← Chapters

အခန်း (၉၃၇-၉၃၈)

Vol. 94 Ch. 937-938

အခန်း (၉၃၇-၉၃၈)

Vol. 94 Ch. 937-938

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၃၇ + ၉၃၈)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

ဤနေရာသည် သာမန်သုံးဖက်မြင်ကမ္ဘာ၏ သဘောတရားများ လုံးဝပျက်ယွင်းနေသော လေးဖက်မြင်နယ်ပယ်တစ်ခုနှင့် အတိအကျ ဆင်တူနေ၏။ အရာအားလုံးသည် အထက်အောက် ၊ ဘေးဘယ်ညာ ဟူသော တိုင်းတာမှုစံနှုန်းများ မရှိတော့ဘဲ ဖရိုဖရဲ ကမောက်ကမဖြစ်နေသော နေရာတစ်ခုဖြစ်ရာ ၊ မတော်တဆ ဝင်ရောက်လာသော မည်သည့်သက်ရှိ ၊ မည်သည့်ရုပ်ဝတ္ထုမဆို မျက်စိတစ်မှိတ်အတွင်းမှာပင် မရေမတွက်နိုင်သော ကွမ်တမ်အချက်အလက်များအဖြစ်သို့ တစ်စစီ ပြိုကွဲပြောင်းလဲသွားမည် ဖြစ်သည်။

ခန္ဓာကိုယ်၏ ဆဲလ်တစ်ခုချင်းစီ ၊ သွေးကြောမျှင်လေးများမှအစ ဝိညာဉ်အထိတိုင်အောင် အလင်းမှုန်လေးများအဖြစ် ပြိုကွဲသွားမည့် ဤနေရာတွင် သာမန်သဘောတရားအရ မသေနိုင်ခြင်းဆိုသည်မှာ လုံးဝမရှိသလို ၊ ဤနေရာမှ အသက်ရှင်လျက် လွတ်မြောက်ရန်ဆိုသည်မှာလည်း မဖြစ်နိုင်ပေ။

ထို့ကြောင့်ပင် တစ်လောကလုံးအား ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်ဆိုသော မဟာအိပ်မက်ဆိုးကြီး ကိုယ်တိုင်ကပင် ဤနေရာသို့ ခြေတစ်လှမ်းမျှ ဝင်ရောက်ရန် မဝံ့မရဲဖြစ်ကာ ကြောက်ရွံ့နေခဲ့ခြင်း ဖြစ်၏။

အမှန်တကယ်တော့ ဤနေရာက သာမန်စမ်းသပ်ကွင်းတစ်ခု မဟုတ်ချေ။ စကြဝဠာ၏ အစဦးကတည်းက တည်ရှိခဲ့သော နဂါးမျိုးနွယ်စုများ၏ အကြွင်းမဲ့ပိုင်စိုးရာ နယ်ပယ်တစ်ခုပင် ဖြစ်သည်။

လက်ရှိအချိန်၌ ကွမ်တမ်အချက်အလက်များအဖြစ် ပြိုကွဲလုနီးပါး ဖြစ်နေသော တုပိုင်၏ ဦးနှောက်နှင့် တွေးခေါ်နိုင်စွမ်းတို့မှာ လုံးလုံးလျားလျား အသွင်ပြောင်းလဲသွားသည်။

သူ၏ စဉ်းစားဆင်ခြင်မှုများသည် သာမန်လူသားတစ်ဦး၏ ကျဉ်းမြောင်းသော တွေးခေါ်မှုမျိုး မဟုတ်တော့ဘဲ ၊ ကြယ်တာရာများကို စိုးမိုးနိုင်စွမ်းရှိသည့် ရှေးဟောင်းနဂါးဘုရင်၏ ဝိညာဉ်ပိုင်းဆိုင်ရာ တွေးခေါ်မှုမျိုးနှင့် ပို၍တူညီလာတော့၏။ အဘယ်ကြောင့်ဆိုသော် ဤကမောက်ကမ ပတ်ဝန်းကျင်တစ်ခုလုံးကို ရှေးဟောင်းနဂါးဘုရင်၏ ခန့်ညားထည်ဝါလှသော ဝိညာဉ်စွမ်းအားများက လွှမ်းခြုံထားသောကြောင့် ဖြစ်သည်။

