နတ်ဘုရားလူပြန်ဝင်စားခြင်းဂါထာ
Vol. 11 Ch. 1002
သွေးနီရောင်ကျင့်ကြံသူအကြောင်းကို ဆန်းလျန်လည်း သိပ်ပြီး သိရှိခြင်း မရှိပေ။
သို့သော်… ထိုသူသည် လောကအလယ်တွင် လွန်ဂုဏ်သိက္ခာကြီးမားသူတစ်ယောက်ဖြစ်သည်ကိုတော့ သိရှိထားလေသည်။
သူ နေထိုင်သည့် အနာဂတ်ကာလတွင် သွေးနီရောင်ကျင့်ကြံသူသည် ဒဏ္ဍာရီထဲတွင်သာကျန်ရစ်ခဲ့ပြီး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။
အချို့သော ဒဏ္ဍာရီများထဲတွင် သွေးနီရောင်ကျင့်ကြံသူသည် မဟာမိစ္ဆာလမ်းစဉ်ကို ဖော်ထုတ်ခဲ့သူဖြစ်ပြီး ဗုဒ္ဓကိုပင် ရင်ဆိုင်အံတုခဲ့သူဖြစ်သည်ဟု ဆိုကြသည်။
ထို့ပြင်… သွေးနီရောင်ကျင့်ကြံသူသည် ယွမ်တုဓားနှင့် ငရဲလမ်းဓား (၂)လက်စလုံးကို ထိန်းချုပ်နိုင်သူလည်း ဖြစ်လေသည်။
သူသာ ထိုက်စန့်တာအိုဆရာသခင်၏ ယင်နှင့်ယန် ထိန်းချုပ်သည့်နည်းလမ်းကို သိရှိခဲ့ပြီး ယွမ်တုဓားနှင့် ငရဲလမ်းဓားများအပေါ်တွင် အသုံးချနိုင်ခဲ့ပါက တာအိုဆရာသခင်ထိုက်ယီ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရမည် မဟုတ်ပေ။
လီချင်းဆွေ မကြာမီ မိုးကောင်းကင်အစစ်ဆေးခံရတော့မည်ကို ဆန်းလျန် ရိပ်မိထားသည်။
သူမရင်ဆိုင်ရမည့် အစစ်ဆေးခံရခြင်းသည် သွေးနီရောင်ကျင့်ကြံသူနှင့် ရင်ဆိုင်ရခြင်းပင် ဖြစ်ကြောင်း ဆန်းလျန် သိရှိထားသည်။
တာအိုဆရာသခင်ထိုက်ယီသည် လောကတွင် မရှိတော့လေရာ သွေးနီရောင်ကျင့်ကြံသူသည် သွေးကြွေးဆပ်ရန်အတွက် လီချင်းဆွေထံမှ ပြန်လည်တောင်းဆိုမည် ဖြစ်လေသည်။
ထိုအကြောင်းများကို ဆန်းလျန်သိရှိထားသည်ကို လီချင်းဆွေကတော့ မသိရှိပေ။
သူမက စိတ်ထဲမှ ဆန်းလျန်ကို စကားပြန်ပြောလိုက်သည်။
"ကျွန်မ နားလည်ပါပြီ…"
သူမက တောင်စောင့်နတ်မိမယ်အကြောင်း နားလည်သွားပြီဟု ဆိုလိုခြင်း ဖြစ်လေသည်။
တောင်စောင့်နတ်မိမယ်ကတော့ လီချင်းဆွေနှင့် သွေးနီရောင်ကျင့်ကြံသူ၏ အကြောင်းနှင့်အကျိုးများကို နားမလည်ပေ။
သူမက စကားဆက်ပြောလေသည်။
"ငါ ဒီမှာ တောင်စောင့်နတ်ဖြစ်လာပြီးတဲ့နောက်ပိုင်း သူက (၁၀)နှစ်တစ်ခါ ငါ့ဆီလာပြီး မိုးနဲ့မြေမှာ ဖြစ်ပျက်နေတဲ့ အကြောင်းတွေ လာပြောပြတယ် ၊ ဒါကြောင့် ငါလည်း ကျင့်ကြံသူတွေအကြောင်း သိခဲ့ရတာပေါ့ ၊ ကျင့်ကြံသူတွေထဲမှာ ငါ့ရဲ့သားကလွဲလို့ ငါ့ကို စကားပြောနိုင်သူဆိုတာ အတော်လေးရှားတယ် ၊ ဒီနေ့ မင်း ငါ့ကို စကားပြောနိုင်တာတွေ့ရတော့ ငါ သိပ်ကိုဝမ်းသာတာပဲ…"
