အခန်း (၂၂၁-၂၂၂)
Vol. 23 Ch. 221-222
အခန်း (၂၂၁) - ကျွန်းနှင့် အရက်ကန်
သင်္ဘောသည် ကျွန်းနှင့် တဖြည်းဖြည်း နီးကပ်လာလေသည်။
သင်္ဘော ကမ်းကပ်တော့မည့်အချိန်တွင် ကမ်းစပ်ရှိ မျောက်ဝံများအားလုံး လူစုကွဲသွားကြပြီး အဝေးရှိ တောအုပ်ထူထူဆီသို့ ထွက်ပြေးသွားကြလေသည်။
“နောက်ဆုံးတော့ ကုန်းပေါ်ရောက်ပြီပဲ...”
ရွှီနင်သည် သင်္ဘောပေါ်မှ ဆင်းလိုက်ပြီး စိတ်အေးလက်အေး ရှိသွားချေပြီ။
“ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံက လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက ဒီမှာ မွေးဖွားခဲ့တာ၊ ဒါပေမဲ့ သူ့ဘိုးဘေးတွေရဲ့ သွေးဆက်နွယ်မှုကို နိုးထစေခဲ့တာကြောင့် အလျင်အမြန် ကြီးပြင်းလာခဲ့တာပဲ”
ဝမ့်ယယ်နှင့် ချင်းယင်တို့လည်း သင်္ဘောပေါ်မှ ဆင်းလာကြသည်။
“တာအိုနယ်ပယ်က မိစ္ဆာသားရဲတစ်ကောင် ဖြစ်လာပြီးနောက်ပိုင်း သူက တစ်ခါတလေ ပြည်နယ် ၁၇ခုထဲကို ခိုးဝင်လေ့ရှိတယ်။ ပြည်နယ် ၁၇ခုထဲမှာ ပိုပြီး အဖိုးတန်တဲ့ ဝိညာဉ်ဆေးပင်တွေ ရှိနေလို့ မိစ္ဆာမျောက်ဝံအရက် ချက်ဖို့အတွက် ပိုအဖိုးတန်တဲ့ ဝိညာဉ်သစ်သီးတွေကို သွားခူးတာလေ”
ဝမ့်ယယ်သည် သင်္ဘောကို သိမ်းဆည်းလိုက်ပြီး ရွှီနင်နှင့်အတူ ကျွန်း၏ အလယ်ဗဟိုဆီသို့ လျှောက်သွားလေသည်။
‘ဒီကျွန်းက သေးလှတာတော့ မဟုတ်ဘူးပဲ...’
ရွှီနင်က လမ်းလျှောက်ရင်း ခန့်မှန်းတွက်ချက်ကြည့်နေသည်။
ဤကျွန်းသည် ကျိဖုန်းပြည်နယ်ရှိ ခရိုင်မြို့ကြီး သုံးမြို့စာခန့် ကျယ်ဝန်းပေလိမ့်မည်။
ရှပ်... ရှပ်... ရှပ်...
မကြာမီမှာပင် သစ်ကိုင်းများ တစ်ခုနှင့်တစ်ခု ပွတ်တိုက်သံများကို ရွှီနင် ကြားလိုက်ရလေသည်။
ထို့နောက် သုံးမီတာကျော် မြင့်မားသော ငွေရောင်ကျောပြင်ရှိသော မျောက်ဝံတစ်ဒါဇင်ကျော်ခန့်သည် တောအုပ်ထူထူထဲရှိ သစ်ကိုင်းကြီးများနှင့် သစ်ရွက်များကြားမှ တွဲလွဲခိုဆင်းလာကြပြီး သူတို့ကို အလျင်အမြန် လာရောက်ဝိုင်းရံထားသည်ကို မြင်လိုက်ရသည်။
‘သူတို့အားလုံးက ဟင်းလင်းပြင်နယ်ပယ် မိစ္ဆာသားရဲတွေချည်းပဲ။ တစ်ကောင်တည်းကသာ ဟင်းလင်းပြင်နယ်ပယ် အမြင့်ပိုင်းမှာရှိတာ၊ ကျန်တဲ့ကောင်တွေက အလယ်အလတ် ဒါမှမဟုတ် အစောပိုင်း ဟင်းလင်းပြင်နယ်ပယ်တွေပဲ’
ဤမျောက်ဝံကြီးများသည် သိပ်ပြီး အစွမ်းမထက်ကြောင်း ရွှီနင် သိလိုက်သည်။
တာအိုနယ်ပယ်အဆင့် ဝမ့်ယယ်ကို မဆိုထားနှင့်၊ သူ့ကိုပင် ထိခိုက်အောင် လုပ်နိုင်စွမ်း ရှိမည်မဟုတ်ချေ။
မျောက်ဝံများသည် ဝမ့်ယယ်၊ ရွှီနင်နှင့် ချင်းယင်တို့ထံမှ ထွက်ပေါ်နေသော ဖိအားများကို သိသာစွာ သတိပြုမိကြသည်။
သူတို့က ပါးစပ်များကို ဟကာ ထက်မြက်သော သွားများကို ပြသနေကြသည်။ ထို့နောက် လည်ချောင်းထဲမှ တိုးညင်းသော ဟိန်းဟောက်သံများကို ထုတ်ဖော်လိုက်ပြီး ရွှီနင်နှင့် အခြားသူများအား ကျွန်းပေါ်မှ အမြန်ထွက်ခွာရန် သတိပေးလိုက်ကြသည်။
“ဆုတ်သွားကြစမ်း”
ထိုစဉ် တောအုပ်အနက်ပိုင်းမှ ကျယ်လောင်သော ဟိန်းဟောက်သံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။
နားကွဲမတတ် ဟိန်းဟောက်သံနှင့်အတူ ပြင်းထန်သော လေပြင်းတစ်ရပ်ပါ တိုက်ခတ်လာသည်။
ဒုန်း... ဒုန်း... ဒုန်း...
မကြာမီမှာပင် ကျယ်လောင်သော ခြေသံကြီးများကို ကြားလိုက်ရလေသည်။
သစ်ပင်များကြားမှ အရပ်ရှည်ရှည် ဧရာမ ပုံရိပ်ကြီးတစ်ခု သူတို့ဆီသို့ လျှောက်လာနေသည်ကကြားလိုက်ရလေသည်။
၎င်းမှာ ဆယ်မီတာကျော် မြင့်မားသော မျောက်ဝံကြီးတစ်ကောင် ဖြစ်ကြောင်း ရွှီနင် မြင်လိုက်ရသည်။
၎င်း၏ မျက်ဝန်းအိမ်များမှာ ရွှေရောင်တောက်ပနေပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း ရွှေရောင်အမွေးအမှင်များ ဖုံးလွှမ်းနေလေသည်။ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း မြေပြင်တွင် ချိုင့်ခွက်ကြီးများ ဖြစ်ကျန်ရစ်ခဲ့လေသည်။
၎င်းရှေ့ရှိ ဧရာမသစ်ပင်ကြီးများမှာ အလွယ်တကူ ကျိုးပဲ့သွားကြသည်။ ၎င်း၏ ကြွက်သားများထဲတွင် အဆုံးမဲ့သော စွမ်းအားများ ကိန်းအောင်းနေသည့်ဟန် ပေါ်နေလေသည်။
‘ဒါ ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံပဲလား...’
