← Chapters

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း (၈၇) ပါရမီ မြှင့်တင်ခြင်း

အနောက်ဘက် ခန်းမသို့ ရောက်သောအခါ ချန်လော့သည် အခန်း တစ်ခန်းကို ရှာဖွေ၍ ဝင်ရောက်လိုက်ပြီး ကုတင်ပေါ်သို့ တက်ကာ တင်ပျဉ်ခွေ ထိုင်လိုက်၏။

ချန်လော့သည် ကျောက်စိမ်းရောင် ဆေးလုံးများ ပါရှိသည့် ဆေးလုံး သေတ္တာကို ထုတ်ယူ၍ အတွင်းရှိ ဆေးလုံးများကို တစ်ချက် ကြည့်လိုက်သည်။

စုစုပေါင်း ၅ လုံး ရှိ၏။

သို့သော်လည်း ချန်လော့သည် ဆေးလုံးကို ချက်ချင်း မျိုမချခဲ့ပေ။

"အဆ ၁၀၀ တိုးပွားစေတဲ့ အာနိသင်ကို အရင်ဆုံး အသက်သွင်းလိုက်မယ်..."

ထိုသို့ ပြောရင်း သူက ဝိညာဉ်ကျောက်တုံး ၁၀၀ ကို အသုံးပြု၍ အဆ ၁၀၀ တိုးပွားစေသော အာနိသင်ကို အသက်သွင်းလိုက်၏။

"ဝိညာဉ်ကျောက်တုံး ၁၀၀ ကို အသုံးပြု၍ အဆ ၁၀၀ တိုးပွားစေသော အာနိသင်ကို အသက်သွင်းလိုက်ပါပြီ..."

စနစ်၏ စတင်သည့် အသံကို ကြားသောအခါ ချန်လော့ ပြုံးလိုက်သည်။

စနစ်၏ တိုးပွားစေသော အာနိသင်ဖြင့် ကျောက်စိမ်းရောင် ဆေးလုံး တစ်လုံး၏ အာနိသင်က ကျောက်စိမ်းရောင် ဆေးလုံး အလုံး တစ်ရာ၏ အာနိသင်နှင့် ညီမျှသွား၏။

သူ့ကို အမြင့်ဆုံး အဆင့်သို့ မရောက်ရှိစေရန် ဟန့်သားထားသော အတားအဆီးသည် ကန့်သတ်ချက် ရှိနေလျှင်ပင် သူက အလယ်အလတ် သို့မဟုတ် အဆင့်မြင့် အဆင့်သို့ သေချာပေါက် ရောက်ရှိနိုင်ပေလိမ့်မည်။

ချန်လော့သည် ကျောက်စိမ်းရောင် ဆေးလုံး တစ်လုံးကို ထုတ်ယူ၍ မျိုချလိုက်၏။

"သင်သည် ကျောက်စိမ်းရောင် ဆေးလုံး တစ်လုံးကို မျိုချလိုက်သည်... အဆတစ်ရာ တိုးပွားသွားပြီးနောက် သင်သည် ကျောက်စိမ်းရောင် ဆေးလုံး အလုံး တစ်ရာကို မျိုချပြီးသွားပါပြီ..."

"သင်သည် ဆေးလုံးတွေ စားသုံးနိုင်တဲ့ ကန့်သတ်ချက်ကို ရောက်ရှိသွားပြီ... ဆေးလုံး အလုံး နှစ်ဆယ်ရဲ့ စွမ်းအားကိုသာ စုပ်ယူနိုင်ခဲ့ပါသည်..."

…

စနစ်၏ အသံ ထွက်ပေါ်လာသည်နှင့်အမျှ သူ မျိုချလိုက်သော ကျောက်စိမ်းရောင် ဆေးလုံး၏ စွမ်းအားက ဆယ်ဆ တိုးလာသည်ကို ချန်လော့ သေသေချာချာ ခံစားလိုက်ရ၏။

အစပိုင်းတွင် ဆေးလုံးက ချန်လော့ကို အနည်းငယ် နွေးထွေးမှုသာ ခံစားရစေခဲ့သော်လည်း ယခုမူ ချော်ရည်များကို ပါးစပ်ထဲသို့ မျိုချလိုက်ရသကဲ့သို့ ခံစားရပြီး အလွန်အမင်း ပူလောင်သော ခံစားမှု တစ်ခုက သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

"ဒါက အရမ်း ပြင်းလွန်းနေပြီထင်တယ်..."

