အခန်း (၉၃၁-၉၃၂)
Vol. 94 Ch. 931-932
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၃၁ + ၉၃၂)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းလှသော ဖိနှိပ်မှုကြီးတစ်ခုက ကောင်းကင်ယံမှ ကျဆင်းလာကာ ၊ တောင်တန်းကြီးတစ်ခုအလား ကြီးမားလှသည့် ဧရာမမသေမျိုးသခင်ကြီး၏ ခန္ဓာကိုယ်ကြီးသည် လေထုထဲတွင် ရုတ်တရက် အေးခဲရပ်တန့်သွားရတော့၏။
ထိုအချိန်မှာပင် တုပိုင်က သူ၏ ညာဘက်လက်ကို လေဟာပြင်ထဲသို့ ဆန့်တန်းလိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်မီတာကျော်ခန့် ရှည်လျားပြီး မျက်စိကျိန်းမတတ် တောက်ပလှသော မီးတောက်သံဓားကြီးတစ်လက်က သူ၏လက်ဝါးပြင်ထက်၌ ရုတ်ချည်းဆိုသလို ပုံပေါ်လာ၏။
ထိုမီးတောက်များကား သာမန်မီးတောက်များ မဟုတ်ချေ။ လောကတစ်ခုလုံးကိုပင် ပြာကျစေနိုင်စွမ်းရှိသည့် မိစ္ဆာဖီးနစ်ငှက်၏ မီးတောက်စစ်စစ်များပင် ဖြစ်ရာ ဓားသွားပေါ်ရှိ အပူချိန်မှာ အနီးနားရှိ လေဟာပြင်ကိုပင် လောင်ကျွမ်းလုမတတ် ဒီဂရီသိန်းချီ ကျော်လွန်နေပြီ ဖြစ်သည်။
“ဟမ့်…”
တုပိုင်ထံမှ အေးစက်စက် နှာခေါင်းရှုံ့သံတစ်သံ ထွက်ပေါ်လာပြီးနောက် သူ၏ လက်ထဲရှိ လောင်ကျွမ်းနေသော ဧရာမမီးတောက်ဓားကြီးကို ကောင်းကင်ယံကိုပင် ထက်ပိုင်းခွဲပစ်တော့မည့်အလား အားကုန် လွှဲခုတ်ချလိုက်တော့သည်။
“ရွှမ်းးးးး” ဟူသော ကြောက်မက်ဖွယ် အသံကြီးနှင့်အတူ ၊ မည်သည့် လက်နက်နှင့်မျှ ဖောက်ထွင်း၍ မရနိုင်ဟု ကြွေးကြော်ထားသော ဧရာမ မသေမျိုးသခင်ကြီး၏ မာကျောလှသည့် ဦးခေါင်းကြီးမှာ ထောပတ်ခဲကို ဓားပူဖြင့် လှီးဖြတ်လိုက်သကဲ့သို့ နှစ်ခြမ်းကွဲထွက်သွားတော့၏။ မီတာရာကျော်မြင့်မားသော ကိုယ်လုံးကြီးမှာလည်း ထိန်းချုပ်မှု ကင်းမဲ့သွားကာ မြေပြင်ပေါ်သို့ ဥက္ကာပျံကြီးတစ်ခု ပြုတ်ကျလာသည့်အလား ဘုန်းခနဲ ပြင်းထန်စွာ လဲကျသွားတော့သည်။
မြေပြင်တစ်ခုလုံး ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားသကဲ့သို့ အပြင်းအထန် တုန်ခါသွားရကာ ၊ ဧရာမအက်ကွဲကြောင်းကြီးများက နေရာအနှံ့ ပင့်ကူအိမ်အလား ဖြာထွက်သွားပြီး မီတာရာချီနက်သော ဧရာမချိုင့်ဝှမ်းကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ အလွန်အစွမ်းထက်လှသည်ဆိုသော မသေမျိုးသခင်ကြီးသည် တုပိုင်၏ ဓားတစ်ချက်တည်းဖြင့်ပင် သနားစရာကောင်းလောက်အောင် အလွယ်တကူ အသတ်ခံလိုက်ရခြင်းပင် ဖြစ်၏။