တာအိုနယ်ပယ် မိစ္ဆာသားရဲတစ်ကောင်ကို ရင်ဆိုင်ရချိန်တွင် ရွှီနင် ခံစားရသော ဖိအားမှာ ဝမ့်ယယ်ကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရစဉ်ကထက်ပင် ပိုမိုကြီးမားနေလေသည်။
ဤရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံသည် ရုပ်ပိုင်းဆိုင်ရာ ခွန်အားသက်သက်ကို အသုံးပြုမည်ဆိုလျှင်ပင် ၎င်း၏ လက်သီးချက်ကို သူ ရှောင်တိမ်းနိုင်မည် မဟုတ်ကြောင်း ရွှီနင် ခံစားမိလိုက်သည်။ သူသည် အသားစလို ကြေမွသွားပေလိမ့်မည်။
စပ်စုတတ်သော ချင်းယင်သည်လည်း ၎င်း၏အမြီးကို ရုပ်သိမ်းလိုက်ပြီး ဝမ့်ယယ်၏ ကျောနောက်သို့ ပုန်းကွယ်သွားလေသည်။
မိစ္ဆာသားရဲတစ်ကောင်အနေဖြင့် ချင်းယင်အပေါ် သက်ရောက်လာသော သွေးဆက်နွယ်မှု ဖိအားမှာ ပိုမိုကြီးမားနေလေသည်။
“ဝမ့်ယယ်... မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ”
ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံက လူသားဘာသာစကားဖြင့် ပြောဆိုလိုက်သည်။ ၎င်း၏အသံမှာ ဩရှရှဖြစ်ပြီး ဆွဲဆောင်မှုအပြည့် ရှိနေသည်။
တာအိုနယ်ပယ် မိစ္ဆာသားရဲတစ်ကောင်သည် လူသားဘာသာစကားကို ပြောဆိုနိုင်စွမ်း ရှိလေသည်။
ဤသည်က အသံလှိုင်းလွှင့်၍သာ ပြောဆိုနိုင်သော မီးခိုးရောင်လေးနှင့် ချင်းယင်တို့နှင့် မတူပေ။ မျောက်ဝံကြီးက ၎င်း၏ လည်ချောင်းမှတစ်ဆင့် တိုက်ရိုက်ပြောဆိုနေခြင်း ဖြစ်သည်။
“ကျင်းမုန်... မင်းကို မတွေ့ရတာ နှစ်တစ်ရာတောင် ရှိပြီပဲ၊ ဒါပေမဲ့ မင်းရဲ့ စွမ်းအားတွေက ထပ်တိုးတက်လာပုံရတယ်။ မင်း တာအိုနယ်ပယ်ရဲ့ အလယ်အလတ်အဆင့်ကို ရောက်နေပြီပဲ။ ကြည့်ရတာ မင်း တံခါးပေါက်ကို မြင်နေရပြီနဲ့တူတယ်”
ဝမ့်ယယ်က ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံကို ပြောလိုက်သည်။
ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံ အနီးသို့ ရောက်လာသောအခါ ငွေရောင်ကျောပြင်ရှိသော မျောက်ဝံများအားလုံး ထွက်ခွာသွားကြလေသည်။
ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံ၏ ဖိအားက သူတို့ကို လုံးဝ အညံ့ခံသွားစေခဲ့ခြင်းဖြစ်သည်။
“အရင်တစ်ခေါက်က မင်းကိုပေးမယ့် မိစ္ဆာမျောက်ဝံအရက်တွေကို ငါ အကုန်သောက်လိုက်မိပြီ။ အခု နှစ်တစ်ရာ ကြာသွားပြီဆိုတော့ နောက်ထပ် မိစ္ဆာမျောက်ဝံအရက်ကန် တစ်ကန် ပြည့်သွားပြန်ပြီ။ ဒီတစ်ခါတော့ မင်း ယူသွားသင့်တယ်”
ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံက ကိုယ်ကိုကိုင်းညွတ်လိုက်ပြီး ဝမ့်ယယ်၏အရှေ့သို့ မျက်နှာကို ကပ်လိုက်သည်။
ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံ၏ အသက်ရှူငွေ့ကြောင့် ရွှီနင်၏ အဝတ်အစားများပင် လွင့်ခါသွားလေသည်။
“ဒီတစ်ခါ ငါ မင်းရဲ့ မိစ္ဆာမျောက်ဝံအရက်တွေကို လာယူတာပဲ”
ဝမ့်ယယ်က အားနာမနေပေ။
“ကောင်းပြီ၊ မင်းအပေါ်တင်နေတဲ့ ဒီကျေးဇူးကြွေးက နှစ်တစ်ရာတောင် ရှိနေပြီဆိုတော့ အခု နောက်ဆုံးတော့ ငါ ပြန်ဆပ်နိုင်ပြီပေါ့”
ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံ၏ အသံမှာ စိတ်သက်သာရာရသွားသည့်ဟန် ပေါ်နေသည်။
၎င်းသည် ဟင်းလင်းပြင်နယ်ပယ်တွင် ရှိနေစဉ်ကတည်းက အလွန်မြင့်မားသော ဉာဏ်ရည်ဉာဏ်သွေးကို ပိုင်ဆိုင်ထားခဲ့သည်။ တာအိုနယ်ပယ်သို့ တက်လှမ်းပြီးနောက် ပြည်နယ် ၁၇ခုထဲသို့ ခိုးဝင်ကာ ၎င်း၏စွမ်းအင်များကို ဖုံးကွယ်ပြီး လူသားသိုင်းပညာရှင်အချို့နှင့် ဆက်သွယ်ကာ လူသားဘာသာစကားနှင့် လူမှုဆက်ဆံရေးစွမ်းရည်အချို့ကို သင်ယူခဲ့ခြင်း ဖြစ်သည်။
“ဒါက မင်းရဲ့ တပည့်လား”
ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံက ရွှီနင်ကို ကြည့်လိုက်သည်။ ရွှီနင်သည် ထိုရွှေရောင်မျက်ဝန်းကြီးများကို ပြန်လည်စိုက်ကြည့်လိုက်သည်။ ထိုအကြည့်များအောက်တွင် အချိန်မရွေး အသတ်ခံလိုက်ရနိုင်သည်ဟု သူ ခံစားလိုက်ရလေသည်။
“ဟုတ်တယ်၊ ငါ သူ့အတွက် မိစ္ဆာမျောက်ဝံအရက်တွေကို လာယူပေးတာပဲ”
ဝမ့်ယယ်က ပြန်ဖြေလိုက်သည်။
“ကောင်းပြီ”
ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံက ခေါင်းညိတ်လိုက်ရာ ၎င်း၏ ဧရာမခေါင်းကြီးမှာ အထက်အောက် ယိမ်းထိုးသွားလေသည်။
“သူက တော်တော်စွမ်းအားကြီးတာပဲ၊ တာအိုနယ်ပယ်သခင်တစ်ယောက် ဖြစ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ တကယ်လို့ သူသာ မိစ္ဆာမျောက်ဝံအရက်ကန်ကို အပြည့်အဝ စုပ်ယူပြီး ချေဖျက်နိုင်မယ်ဆိုရင် တာအိုနယ်ပယ်ကို ထိုးဖောက်သွားနိုင်လောက်တယ်”
ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံသည် ရွှီနင်၏ စွမ်းအားကိုလည်း အာရုံခံမိသွားလေသည်။
“ဟုတ်တယ်၊ ဒါက ငါ ဒီကိုလာရတဲ့ အကြောင်းရင်းပဲ”
ဝမ့်ယယ်က ပြောလိုက်သည်။
“တက်ခဲ့”
ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံက ၎င်း၏ လက်ဝါးကြီးကို ဖြန့်ကာ မြေပြင်ပေါ်၌ ချထားပေးလိုက်သည်။