သူမ အထီးကျန်နေခဲ့ပြီမှာ ကြာပြီ ဖြစ်လေသည်။
ထို့ကြောင့် သူမက စိတ်လိုလက်ရဖြင့် သူမအကြောင်းများကို ပြောနေခဲ့ခြင်း ဖြစ်လေသည်။
လီချင်းဆွေက…
"သူက မင်းကို ကျင့်စဉ်တွေ သင်မပေးဘူးလား…"
တောင်စောင့်နတ်မိမယ်က…
"သူပြောတာက လောကမှာ ကျင့်ကြံခြင်းလမ်းစဉ် (၂)ခုပဲ ရှိတယ်တဲ့ ၊ တစ်ခုက ငါ့ကို ကိုးကွယ်ယုံကြည်သူတွေရဲ့ ယုံကြည်ခြင်းတန်ခိုးစွမ်းအားတွေကတစ်ဆင့် ကျင့်ကြံရမယ်တဲ့ ၊ နောက်တစ်ခုကတော့ မိုးမြေစွမ်းအားတွေကို စုပ်ယူပြီး ကျင့်ကြံရမယ်တဲ့ ၊ ဒုတိယနည်းလမ်းက ငါ့ရဲ့ ဝိညာဉ်ကို တိုက်ရိုက်ထိခိုက်စေနိုင်တဲ့အတွက် သူက ငါ့ကို ပထမနည်းလမ်းအတိုင်း ကျင့်ကြံဖို့ သင်ပြပေးတယ် ၊ ဒါပေမဲ့ ငါ အဲဒီကျင့်ကြံခြင်းတွေကို သိပ်စိတ်မဝင်စားပါဘူး ၊ ငါ စိတ်ဝင်စားတာက ငါ့သားက ငါနဲ့ ပိုပြီး အချိန်ကြာကြာစကားပြောဖို့ပါပဲ…"
လီချင်းဆွေ ရုတ်တရက် တိတ်ဆိတ်သွားလေသည်။
သူမ၏ နှလုံးသားထဲတွင် တစ်စုံတစ်ခုကို ခံစားလိုက်ရဟန်ရှိလေသည်။
ဆန်းလျန်က…
"မင်းကိုကြည့်ရတာ ဝမ်းနည်းနေသလိုပဲ ၊ မင်း အမေကို သတိရနေတာလား…"
လီချင်းဆွေက အတန်ကြာတိတ်ဆိတ်နေပြီးမှ…
"မင်းမှာရော အမေရှိလား…"
ဆန်းလျန်က…
"ရှိတာပေါ့…"
လီချင်းဆွေက ခေါင်းခါရမ်းလိုက်ရင်း…
"ကျွန်မမှာ အမေမရှိဘူး…"
သူမ၏ အဖြေစကားက သေချာလွန်းလှဟန်ရှိသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"ကျုပ်ကြားတာတော့ သွေးနီရောင်ကျင့်ကြံသူက မဟာမိစ္ဆာလမ်းစဉ်ကို တီထွင်ခဲ့တဲ့သူပဲ ၊ ဒါပေမဲ့ သူ့မှာ ချစ်ခြင်းမေတ္တာနဲ့ တရားမျှတမှုရှိမယ်လို့ ထင်မထားမိဘူး…"
လီချင်းဆွေက…
"သူ့ကြည့်ရတာ သူ့အမေ တောင်စောင့်နတ်မိမယ်နဲ့လည်း သိပ်ရင်းနှီးလှတဲ့ပုံ မရှိပါဘူး ၊ ဒါပေမဲ့ သူက သူ့အမေကို အလေးထားတာက ချစ်ခြင်းမေတ္တာထက် ဖြောင့်မတ်ခြင်းကို ပိုပြီးအလေးပေးတာ မဟုတ်ဘူးလား…"
ဆန်းလျန်က…
"မျိုးဆက်တစ်ဆင့်ဟာ ချစ်ခြင်းမေတ္တာလည်းမရှိ ဖြောင့်မတ်ခြင်းလည်းမရှိရင် အလကားပဲပေါ့ ၊ အဲဒီလိုလူမျိုးကို အရေးမစိုက်သင့်ဘူး ၊ ဒါပေမဲ့ သွေးနီရောင်ပင်လယ်က ကျင့်ကြံသူကတော့ အဲဒီလိုလူ ဟုတ်ပုံမရဘူး…"
လီချင်းဆွေက…
"ဒါကတော့ ခပ်ခက်ခက်ပဲ…"