“ဖြန်း… ဖြန်း… ဖြန်း…”
ရုတ်တရက် ကောင်းကင်ယံတစ်ခုလုံး မှောင်မိုက်သွားပြီး ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်၏ ဧရာမပုံရိပ်ယောင်ကြီးက လေထုထဲတွင် ထပ်မံပေါ်ထွက်လာကာ ရွဲ့စောင်းစောင်းဖြင့် လက်ခုပ်တီးလိုက်သည်။ သူ၏ အသံကြီးမှာ မိုးကြိုးပစ်ချလိုက်သည့်အလား တစ်လောကလုံးသို့ ဟိန်းဟောက် ပဲ့တင်ထပ်သွား၏။
ကျောက်ယန်ဖိန်က မျက်နှာကို မဲ့ကာ အလွန်အမင်း ချဲ့ကားထားသော ဟန်ပန်ဖြင့် ပြောလိုက်သည်။ “မိုက်တယ်ဟေ့… တော်တော်လေးကို အံ့ဩဖို့ကောင်းတာပဲ…။ မင်းတို့ မြင်ကြလားဟင်။ မင်းတို့ရဲ့ ဧကရာဇ် တုပိုင်က တကယ်ကို အံ့ဩဖို့ကောင်းလွန်းတယ်။ ငါ့ရဲ့ အစွမ်းထက်လှတဲ့ မသေမျိုးသခင်ကြီးကိုတောင် ဓားတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်နိုင်တာ တကယ့်ကို ကြောက်စရာကြီးပဲဗျာ။ ဟားဟားဟား…”
သို့သော် နောက်တစ်စက္ကန့်မှာပင် သူ၏ လှောင်ပြောင်နေသော အပြုံးများက ရုတ်ချည်း ပျောက်ကွယ်သွားပြီး ၊ မိစ္ဆာတစ်ကောင်၏ အေးစက်ခက်ထန်သော မျက်နှာထားမျိုးသို့ ပြောင်းလဲသွားကာ သွေးအေးစွာဖြင့် သတိပေးလိုက်၏။
“ဒါပေမဲ့ မှတ်ထားကြ။ ဒီတစ်ကြိမ် မင်းရဲ့ သောက်သုံးမကျတဲ့ ထိုက်ခန်အင်ပါယာကို အပြီးတိုင် ဖျက်ဆီးဖို့ လာနေတဲ့ ငါတို့စစ်တပ်ထဲမှာ… အခုနက သေသွားတဲ့ကောင်လိုမျိုး မသေမျိုးသခင်တွေက သဲပွင့်တွေလိုပဲ မရေမတွက်နိုင်အောင် ပါသေးတယ်။ ပြီးတော့ သူတို့အထက်မှာ မသေမျိုးဘုရင်တွေ… မသေမျိုးအရှင်သခင်တွေလည်း ရှိသေးတယ်။ အဲဒီကောင်တွေဆိုရင် အခုကောင်ထက် ဆယ်ဆကနေ အဆတစ်ရာလောက်အထိကို ပိုပြီး အင်အားကြီးကြတာကွ။”
ထိုစကားများကြောင့် အောက်ဘက်ရှိ ပြည်သူများအားလုံး၏ ရင်ထဲသို့ ရေခဲတုံးကြီး တစ်တုံး ကျသွားသည့်အလား အေးစက်သွားကြရပြီး အသက်ရှူရပ်မတတ် အပြင်းအထန် တုန်လှုပ်သွားကြတော့သည်။ သူတို့ရှေ့မှ မီတာတစ်ရာကျော် မြင့်မားလှသော မသေမျိုးသခင်ကြီးပင်လျှင် သူတို့အတွက်မူ လုံးဝ ယှဉ်ပြိုင်နိုင်စွမ်းမရှိသည့် သေမင်းတမန် စစ်စက်ယန္တရားကြီးတစ်ခုကဲ့သို့ ဖြစ်နေ၏။
