အခန်း (၆၄၃-၆၄၅)
Vol. 43 Ch. 643-645
အခန်း (၆၄၃) ဓားသွားဝိညာဉ်နယ်ပယ်။ ဘိုးဘေးတို့၏ တောက်ပမှုကို တုန်လှုပ်စေသော သံဖြတ်ဓား။ (၂)
တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေစဉ် စူးချန်ခုန်းသည် အကြီးစား အောင်မြင်မှုအဆင့်ရှိသော ဓားဝိညာဉ်၏ နက်နဲမှုများကို အစဉ်တစိုက် နားလည်သဘောပေါက်လာပြီး သူ၏ ကိုယ်ပိုင်ဓားသိုင်းအတွင်းသို့ ပေါင်းစပ်ထည့်သွင်းခဲ့သည်။
ရွှီး ရွှီး ရွှီး
ဝတ်စုံနက် ဓားသမား၏ ဓားအရှိန်အဝါမှာ ပြောင်းလဲသွားပြီး မှိန်ဖျော့သော မိုးကြိုးလျှပ်စီးများကို ဆွဲခေါ်ကာ အလျားလိုက် ခုတ်ပိုင်းလိုက်ရာ ယခင်ကထက် များစွာ ပိုမို လျင်မြန်လာခဲ့သည်။
ဂျောက်
ဝတ်စုံပြာနှင့်လူမှာ ဓားဖြင့် ခုတ်ပိုင်းခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲထွက်သွားကာ တိုက်ပွဲ၏ အနိုင်အရှုံးကို ဆုံးဖြတ်ပေးခဲ့သည်။ ယခင်က အကြိမ်ပေါင်း ဒါဇင်နှင့်ချီသော တိုက်ပွဲများကဲ့သို့ပင် စူးချန်ခုန်းက အောင်ပွဲဖြင့်သာ အဆုံးသတ်ခဲ့သည်။
ဆက်လက်၍ အနိုင်ရရှိမှသာ စူးချန်ခုန်းသည် သူ၏ ဓားသိုင်းကို ပိုမိုမြင့်မားသော နယ်ပယ်များသို့ မြှင့်တင်နိုင်မည် ဖြစ်သည်။
"နီးနေပြီ... ငါ့ရဲ့ ဓားဝိညာဉ်က အကြီးစား အောင်မြင်မှု အဆင့်ကို ရောက်နေပြီ။ တစ်ခုခု အသွင်ကူးပြောင်းမှုကို ဖြတ်သန်းနေရတယ်လို့ ငါ ခံစားနေရတယ်။"
စူးချန်ခုန်းသည် စိတ်လှုပ်ရှားနေမိသည်။ ဝိညာဉ်တစ်သောင်း ဂူသင်္ချိုင်းတွင် သူ၏ ပါရမီစွမ်းအားများမှာ အဆုံးစွန်အထိ အညှစ်ထုတ်ခံနေရပြီး အသွင်ကူးပြောင်းမှုနှင့် ပို၍ပို၍ နီးကပ်လာခဲ့ပြီ ဖြစ်သည်။
သင်္ချိုင်းအတွင်းသို့ ရောက်ရှိခဲ့သည်မှာ နှစ်လ ကြာမြင့်ခဲ့ပြီဖြစ်ရာ နေ့စဉ်နှင့်အမျှ စူးချန်ခုန်း၏ ရန်သူများမှာ အရည်အသွေးပိုင်းအရ သိသိသာသာ မြင့်တက်လာခဲ့သည်။ အနည်းဆုံးအားဖြင့် အကြီးစား အောင်မြင်မှုအဆင့်ရှိသော စိတ်ဝိညာဉ် သိုင်းပညာတစ်ခုနှင့် အသေးစား အောင်မြင်မှုအဆင့်ရှိသော စိတ်ဆန္ဒ အများအပြားက သူ့ကို ဝိုင်းရံတိုက်ခိုက်နေကြခြင်း ဖြစ်သည်။
စူးချန်ခုန်းသည် နေ့တိုင်း တိုးတက်နေခဲ့သည်။ အစပိုင်းတွင် အနိုင်ရရန် ခက်ခဲစွာ တိုက်ခိုက်ခဲ့ရသော်လည်း တဖြည်းဖြည်းနှင့် ပိုမို လွယ်ကူစွာ အနိုင်ရရှိလာခဲ့သည်။ သူ၏ တိုးတက်မှုမှာ အလွန်ပင် မြန်ဆန်လှသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သုံးလ ကုန်ဆုံးသွားခဲ့သည်။
သံဖြတ်ဓားသိုင်း (ဒသမနယ်ပယ်၊ လောကကို တုန်လှုပ်စေပြီး လူထုကို ထိတ်လန့်စေခြင်း ၁၀၀%)
ဓားသွားကျင့်ကြံခြင်းအတတ် (နဝမနယ်ပယ်၊ ကမ္ဘာ့ပြိုင်ဘက်ကင်းအဆင့် ၉၁%)
စူးချန်ခုန်း၏ သံဖြတ်ဓားသိုင်းနှင့် ဓားသွားကျင့်ကြံခြင်းအတတ် နှစ်ခုစလုံးမှာ အတားအဆီး တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။
"ဒီနေ့က အကြိမ်တစ်ရာမြောက် စမ်းသပ်မှုပဲ။"
ကျောက်စင်မြင့်ပေါ်တွင် စူးချန်ခုန်းသည် တိတ်ဆိတ်စွာ ထိုင်ရင်း သူ၏ ဓားဝိညာဉ်ကို ပျိုးထောင်နေသည်။
စူးချန်ခုန်း၏ မှတ်ဉာဏ်အရ သူသည် စမ်းသပ်မှုပေါင်း ၉၉ ကြိမ်ကို ကျော်ဖြတ်ခဲ့ပြီး ဖြစ်သည်။ အစောပိုင်း စိတ်ဝိညာဉ်နယ်ပယ်မှသည် အသေးစားနှင့် အကြီးစား အောင်မြင်မှုအဆင့်ရှိသော ရန်သူများအထိ သူ ရင်ဆိုင်ခဲ့ရသည်။ ယခုအခါ သူသည် ထိုသူများကို လွယ်ကူစွာ ချေမှုန်းနိုင်ပြီဖြစ်ရာ ယနေ့သည် အကြိမ်တစ်ရာမြောက် စမ်းသပ်မှု ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ အလင်းအကာအကွယ်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
"ဟင်"
သို့သော် ဤတစ်ကြိမ်တွင်မူ စူးချန်ခုန်း၏ အမူအရာမှာ ပြောင်းလဲသွားလေ၏။
ချွမ် ချွမ် ချွမ်
