အခန်း (၉၄၃-၉၄၄)
Vol. 95 Ch. 943-944
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၄၃ + ၉၄၄)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
မှောင်မိုက်ကျဉ်းမြောင်းလှသော အကျဉ်းခန်းငယ်အတွင်း၌ လေထုက လေးလံထိုင်းမှိုင်းနေ၏။ တံခါးဝတွင် စောင့်ကြပ်နေကြသော စစ်သည်သုံးဦးမှာ ဝင်ရောက်လာသူကို မြင်သည်နှင့် တစ်ယောက်ပြီးတစ်ယောက် အလျင်အမြန်ပင် တောင့်တင်းစွာ အလေးပြုလိုက်ကြသည်။
သူတို့၏ မျက်နှာထက်တွင် ရိုသေကြောက်ရွံ့မှုများက အထင်းသားပေါ်လွင်နေ၏။ တုပိုင် ဝင်ရောက်လာသူအား မျက်မှောင်ကြုတ်ကာ အကဲခတ်လိုက်သည်။ ဤမျှ ငယ်ရွယ်လှသော အမျိုးသမီးက အဆင့်မြင့် ဗိုလ်ချုပ်တစ်ဦး ဖြစ်နေသည်လော။
သူမ တုပိုင်၏ရှေ့ရှိ သံကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်၏။ ထို့နောက် သူမ၏ အေးစက်စူးရှသော မျက်လုံးများက တုပိုင်၏ မျက်နှာဆီသို့ လျှပ်စီးတန်းပမာ ဖြတ်ပြေးသွားပြီး အလွန်အမင်း အေးစက်မာကျောလှသော လေသံဖြင့် မေးခွန်းထုတ်လိုက်သည်။
"ဟေ့လူ... မင်းက ဘယ်သူလဲ။ အခုချက်ချင်း မှန်မှန်ပြောစမ်း။ ငါတို့ရဲ့ အထူးစစ်ရေးလေ့ကျင့်ရာ နယ်မြေထဲကို ဘယ်လိုနည်းလမ်းနဲ့ ရောက်လာတာလဲ။ အင်ပါယာက ဒီပင်လယ်ပြင်တစ်ခုလုံးကို လဝက်လောက်ကတည်းက ကြိုတင်ပြီးတော့ ပိတ်ဆို့ရှင်းလင်းထားပြီးသားပဲ။ ဘယ်သူမှ အနားကပ်ခွင့် မရှိဘူး။"
ဤစကားကြောင့် ပင်လယ်ပြင်ထက်၌ သင်္ဘောတစ်စင်းမျှ မတွေ့ရသည်မှာ အံ့သြစရာတော့ မဟုတ်တော့ကြောင်း တုပိုင် သဘောပေါက်သွား၏။ ဤသည်မှာ ကြီးမားသော စစ်ရေးလေ့ကျင့်မှု တစ်ခုဖြစ်နိုင်သလို အဖျက်စွမ်းအားပြင်းထန်သည့် လက်နက်သစ် စမ်းသပ်မှုတစ်ခုလည်း ဖြစ်နေနိုင်ပေသည်။ သို့သော် သူ နားမလည်နိုင်သည်က သူမပြောနေသည့် 'အင်ပါယာ' ဆိုသည်မှာ မည်သည့်အင်ပါယာကို ဆိုလိုသနည်း။
အမျိုးသမီးဗိုလ်ချုပ် ထပ်မံ၍ အေးစက်စွာ မေးလိုက်ပြန်၏။ "မင်းက ဘယ်အင်အားစုကလဲ။"
သို့သော် တုပိုင့်ထံမှ မည်သည့်တုံ့ပြန်မှု ၊ မည်သည့်စကားသံမျှ ထွက်ပေါ်မလာချေ။
"စကားမပြောချင်ဘူးပေါ့လေ...။"
အမျိုးသမီးဗိုလ်ချုပ် အထင်အသေးဖြင့် လှောင်ပြောင်ပြုံးရယ်လိုက်၏။
