ကို သိမ်းဆည်းပြီးနောက် ချန်လော့သည် လောချင်းယွီကို ရှာရန် ချင်းယန်တောင်ထွတ်၏ ထိပ်သို့ သွားရန် စီစဉ်လိုက်၏။
သို့သော် သူ အိမ်ထဲမှ မထွက်ရသေးမီမှာပင် ရုတ်တရက် နှလုံးနာကျင်မှု တစ်ခုကို သူခံစားမိလိုက်သည်။
ထိုနာကျင်မှုမှာ သူ၏ အိမ်အပြင်ဘက်တွင် သူ ခင်းကျင်းထားသော ဝင်္ကပါ တစ်ခု မှလာခြင်းဖြစ်ပြီး မည်သူမဆို ချဉ်းကပ်လာပါက ချန်လော့ ချက်ချင်း သိရှိနိုင်မည် ဖြစ်၏။
ဤနေရာက ချင်းယန်တောင်ထွတ် ဖြစ်ပြီး လောချင်းယွီ ဤနေရာတွင် ရှိနေသောကြောင့် ထိုဂိုဏ်းသားများက ထင်ထင်ပေါ်ပေါ် ပြေးတက်လာကြမည် မဟုတ်ပေ။
“ဒါပေမဲ့ ပိုက်ဆံမက်ပြီး အတင့်ရဲတဲ့လူရှိမလား ဆိုတာ ဘယ်သူက သိနိုင်မှာလဲ…”
“ကြိုတင် ကာကွယ်မှု အနေနဲ့ အမြဲတမ်း အဝင်ဝမှာ ဝင်္ကပါ တစ်ခု ထားရှိတာက ကောင်းပါတယ်…”
တစ်ခဏချင်းမှာပင် ချန်လော့သည် သတိကြီးကြီးထားပြီး သိုလှောင်အိတ်ထဲမှ ဓားရှည် တစ်လက်ကို ထုတ်ယူလိုက်၏။
သို့သော် အိမ်အပြင်ဘက်မှ ထွက်ပေါ်လာသော အသံက ချန်လော့ကို စိတ်သက်သာရသွားစေသည်။
"မင်း တကယ်ပဲ ဝင်္ကပါတွေ ဒီလောက်အများကြီး ခင်းကျင်းထားဖို့ လိုလို့လား..."
ထိုအသံပိုင်ရှင်မှာ လောချင်းယွီမှလွဲ၍ အခြားသူ မဟုတ်ပေ။
နောက်တစ်စက္ကန့်တွင် တံခါး ပွင့်သွားပြီး လောချင်းယွီက အပြင်ဘက်တွင် စိတ်ရှုပ်ထွေးစွာ ရပ်နေ၏။
နတ်ဝိညာဉ်အဆင့် တစ်ဝက်မျှ အစွမ်းထက်သော လောချင်းယွီသည် အိမ်တွင်းနှင့် အိမ်ပြင်တွင် ချန်လော့ ခင်းကျင်းထားသော မြောက်မြားစွာသော ဝင်္ကပါများကို အလွယ်တကူ မြင်နိုင်ခဲ့သည်။
အိမ်အပြင်ဘက်တွင် အိမ်ကို ဝန်းရံထားသော အချက်ပေး ဝင်္ကပါ အနည်းဆုံး နှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့် ရှိ၏။
အခန်းထဲတွင် သွေးသတ်ကွင်း ဝင်္ကပါ ငါးဆယ်၊ ဝိညာဉ်အရိပ် ဝင်္ကပါ သုံးဆယ်ကျော်နှင့် အခြားသော ရောနှောနေသည့် ဝင်္ကပါများက ရွှေမြုတေအဆင့် သိုင်းသမား တစ်ယောက် ရောက်လာရင်တောင် ပြန်ထွက်သွားဖို့ တော်တော်လေး ကြိုးစားရလိမ့်မည်။
ချန်လော့သည် အနေခက်စွာ ပြုံးပြလိုက်၏။
အမှန်တွင် သူသည် အစကတည်းက ဝင်္ကပါများစွာ ခင်းကျင်းရန် မရည်ရွယ်ပေ။
သူသည် ထိုငါးရက်ကို ဝင်္ကပါများ ကျင့်ကြံခြင်းတွင် အချိန်ဖြုန်းခဲ့ခြင်း ဖြစ်၏။
ဝင်္ကပါခင်းထားသည်များကို ဖယ်ရန် မေ့သွားသဖြင့် အခန်းထဲတွင် ဤအတိုင်းထားမိခြင်းဖြစ်သည်။ အချိန်ကြာလာတာနဲ့အမျှ ဝင်္ကပါ အခုတစ်ရာလောက် စုမိသွားခြင်းသာဖြစ်၏။
အခန်း (၈၄) နောက်ယောင်ခံလိုက်ခြင်း
လောချင်းယွီသည် ချန်လော့၏ အခန်းထဲရှိ ဝင်္ကပါများကို တစ်ချက် ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။
"ချင်းယန်တောင်ထွတ်မှာ ငါ ရှိနေပါသေးတယ်... နင့်ကို သတ်ချင်ရင်တောင် ဒီတောင်ပေါ် ပြေးတက်လာဖို့ သတ္တိ ရှိကြမှာ မဟုတ်ဘူး..."