သောင်းနှင့်ချီသော လက်နက်ကိုင်စစ်တပ်ကြီးကပင် ဤမသေမျိုးသခင်ကြီးကို ခြစ်ရာတစ်ခုရအောင် လုပ်နိုင်စွမ်း မရှိခဲ့ချေ။
သို့သော်ငြား… ယခုကဲ့သို့သော ကြောက်မက်ဖွယ် မိစ္ဆာကြီးများမှာ မရေမတွက်နိုင်အောင် ရှိနေသေး၏။ ထို့အပြင် ဆယ်ဆ ၊ အဆတစ်ရာ ပိုမိုအစွမ်းထက်သော မသေမျိုးမိစ္ဆာများမှာလည်း အများအပြား ရှိနေသေးသည်။ တွေးကြည့်ရုံမျှဖြင့်ပင် သူတို့ ရူးသွပ်သွားမတတ် ဖြစ်သွားကြရ၏။
ကျောက်ယန်ဖိန်က သွေးအေးရက်စက်စွာဖြင့် ဆက်ပြောလာသည်။ “ဒီတစ်ကြိမ် ငါတို့ဘက်ကနေ မသေမျိုးစစ်တပ် အင်အား ၃၅ သန်းကို စေလွှတ်မှာ။ သန်း ၃၀ ကျော်တောင်နော်။ ဟားဟား… အဆိုးဆုံးက အဲဒီ မသေမျိုးစစ်တပ်ဆိုတာ ငါတို့ဆီမှာ အားအနည်းဆုံး အောက်ခြေစစ်တပ်ပဲ ရှိသေးတာ။ အိပ်မက်ဆိုးအင်ပါယာက လာမယ့် စစ်တပ်နဲ့ ငါ့ရဲ့ မိစ္ဆာစစ်တပ်က သူတို့ထက် အဆပေါင်းများစွာ ပိုပြီးတော့ အစွမ်းထက်ကြသေးတယ်ကွ။”
ထိုအရာများကို ကြားလိုက်ရသောအခါ လူသားအားလုံး၏ မျက်လုံးများထဲတွင် အလင်းရောင်ဟူသမျှ မှေးမှိန်သွားရပြီး လုံးဝ မျှော်လင့်ချက် ကင်းမဲ့သွားကြတော့၏။ ဤသည်မှာ တိုက်ပွဲတစ်ခု မဟုတ်တော့ဘဲ ၊ တစ်ဖက်သတ် အစုလိုက်အပြုံလိုက် မျိုးတုံးသတ်ဖြတ်မှုကြီး တစ်ခုသာ ဖြစ်နေပြီ ဖြစ်သည်။
ကျောက်ယန်ဖိန်က အဆုံးသတ် ကြိမ်းဝါးလိုက်သည်။ “မင်းတို့ အသက်ရှင်ချင်သေးတယ်ဆိုရင် အဲဒီ ကပ်ဘေးကြယ်ဆိုးကြီး တုပိုင်ဆီကနေ အဝေးဆုံးကို ထွက်ပြေးကြ။ ဒါပေမဲ့ ဧကရာဇ် လီရှောင်ချန်ရဲ့ မိန်းမနဲ့ ကလေးတွေကိုတော့ ဘယ်မှ သွားခွင့်မပြုဘူး။ မှတ်ထား… တုပိုင်ရဲ့ မိုင်နှစ်ရာ ပတ်လည်အတွင်းမှာ ရှိနေတဲ့ လူမှန်သမျှ ခွေးတစ်ကောင်တောင် မချန်ဘဲ အကုန်လုံးကို သတ်ပစ်မယ်။”
ထိုစကားအဆုံးတွင် အင်ပါယာမြို့တော်ကြီး တစ်ခုလုံးသည် သင်းချိုင်းတစပြင်အလား သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်သွား၏။ ဆယ်စက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက်… ရုတ်တရက် မရေမတွက်နိုင်သော လူများက အသက်လုကာ စတင်ထွက်ပြေးကြတော့သည်။
