← Chapters

အခန်း (၉၃၉-၉၄၀)

Vol. 94 Ch. 939-940

အခန်း (၉၃၉-၉၄၀)

Vol. 94 Ch. 939-940

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၃၉ + ၉၄၀)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

ဧရာမ ဟင်းလင်းပြင်တံခါးကြီးအတွင်းသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ၊ အချိန်နှင့် ဟင်းလင်းပြင် ဥမင်လိုဏ်ခေါင်းကို ခရီးနှင်ကာ ဖြတ်သန်းသွားရသည့် ခံစားချက်မျိုးကို တုပိုင် လုံးဝ မရလိုက်ချေ။

မည်သည့် ကြားကာလ အကူးအပြောင်းမှ မရှိလိုက်ဘဲ သူ၏ မျက်စိရှေ့မှောက်၌ နေမင်းတစ်စင်း ပေါက်ကွဲသွားသကဲ့သို့ စူးရှပြင်းထန်လှသော အဖြူရောင်အလင်းတန်းတစ်ခုက ရုတ်တရက် လင်းလက်သွားတော့၏။

ထိုမျက်စိကျိန်းမတတ် အလင်းတန်းများ ပျောက်ကွယ်သွားချိန်တွင်မူ ပတ်ဝန်းကျင်ရှိ အရာအားလုံးက ပြောင်းလဲသွားပြီ ဖြစ်သည်။

တုပိုင်သည် ရင်းနှီးသယောင်ယောင်ရှိသော်လည်း အလွန်တရာ သူစိမ်းဆန်လှသော ကမ္ဘာသစ်တစ်ခုဆီသို့ ရောက်ရှိသွား၏။

ရင်းနှီးနေရခြင်း၏ အကြောင်းရင်းမှာ ဤနေရာသည် အဆုံးအစမရှိ ကျယ်ပြောလှသော သာမန်ပင်လယ်ပြင်တစ်ခုထက်၌ ရှိနေသောကြောင့်ပင် ဖြစ်သည်။ သူစိမ်းဆန်နေရခြင်းမှာမူ တုပိုင်တစ်ယောက် ကမ္ဘာပျက်ကပ်ဆိုက်နေသော ကမ္ဘာမြေပေါ်တွင် အချိန်ကာလ အတော်ကြာအောင် နေထိုင်ခဲ့ရကာ ၊ သူ၏ မျက်လုံးများက ပြာမှုန်များ ဖုံးလွှမ်းနေသော မီးခိုးရောင်ကောင်းကင်ကြီးနှင့် သွေးညှီနံ့များ ၊ သေမင်းတမန် အငွေ့အသက်များသာ လွှမ်းခြုံနေသော ငရဲခန်းအလား မီးခိုးရောင်ကမ္ဘာမြေကြီးကိုသာ မြင်တွေ့ယဉ်ပါးနေခဲ့သောကြောင့်ပင်။

ထို့ကြောင့်ပင် ယခု သူ၏ မျက်မှောက်၌ တွေ့မြင်နေရသော ဤမျှ သန့်စင်ကြည်လင်နေသည့် ကမ္ဘာကြီးမှာ အိပ်မက်တစ်ခုအလား အလွန်အမင်း ထူးဆန်းနေသယောင် ခံစားနေရခြင်း ဖြစ်၏။

သို့သော်ငြား ဤနေရာသည် တာ့နင်အင်ပါယာ ဟင်းလင်းပြင်ကမ္ဘာ၏ မည်သည့်ထောင့်အကွေ့တွင် ရှိနေမည်ကိုတော့ သူ မသိနိုင်သေးချေ။

ဤဟင်းလင်းပြင်တံခါးကြီးကို သူကိုယ်တိုင် ဖန်တီးခဲ့ခြင်းဖြစ်သည်မှာ မှန်သော်လည်း ၊ တံခါး၏ တစ်ဖက်အထွက်ပေါက် မည်သည့်နေရာတွင် တိတိကျကျ သွားပွင့်မည်ကိုမူ သူ အမှန်တကယ် မသိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် တာ့နင်အင်ပါယာ ဟင်းလင်းပြင်၏ တည်နေရာကိုဩဒိနိတ်များကို တိကျသော ကိန်းဂဏန်းများဖြင့် မဟုတ်ဘဲ ၊ ပြင်းထန်သော စွမ်းအင်အညွှန်းကိန်းအပေါ် အခြေခံ၍သာ ရမ်းဆကာ သတ်မှတ်ခဲ့ရခြင်းကြောင့်ဖြစ်သည်။ တာ့နင်အင်ပါယာ တည်ရှိနေသည့် ဟင်းလင်းပြင်ခွဲရှိ နေရာတိုင်းကို ဟင်းလင်းပြင်တံခါးအဖြစ် အသုံးပြု၍ မရနိုင်ဘဲ ၊ သဘာဝအလျောက် မြင့်မားသော ဟင်းလင်းပြင်စွမ်းအင်များ စုစည်းနေသည့် နေရာများကိုသာ ရွေးချယ်အသုံးပြုရန် လိုအပ်သောကြောင့် ဖြစ်သည်။