စူးချန်ခုန်း၏ အသိစိတ်ပင်လယ်အတွင်းရှိ ဓားဝိညာဉ် တုန်ခါသွားခဲ့သည်။ အကြောင်းမှာ ဝိညာဉ်တစ်သောင်း ဂူသင်္ချိုင်းတစ်ခုလုံးရှိ ပုံဆောင်ခဲကျောက်တုံး ထောင်ပေါင်းများစွာ ကွဲပြားခြားနားသော စိတ်ဝိညာဉ် သိုင်းပညာ ထောင်ပေါင်းများစွာမှာ တစ်ပြိုင်နက်တည်း နိုးထလာသောကြောင့် ဖြစ်သည်။
ဓားဝိညာဉ်၊ ဓားသွားဝိညာဉ်၊ လက်သီးဝိညာဉ်၊ လက်ဝါးဝိညာဉ်... အမျိုးမျိုးသော စိတ်ဝိညာဉ် သိုင်းပညာများမှာ နိုးထလာနေကြပြီး သူတို့၏ ပစ်မှတ်မှာ ကျောက်စင်မြင့်ပေါ်တွင် ထိုင်နေသော စူးချန်ခုန်းပင် ဖြစ်သည်။
ဝုန်း ဝုန်း ဝုန်း
စိတ်ဝိညာဉ် သိုင်းပညာ ထောင်ပေါင်းများစွာမှာ ပြင်းထန်သော ဒီရေလှိုင်းကြီးကဲ့သို့ သူ့ထံသို့ တိုးဝင်လာကြသည်။
စူးချန်ခုန်းပင်လျှင် ထိတ်လန့်တကြား ဖြစ်သွားလေ၏။ လူတစ်ယောက်၏ စိတ်ဝိညာဉ် သိုင်းပညာမှာ မည်မျှပင် သန်မာစေကာမူ စိတ်ဝိညာဉ် သိုင်းပညာ တစ်ထောင်ကို ရင်ဆိုင်ရပါက မည်သို့ ကျော်ဖြတ်နိုင်ပါမည်နည်း။ ဤစိတ်ဝိညာဉ် တစ်ထောင်ထဲတွင် အကြီးစား အောင်မြင်မှုအဆင့်ရှိသူများလည်း ဒုနဲ့ဒေး ပါဝင်နေသည်။
စူးချန်ခုန်းသည် မည်သည့် တစ်ဦးချင်းစီကိုမဆို အနိုင်ယူရန် ယုံကြည်ချက်ရှိသော်လည်း ဤမျှများပြားလှသော စိတ်ဝိညာဉ်များ တစ်ပြိုင်နက်တည်း တိုက်ခိုက်လာပါက သူ၏ ဓားဝိညာဉ်မှာ အကြီးစား အောင်မြင်မှု၏ အထွတ်အထိပ်သို့ ရောက်နေသော်လည်း အပိုင်းပိုင်း အပြတ်ပြတ် ဖြစ်သွားရုံသာ ရှိသည်။ သူ၏ သိစိတ်ပင်လယ်မှာလည်း ပေါက်ကွဲသွားနိုင်ပြီး အသက်အန္တရာယ်အထိ စိုးရိမ်ရပေလိမ့်မည်။
ဂူထဲမဝင်ခင်က ဆံဖြူအဘိုးအိုသည် သင်္ချိုင်းအတွင်း၌ ဤကဲ့သို့ ကြီးမားသော အန္တရာယ်ရှိနေကြောင်း စူးချန်ခုန်းကို သတိမပေးခဲ့ပေ။
ဖြစ်နိုင်သည်မှာ ထိုအဘိုးအိုသည် စူးချန်ခုန်း အကြိမ်တစ်ရာမြောက် စမ်းသပ်မှုအထိ တောင့်ခံနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခြင်း သို့မဟုတ် ယခင်က မည်သူမျှ အကြိမ်တစ်ရာအထိ မရောက်ဖူးခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
တစ်စုံတစ်ဦးသည် ဝိညာဉ်တစ်သောင်း ဂူသင်္ချိုင်းတွင် ရက်ပေါင်း တစ်ရာ တောင့်ခံနိုင်ပါက အတွင်းရှိ စိတ်ဝိညာဉ် သိုင်းပညာများအားလုံး နိုးထလာစေမည် ဖြစ်သည်။
ဤအချိန်တွင် စူးချန်ခုန်းသည် သူ၏ လှုပ်ရှားမှု နည်းစနစ်ကို အသုံးပြု၍ ထွက်ပြေးချင်သော်လည်း ချက်ချင်းပင် ရပ်တန့်လိုက်သည်။ ဤအရာမှာ အန္တရာယ်ဖြစ်သလို အဆင့်တက်လှမ်းရန်အတွက် လှုံ့ဆော်မှုတစ်ခုလည်း ဖြစ်ကြောင်း သူ သိလိုက်သည်။ အကယ်၍ သူသာ တောင့်ခံနိုင်ပါက သူ၏ ဓားသိုင်းမှာ နောက်ထပ် နယ်ပယ်တစ်ခုသို့ ရောက်သွားပေလိမ့်မည်။
"လာစမ်း"
စူးချန်ခုန်း၏ မျက်လုံးများထဲတွင် ပြင်းထန်လှသော ဓားဝိညာဉ်များ လက်ခနဲ ဖြစ်သွားပြီးနောက် သူ၏ စိတ်ဝိညာဉ်ကို ထုတ်လွှတ်လိုက်ရာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ လိမ်ရှုံ့သွားခဲ့သည်။ ဓားဝိညာဉ်မှာ မည်သူမျှ မဖောက်ထွင်းနိုင်သော ဓားကွန်ရက်ကြီးတစ်ခုအဖြစ် ယှက်နွယ်သွားပြီး တိုးဝင်လာသော စိတ်ဝိညာဉ်များကို ခုတ်ပိုင်းလိုက်သည်။
ဂျောက် ဂျောက် ဂျောက်
ခဏတာအတွင်းမှာပင် ချဉ်းကပ်လာသော စိတ်ဝိညာဉ် ဒါဇင်ကျော်မှာ စူးချန်ခုန်း၏ အစွမ်းထက်လှသော ဓားဝိညာဉ်ကြောင့် အပိုင်းပိုင်း ပြတ်သွားခဲ့သည်။
သို့သော် ပိုမိုများပြားသော စိတ်ဝိညာဉ်များမှာ လှိုင်းလုံးများကဲ့သို့ မဆုတ်မနစ် တိုးဝင်လာနေဆဲပင်။
ချလန်း ချလန်း ချလန်း
မပြတ်တမ်း တိုက်ခိုက်မှုများအောက်တွင် စူးချန်ခုန်း၏ ဓားဝိညာဉ်မှာ တဖြည်းဖြည်း ပွန်းပဲ့ပြီး အားနည်းလာခဲ့သည်။ သူ၏ သိစိတ်ပင်လယ်မှာလည်း ဦးနှောက် ပေါက်ကွဲတော့မတတ် ပြင်းထန်သော နာကျင်မှုများကို ခံစားနေရသည်။
စူးချန်ခုန်းသည် သွားကို တင်းတင်းကြိတ်ထားပြီး သူ၏ သိစိတ်ပင်လယ်အတွင်းရှိ ချီငါးဖြာကို မရပ်မနား လည်ပတ်စေကာ ကုန်ဆုံးသွားသော ဓားဝိညာဉ်ကို ပြန်လည် ပြုပြင်နေခဲ့သည်။