“ပြေးကြဟေ့…”
“ငါ့ကို ကယ်ကြပါဦး…”
စသည့် အော်ဟစ်သံများ ၊ ငိုယိုသံများနှင့်အတူ လူအုပ်ကြီးသည် ရေကာတာကျိုးပေါက်သွားသည့် ဒီရေဒီလှိုင်းများအလား ထိုက်ခန်အင်ပါယာမြို့တော်အတွင်းမှနေ၍ အပြင်ဘက်သို့ အလုအယက် စီးဆင်းထွက်ခွာသွားကြသည်။ လူတိုင်းက တုပိုင်အား သေမင်းကို ခေါ်ဆောင်လာသည့် ကပ်ရောဂါဆိုးကြီး တစ်ခုကဲ့သို့ သဘောထားကာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အဝေးဆုံးသို့ ရှောင်ဖယ်သွားကြ၏။
အစပိုင်းတွင်တော့ ဧကရာဇ်တုပိုင်အား ယုံကြည်ချက်ဖြင့် အခြေအနေကို စောင့်ကြည့်နေသူ အချို့ ရှိနေခဲ့သေးသော်လည်း ၊ အချိန်ကြာလာသည်နှင့်အမျှ ပြေးသူများက ပိုမိုများပြားလာပြီး တုပိုင်အား ကျောခိုင်းသွားသူများလည်း တစ်စတစ်စ တိုးပွားလာတော့သည်။
ထောင်ချီ ၊ သောင်းချီမှသည်… သိန်းချီ ၊ သန်းချီ၍… မရေမတွက်နိုင်အောင် များပြားလှသော လူအုပ်ကြီးက တုပိုင်နှင့် ဝေးရာသို့ ရူးသွပ်စွာ ထွက်ပြေးသွားကြ၏။ သူတို့ ခြေဦးတည့်ရာ မည်သည့်နေရာသို့ပင် ရောက်ပါစေ ၊ ဤကျိန်စာသင့်နေသော အင်ပါယာမြို့တော်ထဲတွင် တစ်စက္ကန့်လေးမျှပင် မနေရဲကြတော့သလို တုပိုင်၏ မိုင်နှစ်ရာ ပတ်လည်အတွင်း၌လည်း မနေဝံ့ကြတော့ချေ။
ဤကဲ့သို့ စိတ်ပျက်ဖွယ်ကောင်းလှသော ကိုယ်လွတ်ရုန်း ထွက်ပြေးနေကြသည့် မြင်ကွင်းကြီးကို မြင်တွေ့နေရသော်လည်း တုပိုင်မှာမူ မျက်ခုံးတစ်ချက်မျှ ပင့်မသွားခဲ့ချေ။ တားဆီးခြင်းလည်း လုံးဝမရှိဘဲ လျစ်လျူသာ ရှုထားလိုက်သည်။ သူက အေးအေးဆေးဆေးပင် မြေပြင်ပေါ်ရှိ မသေမျိုးသခင်ကြီး၏ ရင်ဘတ်ကို ခွဲထုတ်လိုက်ပြီး အထဲမှ သွေးသံရဲရဲဖြင့် တောက်ပနေသော စွမ်းအင်ကျောက်သလင်းကို ဆွဲထုတ်ယူလိုက်၏။ ထို့နောက် သွေးများကို ခါထုတ်လိုက်ပြီး နန်းတော်ဆီသို့သာ ဖြည်းညင်းစွာ ဆက်လက် လျှောက်လှမ်းသွားလိုက်သည်။
အသက်လုပြေးနေကြသည့် မရေမတွက်နိုင်သော လူအုပ်ကြီးသည် လမ်းလျှောက်လာသော တုပိုင်ကို အဝေးမှ မြင်လိုက်သည်နှင့် အဆိပ်ပြင်းသော မြွေ ၊ ကင်းမြီးကောက်တို့ကို မြင်လိုက်ရသကဲ့သို့ ထိတ်လန့်တကြား အော်ဟစ်ကာ ဘေးသို့ အမြန်ရှောင်ဖယ်သွားကြ၏။