သို့သော် ချန်လော့သည် ချက်ချင်း ခေါင်းယမ်းပြလိုက်၏။
"ယန်ချင်းလင်ကလည်း သူ့မှာ ရွှေမြုတေအဆင့် ၇ ရှိတဲ့ အစ်ကို တစ်ယောက် ရှိတယ်... ဓားတောင်ထွတ် တိုက်ရိုက်တပည့် တစ်ယောက် ဖြစ်တဲ့ သူ့ကို ဘယ်သူမှ မသတ်ရဲဘူးလို့ ထင်ခဲ့တာပဲလေ..."
"မမျှော်လင့်ထားတဲ့ အရာတွေက ပိုပြီး ဖြစ်လာတတ်တယ်..."
“သူ့ကိုသတ်ဖို့အတွက် ယန်ချင်းချွမ်က ဝိညာဉ်ကျောက်တုံး ဘယ်လောက် အသုံးပြုထားလဲ ဆိုတာ ဘယ်သူ မှမသိသလို ... တစ်ယောက်ယောက်က ချမ်းသာချင်လို့အတင့်ရဲလာရင် ဘယ်လိုလုပ်ကြမလဲ….”
ချန်လော့၏ စကားများကို နားထောင်ပြီးနောက် လောချင်းယွီမှာ အတန်ကြာအောင် တိတ်ဆိတ်သွား၏။
ချန်လော့၏ စကားများက အတိုင်းအတာ တစ်ခုအထိ ယုတ္တိရှိသည်ဟု ဆိုရမည်။
အကယ်၍ တစ်စုံတစ်ယောက်က သိုသိုသိပ်သိပ်ဖြင့် ချန်လော့ကို ရှင်းလင်းရန် တောင်ပေါ်သို့ ခိုးတက်လာပါက လောချင်းယွီအနေဖြင့် သိရှိနိုင်မည် မဟုတ်ချေ။
သူမသည် ထိုသို့ လုံးဝ မစဉ်းစားခဲ့မိပေ။
သူမ၏ အရှိန်အဝါနှင့် ဂိုဏ်း၏ ဂုဏ်သတင်းတို့ကြောင့် လူသတ်သမားများသည် ချန်းယန်တောင်ထွတ်ကို ရှောင်ကြမည်ဖြစ်ပြီး တောင်ပေါ်ကို တတ်ရဲမည် မဟုတ်ဟု သူမတွေးထားခဲ့သည်။
သို့သော် ချန်လော့၏ ယခုလေးတင် ပြောလိုက်သော စကားများက သူမကို သတိပေးလိုက်၏။
ကံကြမ္မာသည် ရဲရင့်သူများကို မျက်နှာသာပေးပြီး ကြီးမားသော ဆုလာဘ်က ရဲရင့်သော အမျိုးသားများကို အမြဲတမ်း ဆွဲဆောင်နိုင်လိမ့်မည်။
"ဒါနဲ့ ဆရာ... ကျွန်တော့်ကို ဘာလို့တွေ့ချင်တာလဲ..."
ချန်လော့သည် သူ၏ လက်ထဲရှိ ဓားရှည်ကို သိုလှောင်အိတ်ထဲသို့ ထည့်ရင်း လောချင်းယွီကို ကြည့်လိုက်သည်။
လော့ချင်းယွီ သတိပြန်ဝင်လာ၏။
"မင်းရဲ့ ကျောက်စိမ်းရောင် ဆေးလုံး ရပြီ... ဆေးတောင်ထွတ်ကို သွားပြီး ကိုယ်တိုင် သွားယူလိုက်..."