သို့သော်လည်း မဆုတ်မနစ်သော တိုက်ခိုက်မှုများကြောင့် သူ၏ ပြန်လည် ပြည့်တင်းမှုမှာ ကုန်ဆုံးမှုကို အမှီမလိုက်နိုင်တော့ပေ။
စူးချန်ခုန်း၏ ဓားဝိညာဉ်မှာ စိတ်ဝိညာဉ် သိုင်းပညာ ဒီရေလှိုင်းအောက်တွင် အက်ကြောင်းများဖြင့် ပြည့်နှက်နေပြီး လုံးဝ ကွဲအက်တော့မည့် အခြေအနေသို့ ရောက်နေသည်။ အခြေခံ ပုံသဏ္ဍာန်ကိုပင် ထိန်းသိမ်းရန် ခက်ခဲနေခဲ့သည်။
သို့သော် ထိုအချိန်တွင် စူးချန်ခုန်းသည် အရာအားလုံး တိတ်ဆိတ်သွားသည်ဟု ခံစားလိုက်ရသည်။ သူ၏ ဓားဝိညာဉ်မှာ ပြင်းထန်လှသော ဖိအားအောက်တွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ။
စူးချန်ခုန်း၏ ဝိညာဉ်မှာ ခန္ဓာကိုယ်မှ ထွက်ခွာသွားသည့်အလား ခံစားလိုက်ရပြီး နတ်ဘုရားတစ်ပါး၏ အမြင်ဖြင့် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်များနှင့် တင်ပျဉ်ခွေ ထိုင်နေသော မိမိကိုယ်ကို မြင်တွေ့နေရသည်။
"ဒါက ဒီလိုကိုး... ဒါက ငါ့ရဲ့ ဝိညာဉ်လား။"
စူးချန်ခုန်း ဉာဏ်အလင်းပွင့်သွားလေ၏။ စိတ်ဝိညာဉ် ထောင်ပေါင်းများစွာ၏ ဖိအားနှင့် ရိုက်ခတ်မှုအောက်တွင် သူသည် သူ၏ ကိုယ်ပိုင်ဝိညာဉ်၏ အနှစ်သာရကို မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
လူတစ်ယောက်သည် ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့ဖြင့် ဖွဲ့စည်းထားသည်။ ခန္ဓာကိုယ်မှာ လှေတစ်စင်းဖြစ်ပြီး ဝိညာဉ်မှာ ထိုလှေပေါ်ရှိ လူသားပင် ဖြစ်သည်။ ခန္ဓာကိုယ်က ဝိညာဉ်ကို ကာကွယ်ပေးသည်။
လှေကို လူသားက မောင်းနှင်သကဲ့သို့ ထိုနှစ်ခုမှာ တစ်ခုနှင့်တစ်ခု အားဖြည့်ပေးကြသည်။ ဝိညာဉ် အစွမ်းထက်သောအခါ အတားအဆီးများကို ကျော်ဖြတ်၍ သမုဒ္ဒရာကျယ်ကြီးကို ဖြတ်သန်း မောင်းနှင်နိုင်သည်။
ချလွမ်း ချလွမ်း ချလွမ်း
စူးချန်ခုန်း၏ ဓားဝိညာဉ်မှာ ကွဲအက်သွားလေ၏။ ၎င်းမှာ ပြင်ပမှ စိတ်ဝိညာဉ် သိုင်းပညာများကြောင့် မဟုတ်ဘဲ စူးချန်ခုန်းကိုယ်တိုင်က သူ၏ အထွတ်အထိပ်သို့ ရောက်နေသော ဓားဝိညာဉ်ကို တမင်တကာ ရိုက်ခွဲပစ်လိုက်ခြင်း ဖြစ်သည်။
ထိုဓားဝိညာဉ် အစိတ်အပိုင်းများမှာ စူးချန်ခုန်း၏ ဝိညာဉ်အတွင်းသို့ ပေါင်းစပ်သွားခဲ့သည်။ မူလက ပုံသဏ္ဍာန်မမှန်သော စက်လုံးပုံစံရှိသည့် သူ၏ ဝိညာဉ်မှာ ပုံစံအသစ် ပြန်လည် ပေါ်ထွက်လာပြီး ဓားပုံသဏ္ဍာန်အဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။
စိတ်စွမ်းအားနှင့် စိတ်ဆန္ဒတို့မှာ စွမ်းအင်တစ်မျိုး ဖြစ်သည်။ ၎င်းတို့မှာ ဝိညာဉ်ကြောင့် တည်ရှိနေခြင်း ဖြစ်ပြီး ဝိညာဉ်သည် အဆင့်တက်လှမ်းသွားသောအခါ စိတ်စွမ်းအားနှင့် ဝိညာဉ်တို့မှာလည်း သဘာဝအလျောက် ပိုမို အစွမ်းထက်လာမည် ဖြစ်သည်။ စိတ်ဝိညာဉ်ကို ဓားဝိညာဉ်ဖြင့် ပုံဖော်ခြင်းပင် ဖြစ်သည်။
အခန်း (၆၄၄) ဓားသွားဝိညာဉ်နယ်ပယ်။ ဘိုးဘေးတို့၏ တောက်ပမှုကို တုန်လှုပ်စေသော သံဖြတ်ဓား။ (၃)
ကြာမြင့်လှသော အသွင်ကူးပြောင်းမှုဟု ထင်ရသော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် ပြီးဆုံးသွားခဲ့သည်။ ပြင်းထန်လှသော ဖိအားအောက်တွင် သူ၏ ပြည့်စုံလုနီးပါး ဖြစ်နေသော ဓားဝိညာဉ်သည် မြစ်ကြောင်းတစ်ခု ပွင့်သွားသကဲ့သို့ နောက်ဆုံးတွင် အဆင့်တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
များပြားလှသော စိတ်ဝိညာဉ်များသည် စူးချန်ခုန်း၏ အကာအကွယ်မဲ့နေပုံရသော သိစိတ်ပင်လယ်အတွင်းသို့ တိုးဝင်လာကြသည်။ သို့သော် ၎င်းတို့ ချဉ်းကပ်လာချိန်တွင် မမြင်နိုင်သော တုန်ခါမှုတစ်ခုမှာ နက်ရှိုင်းသော ဒီရေလှိုင်းကြီးကဲ့သို့ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားလေ၏။
ဝှီး ဝှီး ဝှီး