သူမက ဆန်းလျန်၏ စကားများကိုနားလည်သော်လည်း သိပ်တော့ သဘောမတူချင်လှပေ။
ထိုကဲ့သို့ ချစ်ခြင်းမေတ္တာနှင့် ဖြောင့်မတ်ခြင်းများကို ထမ်းထားရသူတစ်ယောက်အတွက် ဝန်ထုပ်ဝန်ပိုးကြီးလွန်းသည်ဟု သူမက ခံစားရသည်။
မည်သည့်အရာကိုမှ အရေးမစိုက်ဘဲ ကိုယ်လုပ်ချင်ရာလုပ်သူများလည်း လောကတွင် ရှိကြသည်ပဲ ဖြစ်သည်။
ထိုသိုု့သော်သူများသည်ကား သေလျှင်လည်း မြန်မြန်သေ ၊ မသေလျှင်လည်း အကြီးအကျယ်အောင်မြင်တတ်ကြ၏။ သို့သော်… ခပ်ရှားရှားပင်ဖြစ်သည်။
ဆန်းလျန်ကတော့ လီချင်းဆွေ၏အမြင်နှင့်ပတ်သက်ပြီး ဝေဖန်ခြင်း မရှိပေ။
ဆန်းလျန်က…
"ဒီဝတ်ကျောင်းတော်မှာ လူတွေက အမွှေးနံ့သာပေါင်းတွေနဲ့ ဘာလို့ လာပြီးမကိုးကွယ်ကြတာလဲဆိုတာ သူ့ကို မေးကြည့်ပါလား…"
လီချင်းဆွေက ဆန်းလျန်အကြံပေးသည့်အတိုင်း တောင်စောင့်နတ်မိမယ်ကို မေးမြန်းကြည့်လိုက်သည်။
တောင်စောင့်နတ်မိမယ်ကလည်း ဖုံးကွယ်ထားခြင်းမရှိဘဲ ပြန်လည်ဖြေကြားလိုက်၏။
တောင်စောင့်နတ်မိမယ်က…
"ငါက တောင်ခြေကလူတွေကို ကူညီပေးပြီး ငါ့ကိုယုံအောင်လုပ်ဖို့ ကြိုးစားခဲ့ပါတယ် ၊ ဒါပေမဲ့ ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူးလေ…"
သူမက အကြောင်းအရာများစွာကို ပြောပြလေသည်။
သူမ တောင်စောင့်နတ်မိမယ် ဖြစ်လာပြီးသည့်နောက် သူမ အကောင်းဆုံး ကြိုးစားခဲ့ဟန် ရှိလေသည်။ ထို့ကြောင့် အချို့သောရွာသူရွာသားများက သူမကို ယုံကြည်ခဲ့ကြသည်။
သို့သော်… တောင်၏နက်ရှိုင်းကြောက်ရွံ့ဖွယ်အခြေအနေကြောင့် တောင်ပေါ်သို့ လာရောက်သူ ရှားပါးခဲ့လေသည်။ နောက်ပိုင်း မည်သူမှ တောင်ပေါ် ဝတ်ကျောင်းတော်သို့ လာရောက်ပြီး ပူဇော်သမှု မပြုလုပ်ကြတော့ပေ။
သူမက သားဖြစ်သူကို ထိုအကြောင်းပြောပြသော်လည်း "ထိုကိစ္စက အရေးမကြီး" ဟုသာ သားဖြစ်သူက သူမကို နှစ်သိမ့်ခဲ့လေသည်။
ထို့ကြောင့် ထိုလမ်းစဉ်ဖြင့်လည်း တောင်စောင့်နတ်မိမယ် အောင်မြင်အောင် ကြိုးစားနိုင်ခဲ့ခြင်း မရှိပေ။ သို့သော်… အခြားသော နတ်ဘုရားများနှင့် မတူညီသည်မှာ သူမသည် ယုံကြည်ကိုးကွယ်သူမရှိသည့်တိုင် နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်နိုင်ခဲ့လေသည်။
သူမ မသိသည့်အချက်မှာ သွေးနီရောင်ကျင့်ကြံသူသည် နှစ်ပေါင်းများစွာအသက်ရှည်ကြသည့် အသူရာမျိုးနွယ်များကိုပင် ဖန်ဆင်းနိုင်ခဲ့သူဖြစ်သည်ဆိုသည့်အ ချက်ပင် ဖြစ်သည်။