သူမက ဘေးနားရှိ စစ်သည်အား ပြတ်သားစွာ အမိန့်ပေးလိုက်သည်။ "အင်ပါယာရဲ့ အကျဉ်းသားတွေထဲမှာ ငါတို့မမေးဘဲ ပါးစပ်ပိတ်ထားနိုင်တဲ့သူဆိုတာ တစ်ယောက်မှ မရှိသေးဘူး။ သွား... ဝိညာဉ်ဆရာသခင်တွေကို သွားခေါ်လာခဲ့။"
စစ်သည်က ရိုသေစွာ တုံ့ပြန်လိုက်ပြီး ချက်ချင်းပင် ထွက်သွား၏။ "အမိန့်အတိုင်းပါ ဗိုလ်ချုပ်။"
အချိန်ခဏအကြာတွင် အခန်းတွင်းသို့ ထူးဆန်းသော လူလေးဦး ဝင်ရောက်လာ၏။ သူတို့သည် ပိုက်ဆံလျှော်ကြိုးများဖြင့် ရက်လုပ်ထားသော ရှေးဟောင်းဝတ်ရုံကြီးများကို ဆင်မြန်းထားသည့် အဘိုးအို လေးဦး ဖြစ်ကြသည်။
အမျိုးသမီးဗိုလ်ချုပ်က အေးစက်သော မျက်နှာထားဖြင့် ဆိုလိုက်၏။ "ဝိညာဉ်ဆရာသခင်တို့... ဒီအကျဉ်းသား စကားပြောလာအောင် လုပ်ပေးကြပါ။"
ဝိညာဉ်ဆရာသခင် လေးဦးတို့က တစ်သံတည်း ပြန်လည်တုံ့ပြန်လိုက်ကြသည်။ "ကျုပ်တို့ရဲ့ တာဝန်ထားလိုက်ပါ ဗိုလ်ချုပ်။"
ထို့နောက် ဝိညာဉ်ဆရာသခင် တစ်ဦးက သူ၏ဝတ်ရုံအတွင်းမှ တောက်ပနေသော ရွှေအကြွေစေ့ တစ်စေ့ကို ထုတ်ယူလိုက်၏။ သူက တုပိုင်၏ရှေ့ရှိ စားပွဲပေါ်၌ ထိုအကြွေစေ့ကို လှည့်လိုက်ရာ ရွှေအကြွေစေ့လေးမှာ တဝီဝီမြည်သံနှင့်အတူ ရုတ်တရက် အရှိန်ပြင်းစွာ လည်ပတ်သွားတော့၏။
ချက်ချင်းဆိုသလိုပင် ဝိညာဉ်ဆရာသခင် လေးဦးလုံး သူတို့၏ တွန့်လိမ်နေသော လက်ဝါးများကို ဆန့်ထုတ်ကာ တုပိုင်၏ ခေါင်းပေါ်သို့ ရွယ်တန်းလိုက်ကြသည်။ တစ်ခဏချင်းမှာပင် အလွန်အစွမ်းထက်ပြီး ဖိအားပြင်းထန်လှသော စိတ်စွမ်းအင်လှိုင်းများကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ကြ၏။
လေထုထဲရှိ စိတ်စွမ်းအင် အတက်အကျများမှာ အမှန်တကယ်ပင် အားမနည်းလှချေ။ သာမန် သိုင်းပညာရှင်များ သို့မဟုတ် အခြားသူများသာဆိုလျှင် ဤမျှပြင်းထန်သော ဖိအားအောက်တွင် သူတို့၏ စိတ်အာရုံ ကာကွယ်မှုမှာ အလွယ်တကူပင် ရိုက်ချိုးခံလိုက်ရမည်မှာ အသေအချာပင် ဖြစ်၏။