ထိုတုန်ခါမှုနှင့် ထိတွေ့မိသော စိတ်ဝိညာဉ်များသည် တောက်လောင်နေသော မီးလျှံနှင့် ထိတွေ့လိုက်ရသည့် ဆီးနှင်းများကဲ့သို့ လျင်မြန်စွာ အရည်ပျော်သွားကြသည်။
အစပျိုးရုံသာရှိသေးသော စိတ်ဝိညာဉ်ဖြစ်စေ အကြီးစား အောင်မြင်မှုအဆင့်ရှိသော စိတ်ဝိညာဉ်ဖြစ်စေ ထက်ရှပြီး မမြင်နိုင်သော နက်နဲဆန်းကြယ်လှသော ထိုတုန်ခါမှုအောက်တွင် ဘာမျှမဟုတ်သကဲ့သို့ ပျောက်ကွယ်သွားကြရသည်။
ဝူ..ဝူ…ဝူ
ကျန်ရှိနေသော စိတ်ဝိညာဉ်များသည် ထိတ်လန့်သွားကြသည့်အလား အလျင်အမြန် ဆုတ်ခွာသွားကြပြီး ငှက်များနှင့် သားရဲများ လန့်ဖျန့်ပြေးကြသကဲ့သို့ သလင်းကျောက်တုံးများအတွင်းသို့ ပြန်လည် ပုန်းအောင်းသွားကြသည်။
ဝရုန်းသုန်းကားနှင့် ပရမ်းပတာဖြစ်နေခဲ့သော ဂူသင်္ချိုင်းသည် ခဏချင်းမှာပင် အပ်ကျသံကြားရလောက်အောင် ထူးဆန်းစွာ တိတ်ဆိတ်သွားခဲ့သည်။
"ငါ အဆင့်တက်သွားပြီ။"
စူးချန်ခုန်းသည် ထိုနေရာတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး မျက်နှာထက်တွင် စစ်မှန်သော အပြုံးတစ်ခု ပေါ်ထွက်လာ၏။ သင်္ချိုင်းအတွင်း သုံးလကျော်ကြာ ကျင့်ကြံပြီးနောက် သူ၏ ဓားသိုင်းမှာ နယ်ပယ်သစ်တစ်ခုသို့ တက်လှမ်းနိုင်ခဲ့ပြီး လုံးဝ ထူးခြားသော အဆင့်သို့ ရောက်သွားခဲ့ပြီ ဖြစ်သည်။
သံဖြတ်ဓားသိုင်း (ဧကဒသမနယ်ပယ်၊ ဘိုးဘေးတို့၏ တောက်ပမှုကို တုန်လှုပ်စေခြင်း ၁%)
သံဖြတ်ဓားသိုင်း အဆင့် ၁၁ သို့ ရောက်ရှိသွားခဲ့လေပြီ။ သူ၏ ဓားသိုင်းမှာ အပြစ်ပြောစရာမရှိအောင် ပြည့်စုံလာသည့်အပြင် အကြီးမားဆုံးသော ပြောင်းလဲမှုမှာ သူ၏ ဓားစွမ်းအင်ကို စိတ်ဝိညာဉ်အတွင်းသို့ ပေါင်းစပ်လိုက်ခြင်းပင် ဖြစ်သည်။ ၎င်းက သူ၏ ဝိညာဉ်ကို မြှင့်တင်ပေးပြီး 'ဓားသွားဝိညာဉ်' အဖြစ် ပြောင်းလဲပေးခဲ့သည်။
မိမိကိုယ်ကို ပြန်လည် ဆန်းစစ်ကြည့်သောအခါ စူးချန်ခုန်းသည် သူ၏ ဝိညာဉ်အရင်းအမြစ်မှာ ဓားပုံသဏ္ဍာန် ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။
စိတ်ကူးလိုက်ရုံဖြင့် သူ၏ ဓားသွားဝိညာဉ်သည် နိုးထလာနိုင်ပြီး ကောင်းကင်တစ်ခုလုံးကို ဓားချီများဖြင့် ဖုံးလွှမ်းသွားစေကာ ခန္ဓာကိုယ်ကို ပိုင်းဖြတ်ခြင်း၊ ဝိညာဉ်ကို ဖြတ်တောက်ခြင်းနှင့် သိစိတ်ပင်လယ်မှတစ်ဆင့် ဝိညာဉ်အတွင်းအထိ တိုက်ရိုက် ထိုးဖောက်ခြင်းတို့ကို လုပ်ဆောင်နိုင်သည်။ ၎င်းမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်လှသည်။
ဤသည်မှာ 'ဓားသွားဝိညာဉ်' ပင် ဖြစ်သည်။
စိတ်ဝိညာဉ် သိုင်းပညာမှာ အထွတ်အထိပ်သို့ ရောက်ရှိပြီးနောက် ထပ်မံ၍ တိုးတက်လာပါက သိစိတ်ပင်လယ်၏ နက်ရှိုင်းသောနေရာရှိ ဝိညာဉ်အရင်းအမြစ်ကို နာမ်ပိုင်းဆိုင်ရာအဆင့်မှ ထိတွေ့နိုင်မည်ဖြစ်ပြီး ပြင်ပလွှမ်းမိုးမှုများကို မမှုသော ဝိညာဉ်အဆင့်တက်လှမ်းမှုကို ဖြစ်ပေါ်စေနိုင်သည်။
စူးချန်ခုန်း၏ ဓားသိုင်းမှာ လောကုတ္တရာအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကာ နတ်ဘုရားအတတ်များနှင့်ပင် နှိုင်းယှဉ်နိုင်ပြီ ဖြစ်သည်။
"ငါ့ရဲ့ ဓားဝိညာဉ်ရဲ့ အစွမ်းက ဘယ်လို စိတ်ဝိညာဉ် သိုင်းပညာကိုမဆို ခဏချင်းမှာ ဖျက်ဆီးပစ်နိုင်တယ်။ အကြီးစား အောင်မြင်မှု ဒါမှမဟုတ် ပြည့်စုံတဲ့အဆင့် ရောက်နေတဲ့ စိတ်ဝိညာဉ်တွေတောင် ငါ့ရှေ့မှာတော့ အားနည်းပြီး ကျိုးပဲ့လွယ်တဲ့ အရာတွေပဲ။ အဆင့်ချင်းကို မတူတော့တာ။
တန်ယို့လိုမျိုး အဆင့်မြင့် နတ်ဆိုးအမြုတေနဲ့ ပေါင်းစပ်ထားတဲ့ မူလဓာတ်ငါးပါး မိစ္ဆာသိုင်းပညာရှင်နဲ့ ရင်ဆိုင်ရရင်တောင် သူ့ရဲ့ သိစိတ်ပင်လယ်ကို စုတ်ဖြဲပြီး ဝိညာဉ်ကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တယ်။"
စူးချန်ခုန်း၏ စိတ်ထဲတွင် ယုံကြည်မှုများ ဒီရေကဲ့သို့ တက်လာလေ၏။