ချန်လော့သည် သွားကြိတ်ထားလိုက်ပြီး ဆယ်စက္ကန့်ကျော် အချိန်အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်က ချွေးများဖြင့် ရွှဲနစ်နေပြီ ဖြစ်၏။

ကျောက်စိမ်းရောင် ဆေးလုံး၏ အာနိသင်များက သူ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို တဖြည်းဖြည်း ပြောင်းလဲပေးနေကြောင်း သူ ခံစားနိုင်သည်။

အလွန်အမင်း ထူးခြား နက်နဲသော ခံစားမှု တစ်ခုက သူ၏ ခန္ဓာကိုယ် အတွင်းမှ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်ကို သူ ခံစားလိုက်ရ၏။

သို့သော်လည်း ထိုအံ့သြဖွယ် ကောင်းသော ခံစားမှုက ကျောက်စိမ်းရောင် ဆေးလုံး၏ အာနိသင်များကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုနှင့် နှိုင်းယှဉ်ပါက ဘာမျှ မဟုတ်ပေ။

ခါးသက်နေတဲ့ ဖရဲသီး တစ်ခွက်ထဲကို သကြားခဲ နှစ်တုံး ထည့်လိုက်သလိုပဲ....ဘာကွာခြားမှုမှ မရှိဘူး…

ချောက်…

အရိုးများ ကျိုးပဲ့သွားသကဲ့သို့ အသံတစ်သံ ထွက်ပေါ်လာပြီး ချန်လော့၏ မျက်လုံးများ ပွင့်လာကာ သူ၏ မျက်လုံးများထဲတွင် သွေးများ ရဲနေ၏။

"သောက်ကျိုးနည်း..."

ချန်လော့ မကျိန်ဆဲဘဲ မနေနိုင်တော့ချေ။

သူ၏ အရိုးများ မကျိုးသွားကြောင်း သူ သေသေချာချာ သိထား၏။

ထိုအသံက ကျောက်စိမ်းရောင် ဆေးလုံး၏ အာနိသင်များက သူ၏ ခန္ဓာကိုယ်ကို ပြောင်းလဲပေးခြင်းကြောင့် ဖြစ်ပေါ်လာသည့် ပုံမှန် အသံ တစ်ခုမျှသာ ဖြစ်သည်။

သို့သော် ထိုအရာအားလုံးက အလွန် နာကျင်စရာ ကောင်းသည်ဟု ခံစားရပြီး တူတစ်လက်ကို ယူ၍ ချန်လော့၏ ခန္ဓာကိုယ်ရှိ အရိုးတိုင်းကို ရိုက်ချိုးပစ်ခြင်းထက် များစွာ ပိုနာကျင်၏။

"ပါရမီ မြှင့်တင်တာက ဒီလောက် နာကျင်ရမယ်လို့ ဘယ်သူမှ ငါ့ကို မပြောခဲ့ဘူး..."

ချောက်…

နောက်ထပ် ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ချန်လော့မှာ နာကျင်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ချေ။

တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ် အတွင်းရှိ တစ်စုံတစ်ခုက အမှောင်ထုနှင့် လေဟာနယ်ထဲမှ ဖြည်းညင်းစွာ ထွက်ပေါ်လာနေသည်ကိုလည်း သူ ခံစားလိုက်ရ၏။

"ဒါက ပါရမီ ပြောင်းလဲတော့မယ့် လက္ခဏာ တစ်ခုလား..."

ချန်လော့ အံ့အားသင့်သွားသည်။ မည်သို့ပင်ဆိုစေ ဤသည်က သူ ပါရမီကို မြှင့်တင်ခြင်း ပထမဆုံး အကြိမ် ဖြစ်၏။

ပါရမီ၏ တိကျသော အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် ပတ်သက်၍ သူ့ထံတွင် ဗဟုသုတ များများစားစား မရှိခဲ့ပေ။

သူ့ပါရမီက ဆိုးရွားကြောင်းကို သိထားသော်လည်း မည်မျှအထိ ဆိုးရွားကြောင်းကို သူ အတိအကျ မသိခဲ့ချေ။

ချောက်…

နောက်ထပ် ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာ၏။ ဤစွမ်းအားက ချန်လော့ကို စဉ်းစားရန် အချိန် လုံးဝ မပေးလိုသည့်ပုံဖြင့် သူ့ကို အဆက်မပြတ် ညှဉ်းပန်း နှိပ်စက်နေသည်။

သို့သော် ချန်လော့သည် အရာအားလုံးကို သည်းခံရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိပေ။

ချောက်…

ဘုန်း…

နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာသော်လည်း ဤတစ်ကြိမ်တွင်မူ ထုရိုက်သံ ဖြစ်၏။

သို့သော် ထိုထုရိုက်သံမှာ ဆေးကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ ချန်လော့သည် နံရံကို ထုရိုက်နေခြင်း ဖြစ်၏။

ထိုနည်းလမ်းကို အသုံးပြု၍ ချန်လော့သည် သူ့ကိုယ်သူ အာရုံလွှဲရန် ကြိုးစားနေခြင်း ဖြစ်၏။

တစ်ခါတလေ နာကျင်မှု တစ်ခုကို ဖုံးကွယ်ဖို့ နည်းလမ်းက ပိုကြီးမားတဲ့ နာကျင်မှု တစ်ခုကို ဖန်တီးလိုက်တာပဲ…

ပြီးတော့ ဒီနည်းလမ်းက တကယ်ပဲ အတိုင်းအတာ တစ်ခုအထိ အသုံးဝင်တယ်..

.

