← Chapters

အခန်း (၉၃၅-၉၃၆)

Vol. 94 Ch. 935-936

အခန်း (၉၃၅-၉၃၆)

Vol. 94 Ch. 935-936

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၃၅ + ၉၃၆)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

လင်းလု၏ အသံက တိတ်ဆိတ်နေသည့် အခန်းငယ်လေးထဲတွင် ခပ်ပြတ်ပြတ် ထွက်ပေါ်လာ၏။ သူမ၏ မျက်ဝန်းများထဲတွင် အတိတ်ကို ပြန်လည်လွမ်းဆွတ်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

လင်းလုက ခဏရပ်ကာ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ဆက်ပြောသည်။ "အဲဒီတုန်းက ရှင်က တော်တော်လေးကို ပွေခဲ့တာလေ။ မိုတူးမြို့က မိန်းမလှတွေ အကုန်လုံးနဲ့ ရှင်က အိပ်ချင်နေခဲ့တာ။ ဘားတွေထဲက မိန်းမတွေရဲ့ ပါးစပ်ဖျားမှာ ရှင့်အကြောင်းချည်းပဲဆိုတာ ရှင်လည်း အသိဆုံးဖြစ်မှာပါ။ ရှင်က အရမ်းနာမည်ကြီးလွန်းတော့ ရှင့်ကို ဆွဲဆောင်ချင်လို့ တမင်သက်သက် ရင်ဘတ်ဟပြပြီးတောင် မြူဆွယ်ကြတဲ့ မိန်းမတွေမှ ဒုနဲ့ဒေးပဲ။"

"မှတ်မိသေးလား။ တစ်နေ့တော့ ကျွန်မ သရုပ်ဆောင်မလေး တစ်ယောက်နဲ့ အရက်သောက်နေရင်း ရှင့်ကို အမှတ်မထင် ဆုံခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မက ခပ်မူးမူး ဖြစ်နေပြီလေ။ ပြီးတော့ မိန်းကလေးသန့်စင်ခန်းထဲကို ရောက်သွားတယ်။ ရှင်က ကျွန်မတို့ နှစ်ယောက်စလုံးကို အဲဒီသန့်စင်ခန်းထဲမှာတင် အပိုင်သိမ်းခဲ့တာလေ။ အဲဒီအချိန် အပြင်ဘက်က မိန်းမတချို့ကတောင် ရှင့်ကို ဝိုင်းမောင်းထုတ်ဖို့နေနေသာသာ ဖုန်းတွေကိုင်ပြီး ခိုးရိုက်ဖို့တောင် အလုအယက် ဝင်လာကြသေးတယ်။"

တုပိုင်က သူမ၏ စကားများကို တစ်ခွန်းမှ ပြန်မတုံ့ပြန်ချေ။ သူ၏ လက်ထဲမှ လက်ဖက်ရည်ကြမ်းခွက်ကို အသာအယာ မြှောက်ကာ တစ်ကျိုက်သောက်လိုက်ပြီးနောက် လင်းလု၏ စကားများကို ဆက်နားမထောင်လိုတော့သည့်အလား စိတ်ထဲမှနေ၍ နားပိတ်ထားလိုက်တော့၏။ ထိုကိစ္စများကို သူ၏ ရင်အောက်ခြေအထိသာ လှိမ့်ချမြိုသိပ်ကာ အပြီးတိုင် မေ့ဖျောက်ထားလိုက်ချင်နေပြီ ဖြစ်သည်။

ယခုပြန်တွေးကြည့်လျှင် ထိုအချိန်ကာလများက အလွန်တရာ အရှက်ရဖွယ်ကောင်းလှသော အတိတ်မည်းကြီးတစ်ခု ဖြစ်နေ၏။ သူကဲ့သို့သော လူတစ်ယောက်က ဘားတစ်ခုနှစ်ခုရှိ မိန်းကလေးသန့်စင်ခန်းများထဲသို့ အရှက်အကြောက်ကင်းမဲ့စွာ ဝင်ရောက်ခဲ့စဉ်က သူ့အား မည်သူကမျှ ဝိုင်းဝန်းမောင်းထုတ်ခြင်း မရှိခဲ့သည့်အပြင် ၊ ခိုးရိုက်ခံရကာ အနမ်းများဖြင့်ပင် ဝိုင်းဝန်းကြိုဆိုခြင်းကို ခံခဲ့ရဖူးသည်မှာ ယခုချိန်တွင် တွေးကြည့်ရုံဖြင့်ပင် ကျောချမ်းစရာ ကောင်းလှ၏။