စူးချန်ခုန်း၏ နတ်ဘုရားအတတ်တပိုင်းစွမ်းရည်များမှာ အလွန် သန်မာသော်လည်း အားပြုပုံချင်း မတူပေ။ ထန်ယို့ကဲ့သို့သော သူများကို အင်အားချင်း ယှဉ်ပြိုင်နှိမ်နင်းနိုင်သော်လည်း သူတို့၏ သိစိတ်ပင်လယ်နှင့် ဝိညာဉ်ကို တိုက်ရိုက် ဒဏ်ရာရအောင် လုပ်ရန်မှာ ခက်ခဲသည်။ သူတို့၏ မိစ္ဆာစွမ်းအားများကို ကုန်ဆုံးသွားအောင် ဒဏ်ရာများ အဆက်မပြတ် ပေးပြီးမှသာ နောက်ဆုံးတွင် သတ်နိုင်မည် ဖြစ်သည်။
သို့သော် ဓားဝိညာဉ်ကို ပိုင်ဆိုင်ထားသဖြင့် သူသည် ရန်သူတို့၏ စိတ်ဝိညာဉ်ကို အလွယ်တကူ ချေမှုန်းနိုင်ပြီး သိစိတ်ပင်လယ်နှင့် ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်နိုင်ပြီ ဖြစ်သည်။
အဆင့်မြင့် နတ်ဆိုးအမြုတေများနှင့် ပေါင်းစပ်ထားသော 'အသက်ခြွေအဖွဲ့အစည်း' မှ အကြီးအကဲများသည် သူ၏ရှေ့တွင် သာမန်သိုင်းပညာရှင်များနှင့် မခြားတော့ပေ။ သူတို့၏ မသေမျိုး ခန္ဓာကိုယ်များမှာလည်း အသုံးမဝင်တော့ပေ။
"မိစ္ဆာဘုရင်သွေးနဲ့ လဲလှယ်ပြီး ဝိညာဉ်တစ်သောင်း ဂူသင်္ချိုင်းကို ဝင်ခွင့်ရခဲ့တာ တကယ်ကို တန်ပါတယ်။"
စူးချန်ခုန်းသည် ဤတစ်ကြိမ် အဆင့်တက်လှမ်းမှုအပေါ် အလွန်ပင် ကျေနပ်နေ၏။
ဓားဝိညာဉ်ကို စိတ်ဝိညာဉ်အတွင်းသို့ ပေါင်းစပ်ခြင်း၊ ဝိညာဉ်ကို ပုံစံသစ်ဖော်ခြင်းနှင့် ဓားဝိညာဉ်ကို သွန်းလုပ်ခြင်း! ဤဓားသိုင်းမှာ နတ်ဘုရားအတတ်တပိုင်းစွမ်းရည်များနှင့် ရင်ဘောင်တန်းနိုင်ပြီ ဖြစ်သည်။
"အပြင်ထွက်မယ်။"
စူးချန်ခုန်းသည် မတ်တပ်ရပ်လိုက်ပြီး ဝိညာဉ်တစ်သောင်း ဂူသင်္ချိုင်းတွင် ဆက်မနေတော့ပေ။ ဤစိတ်ဝိညာဉ် သိုင်းပညာသည် ယခုအချိန်တွင် သူ့အတွက် အန္တရာယ် မပေးနိုင်တော့သလို သူ့ကို ထပ်မံ တိုက်ခိုက်ရန်လည်း မဝံ့ရဲကြတော့ပေ။ ဤနေရာမှာ သူ့အတွက် အသုံးမဝင်တော့လေပြီ။
"ရက်ပေါင်း တစ်ရာ ရှိသွားပြီ... တာ့ဝူဖုန်း အခု ဘယ်လိုနေမလဲ မသိဘူး။"
သင်္ချိုင်းအပြင်ဘက်တွင် ဆံပင်ဖြူအဘိုးအိုသည် စိုးရိမ်တကြီး စောင့်ဆိုင်းနေသည်။ သူ၏ တည်ငြိမ်မှုနှင့်ပင် ဤမျှ စိုးရိမ်တကြီး စောင့်ဆိုင်းရသည်မှာ ကြာလှပြီ ဖြစ်သည်။ သူ ရလဒ်ကို သိချင်နေမိသည်။
ဂျိန်း ဂျိန်း ဂျိန်း
ထိုအချိန်တွင် တင်းကျပ်စွာ ပိတ်ထားသော ဂူသင်္ချိုင်း၏ ကြီးမားလှသော ကျောက်တံခါးကြီးမှာ အတွင်းဘက်မှ တွန်းဖွင့်လိုက်သဖြင့် မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
"သူ ထွက်လာပြီလား" ဆံပင်ဖြူအဘိုးအိုမှာ မတ်တပ်ရပ်လိုက်ပြီး ပွင့်ဟလာသော ကျောက်တံခါးအတွင်းမှ ထွက်လာသည့် စူးချန်ခုန်းကို မြင်လိုက်ရသည်။
"ငါ... သူ့ရဲ့ သိစိတ်ပင်လယ်ထဲမှာ ဘာဓားဝိညာဉ်ကိုမှ အာရုံမခံနိုင်တော့ဘူး။ ဒါက... သူ တကယ်ပဲ စိတ်ဝိညာဉ်နယ်ပယ်ထဲကို အဆင့်တက်သွားတာလား။"
ဆံဖြူအဘိုးအိုသည် စူးချန်ခုန်းကို ကြည့်ရင်း တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိသည်။ သူ၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ အပြည့်။
ထိုအဘိုးအိုသည် သူကိုယ်တိုင်က စိတ်ဝိညာဉ် သိုင်းပညာကို အထွတ်အထိပ်သို့ ရောက်အောင် ကျင့်ကြံထားသူဖြစ်ရာ စူးချန်ခုန်း၏ သိစိတ်ပင်လယ်အတွင်းရှိ ဓားဝိညာဉ်ကို အစောပိုင်းက အနည်းငယ် အာရုံခံနိုင်ခဲ့သည်။
သို့သော် ယခုမူ... ထိုအဘိုးအိုမှာ ဘာကိုမျှ ခံစား၍ မရတော့ပေ။ တစ်ဖက်လူ၏ ဓားဝိညာဉ်မှာ သိစိတ်ပင်လယ်မှ ပျောက်ကွယ်သွားသည့်အလား နားလည်ရခက်ပြီး မမှန်းဆနိုင်လောက်အောင် ဖြစ်နေသည်။
အတတ်ပညာများကို ကျင့်ကြံရာတွင် အထွတ်အထိပ်သို့ ရောက်သောအခါ စိတ်ဝိညာဉ် သိုင်းပညာကို နားလည်လာကြပြီး မူလဓာတ်ငါးပါး သိုင်းပညာရှင်အဆင့်သို့ ရောက်ရှိကြသည်။ ထိုထက် ထပ်မံ၍ တိုးတက်ပါက စိတ်ဝိညာဉ်နယ်ပယ် အဆင့်သို့ ရောက်ရှိမည် ဖြစ်သည်။ စိတ်စွမ်းအားနှင့် ဆန္ဒတို့ဖြင့် ဝိညာဉ်ကို ပုံစံသစ် ဖော်ခြင်းပင် ဖြစ်သည်။
သိုင်းပညာရပ်ကို ဤအဆင့်အထိ ကျင့်ကြံနိုင်သူ မည်သူ့ကိုမဆို 'မဟာသိုင်းပညာရှင်ကြီး' ဟု ခေါ်ဆိုနိုင်ပြီး သာမန်လူများ စိတ်ကူးကြည့်နိုင်သည်ထက် များစွာ ပိုမို အစွမ်းထက်လှသည်။