အချိန်မည်မျှ ကြာသွားသည်ကိုရော၊ နာကျင်မှုများ သူ၏ ခန္ဓာကိုယ် အတွင်း မည်မျှအထိ ဖြတ်သန်းသွားသည်ကိုပါ ချန်လော့ မမှတ်မိတော့ချေ။

သူက နာကျင်မှုများကို လုံးဝ ထုံကျဉ်သွားလုနီးပါး ဖြစ်နေပြီဟု ထင်ရ၏။

ဝီ…

ချန်လော့၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားပြီး တစ်ခဏမျှ ထုံကျဉ်သွားသည်။

ရုတ်တရက် လျှပ်စစ်စီးကြောင်း တစ်ခု သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသကဲ့သို့ ခံစားလိုက်ရ၏။

ထိုအချိန်တွင် ချန်လော့သည် သူ၏ မျက်လုံးများကို မှိတ်လိုက်ရာ အမှောင်ထုကို ဖောက်ထွင်း၍ အနက်ရောင် ကျောက်တုံး တစ်တုံးကို ရုတ်တရက် ရိုက်ခတ်သွားသော လျှပ်စီးကြောင်း တစ်ခုကို မြင်လိုက်ရသလို ခံစားလိုက်ရသည်။

ထို့နောက် ချက်ချင်းပင် ကျောက်တုံးပေါ်တွင် ရေတွက်၍ မရနိုင်သော အက်ကွဲကြောင်းများ ပေါ်လာ၏။

အက်ကွဲကြောင်းများ အတွင်းမှ အလင်းတန်း တစ်ခု ထွက်ပေါ်လာသည်။

ဘုန်း…

ထိုကျောက်တုံးက ရုတ်တရက် ပေါက်ကွဲသွားပြီး အပိုင်းအစများစွာ အဖြစ် လွင့်စင်သွား၏။

မူလက အနက်ရောင် ကျောက်တုံး ရှိခဲ့သော နေရာတွင် ယခုအခါ လေထဲ၌ ပေါလောပေါ်နေသော အပြာနုရောင် ကျောက်တုံးလေး တစ်တုံး ရှိနေသည်။

အနက်ရောင် ကျောက်တုံးထက် ပိုသေးငယ်ပြီး သူ၏ အပြာနုရောင် အလင်းတန်းက ရေတွက်၍ မရနိုင်သော ဝိညာဉ်စွမ်းအင်များကို သိုလှောင်ထားသည့်ပုံ ပေါက်နေ၏။

ဟူး…

လေညင်း တစ်ချက် တိုက်ခတ်သွားပြီး ချန်လော့သည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

ထို့နောက် သူ သတိပြန်ဝင်လာပြီး အင်းဆက်များ၏ အော်မြည်သံများကို ကြားလိုက်ရ၏။

သူ ပြတင်းပေါက် အပြင်ဘက်သို့ လှည့်ကြည့်လိုက်ရာ အပြင်ဘက်တွင် မှောင်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။

"ညတောင် ရောက်နေပြီလား..."

ချန်လော့ အနည်းငယ် အံ့အားသင့်သွား၏။ သူ ရောက်လာချိန်က မွန်းတည့်ချိန်ပင် မရောက်သေးကြောင်း သူ မှတ်မိနေသည်။

ဟူး…

ချန်လော့က သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီးနောက် ကျင့်စဉ်ကို လည်ပတ်ရန် ကြိုးစားလိုက်၏။

ဘေးပတ်လည်ရှိ ဝိညာဉ်စွမ်းအင်များက သူ၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ တိုးဝင်လာကြသည်။

ဤသည်က ချန်လော့ ယခင်က တစ်ခါမျှ မခံစားဖူးသော အရာတစ်ခု ဖြစ်၏။

ယခင်က သူ၏ ဝိညာဉ်စွမ်းအင် စုပ်ယူမှု အမြန်နှုန်းမှာ ယခု အမြန်နှုန်း၏ ဆယ်ပုံတစ်ပုံခန့်သာ ရှိလိမ့်မည်။

တစ်ခဏချင်းမှာပင် ဆယ်ဆ တိုးလာခြင်းက အနည်းငယ် ကြောက်စရာ ကောင်းသည်မှာ အမှန်ပင်။

"ဒီအတိုင်း ဆက်သွားနေရင် အများဆုံး နှစ်ရက် သုံးရက်အတွင်း အဆင့်ငယ် တစ်ဆင့်ကို ငါ ထိုးဖောက် ဝင်ရောက်နိုင်လောက်တယ်..."