ဝမ့်ယယ်သည် ရွှီနင်၊ ချင်းယင်တို့နှင့်အတူ ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံ၏ လက်ဝါးပေါ်သို့ ခုန်တက်လိုက်လေသည်။
လူနှစ်ယောက်နှင့် သားရဲတစ်ကောင်ကို သယ်ဆောင်ကာ ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံသည် တောအုပ်ထူထူ၏ အနက်ပိုင်းသို့ ခေါ်ဆောင်သွားလေတော့သည်။
“ကျင်းမုန်... မင်း တကယ်တော့ ငါ့စကားကို နားထောင်သင့်တယ်”
လမ်းလျှောက်နေစဉ် ဝမ့်ယယ်က ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံကို ပြောလိုက်သည်။
“မင်း ဝမ်ရှန့်ပြည်နယ်ကို သွားသင့်တယ်။ အဲဒီမှာက ဝိညာဉ်စွမ်းအင်တွေ ကြွယ်ဝပြီး အရင်းအမြစ်တွေကလည်း ပေါများတယ်။ မင်းရဲ့ သွေးဆက်နွယ်မှု အဆင့်နဲ့ဆိုရင် တာအိုနယ်ပယ်ရဲ့ အမြင့်ပိုင်းအဆင့်ကို အလွယ်တကူ တက်လှမ်းနိုင်မှာပဲ”
“ဟင့်အင်း”
ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံက ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်သည်။
“အဲဒီနေရာက ငါနဲ့မသက်ဆိုင်ဘူး။ မိစ္ဆာသားရဲတစ်ကောင်အနေနဲ့ လူသားတွေနဲ့မတူဘဲ ဝိညာဉ်စွမ်းအင်အပေါ် မှီခိုမှုက မရှိသလောက်ပဲ။ သာမန် လူသား တာအိုနယ်ပယ်သခင်တွေက ဝမ်ရှန့်ပြည်နယ်ရဲ့ ပတ်ဝန်းကျင်ကနေ ထွက်သွားရင် တိုးတက်နိုင်စွမ်းမရှိတော့ဘူး... သူတို့ရဲ့ စွမ်းအားတွေတောင် ကျဆင်းသွားနိုင်သေးတယ်။ ဒါပေမဲ့ ငါတို့က သွေးဆက်နွယ်မှုတွေကို ဆက်ပြီး အားကောင်းအောင် လုပ်နေသရွေ့ အကန့်အသတ်တွေ အများကြီး နည်းသွားလိမ့်မယ်”
ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံက ဆက်ပြောလေသည်။
“ငါက ဒီမှာ မွေးဖွားခဲ့တာ၊ ဒီနေရာက ငါ့ရဲ့ ဇာတိမြေပဲ”
ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံ စကားပြောပြီးနောက် ဝမ့်ယယ်သည် ခေါင်းခါလိုက်ပြီး ဆက်လက်မတိုက်တွန်းတော့ပေ။ သူ့အမြင်အရ ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံသာ ဝမ်ရှန့်ပြည်နယ်သို့ သွားမည်ဆိုလျှင် ၎င်း၏ အမြင့်ဆုံးရောက်ရှိနိုင်မည့် အကန့်အသတ်က ပိုမိုမြင့်မားနိုင်သည်ဟု ယူဆထားသောကြောင့် ဖြစ်သည်။
ထို့ပြင် ထိုနေရာတွင် ၎င်းနှင့် သွေးဆက်နွယ်မှုတူညီသော ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံများလည်း ရှိနေနိုင်ရာ ၎င်း၏ သွေးဆက်နွယ်မှု ရှင်သန်ပြန့်ပွားရေးအတွက် သေချာစေနိုင်ပေလိမ့်မည်။
ရွှီနင်သည် ဘေးမှနေ၍ နားထောင်နေခဲ့သည်။ ဤရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံသည် လူသားတစ်ဦးနှင့် အလွန်တူညီနေသည်ဟု သူ ခံစားလိုက်ရသည်။ ၎င်းတွင် ရှုပ်ထွေးသော ခံစားချက်များနှင့် မျှော်လင့်ချက်များ ရှိနေလေသည်။
မကြာမီ ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံသည် သူတို့ကို တောအုပ်ထူထူ၏ အနက်ပိုင်းသို့ ခေါ်ဆောင်သွားလေသည်။
ဤနေရာတွင် မြင့်မားသော တောင်ပေါ်ရေတံခွန်တစ်ခု ရှိနေပြီး မြင့်မားသော တောင်ပေါ်တွင် မျောက်ဝံအများအပြားသည် နှစ်ကောင်၊ သုံးကောင်စီ အုပ်စုဖွဲ့ကာ စုရုံးနေကြသည်။
သူတို့သည် မူလက ဆူညံစွာ အသံပြုနေခဲ့ကြသော်လည်း ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံ ရောက်လာသောအခါ အားလုံး တိတ်ဆိတ်သွားကြလေသည်။ ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံသည် မျောက်ဝံများကို တစ်ချက်မျှ လှည့်မကြည့်ပေ။ ၎င်းသည် ခြေတစ်ဖက်ဖြင့် ခုန်ကာ ရေတံခွန်ထဲသို့ တည့်တည့် ဝင်ရောက်သွားလေသည်။
ရေတံခွန်၏အနောက်ဘက်တွင် လွတ်လပ်သော နေရာလွတ်တစ်ခု ရှိနေလေသည်။
ဤမြင်ကွင်းသည် အနည်းငယ် ရင်းနှီးနေသလို ရွှီနင် ခံစားလိုက်ရသည်။
“ငါတို့ ရောက်ပြီ”
ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံက သူတို့ကို အောက်သို့ချပေးလိုက်ပြီး အတွင်းသို့ ဆက်လက် ခေါ်ဆောင်သွားလေသည်။
ရေတံခွန်အနောက်ဘက်ရှိ လှိုဏ်ဂူထဲတွင် ဧရာမ ထိုင်ခုံများ၊ စားပွဲများနှင့် ကုတင်တစ်လုံးကို ရွှီနင် တွေ့လိုက်ရပြီး ရိုးရှင်းသော အိမ်တစ်လုံးနှင့်ပင် တူနေလေသည်။
ဤအရာများအားလုံးမှာ လူသားအသိုင်းအဝိုင်းနှင့် ထိတွေ့ပြီးနောက် ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံ ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။
‘အရက်နံ့ပဲ...’
လမ်းလျှောက်နေစဉ် ပြင်းရှရှ အရက်နံ့တစ်ခုကို ရွှီနင် ရလိုက်သည်။
အနံ့က ပြင်းထန်လွန်းသော်လည်း ရှူလေလေ ပို၍ မွှေးပျံ့လေလေ ဖြစ်နေသည်။
‘မိစ္ဆာမျောက်ဝံအရက်ရဲ့ အနံ့ပဲ...’
ရွှီနင်၏ နှာခေါင်းလေး ရှုံ့မဲ့သွားသည်။
အကယ်၍ သာမန်လူသားနယ်ပယ် သိုင်းပညာရှင်တစ်ယောက်သာ ဤနေရာသို့ရောက်လာပြီး ဤအရက်နံ့ကို ရှူရှိုက်မိပါက ချက်ချင်း အရက်မူးသွားလိမ့်မည်ကို သူ သိလိုက်သည်။
“ရင်းနှီးနေတဲ့ အနံ့ပဲ...”