"သုံးလတည်းနဲ့... သုံးလတည်းနဲ့ ဓားဝိညာဉ်နယ်ပယ် အစအဆင့်ကနေ စိတ်ဝိညာဉ်အဆင့်တက်လှမ်းပြီး ဓားသွားဝိညာဉ်ကို သွန်းလုပ်နိုင်ခဲ့တာလား။"
ဆံဖြူအဘိုးအိုမှာ ကြက်သီးမွေးညင်းများပင် ထသွားလေ၏။ စူးချန်ခုန်းကို ကြည့်နေသည့် သူ၏ အကြည့်မှာ မိစ္ဆာတစ်ကောင်ကို ကြည့်နေသည့်အလားပင်။
ဓားသွားဝိညာဉ်ကို သွန်းလုပ်နိုင်သည့် အဆင့်သို့ ရောက်ရှိခြင်းမှာ ကြီးမားလှသော အောင်မြင်မှု ဖြစ်သည်။ ဝိညာဉ်တစ်သောင်း ဂူသင်္ချိုင်း၏ အကူအညီဖြင့် ဓားဝိညာဉ်ကို အသုံးချကာ သုံးလအတွင်း ဤသို့ လုပ်ဆောင်နိုင်ခြင်းမှာ ပါရမီစွမ်းအားများကို အစွမ်းကုန် အညှစ်ထုတ်ခြင်း ဖြစ်သော်လည်း မူလကပင် ပါရမီရှင် ဖြစ်နေရန်လည်း လိုအပ်သည်။
ထွမ်မုထောင်နှင့် ထိုဆံဖြူအဘိုးအိုကိုယ်တိုင်ပင်လျှင် ဂူသင်္ချိုင်းအတွင်းသို့ အကြိမ်ပေါင်းများစွာ ဝင်ရောက်ခဲ့သော်လည်း ထိုအဆင့်ကို တက်လှမ်းရန် ခက်ခဲနေခဲ့ကြသည်။ ၎င်းမှာ ကျော်လွှားရန် မဖြစ်နိုင်သော ကွာဟချက်ကြီးတစ်ခုအလား ထင်မှတ်ခဲ့ရသည်။
"တာ့ဝူဖုန်း... သူက 'နတ်ဘုရားသားတော်' တစ်ပါးပဲ။ သိုင်းဝိဇ္ဇာသူတော်စင်တစ်ယောက် ပြန်ဝင်စားတာပဲ ဖြစ်ရမယ်။"
ဆံဖြူအဘိုးအိုမှာ သူ့ဘာသာ တွေးနေမိသည်။
အချို့သော သိုင်းဝိဇ္ဇာသူတော်စင်များသည် မျိုးဆက်များကို ချန်ထားရစ်ခဲ့ကြသည်။ တစ်နေ့တွင် ထိုသူတော်စင် သွေးမျိုးဆက်ရှိသူများထဲမှ တစ်ဦးသည် 'သွေးမျိုးဆက် ပြန်လည်နိုးထခြင်း'ကို ကြုံတွေ့ရတတ်သည်။ သူတော်စင် ဘိုးဘေးနှင့် ရုပ်ချင်းတူရုံသာမက ပါရမီမှာလည်း ဘိုးဘေးဖြစ်သူထက် မနိမ့်ကျလှပေ။
အခန်း (၆၄၅) ဓားသွားဝိညာဉ်နယ်ပယ်။ ဘိုးဘေးတို့၏ တောက်ပမှုကို တုန်လှုပ်စေသော သံဖြတ်ဓား။ (၄)
ယခုအခါ လုံးဝ ကွဲပြားခြားနားသော လူနှစ်ဦး ဖြစ်နေသော်လည်း ဤအရာကို ထူးဆန်းသော ဝင်စားခြင်း ပုံစံတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
ဆံဖြူအဘိုးအိုသည် ဤလျှို့ဝှက်ဆန်းကြယ်လှသော တာ့ဝူဖုန်းမှာ သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦး ပြန်လည်ဝင်စားလာသည့် 'နတ်ဘုရားသားတော်' တစ်ပါး ဖြစ်နိုင်ခြေ အရှိဆုံးဟု ခံစားနေရသည်။
ဤနတ်ဘုရားသားတော်များ၏ သွေးမျိုးဆက်အတွင်း၌ ပါရှိသော စွမ်းအားများသည် သူတို့ကို သူတို့၏ ပင်ကိုယ်စွမ်းရည်များကို အားစိုက်စရာမလိုဘဲ ပြန်လည်ကျင့်ကြံနိုင်စေပြီး လွယ်ကူစွာ ကျွမ်းကျင်စေနိုင်သည်။
စူးချန်ခုန်းသည် သုံးလအတွင်း ဓားစွမ်းအင်ဖြင့် ဓားသွားဝိညာဉ်ကို ပုံဖော်နိုင်ခြင်းမှာ သူ၏ 'သူတော်စင်ဘိုးဘေးများ' က ထိုနယ်ပယ်သို့ ရောက်ရှိပြီးသား ဖြစ်သောကြောင့် ဖြစ်နိုင်သည်။ ထို့ကြောင့် သူ၏ သွေးမျိုးဆက် အမွေအနှစ်ကြောင့် ဤအဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
စူးချန်ခုန်းမှာမူ သူ၏ရှေ့မှ အဘိုးအိုသည် သူ့ကို သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦး ပြန်လည်ဝင်စားလာသူဟု ထင်နေသည်ကို လုံးဝ မသိပါပေ။
"အဘိုးလျှို... ကျွန်တော် သွားတော့မယ်နော်။"
စူးချန်ခုန်းသည် စိတ်ကြည်လင်နေသဖြင့် အဘိုးအိုကို နှုတ်ဆက်ကာ ထွက်လာခဲ့သည်။ သူသည် မိစ္ဆာနှိမ်နင်းရေးဌာနသို့ သွားရောက်ကာ ထွမ်မုထောင်နှင့် တွေ့ဆုံပြီး မိစ္ဆာဂိုဏ်းများနှင့် ပတ်သက်သည့် သတင်းများ ရရှိမလားဟု မေးမြန်းရန် ပြင်ဆင်လိုက်သည်။
"တကယ်ကို ပရမ်းပတာတွေ ဖြစ်နေပြီပဲ... အရင်ကဆိုရင် မဟာမီးလျှံအင်ပါယာမှာ နှစ်တစ်ရာအတွင်း နတ်ဘုရားသားတော် တစ်ယောက် နှစ်ယောက်လောက် ပေါ်ထွန်းဖို့တောင် ခဲယဉ်းတာ။ ဒါပေမဲ့ အခုတော့ ရှီမိသားစု၊ မုမိသားစုနဲ့ ရှယန်မိသားစုထဲမှာတောင် နတ်ဘုရားသားတော်တွေ ပေါ်ထွန်းလာကြပြီ။ ဒီမငြိမ်မသက်မှုတွေက... တိုင်းပြည် ၁၀ ခုစလုံးကို သက်ရောက်နေပြီပဲ။"