သို့သော် တုပိုင်မှာ ထိုစိတ်စွမ်းအင်များကို ဂရုမစိုက်နိုင်လောက်အောင် ရုတ်တရက် အံ့အားသင့်သွားရသည်။ သူ၏ မျက်လုံးများက စားပွဲပေါ်၌ လည်ပတ်နေပြီး တဖြည်းဖြည်း အရှိန်သေကာ လဲကျသွားသော ရွှေအကြွေစေ့ကိုသာ စိုက်ကြည့်နေမိတော့၏။ အကြောင်းမူကား ထိုရွှေအကြွေစေ့၏ မျက်နှာပြင်ပေါ်၌ သူနှင့် အလွန်ရင်းနှီးနေသည့် မျက်နှာတစ်ခုကို ရှင်းလင်းပြတ်သားစွာ ရိုက်နှိပ်ထားသောကြောင့်ပင် ဖြစ်သည်။ ထိုမျက်နှာမှာ အခြားသူတစ်ယောက်၏ မျက်နှာမဟုတ်ဘဲ တုပိုင်ကိုယ်တိုင်၏ မျက်နှာ ဖြစ်နေ၏။
သူ၏မျက်နှာကို အင်ပါယာ၏ ရွှေအကြွေစေ့ပေါ်တွင် ခတ်နှိပ်ထားသည်တဲ့လော။ ဤသည်မှာ မည်သို့သော အဓိပ္ပာယ်သက်ရောက်နေသနည်း။
ထိုသို့ တုပိုင် တွေဝေနေခိုက်မှာပင် အကျဉ်းခန်းအပြင်ဘက်မှ ပြင်းထန်လေးလံလှသော ခြေသံများနှင့်အတူ အလွန်အစွမ်းထက်ပြီး ဖိနှိပ်နိုင်စွမ်းရှိသော အရှိန်အဝါတစ်ခုက ရုတ်တရက် ထွက်ပေါ်လာ၏။ လေထုတစ်ခုလုံးပင် တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရသည်။ အလွန်အရေးပါလှသော ပုဂ္ဂိုလ်ကြီးတစ်ဦး ရောက်ရှိလာခြင်းပင် ဖြစ်ကြောင်း သိသာလှ၏။
ထိုသူ၏ဘေးပတ်လည်တွင် အနည်းဆုံး မဟာဆရာသခင်အဆင့်ရှိ သိုင်းပညာရှင် ဆယ်ဂဏန်းမက ခြံရံကာ လိုက်ပါလာကြသည်။ ထို့နောက် လေးလံလှသော အကျဉ်းခန်းတံခါးကြီးမှာ ဖြည်းညင်းစွာ ပွင့်ဟလာသည်။
တံခါးပေါက်မှနေ၍ တောက်ပလှသော အဝါရောင် သံချပ်ကာဝတ်စုံကို ခန့်ညားစွာ ဆင်မြန်းထားသည့် အလွန်လှပသော မိန်းကလေးတစ်ဦး ဝင်ရောက်လာ၏။ သူမ၏ အသွင်အပြင်မှာ နေမင်းတစ်စင်းအလား တောက်ပနေသည်။
ထိုအခါ ကုလားထိုင်ပေါ်၌ မောက်မာစွာ ထိုင်နေခဲ့သော အမျိုးသမီးဗိုလ်ချုပ်မှာ မျက်နှာထား ချက်ချင်းပြောင်းလဲသွားကာ ရုတ်တရက် မတ်တတ်ရပ်လိုက်၏။ တံခါးဝတွင် စောင့်ကြပ်နေကြသော စစ်သည်နှစ်ဦးသည်လည်း မျက်တောင်တစ်ချက်မျှ မခတ်ဝံ့တော့ဘဲ ချက်ချင်း မတ်မတ်ရပ်ကာ အရိုအသေ ပေးလိုက်ကြသည်။
အမျိုးသမီးဗိုလ်ချုပ်က ရိုသေစွာဖြင့် ဝါဝရလိုက်၏။ "အိမ်ရှေ့စံမင်းသမီးကို ဂါရဝပြုပါတယ်။"
တုပိုင် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏ မျက်စိရှေ့မှ ရင်သပ်ရှုမောဖွယ် ကောင်းလှသော ဤမိန်းကလေးမှာ အင်ပါယာ၏ အိမ်ရှေ့စံမင်းသမီး ဖြစ်နေသည်လော။ ထို့အပြင် သူမ၏ မျက်နှာသွင်ပြင်က သူနှင့် အနည်းငယ် ရင်းနှီးနေသယောင် ရှိနေသည်ကိုလည်း သတိပြုမိလိုက်၏။