အကယ်၍ ကောင်းကင်ယံမှသာ လှမ်းကြည့်မည်ဆိုပါက အလွန်တရာ ကွဲပြားခြားနားလှသည့် မြင်ကွင်းကြီးတစ်ခုကို မြင်တွေ့ရမည် ဖြစ်၏။ တုပိုင်တစ်ယောက်တည်းကသာ အထီးကျန်ဆန်စွာဖြင့် နန်းတော်ဆီသို့ တည်ငြိမ်စွာ ဦးတည်လျှောက်လှမ်းနေချိန်တွင် ၊ သူ၏ ဘေးတစ်ဖက်တစ်ချက်စီရှိ လူအုပ်ကြီးမှာမူ တုပိုင်၏ မိုင်နှစ်ရာ ပတ်လည်အတွင်းမှ လွတ်ကင်းအောင် အမြန်ဆုံး အရှိန်ဖြင့် ရူးသွပ်စွာ ထွက်ပြေးလွတ်မြောက်နေကြသည်ကို မြင်တွေ့ရမည် ဖြစ်သည်။
**--**--**--**--**--**--**--**
တုပိုင် ကြီးမားခမ်းနားလှသော နန်းတော်ခန်းမကြီး၏ အမှောင်ပလ္လင်ပေါ်သို့ ခြေလှမ်းမှန်မှန်ဖြင့် ပြန်ရောက်လာသည်။ သမီးဖြစ်သူ တုရှောင်နှင့် ထိုက်ခန်ဧကရာဇ် လီရှောင်ချန်၏ ဇနီး လင်းလုတို့မှာ ကလေးများနှင့်အတူ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာများဖြင့် ခန်းမထဲတွင် ရပ်နေကြ၏။
ယခင်က အမြဲတမ်း စည်ကားသိုက်မြိုက်နေတတ်သော ပင်မခန်းမကြီးထဲတွင် မူလက ဝန်ကြီးများနှင့် စစ်သူကြီး ရာပေါင်းများစွာ ရှိခဲ့သော်လည်း ယခုအခါတွင်မူ အသက်ရှူသံများကိုပင် ကြားရလောက်အောင် တိတ်ဆိတ်ခြောက်ကပ်နေပြီး လူတစ်ရာပင် မပြည့်တော့ချေ။ စစ်သေနာပတိ သုံးဦးသာ အံကြိတ်၍ ကျန်ရစ်တော့ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူး ငါးဦးစလုံးမှာမူ အမြီးကုပ်ကာ ထွက်ပြေးသွားကြပြီ ဖြစ်သည်။
တုပိုင် ကြီးမားလှသော အမှောင်ပလ္လင်၏ ကျောက်စိမ်းလှေကားထစ်များဆီသို့ လျှောက်တက်သွားလိုက်၏။ ထို့နောက် အောက်ဘက်ရှိ ကြောက်ရွံ့မှုနှင့် သတ္တိကြားတွင် ဗျာများနေကြသော လူတစ်ရာမပြည့်သည့် စစ်သူကြီးများနှင့် ဝန်ကြီးများကို အေးစက်စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ မေးလိုက်သည်။ “မင်းတို့အားလုံး မထွက်ပြေးဘူးဆိုတာ သေချာပြီလား။”
ထိုအခါ ပထမ စစ်သေနာပတိက ခြေတစ်လှမ်း ရှေ့ထွက်လာကာ သူမ၏ ဦးခေါင်းပေါ်မှ စစ်ဦးထုပ်ကို ချွတ်လိုက်သည်။ သူမမှာ အမျိုးသမီးတစ်ဦး ဖြစ်နေသော်ငြားလည်း သူမ၏ ကိုယ်ဟန်အမူအရာမှာ ယောကျ်ားတစ်ယောက်ထက်ပင် ပို၍ ခံ့ညားထည်ဝါနေကာ လေးထောင့်စပ်စပ် မျက်နှာပေါက်နှင့် အမာရွတ်အချို့ရှိသည့် စစ်မြေပြင်တွင် ကြီးပြင်းလာခဲ့ရသော ဝါရင့်အမျိုးသမီး စစ်သူကြီးတစ်ဦး ဖြစ်၏။