ချန်လော့၏ လက်များ ရုတ်တရက် တောင့်တင်းသွားသည်။
"အမ်း... ကျွန်တော် တစ်ယောက်တည်း သွားရမှာလား..."
"ဒါမှမဟုတ် ဘယ်သူနဲ့ သွားမလို့လဲ..."
ချန်လော့ အတန်ကြာအောင် တိတ်ဆိတ်သွား၏။
“ဖြစ်လာဖို့ သေချာနေတဲ့ အရာက နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ…”
ချင်းယန်တောင်ထွတ်သို့ သူ ပြန်ရောက်သည့် နေ့ကတည်းက ထိုအခြေအနေကို သူ ကြိုတင် မျှော်လင့်ထားခဲ့သော်လည်း။
သို့သော် တကယ်တမ်း ရောက်လာသောအခါ အနည်းငယ်တော့ အံ့အားသင့်နေဆဲပင်။
ချန်လော့သည် မူလက သိမ်းဆည်းရန် ရည်ရွယ်ထားသော ဓားရှည်ကို ခါးတွင် ချည်နှောင်လိုက်ပြီးနောက် သိုလှောင်အိတ်ထဲမှ အတွင်းဂိုဏ်းသား ဝတ်စုံ တစ်စုံကို ထုတ်ယူကာ ဝတ်ဆင်လိုက်၏။
ထို့နောက် သူသည် အမည်းရောင် ပိတ်စ တစ်စကို ရှာ၍ သူ၏ မျက်နှာကို ဖုံးကွယ်လိုက်သည်။
ဤသည်က တမင်တကာ လုပ်ဆောင်နေပုံ ပေါက်သော်လည်း အနည်းဆုံးတော့ တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနိုင်မည် မဟုတ်ချေ။
"ရုပ်ဖျက်တဲ့ ကျင့်စဉ်မျိုး မရှိတာ နှမြောစရာပဲ..."
ချန်လော့သည် စိတ်ပျက်စွာ ပြောလိုက်၏။
လောချင်းယွီသည် ထိုအရာအားလုံးကို တစ်ခွန်းမှ မပြောဘဲ ကြည့်နေသည်။
ယန်ချင်းချွမ် ငှားထားသောလူများက အတွင်းဂိုဏ်းသားဝတ်စုံထားပြီး မျက်နှာကို အဝတ်စည်းထားသည့် ချန်လော့ကိုမမှတ်မိပါက ၊ ယန်ချင်းချွမ် တစ်ယောက် လူကဲခတ် ညံ့သည်ဟုပင် ဆိုရမည်။
သို့သော် လောချင်းယွီ လက်ရှိ ရရှိထားသော အချက်အလက်များ အရ ဤသည်က ဖြစ်နိုင်ခြေ မရှိ။
အခြေခံတည်ဆောက်ခြင်းအဆင့် ဂိုဏ်းသားများက ချန်လော့ကို ရင်ဆိုင်နေစဉ် သူမအနေဖြင့် ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟု လောချင်းယွီ ပြောခဲ့သော်လည်း ၊ အမှန်တွင် ယန်ချင်းချွမ်၏ အခြေအနေကို သူမ စောင့်ကြည့်နေခဲ့သည်
ယခုအချိန်အထိ ချန်လော့ကို ရင်ဆိုင်ရန်အတွက် ယန်ချင်းချွမ်သည် ခန္ဓာတောင်ထွတ်၏ အတွင်းဂိုဏ်းသား ခုနစ်ယောက်ကို စုဆောင်းထားပြီး ဖြစ်ကြောင်း သူမ သိထား၏။
ထို့အပြင် တောင်ထွတ် အသီးသီးမှ လူများစွာကိုလည်း စုဆောင်းထားသည်။ သူတို့သည် တိုက်ရိုက် မပူးပေါင်းကြသော်လည်း ယန်ချင်းချွမ်ထံမှ အကျိုးအမြတ်များ ရရှိထားပြီး စောင့်ကြည့်ရေး တာဝန်ကို ယူထားကြ၏။ ချန်လော့၏ နေရာကို သူတို့ ရှာတွေ့သည်နှင့် တစ်ပြိုင်နက် ယန်ချင်းချွမ်ထံသို့ ချက်ချင်း သတင်းပို့ရန် ဖြစ်ပြီး အပြန်အလှန်အားဖြင့် ကြီးမားသော အကျိုးအမြတ်များကို ရရှိမည် ဖြစ်သည်။
ချန်လော့ ထွက်သွားသည်ကို ကြည့်ရင်း လောချင်းယွီသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ထပ်မံ ပြောလိုက်၏။
"တကယ်လို့ မင်း အန္တရာယ်နဲ့ ကြုံရရင် နောက်မဆုတ်နဲ့..."
