← Chapters

အခန်း (၉၄၅-၉၄၆)

Vol. 95 Ch. 945-946

အခန်း (၉၄၅-၉၄၆)

Vol. 95 Ch. 945-946

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၄၅ + ၉၄၆)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

ဗိုလ်ချုပ်ကျီယန်မှာ စကားပြောနေစဉ်ပင် တုန်ယင်နေပြီး အသည်းစွဲ စံပြပုဂ္ဂိုလ်အား ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံလိုက်ရသည့် ပရိသတ်တစ်ဦးအလား ဖြစ်နေ၏။

တုပိုင် ပြုံးလိုက်သည်။ "ကိုယ်တော်လည်း မင်းတို့ကို အရမ်း သတိရနေတာပါ"

ထိုအခိုက် အိမ်ရှေ့စံမင်းသမီး တုရှောင်က အမိန့်ပေးလိုက်သည်။ "ကောင်းပြီ... အားလုံးပဲ အရင်ဆုံး အပြင်ထွက်သွားပေးကြပါ။ ခမည်းတော်နဲ့ သီးသန့် စကားပြောတယ်"

ချက်ချင်းပင် ထိုနေရာရှိ လူတိုင်း တုပိုင်ကို လှမ်းကြည့်လိုက်ကြ၏။

ဤသည်မှာ ငြင်းဆန်၍မရသော အမှန်တရားတစ်ခု ဖြစ်ပြီး လူတိုင်းက သူတို့၏ စိတ်နေသဘောထားကို အလိုအလျောက် ပြောင်းလဲလိုက်ကြပြီဖြစ်ကြောင်း ဖော်ပြနေခြင်းပင် ဖြစ်သည်။ ယခုအခါ တုပိုင်မှာ အမြင့်ဆုံးသော ဧကရာဇ်မင်းမြတ် ဖြစ်နေပြီဖြစ်ရာ သူ ထွက်သွားရန် ခွင့်မပြုသရွေ့ မည်သူမျှ ထွက်သွားဝံ့မည် မဟုတ်ချေ။

တုပိုင် ခေါင်းညိတ်ပြလိုက်၏။

ထိုအခါမှသာ ဗိုလ်ချုပ်ကျီယန်က လူတိုင်းကို အကျဉ်းခန်းထဲမှ ခေါ်ဆောင်သွားတော့သည်။ ထို့နောက် တံခါးကို ပိတ်ကာ မီတာပေါင်းများစွာ အကွာအဝေးထိ ဆုတ်ခွာသွားကြပြီး အကျဉ်းခန်းအတွင်းမှ အသံများ အပြင်သို့ မထွက်ပေါ်လာစေရန် အသံလုံအစီအရင်ဖြင့် ကာကွယ်ပိတ်ဆို့ပေးလိုက်ကြ၏။

အိမ်ရှေ့စံမင်းသမီး တုရှောင်က ဆက်ပြောသည်။ "ခမည်းတော်... သမီးရဲ့ ဝိညာဉ်နဲ့ စိတ်စွမ်းအင်တွေက အရမ်းကို ထူးခြားပါတယ်။ ပြီးတော့ ဒါတွေအကုန်လုံးက ခမည်းတော်ဆီကနေ အပြည့်အဝ အမွေဆက်ခံရရှိထားတာပါ"