ဆံပင်ဖြူအဘိုးအိုသည် ထွက်ခွာသွားသော စူးချန်ခုန်း၏ ကျောပြင်ကို ကြည့်ရင်း သူ၏ စိတ်ထဲတွင် ခံစားချက်ပေါင်းစုံ ပလုံစီနေ၏။
အတိတ်ကာလတုန်းက သွေးမျိုးဆက် ပြန်လည်နိုးထလာသော နတ်ဘုရားသားတော်တစ်ဦး ပေါ်ထွန်းခြင်းမှာ လောကတစ်ခုလုံး၏ အာရုံစိုက်ရာ ဗဟိုချက် ဖြစ်ခဲ့သည်။ သို့သော် ယခုအခါ အဘိုးအို သိရှိထားသော သတင်းများအရပင် သွေးမျိုးဆက် နိုးထလာသော နတ်ဘုရားသားတော် ငါးဦးထက်မနည်း ရှိနေပြီ ဖြစ်သည်။
ဤအရာများသည် 'ဒီရေလှိုင်းကြီး' ကြောင့် ဖြစ်ပေါ်လာသော ပြောင်းလဲမှုများ ဖြစ်ပြီး ရှေးဟောင်းပုဂ္ဂိုလ်များနှင့် အတိတ်က အစွမ်းထက်သူများသည် ပိုမိုမြင့်မားသော နယ်ပယ်များကို ရှာဖွေရန် ဤခေတ်ကာလအတွင်း တစ်ပြိုင်နက်တည်း ပြန်လည်နိုးထလာကြခြင်း ဖြစ်သည်။
မီးလျှံမြို့တော်၊ မိစ္ဆာနှိမ်နင်းရေးဌာန၌။
စူးချန်ခုန်းသည် ထွမ်မုထောင်နှင့် တွေ့ဆုံခဲ့သည်။
"ညီလေးတာ့... မင်း ဝိညာဉ်တစ်သောင်း ဂူသင်္ချိုင်းမှာ သုံးလတောင် တောင့်ခံနိုင်ခဲ့တာလား။ အကျိုးကျေးဇူးတွေ တော်တော်လေး ရခဲ့တဲ့ပုံပဲ။"
ထွမ်မုထောင် အံ့အားသင့်သွားလေ၏။ မူလက စူးချန်ခုန်းသည် အများဆုံး တစ်လခွဲခန့်သာ တောင့်ခံနိုင်မည်ဟု သူ ခန့်မှန်းခဲ့သော်လည်း ယခုမူ သုံးလပြည့်မှ ထွက်လာခြင်း ဖြစ်သည်။
"ဟုတ်တယ်။ အကျိုးကျေးဇူးအချို့တော့ ရခဲ့ပါတယ်" စူးချန်ခုန်းသည် ခေါင်းခါယမ်းလိုက်ပြီး အသေးစိတ်ကို ထပ် ရှင်းမပြတော့ပေ။ သူက ဆက်ပြီး "အရှင်ထွမ်မု... ကျွန်တော် စုံစမ်းခိုင်းထားတဲ့ သတင်းတွေ ရပြီလား။" ဟု မေးလိုက်သည်။
စူးချန်ခုန်း ယခု လုပ်ဆောင်ရမည့်အရာမှာ သူ၏ ခွန်အားကို မြှင့်တင်ရန် ဖြစ်သည်။ သူ၏ 'လိပ်အသက်ရှူနည်းပညာ'ကို အဆင့်တက်ရန်အတွက် ပမာဏများပြားလှသော မူလချီစွမ်းအင်များ လိုအပ်နေသည်။ သူသည် မိစ္ဆာဂိုဏ်းများသို့ သွားရောက်ကာ သူတို့၏ ဝိညာဉ်သွေးကြောများမှ မူလချီစွမ်းအင်များကို စုပ်ယူလိုသည်။ ဤနည်းဖြင့် စူးချန်ခုန်းသည် လိပ်ပြာမလုံ ဖြစ်စရာမလိုဘဲ မူလချီစွမ်းအင် အမြောက်အမြားကိုလည်း ရရှိနိုင်မည် ဖြစ်သည်။
ထွမ်မုထောင်၏ အမူအရာမှာ တည်ကြည်သွားပြီး သူက "ရပြီပေါ့။ အစ်ကို အချက်အလက်တချို့ စုဆောင်းထားတယ်။ အဲဒါတွေကို စနစ်တကျ စီစဉ်ထားတယ်။ ညီလေးတာ့... မင်းကိုယ်တိုင်ပဲ ကြည့်လိုက်တော့" ဟု ဆိုသည်။
မိစ္ဆာဂိုဏ်းများသည် မိမိကိုယ်ကို ဖုံးကွယ်ရာတွင် အလွန် ကျွမ်းကျင်ကြသည်။ ယခုအချိန်အထိ ရှင်သန်နေနိုင်ရန်အတွက် ၎င်းတို့အားလုံးမှာ ခိုင်မာသော အခြေခံအုတ်မြစ်များ ရှိကြသည်။ မိစ္ဆာနှိမ်နင်းရေးဌာန၏ အကြီးအကဲဖြစ်သဖြင့် ထွမ်မုထောင်တွင် လုပ်ပိုင်ခွင့် ကြီးကြီးမားမား ရှိပြီး သူရရှိထားသော သတင်းအချက်အလက်များမှာ သာမန်လူများနှင့် မနှိုင်းယှဉ်နိုင်ပေ။
ဤဂိုဏ်းများသည် ကောင်းစွာ ပုန်းကွယ်နေသော်လည်း သူသည် နည်းလမ်းအမျိုးမျိုးဖြင့် သက်ဆိုင်ရာ သတင်းများကို စုဆောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် အရှင်ထွမ်မု။"
ထွမ်မုထောင်သည် စူးချန်ခုန်းထံသို့ စာလိပ်ကြီးတစ်ခုကို ကမ်းပေးလိုက်ရာ စူးချန်ခုန်းက လှမ်းယူလိုက်ပြီး ကျေးဇူးတင်ကြောင်း ပြောဆိုလိုက်သည်။
ထွမ်မုထောင်က ခေါင်းခါလိုက်သည်။ စူးချန်ခုန်း အရင်တစ်ခေါက်က ကယ်ပေးထားတာကို ထည့်မတွက်လျှင်ပင် ဤမိစ္ဆာဂိုဏ်းများက မိစ္ဆာနှိမ်နင်းရေးဌာန၏ ရန်သူများ ဖြစ်သောကြောင့် အစွမ်းထက်သော မူလဓာတ်ငါးပါး သိုင်းပညာရှင် စူးချန်ခုန်းက သူတို့ကို အရေးယူရန် ဆန္ဒရှိနေသဖြင့် ထွမ်မုထောင်မှာ သဘာဝအလျောက် အပြည့်အဝ ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ထွမ်မုထောင်က သတိပေးလိုက်သည်။ “ညီလေးတာ့... မင်း သန်မာတယ်ဆိုတာ အစ်ကိုသိပါတယ်။ ဒါပေမဲ့ ဒီမိစ္ဆာဂိုဏ်းတွေက ပေါ့ပေါ့တန်တန် သဘောထားရမယ့် အရာတွေ မဟုတ်ဘူး။ အထူးသဖြင့် မကြာသေးခင်ကမှ ဒီဂိုဏ်းတွေက ထူးခြားတဲ့ လှုပ်ရှားမှုတွေ လုပ်နေကြတယ်။ တစ်ခုခု ဖြစ်နေတဲ့ပုံပဲ။ ညီလေး..မင်း သတိထားရမယ်နော်။"