လင်းလုက နာကြည်းချက်များ ရောယှက်နေသည့် အသံဖြင့် ညည်းတွားလိုက်သည်။ "ဒီလောကကြီးက တကယ်ကို မတရားဘူး။ လီရှောင်ချန်က ငယ်ငယ်ကတည်းက အမှောင်ထုနဲ့ အရိပ်မည်းတွေအောက်မှာပဲ အထီးကျန်စွာ ရှင်သန်ခဲ့ရတာ။ ဆိုတော့ကာ သူက သေချာပေါက် သိမ်ငယ်ပြီး သတ္တိကြောင်နေမှာပဲလေ။ ရှင်ကျတော့ အဲဒီလိုမဟုတ်ဘူး။ ငယ်ငယ်ကတည်းက လူတွေရဲ့ အာရုံစိုက်မှု ၊ ချီးကျူးမြှောက်စားမှုတွေအောက်မှာ ထည်ထည်ဝါဝါ ကြီးပြင်းလာခဲ့ရတာ။ ရှားပါးလှတဲ့ အလှပိုင်ရှင်တွေကတောင် ရှင့်ဆီကို အလိုလို ရောက်လာခဲ့ကြတာလေ။ ဒါကြောင့် သေချာပေါက် ရှင်က ကိုယ့်ကိုယ်ကိုယ် အကြွင်းမဲ့ ယုံကြည်မှုရှိပြီး မောက်မာနေတာပေါ့။"

လင်းလုက ခပ်ဟဟ ရယ်မောလိုက်ရင်း စကားဆက်၏။ "ဒါပေမဲ့ တကယ်တမ်း တွေးကြည့်တော့လည်း လောကကြီးက တရားပါတယ်။ လီရှောင်ချန်လို လူမျိုးတွေက တာဝန်ယူမှု ၊ တာဝန်ခံမှုဆိုတဲ့ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးကို ဘယ်လိုမှ မထမ်းဆောင်နိုင်ဘူးလေ။ ဒါကြောင့် သူက ခွေးတစ်ကောင်လို သနားစရာကောင်းအောင် ဒူးထောက်အသတ်ခံရဖို့နဲ့ သူ့အလောင်းကို ခွေးကျွေးခံရဖို့ပဲ ထိုက်တန်တာပါ။ ရှင်တို့လို လူမျိုးတွေကျတော့လည်း တာဝန်ယူရဲတဲ့ သတ္တိတွေ ရှိကြတာပေါ့။ အရင်တုန်းက လီရှောင်ချန်ကို ချစ်တယ်လို့ သူ့ကို ဘယ်တုန်းကမှ ဖွင့်မပြောခဲ့ဖူးဘူး။ ဒါပေမဲ့ အခုတော့ လီရှောင်ချန်ကို ကျွန်မ ချစ်တယ်လို့ ရဲရဲဝင့်ဝင့် ပြောရဲတယ်။ ဘာလို့လဲဆိုတော့... ကျွန်မတို့တွေက အဆင့်အတန်းနိမ့်ပါးတဲ့ လူတန်းစားတွေ ဖြစ်နေလို့ပဲ။"

လင်းလုက သူမ၏ ရှေ့ရှိ လက်ဖက်ရည်ခွက်ကို အပေါ်သို့ မြှောက်လိုက်ကာ ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်သည်။ "အဆင့်အတန်း နိမ့်ပါးသူတွေအတွက် ဂုဏ်ပြုလိုက်ပါတယ်။ ပြီးတော့... တောက်ပတဲ့သူတွေအတွက်လည်း ဂုဏ်ပြုလိုက်ပါတယ်။ အဆုံးသတ်အနေနဲ့ ရှင်နဲ့ အိပ်ခဲ့ဖူးပေမဲ့ ရှင့်အတွက် နာမည်ရော ရုပ်ကိုပါ လုံးဝမှတ်မိမနေတော့တဲ့ အရေးမပါတဲ့ မိန်းမတစ်ယောက်အတွက်လည်း ဂုဏ်ပြုလိုက်ပါတယ်။"

တုပိုင်သည်လည်း ဘာမှပြန်မပြောတော့ဘဲ သူ၏ ခွက်ကိုမြှောက်ကာ ကျန်ရှိနေသည့် လက်ဖက်ရည်များကို တစ်ကျိုက်တည်း မော့သောက်လိုက်၏။

လင်းလုက လေးနက်သော လေသံဖြင့် ကတိပေးလာ၏။ "ရှင် ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် စိတ်ချလက်ချသာ သွားပါ။ ရှင့်သမီးကို ကျွန်မ အကောင်းဆုံး စောင့်ရှောက်ထားပါ့မယ်။ အနည်းဆုံးတော့ သူ့အတွက် နေ့တိုင်း ထမင်းဟင်း နွေးနွေးထွေးထွေး ချက်ကျွေးနိုင်ပါတယ်။"