အသူရာမျိုးနွယ်များသည် များသောအားဖြင့် အသက်ရှည်ကြလေသည်။
ထို့ကြောင့် သူမကိုလည်း အသက်ရှည်အောင်ပြုလုပ်ပေးထားသည်မှာ ခက်ခဲသည့်အလုပ် မဟုတ်ခဲ့ပေ။
လီချင်းဆွေက တောင်ပေါ်နတ်မိမယ်ပြောသည့်စကားများကို နားထောင်ပြီး သူမကို ကိုယ်ချင်းဆာမိလေသည်။ သူမသာ တောင်စောင့်နတ်မိမယ်ဆိုလျှင် စိတ်လည်းမရှည်သလို စိတ်မသက်မသာလည်း ခံစားရမိမည် ဖြစ်သည်။
တောင်စောင့်နတ်မိမယ်၏ စကားများကို နားထောင်ပြီးသည့်နောက် လီချင်းဆွေ တစ်စုံတစ်ခု ပြောသင့်သည်ဟု ခံစားလာမိလေသည်။
ထို့ကြောင့် လီချင်းဆွေက…
"မင်းကိုကြည့်ရတာလည်း တောင်စောင့်နတ်မိမယ်လုပ်ရတာ သိပ်ပြီး ပျော်တဲ့ပုံလည်း မရှိဘူး ၊ တောင်စောင့်နတ်မိမယ် မလုပ်ဘဲ လူပြန်ဝင်စားဖို့ မတွေးမိဘူးလား…"
အခြားသူများဆိုလျှင် ထိုသို့သော မေးခွန်းမျိုးကို မေးရဲကြမည် မဟုတ်ပေ။
အကြောင်းမှာ… နတ်ဘုရားများသည် မည်မျှအထီးကျန်စေကာမူ သူတို့က နှစ်ပေါင်းများစွာ အသက်ရှည်ကြပြီး သဘာဝလွန်စွမ်းအားများကိုလည်း ပိုင်ဆိုင်သူများ ဖြစ်ကြသည်။
လူပြန်ဝင်စားမည်ဆိုလျှင် သူတို့ အရင်ဘဝကို မေ့ပျောက်သွားမည်ဖြစ်ပြီး နောင်ဘဝတွင် လူမဖြစ်ဘဲ နွား ၊ မြင်း စသည့်သတ္တဝါများလည်း ဖြစ်သွားနိုင်သည်။
သို့သော်… လီချင်းဆွေ၏ အမြင်ကတော့ အခြားသူများနှင့် မတူညီပေ။
သူမကတော့ မပျော်ရွှင်တော့လျှင် လမ်းဟောင်းကို စွန့်လွှတ်လိုက်ပြီး နောက်ထပ် လမ်းသစ်တစ်ခုကို လျှောက်လှမ်းရန် ရွေးခြယ်မည့်သူ ဖြစ်လေသည်။
ထိုအကြောင်းများကို အခြားသူများကိုသွားပြောပါက လက်ခံချင်မှ လက်ခံနိုင်ကြပေလိမ့်မည်။
သို့သော်… လီချင်းဆွေ၏ အမေးစကားကြောင့် တောင်စောင့်နတ်မိမယ် ရုပ်တုကြီးမှာ မျက်ဝန်းများ တစ်ချက်လင်းလက်သွားလေသည်။
သူမက …
"ဟုတ်တယ် ၊ ငါလည်း အဲဒီလိုတွေးမိပါတယ် ၊ ဒါပေမဲ့ ငါ ဘယ်လိုလူပြန်ဝင်စားရမှာလဲ…"
လီချင်းဆွေ သူမကို ဘာပြန်ပြောရမည်လဲ မသိခင်တွင် ဆန်းလျန်က သူမကို လှမ်းပြောလိုက်သည်။
"ကျုပ်မှာ နည်းလမ်းရှိတယ်…"
လီချင်းဆွေက…
"ဘာ နည်းလမ်းလဲ…"
ဆန်းလျန်က…
"ကျုပ်မှာ နတ်ဘုရားလူပြန်ဝင်စားခြင်းဂါထာရှိတယ် ၊ ပြန်လည်မွေးဖွားခြင်းဂါထာကို ကျုပ် ပြန်ပြီးအသစ်တီထွင်ထားတာ ၊ အဲဒီဂါထာက တောင်စောင့်နတ်မိမယ်ကို လူပြန်ဝင်စားအောင်လုပ်ပေးနိုင်တယ်…"