သေချာပေါက် တုပိုင်သည် သူ၏ ပင်ကိုယ်အသိစိတ်ဖြစ်သော တုပိုင်အဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်သော်ငြား ၊ သူ၏ အသိဉာဏ်အလွှာများထဲတွင်မူ အခြားသော ကြီးမြတ်သည့် မျိုးနွယ်စုတစ်ခု၏ နက်နဲသော တွေးခေါ်မှုစနစ်သို့ ရုတ်တရက် ကူးပြောင်းသွားသကဲ့သို့ ဖြစ်နေ၏။

ရှေးဟောင်းနဂါးဘုရင်၏ ဝိညာဉ်မှတ်ဉာဏ်သည် အဆုံးအစမရှိ နက်နဲဆန်းကြယ်လှသော စကြဝဠာရတနာသိုက်ကြီးတစ်ခုဖြစ်ကြောင်း စနစ်က အကြိမ်ကြိမ် ပြောခဲ့ဖူးသော်လည်း ၊ ယခင်က တုပိုင်တွင် ထိုကြီးမားလှသော မှတ်ဉာဏ်တံခါးကို ဖွင့်လှစ်နိုင်စွမ်း မရှိခဲ့ချေ။

သို့ရာတွင် ငရဲမျှော်စင်၏ ပထမငါးလွှာ စမ်းသပ်မှုများကို သွေးထွက်သံယိုများစွာဖြင့် ခက်ခဲစွာ အောင်မြင်ပြီးနောက်တွင်မူ တုပိုင်သည် ရှေးဟောင်းဝိညာဉ်မှတ်ဉာဏ်၏ အဖိုးတန်လှသော တစ်စိတ်တစ်ပိုင်းကို အံ့ဖွယ်တမျှ ဖွင့်လှစ်နိုင်ခဲ့သည်။

ထိုသို့ ပထမဆုံး ဖွင့်လှစ်နိုင်ခဲ့သည့် ဝိညာဉ်မှတ်ဉာဏ်ကြောင့် တုပိုင်မှာ လုံးဝ အံ့ဩမှင်တက်သွားခဲ့ရပြီး ၊ သူ၏ တွေးခေါ်မှုအာရုံများပါ လွန်စွာ တုန်လှုပ်ချောက်ချားသွားခဲ့ရ၏။

အဘယ်ကြောင့်ဆိုသော် သူပထမဆုံး ဖွင့်လှစ်နိုင်ခဲ့သည့် ဝိညာဉ်မှတ်ဉာဏ်သည် ဟင်းလင်းပြင်ကမ္ဘာ့တံခါး၏ လျှို့ဝှက်ချက် ဖြစ်နေသောကြောင့် ဖြစ်သည်။

ဟင်းလင်းပြင်ကမ္ဘာ့တံခါး ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုကြောင်း မေးခွန်းထုတ်စရာ ဖြစ်လာ၏။ သူတစ်ချိန်က ရှင်သန်ခဲ့ဖူးသော တာ့နင်အင်ပါယာသည်လည်း ကမ္ဘာမြေဖြစ်သလို ၊ ယခု ကမ္ဘာပျက်ကပ်အပြီး သူရောက်ရှိနေသော ခေတ်သစ်ကမ္ဘာမြေသည်လည်း ကမ္ဘာမြေပင် ဖြစ်သည်။ နှစ်ခုစလုံးမှာ ကမ္ဘာမြေများ ဖြစ်ကြသော်လည်း ၊ သူတို့သည် တူညီသော ဟင်းလင်းပြင်နယ်ပယ် တစ်ခုတည်း၌ ရှိမနေကြပေ။ သူတို့သည် အပြိုင်တည်ရှိနေကြသော မတူညီသည့် ကမ္ဘာများ ဖြစ်ကြသည်။

ဟင်းလင်းပြင်ကမ္ဘာ့တံခါးသည် ဟင်းလင်းပြင်၏ အဟန့်အတားများကို ဖြတ်ကျော်ကာ နေရာတစ်ခုတည်း၌ပင် ထိုမတူညီသော ဟင်းလင်းပြင်ကမ္ဘာများကို တိုက်ရိုက် ချိတ်ဆက်ဖွင့်လှစ်ပေးနိုင်စွမ်း ရှိ၏။