ချန်လော့သည် မကြာမီက သူ၏ အခြေခံတည်ဆောက်ခြင်း တတိယအဆင့်မှ စတုတ္ထအဆင့်သို့ ထိုးဖောက် ဝင်ရောက်ရန် ဆယ်ရက် ကြာမြင့်ခဲ့သည်ကို ပြန်လည် သတိရလိုက်၏။

ယခု ကျင့်ကြံမှု အမြန်နှုန်းက ဆယ်ဆ တိုးလာပြီ ဖြစ်ရာ နှစ်ရက် သုံးရက်ဆိုလျှင် လုံလောက်ပြီ ဖြစ်သည်။

ထို့အပြင် လက်ရှိတွင် သူ့ထံ၌ ကျောက်စိမ်းရောင် ဆေးလုံး လေးလုံး ကျန်ရှိနေသေး၏။

ထိုကျောက်စိမ်းရောင် ဆေးလုံး လေးလုံးကို သောက်သုံးပြီးနောက် ထပ်မံ တိုးတက်လာမှုများ ရှိသင့်သည်။

သို့သော် တိုးတက်မှုနှုန်းက အကြိမ်တိုင်းတွင် ဆယ်ဆ တိုးလာသကဲ့သို့ ယခုလောက် မြန်ဆန်မည် မဟုတ်ကြောင်း ချန်လော့ ယုံကြည်၏။

သို့သော် ကျန်ရှိနေသော ဆေးလုံး လေးလုံးကို အကုန်သောက်လိုက်ပါက စွမ်းရည်များကို ငါးဆ၊ ခြောက်ဆ သို့မဟုတ် ဆယ်ဆအထိ တိုးမြှင့်နိုင်သင့်သည်။

"ငါ့ရဲ့ ကျင့်ကြံမှုကို အခြေခံတည်ဆောက်ခြင်းအဆင့် ကိုးဆင့်မြောက်အထိ မြှင့်တင်ပြီး ဒီခွေးကောင်တွေကို ချေမှုန်းပစ်မယ်..."

ချန်လော့ ပြောလိုက်ချိန်တွင် သူ၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာ၏။

တကယ်တော့ သူတို့ကို သတ်ပစ်မယ်လို့ သူ ပြောခဲ့တာက နောက်နေတာ မဟုတ်ဘူး... သူ့ကို သတ်ချင်တဲ့ ကောင်တွေ အကုန်လုံးကို တကယ် သတ်ပစ်ဖို့ ရည်ရွယ်ထားတာ…

သူတို့ အားလုံးက သူ့ကို သေစေချင်နေကြတာဆိုတော့ ချန်လော့မှာ သူတို့ကို အသက်ရှင်ခွင့်ပေးဖို့ အကြောင်းပြချက် မရှိဘူးလေ…

"ဒါပေမဲ့ အားလပ်ချိန် ရရင် ပါရမီနဲ့ ပတ်သက်တဲ့ စာအုပ်တချို့ကို ရှာဖတ်သင့်တယ်..."

ယခင်က ချန်လော့သည် ပါရမီနှင့် ပတ်သက်၍ လုံးဝနီးပါး ဂရုမစိုက်ခဲ့ပေ။ ခန္ဓာကိုယ်ပိုင်ရှင် အရင်လူ အပါအဝင် ဖြစ်၏။

အဓိက အကြောင်းရင်းမှာ အရင်လူက သာမန် လူတစ်ယောက်သာ ဖြစ်ပြီး ဆိုးရွားတဲ့ ပါရမီကို ပြောင်းလဲဖို့ နည်းလမ်း မရှိမှန်း သိနေ၍ လက်လျှော့လိုက်တာ ဖြစ်သည်…

ချန်လော့မှာမူ စနစ် ရှိနေသဖြင့် ပါရမီ အကောင်းအဆိုးကို သိပ်ပြီး ဂရုမစိုက်ပေ။

ထို့အပြင် သူ ဤနေရာသို့ ကူးပြောင်းလာခဲ့သည်မှာ သုံးလခန့်သာ ရှိသေး၏။

အရာများစွာကို အသေးစိတ် နားလည်ရန် အချိန် မလုံလောက်ခဲ့ပေ။

"မနက်ဖြန်ကျရင် ပါရမီနဲ့ သက်ဆိုင်တဲ့ စာအုပ်တချို့ ရဖို့ ယွီယန်ဇီကို သွားရှာမယ်... ပြီးတော့ ဒုတိယအဆင့် ဝင်္ကပါဆရာနဲ့ ပတ်သက်တာတွေ ရှိမရှိလည်း တစ်ချက်လောက် သွားကြည့်ရမယ်..."

ယခု ပါရမီ တိုးတက်လာပြီ ဖြစ်ရာ မိမိ၏ ကျင့်ကြံမှုကို မြှင့်တင်ခြင်းအပြင် တိုးတက်နိုင်သော အလုပ်များကိုလည်း မြှင့်တင်သင့်၏။

ထိုအရာများ အားလုံးက သူ၏ အနာဂတ် ရှင်သန်ရေး အတွက် အလွန် အရေးကြီးသော နည်းလမ်းများ ဖြစ်ပြီး လျစ်လျူရှုထား၍ လုံးဝ မဖြစ်ပေ။

အခန်း (၈၈) အရမ်း မလွန်နဲ့

နောက်တစ်နေ့ နံနက်တွင်

ဆေးတောင်ထွတ်၊ အနောက်ဘက် ခန်းမ

"အဆတိုးပွားစေတဲ့ အာနိသင် အချိန် ကုန်ဆုံးသွားပါပြီ... အကယ်၍ အာနိသင်ကို ဆက်လက် အသုံးပြုလိုပါက နောက်ထပ် ဝိညာဉ်ကျောက်တုံး ၁၀၀ ကို ထပ်မံ ပေးချေပါ..."