သို့သော် ပတ်ဝန်းကျင်ကို စွန်ရဲတစ်ကောင်ကဲ့သို့ စူးရှစွာ လှည့်ပတ်ကြည့်ရှုလိုက်သည်နှင့် တစ်ပြိုင်နက် ၊ ဤနေရာသည် မည်သည့်နေရာဖြစ်ကြောင်းကို တုပိုင် ချက်ချင်း သဘောပေါက်သွား၏။

ဤနေရာကား အခြားမဟုတ် ၊ ပေမင်ဓားဂိုဏ်း၏ ကမ္ဘာ့အက်ကွဲကြောင်းကြီးပင် ဖြစ်သည်။ အကြောင်းမူကား သူ၏ ကျောဘက်တွင် ကောင်းကင်ယံကိုပင် ထက်ပိုင်းဖြတ်ထားသကဲ့သို့ မီတာသောင်းနှင့်ချီ ရှည်လျားသော ဧရာမ အလင်းတန်းအက်ကွဲကြောင်းကြီးတစ်ခုက ထည်ဝါစွာ တည်ရှိနေသောကြောင့်ပင်။

ဟင်းလင်းပြင်တံခါးက ဤနေရာ၌ လာရောက်ပွင့်လင်းခြင်းမှာ တုပိုင် မျှော်လင့်တွက်ဆထားသည်နှင့် သိပ်တော့ မကွာလှချေ။

တာ့နင်အင်ပါယာ ဟင်းလင်းပြင်ကမ္ဘာသို့ အောင်မြင်စွာ ရောက်ရှိလာပြီးနောက် တုပိုင် ရင်ထဲမှ အလုံးကြီးကျသွားကာ သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်မိသည်။ အနည်းဆုံးတော့ ဤကမ္ဘာကြီးက အသက်ဝင် လှပနေဆဲပင်။ အဆုံးမဲ့ ပင်လယ်ပြင်ကြီးက ကျောက်စိမ်းရည်များအလား ပြာလဲ့နေပြီး ကောင်းကင်ယံကလည်း အပြစ်အနာအဆာကင်းစွာ ကြည်လင်နေဆဲပင် ဖြစ်၏။

အရှေ့ဘက် ခပ်လှမ်းလှမ်း၌ စိမ်းလန်းစိုပြည်နေသော တောင်ထိပ်များကိုပင် ဝေဝါးဝါး လှမ်းမြင်နေရသေးသည်။

သူ ဖန်တီးခဲ့သော ဧရာမ ဟင်းလင်းပြင်တံခါးကြီးမှာမူ ပင်လယ်ပြင်ထက်၌ တည်ငြိမ်စွာ လွင့်မျောနေလျက် နက်နဲဆန်းကြယ်စွာ လှပနေ၏။

တုပိုင်က ရေလှိုင်းလုံးများထက်တွင် ခြေဗလာဖြင့် နတ်ဘုရားတစ်ပါးအလား ရှေ့သို့ လှမ်းလျှောက်သွားလိုက်စဉ် ၊ ရုတ်တရက်ဆိုသလိုပင် အရှေ့ဘက်ဆီမှ တောင်ကုန်းတစ်ခု ပိကျလာသကဲ့သို့ ပြင်းထန်လှသော စွမ်းအင်အရှိန်အဝါတစ်ခုကို အတိုင်းသား ခံစားလိုက်ရသည်။

ခန့်မှန်းရမည်ဆိုလျှင် ဤအရာသည် အလွန်တရာ အစွမ်းထက်လှသော ပေမင်ဓားဂိုဏ်း၏ ကြယ်ငါးပွင့် စွမ်းအင်အစီအရင်ပင် ဖြစ်မည်။