သူမသည် အသက်အရွယ်အားဖြင့် သိပ်မကြီးသေးသော်ငြား အလွန်တရာ လှပကျော့ရှင်းလှသည်။ အထူးသဖြင့် သူမ၏ မျက်ဝန်းများမှာ ပြည့်စုံနက်နဲလှသော အရှိန်အဝါများနှင့် ပြည့်နှက်နေကာ တော်ဝင်ဆန်လှ၏။ သို့သော် အရေးအကြီးဆုံးအချက်မှာ သူမက လူတစ်ယောက်နှင့် အလွန်တူနေခြင်းပင် ဖြစ်သည်။
အကျဉ်းခန်းထဲရှိ သံကြိုးများဖြင့် ချည်နှောင်ခံထားရသော တုပိုင်ကို မြင်တွေ့လိုက်ရပြီးနောက် အင်ပါယာ၏ အိမ်ရှေ့စံမင်းသမီးလေးမှာ နေရာတွင်ပင် အေးခဲသွားတော့၏။ သူမ၏ အရှိန်အဝါများ ပြည့်နှက်နေသော မျက်ဝန်းကြီးများ ပြူးကျယ်သွားကာ အလွန်တရာ စိတ်လှုပ်ရှားသွားပုံရသည်။
ထို့နောက် သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း ထိန်းချုပ်မရအောင် တုန်ယင်လာတော့၏။ သူမ၏ မျက်လုံးဝိုင်းဝိုင်းကြီးများထဲ၌ မျက်ရည်ပူများ ရစ်သိုင်းလာပြီး ချယ်ရီသီးအလား နီထွေးနူးညံ့လှသော နှုတ်ခမ်းလေးများမှာလည်း တစ်ဆက်ဆက် တုန်ယင်လာရသည်။ သူမ၏ အမူအရာမှာ တော်ဝင်မင်းသမီးတစ်ပါး၏ ခန့်ညားမှုများ လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် သူမ ရှေ့သို့ အတင်းအဓမ္မ ပြေးဝင်လာကာ တုပိုင်၏ လည်ပင်းကို တင်းကျပ်စွာ သိုင်းဖက်လိုက်တော့သည်။
သူမ၏ အသံလေးမှာ ရှိုက်သံများဖြင့် ပြည့်နှက်နေ၏။ "ခမည်းတော်... ခမည်းတော်..."
တုပိုင်မှာ လုံးဝကို အံ့သြမှင်သက်သွားရသည်။ သူ သူ၏မျက်နှာကို အခြားသူတစ်ယောက်အသွင် ပြောင်းလဲထားသည်မှာ အထင်အရှား ဖြစ်ပါလျက်နှင့် သူ၏ရှေ့ရှိ အရှိန်အဝါကြီးမားလှသော ဤမိန်းမလှလေးက သူ့ကို မှတ်မိနေသေးသည်လော။
ဤမျှ ရင်သပ်ရှုမောဖွယ် ကောင်းလှသော အိမ်ရှေ့စံမင်းသမီးလေးက မည်သူနည်း။ တုပိုင်၏ ခေါင်းထဲ၌လည်း အနည်းငယ် ရှုပ်ထွေးသွားမိ၏။ သူမသည် နင်းရွှဲ့၏ သမီး ဖြစ်လောက်ပေမည်ဟု သူ တွေးလိုက်မိသည်။ သို့ဆိုလျှင် သူမ ရုပ်ဖျက်ထားသော တုပိုင်ကို မည်သို့လုပ်၍ တန်းပြီး မှတ်မိနေရသနည်း။
တုပိုင် နူးညံ့စွာ မေးလိုက်၏။ "သမီး နာမည်က ဘယ်သူလဲ။"
အိမ်ရှေ့စံမင်းသမီးလေးက မျက်ရည်များကြားမှ ပြုံးလျက် ပြန်ဖြေလာသည်။ "ခမည်းတော်... သမီးက ရှောင်ရှောင်လေ။"
တုပိုင် ရုတ်တရက် အံ့ဩတကြီးဖြင့် ရေရွတ်လိုက်မိ၏။ "ရှောင်ရှောင်..."