"သင်သည် ခြောက်နာရီကြာ ကျင့်ကြံခဲ့သည်... အဆတစ်ရာ တိုးပွားသွားပြီးနောက် သင်သည် နာရီ ၆၀၀ ကြာ ကျင့်ကြံပြီးသွားပါပြီ..."

"သင်၏ ကျင့်ကြံမှု အဆင့်သည် များစွာ တိုးတက်လာပါပြီ..."

ချန်လော့သည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။

"ဒီတစ်ညတာ ကျင့်ကြံမှုက အရင်က လေးငါးရက် ဆက်တိုက် ကျင့်ကြံခဲ့ရတာထက် ပိုပြီး အကျိုးရှိတယ်လို့ ခံစားရတယ်..."

"ဒီဒုက္ခခံခဲ့ရတာတွေက အလကား မဖြစ်ပါဘူး..."

ချန်လော့သည် ကုတင်ပေါ်မှ ခုန်ဆင်း၍ သူ့ကိုယ်သူ သပ်ရပ်အောင် ပြင်ဆင်ပြီးနောက် ဆေးတောင်ထွတ် ပင်မခန်းမဆီသို့ ပြေးသွားတော့၏။

မကြာမီမှာပင် ချန်လော့သည် ဆေးတောင်ထွတ် ပင်မခန်းမသို့ ရောက်ရှိသွားသည်။

သို့သော် ပင်မခန်းမတွင် ယွီယန်ဇီကို မတွေ့ရဘဲ အတွင်းဂိုဏ်းသား အနည်းငယ်သာ ရှိနေ၏။

ထိုဂိုဏ်းသားများက ချန်လော့၏ ဂုဏ်သတင်းကို ကြားဖူးထားကြပုံ ရသဖြင့် သူ့ကို မမြင်ယောင် ဟန်ဆောင်ကာ သူတို့၏ အလုပ်များကိုသာ ဆက်လက် လုပ်ဆောင်နေကြသည်။

"ညီငယ်...အကြီးအကဲ ယွီယန်ဇီ ဘယ်မှာလဲဆိုတာ မေးလို့ ရမလား..."

ချန်လော့သည် ဂိုဏ်းသား တစ်ယောက်ထံ လျှောက်သွားပြီး မေးလိုက်၏။

ထိုဂိုဏ်းသားက တစ်ခဏမျှ ရပ်တန့်သွားပြီး သူ၏ အမူအရာက အနည်းငယ် မသက်မသာ ဖြစ်သွားကာ ချန်လော့နှင့် မပတ်သက်ချင်ကြောင်း သိသာနေသည်။

"အစ်ကိုကြီးချန်... အကြီးအကဲက ဒီနေ့ အလုပ်လေး ရှိလို့ အပြင်ထွက်သွားပါတယ်..."

"ဘယ်တော့ ပြန်လာမလဲ..."

"အဲဒါတော့ ကျွန်တော်လည်း မသိဘူး..."

ချန်လော့သည် မျက်မှောင်ကြုတ်လိုက်၏။

ဒါက ငါ ကျင့်ကြံဖို့ တစ်နေကုန် အိမ်ထဲမှာပဲ နေရမယ် ပြီးတော့ ပါရမီကို မြှင့်တင်ဖို့ ဒီည ကျောက်စိမ်းရောင် ဆေးလုံးကို သောက်ရမယ်လို့ ဆိုလိုတာလား…

ချန်လော့သည် သက်ပြင်းချလိုက်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။

သို့သော် သူက တစ်စုံတစ်ခုကို သတိရသွားပုံ ရပြီး ထိုဂိုဏ်းသားကို ကြည့်ကာ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။

"ညီငယ်... ဒီနေ့ ဒုတိယအဆင့် ဝင်္ကပါ မန္တာန်နဲ့ ကျင့်စဉ်တွေ၊ ပါရမီနဲ့ သက်ဆိုင်တဲ့ စာအုပ်တွေ ပေးမယ်လို့ အကြီးအကဲက ပြောထားတယ်..."

"ဒါပေမဲ့ ဒီနေ့ အကြီးအကဲ မရှိဘူးလေ... ငါက ဆေးတောင်ထွတ်ကို အခုမှ ရောက်ဖူးတာဆိုတော့ အဲဒါတွေကို ဘယ်သွားယူရမလဲ မသိဘူး... ကျေးဇူးပြုပြီး ငါ့အတွက် သွားယူပေးလို့ ရမလား..."

ထိုဂိုဏ်းသားမှာ တစ်ခဏမျှ တန့်သွားပြီး ချန်လော့၏ ပြုံးနေသော မျက်နှာကို ခိုးကြည့်လိုက်ရာ အပြုံးအောက်တွင် ဓားတစ်လက် ဝှက်ထားသည်ကို ခံစားလိုက်ရ၏။

"ကျွန်တော်... ကျွန်တော်လည်း စာအုပ်တွေ ဘယ်မှာ ရှိလဲ ဆိုတာ မသိဘူး..."