သူမက သံမဏိကဲ့သို့ မာကျောသော အသံဖြင့် တည့်တိုးပင် မေးမြန်းလိုက်သည်။ “ကျွန်တော်မျိုးမ ပထမ စစ်သေနာပတိ လီစစ်စစ်… ဧကရာဇ်မင်းမြတ်ကို မေးမြန်းချင်ပါတယ်။ ကျွန်တော်မျိုးမတို့ ဒီစစ်ပွဲကို တကယ် အနိုင်ရနိုင်ပါ့မလား။”
တုပိုင်က တည်ငြိမ်စွာဖြင့်ပင် ပြန်ဖြေလိုက်သည်။ “ငါကိုယ်တော် အနိုင်ရနိုင်တယ်။”
ထိုအဖြေကို ကြားသော်လည်း လီစစ်စစ်၏ မျက်နှာမှာ ပြေလျော့မသွားဘဲ ဆက်လက်တင်ပြလာ၏။ “ကံကြမ္မာ မိစ္ဆာသခင်ရဲ့ သန်း ၄၀ သော စစ်တပ်က ကျွန်တော်မျိုးမတို့ အင်အားရဲ့ အဆတစ်ရာလောက် ရှိပါတယ်။ အခုဆိုရင် အင်ပါယာမြို့တော် တစ်ခုလုံးမှာရှိတဲ့ လူတွေနဲ့ စစ်တပ်တွေ မရေမတွက်နိုင်အောင် ထွက်ပြေးသွားကြပြီဆိုတော့… သူ့ရဲ့ စစ်တပ်က ကျွန်တော်မျိုးမတို့ထက် အဆတစ်ထောင်လောက်ကို ပိုပြီး အင်အားကြီးနေပါပြီ။ ကျွန်တော်မျိုးမတို့ တကယ်ပဲ နိုင်ဦးမှာလား။”
သူမ၏ စိုးရိမ်ပူပန်မှုများ အားလုံးကို တုပိုင်က စကားတစ်ခွန်းတည်းဖြင့်သာ ထပ်မံဖြတ်တောက်လိုက်သည်။ “ငါကိုယ်တော် အနိုင်ရနိုင်တယ်။”
ထိုစကားတစ်ခွန်းက လီစစ်စစ်၏ သံသယများကို အပြီးတိုင် ဖယ်ရှားပေးလိုက်သည့်အလား ၊ ယောကျ်ားတစ်ယောက်ထက်ပင် ပို၍ ရင့်ကျက်တည်ကြည်လှသော ပထမ စစ်သေနာပတိ လီစစ်စစ်သည် ကြမ်းပြင်ပေါ်သို့ ဒူးတစ်ဖက် ထောက်ချလိုက်ကာ အကြွင်းမဲ့ ယုံကြည်မှုဖြင့် ဦးညွှတ်လိုက်တော့၏။ ပြီးနောက် သူမက ပြောလိုက်သည်။ “ကျွန်တော်မျိုးမ ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်။ ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ။”
ထို့နောက် သူမ၏ နောက်ကွယ်မှ လူတစ်ရာမပြည့်သည့် အရာရှိအဖွဲ့ကလည်း အသက်ကို စတေးရန် ဆုံးဖြတ်လိုက်ကြသည့်အလား သေသပ်ညီညာစွာ ဒူးထောက်လိုက်ကြရင်း သံပြိုင် ကြွေးကြော်လိုက်ကြသည်။ “ကျွန်တော်မျိုးတို့ ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်။ ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ။” သူတို့၏ အသံများက ခန်းမကြီးတစ်ခုလုံးကို တုန်ဟည်းသွားစေ၏။