"အဲဒီလူတွေ အားလုံးက မင်းကို သတ်ဖို့ လာတာ... သူတို့က နောက်ဆုတ်နေမှာ မဟုတ်ဘူး..."
ချန်လော့သည် အနည်းငယ် ပြုံးလိုက်သော်လည်း ဘာမျှ ထပ်မပြောတော့ချေ။
“ဘာလို့ နောက်ဆုတ်ရမှာလဲ... နောက်ဆုတ်ဖို့လား... လုံးဝ မဖြစ်နိုင်ဘူး... တစ်ဖက်လူရဲ့ လက်ကို ဖြတ်ခဲ့လိုက်တာက ပိုကောင်းလိမ့်မယ်…”
"ဒါနဲ့... မင်း တောင်ပေါ်က ဆင်းလာတာနဲ့ တစ်ပြိုင်နက် လူမမိချင်ရင် အနောက်ဘက် အဆုံးကနေ ဆင်းသွားလိုက်..."
လောချင်းယွီသည် ထပ်လောင်း ပြောလိုက်၏။
ချန်လော့သည် မျက်မှောင်ကြုတ်လိုက်၏။
"တောင်အောက်မှာ လူအများကြီး ရှိနေလို့လား..."
လောချင်းယွီ ခေါင်းယမ်းလိုက်၏။
"အများကြီးတော့ မဟုတ်ဘူး... ဂိုဏ်းသား လို့ ခေါ်တဲ့သူ တစ်ယောက်တည်း ရှိတာ..."
"ဂိုဏ်းသား လား... တံခါးလာခေါက်တဲ့သူလား..."
ချန်လော့ အံ့အားသင့်သွားသည်။
"ပိုင်ဇီချိုးလေ... စမ်းသပ်လေ့ကျင့်ရေးကွင်းကနေ ပြန်ရောက်လာတဲ့ ညကတည်းက သူ တောင်ခြေမှာ ထိုင်စောင့်နေတာ..."
ထိုအကြောင်းကို ပြောရင်း လောချင်းယွီသည် တစ်စုံတစ်ခုကို သတိရသွားပုံ ရပြီး ချန်လော့ကို ကြည့်ကာ သူမ၏ မျက်နှာပေါ်တွင် ရှားပါးသော အပြုံးတစ်ခု ပေါ်လာ၏။
"သူ့ရဲ့ သိုလှောင်အိတ်ကို ပြန်ပေးဖို့ မင်းကို လာတောင်းတာလို့ သူ ပြောတယ်..."
ချန်လော့၏ မျက်နှာသည် ရှက်ရွံ့သွားဟန် ရသည်။
သို့သော် သူသည် လျင်မြန်စွာ ခေါင်းယမ်းလိုက်၏။
"သူ လူမှားနေတာ ဖြစ်ရမယ်..."