တုပိုင်က ခေါင်းတစ်ချက်သာ ငြိမ့်ပြလိုက်ပြီးနောက် အခန်းတွင်းမှနေ၍ အပြင်ဘက်သို့ တိတ်ဆိတ်စွာ လျှောက်ထွက်သွားလိုက်သည်။

ကျယ်ဝန်းလှသော လသာဆောင်ထက်တွင်မူ တုရှောင်က ထိုက်ခန်ဧကရာဇ် လီရှောင်ချန်၏ သမီးဖြစ်သူ လီရှောင်ထန်အား သိုင်းပညာများ စနစ်တကျ သင်ကြားပေးနေ၏။

ထိုမြင်ကွင်းနှင့် မလှမ်းမကမ်းတွင်တော့ လီရှောင်ချန်၏ သားဖြစ်သူ လီဟိုင်မှာ မျှော်လင့်ချက် ကင်းမဲ့နေသည့် လူတစ်ယောက်အလား ကြမ်းပြင်ပေါ်တွင် ထိုင်နေလျက်ရှိသည်။ သူ၏ မျက်ဝန်းများထဲတွင်မူ နက်ရှိုင်းလှသော လွမ်းဆွေးမှုနှင့် ဖော်ပြ၍မရနိုင်သော နာကျင်မှုများက အထင်းသား ပေါ်လွင်နေ၏။

ယခင်က သူ၏ ဖခင်အား အနိုင်မခံ အရှုံးမပေးတတ်သည့် သူရဲကောင်းတစ်ဦးအဖြစ် သူ အမြဲတမ်း သတ်မှတ် ဂုဏ်ယူခဲ့သော်လည်း ယခုအခါ ထိုကြီးမားလှသော ပုံရိပ်ကြီးမှာ လုံးဝကို စိစိညက်ညက် ကျိုးပဲ့ပျက်စီးသွားခဲ့ရပြီဖြစ်၏။ သူ၏ ဖခင်သည် လူယုတ်မာတစ်ဦး ၊ တိရစ္ဆာန်တစ်ကောင်နှင့် အရှက်အကြောက်ကင်းမဲ့ကာ အသုံးမကျသော သတ္တိကြောင်သူ တစ်ယောက်သာ ဖြစ်နေခဲ့သည်ဟူသော အတွေးက လူငယ်လေး၏ ရင်ကို ဆုတ်ဖြဲနေ၏။

တုပိုင်က လေးလံသော ခြေလှမ်းများဖြင့် လျှောက်သွားကာ လီဟိုင်၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။

တုပိုင်က လေပြေအေးဖြင့် ရှင်းပြလိုက်၏။ "မင်းအဖေက မိဘမဲ့တစ်ယောက်ပါ။ သူ ငယ်ငယ်ကတည်းက သူ့ကို ကာကွယ်ပေးမယ့်သူ ၊ အရိပ်အာဝါသ ပေးမယ့်သူ ဘယ်သူမှ မရှိခဲ့ဘူး။ ဒါကြောင့် သူ ကိုယ်တိုင် အဖေတစ်ယောက် ဖြစ်လာတဲ့အချိန်မှာ မင်းတို့ကို အထူးတလည် ကာကွယ်ပေးချင်ခဲ့တာ။"

"ကံကြမ္မာ မိစ္ဆာက အိပ်မက်ဆိုး ဧကရာဇ်ကို သတ်လိုက်တဲ့ အချိန်တုန်းက မင်းအဖေကလည်း ဂုဏ်သိက္ခာရှိရှိ အတူတူ သေခံဖို့ တွေးခဲ့ပြီး သူရဲကောင်းတစ်ယောက် ဖြစ်ချင်ခဲ့သေးတယ်။ ဒါပေမဲ့ သူ့မျက်စိထဲမှာ မင်းအမေရယ် ၊ မင်းရယ် ၊ မင်းရဲ့ ညီမလေးအကြောင်းကိုပါ ရုတ်တရက် တွေးမိသွားတဲ့အတွက် မင်းတို့လေးတွေ အသက်ရှင်ဖို့အတွက် ဒူးထောက်ပြီး အရှုံးပေးလိုက်တာပဲ။"

လီဟိုင်က မျက်ရည်များဝဲကာ ပြန်မေးလာသည်။ "အဖေက သားတို့ကြောင့် ရန်သူ့ဆီမှာ သတ္တိကြောင်စွာ အရှုံးပေးခဲ့တာလား။"