"အင်း"
စူးချန်ခုန်းက ထိုအချက်ကို သဘောပေါက်တာကြောင့် ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူသည် ထွမ်မုထောင် ပေးထားသော သတင်းအချက်အလက်များကို ဂရုတစိုက် လေ့လာလိုက်သည်။
သတင်းများမှာ အတော်လေး အသေးစိတ်ကျပြီး မိစ္ဆာဂိုဏ်းများနှင့် သူတို့၏ သိုင်းပညာရှင်များအကြောင်း အခြေခံအချက်အလက်များကို မိတ်ဆက်ထားသည်။
ဤဂိုဏ်းအများစုအတွက် သတင်းမှာ အလွန်နည်းပါးပြီး သူတို့၏ ဂိုဏ်းချုပ်စခန်း တည်နေရာများကိုပင် မသိရှိရပေ။ သတင်းများထဲတွင် ယန်(မီးလျှံ)တော်ဝင်မိသားစုမှ စုဆောင်းထားသော မိစ္ဆာဂိုဏ်း ခုနစ်ခု သို့မဟုတ် ရှစ်ခုခန့်၏ အချက်အလက်များသာ ပါဝင်သည်။
"ထျန်းရှီဂိုဏ်း၊ မိစ္ဆာဂိုဏ်း ၁၈ ဂိုဏ်းထဲက တစ်ခုဖြစ်ပြီး အလောင်းများကို သန့်စင်သည့် အတတ်တွင် ကျွမ်းကျင်သည်။ အစွမ်းထက်သော သိုင်းပညာရှင်များ၏ ရုပ်အလောင်းများကို တိုက်ခိုက်ရေး အလောင်းများအဖြစ် ပြောင်းလဲနိုင်သည်ဟု ကောလာဟလ ရှိသည်။ သူတို့၏ ဂိုဏ်းချုပ်စခန်းမှာ မဟာမီးလျှံအင်ပါယာ မြောက်ဘက်ရှိ အလွန်အန္တရာယ်များသော 'အလောင်းအဆိပ်တောင်' တွင် တည်ရှိသည်။"
"သွေးမိစ္ဆာတံခါး၊ မိစ္ဆာဂိတ်တံခါး ၃၆ ခုထဲက တစ်ခုဖြစ်ပြီး သွေးသန့်စင်ခြင်း နည်းစနစ်တွင် ကျွမ်းကျင်ကာ အလွန် ယုတ်မာရက်စက်သည်။ ဂိုဏ်းချုပ်စခန်းမှာ မဟာမီးလျှံအင်ပါယာ မြောက်ဘက်ရှိ သွေးမိစ္ဆာတောင်တွင် တည်ရှိသည်။ ဂိုဏ်းချုပ် 'သွေးမိစ္ဆာကလေးငယ်' မှာ မခန့်မှန်းနိုင်လောက်အောင် အစွမ်းထက်ပြီး မူလဓာတ်ငါးပါး သိုင်းပညာရှင် သုံးဦးကို သတ်ဖြတ်ခဲ့ဖူးသည်။"
"ငရဲကိုးထပ်တံခါး၊ မိစ္ဆာဂိတ်တံခါး ၃၆ ခုထဲက တစ်ခု..."
...
စူးချန်ခုန်းသည် သတင်းအစီရင်ခံစာကို အသေးစိတ် ဖတ်ရှုလိုက်သည်။
မှတ်တမ်းတင်ထားသော ဤမိစ္ဆာဂိုဏ်းများ၏ ကျင့်စဉ်များမှာ လမ်းလွဲနေကြပြီး သူတို့၏ ကျင့်ကြံမှု နည်းစနစ်များမှာလည်း အစွန်းရောက်လှသည်။ သူတို့ ကျူးလွန်ခဲ့သော ဆိုးယုတ်သည့် လုပ်ရပ်များမှာလည်း မရေမတွက်နိုင်အောင် များပြားလှသည်။
သူတို့ လုံးဝ ခြေမှုန်းမခံရရခြင်း၏ အကြောင်းရင်းတစ်ခုမှာ ဤဂိုဏ်းများ၏ ခိုင်မာသော အခြေခံအုတ်မြစ်များကြောင့် ဖြစ်ပြီး အခြားတစ်ခုမှာ ၎င်းတို့သည် မည်သည့်နိုင်ငံ၏ ထိန်းချုပ်မှုအောက်တွင်မှ မရှိသော နယ်မြေများတွင် တည်ရှိနေသောကြောင့် ဖြစ်သည်။
ထို့အပြင် သူတို့မှာ ရူးသွပ်ကြသဖြင့် တစ်စုံတစ်ဦးက သူတို့ကို တိုက်ခိုက်ပြီး လုံးဝ ခြေမှုန်းနိုင်ခြင်း မရှိပါက ကြောက်မက်ဖွယ်ကောင်းသော လက်တုံ့ပြန်မှုများကို ခံစားရမည် ဖြစ်ရာ ထိုကဲ့သို့သော အရူးများကို မည်သူမျှ မနှောင့်ယှက်ချင်ကြပေ။
"ငါ ရွှယ်အန်းဂိုဏ်းကနေပဲ စလိုက်မယ်။"
နောက်ဆုံးတွင် စူးချန်ခုန်းသည် အချက်အလက်ထဲတွင် ပါရှိသော ဂိုဏ်းတစ်ခုကို ရွေးချယ်လိုက်သည်။
ရွှယ်အန်းသည် မီးတောက်အင်ပါယာ အနောက်ဘက်ရှိ ရွှယ်အန်းတောင်တွင် တည်ရှိသည်။
ဤဂိုဏ်းသည် အခြားသူများ ပင်ပန်းကြီးစွာ ကျင့်ကြံထားသော စွမ်းအားများကို စုပ်ယူနိုင်သည့် နည်းစနစ်များတွင် အထူးကျွမ်းကျင်သဖြင့် အလွန် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ဖြစ်သည်။
ရွှယ်အန်းဂိုဏ်း၏ တပည့်အရေအတွက်မှာ နည်းပါးသော်လည်း တစ်ဦးချင်းစီမှာ သူတို့၏ ပုံပန်းသဏ္ဍာန်နှင့် မလိုက်အောင် နက်ရှိုင်းသော ကျင့်ကြံမှုကို ပိုင်ဆိုင်ထားကြသည်။
"ရွှယ်အန်းတောင်ကို ခရီးထွက်ရအောင်။"
စူးချန်ခုန်းသည် ချက်ချင်းပင် ရွှယ်အန်းတောင်သို့ ထွက်လာတော့သည်။