ထိုသို့ ပြောပြီးနောက် သူ ထွက်ခွာသွားသည်။
…
ချန်လော့သည် လောချင်းယွီ၏ အကြံပေးချက်ကို လိုက်နာပြီး တောင်နောက်ဘက်မှ ဆင်းရန် ရွေးချယ်လိုက်၏။
လမ်းတစ်လျှောက်တွင် လူများစွာနှင့် မဆုံတွေ့ခဲ့ရဘဲ ဆေးတောင်ထွတ်သို့ ခရီးစဉ်က အလွန် အေးချမ်းခဲ့သည်။
သို့သော် ဆေးတောင်ထွတ်သို့ ရောက်ရှိပြီးနောက် လူအများအပြားက သူ့ကို အထက်အောက် ကြည့်နေကြကြောင်း ချန်လော့ သေသေချာချာ ခံစားလိုက်ရ၏။
သို့သော် ချန်လော့သည် ဂရုမစိုက်ဘဲ သူ၏ ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။
တောင်ပေါ်မှ စတင် ဆင်းလာသည့် အချိန်ကတည်းက အဆိုးရွားဆုံး အခြေအနေ အတွက် သူ ပြင်ဆင်ထားပြီး ဖြစ်၏။
သူ၏ အတွင်းဂိုဏ်းသား ဝတ်စုံနှင့် သူ၏ မျက်နှာကို ဖုံးကွယ်ထားသော ပိတ်စက သူ့ကို အချိန်အကြာကြီး အထောက်အကူ ပြုနိုင်မည် မဟုတ်ကြောင်း သူ ကောင်းကောင်း သိသည်။
ယန်ချင်းချွမ်၏ လူများက သူ့ကို ရှာတွေ့ရန် အချိန်သာလိုသည် ။
ချန်လော့သည် တောင်ပေါ်သို့ သူ၏ ခြေလှမ်းများကို အရှိန်မြှင့်လိုက်စဉ် သူ၏နောက်မှ ဆေးတောင်ထွတ် ဂိုဏ်းသား တစ်ယောက်က တစ်ခဏမျှ စဉ်းစားလိုက်ပြီး ခက်ခဲသော ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်သည်။
သူသည် သူ၏ ဝတ်ရုံထဲမှ အခေါင်းပေါက်ပါသော ကျောက်စိမ်း ဝါးကျည်တောက် တစ်ခုကို ဆွဲထုတ်လိုက်ပြီးနောက် ပြင်းပြင်းထန်ထန် ညှစ်လိုက်ရာ ဝါးကျည်တောက် ကြေမွသွားပြီး ဝိညာဉ်အလင်းတန်း တစ်ခု ထွက်ပေါ်လာ၏။
ထို့နောက် သူသည် ချန်လော့ နောက်သို့ ချက်ချင်း လိုက်သွားသည်။
တစ်ချိန်တည်းမှာပင် ဓားတောင်ထွတ် ပေါ်တွင်။
ကျင့်ကြံရင်း တင်ပျဉ်ခွေ ထိုင်နေသော ယန်ချင်းချွမ်သည် ရုတ်တရက် မျက်လုံး ဖွင့်လိုက်၏။
သူ၏ အိတ်ကပ်ထဲမှ ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်ရာ ၎င်းပေါ်တွင် "ဆေးတောင်ထွတ်" ဟူသော စာလုံးကြီး နှစ်လုံးကို ရှင်းလင်းစွာ ရေးသားထားသည်။
"ဒါဆို မင်း နောက်ဆုံးတော့ အပြင်ထွက်လာဖို့ ဆုံးဖြတ်လိုက်ပြီပေါ့လေ..."
ယန်ချင်းချွမ်သည် ပြောရင်းဖြင့် အေးစက်စက်ပြုံးလိုက်သည်။
သူသည် ကျောက်စိမ်း ဝါးကျည်တောက် တစ်ခုကို ထုတ်ယူ၍ ခြေမွပစ်လိုက်သည်။
ထို့နောက် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်၏။
"လော့ချင်းယွီက ငါ လှုပ်ရှားလို့ မရဘူးလို့ ပြောခဲ့ပေမဲ့ ငါ စောင့်ကြည့်လို့ မရဘူးလို့တော့ မပြောခဲ့ဘူးလေ..."
"ချန်လော့... ဒီတစ်ကြိမ်တော့ ငါ့မျက်စိရှေ့မှာ မင်း သေသွားတာကို ငါ ကြည့်ချင်တယ်..."