တုပိုင်က တည်ငြိမ်စွာ ဖြေလိုက်၏။ "အနည်းဆုံးတော့ ဒီကိစ္စအတွက် သူ့ဘက်မှာ ကြီးမားတဲ့ အကြောင်းပြချက်တစ်ခု ရှိနေပါတယ်။ ဒါကြောင့် တစ်လောကလုံးက လူသားတွေအတွက်တော့ သူက အပြစ်ရှိသူ ၊ သတ္တိကြောင်သူ တစ်ယောက်လို့ သတ်မှတ်ခံရလိမ့်မယ်။ ဒါပေမဲ့ မင်းတို့အတွက် အဖေတစ်ယောက်အနေနဲ့ဆိုရင်တော့ သူက မဆိုးပါဘူး။"

လူငယ်လေး လီဟိုင်၏ မျက်ဝန်းအိမ်မှ မျက်ရည်ပူများမှာ တသွင်သွင် စီးကျလာရင်း ပြောလိုက်သည်။ "ဟုတ်ကဲ့။"

တုပိုင်က သူ၏ ပခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်သည်။ "ဒါက အရှက်ရစရာ တစ်ခုဖြစ်ကောင်း ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ သူ့သားဖြစ်တဲ့ မင်းအနေနဲ့ အနာဂတ်မှာ မင်းရဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေနဲ့ ဒီအရှက်တကွဲ ဖြစ်မှုတွေကို အကုန်လုံး ဆေးကြောပစ်လို့ ရပါတယ်။ မင်းရဲ့ အနာဂတ်က တောက်ပလာတဲ့အချိန် ၊ မင်းရဲ့ အံ့မခန်း စွမ်းဆောင်ချက်တွေက သူ့ရဲ့ အပြစ်တွေကို ဖုံးကွယ်ဖို့ လုံလောက်သွားတဲ့ အချိန်ကျရင် မင်းအဖေက ဒီလောကကြီးကို အကြွေးတင်နေတော့မှာ မဟုတ်ဘူး။"

တုပိုင်၏ စကားများမှာ အပြည့်အဝ တရားမျှတမှု မရှိသလို သိပ်ပြီးတော့လည်း ဂုဏ်ယူစရာ ကောင်းလှသည့် စကားမျိုးတော့ မဟုတ်ပေ။

သို့သော် ထိုစကားများကို ကြားပြီးနောက် လူငယ်လေး လီဟိုင်၏ မျက်ဝန်းထဲမှ ဝမ်းနည်းမှုများ နေရာတွင် မီးတောက်များကဲ့သို့ ပြင်းပြသော စိတ်ဓာတ်များ အစားထိုး ဝင်ရောက်လာကာ အံကိုကြိတ်လျက် အသည်းအသန် ဆိုလိုက်၏။ "သား ဘာလုပ်ရမလဲဆိုတာကို သိပါပြီ။"

ထို့နောက် သူက နေရာမှ ရုတ်တရက် မတ်တပ်ရပ်ကာ အပြင်ဘက်သို့ အပြေးအလွှား ထွက်သွားတော့သည်။ သူ၏ အထူးလေ့ကျင့်ရေးအခန်းဆီသို့ သွားကာ ၊ သိုင်းပညာများကို အသက်စွန့်၍ လေ့ကျင့်ချင်စိတ်များက သူ၏ သွေးကြောများထဲတွင် ဆူပွက်နေ၏။

တုပိုင် နန်းတော်၏ အမြင့်ဆုံးနေရာ၌ ခန့်ညားစွာ ရပ်နေကာ အောက်ဘက်ရှိ မြို့တော်ကြီးကို အပေါ်စီးမှ ငုံ့ကြည့်နေ၏။ လေပြင်းများက သူ၏ ဝတ်ရုံကို တဖျပ်ဖျပ် လွင့်ခါစေလျက်ရှိသည်။

ယခင်က လူဦးရေ တစ်သန်းကျော်ဖြင့် စည်ကားပြည့်နှက်နေခဲ့သော အင်ပါယာမြို့တော်ကြီးမှာ ယခုအချိန်တွင်မူ လုံးဝနီးပါး ဟာလာဟင်းလင်း ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် ကြောက်ရွံ့တုန်လှုပ်နေသော လူတစ်သန်းခန့်မှာ မြို့ကိုစွန့်ခွာကာ ထွက်ပြေးသွားကြသော ကြောင့်ဖြစ်သည်။