ဂိုဏ်းသား စကားမဆုံးမီမှာပင် ချန်လော့သည် သူ၏ ပခုံးပေါ်သို့ လက်တင်ထားပြီး ဖြစ်သည်။

"ကိစ္စမရှိပါဘူး... သွားယူဖို့ ဆေးတောင်ထွတ်က ကျမ်းစာကြည့်တိုက် ဒါမှမဟုတ် တစ်နေရာရာကို သွားလိုက်ရုံပဲလေ..."

"ဒါပေမဲ့... ဒါပေမဲ့ အကြီးအကဲဆီက အမိန့်မှ မရှိတာ..."

"စိတ်မပူပါနဲ့... ချန်လော့လို့သာ ပြောလိုက်... အကယ်၍ မင်းကို မပေးဘူး ဆိုရင် ငါ ကိုယ်တိုင် လာယူမယ်လို့သာ သူတို့ကို ပြောလိုက်ပါ..."

ချန်လော့သည် ဤအထိ ပြောလာသည်ကို မြင်သောအခါ ထိုဂိုဏ်းသားက အနည်းငယ် တုံ့ဆိုင်းသွားပုံ ရ၏။

တစ်ခဏမျှ စဉ်းစားပြီးနောက် သဘောတူသည့် အနေဖြင့် ခေါင်းညိတ်လိုက်သည်။

မူလက ဤပြဿနာထဲတွင် သူ မပါဝင်ချင်ခဲ့ပေ။

သို့သော် မနေ့က ဆေးလုံးတောင်ပေါ်မှာ ဖြစ်ခဲ့ရသည်များကို တွေးမိသောအခါ အကယ်၍ ချန်လော့ကို မကျေနပ်အောင် လုပ်မိပါက သူလည်း ထိုကဲ့သို့ ကံကြမ္မာမျိုး ကြုံတွေ့ရမည်ကို စိုးရိမ်သွား၏။

ထို့ကြောင့် နောက်ဆုံးတွင် လက်ခံရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။

"ကျေးဇူးအများကြီး တင်ပါတယ်..."

"မင်းကို ဒီနေရာကနေ စောင့်နေမယ်... မြန်မြန်သွားပြီး မြန်မြန် ပြန်လာခဲ့နော်..."

ချန်လော့သည် ပြောရင်းနှင့် ထိုဂိုဏ်းသားကို ပင်မခန်းမ အပြင်သို့ ခပ်ဆတ်ဆတ် တွန်းလွှတ်လိုက်၏။

အခြား ဂိုဏ်းသားများက မြင်သောအခါ ချန်လော့နှင့် ဝေးဝေးမှာသာနေကြတော့သည်။

ချန်လော့သည် သူတို့၏ အပြုအမူများကို ကြည့်ရင်း သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။

သို့သော် တခြား နည်းလမ်းလည်း မရှိပါဘူးလေ…

မနေ့က ငါ့ရဲ့ စွမ်းဆောင်ရည်က တကယ်ကို အံ့မခန်း ဖြစ်ခဲ့တာပဲ…

အကယ်၍ သေရေးရှင်ရေး တိုက်ပွဲ တစ်ခု၊ လူတစ်ယောက် သေဆုံးသွားတဲ့ သာမန် တိုက်ပွဲ တစ်ခုသာ ဆိုရင် သူတို့ ဤလောက်အထိ ထိတ်လန့်နေကြမှာ မဟုတ်ဘူး…

ပြဿနာက မနေ့က ချန်လော့ လူသတ်ခဲ့တာ... မဟုတ်ဘူး... လူတစ်ယောက်ကို ခုတ်ထစ်ခဲ့တာက သေဒဏ်ပေးတဲ့ နေရာမှာ မဟုတ်ဘဲ ဂိုဏ်းထဲမှာ ပေါ်တင် လုပ်ခဲ့တာလေ…

ပြီးတော့ လူသတ်ရုံတင် မဟုတ်ဘဲ ညှဉ်းပန်း နှိပ်စက်ခဲ့တာ…

တကယ်တော့ အဲ့ဒီအရာတွေ အကုန်လုံးက ကြောက်စရာ အကောင်းဆုံးတော့ မဟုတ်ပါဘူး…

အဘယ်ကြောင့်ဆိုသော် ချန်ရှင်းဂိုဏ်း ကဲ့သို့သော နတ်ဆိုးဂိုဏ်းများတွင် လူသတ်ခြင်းနှင့် ညှဉ်းပန်း နှိပ်စက်ခြင်းများ မကြာခဏ ကျူးလွန်လေ့ ရှိသော်လည်း ပုံမှန်အားဖြင့် ဂိုဏ်းအတွင်း၌ မည်သူကမျှ ထိုသို့ မလုပ်ရဲကြသောကြောင့် ဖြစ်၏။