ထိုအခြေအနေကို ကြည့်ရင်း လင်းလုလည်း သူမ၏ ကလေးနှစ်ယောက်နှင့်အတူ ကြမ်းပြင်ပေါ်သို့ ဒူးထောက်ရန် ပြင်လိုက်သော်လည်း တုပိုင်က လက်ကာပြကာ တားဆီးလိုက်သည်။ “မလိုဘူး။ မင်းတို့ကို ကာကွယ်ပေးမယ်လို့ ငါကိုယ်တော် လီရှောင်ချန်ကို ကတိပေးထားတယ်။ ငါကိုယ်တော် ပြောတဲ့အတိုင်း အတိအကျ လုပ်ပြမယ်။”
ထို့နောက် တုပိုင် ခန်းမထဲမှ ဖြည်းညင်းစွာ ထွက်ခွာသွား၏။ သူက နန်းတော်အပြင်ဘက် အမြင့်ဆုံးနေရာတွင် ရပ်ကာ သူ့ကို ကျောခိုင်း၍ ရူးသွပ်စွာ ထွက်ပြေးသွားကြသော လူအုပ်ကြီးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေလိုက်သည်။ နာရီအနည်းငယ် ကြာမြင့်ပြီးနောက် အရာအားလုံးက သင်းချိုင်းကဲ့သို့ တိတ်ဆိတ်သွားတော့၏။ အသက်လုကာ ထွက်ပြေးမည့်သူ အားလုံး အင်ပါယာမြို့တော်အတွင်းမှ ထွက်သွားကြပြီ ဖြစ်သည်။
မပြေးဘဲ ကျန်ရစ်သူအားလုံးမှာ နန်းတော်ရှေ့ရှိ ဧရာမ ကျောက်စိမ်းရင်ပြင်ကြီးပေါ်သို့ ရောက်လာကြပြီ ဖြစ်၏။ ထိုက်ခန်အင်ပါယာ တစ်ခုလုံးတွင် မူလက လူဦးရေ ၁.၃ သန်းခန့် ရှိခဲ့သည့်အနက် လူတစ်သန်းနီးပါးမှာ အဝေးသို့ ထွက်ပြေးသွားကြပြီ ဖြစ်သည်။ ယခုအခါ ရင်ပြင်ပေါ်တွင် လူသုံးသိန်းခန့်သာ ကျန်ရစ်တော့၏။ ထိုအထဲမှ တစ်ဝက်မှာ အသက်စွန့်ရန် ဆုံးဖြတ်ထားသော စစ်တပ်ဖြစ်ပြီး ကျန်တစ်ဝက်မှာ သွားစရာ မြေမရှိတော့သော ၊ သို့မဟုတ် ဧကရာဇ်ကို အကြွင်းမဲ့ ယုံကြည်သော သာမန်အရပ်သားများ ဖြစ်ကြသည်။
လူသုံးသိန်းလုံးသည် တုပိုင်၏ ရှေ့ရှိ ရင်ပြင်ကြီးပေါ်တွင် အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်စွာ စုဝေးနေကြ၏။ သူတို့က အလိုအလျောက်ပင် ခေါင်းများကို မော့ကာ နန်းတော်အမြင့်ထက်တွင် မတ်တပ်ရပ်နေသော တုပိုင်အား မော့ကြည့်လိုက်ကြသည်။ လူတိုင်း၏ မျက်လုံးများထဲတွင် သေဆုံးရတော့မည်ဆိုသော မျှော်လင့်ချက် ကင်းမဲ့မှုများ ပြည့်နှက်နေသော်ငြားလည်း ၊ ရေနစ်သူသည် ကောက်ရိုးတစ်မျှင်ကို ဖက်တွယ်ထားသကဲ့သို့ အရိပ်အယောင်မျှသာ ရှိတော့သော မျှော်လင့်ချက်လေးတစ်ခုကို အတင်းအဓမ္မ ဖက်တွယ်ထားကြဟန် တူ၏။
တုပိုင်က အောက်ဘက်ရှိ လူသုံးသိန်းကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် ဖြည်းညင်းသော်လည်း ပြတ်သားလှသော အသံဖြင့် ကြေညာလိုက်သည်။ “ငါကိုယ်တော် ထပ်ပြောမယ်…။ ဒီစစ်ပွဲကို ငါတို့ နိုင်မယ်။ ဒါပါပဲ… အားလုံး လူစုခွဲလို့ရပြီ။”
ထိုကြေညာချက်အပေါ် သူ၏ သဘောထားက သာမန် ညစာစားတော့မည်ဟု ပြောလိုက်သည့်အလား အလွန်တရာ အေးဆေးတည်ငြိမ်လွန်းလှ၏။ သို့သော် အဘယ်ကြောင့်မှန်းမသိ ၊ ဤသို့ တောင်တန်းကြီးတစ်ခုအလား မတုန်မလှုပ် တည်ငြိမ်နေခြင်းကပင် အောက်ဘက်ရှိ လူများကို နွေးထွေးသော ယုံကြည်မှုတစ်ခု ပို၍ ပေးစွမ်းနိုင်ရှိနေ၏။
မိစ္ဆာသန်းပေါင်းများစွာကို ဧကရာဇ် တုပိုင် တစ်ယောက်တည်းဖြင့် မည်သို့ အနိုင်ယူမည်ကို သူတို့ လုံးဝ စိတ်ကူးမယဉ်နိုင်ကြသော်ငြားလည်း ၊ ဤလောကပျက်မည့် ကပ်ဘေးကြီးတွင် အသက်ရှင်လိုပါက အရူးတစ်ယောက်လိုပင် ဧကရာဇ်၏ စကားကို မျက်ကန်းယုံကြည်လိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။ မှန်၏။ အသက်ရှင်ဖို့ တွေးတတ်သော ပါးနပ်သူများ အားလုံး ထွက်ပြေးသွားကြပြီဖြစ်ပြီး ၊ ယခု ဤနေရာတွင် မသေမချင်း တိုက်ပွဲဝင်ရန် အရူးများသာ ကျန်ရစ်ခဲ့ကြခြင်း ဖြစ်သည်။
တုပိုင် ထိုနေရာတွင် ခန့်ညားစွာ ရပ်နေစဉ် သမီးဖြစ်သူ တုရှောင်က သူ၏ဘေးသို့ တိုးလာကာ အင်္ကျီစကို ကိုင်၍ အသာအယာ လာရောက် မှီခိုနေလိုက်၏။ ထိုအချိန်မှာပင် ရင်ပြင်ပေါ်ရှိ လူသုံးသိန်းလုံးက သူတို့၏ ကိုယ်ကို ကိုင်းညွတ်ကာ တစ်ပြိုင်နက်တည်း ဒူးထောက် ဦးညွှတ်လိုက်ကြရင်း ပြောလိုက်ကြသည်။ “ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ။”
လူသုံးသိန်း၏ သံပြိုင်ကြွေးကြော်သံက ကောင်းကင်ယံအထိ ထိုးဖောက်သွားကာ မိုးခြိမ်းသံအလား ပဲ့တင်ထပ်သွားတော့၏။
အားလုံး ငြိမ်သက်သွားချိန်တွင် တုရှောင်က သူမ၏ ဖခင်အား မော့ကြည့်ကာ တိုးညှင်းစွာ မေးလာသည်။ “အဖေ… သမီးတို့ တကယ် နိုင်မှာမလားဟင်။”
တုပိုင် သူ၏သမီးလေးကို ငုံ့ကြည့်ကာ နူးညံ့သော်လည်း လောကတစ်ခုလုံးကို အုပ်စိုးထားနိုင်သည့် ယုံကြည်ချက်အပြည့်ဖြင့် ပြန်ဖြေလိုက်၏။
“သေချာပေါက်ပေါ့။”
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၃၁ + ၉၃၂) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။