ယခု ကျန်ရစ်ခဲ့သော လူသုံးသိန်းခန့်မှာလည်း အတိုင်းအတာတစ်ခုအထိ ပုံမှန်မဟုတ်သော ရူးကြောင်ကြောင် လူများသာ ဖြစ်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူများက ယုတ္တိမတန်သော ၊ မဖြစ်နိုင်သော အံ့ဖွယ်ကိစ္စများကို အကြွင်းမဲ့ ယုံကြည်နေကြသောကြောင့် ဖြစ်၏။

အောက်ဘက် မြို့ရိုးအနီးတွင် ပဉ္စမမြောက် စစ်သေနာပတိက စစ်သည် ထောင်ပေါင်းများစွာကို ဦးဆောင်ကာ ပြိုကျနေသော မြို့ရိုးကို အသည်းအသန် ပြုပြင်နေ၏။ မီတာငါးဆယ်ခန့် မြင့်မားသော ထိုဧရာမ မြို့ရိုးကြီးမှာ မသေမျိုးသခင်၏ မီတာဆယ်ကျော်ရှိသော ဧရာမ လက်သီးချက်ဖြင့် အကြမ်းပတမ်း ထိုးဖောက် ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်သည်။

တုပိုင်၏ အကြည့်ကို မြင်သောအခါ ပဉ္စမမြောက် စစ်သေနာပတိက သူ၏ သံခမောက်ကို ချွတ်ကာ တုပိုင်အား အလွန်ရိုသေစွာဖြင့် ဦးညွှတ်အရိုအသေပေးလိုက်သည်။

သူ၏ သံခမောက်ကို ချွတ်လိုက်ချိန်တွင် ဖော်ပြလိုက်သော ဦးခေါင်း၏ မြင်ကွင်းမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှ၏။ မျက်နှာမှာ အနည်းငယ် ပုံပျက်နေပြီး ဦးခေါင်းခွံ၏ တစ်စိတ်တစ်ပိုင်းမှာလည်း လုံးဝ ပျောက်ဆုံးနေကြောင်း တွေ့လိုက်ရ၏။ ဤလူမှာ ဉာဏ်ရည်ဉာဏ်သွေး အကြီးအကျယ် ချို့ယွင်းနေသူ တစ်ဦးဖြစ်၏။ သို့သော် သိုင်းပညာနှင့် စွမ်းအင်များနှင့် ပတ်သက်လာလျှင်မူ မည်သူနှင့်မျှ မတူညီသော အလွန်ထက်မြက်သည့် ဗီဇအသိစိတ်တစ်ခု ရှိနေသည်။

သတ္တမမြောက် စစ်သေနာပတိသည်လည်း မြို့တော်တွင် ကျန်ရစ်နေခဲ့ပြီး သူကိုယ်တိုင်ကလည်း ပုံမှန်မဟုတ်သော လူတစ်ယောက်ပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူက အလွန်အမင်း စကားထစ်သူတစ်ဦးဖြစ်ရာ အခြေခံအားဖြင့် မည်သည့်အခါမျှ စကားမပြောဘဲ ဆွံ့အသူတစ်ဦးနှင့်ပင် တူနေသောကြောင့်ဖြစ်သည်။

ယခင်က စစ်သေနာပတိ ကိုးဦးရှိခဲ့သော်လည်း ယခုအခါ သုံးဦးသာ ကျန်ရစ်ခဲ့ပြီး သူတို့အားလုံးမှာ ပုံမှန်မဟုတ်သူများသာ ဖြစ်ကြသည်။

ကျန်တစ်ဦးဖြစ်သည့် ပထမ စစ်သေနာပတိ လီစစ်စစ်မှာ နာမည်လေးက အလွန်တရာ လှပကာ ဆွဲဆောင်မှု ရှိနေသော်ငြား ၊ သူမ၏ ခန္ဓာကိုယ်မှာမူ ယောက်ျားတစ်ယောက်ထက်ပင် ပို၍ ထွားကျိုင်း ယောက်ျားဆန်နေကာ သူမ၏ လေးထောင့်ကျကျ မျက်နှာပေါက်မှာလည်း ယောက်ျားစင်စစ် တစ်ယောက်ထက်ပင် ပို၍ ခက်ထန်ကာပီပြင်နေ၏။

သူမသည် ငယ်စဉ်ကတည်းကပင် အသက်လေးဆယ်အရွယ်ခန့် ရုပ်ရင့်နေခဲ့ပြီး မည်သည့်အခါမျှ အချစ်ရေးနှင့် ပတ်သက်ဖူးခြင်း မရှိခဲ့ချေ။ သို့သော် သူမသည် လိင်တူချစ်သူ တစ်ဦးလည်း မဟုတ်ပေ။