သို့ရာတွင် ဤအစီအရင်သည် သာမန် စွမ်းအင်အကာအကွယ်သက်သက် မဟုတ်သလို ၊ ဝင်ရောက်လာသူမှာ မည်သူမည်ဝါဖြစ်ကြောင်း အလိုအလျောက် ခွဲခြားသိမြင်နိုင်သော ခေတ်မီ စနစ်မျိုးလည်း ရှိမနေချေ။ ထို့ကြောင့် အထဲမှ လူကိုယ်တိုင်သာ စွမ်းအင်ဖြင့် ဖွင့်လှစ်ပေးနိုင်မည် ဖြစ်၏။

မည်သို့ပင်ဆိုစေ တုပိုင်သည် ထိုထူထဲလှသော စွမ်းအင်အစီအရင်၏ နယ်ပယ်အတွင်းသို့ အလွယ်တကူပင် ဖောက်ထွင်း ဝင်ရောက်သွားလိုက်နိုင်သည်။

အရှေ့ဘက် မလှမ်းမကမ်းတွင်မူ တိမ်တိုက်များကို ထိုးဖောက်မတတ် မြင့်မားလှသော ပေမင်ဓားဂိုဏ်း၏ အမြင့်ဆုံးနေရာ ၊ မျောင်ဖုန်းတောင်ထိပ်ကြီးက မားမားမတ်မတ် ရှိနေ၏။ တစ်ချိန်က ထိုမျောင်ဖုန်းတောင်ထိပ်သည် ပေမင်ဓားဂိုဏ်းချုပ် နင်တောက်ရွှမ် နေထိုင်ခဲ့ရာ သီးသန့်နယ်မြေတစ်ခု ဖြစ်ခဲ့သည်။

ယခု ပေမင်ဓားဂိုဏ်းသားများနှင့် သွားရောက်တွေ့ဆုံရန် ထိုမျောင်ဖုန်းတောင်ထိပ်သို့ တက်သင့် ၊ မတက်သင့် တုပိုင် ခေတ္တမျှ တွေဝေသွားမိ၏။ မည်သို့ပင်ဆိုစေ လွန်ခဲ့သော ဆယ့်ငါးနှစ်က တုပိုင်နှင့် ပေမင်ဓားဂိုဏ်းတို့ကြားတွင် သွေးထွက်သံယိုဖြစ်လုမတတ် ပြင်းထန်သော အငြင်းပွားမှုများ ရှိခဲ့ဖူးသည်မဟုတ်ပါလော။ ထို့အပြင် ယခုတစ်ကြိမ် တုပိုင်၏ အဓိက ခရီးပန်းတိုင်မှာလည်း တာ့နင်အင်ပါယာနှင့် အရှေ့ဘက် ပြည်ထောင်စုဆီသို့သာ ဦးတည်နေသောကြောင့်ပင်။

သို့သော် ခေတ္တမျှ စဉ်းစားချိန်ဆပြီးနောက်တွင်တော့ တုပိုင်တစ်ယောက် ပေမင်ဓားဂိုဏ်းအတွင်းသို့ ဝင်ရောက်စူးစမ်းရန် ဆုံးဖြတ်ချက်ချလိုက်သည်။

သို့သော် ပေမင်ဓားဂိုဏ်းအတွင်းသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် တုပိုင် လုံးဝ မှင်တက် အံ့အားသင့်သွားရတော့၏။

အကြောင်းမူကား ဧရာမ ဂိုဏ်းကြီးအတွင်း၌ သစ်ရွက်လှုပ်သံမှလွဲ၍ လူသူအရိပ်အယောင် တစ်ခုမျှ ရှိမနေသောကြောင့်ပင်။ ထိတ်လန့်ဖွယ် ကောင်းလောက်အောင်ပင် တိတ်ဆိတ်လွန်းနေ၏။

စိမ်းလန်းသော တောင်တန်းများ ၊ ကြည်လင်နေသော ရေပြင်များနှင့် အသစ်စက်စက်ကဲ့သို့ သန့်စင်နေသော အဆောက်အအုံများကြောင့် ပေမင်ဓားဂိုဏ်းသည် နတ်ဘုံနတ်နန်းတစ်ခုအလား လှပနေဆဲ ဖြစ်သည်။