တစ်နည်းအားဖြင့် အလွယ်ဆုံး ဆိုရလျှင် ဟင်းလင်းပြင်ကမ္ဘာ့တံခါးကိုသာ အောင်မြင်စွာ ဖွင့်လှစ်လိုက်နိုင်သည်နှင့် သူ အလွန်တရာ လွမ်းဆွတ်နေရသော တာ့နင်အင်ပါယာဆီသို့ ချက်ချင်း သွားရောက်နိုင်မည် ဖြစ်၏။ ထိုနည်းတူ တာ့နင်အင်ပါယာကလည်း ကမ္ဘာပျက်ကပ်အတွင်းရှိ ခေတ်သစ်ကမ္ဘာမြေဆီသို့ အလွယ်တကူ ဝင်ရောက်လာနိုင်မည် ဖြစ်သည်။

ထို့ကြောင့် ထိုစဉ်က မှတ်ဉာဏ်အပိုင်းကို ဖွင့်လှစ်နိုင်ခဲ့ပြီးနောက် တုပိုင်မှာ အတိုင်းမသိ ဝမ်းသာပီတိဖြစ်ကာ လုံးဝ အံ့ဩမှင်တက်သွားခဲ့ရခြင်း ဖြစ်၏။

သို့သော် ထိုဝမ်းသာမှုသည် ကြာကြာမခံခဲ့ချေ။ ဟင်းလင်းပြင်ကမ္ဘာ့တံခါးနှင့် ပတ်သက်သည့် ဝိညာဉ်မှတ်ဉာဏ် ရှိနေသော်ငြား လုံးဝ အနက်မဖော်နိုင်ကြောင်းကို နောက်ပိုင်းတွင် သူ ယူကျုံးမရ တွေ့ရှိခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် အတွင်းရှိ ဝိညာဉ်အချက်ပြမှုများမှာ တုပိုင်အတွက် လုံးဝ အသက်ဝင်မလာခဲ့ဘဲ ၊ ထိုရှေးဟောင်းနဂါးစာသားများကို သူက စကားလုံးတစ်လုံးမျှပင် နားမလည်နိုင်ခဲ့သောကြောင့် ဖြစ်သည်။

ထို့အပြင် ဟင်းလင်းပြင်ကမ္ဘာ့တံခါးအတွင်း၌ လျှို့ဝှက်စွာ သိမ်းဆည်းထားသော အချက်အလက်ပမာဏမှာလည်း ကောင်းကင်ယံရှိ ကြယ်တာရာများပမာ အလွန်တရာ ကြီးမားများပြားလှ၏။ ခေတ်သစ်ကမ္ဘာ၏ အဆင့်အမြင့်ဆုံး စူပါကွန်ပျူတာများနှင့် တွက်ချက်ကြည့်မည်ဆိုပါကပင် အချက်အလက်များကို သိမ်းဆည်းရန် စူပါကွန်ပျူတာမည်မျှ လိုအပ်မည်ကို ခန့်မှန်း၍မရနိုင်သလို ၊ ထိုအချက်အလက်များကို တွက်ချက် အနက်ဖော်ရန်ဆိုသည်မှာလည်း သာမန်နည်းပညာများဖြင့် လုံးဝမဖြစ်နိုင်သကဲ့သို့ ရှိနေသည်။

တုပိုင်၏ ဦးနှောက်ထဲရှိ စနစ်ကိုယ်တိုင်က အခြားကမ္ဘာတစ်ခုမှ အဆင့်မြင့်ဆုံး စူပါစွမ်းအင်သုံး ကွန်ပျူတာတစ်လုံး ဖြစ်သည်။ သို့သော် ထိုစနစ်ကပင်လျှင် အချက်အလက်များကို လုံးဝ အနက်မဖော်နိုင်ကြောင်း ဝန်ခံခဲ့ဖူး၏။ အဘယ်ကြောင့်ဆိုသော် ဤအရာသည် စနစ်ကို တည်ဆောက်ထားသော နည်းပညာအဆင့်ထက် များစွာ သာလွန်နေသော စွမ်းအင်ယဉ်ကျေးမှုတစ်ခုဖြစ်ပြီး ၊ မူလအစ ရှေးဟောင်းနဂါးမျိုးနွယ်စုများ၏ အဆင့်မြင့် ယဉ်ကျေးမှု ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

သို့သော် ငရဲမျှော်စင်၏ ဆဋ္ဌမမြောက် ပုံရိပ်ယောင်နယ်ပယ်သို့ ရောက်ရှိလာပြီးနောက်တွင်မူ အရာအားလုံးက ပြောင်းလဲသွားတော့၏။