သူ အလျင်အမြန် ဆက်မေးလိုက်သည်။ "သမီးရဲ့ မယ်တော်က နီရှန်လား။"
အိမ်ရှေ့စံမင်းသမီးလေးက ခေါင်းညိတ်ကာ ပြန်ဖြေ၏။ "ဟုတ်ပါတယ်။"
တုပိုင်၏ ခေါင်းထဲတွင် အတွေးများ ဗြောင်းဆန်သွားတော့သည်။ နင်းရွှဲ့နှင့် သူမ၏ ကလေးများကသာ တာ့နင်အင်ပါယာ၏ အိမ်ရှေ့စံ ဖြစ်လာသင့်သည် မဟုတ်ပါလော။ ရှောင်ရှောင်က မည်သို့လုပ်၍ အိမ်ရှေ့စံ ဖြစ်နေရသနည်း။
ထိုစဉ် လှပသော အိမ်ရှေ့စံမင်းသမီးလေးက သူမ၏ မေးလေးကိုမော့ကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဆိုလိုက်၏။ "ခမည်းတော်... အခု ခမည်းတော်ရဲ့ရှေ့မှာ ရပ်နေတာက အရှေ့ဘက် ပြည်ထောင်စု အင်ပါယာရဲ့ အိမ်ရှေ့စံမင်းသမီး တုရှောင်ပါ။"
ဟိုက်...။ တုပိုင် ရင်ထဲတွင် ကြိတ်၍ အာမေဍိတ်သံ ထွက်သွားလာရသည်။
သူမ တုပိုင်ကို ခမည်းတော်ဟု ဆက်တိုက် ခေါ်ဆိုနေ၏။ ဆိုလိုသည်မှာ တုပိုင်သည် အရှေ့ဘက် ပြည်ထောင်စု အင်ပါယာ၏ ဧကရာဇ် ဖြစ်လာသည်လော။ ဧကရီနင်းရွှဲ့က သူမ၏ ခင်ပွန်းဖြစ်သူ တုပိုင်ကို သူမထက် ပိုမိုမြင့်မားသော ရာထူးနေရာသို့ ပေးအပ်မြှင့်တင်လိုက်သည်တဲ့လော။
တုပိုင် သူ၏ရှေ့ရှိ လှပသော အိမ်ရှေ့စံမင်းသမီးလေးကို သေချာစွာ စိုက်ကြည့်လိုက်၏။ သူမသည် ကမ္ဘာပျက်ကပ် ကာလက သူသိခဲ့သော တုရှောင်နှင့် အလွန်ကို ဆင်တူနေသေးသည်။
သို့သော် သူ၏ရှေ့ရှိ အိမ်ရှေ့စံမင်းသမီး တုရှောင်မှာ မည်သည့် ဆင်းရဲဒုက္ခကိုမျှ ကြုံတွေ့ခဲ့ဖူးခြင်း မရှိသောကြောင့် ကမ္ဘာမြေပေါ်ရှိ ဘဝဒဏ်ခံနေရသော တုရှောင်ကဲ့သို့ ပင်ပန်းနွမ်းနယ်နေသည့် အသွင်မျိုး မရှိဘဲ အလွန်ကို အပြစ်ကင်းစင်ကာ တောက်ပနေခြင်းသာ ကွာခြားပေ၏။ ထို့အပြင် ကမ္ဘာမြေမှ တုရှောင်သည် ပို၍ ပိန်ပါးပြီး သူ၏ရှေ့ရှိ အိမ်ရှေ့စံမင်းသမီး တုရှောင်မှာမူ ကလေးသဘာဝ ပါးလေးများ ဖောင်းမို့နေကာ အလွန်ကို ချစ်စရာကောင်းလှသည်။
တုပိုင် ကလေးမ၏ ချစ်စရာကောင်းသော မျက်နှာလေးကို ငေးကြည့်နေမိ၏။ သူ တာ့နင်အင်ပါယာမှ ထွက်ခွာလာစဉ်က သူမသည် လသားအရွယ်သာ ရှိသေးသည်။ သို့သော် သူမ မွေးကင်းစအရွယ်ကတည်းက ပြသခဲ့သော အပြုအမူများမှာ သာမန်ကလေးငယ်များနှင့် လုံးဝ ကွဲပြားခြားနားလွန်းခဲ့သည်ကို သူ မှတ်မိနေ၏။ သူမ တစ်လမပြည့်ခင်မှာပင် မှောက်နိုင် လှိမ့်နိုင်ပြီး ရယ်မောတတ်နေကာ လေးလမပြည့်ခင်မှာပင် စကားများ စတင်ပြောတတ်နေပြီ ဖြစ်၏။
တုပိုင် သိချင်စိတ်ဖြင့် မေးလိုက်၏။ "သမီး... ခမည်းတော်ကို ဘယ်လိုလုပ် မှတ်မိတာလဲ။ ခမည်းတော် ရုပ်ဖျက်ထားတာကို။"
အိမ်ရှေ့စံမင်းသမီး တုရှောင်က ပြုံးလျက် ရှင်းပြသည်။ "ထူးခြားတဲ့ အနံ့လေးနဲ့ စွမ်းအင်အငွေ့အသက်ကြောင့်ပါ။ ခမည်းတော်... ခံစားကြည့်လိုက်ပါ။"
အနံ့နှင့် စွမ်းအင်အငွေ့အသက်လော။ တုပိုင် တွေးတောသွားမိ၏။ သို့သော် တုပိုင် သူမကို ထားရစ်ခဲ့စဉ်က သူမ အသက်လေးလအရွယ်သာ ရှိသေးရာ မည်သည့် မှတ်ဉာဏ်မျှ မရှိသင့်ချေ။
ထို့နောက် သူမ မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်ပြီး လေထုထဲသို့ အလွန်နူးညံ့သော်လည်း အားကောင်းလှသည့် စိတ်စွမ်းအင်လှိုင်းတစ်ခုကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် တုပိုင်၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်ခါသွားပြီး သူ၏ ဝိညာဉ်တစ်ခုလုံးမှာလည်း ထိုစိတ်စွမ်းအင်လှိုင်းနှင့်အတူ လိုက်ပါတုန်ခါသွားသကဲ့သို့ ခံစားလိုက်ရသည်။ ထုံကျဉ်သော ခံစားမှုတစ်ခုက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ လျှပ်စီးပမာ ချက်ချင်း ပျံ့နှံ့သွားတော့၏။
တုပိုင် အံ့ဩတကြီး တွေးလိုက်မိသည်။ 'ဒါ... ဒါက သွေးသားတော်စပ်မှုကြောင့် ချိတ်ဆက်နေတဲ့ ဝိညာဉ်တုံ့ပြန်မှုလား။ ဒါပေမဲ့ ငါ့ရှေ့က ဒီကလေးမလေးမှာ ဘယ်လိုလုပ်ပြီး ဒီလောက် နက်နဲတဲ့ ဝိညာဉ်ရေးရာ စွမ်းရည်မျိုး ရှိနေရတာလဲ။'
ထို့နောက် ဤမိန်းကလေးငယ်၏ စိတ်စွမ်းအင်မှာ သူထင်ထားသည်ထက် အလွန်တရာ မြင့်မားနေကြောင်း တုပိုင် ရှင်းလင်းစွာ သိရှိလိုက်ရ၏။ တုပိုင်ကိုယ်တိုင်၏ စိတ်စွမ်းအင်အဆင့်မှာ ၅၉ ဖြစ်ပြီး ယခု သူ၏ရှေ့ရှိ ဤမိန်းကလေးငယ်၏ စိတ်စွမ်းအင်မှာ အနည်းဆုံး ၃၉ အဆင့်အထိ ရောက်ရှိနေသည်။
ဤသည်မှာ ကောင်းကင်ဘုံကို အံတုနေခြင်းပင် ဖြစ်တော့၏။ တာ့နင်အင်ပါယာ မတည်ထောင်မီက ဤလောကတွင် အစွမ်းထက်ဆုံး စိတ်စွမ်းအင်မှာ အဆင့် ၁၉ ထက် ပိုမိုကျော်လွန်မည် မဟုတ်ချေ။ ယခု ဤမိန်းကလေးမှာ ယခုမှ အသက် ၁၆ နှစ်သာ ရှိသေးရာ မည်သို့လုပ်၍ ဤမျှလောက် မြင့်မားပြီး ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအင်မျိုးကို ပိုင်ဆိုင်ထားနိုင်မည်နည်း။
ထိုအချိန်၌ ပတ်ဝန်းကျင်ရှိ အမျိုးသမီးဗိုလ်ချုပ် ၊ ဝိညာဉ်ဆရာသခင်များနှင့် စစ်သည်များ လူတိုင်းမှာ မျက်လုံးများ ပြူးကျယ်ကာ အံ့အားသင့် မှင်သက်သွားကြရတော့၏။
သူတို့ရှေ့ရှိ အကျဉ်းသားဟု ထင်မှတ်ထားသော ဤအမျိုးသားမှာ အမှန်တကယ်ပင် အင်ပါယာ၏ ကယ်တင်ရှင် ဖြစ်နေသည်လော။ အရှေ့ဘက် ပြည်ထောင်စု အင်ပါယာ၏ ဂုဏ်ကျက်သရေအရှိဆုံး ဧကရာဇ် ၊ မီးနတ်ဘုရားဂိုဏ်း၏ အမြင့်မြတ်ဆုံး ပုပ်ရဟန်းမင်းကြီး ဖြစ်နေသည်တဲ့လား။
တုပိုင် သူ၏ လက်နှင့် ခြေထောက်များကို ချည်နှောင်ထားသည့် ခိုင်ခံ့လှသော စွမ်းအင်လက်ထိတ်များကို ညင်သာစွာ ဆွဲဖြုတ်ကာ အလွယ်တကူ ချိုးဖျက်လိုက်၏။ ထို့နောက် သူ၏ ရုပ်ဖျက်ထားမှုကို ရုပ်သိမ်းကာ မူလမျက်နှာအစစ်အမှန်သို့ ပြန်လည်ပြောင်းလဲလိုက်သည်။
ချောမောခန့်ညားပြီး ဘုန်းတန်ခိုးကြီးမားလှသော သူ၏ မျက်နှာအစစ် ပေါ်လွင်လာသောအခါ ရုတ်တရက် အခန်းတွင်းရှိ လူတိုင်းမှာ ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါးကို မြင်တွေ့လိုက်ရသကဲ့သို့ ကြောက်ရွံ့ရိုသေစွာဖြင့် မြေပြင်ပေါ်၌ တညီတညာတည်း ဒူးထောက်ချလိုက်ကြသည်။ သူတို့အားလုံး ကြမ်းပြင်နှင့် နဖူးထိကာ အလေးအနက် ဦးညွှတ်လျက် ပြိုင်တူ ကြွေးကြော်လိုက်ကြ၏။ "ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်။"
အမှန်တကယ်တော့ တာ့နင်အင်ပါယာတွင်ဖြစ်စေ ၊ အရှေ့ဘက် ပြည်ထောင်စု အင်ပါယာတွင်ဖြစ်စေ ဒူးထောက်ဦးညွှတ်ရသော ခေတ်ဟောင်းစနစ်ကို ဖျက်သိမ်းခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။ ယခုခေတ်တွင် အိမ်ရှေ့စံမင်းသမီးနှင့် တွေ့ဆုံရသည်ဖြစ်စေ ၊ ဧကရာဇ်နင်းရွှဲ့နှင့် တွေ့ဆုံရသည်ဖြစ်စေ မည်သူမျှ ဒူးထောက်ရန် မလိုအပ်တော့ချေ။
သို့သော် မဟာဆရာသခင်အဆင့်ရှိ သိုင်းပညာရှင်များ ၊ အင်ဂျင်နီယာစစ်သည်များအားလုံးနှင့် မောက်မာလှသော ဤအမျိုးသမီးဗိုလ်ချုပ်တို့ အားလုံးမှာ မြေပြင်ပေါ်၌ ဝပ်စင်းကာ ဒူးထောက်နေကြဆဲပင် ဖြစ်သည်။ အထူးသဖြင့် အစောက အေးစက်စူးရှနေခဲ့သော ဤအမျိုးသမီးဗိုလ်ချုပ်မှာ ယခုအခါ စိတ်လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေပြီး တုပိုင်အား အလွန်စိတ်အားထက်သန်မှု ၊ ရိုသေကိုင်းရှိုင်းမှုအပြည့်ဖြင့် မော့ကြည့်နေ၏။
အိမ်ရှေ့စံမင်းသမီး တုရှောင် ပြုံးလျက် ဂုဏ်ယူစွာဖြင့် မိတ်ဆက်ပေးလိုက်၏။ "ခမည်းတော်... ဒါက ကျီရှီနယ်စားမင်းရဲ့ သမီး ဗိုလ်ချုပ်ကျီယန်ပါ။"
တုပိုင် ရုတ်တရက် မှင်သက်သွားရပြန်သည်။ ကျီရှီ၏ သမီးကို သူမြင်တွေ့ခဲ့ဖူးသည်မှာ နှစ်အတော်ကြာခဲ့ပြီ ဖြစ်၏။ ထိုစဉ်က သူမသည် အပြစ်ကင်းစင်သော ကလေးငယ်တစ်ယောက်သာ ရှိသေးသော်ငြား ယခုအချိန်၌ ဤမျှ အင်အားကြီးမားသော တပ်ဖွဲ့များကို ဦးဆောင်သည့် ဗိုလ်ချုပ်တစ်ဦး ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ချေ။
တုပိုင် နူးညံ့သောအပြုံးဖြင့် ဆိုလိုက်ပြီး မြေပြင်တွင် ဒူးထောက်နေသော ဗိုလ်ချုပ်ကျီယန်အား ကိုယ်တိုင် တွဲထူပေးလိုက်၏။ "ထကြပါတော့..."
ထို့နောက် တုပိုင် လွမ်းဆွတ်သော လေသံဖြင့် မေးလိုက်သည်။ "မင်းရဲ့ အဖေနဲ့အမေရော နေကောင်းကြရဲ့လား။"
ဗိုလ်ချုပ်ကျီယန်က မျက်ရည်များ ဝဲတက်လာကာ စိတ်လှုပ်ရှားစွာဖြင့် လျှောက်တင်လာ၏။ "ကျွန်တော်မျိုးမရဲ့ မိဘတွေ နေကောင်းကြပါတယ်။ ဒါပေမဲ့... သူတို့ ဧကရာဇ်မင်းမြတ်ကို အရမ်း သတိရနေကြတယ်။ ကျွန်တော်မျိုးမရဲ့ မိဘတွေတင် မကပါဘူး ၊ ပြိုင်ဘက်ကင်း မြေအောက်မြို့တော် တစ်ခုလုံးရယ် ၊ တာ့နင်အင်ပါယာ တစ်ခုလုံးနဲ့ ဒီကမ္ဘာကြီး တစ်ခုလုံးကပါ ဧကရာဇ်မင်းမြတ် ပြန်အလာကို အလွန် လွမ်းဆွတ်တမ်းတနေကြတာပါ...။"
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၄၃ + ၉၄၄) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။