သို့တိုင်အောင် အပ်ကျသံကိုပင် ကြားရလောက်အောင် လူသူအရိပ်အယောင် လုံးဝ မရှိခြင်းက မည်သို့ ဖြစ်ပျက်နေသနည်း။ တစ္ဆေမြို့တော်တစ်ခုကဲ့သို့ ခြောက်ကပ်နေသည်။

ပေမင်ဓားဂိုဏ်းများ ရန်သူလက်ဖြင့် အစအနမကျန် ဖျက်ဆီးခံလိုက်ရသလားဟု တုပိုင် တွေးမိသော်လည်း လုံးဝ မဖြစ်နိုင်ချေ။ ထိုစဉ်က နင်တောက်ရွှမ်သည် မဟာဆရာသခင် ငါးရာကို ခေါ်ဆောင်ကာ သခင်လေးဖန်းချန်နောက်သို့ လိုက်၍ ကမ္ဘာကြီး၏ အဆုံးစွန်သော နေရာသို့ သွားရောက်ခဲ့သည်မှန်သော်ငြား ၊ ဂိုဏ်းထဲ၌ အနည်းဆုံး မဟာဆရာသခင် ဒါဇင်နှင့်ချီ၍ အစောင့်အဖြစ် ကျန်ရစ်ခဲ့သေးသည်။ ထို့အပြင် ပေမင်ဓားဂိုဏ်းတွင် သိုင်းပညာကို လေ့လာလိုက်စားနေသော တပည့်ပေါင်း သောင်းနှင့်ချီ၍ ရှိနေသေးသည်မဟုတ်ပါလော။

အဘယ်ကြောင့် ယခုအချိန်၌ တစ်ယောက်မျှ ရှိမနေရသနည်းဆိုသည်ကို သူ မည်သို့မျှ တွေးတောစဉ်းစား၍ မရနိုင်ချေ။

တုပိုင် ခြေလှမ်းများကို ခပ်သွက်သွက်ရွှေ့ကာ မျောင်ဖုန်းတောင်ထိပ်သို့ တက်သွားလိုက်သည်။ သစ်သီးဝလံများနှင့် ပန်းမန်များ ဝေဆာနေသော ခြံဝင်းတစ်ခု၏ အပြင်ဘက်သို့ ရောက်ရှိလာသောအခါ ခြံတံခါးကို တင်းကျပ်စွာ ပိတ်ထားလျက်ရှိကြောင်း တွေ့ရ၏။

တစ်ချိန်က နင်တောက်ရွှမ် ဤခြံဝင်းထဲတွင် နေထိုင်ခဲ့ဖူးသည်။ သူ၏ လှပသော ဇနီးဖြစ်သူ သခင်မကျီ ကိုယ်ဝန်ရရှိကာ ကလေးမွေးဖွားပြီးနောက်တွင်မူ ၊ သူမက ကလေးကိုခေါ်ကာ ဤခြံဝင်းအတွင်း၌ ဆက်လက်နေထိုင်ခဲ့ပြီး နင်တောက်ရွှမ်မှာ အခြားနေရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့၏။

တုပိုင် ရှေ့သို့ တိုးသွားကာ သစ်သားတံခါးကို ခပ်နာနာ ခေါက်လိုက်သည်။ သို့ရာတွင် အတွင်းမှ မည်သူမျှ တုံ့ပြန်ခြင်း မရှိသလို လူရှိနေသည့် အငွေ့အသက်မျှကိုလည်း မခံစားရချေ။

တုပိုင် သူ၏ မျက်လုံးများကို တင်းကျပ်စွာ မှိတ်လိုက်ပြီး ၊ ပင်လယ်လှိုင်းတံပိုးများအလား အလွန်အစွမ်းထက်သော စိတ်စွမ်းအင်များကို ရုတ်တရက် အပြင်းအထန် ထုတ်လွှတ်ကာ မီတာ ရာဂဏန်းပတ်လည်အတွင်းရှိ အရာအားလုံးကို ရေယုန်တစ်ကောင်လို အသေးစိတ် အာရုံခံ ရှာဖွေကြည့်လိုက်သည်။

သို့တိုင်အောင် လူသူအရိပ်အယောင် ၊ သက်ရှိ၏ အငွေ့အသက် တစ်ဝက်တစ်ပျက်မျှပင် မတွေ့ရချေ။ လုံးဝ ဗလာကျင်းနေ၏။

ဤအခြေအနေက မည်သို့ ဖြစ်ပျက်နေကြောင်း တုပိုင် စဉ်းစား၍မရနိုင်တော့ဘဲ ၊ တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်းများပင် ထလာရတော့၏။