တုပိုင်က သက်ပြင်းချကာ မှတ်ချက်ချလိုက်၏။ "ကျန်ခဲ့တဲ့သူတွေက တစ်ယောက်မှ ပုံမှန်လူတွေ မဟုတ်ကြဘူးပဲ။"

ပထမ စစ်သေနာပတိ လီစစ်စစ်က မျက်နှာသေဖြင့် ပြန်ဖြေသည်။ "ဒီလို ငရဲခန်းအလား ကမ္ဘာပျက်ကပ်ကြီးထဲမှာ အသက်ရှင်ကျန်ရစ်နိုင်တဲ့ လူတွေက အနည်းနဲ့အများတော့ စိတ်ပိုင်းဆိုင်ရာဖြစ်ဖြစ် ၊ ရုပ်ပိုင်းဆိုင်ရာဖြစ်ဖြစ် ပုံမှန်မဟုတ်ကြဘူးလေ။ အထူးသဖြင့် ကျွန်မတို့လို သွေးစွန်းနေတဲ့ လူစုမျိုးတွေပေါ့။"

တုပိုင်က လေးနက်စွာ မှာကြားလိုက်သည်။ "ငါ မရှိတဲ့ ဒီရက်အနည်းငယ်အတွင်းမှာ အင်ပါယာမြို့တော်ထဲက ကိစ္စအဝဝ အကုန်လုံးကို မင်းဆီ လွှဲအပ်မယ်။ စစ်ပွဲ မစခင် ငါ ကျိန်းသေပေါက် ပြန်လာခဲ့မယ်။"

ပထမ စစ်သေနာပတိ လီစစ်စစ်က ခေါင်းတစ်ချက် ငြိမ့်ပြကာ ပြတ်သားစွာ ပြန်ဖြေ၏။ "ဟုတ်ကဲ့ပါ။"

တုပိုင် သူ၏သမီး တုရှောင်ကို သွားရှာကာ စွမ်းအင်များ တဖျပ်ဖျပ် တောက်ပနေသည့် ကိရိယာတစ်ခုကို ကမ်းပေးလိုက်၏။ ထိုအရာမှာ မသေမျိုးသခင်၏ အလွန်ရှားပါးသော စွမ်းအင်ကျောက်သလင်းကို အသုံးပြုကာ တုပိုင်ကိုယ်တိုင် ညတွင်းချင်း ပြုလုပ်ထားခြင်း ဖြစ်၏။ ဤနက်နဲဆန်းကြယ်သော စွမ်းအင်ကိရိယာမှာ မကြီးမားလှပေ။ ကိရိယာကို လက်ပတ်ပုံစံ ဖန်တီးထားပြီး သူ၏ သမီးဖြစ်သူ တုရှောင်၏ လက်ကောက်ဝတ်တွင် ကိုယ်တိုင်ကိုယ်ကျ ဂရုတစိုက် ဆင်ပေးလိုက်သည်။

တုပိုင် မေတ္တာအပြည့်ပါသော မျက်လုံးများဖြင့် မှာကြား၏။ "သမီး အသက်အန္တရာယ် ကြုံလာတဲ့အခါ ဒီခလုတ်လေးကို ချက်ချင်းနှိပ်လိုက်နော်။ ကြားလား။"

တုရှောင်က နားလည်ကြောင်း ခေါင်းညိတ်ပြသည်။

တုပိုင် သမီးဖြစ်သူအား ချော့မော့လိုက်၏။ "လိမ္မာလိုက်တဲ့ ကလေးလေး ၊ ဖေဖေ ရက်အနည်းငယ်နေရင် ကျိန်းသေပေါက် ပြန်လာမယ်။"

တုရှောင်က ယုံကြည်မှုအပြည့်ဖြင့် ကတိပေး၏။ "ဖေဖေ ၊ ဒီရက်ပိုင်းအတွင်း သမီးက ကျိုယန်ကျမ်းရင်းနဲ့ သိုင်းပညာတွေကို အဆက်မပြတ် လေ့ကျင့်နေခဲ့တာ။ သမီးရဲ့ ကျင့်စဉ်အခြေခံက အရမ်းကို မြန်မြန်ဆန်ဆန် တိုးတက်လာတယ်။ မောင်လေးလီဟိုင်နဲ့ ညီမ​လေး လီရှောင်ထန်တို့ကို သမီး သေချာလေး ကာကွယ်ပေးထားပါ့မယ်။ ဖေဖေ စိတ်ချလက်ချသာ သွားပါ။"

တုပိုင်က သူမ၏ နဖူးလေးကို ဖွဖွလေး နမ်းရှိုက်လိုက်၏။ "ကောင်းပြီ။"