ဝမ့်ယယ်သည်လည်း အရက်နံ့ကို ရလိုက်သည်။
ယခင်တုန်းက ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံပေးခဲ့သော မိစ္ဆာမျောက်ဝံအရက်ကန်ကြီးကို သူ ယူမသွားခဲ့သော်လည်း ပုံးအနည်းငယ်တော့ သယ်သွားခဲ့ဖူးသည်။ လူသားအသိုင်းအဝိုင်းရှိ အရက်များနှင့် ယှဉ်လိုက်လျှင် ဤမိစ္ဆာမျောက်ဝံအရက်သည် ကွဲပြားခြားနားသော အရသာမျိုး ရှိနေလေသည်။
ခေတ္တမျှ လမ်းလျှောက်ပြီးနောက် ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံသည် သူတို့ကို အရက်ကန်တစ်ခုထံသို့ ခေါ်ဆောင်သွားလေသည်။
အရက်ကန်၏ ဧရိယာမှာ သေးငယ်သော်လည်း အလွန်နက်ရှိုင်းလှသည်။ အကယ်၍ မိစ္ဆာမျောက်ဝံအရက်သည် အလွန်ကြည်လင်မနေပါက ၎င်း၏ အောက်ခြေကို မြင်တွေ့နိုင်မည် မဟုတ်ပေ။
“ဒီကန်ထဲက အရက်တွေကို တစ်ကြိမ်တည်းနဲ့ အကုန်ယူသွားဖို့တော့ ခက်လိမ့်မယ်။ မင်းရဲ့ သိုလှောင်လက်စွပ်က ဒီလောက်အများကြီး မဆံ့နိုင်ဘူး”
ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံက ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး”
ဝမ့်ယယ်က ပြန်ပြောသည်။ “ငါတို့ ဒီကျွန်းပေါ်မှာ ရက်အနည်းငယ်လောက် နေမယ်လေ။ အရက်တွေ အကုန်သောက်ပြီး ခန္ဓာကိုယ်ထဲမှာ ချေဖျက်ပြီးသွားမှ ငါတို့ ပြန်ထွက်သွားမယ်”
ထိုစကားကို ကြားသောအခါ ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံ ရယ်မောလိုက်လေသည်။ ထို့နောက် ကြမ်းတမ်းသော အသံကြီးက လှိုဏ်ဂူထဲတွင် ပဲ့တင်ထပ်သွားသည်။
“မင်းရဲ့ တပည့်သာ ဒီမိစ္ဆာမျောက်ဝံအရက်ကို ချေဖျက်ချင်တယ်ဆိုရင် အနည်းဆုံး တစ်နှစ်တော့ အချိန်ယူရလိမ့်မယ်”
ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံ၏ လေသံမှာ ပြတ်သားနေလေသည်။
၎င်းသည် မိစ္ဆာမျောက်ဝံအရက်ကို ကိုယ်တိုင် ချက်လုပ်သူဖြစ်ရာ ဤမိစ္ဆာမျောက်ဝံအရက် မည်မျှပြင်းထန်ကြောင်းကို သဘာဝကျကျပင် သိရှိထားလေသည်။
မိစ္ဆာမျောက်ဝံအရက်ကို သောက်ရသည်မှာ လွယ်ကူသော်လည်း ၎င်းတွင် ပါဝင်သော စွမ်းအင်များကို အပြည့်အဝ ချေဖျက်ရန်မှာမူ အလွန်ခက်ခဲပေသည်။
“တစ်နှစ်ဆိုလည်း တစ်နှစ်ပေါ့”
ဝမ့်ယယ်က ဂရုမစိုက်ပေ။
“ကောင်းပြီ၊ ဒါဆိုလည်း မင်းတို့ ဒီမှာပဲ နေလို့ရတယ်”
ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံသည် အရက်ကန်ဘေးသို့ လျှောက်သွားကာ ၎င်း၏ ဧရာမလက်ဝါးကြီးကို ဆန့်တန်း၍ အရက်တစ်ဆုပ် ခပ်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။
“နောက်တစ်ကြိမ် ငါ ထပ်ချက်ဖို့ဆိုရင် နောက်ထပ် နှစ်တစ်ရာလောက် ကြာဦးမှာပဲ...”
ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံ သက်ပြင်းချလိုက်သည်။ သို့သော် ဤသည်မှာ ဝမ့်ယယ်အား ပေးထားသော ကတိဖြစ်ရာ ပေးလိုက်ရခြင်းအတွက် မနှမြောပေ။
မိစ္ဆာသားရဲများဖြစ်သည့်အားလျော်စွာ သူတို့၏ သက်တမ်းမှာ လူသားများထက် များစွာ ရှည်လျားလှသည်။ ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံ၏ ရှည်လျားသော ဘဝသက်တမ်းတစ်လျှောက်တွင် မိစ္ဆာမျောက်ဝံအရက်ကို အကြိမ်များစွာ ချက်လုပ်နိုင်ပေသည်။
ဧရာမ ကျောက်စည်ပိုင်းကြီးတစ်ခုထဲသို့ မိစ္ဆာမျောက်ဝံအရက် အနည်းငယ်ကို ခပ်ထည့်ပြီးနောက် ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံက ရွှီနင်အား အရက်ကန်ဆီသို့ သွားရန် လက်ဟန်ပြလိုက်လေသည်။
“ရွှီနင်... သွား၊ အရက်ကန်ထဲ တည့်တည့်ဝင်ပြီး မင်း စိတ်ကြိုက်သောက်လိုက်တော့”
ဝမ့်ယယ်က ရွှီနင်ကို ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ”
ရွှီနင်သည် ဝမ့်ယယ်ကို လက်ယှက်ကာ အရိုအသေပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် အကြီးအကဲဝမ့်ယယ်”
“ကျေးဇူးတင်ပါတယ် အကြီးအကဲကျင်းမုန်”
ရွှီနင်သည် ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံကိုပါ ဦးညွှတ်လိုက်လေသည်။
ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံက ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။
“ကျွန်တော်ရော... ကျွန်တော်ရောဟင်”
ချင်းယင်က ဝမ့်ယယ်၏ ဘောင်းဘီစကို ကိုက်ဆွဲလိုက်သည်။
“မင်းလည်း နည်းနည်း မြည်းကြည့်လို့ရပါတယ်”
ဝမ့်ယယ်က လက်ဟန်ပြလိုက်သည်။
ထိုစကားကို ကြားသောအခါ ချင်းယင်သည် အရက်ကန်ဆီသို့ အမြန်ပြေးသွားပြီး ခုန်ဆင်းလိုက်လေသည်။ ရွှီနင် တစ်ငုံပင် မသောက်ရသေးခင် ၎င်းက အရင်သောက်နှင့်လေပြီ။
နှစ်ငုံခန့် သောက်ပြီးနောက် ချင်းယင်သည် ထပ်သောက်ချင်နေသေးသည်။
သို့သော် ဝမ့်ယယ်၏ အကြည့်ကို မြင်လိုက်ရသောအခါ ၎င်းမှာ ဖယ်ပေးလိုက်ရတော့သည်။
ထို့နောက် ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံသည် ကျောက်စည်ပိုင်းကြီးကို ယူဆောင်ကာ ဝမ့်ယယ်၊ ချင်းယင်တို့နှင့်အတူ အရက်ကန်မှ ထွက်ခွာခဲ့ပြီး လှိုဏ်ဂူထဲရှိ အခြားအခန်းငယ်တစ်ခုသို့ ဝင်သွားလေသည်။
“ငါတို့လည်း နည်းနည်း သောက်ကြတာပေါ့”
ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံက ကျောက်စည်ပိုင်းကို ဝမ့်ယယ်၏ရှေ့တွင် ချပေးလိုက်သည်။
ဝမ့်ယယ်က အားနာမနေပေ။ သူက ကျောက်စည်ပိုင်းကို မကာ မော့သောက်လိုက်လေသည်။
သို့သော် သောက်ပြီးသည်နှင့် တစ်ပြိုင်နက် ဝမ့်ယယ်၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားလေသည်။ သူ၏မျက်နှာမှာ ဖြူရော်သွားပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျလာတော့သည်။
“သခင်”
ချင်းယင်၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်သွားပြီး အလျင်အမြန် ရှေ့တိုးလာခဲ့သည်။
“ဝမ့်ယယ်... မင်းရဲ့ ဒဏ်ရာတွေက...”
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံ၏ မျက်နှာထားမှာ အနည်းငယ် လေးနက်သွားလေသည်။
၎င်းသည် ဝမ့်ယယ်နှင့် မိတ်ဆွေဟောင်းများဖြစ်ရာ ဝမ့်ယယ်တွင် ဒဏ်ရာဟောင်းများ ရှိနေသည်ကို သိထားလေသည်။
“ကိစ္စမရှိပါဘူး...”