တုပိုင် မျောင်ဖုန်းတောင်ထိပ်မှ လျင်မြန်စွာ ထွက်ခွာလာပြီး တောင်ခြေရှိ နက်ရှိုင်းလှသော ပင်လယ်အောက်ခြေသို့ ရေယဉ်တစ်စီးအလား အရှိန်ဖြင့် ငုပ်ဆင်းသွားလိုက်သည်။ ထို့နောက် မျက်လုံးများကို မှိတ်ကာ ယခင်ကထက် ပို၍ ပြင်းထန်စူးရှသော စိတ်စွမ်းအင်တစ်ခုကို ဖြန့်ကြက် ထုတ်လွှတ်လိုက်သောအခါ... ခပ်သဲ့သဲ့ ထွက်ပေါ်လာသော သက်ရှိတစ်ဦး၏ အသက်ရှူသံကို သူ ရုတ်တရက် အာရုံခံမိလိုက်၏။

ချက်ချင်းပင် သူ၏ မျက်လုံးများ အရောင်လက်သွားကာ အတိုင်းမသိ ဝမ်းသာသွားပြီး ပင်လယ်အောက်ခြေသို့ ပိုမိုနက်ရှိုင်းစွာ အရှိန်မြှင့် ငုပ်ဆင်းသွားလိုက်တော့သည်။

မှောင်မိုက်နေသော ပင်လယ်ကြမ်းပြင်သို့ ရောက်ရှိသွားသောအခါ ထိုနေရာသည် မျောင်ဖုန်းတောင်၏ အောက်ခြေတည့်တည့်၌ပင် ရှိနေဆဲဖြစ်ကြောင်း တွေ့ရ၏။

အရှေ့ဘက်၌ အလွန် ထူးခြားဆန်းကြယ်သော ကျောက်တံခါးတစ်ခု ရှိနေသည်။ ဤကျောက်တံခါးမှာ သာမန်ကျောက်သားဖြင့် ပြုလုပ်ထားခြင်း လုံးဝ မဟုတ်ဘဲ ၊ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်က အခြားကမ္ဘာတစ်ခုမှ ဤကမ္ဘာမြေပေါ်သို့ မီးတောက်မီးလျှံများနှင့်အတူ ကျရောက်လာခဲ့သော ဧရာမ ဥက္ကာခဲကြီးကို အသုံးပြုထားသည့် အလွန် ခိုင်မာသော စွမ်းအင်ကိုယ်ထည်တစ်ခု ဖြစ်နေ၏။

ထိုမှတစ်ပါး ထိုတစ်ဦးတည်းသော သက်ရှိလူသားသည် ဤကျောက်တံခါးအတွင်း၌ ရှိနေကြောင်းကို တုပိုင်၏ စိတ်အာရုံက အလွန် ရှင်းလင်းစွာ အာရုံခံသိရှိနေသည်။

တုပိုင် ရှေ့သို့ တိုးသွားကာ ကျောက်တံခါးကို သူ၏ လက်ဝါးဖြင့် အားပါပါ ရိုက်လိုက်၏။ သို့သော် မည်သည့်အရာမျှ ဖြစ်မလာခဲ့ချေ။ အသံပင် မထွက်ချေ။ အတွင်းရှိ လူမှာ မြေပြင်ပေါ်၌ သစ်ငုတ်တိုတစ်ခုအလား ငြိမ်သက်စွာ ထိုင်နေပုံရပြီး လုံးဝ လှုပ်ရှားမှု မရှိပေ။

တုပိုင် ထူးခြားသော ကျောက်တံခါးပေါ်သို့ လက်ဝါးကို တင်းကျပ်စွာ ဖိကပ်လိုက်ပြီး သူ၏ ကိုယ်တွင်းမှ အလွန်အစွမ်းထက်သော စွမ်းအင်များကို တစ်ဟုန်ထိုး ထုတ်လွှတ်လိုက်သည်။

‘ဝုန်းးးး’ ဟူသော နားကွဲမတတ် အသံကြီးနှင့်အတူ ရုတ်တရက် ပြင်းထန်သော တုန်ခါမှုတစ်ခုက ရေအောက်ကြမ်းပြင်တစ်ခုလုံးကို လှုပ်ခတ်သွားစေ၏။