လီချင်းဆွေက နတ်ရုပ်တုကြီးကို လှမ်းကြည့်လိုက်ပြီး…
"ကျွန်မ နတ်ဘုရားလူပြန်ဝင်စားခြင်းဂါထာကို သိထားတယ် ၊ အဲဒီဂါထာကို မင်းကို ပြောပြမယ် ၊ ဒါဆို မင်း ပြန်လည်မွေးဖွားလို့ရပြီ…"
လီချင်းဆွေ၏ စကားကိုကြားရသည့်အခါ အစပိုင်းတော့ တောင်စောင့်နတ်မိမယ်က ပျော်ရွှင်သွားဟန် ရှိလေသည်။
သို့သော်… ခဏတာမျှ တုံ့ဆိုင်းနေပြီးမှ…
"ဒါပေမဲ့ ငါ့ သားကို စောင့်ဦးမှ ဖြစ်မယ် ၊ မင်းရော စောင့်ပေးလို့ ရမလား…"
လီချင်းဆွေက…
"ကျွန်မက အဲဒီလောက်တော့ အချိန်မရဘူး…"
တောင်စောင့်နတ်မိမယ်က အနည်းငယ် စိတ်ရှုတ်ထွေးသွားဟန်ဖြင့်…
"သိပ်တော့မကြာပါဘူး ၊ အချိန်တွက်ကြည့်မယ်ဆိုရင် သိပ်မကြာခင် သူ ရောက်လာတော့မှာပါ…"
လီချင်းဆွေက မစောင့်ချင်တော့ပေ။
သူမက ထိုသို့ စောင့်ဆိုင်းရသည်များကို နှစ်သက်ခြင်း မရှိပေ။
သူမက နောက်မှ ထပ်လာခဲ့တော့မည်ဟု ပြောလိုက်ချင်သော်လည်း သူမစိတ်ထဲတွင် တစ်စုံတစ်ခုကို စိုးရိမ်နေမိလေသည်။
သို့သော်… ဆန်းလျန်က သူမ ပြဿနာကို ကူညီဖြေရှင်းပေးလိုက်လေ၏။
ဆန်းလျန်က…
"သူ ရောက်လာပြီ…"
ဟု ပြောလိုက်လေသည် မဟုတ်ပါလား။
ထိုအချိန် ကျိုးပျက်နေသည့် ဝတ်ကျောင်းတော်တံခါး ပွင့်လာပြီး လေနှင့်နှင်းများ အထဲသို့ ဝင်ရောက်လာကြလေသည်။
တစ်ချိန်တည်းမှာပင် ဆံပင်နှင့် မျက်ခုံးမွှေးများ လုံး၀ မရှိသည့်လူတစ်ယောက် ဝတ်ကျောင်းတော်အတွင်းသို့ ဝင်ရောက်လာလေသည်။
မျက်ခုံးမွှေးမရှိသော်လည်း မျက်ခုံးမွှေးနေရာတွင် သွေးနီရောင်တောက်နေသည့် အစင်းကြောင်း(၂)ခုကို တွေ့မြင်ရလေသည်။
တောင်စောင့်နတ်မိမယ်က ဝမ်းသာအားရဖြစ်သွားဟန်ဖြင့်…
"ရွှဲ့အယ်… မင်းရောက်လာပြီလား…"
ထိုသူက တောင်စောင့်နတ်မိမယ်ကို ခေါင်းညိတ်ပြလိုက်ပြီး…
"အမေ…"
ဟု နှုတ်ဆက်စကားဆိုလိုက်သည်။
သူ၏ အသံက ဝတ်ကျောင်းတော်အပြင်ဘက်မှ နှင်းပွင့်များထက်ပင် အေးစက်သည်ဟု ထင်မှတ်ရပြီး ဓားတစ်လက်အလား ထက်ရှလျှက် ရှိလေသည်။
သို့သော်… လီချင်းဆွေကတော့ သူ့ကို လုံး၀ ကြောက်ရွံ့ခြင်း မရှိပေ။ လောကတွင် လီချင်းဆွေ ကြောက်ရွံ့သည့်အရာဆိုသည်က လုံး၀ မရှိပေ။
လီချင်းဆွေက ကြည်လင်သည့်မျက်ဝန်းဖြင့် မျက်တောင်မခတ် ထိုသူကို ကြည့်နေလေသည်။
တောင်ပေါ်နတ်မိမယ်က…
"ငါ မိတ်ဆွေအသစ်လေးရထားတယ် ၊ သူ့နာမည်က…"