တုရှောင်က တုပိုင်ကို ပြန်လည်ဖက်တွယ်ထားကာ သူမ၏ မျက်နှာလေးကို သူ၏ ကျယ်ပြန့်သော ရင်ခွင်ထဲ၌ အပ်ထားရင်း အလွန်တရာ တွယ်တာလွမ်းဆွတ်နေကြောင်း ပြသနေသည်။

ခဏအကြာတွင်တော့ တုပိုင်၏ ပုံရိပ်မှာ လေထဲတွင် အရည်ပျော်သွားသည့်အလား ရုတ်တရက် ပျောက်ကွယ်သွားတော့၏။

တုပိုင် ကြီးမားလှသော ငရဲမျှော်စင်ကြီးဆီသို့ တစ်ဖန် ပြန်လည်ရောက်ရှိလာပြန်ပြီ ဖြစ်သည်။ သူက အချိန်ဆွဲမနေဘဲ ပထမငါးလွှာကို တိုက်ရိုက်ဖြတ်သန်းသွားကာ ဆဋ္ဌမမြောက်အလွှာရှိ လုံးဝ မှောင်မိုက်နေသော ကန့်လန့်ကာကြီး၏ အပြင်ဘက်သို့ သွားလိုက်သည်။

ကမ္ဘာပျက်ကပ်ကြီး ဆိုက်ရောက်ချိန်တွင် မတူညီသော ကမ္ဘာလောကများမှ ရေတွက်၍မရနိုင်သော ကြောက်မက်ဖွယ် စွမ်းအင်များက ကမ္ဘာမြေပေါ်သို့ အတားအဆီးမဲ့စွာ စီးဝင်လာခဲ့ပြီး ၊ နက်နဲဆန်းကြယ်လှသော ငရဲမျှော်စင်ကြီးသည်လည်း ကမ္ဘာမြေပေါ်သို့ မိုးကောင်းကင်မှ ကျဆင်းလာခဲ့ခြင်း ဖြစ်၏။

အိပ်မက်ဆိုးဧကရာဇ်မှာ တစ်လောကလုံးအား ဖျက်ဆီးနိုင်စွမ်းရှိသည့် အလွန်တရာ အစွမ်းထက်လှသော သူတစ်ဦးဖြစ်သော်ငြား ၊ သူသည်ပင်လျှင် ပဉ္စမအဆင့် စမ်းသပ်မှုကိုသာ အောင်မြင်ထားခဲ့ခြင်း ဖြစ်၏။

တစ်ချိန်က တုပိုင်အား အိပ်မက်ဆိုးဧကရာဇ်သည်ပင်လျှင် ငရဲမျှော်စင်၏ ဆဋ္ဌမအလွှာသို့ လုံးဝ ဝင်ရောက်ရဲမည် မဟုတ်ကြောင်း အတိအလင်း ပြောခဲ့ဖူး၏။ အကယ်၍ မိုက်ရူးရဲဆန်စွာ ဝင်ရောက်သွားပါက အရိုးပြာအဖြစ်သို့ပင် ချက်ချင်း ပြောင်းလဲသွားကာ လုံးဝ ပျက်သုဉ်းပျောက်ကွယ်သွားမည်ဟု ဆိုခဲ့ဖူးသည်။

ဆဋ္ဌမအလွှာရှိ အရာခပ်သိမ်းမှာ ကမောက်ကမဖြစ်ကာ ဖရိုဖရဲ ဖြစ်နေ၏။ ဟင်းလင်းပြင် ၊ အချိန်ကာလ နှင့် အခြားသော ရုပ်ဝတ္ထုအရာ အားလုံးတို့မှာ ကစဉ့်ကလျား ဖြစ်နေသည်။ ဤနေရာရှိ အရာအားလုံးမှာ လိမ်ကောက်ပုံပျက်နေပြီး သဘာဝတရား၏ စည်းမျဉ်းများအားလုံး ပျက်ယွင်းနေကာ အလင်းတန်းများပင်လျှင် မျဉ်းဖြောင့်အတိုင်း မဖြတ်သန်းနိုင်ချေ။ ဤနေရာရှိ ဟင်းလင်းပြင်နှင့် အချိန်ကာလတို့မှာ လုံးဝကို ကြောက်မက်ဖွယ်ကောင်းအောင် ကမောက်ကမ ဖြစ်နေ၏။

သိုင်းပညာအဆင့် မည်မျှပင် အစွမ်းထက်နေစေကာမူ မည်သူတစ်ဦးတစ်ယောက်ကမျှ ဤဆဋ္ဌမမြောက် ငရဲမျှော်စင်ထဲသို့ လုံးဝ ဝင်ရောက်နိုင်စွမ်း မရှိကြပေ။

တုပိုင်သည် လက်ရှိတွင် ဆဋ္ဌမအဆင့် သိုင်းသူတော်စင် တစ်ပါးသာဖြစ်သည်။ သိုင်းသူတော်စင်၏ အထက်တွင် ငရဲနယ်ပယ် ရှိနေပြီး ၊ အိပ်မက်ဆိုးမင်းသား ၊ ထိုက်ခန်ဧကရာဇ် ၊ လေလွင့်မဟာမိတ်အဖွဲ့၏ စစ်သေနာပတိချုပ် နှင့် ရုပ်သေးမျိုးနွယ်စု၏ စစ်သေနာပတိတို့သည် ထိုငရဲနယ်ပယ်တွင်ရှိနေကြ၏။ ထိုစွမ်းအားရှင် လေးဦးမှာ ငရဲနယ်ပယ်၏ အထွတ်အထိပ်၌ ရှိနေကြသူများ ဖြစ်ကြသည်။

ငရဲနယ်ပယ်၏ အထက်ရှိ အဆုံးစွန်သောအဆင့်မှာ နိဗ္ဗာန်အဆင့် ဖြစ်ပြီး ၊ အိပ်မက်ဆိုးဧကရာဇ်သည် နိဗ္ဗာန်အဆင့်၏ အထွတ်အထိပ်၌ ရှိနေသူ ဖြစ်၏။

ထိုကဲ့သို့ နိဗ္ဗာန်အဆင့်၏ အထွတ်အထိပ်၌ရှိသော ပြိုင်ဘက်ကင်း အစွမ်းထက်သူပင်လျှင် ဤဆဋ္ဌမအလွှာသို့ ဝင်ရောက်နိုင်စွမ်း မရှိနေပေ။

ပြီးခဲ့သည့်အကြိမ်၌ တုပိုင်သည်လည်း ဆဋ္ဌမအလွှာသို့ ဝင်ရောက်နိုင်ခဲ့ခြင်း မရှိချေ။ သူသည် ခြေတစ်ဖက်သာ လှမ်းဝင်ခဲ့သော်လည်း အောက်သို့ ချနှင်းနိုင်ခဲ့ခြင်း မရှိဘဲ နောက်ဆုတ်ခဲ့ရသည်။ တစ်ကြိမ် ဝင်ရောက်လိုက်သည်နှင့် နိဗ္ဗာန်အဆင့် အထွတ်အထိပ်ရှိ အစွမ်းထက်သူပင်လျှင် ပြာကျပျက်သုဉ်းသွားမည် ဖြစ်ရာ ၊ တုပိုင်ကဲ့သို့ ဆဋ္ဌမအဆင့် သိုင်းသူတော်စင်လေးမှာမူ ဆိုဖွယ်ရာပင် မရှိတော့ချေ။

သို့သော် ဤတစ်ကြိမ်တွင်မူ တုပိုင်က အနည်းငယ်မျှပင် တုံ့ဆိုင်းမနေတော့ချေ။ မှောင်မိုက်လိမ်ကောက်နေသော ဟင်းလင်းပြင်ကြီးထဲသို့ တိုက်ရိုက်ပင် ရဲရဲဝင့်ဝင့် ခြေလှမ်းဝင်ရောက်သွားလိုက်သည်။

ထိုခဏ၌ သူ ချက်ချင်းပင် ပြာကျပျက်သုဉ်းသွားရတော့သည်။ မည်သည့် ခြွင်းချက်မျှ မရှိသလို ၊ မည်သည့် အံ့ဖွယ်ကိစ္စမျှလည်း ဖြစ်မလာခဲ့ချေ။ သူ၏ တစ်ကိုယ်လုံးမှာ ဖုန်မှုန့်များအလား လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး ၊ ခန္ဓာကိုယ် ပျောက်ကွယ်သွားရုံသာမက သူ၏ ဝိညာဉ်ပင်လျှင် သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သို့သော်... တုပိုင် မသေသေးပေ။ သူ့၌ တွေးတောနိုင်စွမ်းပင် ရှိနေသေး၏။ သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ် လုံးဝလွင့်စင်ပျောက်ကွယ်သွားခြင်းမှာ သေချာပေါက် အမှန်တကယ်ဖြစ်ကြောင်းကိုမူ ဖရိုဖရဲဖြစ်နေသော ဟင်းလင်းပြင်ထဲတွင် တုပိုင် ကောင်းစွာ နားလည်သဘောပေါက်​သည်။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၃၅ + ၉၃၆) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters