အခန်း (၉၄၇-၉၄၈)
Vol. 95 Ch. 947-948
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၄၇ + ၉၄၈)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
တုပိုင်က မေးလိုက်၏။ “သမီး… သမီးရဲ့ မယ်တော်က ဘယ်မှာလဲ”
အိမ်ရှေ့စံမင်းသမီး တုရှောင်က ဖြေလာသည်။ “မယ်တော်နင်းရွှဲ့က မြောက်အမေရိကတိုက်မှာ ခံစစ်မျဉ်းနဲ့ တိုက်ခိုက်ရေးစခန်းတစ်ခု တည်ဆောက်နေပါတယ်။ မယ်တော်နီရှန်ကတော့ ရှေ့တန်းစစ်မျက်နှာပြင်ကို ရောက်နေပါတယ်”
ရှေ့တန်းစစ်မျက်နှာပြင်လော…။
တုပိုင် အလွန်ပင် အံ့ဩသွားရ၏။
စစ်ပွဲလော…။ မည်သူနှင့် စစ်ဖြစ်နေသနည်း…။
ယခုအချိန်တွင် တာ့နင်အင်ပါယာနှင့် အရှေ့ဘက်ပြည်ထောင်စု အင်ပါယာတို့မှာ အလွန်တရာ အင်အားကြီးမားနေပြီဖြစ်ရာ အခြားမည်သူနှင့်များ စစ်ဖြစ်စရာ အကြောင်းရှိနေဦးမည်နည်း။
အနောက်ကမ္ဘာမှ တော်ဝင်ရောမအင်ပါယာနှင့်လော။ မဖြစ်နိုင်ချေ။ လွန်ခဲ့သော ဆယ့်ငါးနှစ်ကတည်းက သူတို့သည် သခင်လေး ဖန်းချန်၏ အနိုင်ယူချေမှုန်းခြင်းကို ခံခဲ့ရပြီးဖြစ်ကာ ယနေ့အချိန်၌ အရှေ့ဘက်ပြည်ထောင်စု အင်ပါယာကို ယှဉ်နိုင်စွမ်း မရှိတော့သည်မှာ သေချာလှသည်။
တုပိုင်က ထပ်မေးလိုက်၏။ “ဘယ်သူနဲ့ စစ်ဖြစ်နေတာလဲ”
အိမ်ရှေ့စံမင်းသမီး တုရှောင်က ဆိုသည်။ “မြေအောက်ကမ္ဘာဘုရင်နဲ့ပါ”
တုပိုင် အလွန်ပင် တုန်လှုပ်သွားရ၏။ မြေအောက်ကမ္ဘာဘုရင်တစ်ပါးက မည်သည့်အချိန်ကများ ထပ်မံထွက်ပေါ်လာခဲ့ရသနည်း။
တုပိုင်က မေးမြန်းလိုက်၏။ “မြေအောက်ကမ္ဘာဘုရင်က ဘယ်သူလဲ”
အိမ်ရှေ့စံမင်းသမီး တုရှောင်က ပြန်ဖြေလာသည်။ “ဖန်းချင်းယီပါ”
တုပိုင် လုံးဝပင် ဆွံ့အသွားရတော့၏။ “သူလား…”
ဖန်းချင်းယီသည် ငါးနှစ်အတွင်း ဝူဇွန်းအဆင့် စွမ်းအားရှင်တစ်ဦးအဖြစ်သို့ တက်လှမ်းနိုင်ခဲ့ကြောင်းကို ကျီကျန်ယန်ထံမှ သူ သိခဲ့ရကာ ယခုအခါတွင်မူကား သူမသည် မြေအောက်ကမ္ဘာဘုရင်ပင် ဖြစ်လာခဲ့ပြီဖြစ်၏။
ထို့နောက် အိမ်ရှေ့စံမင်းသမီး တုရှောင်က ဆက်လက်ပြောပြလာသည်။
လွန်ခဲ့သော ဆယ့်ငါးနှစ်ကျော် ကမ္ဘာ့ကပ်ဘေးကျရောက်ခဲ့သည့်နေ့၌ ၊ တုပိုင်သည် ဧရာမ အရိုးနဂါးကြီးကို စီးနင်းကာ ရှေးဟောင်းနဂါးဘုရင်၏ စွမ်းအင်ဖြင့် ကမ္ဘာ့ဟင်းလင်းပြင် အက်ကွဲကြောင်းကြီးကို အသေခံတိုက်ခိုက်ဖျက်ဆီးခဲ့သည်။ ထို့နောက် မိစ္ဆာများကို မောင်းထုတ်ကာ ကမ္ဘာကြီးကို ကယ်တင်ခဲ့သည်။
ထို့နောက် ကျီယင်ယင်နှင့် နီရှန်တို့သည် မဟာဆရာသခင် တစ်ရာကျော်နှင့်အတူ တာ့နင်အင်ပါယာသို့ ပြန်လာခဲ့ကြ၏။
တောင်အမေရိကရှိ အဆုံးအဖြတ်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ မြေနေရာမှာ မိုင်ရာချီအထိ လုံးဝ လူသူကင်းမဲ့လျက် ရှိနေခဲ့၏။
သို့သော် မည်သို့ဖြစ်ပျက်ခဲ့မှန်း မသိရလေဘဲ တစ်နှစ်ခန့် အကြာတွင်မူကား ထိုဒေသရှိ ဟင်းလင်းပြင်တစ်ခုလုံးကို တစ္ဆေမိစ္ဆာစွမ်းအင်များဖြင့် ဖုံးလွှမ်းသွားခဲ့တော့သည်။
မြေအောက်ကမ္ဘာစွမ်းအင်ဆိုသည်မှာ အဘယ်နည်း။ ထိုစွမ်းအင်သည် မြေအောက်ကမ္ဘာ၏ စွမ်းအား ၊ ငရဲပြည်၏ စွမ်းအားပင် ဖြစ်သည်။
ထို့ကြောင့် မြေအောက်ကမ္ဘာနယ်မြဟုခေါ်ဆိုသော နေရာမှာ နေရောင်ခြည်ကို မည်သည့်အခါမျှ မမြင်တွေ့ရသော မြေအောက်ကမ္ဘာ၏ ဟင်းလင်းပြင်ဖြစ်လေပြီး တုပိုင်သည် ထိုနယ်မြေကို ကမ္ဘာ့အက်ကွဲကြောင်းအတွင်း၌ မြင်တွေ့ခဲ့ဖူးသည်။
ထိုဒေသသည် တားမြစ်နယ်မြေတစ်ခု ဖြစ်လာခဲ့၏။ ဆရာသခင်အဆင့်နှင့် အထက်ရှိသော မဟာဆရာသခင်တစ်ဦး မဟုတ်ပါက ထိုစတုရန်းကီလိုမီတာ တစ်သောင်းကျယ်ဝန်းသော မြေအောက်ကမ္ဘာနယ်မြေထဲသို့ ဝင်ရောက်သူတိုင်းသည် အသက်စွမ်းအင်များ ဆက်တိုက်ကျဆင်းလာကာ စွမ်းအင်များ လျင်မြန်စွာ ယိုစိမ့်ထွက်သွားပြီး မကြာမီမှာပင် အသက်သေဆုံးသွားကြရမည် ဖြစ်၏။
တစ်နေ့တွင်မူ ဖန်းချင်းယီသည် ထိုမြေအောက်ကမ္ဘာနယ်မြေထဲမှ ထွက်လာခဲ့ပြီး ရုတ်တရက်ဆိုသလိုပင် ကမ္ဘာ့နံပါတ်တစ် ဆရာသခင် ဖြစ်လာခဲ့သည်။ ထို့နောက် သူမသည် ပေမင်ဂိုဏ်းချုပ် ရာထူးကို လုယူခဲ့ပြီး ကျီကျန်ယန်ကို အကျဉ်းချကာ ပြည်နှင်ဒဏ်ပေးခဲ့ပြီးနောက် တုပိုင်နှင့် ကျီကျန်ယန်တို့၏ သားဖြစ်သူ တုမိုကို မွေးစားခဲ့၏။
ထိုအချိန်က ကျီယင်ယင်နှင့် နီရှန်တို့သည် ပေမင်ဓားဂိုဏ်းသို့သွားကာ ဖန်းချင်းယီနှင့် တွေ့ဆုံခဲ့ကြသော်ငြား သူမ၏ စိတ်နေသဘောထားမှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး အေးစက်ကာ မာနထောင်လွှားနေခဲ့သည်။
လွန်ခဲ့သော ငါးနှစ်က တာ့နင်အင်ပါယာ တည်ရှိရာ ကမ္ဘာမြေ၏ ဟင်းလင်းပြင်ခွဲ၌ ကြီးမားကျယ်ပြန့်လှသော အက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့၏။