"သမီးက ငယ်ငယ်လေးကတည်းက တခြားလူတွေနဲ့ မတူဘဲ ထူးခြားနေခဲ့တာ။ သမီး အသက်တစ်နှစ်အရွယ်မှာတင် အခြားလူတွေရဲ့ အသက်လေးငါးနှစ်အရွယ် ဉာဏ်ရည်ဉာဏ်သွေး (IQ) နဲ့ ညီမျှနေခဲ့ပြီ။ အသက်လေးနှစ်အရွယ်ရောက်တော့ စီခုန်းယဲ့နဲ့ ရှာမန်တို့ဆီမှာ ဝိညာဉ်ရေးရာ အတတ်ပညာတွေနဲ့ စွမ်းအင်ယဉ်ကျေးမှုအကြောင်းကို လေ့လာသင်ယူခဲ့တယ်။ အသက် ဆယ့်သုံးနှစ်အရွယ်မှာတော့ သမီးက သူတို့ထက်တောင် ကျော်လွန်သွားခဲ့ပြီလေ။ ခမည်းတော် မြင်တွေ့ခဲ့ရတဲ့ လေပျံစစ်သင်္ဘောကြီးဆိုရင် အပေါ်မှာပါတဲ့ စွမ်းအင်လက်နက်တွေ အပါအဝင် သမီးကိုယ်တိုင် သီးသန့် ဒီဇိုင်းဆွဲပြီး တည်ဆောက်ထားတာ"

ထိုစကားများကို ကြားလိုက်ရသည်နှင့် တုပိုင် အံ့အားသင့် မှင်သက်သွားရတော့၏။

အိမ်ရှေ့စံမင်းသမီး တုရှောင်က ဆက်လက် ရှင်းပြလာသည်။ "ရိုးရိုးသားသား ပြောရရင် သမီးဆီမှာ ဘာလို့ ဒီလိုစွမ်းရည်မျိုးတွေ ရှိနေလဲဆိုတာ သမီးကိုယ်တိုင်တောင် မသိဘူး။ ဒီအရာတွေက သမီးရဲ့ ဝိညာဉ်အနက်ရှိုင်းဆုံး နေရာမှာ ကိန်းအောင်းနေပြီးတော့ အချိန်တန်တဲ့အခါ အလိုအလျောက် နိုးထလာသလိုမျိုးပဲ။ သမီးရဲ့ စိတ်ထဲမှာ နားမလည်နိုင်သေးတဲ့ အရာတွေ အများကြီး ရှိနေသေးတယ်။ အဲဒီ ဝိညာဉ်ရေးရာ သတင်းအချက်အလက်တွေ နိုးထလာပြီး အပြည့်အဝ ဖော်ထုတ်နိုင်ဖို့အတွက် သမီး စောင့်ဆိုင်းနေရဆဲပါပဲ"

ထိုအခါ တုပိုင်၏ ခေါင်းထဲ၌ မိဘမဲ့ဂေဟာ၏ အပေါက်ဝတွင် သူ့အား စွန့်ပစ်ထားရစ်ခဲ့သော အမျိုးသမီး ဖြစ်သည့် မိခင်ရင်းကို ရုတ်တရက် သတိရသွားမိ၏။

ငရဲမျှော်စင်၏ ပဉ္စမထပ်၌ အိပ်မက်ဆိုးဧကရာဇ်၏ နှလုံးသားမိစ္ဆာနှင့် ရင်ဆိုင်ခဲ့ရစဉ်က အလွန်မှောင်မိုက်ပြီး နာကျင်ဖွယ်ကောင်းလှသော ရူးသွပ်မှုလှိုင်းလုံးကြီးများ၏ တိုက်ခိုက်မှုအောက်တွင် တုပိုင်၏ ဝိညာဉ်အလင်းရောင်များ အားလုံး ငြိမ်းသတ်ခံခဲ့ရပြီး အလင်းစက်ကလေး တစ်ပွင့်သာ ကျန်ရှိနေခဲ့ဖူးသည်။

ထိုအရာမှာ မိခင်ရင်းနှင့် ပတ်သက်သော မှတ်ဉာဏ်ပင် ဖြစ်၏။

သူ ကလေးငယ်အရွယ်၌ပင် မိခင်ဖြစ်သူ သူ့ကို ရင်ခွင်ထဲ၌ ထွေးပိုက်ထားသည့် မြင်ကွင်းတစ်ခု ရှိခဲ့ဖူးသည်။ သူမ၏ ကျောဘက်၌ မှောင်မိုက်နေသော ကောင်းကင်ယံကြီး ရှိနေပြီး ရုတ်တရက် တောက်ပနေသော အလင်းစက်ပေါင်းများစွာ ပေါ်ထွက်လာကာ သူတို့သားအမိအား လိုက်လံသတ်ဖြတ်နေခဲ့ကြ၏။

ထို့ကြောင့် မိခင်ဖြစ်သူ၏ ဇာစ်မြစ်နောက်ခံမှာ အလွန်တရာ ထူးခြားနေသင့်ပြီး သူမမှာ ဤကမ္ဘာမှ လူတစ်ယောက် မဟုတ်သည်လည်း ဖြစ်နိုင်ချေရှိသည် မဟုတ်ပါလော။

သို့ဆိုလျှင် တာ့နင်အင်ပါယာရှိ တုရှောင် သူမ၏ မျိုးရိုးဗီဇမှတစ်ဆင့် အမွေဆက်ခံရရှိခဲ့သောကြောင့် ဤမျှလွန်ကဲသော စိတ်စွမ်းအင်နှင့် ဉာဏ်ရည်ဉာဏ်သွေးကို ပြသနေခြင်း ဖြစ်မည်လော။ သို့ဆိုပါက ကမ္ဘာမြေမှ ကလေးမ တုရှောင်သည်ကော မည်သို့ ရှိနေမည်နည်း။ သူမတွင်ကော မည်သို့သော ထူးခြားသည့် စွမ်းရည်များ ရှိနေမည်နည်း။

အမှန်တကယ်တော့ ကမ္ဘာမြေပေါ်ရှိ တုပိုင်သည်လည်း ငယ်စဉ်ကတည်းက အခြားသူများနှင့် ကွဲပြားနေခဲ့သည်။

ပထမအချက်အနေဖြင့် သူသည် အလွန်ထက်မြက်၏။ မူလတန်းမှသည် ဘွဲ့လွန်အထိ သူ သိပ်ပြီး စာမလုပ်ခဲ့ချေ။ ယမန်နေ့ညကမှ လီရှောင်ချန်ပင် သူ့ကို ကူညီလုပ်ဆောင်ပေးခဲ့ရသေးသည်။ သို့သော် စာမေးပွဲဖြေဆိုရာတွင် အမြဲတမ်း ပထမရရှိပြီး စန္ဒရား၊ စစ်တုရင်၊ လက်ရေးအလှနှင့် ပန်းချီတို့ကို သင်ယူလိုက်သည်နှင့် ချက်ချင်း တတ်မြောက်သွားနိုင်စွမ်း ရှိ၏။ သို့သော် သူမှာ အလွန် သိချင်စိတ်ပြင်းပြလွန်းပြီး အရာရာတိုင်းအပေါ် ခဏတဖြုတ်သာ စိတ်အားထက်သန်တတ်သောကြောင့် မည်သည့်ပညာရပ်တွင်မျှ ဆရာသခင်တစ်ဦးအဆင့်ထိ ဖြစ်မလာခဲ့ခြင်းပင်။

မူလက သူ၏ အရည်အချင်းများမှာ ဤမျှသာ ဖြစ်သင့်သည်ဟု တွေးထင်ခဲ့သော်ငြား ယခုအခါတွင်မူ ထိုသို့မဟုတ်တော့ကြောင်း အထင်အရှား ပေါ်လွင်နေပြီ ဖြစ်သည်။

သူ၏ရှေ့ရှိ အိမ်ရှေ့စံမင်းသမီး တုရှောင်မှာ သူ၏ စိတ်စွမ်းအင်နှင့် ဉာဏ်ရည်ဉာဏ်သွေးတို့ကို အပြည့်အဝ အမွေဆက်ခံရရှိခဲ့ရုံသာမက သူ့ထက်ပို၍ပင် သာလွန်နေသေး၏။

ဤသည်ကို ကြည့်လျှင် ကမ္ဘာမြေခေတ်ရှိ တုပိုင်၏ စိတ်စွမ်းအင်နှင့် ဉာဏ်ရည်ဉာဏ်သွေးတို့မှာ ကနဦး နိုးထစအဆင့်တွင်သာ ရှိနေသေးပြီး အပြည့်အဝ ထုတ်ဖော်ပြသနိုင်ခြင်း မရှိသေးကြောင်း ထင်ရှားနေသည်။

ထို့အပြင် သူ၏ရှေ့ရှိ ကလေးသဘာဝ ပါးလေးဖောင်းမို့နေသော ဤချစ်စရာ မိန်းကလေးငယ်မှာ ဧရာမ လေပျံစစ်သင်္ဘောကြီးကို သီးခြားလွတ်လပ်စွာ ဒီဇိုင်းရေးဆွဲခဲ့ရုံသာမက အစွမ်းထက်သော စွမ်းအင်လက်နက်များကိုပါ ကိုယ်တိုင် တီထွင်ဒီဇိုင်းဆွဲကာ တာ့နင်အင်ပါယာ၏ စွမ်းအင်ယဉ်ကျေးမှု နည်းပညာရပ်ဝန်းကြီးကို ကြီးမားသော ခြေလှမ်းတစ်ရပ်ဖြင့် ရှေ့သို့ လှမ်းတက်သွားစေခဲ့၏။

အိမ်ရှေ့စံမင်းသမီး တုရှောင်က ဂုဏ်ယူစွာ ဆိုလိုက်သည်။ "ဒီစစ်သင်္ဘောကြီးကို တုပိုင်လို့ သမီး နာမည်ပေးထားတယ်... ခမည်းတော်... သမီး အဲဒီဒီဇိုင်းပုံစံတွေကို ခမည်းတော်ဆီ ပို့ပေးမယ်နော်"

ထို့နောက် မိန်းကလေးငယ်မှာ မျက်လုံးများကို မှိတ်ကာ နဖူးလေးကို ပေါ့ပေါ့ပါးပါးလေး ပွတ်သပ်လိုက်၏။

ရုတ်တရက် အလွန်များပြားလှသော သတင်းအချက်အလက် အစုအဝေးကြီးတစ်ခုက တုပိုင်၏ ဦးနှောက်ထဲသို့ တလိမ့်လိမ့် ဝင်ရောက်လာတော့သည်။ ဤသည်မှာ ဧရာမ အာကာသစစ်သင်္ဘောကြီး၏ ဒီဇိုင်းပုံစံများပင် ဖြစ်၏။ ခေတ်သစ် ကွန်ပျူတာများ၏ ဒေတာပမာဏအရ တွက်ချက်ကြည့်မည်ဆိုလျှင် ထိုအချက်အလက် ပမာဏမှာ အနည်းဆုံး တီရာဘိုက်ဆယ်ဂဏန်းမက ရှိနေမည် ဖြစ်သည်။

တုပိုင် အံ့အားသင့် မှင်သက်သွားရတော့၏။

'ဒီလိုမျိုး စိတ်စွမ်းအင်ကို အသုံးပြုပြီး သတင်းအချက်အလက် ပေးပို့တဲ့နည်းလမ်းတောင် ရှိနေသေးတာလား'

အိမ်ရှေ့စံမင်းသမီး တုရှောင်က ရှင်းပြလာသည်။ "ခမည်းတော်ကို မြင်တွေ့လိုက်ရတဲ့အချိန်တင် မကပါဘူး ၊ အခြား ညီငယ် ၊ ညီမငယ်တွေကို မြင်တွေ့ရတဲ့အချိန်တွေမှာလည်း သမီးရဲ့ ဦးနှောက်ထဲက စိတ်စွမ်းအင်တွေဆီမှာ သိသာထင်ရှားတဲ့ တုံ့ပြန်ခံစားမှုတွေ ရှိလာတတ်တယ်"

တုပိုင် သူ၏ မျက်လုံးများကို မှိတ်ကာ ဧရာမ စစ်သင်္ဘောကြီး၏ ဒီဇိုင်းပုံစံများကို စတင်အနက်ပြန်၍ လေ့လာကြည့်လိုက်၏။ ထို့နောက် သူ အချက်တစ်ချက်ကို အတည်ပြုနိုင်လိုက်သည်။

ပထမအချက်အနေဖြင့် ဤအာကာသစစ်သင်္ဘောကြီးသည် စွမ်းအင်နှင့် စွမ်းအားပိုင်းတွင် ခေတ်သစ်ကမ္ဘာမြေထက် များစွာ ပိုမိုအဆင့်မြင့်မားနေခြင်းပင် ဖြစ်၏။ လွန်ခဲ့သော ဆယ့်ငါးနှစ်က တုပိုင် စတင်ခဲ့သော ကျောက်သလင်း စွမ်းအင်ယဉ်ကျေးမှုမှာ လျှပ်စစ်သံလိုက်အမြောက်များ တီထွင်နိုင်သည့်အဆင့်အထိ တိုးတက်လာခဲ့ပြီဖြစ်ရာ ဤသည်မှာ အံ့ဩစရာတော့ မဟုတ်တော့ချေ။ ကျောက်သလင်း စွမ်းအင်ယူနစ်က ခေတ်သစ်ကမ္ဘာမြေရှိ ဘက်ထရီပြဿနာများကို တိုက်ရိုက် ဖြေရှင်းပေးလိုက်ခြင်း ဖြစ်သည်။

ဤသည်မှာ စွမ်းအင်ယဉ်ကျေးမှုဆိုင်ရာ နည်းပညာရပ်ဝန်းကြီး အလင်းပွင့်လာခြင်းက ဆောင်ကြဉ်းပေးလိုက်သော ကြီးမားသည့် အကျိုးကျေးဇူးပင် ဖြစ်၏။

သို့သော် ဧရာမ စစ်သင်္ဘောကြီး၏ အင်ဂျင်စနစ်မှာမူ ခေတ်သစ်ကမ္ဘာမြေထက် များစွာ နောက်ကျကျန်နေခဲ့သည်။ ခေတ်သစ်ကမ္ဘာမြေမှာ ၂၀ ရာစု အလယ်ပိုင်းကတည်းက ဂျက်အင်ဂျင်များကို အသုံးပြုခဲ့ကြသော်လည်း ဤအာကာသစစ်သင်္ဘောကြီးကမူ အလွန်ရှေးကျသော ပန်ကာအင်ဂျင်များကိုသာ အသုံးပြုထားဆဲ ဖြစ်၏။ ထို့ကြောင့် ပျံသန်းမှုအမြန်နှုန်းအရ နှိုင်းယှဉ်မည်ဆိုလျှင် ခေတ်သစ် ကမ္ဘာမြေမှ လေယာဉ်များထက် များစွာ နှေးကွေးနေဆဲ ဖြစ်သည်။

ပို၍ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤစစ်သင်္ဘောကြီး၏ အင်ဂျင်နှင့် ၁၉ ရာစုမှ သစ်သားလေယာဉ်များ၏ အင်ဂျင်များကြားတွင် သိသိသာသာ ကွာခြားချက် မရှိလှချေ။ သို့သော် ကျောက်သလင်း စွမ်းအင်အမာခံက အလွန်တရာ အစွမ်းထက်လှသောကြောင့် ဓာတ်ဆီထက် များစွာ သာလွန်သော စွမ်းအင်အချိုးအစားကို ထုတ်လွှတ်ပေးနိုင်၏။

ထို့အပြင် ဆယ်နှစ်ကျော်ကြာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ယခုအခါတွင် ကျောက်သလင်း စွမ်းအင်အမာခံမှာ နျူကလီးယားစွမ်းအင်နှင့်ပင် နှိုင်းယှဉ်နိုင်လာပြီ ဖြစ်သည်။

ထို့ကြောင့် ဤစစ်သင်္ဘောကြီးက အတော်လေး ရှေးကျပြီး နောက်ကျကျန်နေသော ပန်ကာအင်ဂျင်များကို အသုံးပြုထားသော်ငြား၊ စွမ်းအင်မှာ အလွန်တရာ များပြားလွန်းလှသောကြောင့် ထိုအင်ဂျင်များကို အကန့်အသတ်မရှိ ထပ်စီ၍ တပ်ဆင်အသုံးပြုနိုင်ခြင်း ဖြစ်၏။ ဆယ်လုံးနှင့် အဆင်မပြေပါက အလုံးနှစ်ဆယ်၊ ငါးဆယ်၊ တစ်ရာ၊ နှစ်ရာ အထိ တိုးချဲ့အသုံးပြုနိုင်၏။

အတိုချုပ်ပြောရလျှင် ဤဧရာမ စစ်သင်္ဘောကြီး တစ်ခုလုံးကို ကောင်းကင်ယံသို့ တွန်းတင်ရန်အတွက် မရေမတွက်နိုင်သော ပန်ကာအင်ဂျင်များကို အသုံးပြုထားခြင်းပင် ဖြစ်သည်။

ထို့နောက် တာ့နင်အင်ပါယာမှာ ခေတ်သစ်ကမ္ဘာမြေထက် ပိုမို အစွမ်းထက်နေသည့် နောက်ထပ်အရာတစ်ခုမှာ အလင်းရွှေသတ္တု အများအပြား ရှိနေခြင်းပင် ဖြစ်၏။ ဤသတ္တုကို မူလက ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ သံချပ်ကာအဖြစ် ထုဆစ်ရန် အသုံးပြုခဲ့ကြပြီး သိပ်သည်းဆမှာ သံမဏိ၏ ငါးပုံတစ်ပုံခန့်သာ ရှိသည်။

ဆယ့်ငါးနှစ်ကြာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ယခုအခါတွင် ပိုမိုသန့်စင်ထုဆစ်ထားသော အလင်းရွှေ၏ သိပ်သည်းဆမှာ သံမဏိ၏ ရှစ်ပုံတစ်ပုံခန့်သာ ရှိတော့ပြီး အလူမီနီယမ်သတ္တုစပ်၏ သုံးပုံတစ်ပုံခန့်သာ ရှိကာ သိပ်သည်းဆမှာ ရေထက်ပင် ပေါ့ပါးနေသေး၏။ သို့သော် မာကျောမှုနှင့် ခံနိုင်ရည်ရှိမှုမှာမူ သံမဏိထက် များစွာ သာလွန်နေသည်။

ကမ္ဘာပျက်ကပ်ကြောင့် အခြားကမ္ဘာမှ စွမ်းအင် အများအပြားက ခေတ်သစ်ကမ္ဘာမြေထဲသို့ ဝင်ရောက်လာခဲ့ရာ ခေတ်သစ်ကမ္ဘာမြေပေါ်ရှိ အလင်းရွှေ သတ္တုသိုက်များမှာ တာ့နင်အင်ပါယာ၏ ဟင်းလင်းပြင်ထက် များစွာ ကျော်လွန်နေခဲ့သည်မှာတော့ အမှန်ပင် ဖြစ်၏။ သို့သော် ကမ္ဘာပျက်ကပ် အပြီးတွင် လူသားအင်ပါယာမှာ ပိတ်ဆို့ခံလိုက်ရသဖြင့် ဤသတ္တုစက်မှုလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေရန် အခွင့်အရေး မရရှိခဲ့ချေ။

သူ၏ရှေ့ရှိ ဧရာမ အာကာသစစ်သင်္ဘောကြီးကို အလင်းရွှေဖြင့် အလုံးစုံ တည်ဆောက်ထားခြင်း ဖြစ်သည်။ အလွန်တရာ ကြီးမားလှသော်ငြား အလေးချိန်မှာ အရွယ်အစားတူ သံမဏိ စစ်သင်္ဘောတစ်စင်း၏ ဆယ်ပုံတစ်ပုံခန့်သာ ရှိ၏။ ပိုမိုအားကောင်းသော မာကျောမှုနှင့် ခံနိုင်ရည်ရှိမှုတို့ကြောင့် သံချပ်ကာကို သံမဏိထက် ပို၍ ပါးလွှာစွာ ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အလင်းရွှေ၏ အလွန်နည်းပါးသော သိပ်သည်းဆနှင့် အလွန်အစွမ်းထက်သော ကျောက်သလင်း စွမ်းအင်အမာခံတို့ ပေါင်းစပ်လိုက်ခြင်းကြောင့်ပင် မူလ ပန်ကာအင်ဂျင်ကပင် ဤဧရာမ စစ်သင်္ဘောကြီးကို ကောင်းကင်ယံသို့ တွန်းတင်ရန် လုံလောက်နေခြင်း ဖြစ်၏။

ဤအခြေအနေမှာ Fallout 4 ဂိမ်းထဲရှိ ကမ္ဘာနှင့် အတော်လေး ဆင်တူနေသည်။ ကွန်ပျူတာများက အလွန်နောက်ကျကျန်နေပြီး ၁၉၈၀ ခုနှစ်များက ကမ္ဘာမြေ၏ အဆင့်နှင့်သာ ညီမျှကာ ရုပ်မြင်သံကြားများမှာလည်း အဖြူအမည်းမော်နီတာများသာ ဖြစ်၏။ သို့သော် နျူကလီးယားစွမ်းအင်မှာမူ အလွန်တရာ အဆင့်မြင့်မားလှသည်။

ထိုကမ္ဘာတွင် စွမ်းအင်သုံး သံချပ်ကာဝတ်စုံများ၊ ဂေါက်စ် ရိုင်ဖယ်များရှိရုံသာမက သံမဏိ ညီနောင်များအဖွဲ့က သူတို့၏ ဌာနချုပ် ခံတပ်အဖြစ် ဧရာမ လေပျံစစ်သင်္ဘောကြီး တစ်စင်းကိုပင် ကောင်းကင်ယံသို့ စေလွှတ်ထားနိုင်စွမ်း ရှိသေး၏။

လွန်ခဲ့သော ဆယ့်ငါးနှစ်က တုပိုင်၏ ဦးဆောင်မှုအောက်တွင် ကျောက်သလင်း စွမ်းအင်ယဉ်ကျေးမှုကို အစပျိုးခဲ့ပြီး ကျောက်သလင်း မှော်အမြောက်ကို ဖန်တီးနိုင်ခဲ့ရာလျှပ်စစ်သံလိုက်အမြောက်များ၏ အဆင့်ကို တိုက်ရိုက် ကျော်လွန်သွားခြင်းနှင့် ညီမျှ၏။

ဆယ့်ငါးနှစ်အကြာတွင် နောက်ဆုံး၌ စွမ်းအင်ယဉ်ကျေးမှု၏ ပထမဆုံးသော ကြီးမားသည့် တိုးတက်မှုကြီးကို ရရှိနိုင်ခဲ့ပြီ ဖြစ်၏။ ထို့ကြောင့်ပင် ဤကဲ့သို့ ကောင်းကင်ဘုံကို အံတုနိုင်သော စစ်သင်္ဘောကြီး မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် တာ့နင်အင်ပါယာ ဟင်းလင်းပြင်၏ စွမ်းအင်ယဉ်ကျေးမှု နည်းပညာများ လင်းလက်တောက်ပလာခြင်းကြောင့် အချိုးအစား မညီမျှသော နည်းပညာ ယဉ်ကျေးမှုစနစ်တစ်ခု ပေါ်ထွက်လာခဲ့ခြင်းပင် ဖြစ်တော့၏။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၄၅ + ၉၄၆) ပြီး။

All Chapters