မည်သို့ပင်ဆိုစေ ဂိုဏ်းအတွင်း၌ စည်းမျဉ်းစည်းကမ်းများ ရှိပြီး နတ်ဝိညာဉ်အဆင့် အကြီးအကဲ အမျိုးမျိုးကလည်း စောင့်ကြည့်နေကြသည်။

အဲဒီလို လုပ်တာက သေလမ်းရှာတာ သက်သက်ပဲ…

သူတို့ကို တကယ် ထိတ်လန့်သွားစေခဲ့သည်မှာ ချန်လော့သည် လူများကို ညှဉ်းပန်း နှိပ်စက်ပြီးနောက် မည်သည့် ပြစ်ဒဏ်မျှ မခံရသည့်အပြင် ဆေးတောင်ထွတ် အကြီးအကဲ၏ ပင်မခန်းမသို့ပင် လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ခြင်း ဖြစ်၏။

သူက အနောက်ဘက် ခန်းမမှာတောင် နေခဲ့သေးတယ်…

တစ်ချက် ကြည့်လိုက်လျှင် ထူးခြားသည့်ပုံ မပေါ်သော်လည်း သေချာ စဉ်းစားကြည့်မည် ဆိုပါက…

သူ့နဲ့ တစ်ဂိုဏ်းတည်းသား အချင်းချင်းကို ခြေလက်တွေ ဖြတ်တောက်လိုက်တာတောင် ချန်လော့က ဒီလို ဆက်ဆံမှုကို ခံရသေးတယ်... ဒါက ဘာကို ပြသနေတာလဲ…

အကြီးအကဲတွေက အတိုင်းအတာ တစ်ခုအထိ သူ့လုပ်ရပ်တွေကို သွယ်ဝိုက်ပြီး ခွင့်ပြုထားတယ်လို့ ပြသနေတာပဲ…

ဘာပြစ်ဒဏ်မှ မရှိခဲ့ဘူး... လူသိရှင်ကြား သတိပေးတာမျိုးတောင် မရှိခဲ့ဘူး…

အကယ်၍ အကြီးအကဲများက ချန်လော့ကို ဂိုဏ်းအတွင်း ရမ်းသမ်း သတ်ဖြတ်ခြင်းကို ခွင့်လွှတ်ပေးထားပါက ချန်လော့သည် အကြီးအကဲများ၏ ပြစ်ဒဏ်ကို မကြောက်ဘဲ သူတို့ကိုလည်း သတ်ပစ်နိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သလော။

ထိုအရာကို တွေးမိသောအခါ လူတိုင်း၏ ကျောရိုးတစ်လျှောက် ကြက်သီးများ ထသွားပြီး ချန်လော့အနီးသို့ မချဉ်းကပ်ရဲကြတော့ပေ။

သို့သော် လူများ မသိကြသည်မှာ ချန်လော့၏ လုပ်ရပ်များကို သွယ်ဝိုက်၍ ခွင့်ပြုပေးခဲ့သူများမှာ ဂိုဏ်း၏ အကြီးအကဲများ မဟုတ်ကြောင်းကိုပင်။

အမှန်တကယ်တော့ ဂိုဏ်းချုပ်က ထိုကိစ္စကို သိရှိသည်နှင့် တစ်ပြိုင်နက် ချန်လော့ကို ဖမ်းဆီးရန် လူများကို စေလွှတ်ခဲ့ပြီး ဖြစ်၏။

သို့သော်လည်း ထိုကိစ္စကို အတင်းအကျပ် ဖိနှိပ်ထားခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်၌ ချန်ရှင်းဂိုဏ်း အစည်းအဝေး ခန်းမ အတွင်းတွင်…

လောချင်းယွီသည် ဓားရှည် တစ်လက်ကို ကိုင်ဆောင်ထားပြီး သူမ၏ ခြေထောက်က အကြီးအကဲ တစ်ယောက်၏ နောက်ကျောကို တက်နင်းထားပုံ ရ၏။

အခြား အကြီးအကဲများက ဘေးပတ်လည်ရှိ မြေပြင်ပေါ်တွင် ပုံပျက်ပန်းပျက် လဲကျနေကြပြီး ဂိုဏ်းချုပ် ယွီထျန်းစီသည် အနည်းငယ် ပိုကောင်းသော အခြေအနေတွင် ရှိနေသည်။ သူ၏ နှုတ်ခမ်းထောင့်တွင် သွေးအနည်းငယ် ရှိနေသော်လည်း အနည်းဆုံးတော့ သူ မတ်တတ်ရပ်နေနိုင်သေး၏။

သို့သော် လောချင်းယွီ၏ နောက်ကွယ်တွင် အထိအခိုက် မရှိသော အကြီးအကဲ အချို့ ရပ်နေကြသည်။

သူတို့မှာ အဆိပ်တောင်ထွတ်၊ ဆေးတောင်ထွတ်နှင့် ဓားတောင်ထွတ်တို့မှ အကြီးအကဲများ အသီးသီး ဖြစ်ကြ၏။

"လောချင်းယွီ... အရမ်း မလွန်နဲ့နော်..."

ယွီထျန်းစီသည် မြေကြီးထဲသို့ စိုက်ဝင်နေသော ဓားရှည်၏ ဓားရိုးကို ဆုပ်ကိုင်ထားသည်။

သူက လောချင်းယွီကို မော့ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ဒေါသများ ပြည့်နှက်နေ၏။

လောချင်းယွီသည် သူ့ကို အေးစက်စက် တစ်ချက် ကြည့်လိုက်ပြီးနောက် မြေပြင်ပေါ်တွင် သေချင်ယောင် ဆောင်နေကြသော အကြီးအကဲများကို လှည့်ကြည့်လိုက်သည်။

"မဲတစ်ခါ ထပ်ခွဲကြတာပေါ့... ချန်လော့ကို ဖမ်းပြီး သွေးထောင်ထဲမှာ အကျဉ်းချဖို့ သဘောတူတဲ့သူတွေ လက်ညှိုးထောင်..."

မြေပြင်ပေါ်တွင် လဲကျနေသော အကြီးအကဲများက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီးနောက် ယွီထျန်းစီကို ကြည့်ကာ နောက်ဆုံးတွင် လောချင်းယွီကို ကြည့်လိုက်ကြ၏။ တစ်ခဏမျှ စဉ်းစားပြီးနောက် သူတို့က ခေါင်းကို တစ်ဘက်သို့ လှည့်သွားကြပြီး ဆက်၍ သေချင်ယောင် ဆောင်နေကြတော့သည်။

ယွီထျန်းစီသည် ထိုအရာကို မြင်သောအခါ အကူအညီမဲ့စွာဖြင့် ခပ်ခါးခါး ပြုံးလိုက်၏။

မနေ့က ချန်လော့သည် ဆေးတောင်ထွတ်တွင် လူတစ်ယောက်ကို လူဝက် တစ်ကောင်အဖြစ် လူပုံလယ်၌ ဖြတ်တောက်ခဲ့ကြောင်း ကြားပြီးနောက် သူက ချန်လော့ကို ဖမ်းဆီးရန် ဂိုဏ်းအတွင်းရှိ တရားဥပဒေ စိုးမိုးရေး အဖွဲ့ကို ချက်ချင်း စီစဉ်ခဲ့သည်။

ညနေပိုင်း အထိ သူတို့ ပြန်မလာသောအခါ ထိုသူများ အားလုံးကို လောချင်းယွီသည် ရိုက်နှက်၍ ကုသရန် ဆေးခန်းမသို့ ပို့လိုက်ပြီ ဖြစ်ကြောင်း သိရှိလိုက်ရ၏။

ထို့ကြောင့် ယနေ့တွင် ချန်လော့ကို မည်သို့ လုပ်ဆောင်ရမည်ကို ဆွေးနွေးရန် ဤအစည်းအဝေးကို ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

သူ့ကို သတ်ဖြတ်ခြင်းက မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် လောချင်းယွီသည် ထိုတပည့်ကို အတော်လေး တန်ဖိုးထားကြောင်း သူတို့ အားလုံး သိထားကြသောကြောင့် ဖြစ်၏။

ထို့ကြောင့် ယွီထျန်းစီ၏ အကြံပြုချက်မှာ ချန်လော့ကို သွေးထောင်ထဲတွင် အကျဉ်းချထားရန် ဖြစ်သည်။

ထို့နောက် လောချင်းယွီနှင့် လောချင်းယွီ နောက်ကွယ်တွင် ရပ်နေသော အကြီးအကဲ သုံးယောက်မှလွဲ၍ အကြီးအကဲ အများစုက ချက်ချင်း သဘောတူခဲ့ကြ၏။

သို့သော် ချက်ချင်းပင် လောချင်းယွီက သဘောတူသော အကြီးအကဲ အားလုံးကို တစ်ခွန်းမှ မပြောဘဲ ရိုက်နှက်တော့သည်။

ချန်လော့ကို အကျဉ်းချမလို့လား... နင်တို့ ငါ့ကို နောက်နေတာလား…

ချန်လော့ ဒုက္ခများ ခံစားရပြီး ပိုမို သန်မာလာစေရန် ထိုအရာအားလုံးကို သူမ စီစဉ်ခဲ့ခြင်း ဖြစ်၏။

ချန်လော့ကို အကျဉ်းချထားခြင်းက ပြစ်ဒဏ်ပေးခြင်းနှင့် တူသော်လည်း အမှန်တကယ်တော့ သူ့အတွက် ဘေးကင်းသော ခိုလှုံရာ တစ်ခုကို ထောက်ပံ့ပေးလိုက်ခြင်း ဖြစ်ပြီး ယန်ချင်းချွမ်နှင့် သူ့လူများက သူ့ကို ပြဿနာ ရှာခြင်းမှ တားဆီးပေးလိုက်ခြင်း ဖြစ်သည်။

လုံခြုံနေမှန်း သိနေရင် အဲဒီကောင်လေးက ကျင့်ကြံဖို့အတွက် ဘာလို့ သူ့အသက်ကို စွန့်ပြီး ကြိုးစားနေတော့မှာလဲ...

All Chapters