ထို့နောက်တွင်မူ အံ့ဖွယ်မြင်ကွင်းတစ်ခုက ဖြစ်ပေါ်လာခဲ့တော့၏။
ရေတွက်၍မရနိုင်သော သားရဲဆန်းများ မြေအောက်မှ ထွက်ပေါ်လာကာ တောင်အမေရိကရှိ မြေအောက်ကမ္ဘာနယ်မြေဆီသို့ ရူးသွပ်စွာဖြင့် ပြေးဝင်သွားခဲ့ကြသည်။
သေချာပေါက်ပင် သားရဲဆန်းအများစုမှာ လမ်းတစ်ဝက်၌ပင် သေဆုံးသွားခဲ့ကြသော်ငြား တောင်အမေရိကရှိ မြေအောက်ကမ္ဘာနယ်မြေသို့ အရောက်သွားနိုင်ခဲ့သော စွမ်းအားကြီး သားရဲဆန်းများစွာက ကျန်ရှိနေသေး၏။
ထိုနှစ်တွင်ပင် ပေမင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်အသစ်ဖြစ်လာသော ဖန်းချင်းယီက ပေမင်ဓားဂိုဏ်းတစ်ခုလုံးကို တောင်အမေရိကရှိ မြေအောက်ကမ္ဘာနယ်မြေသို့ ပြောင်းရွှေ့ရန် အမိန့်ပေးခဲ့၏။
လအနည်းငယ်အတွင်း၌ပင် ပေမင်ဓားဂိုဏ်းမှ သောင်းနှင့်ချီသော တပည့်များအားလုံးသည် ဤမြေအောက်ကမ္ဘာနယ်မြေထဲသို့ ဝင်ရောက်သွားခဲ့ကြတော့၏။
လွန်ခဲ့သော လေးနှစ်က ပုံသေဖြစ်နေခဲ့သော မြေအောက်ကမ္ဘာနယ်မြေကြီးသည် လျင်မြန်စွာပင် စတင်ပျံ့နှံ့လာခဲ့တော့သည်။
မူလက စတုရန်းကီလိုမီတာ တစ်သောင်းသာ ကျယ်ဝန်းသော်ငြား လအနည်းငယ်အတွင်းမှာပင် ဆယ်ဆမက ပျံ့နှံ့သွားခဲ့သည်။
မြေအောက်ကမ္ဘာနယ်မြေ ပျံ့နှံ့သွားရာ နေရာတိုင်းရှိ တိရစ္ဆာန်ဖြစ်စေ ၊ အပင်ဖြစ်စေ သက်ရှိမှန်သမျှ အားလုံး သေဆုံးသွားခဲ့ကြရသည်။
တစ်ချိန်တည်းမှာပင် ကမ္ဘာတစ်ဝန်းလုံးရှိ သားရဲဆန်းများသည် ဘုရားဖူးခရီးထွက်သည့်အလား သို့မဟုတ် အုပ်စုလိုက် ပြောင်းရွှေ့နေသည့်အလား မြေအောက်ကမ္ဘာနယ်မြေဆီသို့ ရူးသွပ်စွာဖြင့် စုရုံးရောက်ရှိလာဆဲပင် ဖြစ်၏။
မြေအောက်ကမ္ဘာနယ်မြေသည် နေ့စဉ်နှင့်အမျှ ကျယ်ပြန့်လာနေပြီး တစ်နှစ်အတွင်းမှာပင် စတုရန်းကီလိုမီတာ တစ်သန်းနီးပါးအထိကို ကျယ်ပြန့်လာခဲ့သည်။
ဤနှုန်းအတိုင်းသာ ဆက်သွားနေမည်ဆိုပါက ဆယ်စုနှစ် အနည်းငယ်အတွင်းမှာပင် တစ်ကမ္ဘာလုံး ကျဆုံးသွားရပေလိမ့်မည်။
ရလဒ်အနေဖြင့် အနောက်ကမ္ဘာ ၊ မီးနတ်ဘုရားဂိုဏ်းနှင့် အရှေ့ဘက်ပြည်ထောင်စု အင်ပါယာတို့သည် မဟာမိတ်ဖွဲ့ကာ မြေအောက်ကမ္ဘာစစ်တပ်ကို တိုက်ခိုက်ရန်နှင့် မြေအောက်ကမ္ဘာ ပျံ့နှံ့မှုကို တားဆီးရန်အတွက် တောင်အမေရိကတိုက်ဆီသို့ စွမ်းအားကြီးမားလှသော စစ်တပ်တစ်ခုကို စုစည်းစေလွှတ်ခဲ့ကြ၏။
တာ့နင်အင်ပါယာ၏ အမျိုးသမီးဧကရာဇ်အနေဖြင့် နင်းရွှဲ့သည် အနီးအနားရှိ စူးစမ်းရှာဖွေရေး တပ်မတော်ကို ထောက်ပံ့နိုင်ရန်အတွက် မြောက်အမေရိကတွင် ကြီးမားသော စစ်ဘက်ဆိုင်ရာစခန်းတစ်ခုကို ကိုယ်တိုင်ကိုယ်ကျပင် တည်ထောင်ခဲ့၏။
မြောက်အမေရိကရှိ နင်းရွှဲ့သာမက ကျီပြောင်ပြောင် ၊ တုပိုင်၏ မွေးစားအဖေ လီဝမ်ဟွေ့ ၊ ကျီချင်းကျူ ၊ ကျီယင်ယင်နှင့် အခြားသူများ အားလုံးသည်လည်း ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေကြသည်။
တာ့နင်အင်ပါယာ၏ မြို့တော်တွင်မူကား ဝန်ကြီးချုပ် ချန်ဖိန်က အစိုးရအဖွဲ့ကို ဦးဆောင်ကာ ကျန်ရစ်ခဲ့၏။
မှန်၏။ ယခုနှစ်တွင် အသက် ၃၈ နှစ်သာ ရှိသေးသော ချန်ဖိန်သည် တာ့နင်အင်ပါယာ၏ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီဖြစ်သည်။
အရှေ့ဘက်ပြည်ထောင်စု အင်ပါယာ၏ လက်အောက်တွင် စွမ်းအင်ယဉ်ကျေးမှု သုတေသနအဖွဲ့ သုံးဖွဲ့ ရှိ၏။ သူတို့မှာ မူလက သခင်လေး ဖန်းချန်၏ ကွပ်ကဲမှုအောက်ရှိ လူထောင်ပေါင်းများစွာပါဝင်သော အဖွဲ့ ၊ လူပုပရောဖက် စစ်ခုန်းယဲ့၏ အဖွဲ့နှင့် ရှာမန်နိုင်ငံတော်ဆရာသခင် ဦးဆောင်သော အဖွဲ့တို့ပင် ဖြစ်ကြ၏။
ဤအဖွဲ့သုံးဖွဲ့အနက် နှစ်ဖွဲ့မှာ မြောက်အမေရိကတွင် ရှိနေကြသည်။ စစ်ပွဲသည် ယခုအချိန်အထိ ကြာမြင့်နေခဲ့ပြီဖြစ်ကာ သုံးနှစ်ကျော်ပင် ရှိနေခဲ့ပြီဖြစ်၏။
အိမ်ရှေ့စံမင်းသမီး တုရှောင်က ရှင်းပြသည်။ “သမီးတို့ မြေအောက်ကမ္ဘာရဲ့ ပျံ့နှံ့မှုကို ထိန်းချုပ်ထားနိုင်ခဲ့ပေမဲ့ စစ်ပွဲပြီးဆုံးဖို့ကတော့ အများကြီး လိုပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမီးတို့ရဲ့ စွမ်းအင်သုံးလက်နက်တွေက မြေအောက်ကမ္ဘာမှာ အများကြီး အားနည်းသွားလို့ပါ။ မြေအောက်ကမ္ဘာက သက်ရှိတွေကို ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေက လုံးဝနီးပါး အကျိုးမသက်ရောက်ပါဘူး။ စွမ်းအင်သုံး တိုက်ခိုက်မှုတွေက အကျိုးသက်ရောက်ပေမဲ့ ထိရောက်မှုက သိပ်မကြီးမားဘူး ဖြစ်နေတယ်”
တုပိုင်က မေးခွန်းထုတ်လိုက်၏။ “သမီး… သမီးရဲ့ အရဲရင့်ဆုံး ခန့်မှန်းချက်အရဆိုရင် မြေအောက်ကမ္ဘာဘုရင် ဖန်းချင်းယီက ဘာတွေများ ဖြစ်နေတာလဲ”
အိမ်ရှေ့စံမင်းသမီး တုရှောင်က ဖြေဆိုလာသည်။ “ခမည်းတော်… ခမည်းတော် စီးနင်းခဲ့တဲ့ ဧရာမ အရိုးနဂါးကြီးနဲ့ မရေမတွက်နိုင်တဲ့ မိစ္ဆာတွေ အတူတူ သေဆုံးသွားခဲ့ကြတာလေ။ မိစ္ဆာအများအပြားက လေထဲမှာ သေဆုံးသွားကြပြီး သူတို့ရဲ့ ဝိညာဉ်တွေက မြေကြီးပေါ်ကို ကျလာခဲ့လို့ အဲဒီဒေသက မြေအောက်ကမ္ဘာနယ်မြေအဖြစ် ပြောင်းလဲသွားခဲ့တာပါ။ ဖန်းချင်းယီက အဲဒီနေရာကို ဝင်ရောက်ခဲ့ပြီးတော့ မိစ္ဆာဝိညာဉ်တွေက သူ့ရဲ့ ခန္ဓာကိုယ်ထဲကို စုဝေးရောက်ရှိသွားပြီး အစွမ်းထက်လာခဲ့တာ ဖြစ်ရမယ်။ အဲဒီနောက် သူက ပေမင်ဓားဂိုဏ်းက တပည့် သောင်းချီကို မြေအောက်ကမ္ဘာနယ်မြေထဲ တစ်ပါတည်း ခေါ်သွားခဲ့တယ်။”
“ဒါဟာ မရေမတွက်နိုင်တဲ့ မိစ္ဆာဝိညာဉ်တွေကို သူတို့ရဲ့ ခန္ဓာကိုယ်တွေဆီ သိမ်းပိုက်ခွင့်ပြုလိုက်တာနဲ့ အတူတူပါပဲ။ ဆိုလိုတာက သူ့ဆီမှာ မြေအောက်ကမ္ဘာစစ်တပ်တစ်ခု ရှိနေပြီး သူကိုယ်တိုင်လည်း မြေအောက်ကမ္ဘာဘုရင်တစ်ပါးလို့ ဆိုရမယ်”
တုပိုင် စိုးရိမ်တကြီးဖြင့် မေးလိုက်၏။ “ဒါဆို သူ အခု ဘယ်လောက်တောင် အစွမ်းထက်နေပြီလဲ”
အိမ်ရှေ့စံမင်းသမီး တုရှောင်က သက်ပြင်းချကာ ဆိုသည်။ “ဒီကမ္ဘာမှာတော့ ပြိုင်ဘက်ကင်းပါပဲ။ အနောက်ကမ္ဘာ ၊ မီးနတ်ဘုရားလောကနဲ့ အရှေ့ဘက်ပြည်ထောင်စု အင်ပါယာက ဆရာသခင်တွေ အားလုံးပေါင်းရင်တောင် သူ့ကို ဘာမှမလုပ်နိုင်ကြဘူး။ ဒါပေမဲ့ သူ့မှာလည်း ကြီးမားတဲ့ အားနည်းချက်တစ်ခု ရှိပါတယ်။ အဲဒါကတော့ သူက မြေအောက်ကမ္ဘာနယ်မြေထဲမှာပဲ တိုက်ခိုက်နိုင်တာပါ။ မြေအောက်ကမ္ဘာနယ်မြေထဲကနေ ထွက်ပြီး နေရောင်အောက်ကို ရောက်သွားတာနဲ့ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အကြီးအကျယ် ကျဆင်းသွားမှာမို့လို့ သူက ကမ္ဘာကြီးတစ်ခုလုံးကို ဖုံးလွှမ်းနိုင်ဖို့အတွက် မြေအောက်ကမ္ဘာနယ်မြေကို အသည်းအသန် ချဲ့ထွင်နေတာပါ”
တုပိုင် ဆက်မေးလိုက်သည်။ “အရှေ့ဘက်ပြည်ထောင်စု အင်ပါယာမှာ ဒီလိုမျိုး အာကာသယာဉ်တွေ ဘယ်နှစ်စင်းလောက် ရှိလဲ”
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၄၇ + ၉၄၈) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။