သို့တိုင် ကျောက်တံခါးမှာမူ အက်ကြောင်းတစ်ကြောင်းမျှပင် မပေါ်လာဘဲ အကောင်းပကတိ တည်ရှိနေဆဲပင်။

ဤအချက်က တုပိုင်အတွက် အလွန် ထူးဆန်းနေသည်။ ဤကျောက်တံခါး၏ စွမ်းအင်မှာ အလွန်တရာ ထူးခြားလှ၏။ ကျောက်အခန်းနှင့် ပြင်ပကမ္ဘာကြားရှိ ရုပ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုအားလုံးကို လေဟာနယ်တစ်ခုအလား အထီးကျန်ဖြစ်အောင် အပြည့်အဝ ပိတ်ဆို့ထားသော်လည်း ၊ စွမ်းအင်အရမူ ဖောက်ထွင်းအာရုံခံနိုင်စွမ်း ရှိနေသည်။

ထို့ကြောင့်ပင် တုပိုင် ကျောက်ခန်းတွင်းရှိ လူကို ရှင်းလင်းပြတ်သားစွာ အာရုံခံနိုင်ခြင်း ဖြစ်၏။ တုပိုင် သူ၏ စိတ်စွမ်းအင်များကို ချွန်ထက်သော အပ်တစ်ချောင်းအလား စုစည်းကာ ကျောက်တံခါးကို ဖောက်ထွင်း၍ အတွင်းရှိလူ၏ ဦးနှောက်ထဲသို့ စိတ်စွမ်းအင်ဖြင့် ရိုက်ခတ်နှိုးဆွလိုက်၏။

ထိုခဏ၌ပင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။ ထိုလူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် အပြင်းအထန် တုန်ယင်သွားပြီး အိပ်မောကျနေရာမှ နိုးထလာ၏။

“ဘယ်သူလဲ...”

ထွက်ပေါ်လာသောအရာမှာ ပါးစပ်မှ ထွက်လာသော အသံတစ်ခု မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ လှိုင်းများဖြင့် ဆက်သွယ်လာသော စကားသံ တစ်ခုသာ ဖြစ်သည်။

တုပိုင်က စိတ်အာရုံဖြင့်ပင် ပြန်လည် ဖြေကြားလိုက်သည်။

“ငါ တုပိုင်ပါ”

အတွင်းရှိလူမှာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား ခေတ္တမျှ ငြိမ်သက်သွားသည်။ အတန်ကြာပြီးနောက် “ဂလောက်... ဂလွမ်...” ဟူသော လေးလံလှသည့် ကျောက်တုံးကြီး ပွတ်တိုက်သံနှင့်အတူ ကျောက်တံခါး ဖြည်းညင်းစွာ ပွင့်သွားကာ အတွင်းရှိ ကျောက်အခန်းက ပေါ်လာတော့၏။

ဤနေရာက ပင်လယ်အောက်ခြေ ဖြစ်နေသော်ငြား ၊ ဤကျောက်အခန်းအတွင်းသို့ ပင်လယ်ရေများ တစ်စက်မျှ ဝင်ရောက်လာခြင်း မရှိချေ။

အထဲ၌ တစ်ကိုယ်တည်း မတ်တပ်ရပ်နေသူမှာ အမျိုးသမီးတစ်ဦး ဖြစ်နေသည်။ သူမသည် ညှို့ဓာတ်အပြည့်နှင့် အလွန်တရာ ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး ဖြစ်ပြီး ကိုယ်လုံးကိုပေါ်လွင်စေသော ပန်းခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။

ထိုအမျိုးသမီးမှာ အခြားသူမဟုတ် ၊ ပေမင်ဓားဂိုဏ်းချုပ်ဟောင်း၏ ဇနီးဖြစ်သူ သခင်မကျီပင် ဖြစ်သည်။

သခင်မကျီက သူမ၏ မျက်လုံးများကို ပြူးကျယ်ကာ မယုံကြည်နိုင်စွာဖြင့် မေးလိုက်၏။

“ရှင်... ရှင် သေသွားပြီ မဟုတ်ဘူးလား။ ဒီကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် ရှင် သေသွားခဲ့ပြီ မဟုတ်ဘူးလား...”