ထိုသို့ ပြောပြီးနောက် သူသည် ထရပ်ကာ ဆေးတောင်ထွတ်ဆီသို့ သူ၏ ဓားဖြင့် ပျံသန်းသွားတော့၏။
တစ်ချိန်တည်းမှာပင် ဆေးတောင်ထွတ် တစ်ဝက်ခန့်တွင်။
ချန်လော့ လျင်မြန်စွာ လျှောက်သွားသည်။ လွန်ခဲ့သော သုံးမိနစ်ခန့် ကတည်းက သူ့နောက်တွင် ချီစွမ်းအင် အရိပ်အယောင်တစ်ခုက သူ့ကို နောက်ယောင်ခံ လိုက်နေသည်ကို သူ ခံစားမိသည်။
ထိုသူသညမ သိပ်မသန်မာလှပေ။ အခြေခံတည်ဆောက်ခြင်း ပဉ္စမ သို့မဟုတ် ဆဋ္ဌမအဆင့် ဝန်းကျင်တွင်သာ ရှိသည်။
၎င်းသည် ယန်ချင်းချွမ် ငှားရမ်းထားသော လူသတ်သမား ဟုတ်မဟုတ် မသေချာသော်လည်း ၊ သို့သော် ချန်လော့သည် ဂရုမစိုက်ပေ။
“တကယ်လို့ သူတို့က ငါ့ကို သတ်ဖို့ လာတာ မဟုတ်ရင်တောင် ယန်ချင်းချွမ်နဲ့ သေချာပေါက် သက်ဆိုင်နေနိုင်တယ်…”
အဘယ်ကြောင့်ဆိုသော် လမ်းတစ်လျှောက်တွင် ချန်လော့သည် သူ့ နောက်မှ လိုက်လာသူကို အခွင့်အရေး အများအပြား ပေးကာ ငါးကြိမ် သို့မဟုတ် ခြောက်ကြိမ်ခန့် လှည့်ပတ် သွားလာခဲ့ပြီး ဖြစ်သောကြောင့်ပင်။
သို့သော် ၎င်းသည် ထွက်မသွားဘဲ သူ့နောက်မှ ထပ်ကြပ်မကွာ ဆက်လိုက်နေခဲ့၏။
ထိုအချိန်ကတည်းက ချန်လော့သည် သူ့ကို သတ်ဖြတ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
သို့သော် ထိုကောင်ကို သတ်ရုံဖြင့် မလုံလောက်ဟု သူ ခံစားရသဖြင့် ချက်ချင်း လှုပ်ရှားခြင်း မပြုခဲ့ပေ။
သူ သတ်လိုက်သည့် လူကို တန်ဖိုးရှိစေချင်သည်။
ချန်လော့ မော့ကြည့်လိုက်သည်။ သူ၏ရှေ့ မလှမ်းမကမ်းတွင် ဆေးဖော်ခန်း တစ်ခု ရှိပြီး ထိုနေရာသည် ဆေးတောင်ထွတ်သို့ သူ ပထမဆုံး အကြိမ် လာရောက်စဉ်က သွားခဲ့သော ဆေးဖော်စပ်ရာ နေရာပင် ဖြစ်၏။
ဆေးဖော်ခန်း အပြင်ဘက်တွင် ဂိုဏ်းသား တစ်ဒါဇင်ခန့်က အတွင်းရှိ ဂိုဏ်းသားများ ထွက်လာပြီး သူတို့အတွက် နေရာဖယ်ပေးရန် စောင့်ဆိုင်းနေကြသည်။
"ဒီမှာပဲ လုပ်လိုက်ကြတာပေါ့..."
ချန်လော့သည် ထိုသို့ ပြောရင်း ၊ ရှေ့သို့ ခြေလှမ်း အနည်းငယ် ထပ်လှမ်းလိုက်၏။
ထိုအချိန်၌ ချန်လော့သည် ရုတ်တရက် ခြေလှမ်းရပ်တန့်သွားပြီး နောက်သို့ လှည့်ကြည့်လိုက်၏။
ချန်လော့လှည့်လာသည်ကို မြင်သောအခါ ချန်လော့နောက်မှ လိုက်လာသော ဂိုဏ်းသားသည် ချက်ချင်း နောက်လှည့်သွားသည်။ သို့သော် ချန်လော့သည် ရုတ်တရက် လှည့်ကြည့်လာသဖြင့် ယင်းက သူ့ကို အလစ်အငိုက် မိသွားစေကာ သူသည် မတ်တတ်ရပ်နေသယောင် ဟန်ဆောင်ရင်း သူ့ ခြေထောက်များကို ငုံ့ကြည့်နေလိုက်ရ၏။
သို့သော် သူသည် ချန်လော့ ရှိရာသို့ ပြန်မော့ကြည့်လိုက်သောအခါ ချန်လော့မှာ ထိုနေရာတွင်မရှိတော့ပေ။
ချန်လော့ ယခုလေးတင် ရပ်နေခဲ့သော နေရာတွင် တွင်းငယ်လေး တစ်ခုသာ ရှိနေ၏။
မည်သည့်အရာ ဖြစ်ပျက်နေသည်ကို သူ နားမလည်နိုင်မီမှာပင် မြေကြီး ပေါက်ကွဲသွားသည့် အသံတစ်ခုက သူ၏ နောက်ကွယ်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည် ။