လီချင်းဆွေနှင့် တောင်ပေါ်နတ်မိမယ် စကားအများကြီးပြောဖြစ်ခဲ့ကြသည့်တိုင် သူတို့ တစ်ယောက်နာမည်တစ်ယောက် မမေးဖြစ်ခဲ့ကြသည်ကို ယခုမှ တောင်စောင့်နတ်မိမယ် သတိရသွားမိသည်။
အမှန်တော့ သူမနှင့် ခဏတာတွေ့ဆုံရသူများသည် နာမည်သိရှိလျှာင်တောင်မှ နောက်တစ်ခါ ပြန်ဆုံရန် မသေချာသည် မဟုတ်ပါလား။
ထိုသူက လီချင်းဆွေကို ကြည့်လိုက်ပြီး…
"ချင်းဆွေ … သူ့နာမည်က ချင်းဆွေ…"
ဟု ပြောလိုက်လေသည်။
ထို့နောက် သူက စကားကို ခဏရပ်နားလိုက်ပြီး…
"ကျုပ်က ရွှဲ့ဟယ်ပါ…"
ထိုစကားသံက နေရာဒေသ (၁၀)ခုတွင် (၉)ရက်တိတိ ပဲ့တင်သံထပ်သွားလေသည်။
သွေးနီရောင်ကျင့်ကြံသူရွှဲ့ဟယ်၏ ခေတ်အဆက်ဆက် ကြီးမြတ်ခဲ့လေသော ဂုဏ်သတင်းကို တာအိုဆရာသခင်ထိုက်ယီက နှိမ်နင်းပစ်ခဲ့လေသည်။
ယခု ရွှဲ့ဟယ် ပြန်လည်မွေးဖွားလာသည့်တိုင် တာအိုဆရာသခင်ထိုက်ယီကို ရှာဖွေပြီး လက်စားချေနိုင်စွမ်း မရှိပေ။
သို့သော် သူ့ရှေ့မှ မိန်းကလေးငယ် မည်သူဖြစ်သည်ကို တစ်ချက်ကြည့်ရုံဖြင့် သိလိုက်လေသည်။
သူမ၏ မျက်ဝန်းများက တာအိုဆရာသခင်ထိုက်ယီနှင့် ဆင်တူလှပြီး တန်ခိုးစွမ်းအားကလည်း မြင့်မားဟန် ရှိလေသည်။
ဝတ်ကျောင်းတော်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားလေ၏။ ဝတ်ကျောင်းတော်အပြင်ဘက်မှ လေသံနှင့် နှင်းကျသံများပင် ပျောက်ကွယ်သွားသည်ဟု ထင်မှတ်ရသည်။
တိတ်ဆိတ်သောလေထုကြောင့် တောင်ပေါ်ရှိ ဝတ်ကျောင်းတော်သည်ပင် အေးခဲသွားတော့မည့်အလား ထင်မှတ်ရသည်။
တောင်စောင့်နတ်မိမယ်က သူမပြောလိုသည့် စကားများပြောရန်မှာ မဖြစ်နိုင်တော့ကြောင်း ရိပ်မိလိုက်လေသည်။ သူမ စိတ်ထဲတွင် ကလေးများကြားတွင် တစ်စုံတစ်ခု ပြဿနာရှိသည်ဟု ခံစားလိုက်ရသည်။
သူမက ကလေးများကြားမှ ပြဿနာကို ဖြန်ဖြေရန် ကြိုးစားလိုက်လေသည်။ သို့သော်… သူမ စကားတစ်လုံးမှ ပြော၍မရတော့သည်ကို သိလိုက်ရသည်။
လက်ရှိအချိန်တွင် လီချင်းဆွေက ရွှဲ့ဟယ်လောက် တန်ခိုးစွမ်းအား မြင့်မားခြင်း မရှိသေးပေ။
ရွှဲ့ဟယ်ထံမှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအား အငွေ့အသက်များသည် မြစ်ရေပြင်ထက်သို့ ဖြာကျလာသည့် လရောင်အလား ဖြစ်လေသည်။
ထို့နောက်… တောင်ပေါ်တွင် တိုက်ခတ်နေသည့်လေပြေသည်လည်း လေပြင်းမုန်တိုင်းအလား ပြင်းထန်လာလေတော့သည်။
***