ဝမ့်ယယ်သည် ဆေးလုံးတစ်လုံးကို ထုတ်ယူကာ မျိုချလိုက်လေသည်။
အခန်း (၂၂၂) - ယွဲ့လန်ဂိုဏ်းကို ဖျက်ဆီးမည်လော
ဆေးလုံးကို မြိုချလိုက်ပြီးနောက် ဝမ့်ယယ်၏ မျက်နှာအမူအရာမှာ များစွာ ကောင်းမွန်လာလေသည်။
ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံက ဝမ့်ယယ်၏ ခန္ဓာကိုယ်အခြေအနေကို အကဲခတ်မိသွားပြီး မေးလိုက်သည်။
“မင်းရဲ့ လက်ရှိအခြေအနေနဲ့ဆို ဘယ်လောက်ကြာကြာ တောင့်ခံနိုင်ဦးမှာလဲ”
“ဒီအခြေအနေအတိုင်းပဲ ဆက်ထိန်းထားနိုင်မယ်၊ ထပ်ပြီး တိုက်ခိုက်တာမျိုး၊ ဒဏ်ရာရတာမျိုး မဖြစ်ဘူးဆိုရင်တော့ နောက်ထပ် နှစ်အနည်းငယ်လောက် အသက်ရှင်နိုင်ပါသေးတယ်…”
ဝမ့်ယယ်က ပြန်ဖြေလေသည်။
“အဲဒီလိုလား…”
ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံသည် ဝမ့်ယယ်တစ်ယောက် ထိုအမှန်တရားကို အေးအေးဆေးဆေးပင် လက်ခံထားပြီးဖြစ်ကြောင်း ခံစားမိနေသည်။
ဝမ့်ယယ်၏ လေသံထဲတွင် မည်သည့်ထိတ်လန့်မှုမျိုးကိုမျှ မခံစားရပေ။
“အရင်တုန်းကတော့ ငါ့မှာ နောင်တတွေ အများကြီးရှိခဲ့တယ်။ ဒါပေမဲ့ ရွှီနင်နဲ့ တွေ့ပြီးတဲ့နောက်မှာတော့ ငါ တော်တော်လေး ကံကောင်းတယ်လို့ ခံစားရတယ်”
ဝမ့်ယယ်က ပြောလိုက်သည်။
“ရွှီနင်… အဲဒီ မျိုးဆက်သစ်လေးက…”
ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံ၏ မျက်လုံးများက အရောင်လက်သွားလေသည်။
ဝမ့်ယယ် ခေါင်းညိတ်လိုက်သည်။
“သူက ယန့်လုဂိုဏ်းကို ပြန်လည်တည်ထောင်ဖို့ မျှော်လင့်ချက် ဖြစ်လာလိမ့်မယ်”
…
ရွှီနင်သည် ကိုယ်ကိုကိုင်းကာ မိစ္ဆာမျောက်ဝံအရက်ကို တစ်ငုံစာ သောက်လိုက်လေသည်။
ပါးစပ်ထဲသို့ ရောက်သွားသည်နှင့် စူးရှရှ အရသာကို ဦးစွာခံစားလိုက်ရပြီး ၎င်း၏နောက်တွင် ချိုမြမြ အရသာလေးတစ်ခုက ကပ်ပါလာလေသည်။
မိစ္ဆာမျောက်ဝံအရက်၏ အရသာကို ချီးမွမ်းစကား မဆိုနိုင်မီမှာပင် ရွှီနင်၏ ရှေ့ရှိ သိုင်းပညာမျက်နှာပြင်တွင် အသိပေးချက်တစ်ခု ပေါ်လာလေသည်။
––
စွမ်းအင် ၁၀၀ ယူနစ်ကို တွေ့ရှိထားသည်။ စုပ်ယူမည်လော။
လုပ်မည်/မလုပ်ပါ
––
‘တစ်ငုံကို စွမ်းအင် ၁၀၀ ယူနစ်တောင်လား’
ရွှီနင်၏ မျက်လုံးများ အရောင်လဲ့သွားသည်။
ရေကန်ထဲတွင် မိစ္ဆာမျောက်ဝံအရက်များ အများအပြား ရှိနေသေးသည်။ ရွှီနင်၏ ခန့်မှန်းချက်အရ ထိုအထဲတွင် စွမ်းအင်ယူနစ် ၃၀၀,၀၀၀ ကျော် သေချာပေါက် ရှိနေမည်ဖြစ်ပြီး တာအိုနယ်ပယ်သို့ ချိုးဖောက်ဝင်ရောက်ရန်အတွက် လုံလောက်သည်ထက်ပင် ပိုနေချေပြီ။
ထိုအချက်ကို သိရှိပြီးနောက် ရွှီနင်သည် အရက်ကန်ထဲသို့ ချက်ချင်း ခုန်ဆင်းသွားလေတော့သည်။
––
စွမ်းအင် ၁၀၀ ယူနစ်ကို တွေ့ရှိထားသည်။ စုပ်ယူမည်လော။
လုပ်မည်/မလုပ်ပါ
––
ရွှီနင်၏ စွမ်းအင်စုပ်ယူမှုမှာ သူ၏ တစ်ကိုယ်လုံးကို အရက်ကန်ထဲတွင် စိမ်ထားပါက များစွာ ပိုမြန်ဆန်ပေလိမ့်မည်။
ဤနည်းဖြင့် ရွှီနင်သည် မိစ္ဆာမျောက်ဝံအရက်ထဲရှိ စွမ်းအင်များကို တိုက်ရိုက် စုပ်ယူနိုင်မည် ဖြစ်သည်။
ဤကဲ့သို့ စုပ်ယူခြင်းက မိစ္ဆာမျောက်ဝံအရက်၏ အရသာကို ခံစားခွင့် မရနိုင်သော်လည်း စွမ်းရည်ကိုတော့ များစွာ တိုးတက်စေနိုင်၏။
သို့မဟုတ်ပါက ရွှီနင်သည် သောက်လိုက်၊ စုပ်ယူပြီးသား အရည်များကို ခန္ဓာကိုယ်ထဲမှ ပြန်ထုတ်လိုက်ဖြင့် လုပ်နေရမည်ဖြစ်ရာ အလွန် ဒုက္ခများပေလိမ့်မည်။
စွမ်းအင်များမှာ ၁၀၀ ယူနစ်နှုန်းဖြင့် လျင်မြန်စွာ စုဆောင်းမိနေပြီး သိုင်းပညာမျက်နှာပြင်ပေါ်ရှိ သူ၏ စွမ်းအင်သိုလှောင်မှုမှာလည်း လျင်မြန်စွာ တိုးပွားလာနေလေသည်။
‘ငါ့ရဲ့ လက်ရှိအမြန်နှုန်းနဲ့ဆိုရင် မိစ္ဆာမျောက်ဝံအရက်ထဲက စွမ်းအင်တွေကို အလွန်ဆုံး နှစ်ရက်အတွင်း စုပ်ယူနိုင်လိမ့်မယ်’
ရွှီနင် စိတ်ထဲမှ တွေးလိုက်သည်။
‘ဒီစွမ်းအင်တွေအားလုံးကို စုပ်ယူပြီးသွားတာနဲ့ ငါ တာအိုနယ်ပယ်ကို တက်လှမ်းနိုင်ပြီ…’
ရွှီနင် အလွန် စိတ်လှုပ်ရှားနေလေသည်။ ဤတစ်ကြိမ်တွင်မူ ဝမ့်ယယ်နှင့် ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံတို့က သူ့ကို အများကြီး ကူညီပေးခဲ့ခြင်းပင်။
ဤအတွက် ရွှီနင် အလွန် ကျေးဇူးတင်နေမိသည်။
…
တစ်ချိန်တည်းမှာပင်…
ချွင်းကူပြည်နယ်…
ယွီယဲ့ဂိုဏ်း၏ ယာယီအခြေစိုက်စခန်း၌…
“ဂိုဏ်းချုပ်”
ဂိုဏ်းချုပ် လူကျန့်ရှင် ရှိနေသော အလုံပိတ်အခန်းထဲသို့ အကြီးအကဲတစ်ဦး ဝင်လာလေသည်။
“အကြီးအကဲ လွမ်… ဘာကိစ္စများရှိလို့လဲ”
လူကျန့်ရှင်က တိတ်ဆိတ်စွာ ထိုင်နေခဲ့သော်လည်း အကြီးအကဲ လွမ်ရှစ်ကျန်း ရောက်လာပြီးနောက် မျက်လုံးများကို ဖွင့်လိုက်သည်။
“ဂိုဏ်းချုပ်… မြောက်ပိုင်းဒေသရဲ့ ပြည်နယ် ဆယ့်ခုနစ်ခုအနက်က ဆယ့်နှစ်ခုကို ကျွန်တော်တို့လူတွေ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပါပြီ။ ပြီးတော့ ပြည်နယ်သုံးခုက အဓိကဂိုဏ်းတွေကိုလည်း ကျွန်တော်တို့ ထိန်းချုပ်ထားနိုင်ပါပြီ။ မြောက်ပိုင်းဒေသ ပြည်နယ် ဆယ့်ခုနစ်ခုလုံးမှာ ကျွန်တော်တို့ရဲ့ ထိန်းချုပ်မှုကွန်ရက်ကို ဖြန့်ကျက်ထားပြီးပါပြီ။ အခုချိန်မှာတော့ သားရဲမိစ္ဆာပန်းချီကားလိပ်နဲ့ အဘိုးကြီး ဝမ့်ယယ်ရဲ့ သတင်းကို စောင့်နေဖို့ပဲ လိုပါတော့တယ်”
လွမ်ရှစ်ကျန်းက ဂိုဏ်းချုပ် လူကျန့်ရှင်ထံ သတင်းပို့လေသည်။
“မဆိုးဘူးပဲ”
လူကျန့်ရှင်က ပြောလိုက်သည်။ “ငါတို့ ကွန်ရက်ကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်ထားနိုင်သရွေ့ အချိန်အများကြီး ယူရမယ်ဆိုရင်တောင် သားရဲမိစ္ဆာပန်းချီကားလိပ်နဲ့ အဘိုးကြီး ဝမ့်ယယ်ကို ခြေရာခံမိလိမ့်မယ်”
“ဒါပေမဲ့ ဂိုဏ်းချုပ်… ကျွန်တော်တို့က ဒီလောက်ကြီးမားတဲ့ လှုပ်ရှားမှုတွေ လုပ်နေမယ်ဆိုရင် အဘိုးကြီး ဝမ့်ယယ် သတိထားမိသွားပြီး မြောက်ပိုင်းဒေသ ပြည်နယ် ဆယ့်ခုနစ်ခုထဲကနေ ထွက်ပြေးသွားအောင် တွန်းအားပေးသလိုများ ဖြစ်မနေဘူးလား”
လွမ်ရှစ်ကျန်းမှာ သံသယဝင်နေလေသည်။
“ကိစ္စမရှိပါဘူး။ သူနဲ့ပတ်သက်တဲ့ သဲလွန်စတစ်ခုခုကို ရှာတွေ့နိုင်သရွေ့ ငါကိုယ်တိုင် သွားစစ်ဆေးမှာ။ သူက မြောက်ပိုင်းဒေသ ပြည်နယ် ဆယ့်ခုနစ်ခုထဲကနေ ထွက်ပြေးသွားမယ်ဆိုရင်တောင် ငါ ဆက်ပြီး လိုက်ရှာနိုင်ပါသေးတယ်။ လက်ရှိ အဘိုးကြီး ဝမ့်ယယ်က ဟိုးအရင်တုန်းက အမြုတေဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင် မဟုတ်တော့ဘူးလေ။ အခုဆိုရင် သူက ပြင်းထန်တဲ့ ဒဏ်ရာတွေရထားပြီး သူ့ရဲ့ နယ်ပယ်ကလည်း ကျဆင်းသွားခဲ့ပြီ။ လက်ရှိမှာ သူက အလွန်ဆုံးရှိလှ ခန္ဓာကိုယ်ပေါင်းစပ်ခြင်းနယ်ပယ် သိုင်းပညာရှင်အဆင့်လောက်ပဲ ရှိမှာပါ။ သူက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်တော့ဘူး”
လူကျန့်ရှင်၏ လေသံထဲတွင် ယုံကြည်မှုတို့ အပြည့်အဝ ရှိနေလေသည်။
“ဟုတ်ပါပြီ။ ဂိုဏ်းချုပ်ကိုယ်တိုင် ရှိနေမှတော့ အဘိုးကြီး ဝမ့်ယယ်က သူ့ကိုယ်သူ ဖော်ထုတ်လိုက်တာနဲ့ ဂိုဏ်းချုပ်က သေချာပေါက် ခြေရာခံနိုင်မှာပါ”
ထိုစကားကို ကြားပြီးနောက် လွမ်ရှစ်ကျန်းက လူကျန့်ရှင်ကို ပြောလိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ထပ်ပြောလေသည်။
“ဒါနဲ့ ဂိုဏ်းချုပ်… နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်…”
“ပြောလေ”
လူကျန့်ရှင်က လွမ်ရှစ်ကျန်းအား ဆက်ပြောရန် အချက်ပြလိုက်သည်။
“မော့ယီရှန်တို့အဖွဲ့ ပျောက်ဆုံးသွားတဲ့ကိစ္စကို ကျွန်တော်တို့ စုံစမ်းပြီးပါပြီ”
လွမ်ရှစ်ကျန်းက သတိကြီးစွာဖြင့် ပြောလိုက်သည်။
လူကျန့်ရှင် မျက်မှောင်ကြုတ်သွားသည်။
“အခြေအနေအတိအကျက ဘယ်လိုရှိလဲ”
လူကျန့်ရှင်၏ အမြင်တွင် ဖေးယွင်ပြည်နယ်ရှိ ယွမ်ရှန်းဂိုဏ်းသည် သူ အစိုးရိမ်ရဆုံး ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လေသည်။
သူသည် ယွမ်ရှန်းဂိုဏ်းကို မထိခိုက်စေလိုပေ။ အဘယ်ကြောင့်ဆိုသော် ဝမ်ရှန့်ပြည်နယ်ရှိ ယွမ်ရှန်းဂိုဏ်းမှ လူများသည် မြောက်ပိုင်းဒေသသို့ လျှို့ဝှက်စွာ ရောက်ရှိနေလောက်ပြီဖြစ်သောကြောင့်ပင်။
ယွီယဲ့ဂိုဏ်းသည် သူတို့ကို မကြောက်ရွံ့သော်လည်း သူတို့နှင့် မည်သည့်ပဋိပက္ခမျှ မဖြစ်လိုကြပေ။
သို့သော် သူတို့တွင် စိုးရိမ်ပူပန်မှုများ ရှိနေသော်လည်း ဂိုဏ်း၏ လှုပ်ရှားမှုများကို အနှောင့်အယှက်ဖြစ်စေရန် အခွင့်မပေးလိုချေ။
ထို့ကြောင့် ယွီယဲ့ဂိုဏ်းသည် ဖေးယွင်ပြည်နယ်အနီးတစ်ဝိုက်ရှိ ပြည်နယ်ကြီးများကို လျှို့ဝှက်စွာ ထိန်းချုပ်ကာ ဖေးယွင်ပြည်နယ်ကို ကန့်သတ်ထားရန် စီစဉ်ထားခဲ့သည်။
သို့ရာတွင် လက်တွေ့အခြေအနေက သူတို့၏ မျှော်မှန်းချက်များကို ကျော်လွန်နေခဲ့သည်။ လျဲ့ဝုပြည်နယ်နှင့် ကျိဖုန်းပြည်နယ်သို့ ထိုးဖောက်ဝင်ရောက်ခဲ့သူများအားလုံး ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရလေသည်။
လျဲ့ဝုပြည်နယ်က အဆင်ပြေသေးသည်။ သူတို့မှာ အရေးကြီးသော ဂိုဏ်းများကိုသာ မထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ကျိဖုန်းပြည်နယ်သို့ စေလွှတ်ခဲ့သူများထဲမှ မည်သူမျှ အသက်ရှင်လျက် ပြန်မလာခဲ့ကြချေ။
ထို့ကြောင့် လူကျန့်ရှင်သည် တပည့်များကို လျှို့ဝှက်စွာ စုံစမ်းရန်သာ စေလွှတ်ခဲ့ရလေသည်။
ထိုအခြေအနေတွင် လွမ်ရှစ်ကျန်းက ရလဒ်ကို ယူဆောင်လာခဲ့သည်။
“လျဲ့ဝုပြည်နယ်နဲ့ ကျိဖုန်းပြည်နယ်ကို ထိုးဖောက်ဝင်ရောက်ဖို့ ခက်ခဲနေတဲ့ အကြောင်းရင်းက အဲဒီပြည်နယ်နှစ်ခုမှာရှိတဲ့ အဓိကဂိုဏ်းတွေက သတိထားနေကြလို့ပါပဲ”
လူကျန့်ရှင် မျက်ခုံးပင့်သွားသည်။
“သူတို့က ဘယ်လိုလုပ် ကြိုတင်ပြင်ဆင်ထားနိုင်တာလဲ”
လူကျန့်ရှင်က မေးလိုက်ပြီးနောက် သူ သဘောပေါက်သွားသည်။
“ယွမ်ရှန်းဂိုဏ်းကများ သတင်းဖြန့်လိုက်တာလား”
“ဟုတ်ပါတယ် ဂိုဏ်းချုပ်”
လွမ်ရှစ်ကျန်းက လူကျန့်ရှင်အား အတည်ပြုချက်ပေးလိုက်လေသည်။
“ကျွန်တော်တို့ မရောက်ခင်ကတည်းက ဖေးယွင်ပြည်နယ်၊ လျဲ့ဝုပြည်နယ်နဲ့ ကျိဖုန်းပြည်နယ်တို့က အချင်းချင်း ကူညီဖို့ မဟာမိတ်ဖွဲ့ထားကြတာပါ”
“ဒီ ယွမ်ရှန်းဂိုဏ်းကတော့…”
လူကျန့်ရှင်၏ မျက်လုံးများထဲတွင် အေးစက်စက် အငွေ့အသက်များ ပေါ်လာလေသည်။
“မော့ယီရှန်တို့အဖွဲ့ကရော ဘယ်လိုဖြစ်တာလဲ။ သူတို့ ကျိဖုန်းပြည်နယ်ကို သွားပြီးတဲ့နောက် ဘာလို့ သတင်းအစအနတောင် မရတော့တာလဲ”
လူကျန့်ရှင် ထပ်မေးလိုက်သည်။
“ကင်းထောက်တပည့်တွေဆီက ရတဲ့သတင်းအရဆိုရင် မော့ယီရှန် ဦးဆောင်သွားတဲ့ တပည့်တွေအားလုံးက သူကလွဲပြီး ဖမ်းဆီးခံလိုက်ရပါတယ်”
လွမ်ရှစ်ကျန်းက ပြောလေသည်။
“မော့ယီရှန်ကတော့ တိုက်ပွဲဖြစ်နေတုန်းမှာ ထွက်ပြေးလွတ်မြောက်သွားပုံရပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်း သူ့ဆီက ဘာသတင်းမှ မကြားရတော့ပါဘူး။ သူက ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတာ၊ ဒါမှမဟုတ် သေသွားတာ၊ ဒါမှမဟုတ်…”
“ဒါမှမဟုတ် ဂိုဏ်းက အပြစ်ပေးမှာကို ကြောက်လို့ ထွက်ပြေးသွားတာလား”
လူကျန့်ရှင်၏ လေသံထဲတွင် ဒေါသတရားတို့ စွက်ဖက်နေလေသည်။
လွမ်ရှစ်ကျန်း တိတ်ဆိတ်သွားသည်။
မည်သို့ပင်ဆိုစေကာမူ မော့ယီရှန်သည် ဂိုဏ်း၏ အဓိကတပည့်တစ်ဦး ဖြစ်လေသည်။ အကယ်၍ သူသာ အသက်လု ထွက်ပြေးသွားခဲ့မည်ဆိုလျှင် ယွီယဲ့ဂိုဏ်းမှ အခြားတပည့်များလည်း ထိုကဲ့သို့ လုပ်ဆောင်ချင်စိတ်များ ပေါ်လာပေလိမ့်မည်။
“ဒီကိစ္စကို အခုထိ လူသိရှင်ကြား မလုပ်သေးနဲ့ဦး…”
လူကျန့်ရှင်က ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ”
လွမ်ရှစ်ကျန်းက ပြန်ဖြေလေသည်။
“ဒါနဲ့ ငါတို့လူတွေကို ဖမ်းသွားတဲ့ ဂိုဏ်းက ဘယ်ဂိုဏ်းလဲ” လူကျန့်ရှင်က ထပ်မေးလိုက်သည်။
“ယွဲ့ဝမ့်ဂိုဏ်းလို့ ခေါ်တဲ့ ဂိုဏ်းတစ်ဂိုဏ်းပါ”
လွမ်ရှစ်ကျန်းက ပြောလိုက်သည်။
“ယွဲ့ဝမ့်ဂိုဏ်း ဟုတ်လား”
လူကျန့်ရှင်သည် မြောက်ပိုင်းဒေသ ပြည်နယ် ဆယ့်ခုနစ်ခုရှိ ထိပ်တန်းဂိုဏ်းများအကြောင်းကို သိထားလေသည်။
ကျိဖုန်းပြည်နယ်တွင် ယွဲ့လန်ဂိုဏ်းနှင့် ချန်းမြောင်ဂိုဏ်းတို့သာ ထိပ်တန်းဂိုဏ်းများအဖြစ် ရှိနေကြောင်း သူ သိထားသည်။
“ဟုတ်ပါတယ်… ဂိုဏ်းငယ်လေးတစ်ခုပါ”
လွမ်ရှစ်ကျန်းက ဆက်ပြောလေသည်။
“ဂိုဏ်းငယ်လေးတစ်ခုကတော့ ခွန်အားအရ မော့ယီရှန်တို့ကို ဖိနှိပ်နိုင်မှာ မဟုတ်ဘူး။ ဒီလိုအခြေအနေ ဖြစ်သွားရတဲ့ အဓိကတရားခံက ယွဲ့လန်ဂိုဏ်းက တပည့်တစ်ယောက်ကြောင့်ပါ။ ဒီတစ်ကြိမ် ကျွန်တော်တို့ကို အရှက်ကွဲအောင် လုပ်သွားတာက ယွဲ့ဝမ့်ဂိုဏ်း မဟုတ်ဘဲ ယွဲ့လန်ဂိုဏ်းလို့ ပြောလို့ရပါတယ်”
“ယွဲ့လန်ဂိုဏ်း…”
လူကျန့်ရှင်က မဲ့ပြုံးပြုံးကာ ရန်လိုသော လေသံဖြင့် ပြောလိုက်သည်။
“ယွဲ့လန်ဂိုဏ်းက ငါတို့ကို ဆန့်ကျင်ဖို့ ယွမ်ရှန်းဂိုဏ်းနဲ့ ပူးပေါင်းထားတာ သေချာတယ်။ ဒီလိုမှတော့ သူတို့ဆီကနေပဲ စလိုက်ကြတာပေါ့”
“ဖေးယွင်ပြည်နယ်၊ လျဲ့ဝုပြည်နယ်၊ ကျိဖုန်းပြည်နယ်… မင်းတို့က ခေါင်းမာချင်နေကြတာ မဟုတ်လား။ ဒါဆိုလည်း ယွဲ့လန်ဂိုဏ်းကို အရင်ဆုံး ဖျက်ဆီးပစ်လိုက်ကြတာပေါ့”
လူကျန့်ရှင်၏ လုပ်ရပ်များမှာ အာဏာရှင်ဆန်လှသည်။
“ငါတို့ကို ဆန့်ကျင်ရင် ဘာဖြစ်သွားမလဲဆိုတာကို တခြားဂိုဏ်းတွေ တွေ့ပါစေ”
“အကြီးအကဲ လွမ်ရှစ်ကျန်း… ဒီကိစ္စကို မင်းကိုယ်တိုင် သွားလုပ်ပါ။ မင်းက တာအိုနယ်ပယ်ရဲ့ ပထမအဆင့်ဖြစ်တဲ့ ခန္ဓာကိုယ်ပေါင်းစပ်ခြင်းနယ်ပယ်ကို ရောက်နေတာ အတော်ကြာပြီလေ။ မင်းက ခန္ဓာကိုယ်ပေါင်းစပ်ခြင်းနယ်ပယ် သိုင်းပညာရှင်တွေကြားမှာလည်း အစွမ်းထက်သူတစ်ယောက်ပဲ။ တပည့် အယောက် နှစ်ဆယ်ကို ဦးဆောင်ပါ၊ ကျိဖုန်းပြည်နယ်ကိုသွားပြီး ယွဲ့လန်ဂိုဏ်းကို ဖျက်ဆီးဖို့ဆိုတာ မင်းအတွက် ခက်ခဲတဲ့ကိစ္စ မဟုတ်ဘူးမလား”
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”
လူကျန့်ရှင်၏ အမိန့်ကို လက်ခံရရှိပြီးနောက် လွမ်ရှစ်ကျန်းက လျင်မြန်စွာ ပြန်ဖြေလိုက်သည်။
သူ့အမြင်တွင် ဤသည်မှာ စိန်ခေါ်မှုတစ်ရပ် မဟုတ်ချေ။
ယွဲ့လန်ဂိုဏ်းတွင် အတင်းအဓမ္မ ချိုးဖောက်ဝင်ရောက်ထားသည့် တာအိုနယ်ပယ်အကြိုအဆင့် သိုင်းပညာရှင်တစ်ဦး ရှိနိုင်ကြောင်း သူ သိထားသော်လည်း ယင်းမှာ သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာရန် မလုံလောက်သေးပေ။
“သွားတော့”
လူကျန့်ရှင်က လက်ဝှေ့ယမ်းပြလိုက်ရာ လွမ်ရှစ်ကျန်းလည်း လျှို့ဝှက်ခန်းထဲမှ ထွက်ခွာသွားလေသည်။
“ဂိုဏ်းအမှတ်အသားတံဆိပ်ပြားကိုယူဖို့နဲ့ သားရဲမိစ္ဆာပန်းချီပကားလိပ်ကို ရှာဖွေဖို့… ငါ ဒီခရီးစဉ်ရဲ့ ရည်မှန်းချက်ကို အောင်မြင်အောင် လုပ်ရမယ်”
လူကျန့်ရှင် လက်သီးကို တင်းတင်းဆုပ်လိုက်လေသည်။
…
နှစ်ရက် ကုန်လွန်သွားခဲ့ပြီးနောက်
ရွှီနင်သည် မိစ္ဆာမျောက်ဝံအရက်ကန်ထဲမှ စွမ်းအင်များကို စုပ်ယူနေစဉ်တွင် ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံနှင့် ဝမ့်ယယ်တို့က သူ့ကို အနှောင့်အယှက် မပေးခဲ့ကြချေ။ သူတို့က ရေတံခွန်နောက်ရှိ လိုဏ်ဂူထဲမှပင် ထွက်ခွာသွားကြပြီး ရွှီနင်အတွက် အရက်များကို အေးအေးဆေးဆေး စုပ်ယူနိုင်မည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးခဲ့ကြသည်။
“မင်းရဲ့ မျိုးဆက်သစ်လေး ရွှီနင်က မိစ္ဆာမျောက်ဝံအရက်တွေကို သောက်နေတာ နှစ်ရက်တောင် ရှိနေပြီ။ သူ ဘယ်လောက်တောင် သောက်ပြီး ဘယ်လောက်များ စုပ်ယူပြီးပြီလဲ မသိဘူး”
ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံက ပြောလိုက်သည်။
“သွားကြည့်ရအောင်”
ဝမ့်ယယ်သည် ရွှီနင်တစ်ယောက် မိစ္ဆာမျောက်ဝံအရက်များကို အများကြီး သောက်မိပြီး ခန္ဓာကိုယ်မှ လက်မခံနိုင်ဖြစ်ကာ ဘေးထွက်ဆိုးကျိုးများ ခံစားရမည်ကို အနည်းငယ် စိုးရိမ်နေလေသည်။
ထို့နောက် ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံသည် ဝမ့်ယယ်ကိုခေါ်ကာ ရေတံခွန်နောက်ရှိ လိုဏ်ဂူထဲသို့ ဝင်သွားလေသည်။
“ဟင်”
လိုဏ်ဂူထဲသို့ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံသည် လိုဏ်ဂူထဲရှိ မိစ္ဆာမျောက်ဝံအရက်၏ ရနံ့များ ကုန်လုနီးပါး ဖြစ်နေကြောင်းကို လျင်မြန်စွာ သတိပြုမိသွားသည်။
ဝမ့်ယယ်လည်း ထိုအချက်ကို သတိထားမိသွားသည်။
ထို့နောက် ချက်ချင်းပင် သူတို့သည် လိုဏ်ဂူ၏ အတွင်းပိုင်းသို့ အလျင်အမြန် ပြေးဝင်သွားကြလေသည်။
သူတို့ မိစ္ဆာမျောက်ဝံအရက်ကန်ဆီသို့ မရောက်မီမှာပင် ရွှီနင်သည် မျက်လုံးများ မှိတ်ထားလျက် ကန်၏ အောက်ခြေအထိ နစ်မြုပ်နေကြောင်း တွေ့လိုက်ရသည်။
မူလက လေထုထဲတွင် နေရာအနှံ့ ပြန့်လွင့်နေသော အရက်ရနံ့များမှာ ယခုအခါ ခပ်သင်းသင်းသာ ကျနတွေ့လိုက်ရသည်။
“ဖြစ်နိုင်တာက…”
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံ၏ ရင်ထဲ တုန်လှုပ်သွားရလေသည်။
၎င်းသည် အရက်ကန်ထဲမှ အရည်များကို လက်တစ်ဆုပ်စာ အမြန်ခပ်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
“ဒါက ဘယ်လိုဖြစ်ရတာလဲ”
ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံမှာ အလွန် အံ့အားသင့်သွားရသည်။
“ရေကန်ထဲက မိစ္ဆာမျောက်ဝံအရက်တွေက ရေသီးသန့်တွေ ဖြစ်ကုန်ပြီပဲ။ အရက်အာနိသင်ရော ဆေးဖက်ဝင်စွမ်းအင်တွေပါ ပျောက်ကုန်ပြီ”
“ရွှီနင်က အရက်ကန်ထဲကို တန်းပြီး ခုန်ဆင်းသွားပြီးတော့ မိစ္ဆာမျောက်ဝံအရက်ရဲ့ အရက်အာနိသင်တွေနဲ့ ဆေးဖက်ဝင်စွမ်းအင်တွေကို စုပ်ယူလိုက်တာပဲ”
ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံ၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။
မိစ္ဆာမျောက်ဝံအရက်များ အလဟဿဖြစ်သွားသည်မှာ နှမြောစရာ မဟုတ်သော်လည်း ဤကဲ့သို့သော စုပ်ယူမှုနည်းလမ်းဖြင့် ရွှီနင်တစ်ယောက် ခန္ဓာကိုယ်ပေါက်ကွဲပြီး အလွယ်တကူ သေဆုံးသွားနိုင်ပေသည်။
“ဘာ”
ဝမ့်ယယ်လည်း ထိတ်လန့်သွားသည်။
သူသည် မိစ္ဆာမျောက်ဝံအရက်ထဲမှ အရက်အာနိသင်များကို တိုက်ရိုက်စုပ်ယူခြင်း၏ ဆိုးကျိုးများကို သိထားလေသည်။
ဝမ့်ယယ်သည် ရွှီနင်၏ အခြေအနေကို စစ်ဆေးရန်အတွက် အရက်ကန်ထဲမှ ဆယ်ယူရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံက ဝမ့်ယယ်ကို တားလိုက်သည်။
“စိတ်မပူပါနဲ့… သူ အဆင်ပြေပါတယ်”
“သူ့အခြေအနေ တည်ငြိမ်နေတယ်ဆိုတာကို ငါ ခံစားနိုင်တယ်။ ပြီးတော့ သူက သူ့ပတ်ဝန်းကျင်က အရက်တွေကို မှန်မှန် စုပ်ယူနေတုန်းပဲ”
ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံ၏ စကားကြောင့် ဝမ့်ယယ်တစ်ယောက် သက်ပြင်းချကာ စိတ်သက်သာရာ ရသွားတော့သည်။