ဟင်းလင်းပြင်ကမ္ဘာ့တံခါးနှင့် ပတ်သက်သော ရှုပ်ထွေးလှသည့် အချက်အလက်အားလုံးမှာ သူ၏ ဉာဏ်အလင်းထဲတွင် အလိုလို ရှင်းလင်းတောက်ပလာသည်။

အဘယ်ကြောင့်ဆိုသော် တုပိုင်၏ အသက် ၊ စိတ်နှလုံးနှင့် ဝိညာဉ်တို့ကိုယ်တိုင်က ဤလေးဖက်မြင်ကမ္ဘာထဲတွင် မရေမတွက်နိုင်သော ကွမ်တမ်အချက်အလက်များ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာသောကြောင့် ဖြစ်သည်။ ဤဆဋ္ဌမအလွှာရှိ ကမောက်ကမဖြစ်နေသော ဟင်းလင်းပြင်သည် ဟင်းလင်းပြင်ကမ္ဘာ့တံခါး၏ ဝိညာဉ်မှတ်ဉာဏ် အပြည့်အဝ လည်ပတ်လုပ်ဆောင်နိုင်သော ပတ်ဝန်းကျင်အခြေအနေနှင့် ထပ်တူကျနေပုံရ၏။

ထို့ကြောင့် အခွင့်အရေးကို လက်လွတ်မခံဘဲ တုပိုင်နှင့် စနစ်တို့သည် ဝိညာဉ်မှတ်ဉာဏ်ထဲရှိ ဟင်းလင်းပြင်ကမ္ဘာ့တံခါးကို အနက်ဖော်ရန်အတွက် သူတို့၏ ဦးနှောက်စွမ်းအားနှင့် တွက်ချက်မှုစွမ်းရည် အားလုံးကို အစွမ်းကုန် အသုံးပြုလိုက်ကြတော့သည်။

ဤအရာရှိ အချက်အလက်များမှာ ကြယ်တာရာများပမာ ကြီးမားများပြားလှရာ ၊ စာလုံးတစ်လုံးချင်းစီ ၊ ကုဒ်တစ်ခုချင်းစီကို အနက်ဖော်ရန် လိုအပ်မည့် အချိန်ကာလမှာလည်း အလွန်တရာကို ကြာမြင့်လှ၏။

ဆယ်ရက် ၊ လဝက် ၊ နှစ်ဝက် ၊ တစ်နှစ် ၊ ငါးနှစ် ၊ ဆယ်နှစ် ၊ ဆယ့်ငါးနှစ်…

ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော ၊ ရူးသွပ်မတတ် ပင်ပန်းနွမ်းနယ်ရသော အချိန်များစွာ ကုန်လွန်သွားခဲ့သည်။ သူ၏ စိတ်ဝိညာဉ်မှာ ကြိမ်ဖန်များစွာ ပင်ပန်းလွန်း၍ ပြိုလဲလုမတတ် ဖြစ်ခဲ့ရသော်လည်း တုပိုင်သည် မဆုတ်မနစ်သော ဇွဲဖြင့် ဆက်လက် တောင့်ခံထားခဲ့သည်။

သို့သော် တုပိုင်မှာ အချိန်ကြာမြင့်သွားမည်ကို စိုးရိမ်ပူပန်နေစရာ မလိုပေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာရှိ အချိန်စီးဆင်းမှုနှုန်းမှာ အပြင်ကမ္ဘာနှင့် လုံးဝ ကွာခြားနေသောကြောင့် ဖြစ်၏။

အတွင်းဘက်၌ ဆယ်နှစ်ခန့် ကြာသွားသော်ငြား ၊ အပြင်ဘက်ကမ္ဘာ၌မူ တစ်ရက်မျှပင် ကုန်ဆုံးသွားဦးမည် မဟုတ်ချေ။

ဆဋ္ဌမအလွှာရှိ ကမောက်ကမ ဟင်းလင်းပြင်သည် အချိန်နှင့် ဟင်းလင်းပြင် သဘောတရားများ အကျုံးမဝင်သော အဏုကြည့်ကမ္ဘာငယ်လေး တစ်ခု သီးသန့်တည်ရှိနေသည်နှင့်ပင် ဆင်တူနေ၏။

နောက်ဆုံးတွင်မူ တုပိုင်ကိုယ်၌ အချိန်ဆိုသည့် သဘောတရားကိုပင် လုံးဝ မေ့လျော့သွားတော့သည်။