အတန်ကြာသည်အထိ သူမ၏ မျက်ဝန်းများသည် သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား တုပိုင်၏ မျက်နှာပေါ်၌သာ စူးစိုက်ကျရောက်နေသည်။

ဆယ်နှစ်ကျော် ကာလအတွင်း သူမ၏ စိတ်နှလုံးမှာ မျှော်လင့်ချက်မဲ့ကာ လုံးဝ သေဆုံးလုနီးပါး ဖြစ်နေခဲ့ရသည်။ ယခုကဲ့သို့ သူမ၏ ရှေ့မှောက်၌ သေသွားပြီဟု ထင်မှတ်ထားသော တုပိုင် ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ သူမခမျာ အပြင်းအထန် တုန်လှုပ်ချောက်ချားသွားရတော့သည်။

တုပိုင်၏ မျက်နှာသွင်ပြင်သည် များစွာ ပြောင်းလဲသွားသော်ငြား ၊ သူမကတော့ အတိတ်ကပုံရိပ်ကို မှတ်မိနေဆဲပင်။

တုပိုင် သက်ပြင်းရှည်ကြီးတစ်ခုကို ချကာ ဆိုလိုက်၏။

“ပြောရရင်တော့ ဇာတ်လမ်းက အတော်လေးကို ရှည်တယ်။ ဒါနဲ့ ပေမင်ဓားဂိုဏ်းမှာ ဘာလို့ ဘယ်သူမှ မရှိတော့တာလဲ။ သက်ရှိဆိုလို့ တစ်ယောက်မှကို မရှိတော့ဘူး”

သို့သော် သခင်မကျီ၏ မျက်နှာအမူအရာမှာ တုပိုင်ထက်ပင် ပို၍ ဇဝေဇဝါဖြစ်သွားဟန် ရှိ၏။

“ဗလာဖြစ်နေတယ် ဟုတ်လား။ ပေမင်ဓားဂိုဏ်းမှာ ဘယ်သူမှ မရှိတော့ဘူးလား...”

သူမ အမှန်တကယ်ပင် မသိခဲ့ချေ။ သခင်မကျီက စိတ်ရှုပ်ထွေးစွာဖြင့် တုံ့ပြန်လိုက်၏။

“ငါ တကယ် မသိဘူး။ ငါ့သားလေး အသက်ငါးနှစ်ပြည့်ပြီးကတည်းက ငါ ဒီကျောက်ခန်းထဲကို ဝင်ပြီး ပေမင်ဓားဂိုဏ်းရဲ့ ကြယ်ငါးပွင့် စွမ်းအင်အစီအရင်ကို ထိန်းချုပ်ရင်း တရားထိုင်နေခဲ့တာပဲလေ”

တုပိုင်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

“သား... ဟုတ်လား”

သခင်မကျီက ခေါင်းညိတ်ပြသည်။

“ဟုတ်တယ်... ရှင့်ရဲ့သားလေ။ သူ့နာမည်က တုမိုတဲ့။ အရမ်းကို ပါရမီထူးချွန်တဲ့ ကလေးတစ်ယောက်ပေါ့...”

ထိုအခါ တုပိုင်မှာ သူ၏ ရှေ့မှောက်ရှိ အမျိုးသမီးကို မျက်တောင်မခတ်တမ်း သေချာ မကြည့်ဘဲ မနေနိုင်တော့ချေ။

ဆယ်နှစ်ကျော် အချိန်များ ကုန်လွန်သွားသော်လည်း သူမက လုံးဝ ပြောင်းလဲသွားခြင်း မရှိသလောက်ပင်။ အလွန်ဆုံး အသက် ၃၀ ထက် မပိုသော အရွယ်နှင့် လှပကာ ဆွဲဆောင်မှု ရှိနေဆဲ ဖြစ်၏။ အပြင်ပန်း အသွင်အပြင်အရ ကြည့်မည်ဆိုပါက တုပိုင်ကပင် သူမထက် ပို၍ အသက်ကြီးနေသယောင် ရှိသည်။

တုပိုင် မျက်မှောင်ကို ပိုမိုတင်းကျပ်စွာ ကြုတ်လိုက်ကာ အနည်းငယ် စူးရှသော လေသံဖြင့် မေးလိုက်၏။

“ကလေးက အသက်ငါးနှစ်ပဲ ရှိသေးတဲ့အချိန်မှာ မင်းက သူ့ကို အဲဒီလို ထားရစ်ခဲ့ရက်တယ်ပေါ့။ မင်းက နင်တောက်ရွှမ်အတွက် မုဆိုးမသီလစောင့်ထိန်းပြီး ဒီကျောက်ခန်းထဲမှာ တရားလာထိုင်နေခဲ့တာလား”

သခင်မကျီက ခေါင်းကို အခါခါရမ်းကာ ချက်ချင်း ငြင်းဆန်လိုက်သည်။

“မဟုတ်ဘူး။ လုံးဝ မဟုတ်ရပါဘူး။ အရင်က ငါ နင်တောက်ရွှမ်ကို အရမ်းချစ်ခဲ့ဖူးပေမယ့် သူက သခင်လေး ဖန်းချန်ရဲ့ ခိုင်းဖတ် လက်ပါးစေ ဖြစ်သွားခဲ့ချိန်ကတည်းက ငါ့အချစ်နဲ့ မထိုက်တန်တော့ဘူး။ ပြီးခဲ့တဲ့ ဆယ်နှစ်တာကာလအတွင်း ငါ ဒီကျောက်ခန်းထဲမှာ တရားထိုင်နေခဲ့ရတဲ့ အကြောင်းရင်းက... ငါ အကျဉ်းချခံရပြီး ပြည်နှင်ဒဏ် ပေးခံခဲ့ရလို့ပဲ...”

တုပိုင်မှာ မျက်လုံးများ ပြူးကျယ်သွားကာ မှင်တက်သွားရ၏။

“အကျဉ်းချခံရတယ်။ ပြည်နှင်ဒဏ်ပေးခံရတယ် ဟုတ်လား...။ ပေမင်ဓားဂိုဏ်းမှာ မင်းကို အပြစ်ပေးနိုင်တဲ့သူ ဘယ်သူရှိသေးလို့လဲ။ ပြီးတော့ ဘာလို့ အပြစ်ပေးရတာလဲ”

သခင်မကျီက ခပ်တိုးတိုးနှင့် ခါးသီးစွာ ရှင်းပြသည်။

“ပေမင် ဓားဂိုဏ်းချုပ်အသစ်ပေါ့။ အကြောင်းရင်းကတော့ ငါ့သား တုမိုက ငါ့အပေါ် အရမ်း တွယ်တာလွန်းနေလို့ သူ့ရဲ့ သိုင်းပညာ တိုးတက်မှုတွေ နှောင့်နှေးသွားခဲ့ရလို့ပဲ။ ဂိုဏ်းချုပ်သစ်က သူ့ကို တပည့်အဖြစ် လက်ခံလိုက်တယ်။ ပြီးတော့ ကလေးကို သူ့ခြေထောက်ပေါ်သူ ရပ်တည်နိုင်ပြီး အင်အားကြီးမားလာစေဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ငါ့ကို ကလေးနဲ့ လုံးဝ အဆက်အသွယ်ဖြတ်ပြီး ဒီနေရာကို ပြည်နှင်ဒဏ် ပေးလိုက်တာပဲ”

တုပိုင်က အံ့အားသင့်စွာ မေးလိုက်၏။

“ဂိုဏ်းချုပ်သစ်က ဘယ်သူလဲ...”

သခင်မကျီ၏ မျက်ဝန်းများမှာ အနည်းငယ် ရှုပ်ထွေးသွားပြီးနောက် လေးလံသော သက်ပြင်းတစ်ချက်နှင့်အတူ ပြန်ဖြေသည်။

“ဖန်းချင်းယီလေ...”

ထိုနာမည်ကို ကြားလိုက်ရချိန်တွင်မူ တုပိုင်တစ်ယောက် ခေါင်းထဲ မိုးကြိုးပစ်အချခံလိုက်ရသကဲ့သို့ အလွန်တရာ အံ့ဩမှင်တက်သွားရတော့၏။

ထိုသူမှာ ဖန်းချင်းယီ ဖြစ်နေမည်ဟု သူ လုံးဝကို မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် တုယန်နှင့် လက်ထပ်ခဲ့သူ ၊ ထို့နောက် ဧကရာဇ်ယုံတယ်နှင့် ရုပ်သေးဧကရာဇ် ယုံနင်းတို့၏ မိဖုရား ဖြစ်ခဲ့သူ မဟုတ်ပါလော။ ထို့ပြင် သူမ၏ အပျိုစင်ဘဝကို စောင့်ထိန်းရန်အတွက် ကိုယ်တိုင် မျက်နှာအလှ ပျက်စီးခံခဲ့ရသော ထို အလွန်တရာ ခေါင်းမာလှသည့် အမျိုးသမီးပင် ဖြစ်သည်။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၃၉ + ၉၄၀) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters