အခန်း (၉၄၁-၉၄၂)
Vol. 95 Ch. 941-942
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၄၁ + ၉၄၂)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
တွေးတောစဉ်းစားလေလေ ၊ တုပိုင်တစ်ယောက် အဖြေရှာမရဖြစ်ကာ ခေါင်းရှုပ်လာလေလေ ဖြစ်နေရ၏။ တုပိုင် သူမနှင့် နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က... သူမသည် သွေးပျက်ဖွယ် ကောင်းလောက်အောင်ပင် ကိုယ့်ကိုယ်ကိုယ် သတ်သေရန်ပင် ကြိုးစားနေခဲ့သေးသည် မဟုတ်ပါလော။
ငါးနှစ်ဆိုသော မျက်တောင်တစ်ခတ်စာ အချိန်တိုလေးအတွင်း သူမ ပေမင်ဓားဂိုဏ်းချုပ်ကြီး ဖြစ်လာသည်ကို သူ မည်သို့မျှ အယုံအကြည် မရှိနိုင်အောင် ဖြစ်ရ၏။ ဤကိစ္စက နေအနောက်ကထွက်သကဲ့သို့ အလွန်တရာ ထူးဆန်းလွန်းလှပေသည်။
တုပိုင် မျက်မှောင်ကြုတ်ကာ မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။
"သူ ပေမင်ဓားဂိုဏ်းချုပ် ဖြစ်လာတဲ့အချိန်မှာ သိုင်းပညာအဆင့်က ဘယ်လောက်တောင် ရှိနေပြီလဲ။ ပြီးတော့ သူရဲ့ မျက်နှာကရော ပြန်ကောင်းသွားပြီလား..."
သခင်မကျီက ခေါင်းယမ်းလျက် ပြန်ဖြေ၏။
"မျက်နှာကတော့ ပြန်မကောင်းလာပါဘူး။ ဒါပေမဲ့ သိုင်းပညာစွမ်းရည်ကတော့ အလွန်ကို အစွမ်းထက်နေပြီ။ နင်တောက်ရွှမ် အစွမ်းထက်ဆုံးအချိန်ကထက်တောင် ပိုပြီးတော့ အစွမ်းထက်နေပြီ"
ဤသည်မှာ မည်သို့မျှ မဖြစ်နိုင်သော ကိစ္စရပ်ပင်။
လွန်ခဲ့သော ဆယ့်ငါးနှစ်က တုပိုင်နှင့် ဖန်းချင်းယီ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က သူမသည် အလွန်ဆုံးမှ ဒုတိယအဆင့် သိုင်းပညာရှင်သာ ရှိသေး၏။
သို့သော် ယခုအချိန်တိုလေးအတွင်းမှာပင် သူမသည် ပထမအဆင့် သိုင်းပညာရှင် ၊ ဆရာသခင် ၊ မဟာဆရာသခင် ၊ အထွတ်အထိပ် မဟာဆရာသခင်နှင့် ဝူဇွန်းအဆင့်တွေအထိ လှေကားထစ်များကို ခုန်ကျော်တက်သကဲ့သို့ ကျော်လွန်တက်လှမ်းသွားခဲ့ခြင်းက အလွန်အံ့သြဖွယ် ကောင်းလှသည်။
ဤသည်မှာ လုံးဝ ယုံတမ်းစကားဆန်လွန်းလှ၏။ ထိုအရာက အရမ်းကို ဆိုးရွားလွန်းလှသည်။
တာ့နင်အင်ပါယာ၏ စွမ်းအင်မှာ အခြားကမ္ဘာများနှင့် ယှဉ်လျှင် အားနည်းလွန်းသောကြောင့် သိုင်းပညာအဆင့်မှာလည်း သိပ်ပြီး အစွမ်းမထက်လှကြောင်း သိထားရမည် ဖြစ်သည်။ ငါးနှစ်အတွင်း ဒုတိယအဆင့်မှနေ၍ ဝူဇွန်းအဆင့်အထိ ချိုးဖောက်တက်လှမ်းသွားနိုင်ခြင်းမှာ လုံးဝ မဖြစ်နိုင်သော ကိစ္စရပ်ပင်။
တုပိုင် မျက်လုံးများကို မှေးစင်းကာ ဆက်မေးလိုက်သည်။
"မင်း ပြည်နှင်ဒဏ်ပေးခံရပြီး ဒီကျောက်ခန်းထဲမှာ ပိတ်လှောင်ခံလိုက်ရပြီးနောက်... အပြင်မှာ ဖြစ်ပျက်သမျှကို ဘာမှမသိတော့ဘူးလား"
သခင်မကျီက မျှော်လင့်ချက်မဲ့သော လေသံဖြင့် ဆို၏။
"ကျွန်မ ဘာမှမသိရဘူး"
တုပိုင်သည် သူမကို အတန်ကြာအောင် သေချာစိုက်ကြည့်နေပြီးနောက် ကမ်းလှမ်းလိုက်သည်။
"မင်း ငါနဲ့အတူ အပြင်ကို လိုက်မလာဘူးလား"
သခင်မကျီသည် ရှေ့သို့ တိုးလာကာ တုပိုင်ကို ညင်သာစွာ ဖက်လိုက်ပြီးနောက် ခေါင်းယမ်းလျက် ပြန်ဖြေ၏။
"ဟင့်အင်း... ဒီနေရာမှာပဲ နေရတာ ကောင်းပါတယ်"
တုပိုင်က မေးလိုက်သည်။
"မင်းရဲ့သားအတွက် မစိုးရိမ်ဘူးလား"
သခင်မကျီက ပြော၏။
"သူ အဆင်ပြေပါတယ်လို့ ကျွန်မ ခံစားနိုင်တယ်..."
တုပိုင် သူမကို နောက်ဆုံးအကြိမ် လှမ်းကြည့်လိုက်ပြီးနောက် ကျောက်ခန်းထဲမှ ထွက်ခွာသွားလိုက်သည်။
'ဂလောက်... ဂလွမ်...' ဟူသော အသံကြီးနှင့်အတူ ကျောက်တံခါးကြီးမှာ နောက်တစ်ကြိမ် တင်းကျပ်စွာ ပိတ်သွားပြန်၏။ သခင်မကျီမှာလည်း အတွင်း၌ ဆက်လက်၍ တရားကျင့်ကြံနေတော့မည် ဖြစ်သည်။
တုပိုင် ပင်လယ်ကြမ်းပြင်မှ လျင်မြန်စွာ ထွက်ခွာလာပြီး ရေမျက်နှာပြင်ပေါ်သို့ ပြန်ရောက်လာသည်။ ဤကမ္ဘာ၌ မည်သည့်အရာများ ဖြစ်ပျက်နေသနည်းဆိုသည်ကို သူ စဉ်းစား၍ မရနိုင်အောင် ဖြစ်နေမိ၏။
ပထမအချက်အနေဖြင့် မိစ္ဆာများသည် ဤကမ္ဘာကို ဝင်ရောက်ကျူးကျော်ခဲ့ခြင်း မရှိသင့်ချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ မျက်စိရှေ့ရှိ ကမ္ဘာကြီးတစ်ခုလုံးမှာ ပုံမှန်အတိုင်း သန့်စင်နေသောကြောင့်ပင်။ သို့သော် ပေမင်ဓားဂိုဏ်းကြီး တစ္ဆေခြောက်သကဲ့သို့ ဗလာဖြစ်နေရခြင်းအကြောင်းကိုကား သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်ရသည်။ ထို့အပြင် ငါးနှစ်အတွင်း ဖန်းချင်းယီ အဘယ့်ကြောင့် ဤမျှလောက် အစွမ်းထက်လာရသည်ကိုလည်း သူ အံ့သြနေမိသည်။
သံသယများနှင့် ပြည့်နှက်နေလျက် တုပိုင် တာ့နင်အင်ပါယာ၏ မြို့တော်ဆီသို့ ဦးတည်ကာ အနောက်ဘက်သို့ ရေလှိုင်းများပေါ်မှနေ၍ ဆက်လက် ခရီးနှင်လာလိုက်၏။
စိတ်ရှုပ်ထွေးစွာဖြင့် သူ နှုတ်ခမ်းကို စုပ်သပ်လိုက်မိသည်။ သူ ပင်လယ်ပြင်ကို ဖြတ်၍ မိုင်ပေါင်းထောင်နှင့်ချီ ခရီးနှင်လာခဲ့သော်ငြား သစ်ရွက်တစ်ရွက်အရွယ် သင်္ဘောတစ်စင်းမျှပင် မမြင်တွေ့ခဲ့ရချေ။
ဤအခြေအနေက ပို၍ပင် ထူးဆန်းနေသေး၏။ ပေမင်ဓားဂိုဏ်း၏ နယ်ပယ်မှ ထွက်ခွာလာပြီးနောက် ပင်လယ်ပြင်သည် အလွန်စည်ကားနေသင့်သည်။ အကြောင်းမူကား ပင်လယ်ရေကြောင်း ကုန်သွယ်ရေးအတွက် ကုန်တင်သင်္ဘော အမျိုးမျိုး သွားလာနေမည်ဖြစ်သောကြောင့်ပင်။ သို့သော် ကုန်သွယ်ရေး သင်္ဘောကြီးများကို မပြောနှင့် ၊ သာမန်လှေငယ်တစ်စင်းကိုမျှ မမြင်တွေ့ရချေ။
ဤကမ္ဘာတွင် မည်သို့သော အပြောင်းအလဲများ ဖြစ်ပျက်နေကြောင်း သူ အဖြေရှာမရ ဖြစ်နေမိသည်။
တုပိုင်မှာ စိုးရိမ်ပူပန်မှုကို မထိန်းချုပ်နိုင်တော့ပေ။ တာ့နင်အင်ပါယာ၏ ကုန်းမြေပေါ်သို့ တက်သွားသောအခါ မြို့များနှင့် ကျေးရွာများအားလုံး ပေမင်ဓားဂိုဏ်းကဲ့သို့ ဗလာဖြစ်နေမည်ကိုပင် တွေးပူမိလာ၏။
ထိုစဉ် မျက်လုံးပြူးချင်စရာ မြင်ကွင်းတစ်ခု ပေါ်လာသည်။
ကောင်းကင်ယံထက်၌ တိမ်တိုက်များကြားတွင် မြင့်မားစွာ ပျံသန်းနေသော အမည်းစက်တစ်ခု ပေါ်လာသည်ကို တုပိုင် တွေ့လိုက်ရ၏။ ထိုအမည်းစက်သည် တဖြည်းဖြည်း နီးကပ်လာပြီး ပို၍ ကြီးမားလာသည်။
တုပိုင် ချက်ချင်းပင် ပင်လယ်ထဲသို့ ငုပ်ဆင်းသွားပြီး ကောင်းကင်မှ ထိုအရာကို တိတ်တဆိတ် စောင့်ကြည့်နေလိုက်၏။
ထိုအရာက သူ၏ ခေါင်းပေါ်မှ တဝီဝီမြည်ကာ ဖြတ်၍ ပျံသန်းသွားသောအခါ တုပိုင်မှာ လုံးဝ အသက်ရှူမှားမတတ် ဖြစ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် အလွန်တရာ ကြီးမားလှသော အာကာသစစ်သင်္ဘောကြီး တစ်စင်းဖြစ်နေသောကြောင့်ပင်။
အလျား မီတာ ငါးရာကျော် ၊ အနံ မီတာ တစ်ရာ့ငါးဆယ်နှင့် အမြင့် မီတာ ငါးဆယ်ခန့်ရှိသော စစ်သင်္ဘောကြီး ဖြစ်၏။ အမှန်တကယ် ဧရာမ သံမဏိသားရဲကြီးပင်။
ဤကမ္ဘာကြီး၌ မည်သည့်အရာများ ပြောင်းလဲသွားကြောင်း သူ နားမလည်နိုင်အောင် ဖြစ်ရသည်။
အချိန်အားဖြင့် ဆယ့်ငါးနှစ်သာ ကြာသေးသည်ကို သူ ကောင်းစွာ မှတ်မိနေ၏။ ဤသို့ မီတာ ငါးရာကျော် ရှည်လျားသော အာကာသစစ်သင်္ဘောကြီး ပေါ်ထွက်လာခြင်းက အလွန်အံ့သြဖွယ် ကောင်းလှသည်။
ထို့နောက်တွင်မူ ပို၍ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာတော့၏။
ထိုစစ်သင်္ဘောကြီးသည် အရှေ့ဘက်ရှိ လူသူကင်းမဲ့သော ကျွန်းတစ်ကျွန်းကို စတင်ပစ်မှတ်ထား ပစ်ခတ်လိုက်သည်။
'ဝုန်းးးးး' ဟူသော မိုးကြိုးပစ်ချလိုက်သကဲ့သို့ အသံကြီး ထွက်ပေါ်လာ၏။
စစ်သင်္ဘောကြီး ပစ်ခတ်လိုက်သောအရာမှာ သာမန်အမြောက်ဆံ မဟုတ်ချေ။ ထိုသည်က နေမင်းတစ်စင်းအလား စူးရှတောက်ပသော စွမ်းအင်အလင်းလုံး တစ်ခုဖြစ်ပြီး အလွန်တရာ လျင်မြန်လှကာ အနည်းဆုံး အသံအမြန်နှုန်းထက် အဆပေါင်း ဒါဇင်နှင့်ချီ၍ မြန်ဆန်လှသည်။
မီတာ သောင်းနှင့်ချီသော အကွာအဝေးကို ဖြတ်သန်းသွားပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် လူသူကင်းမဲ့သော ကျွန်းပေါ်သို့ ဥက္ကာပျံတစ်စင်းအလား ကျရောက်သွားတော့၏။
'ဝှစ်...' ဟူသော လေကိုခွဲထွက်သွားသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
ထိုဧရာမ စွမ်းအင်အလင်းလုံးကြီးသည် လူသူကင်းမဲ့သော ကျွန်းပေါ်သို့ ကျရောက်သွားသော်ငြား ၊ ကြီးမားသော ပေါက်ကွဲသွားခြင်း မရှိသလို မည်သည့် အသံမျှလည်း ထွက်ပေါ်လာခြင်း မရှိချေ။ သို့သော် ထူးခြားမှုတစ်ခု ဖြစ်ပေါ်လာ၏။
ထိုကျွန်းပေါ်ရှိ အရာအားလုံးမှာ ချက်ချင်းဆိုသလိုပင် ပြာကျပြီး မြေပြင်နှင့် တစ်ပြေးတည်း ဖြစ်သွားရတော့သည်။
မူလက ဤကျွန်းသည် စတုရန်းမီတာ တစ်သိန်းကျော် ကျယ်ဝန်းပြီး သန္တာကျောက်တန်း အမျိုးမျိုးဖြင့် ထူထပ်စွာ ဖုံးလွှမ်းနေခဲ့ခြင်း ဖြစ်သည်။ သို့သော် စွမ်းအင်အလင်းလုံး ကျရောက်သွားပြီးနောက်တွင်မူ ထုံးကျောက် သန္တာကျောက်တန်းများ အားလုံးမှာ မီးခိုးငွေ့များအလား လုံးဝ လွင့်စင်ပျောက်ကွယ်သွားရ၏။
မြေပြင်နှင့် တစ်ပြေးတည်း ဖြစ်သွားသည်ဆိုခြင်းမှာ ချဲ့ကားပြောဆိုနေခြင်း မဟုတ်ပေ။ အမှန်တကယ်ကို ပြန့်ပြူးနေသော မြေပြင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ကွန်ကရစ်ခင်းထားသော ရင်ပြင်တစ်ခုထက်ပင် ပို၍ ပြန့်ပြူးချောမွေ့နေသေးသည်။
ဤစစ်သင်္ဘောကြီးရှိ စွမ်းအင်အမြောက်၏ ဖျက်ဆီးနိုင်စွမ်းမှာ ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်စွမ်း ရှိလှ၏။ ထိုမြင်ကွင်းကြောင့် တုပိုင်၏ ဦးရေပြားများပင် ထုံကျဉ်သွားရသည်။
ဤကမ္ဘာတွင် မည်သည့်အရာများ ပြောင်းလဲသွားကြောင်း သူ လုံးဝ အဖြေရှာမရ ဖြစ်နေမိ၏။ ဖန်းချင်းယီ ငါးနှစ်အတွင်း ဝူဇွန်းအဆင့်သို့ တက်လှမ်းသွားသည်မှာ အံ့ဩစရာ ကောင်းနေပြီဖြစ်ရာ ၊ ဤမျှလောက် အစွမ်းထက်သော စစ်သင်္ဘောကြီးများပါ ပေါ်ထွက်လာခြင်းက ပို၍ပင် ထူးဆန်းလှသည်။
ခေတ်သစ်ကမ္ဘာမြေ၏ ၂၁ ရာစု၌ပင် ဤကဲ့သို့ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သော အာကာသစစ်သင်္ဘောမျိုး မရှိသေးချေ။
သိပ်မကြာမီမှာပင် ထိုစစ်သင်္ဘောကြီးသည် အခြားပစ်မှတ်တစ်ခုကို စတင်ချိန်ရွယ်လိုက်ပြန်၏။ ယခုတစ်ကြိမ် ပစ်မှတ်သည် မိုင်ရာနှင့်ချီ ကွာဝေးသော ကျွန်းတစ်ကျွန်း ဖြစ်သည်။
ဤအကွာအဝေးသည် တုပိုင်၏ စိတ်စွမ်းအင်ဖြင့် အာရုံခံနိုင်သော အကွာအဝေးထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။ မိနစ်အနည်းငယ် ကြာပြီးနောက် ပစ်ခတ်မှု စတင်၏။
'ဝှစ်' ဟူသော အသံ ထွက်ပေါ်လာပြန်သည်။
နောက်ထပ် စွမ်းအင်အလင်းလုံးတစ်ခုက ကောင်းကင်ဘုံကို ဆန့်ကျင်လျက် ပြင်းထန်စွာ ပစ်ခတ်လိုက်ပြန်၏။ ဤအချိန်၌ တုပိုင်သည် စွမ်းအင်အလင်းလုံး၏ အမြန်နှုန်းကို အကြမ်းဖျင်း ခန့်မှန်းကြည့်လိုက်ရာ တစ်စက္ကန့်လျှင် ၁၉၀၀၀ ကီလိုမီတာခန့် ရှိပြီး အသံ၏ အမြန်နှုန်းထက် အဆခြောက်ဆယ်ခန့် ပိုမြန်ကြောင်း သိလိုက်ရသည်။
စက္ကန့်အနည်းငယ် အကြာတွင် ပစ်မှတ်ကို ထိမှန်သွား၏။
အစွမ်းထက်သော စွမ်းအင်အလင်းလုံးကြီးသည် မိုင်နှစ်ရာအကွာရှိ ကျွန်းငယ်လေးပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။
'ဝုန်းးးး' ဟူသော အသံနှင့်အတူ နောက်တစ်ကြိမ် အလွန်တောက်ပသော အလင်းရောင်တစ်ခု ပေါက်ကွဲထွက်လာပြန်၏။ သို့တိုင်အောင် မည်သည့် အသံမျှ ထွက်ပေါ်လာခြင်း မရှိသေးချေ။ (အသံက ပေါ်တာလား မပေါ်တာလား ဘာလားပဲ။ မူရင်းအတိုင်းပဲ ရေးထားတယ် 😅)
ထို့နောက် မိုင်နှစ်ရာအကွာရှိ ထိုကျွန်းငယ်လေးပေါ်မှ အရာအားလုံးမှာ လုံးဝ ပျက်သုဉ်းသွားရတော့သည်။
ထိုစွမ်းအားမှာ အမှန်တကယ်ပင် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လွန်းလှ၏။ ကမ္ဘာကြီး အမှန်တကယ်ကို ပြောင်းပြန်လှန်ခံလိုက်ရပြီဟု တုပိုင် တွေးမိသည်။
ဤကမ္ဘာကြီးတွင် မည်သို့ဖြစ်ပျက်ခဲ့ကြောင်းကို တုပိုင် လုံးဝ မှန်းဆ၍ မရနိုင်သေးချေ။
ထိုအချိန်၌ အခြေအနေ ရုတ်တရက် ပြောင်းလဲသွားသည်။ အစွမ်းထက်သော စွမ်းအင်တစ်ခုက ပင်လယ်ရေပြင် တစ်ခုလုံးကို ရုတ်တရက် လွှမ်းခြုံလာ၏။
ခဏအကြာတွင် တုပိုင်မှာ ပစ်မှတ်အဖြစ် သော့ခတ်ခံလိုက်ရပြီး အစွမ်းထက်သော စွမ်းအင်တစ်ခု၏ ပိတ်လှောင်မှုကို ခံလိုက်ရသည်။
စစ်သင်္ဘောကြီးသည် အလွန်တရာ အစွမ်းထက်လှရာ ၊ တုပိုင် ပင်လယ်အောက်၌ ပုန်းအောင်းနေစဉ်မှာပင် စကင်ဖတ်စစ်ဆေးမှုကို ခံလိုက်ရပြီး ပစ်မှတ်အဖြစ် သော့ခတ်ခံလိုက်ရခြင်း ဖြစ်၏။
ထို့နောက် စစ်သင်္ဘောကြီး တစ်ခုလုံးဆီမှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် စွမ်းအင်အမြောက် ဒါဇင်နှင့်ချီ၍ တုပိုင်ထံသို့ သေမင်းတမန်များအလား ချိန်ရွယ်လာကြတော့၏။
"သူစိမ်း... ချက်ချင်း ထွက်လာပြီး လက်နက်ချပါ။ ဒါမှမဟုတ်ရင် သတ်ပစ်ရလိမ့်မယ်"
တုပိုင် ရေမျက်နှာပြင်ပေါ်သို့ ထွက်လာခဲ့ပြီး မည်သည့် ရန်လိုမှုမျှ မရှိကြောင်း ပြသရန် လက်မြှောက်လိုက်သည်။ သို့သော် အခြေအနေ အရပ်ရပ်ကို ထည့်သွင်းစဉ်းစား၍ သူ၏ မျက်နှာကိုမူ သာမန်လူတစ်ယောက်အသွင်သို့ ပြောင်းလဲလိုက်၏။
အတန်ကြာပြီးနောက် စစ်သင်္ဘောကြီးထဲမှ ရဟတ်ယာဉ်အရွယ်အစားခန့်ရှိ ယာဉ်ငယ်တစ်စင်း ပျံသန်းထွက်လာပြီး ပင်လယ်ပြင်ပေါ်သို့ လေဟုန်များနှင့်အတူ ဆင်းသက်လာသည်။
ယာဉ်ငယ်ထဲမှ စစ်သည်လေးဦး ထွက်လာ၏။ ထိုစစ်သည်လေးဦးသည် အနက်ရောင် သံချပ်ကာအင်္ကျီများကို ဝတ်ဆင်ထားပြီး အလွန်ထူးဆန်းသော သေနတ်များကို ကိုင်ဆောင်ထားကြသည်။
သေနတ်လေးလက်က တုပိုင်ထံသို့ တစ်ပြိုင်နက်တည်း ချိန်ရွယ်လာ၏။
"သူစိမ်း... မင်း အဖမ်းခံရပြီ။ ဘာခုခံမှုမှ မလုပ်နဲ့။ မဟုတ်ရင် မင်းကို သတ်ပစ်မယ်"
တုပိုင်က အေးအေးဆေးဆေးပင် ပခုံးပင့် ပြလိုက်သည်။
စစ်သည်တစ်ဦး ရှေ့သို့ တိုးလာပြီး လက်ထိတ်နှင့်တူသော အရာတစ်ခုကို ထုတ်ယူ၍ တုပိုင်၏ လက်ကို တိုက်ရိုက် ခတ်လိုက်၏။ လက်ထိတ်ပေါ်ရှိ ခလုတ်တစ်ခုကို နှိပ်လိုက်သောအခါ ရုတ်တရက် လျှပ်စီးကြောင်းတစ်ခု ပေါ်ထွက်လာသည်။
ထိုသည်များမှာ စွမ်းအင်လက်ထိတ်များ ဖြစ်နေကာ အလွန်အဆင့်မြင့်သည့် နည်းပညာဖြစ်ကြောင်း တုပိုင် နားလည်လိုက်၏။
ထို့နောက် တုပိုင်ကို ယာဉ်ငယ်ထဲသို့ ခေါ်ဆောင်သွားကြသည်။ ယာဉ်ငယ်သည် အထက်သို့ ပျံတက်သွားပြီး ဧရာမ စစ်သင်္ဘောကြီး၏ ကုန်းပတ်ပေါ်သို့ ဆင်းသက်သွားလိုက်သည်။
"သင်္ဘောပေါ်က ဆင်း"
ထို့နောက် လူလေးဦးက တုပိုင်ကို ယာဉ်ငယ်ထဲမှ ခေါ်ထုတ်ကာ ဧရာမ စစ်သင်္ဘောကြီး၏ အတွင်းပိုင်းသို့ ခေါ်ဆောင်သွားကြ၏။
စစ်သင်္ဘောကြီး၏ အတွင်းပိုင်းသည် တုပိုင် မျှော်လင့်ထားသကဲ့သို့ မဟုတ်ပေ။ မည်သည့် ကွန်ပျူတာ မျက်နှာပြင် သို့မဟုတ် ရှုပ်ယှက်ခတ်နေသော ဝါယာကြိုးများ ရှိမနေချေ။
စစ်သင်္ဘောကြီး၏ အတွင်းပိုင်းမှာ အလွန်တရာ ကြီးမားကျယ်ဝန်းလှသည်။ အပြင်ခွံပါးလွှာကာ အတွင်း၌ နေရာလွတ်များစွာ ပါရှိသော ပုံစံမျိုး ဖြစ်၏။
အတွင်း၌ ယာဉ်အမျိုးအစားစုံလင်စွာ ရပ်နားထားပြီး ယာဉ်တိုင်းတွင် စွမ်းအင်အမြောက်ငယ်များ ပါရှိသည်။ စစ်သင်္ဘောကြီးအတွင်း၌ စစ်သည်အဖွဲ့များက ဟိုဟိုဒီဒီ ဖြတ်သန်းသွားလာနေကြ၏။
တုပိုင်ကို အကျဉ်းခန်းငယ်တစ်ခုသို့ ခေါ်ဆောင်သွားပြီး မြေပြင်နှင့် တစ်ဆက်တည်းဖြစ်နေသော သတ္တုကုလားထိုင်တစ်ခုပေါ်၌ ထိုင်ခိုင်းလိုက်သည်။
ဦးဆောင်လာသော စစ်သည်က သတိပေးလိုက်သည်။
"သူစိမ်း... ခဏစောင့်နေ။ ငါတို့ရဲ့ အရာရှိက မင်းကို စစ်ဆေးမေးမြန်းလိမ့်မယ်"
စွမ်းအင်လက်ထိတ်များ ခတ်ထားသော်ငြား တုပိုင် အလွယ်တကူပင် ရုန်းထွက်နိုင်စွမ်း ရှိသည်။ သို့သော် သူ ထိုသို့မလုပ်ခဲ့ဘဲ အရာရှိ ရောက်လာမည့်အချိန်ကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်၏။
ဤကမ္ဘာတွင် မည်သည့်အရာများ ဖြစ်ပျက်နေကြောင်းကို သူ အလွန် သိချင်နေမိသည်။ မိနစ်အနည်းငယ်ခန့် စောင့်ဆိုင်းပြီးနောက် လူတစ်ဦး ရောက်ရှိလာ၏။
အသက် ၃၀ ခန့်ရှိ အမျိုးသမီးတစ်ဦး ဝင်ရောက်လာသည်။ သူမသည် ဆံပင်တိုတိုနှင့် သူရဲကောင်းဆန်သော အသွင်အပြင်ရှိပြီး ကိုယ်ကျပ်သံချပ်ကာအင်္ကျီကို ဝတ်ဆင်ထားလျက်ရှိနေ၏။
"ဗိုလ်ချုပ်"
"ဗိုလ်ချုပ်"
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၄၁ + ၉၄၂) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။