သူနှင့် စနစ်တို့သည် ဟင်းလင်းပြင်ကမ္ဘာ့တံခါးနှင့် ပတ်သက်သည့် ရှေးဟောင်းနဂါးဘုရင်၏ အဆုံးမဲ့ မှတ်ဉာဏ်များကို မမောမပန်း ဆက်လက် အနက်ဖော်နေကြဆဲ ဖြစ်သည်။

အချိန်မည်မျှ ကြာသွားပြီနည်း ဆိုသည်ကို အမှန်တကယ်ပင် မသိနိုင်တော့ချေ။ ဆယ်စုနှစ်များ ၊ ရာစုနှစ်များအထိ ကြာမြင့်သွား၏။

အဆုံး၌မူ အောင်မြင်မှု အလင်းရောင်က ထွက်ပေါ်လာသည်။ တုပိုင်သည် နက္ခတ္တဗေဒပမာဏမျှ များပြားလှသော ဟင်းလင်းပြင်ကမ္ဘာ့တံခါး၏ အချက်အလက်များအားလုံးကို တစ်ခုမကျန် လုံးဝ အနက်ဖော်နိုင်သွားပြီဖြစ်လေသည်။

ဤအရာသည် တုပိုင် သူ့ဘဝတစ်လျှောက်လုံး လုပ်ဖူးသမျှထဲတွင် အခက်ခဲဆုံး ၊ အပင်ပန်းဆုံးနှင့် ဉာဏ်ရည်အမြင့်မားဆုံး အရာပင် ဖြစ်သည်။ စာကြည့်တိုက်ပေါင်း တစ်ရာစာမျှရှိသော အချက်အလက်ပမာဏထက် များပြားနေမည်လောကို မှန်းဆ၍ပင် မရနိုင်ချေ။

ထိုအနက်ဖော်လိုက်သည့် အချက်အလက်များအထဲတွင် စကြဝဠာ အသီးသီးသို့ သွားရောက်နိုင်မည့် အရေးကြီးသော တည်နေရာ ကိုဩဒိနိတ် မျိုးစုံ ပါဝင်နေပြီး ၊ သန်းပေါင်းရာနှင့်ချီ၍ ရှုပ်ထွေးစွာ ရှိနေ၏။

အနက်ဖော်ခြင်း လုပ်ငန်းစဉ်များအားလုံး ပြီးစီးသွားပြီးနောက် ၊ တုပိုင် နောက်ထပ်လုပ်ရမည့် အရာမှာ ထိုကိုဩဒိနိတ်များထဲမှ တာ့နင်အင်ပါယာ၏ ဟင်းလင်းပြင်ဆီသို့ တိကျစွာ ဦးတည်မည့် ဟင်းလင်းပြင်တံခါးတစ်ခုကို ဖန်တီးတည်ဆောက်ရန်ပင် ဖြစ်သည်။

အတွက် မည်သည့် ရုပ်ဝတ္ထုပစ္စည်းများ လိုအပ်မည်နည်း ဟူသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာ၏။ အမှန်တော့ မည်သည့် ပြင်ပပစ္စည်းမျှ မလိုအပ်ပေ။ အဖိုးတန် စွမ်းအင်ကျောက်သလင်းလည်း မလိုအပ်သလို ၊ မည်သည့် ရုပ်ဝတ္ထုပစ္စည်းမျှလည်း မလိုချေ။ ဆဋ္ဌမမြောက် ကမောက်ကမ ဟင်းလင်းပြင်အတွင်းရှိ မရေမတွက်နိုင်သော ရှုပ်ထွေးသည့် စွမ်းအင်များကို တစ်စစီဆွဲယူကာ တိကျသော နေရာချထားမှုဖြင့် ပေါင်းစပ်ယက်လုပ်လိုက်ရန်သာ လိုအပ်သည်။

သို့သော် ဤအရာသည် ပြောသလောက် မလွယ်ကူပေ။ ထရီလီယံနှင့်ချီသော အချက်အလက်များကို ဂျီဩမေတြီပုံစံများအတိုင်း တိကျစွာ နေရာချထားကာ ပေါင်းစပ်ရမည့် အလွန်တရာ ကြီးမားလှသော နတ်ဘုရားအဆင့် စီမံကိန်းကြီး တစ်ခုဖြစ်၏။

ဆံခြည်တစ်မျှင်စာမျှ အနည်းငယ်လေး အမှားအယွင်း ရှိသွားပါကပင် လုံးဝ အလုပ်ဖြစ်မည် မဟုတ်ချေ။ လွဲချော်မှုတစ်ခုက သူ့ကို အမည်မသိ အခြားစကြဝဠာတစ်ခုဆီသို့ ပို့ဆောင်လိုက်နိုင်၏။

ထို့ကြောင့် တုပိုင်နှင့် စနစ်တို့မှာ ရူးသွပ်မတတ် အလုပ်များကို ထပ်မံ ကြိုးစားလုပ်ဆောင်ရပြန်သည်။

သူတို့သည် ကမောက်ကမ ဟင်းလင်းပြင်၏ ရှုပ်ထွေးကာ ဖရိုဖရဲဖြစ်နေသော စွမ်းအင်များကို အပ်ချည်ကြိုးများအလား အသုံးပြု၍ တစ်စစီ သေချာစွာ နေရာချကာ ပေါင်းစပ်ကြရ၏။

တစ်နှစ် ကုန်လွန်သွား၏။

သုံးနှစ် ကုန်လွန်သွား၏။

ငါးနှစ် ကုန်လွန်သွားသည်။

နှစ်ပေါင်း မည်မျှ ကြာသွားပြီနည်း ဆိုသည်ကိုပင် တုပိုင် မသိတော့ချေ။.နောက်ဆုံးတွင်တော့ တုပိုင်သည် သူ၏ စိတ်ဝိညာဉ် အားအင်များ လုံးဝ ခမ်းခြောက်လုနီးပါး အချိန်တွင် ၊ တာ့နင်အင်ပါယာ၏ ဟင်းလင်းပြင်ကမ္ဘာဆီသို့ ဦးတည်မည့် ဟင်းလင်းပြင်တံခါးကို ၉၉.၉၉၉ ရာခိုင်နှုန်းအထိ အပြီးသတ်နိုင်လိုက်၏။

အတိုချုပ်ပြောရလျှင် နောက်ဆုံး စွမ်းအင်အပိုင်းအစတစ်ခုကို နေရာချထားခြင်းနှင့် ပေါင်းစပ်ခြင်း အဆင့်တစ်ခုသာ ကျန်ရှိတော့သည်။

သို့သော် ယခုအချိန်အထိ ဤဟင်းလင်းပြင်တံခါး ဆိုသည့်အရာကြီးမှာ ရှုပ်ပွနေဆဲပင် ဖြစ်သည်။ ငရဲမျှော်စင်၏ ဆဋ္ဌမအလွှာမှာလည်း ကမောက်ကမ ဖြစ်နေဆဲဖြစ်ပြီး ၊ ဟင်းလင်းပြင်တံခါး၏ သပ်ရပ်စနစ်ကျသော ပုံပန်းသဏ္ဍာန်မျိုး လုံးဝ ပေါ်ထွက်လာခြင်း မရှိသေးချေ။

အမှန်တကယ် အောင်မြင်မည်လောကို တုပိုင် စိုးရိမ်ပူပန်နေမိ၏။ သူ၏ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုများက အချည်းနှီးဖြစ်သွားမည်ကိုလည်း တွေးပူမိသည်။ အားလုံးက ဤနောက်ဆုံးအဆင့် စွမ်းအင် နေရာချထားခြင်းနှင့် ပေါင်းစပ်ခြင်းအပေါ်တွင်သာ မူတည်နေသည်။

တုပိုင် ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ၊ သူ၏ အာရုံအားလုံးကို စုစည်းကာ နောက်ဆုံးအဆင့်ကို သတိကြီးစွာဖြင့် ထည့်သွင်းပေါင်းစပ်လိုက်သည်။

ဝှစ်ခနဲ အသံထွက်ပေါ်လာ၏။

ထိုခဏ၌ ငရဲမျှော်စင်၏ ဆဋ္ဌမအလွှာသည် အလွန်တရာ အံ့မခန်းဖြစ်ကာ လုံးဝ ပြောင်းပြန်လှန်သွားစေမည့် အပြောင်းအလဲကြီးတစ်ခုကို ရုတ်တရက် ကြုံတွေ့လိုက်ရသည်။

ကမောက်ကမဖြစ်နေသော စွမ်းအင်အားလုံးသည် လေဟာပြင်ထဲသို့ စုပ်ယူခံလိုက်ရသည့်အလား ချက်ချင်း ပျောက်ကွယ်သွား၏။ လိမ်ကောက်နေသော ဟင်းလင်းပြင်နှင့် အချိန်ကာလတို့အားလုံး လုံးဝ ကွယ်ပျောက်သွားရ၏။ တုပိုင်၏ မျက်စိရှေ့၌လည်း အရာအားလုံးက ရုတ်တရက် ဆိုသလို လင်းထိန်သွားသည်။

ထို့နောက် အလွန်တရာ ခမ်းနားပြီး သပ်ရပ်စနစ်ကျသော ဟင်းလင်းပြင်တစ်ခု ရုတ်ခြည်း ဖြစ်တည်လာ၏။

ဤသည်မှာ ငရဲမျှော်စင် ဆဋ္ဌမအလွှာ၏ မူလရုပ်သွင်အစစ်အမှန်ပင် ဖြစ်သည်။ ဧရိယာအားဖြင့် စတုရန်းမီတာ သိန်းနှင့်ချီ ကျယ်ဝန်းပြီး ၊ အမြင့်မှာလည်း မီတာ ရာနှင့်ချီ မြင့်မားသော အလွန်တရာကြီးမားသည့် ဧရာမ ဟင်းလင်းပြင်ကြီး တစ်ခုဖြစ်သည်။ ထိုနေရာသည် အဆုံးအစမရှိ ကြီးမားကျယ်ပြန့်သော နတ်ဘုရားကျောင်းတော်ကြီးတစ်ခုနှင့်ပင် တူနေ၏။

ဤဆဋ္ဌမအလွှာ မျှော်စင်၏ ကြမ်းပြင်နှင့် နံရံများအားလုံးမှာ နက်နဲဆန်းကြယ်သော ရှေးဟောင်း စွမ်းအင်ကျောက်တုံးကြီးများဖြင့် သေသပ်စွာ တည်ဆောက်ထားခြင်း ဖြစ်၏။

တုပိုင်သည်လည်း လွင့်မျောနေသည့် အခြေအနေမှ ကင်းလွတ်ကာ ခိုင်မာသော ကျောက်တုံးကြမ်းပြင်ပေါ်၌ အကောင်းပကတိ မတ်မတ်ရပ်နေလျက်ရှိနေသည်။

တုပိုင်ကို လုံးဝ အံ့ဩမှင်တက်သွားစေသည့် နောက်ထပ် အရာတစ်ခုမှာ ဆဋ္ဌမမြောက် ငရဲမျှော်စင်အလွှာ၏ အဆုံးတစ်ဖက်၌ အပေါ်သို့ ဆက်တက်ရန် ကျောက်သားလှေကားထစ်များ ရှိနေသေးခြင်းပင် ဖြစ်သည်။

ဤသည်မှာ သတ္တမမြောက် ငရဲမျှော်စင်အလွှာ ရှိနေသေးသည်ဆိုသော သဘောပင် ဖြစ်နေ၏။ ဆဋ္ဌမအလွှာကပင် ဤမျှလောက် ယုံကြည်နိုင်ဖွယ်မရှိအောင် နက်နဲနေကာ လေးဖက်မြင်နယ်ပယ်နှင့် ဆင်တူသော လုံးဝ ဖရိုဖရဲနေရာတစ်ခု ဖြစ်ပြီး ၊ မဟာအိပ်မက်ဆိုးကြီးပင်လျှင် ဝင်ရောက်နိုင်ခြင်း မရှိခဲ့ချေ။ ထိုသို့ဆိုလျှင် သတ္တမမြောက်အလွှာဆိုသည်မှာ မည်မျှပင် အတိုင်းအဆမဲ့ စွမ်းအားတွေ ရှိနေဦးမည်ကို မှန်းဆ၍မရနိုင်ချေ။ ထိုအလွှာသည် နတ်ဘုရားများ၏ နေရာများဖြစ်နေမည်ဟု တုပိုင် တွေးတောလိုက်မိသည်။

သို့သော် တုပိုင်အနေဖြင့် အနည်းဆုံးတော့ ယခုအချိန်၌ သတ္တမမြောက် ငရဲမျှော်စင်အလွှာဆီသို့ ဆက်သွားရန် ရည်ရွယ်ချက် မရှိသေးပေ။ သူ၏ ပန်းတိုင်သည် တစ်ခုတည်းသာ ရှိသည်။

အချိန်များ ခေတ္တမျှ ကုန်လွန်သွားရ၏။

ထိုအခိုက် ရုတ်တရက်ဆိုသလိုပင် အလင်းတန်းတစ်ခုက တဖြည်းဖြည်း လင်းလက်တောက်ပလာသည်။ ထိုအလင်းရောင်က ငရဲမျှော်စင်၏ ဆဋ္ဌမအလွှာ တစ်ခုလုံးကို နေ့လယ်ခင်းအလား လင်းထိန်သွားစေရာ ၊ တုပိုင်မှာ ခေတ္တမျှ မျက်စိပြာသွားရပြီး လက်ဖြင့် ကွယ်လိုက်ရသည်။

သူ၏ အမြင်အာရုံ ပြန်လည်ကောင်းမွန်လာမည့် အချိန်အထိ စောင့်ဆိုင်းလိုက်ပြီးနောက် အလင်းရောင်လာရာသို့ လှမ်းကြည့်လိုက်ရာ ဧရာမ ဟင်းလင်းပြင်တံခါးကြီးတစ်ခုက သူ၏ ရှေ့မှောက်၌ ခံ့ညားစွာ ပေါ်ထွက်နေသည်ကို တွေ့လိုက်ရ၏။

အကျယ် မီတာ ၅၀၀ ကျော်နှင့် အမြင့် မီတာ ၃၀၀ ကျော်ရှိသော ဟင်းလင်းပြင်တံခါးကြီးသည် ငရဲမျှော်စင်၏ ဆဋ္ဌမအလွှာ အလယ်တည့်တည့်တွင် မားမားမတ်မတ် ရပ်တည်နေ၏။ တံခါး၏ ဘောင်များတွင် ရှေးဟောင်းနဂါးစာသားများက အသက်ဝင်နေသကဲ့သို့ ရွေ့လျားတောက်ပနေပြီး ၊ တံခါးပေါက်အတွင်း၌မူ စကြဝဠာတစ်ခုလုံး လည်ပတ်နေသကဲ့သို့ နက်ပြာရောင် စွမ်းအင်လှိုင်းများက ဝဲဂယက်ထနေ၏။

လွန်စွာ လှပကာ နက်နဲဆန်းကြယ်လှသော ဟင်းလင်းပြင်တံခါးကြီးပင် ဖြစ်သည်။

တုပိုင် အောင်မြင်သွားပြီဖြစ်၏။

သူသည် လူသားတစ်ယောက်အနေဖြင့် မဖြစ်နိုင်ပါဘူးဟု သတ်မှတ်ထားသော ငရဲမျှော်စင် ဆဋ္ဌမအလွှာ၏ စမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်သည်။

ရှေးဟောင်းနဂါးဘုရင်၏ ဝိညာဉ်မှတ်ဉာဏ်ကို အခြေခံ၍ ၊ တာ့နင်အင်ပါယာ ဟင်းလင်းပြင်ကမ္ဘာဆီသို့ တိုက်ရိုက် ဦးတည်မည့် ဟင်းလင်းပြင်တံခါးကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်၏။

တုပိုင် သူ၏ မျက်ဝန်းများထဲတွင် ပီတိမျက်ရည်များ ဝဲတက်လာကာ အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်မိသည်။ ထို့နောက် တုန်ယင်နေသော ခြေလှမ်းများဖြင့် ဟင်းလင်းပြင်တံခါးထဲသို့ ရဲရဲဝင့်ဝင့် လှမ်းဝင်သွားလိုက်သည်။

တုပိုင်က ရေရွတ်လိုက်မိသည်။ “တာ့နင်အင်ပါယာ… ငါ ပြန်လာပြီ။ ဆယ့်ငါးနှစ်ကျော်တောင် အချိန်တွေ ကုန်လွန်သွားခဲ့ပြီပဲ… မင်းတို့ အဆင်ပြေကြရဲ့လား။ တာ့နင်အင်ပါယာထဲက ငါ့ရဲ့ ချစ်ရတဲ့ မိသားစုတွေ ၊ အသက်နဲ့ရင်း၍ တိုက်ပွဲဝင်ခဲ့ကြတဲ့ ငါ့ရဲ့ ရဲဘော်ရဲဘက်တွေ… မင်းတို့အားလုံး အဆင်ပြေကြရဲ့လား။ ငါ ပြန်လာပြီ…”

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၃၇ + ၉၃၈) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters