← Chapters

အခန်း (၉၄၉-၉၅၀)

Vol. 95 Ch. 949-950

အခန်း (၉၄၉-၉၅၀)

Vol. 95 Ch. 949-950

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၄၉ + ၉၅၀)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

အိမ်ရှေ့စံမင်းသမီး တုရှောင်က ရှင်းပြ၏။ “အစက ဆယ့်ကိုးစင်း ရှိတာပါ...။ ဒါပေမဲ့ ခြောက်စင်းက မြေအောက်ကမ္ဘာဘုရင်ရဲ့ စစ်တပ် ဖျက်ဆီးတာ ခံလိုက်ရလို့ ဆယ့်သုံးစင်းပဲ ကျန်တယ်...။ ကျန်တဲ့ ဆယ့်နှစ်စင်းက အရွယ်အစား သိပ်မကြီးဘူး...။ အခု သမီးတို့ စီးနင်းလာတဲ့ တုပိုင်လေသင်္ဘောကြီးကတော့ အသစ်စက်စက် ဒီဇိုင်းဆွဲပြီး တည်ဆောက်ထားတာ...။"

"တပ်ဆင်ထားတဲ့ စွမ်းအင်သုံးလက်နက်တွေက မြေအောက်ကမ္ဘာတပ်မတော်အတွက် အထူးရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး ခရမ်းလွန်စွမ်းအင်သုံး အမြောက်တွေကိုပါ ပစ်ခတ်နိုင်တယ်...။ အစကတော့ ဒီပင်လယ်ပြင်မှာ စမ်းသပ်ပစ်ခတ်မှုတွေ လုပ်ပြီးရင် တောင်အမေရိက ရှေ့တန်းစစ်မျက်နှာပြင်ဆီ ပျံသန်းဖို့ စီစဉ်ထားတာလေ”

အိမ်ရှေ့စံမင်းသမီး တုရှောင်က ဆက်၍ ပြောလာသည်။ “အရင်ကတော့ ဗိုလ်ချုပ်ကြီး ဖူဟုန်လင်းနဲ့ သမီးက ဒီလေသင်္ဘောကြီးရဲ့ အမြင့်ဆုံး တပ်မှူးတွေပါ...။ ဒါပေမဲ့ အခုတော့ ခမည်းတော်က အမြင့်ဆုံး တပ်မှူးဖြစ်သွားပါပြီ...။ အခု တာ့နင်အင်ပါယာရဲ့ မြို့တော်ကိုပဲ ပြန်မလား... ဒါမှမဟုတ် တောင်အမေရိက စစ်မြေပြင်ကိုပဲ တိုက်ရိုက်သွားမလားဆိုတာ ခမည်းတော် စိတ်ကြိုက်သာ ဆုံးဖြတ်တော်မူပါ...”

ခေတ်သစ် ကမ္ဘာပျက်ကပ်၌ ကမ္ဘာမြေ၏ အခြေအနေမှာ အလွန်တရာ အရေးပေါ်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကာ ကံကြမ္မာမိစ္ဆာသခင်၏ မသေမျိုးစစ်သည် သန်းလေးဆယ်သည် လူသားတို့၏ နောက်ဆုံးခံတပ်ဖြစ်သော ထိုက်ခန်အင်ပါယာ၏ မြို့တော်အား အကြီးအကျယ် ဖျက်ဆီးတိုက်ခိုက်ရန် ပြင်ဆင်နေကြပြီပင် ဖြစ်၏။

တုပိုင် အရှေ့ဘက်ပြည်ထောင်စု အင်ပါယာ၏ လေသင်္ဘော ၁၃ စင်းကို အရေးတကြီး လိုအပ်နေပြီး အထူးသဖြင့် မရေမတွက်နိုင်သော စွမ်းအင်သုံး အမြောက်များကို လိုအပ်နေသည်။

သာမန်အမြောက်များ သို့မဟုတ် ဒုံးကျည်များက ကံကြမ္မာမိစ္ဆာသခင်၏ မသေမျိုးတပ်မတော်ကို မဖျက်ဆီးနိုင်သော်ငြား ဤအာကာသယာဉ်ပေါ်ရှိ စွမ်းအင်သုံး အမြောက်များကမူ ကောင်းစွာ ချေမှုန်းနိုင်စွမ်းရှိသည်။ တုရှောင်၏ အဆိုအရ ဤကဲ့သို့သော စွမ်းအင်သုံး မှော်အမြောက် ထောင်ပေါင်းများစွာ အနည်းဆုံးရှိနေပြီး လေဆာအမြောက် ရာပေါင်းများစွာနှင့် ခရမ်းလွန်အမြောက် ရာပေါင်းများစွာလည်း ရှိနေသေး၏။

ထို့ကြောင့် လေသင်္ဘော ၁၃ စင်းအပြင် စွမ်းအင်သုံး မှော်အမြောက် ထောင်ပေါင်းများစွာ ၊ လေဆာအမြောက် ရာပေါင်းများစွာနှင့် ခရမ်းလွန်အမြောက် ရာပေါင်းများစွာတို့နှင့်ဆိုလျှင် တုပိုင်သည် ကံကြမ္မာမိစ္ဆာသခင်၏ မသေမျိုးစစ်တပ် သန်းလေးဆယ်အား အနိုင်ယူချေမှုန်းနိုင်မည်ဟု အပြည့်အဝ ယုံကြည်ချက် ရှိနေ၏။

သို့သော်ငြား ကျန်ရှိနေသေးသော လေသင်္ဘော ဆယ့်နှစ်စင်းမှာ တောင်အမေရိကတွင် ရှိနေပြီး ဧရာမ စွမ်းအင်သုံး မှော်အမြောက်များနှင့် လေဆာအမြောက်များမှာလည်း တောင်အမေရိက ရှေ့တန်းစစ်မျက်နှာပြင်များ၌သာ ရှိနေကြသည်။

အိမ်ရှေ့စံမင်းသမီး တုရှောင်က အကြံပြုလာ၏။ “ခမည်းတော်... အကယ်၍ ခမည်းတော်သာ တောင်အမေရိကကို ကိုယ်တိုင် သွားမယ်ဆိုရင် ဒီစစ်ပွဲက ကျည်တစ်တောင့်မှတောင် ပစ်စရာမလိုဘဲ ပြီးဆုံးသွားနိုင်တယ်လို့ သမီး ထင်တယ်...။ ဒါကတော့ သမီးရဲ့ အလိုလိုသိမြင်နေတဲ့ အာရုံကြောင့်ပါပဲ...။ ပြီးတော့ မြေအောက်ကမ္ဘာဘုရင်ကလည်း ခမည်းတော်ကို တွေ့ချင်တယ်...။ ခမည်းတော် ကိုယ်တိုင်ကိုယ်ကျ လာတွေ့ဖို့ အကြိမ်ရေ မရေမတွက်နိုင်အောင် ပြောဖူးတယ်”

ထို့နောက် ကောင်မလေး လျှာလေးတစ်ချက်ထုတ်ကာ ဆိုသည်။ “ခမည်းတော် အမိန့်ပေးတော်မူပါ...”

တုပိုင် ပြတ်သားစွာ အမိန့်ပေးလိုက်၏။ “အရင်ဆုံး တာ့နင် အင်ပါယာမြို့တော်ကို သွားမယ်...။ ခမည်းတော် အခြေအနေကို အရင် ကြည့်ချင်သေးတယ်...။ ပြီးမှ တောင်အမေရိက ရှေ့တန်းကို သွားမယ်...။ တောင်အမေရိကကို ရောက်ဖို့ ဘယ်လောက်ကြာမလဲ”

“၄၈ နာရီ ကြာပါမယ်...”

**--**--**--**--**--**--**--**

တောင်အမေရိကတွင် ယခုအခါ မြေနေရာ သုံးပုံနှစ်ပုံမှာ အမှောင်ထုနယ်မြေအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်ကာ လုံးဝ သေဆုံးနေသော နယ်မြေတစ်ခု ဖြစ်နေရ၏။

မြေအောက်ကမ္ဘာစစ်တပ်မှာ မြောက်ဘက်သို့ ဆက်လက် ချဲ့ထွင်လာဆဲဖြစ်ပြီး လူသားမဟာမိတ်တပ်ပေါင်းစု၏ ခံစစ်မျဉ်းမှာလည်း တဖြည်းဖြည်း နောက်ဆုတ်နေရသည်။ အလွန်ဆုံး နောက်ထပ် ခြောက်လအတွင်းမှာပင် စစ်မီးသည် မြောက်အမေရိကရှိ လူသားမဟာမိတ်တပ်ပေါင်းစု၏ ဌာနချုပ်စခန်းဆီသို့ ကူးစက်လာတော့မည် ဖြစ်သည်။

ယနေ့ ဤကမ္ဘာလောကကြီးသည် အပိုင်းနှစ်ပိုင်း လုံးလုံး ကွဲကွာနေပြီဖြစ်၏။

တောင်ဘက်ပိုင်းတွင်ကား ကောင်းကင်ယံ၌ အပြာရောင် နှင်းပွင့်များ ကျဆင်းနေသည့် အမှောင်ထုနယ်မြေဖြစ်ပြီး သက်ရှိများ ကင်းမဲ့ကာ မြေအောက်ကမ္ဘာ ငရဲပြည်ကဲ့သို့ ဖြစ်နေ၏။

မြောက်ဘက်ပိုင်းတွင်မူကား နေရောင်ခြည် တောက်ပနေပြီး စိမ်းလန်းသော သစ်ပင်များနှင့် အနီရောင် ပန်းပွင့်များဖြင့် သက်ဝင်လှုပ်ရှားမှု အပြည့် ရှိနေကြသည်။

မိုင်ရာနှင့်ချီ ရှည်လျားလှသော ခံစစ်မျဉ်းကြီးမှာမူ ထိုကမ္ဘာနှစ်ခုကြားမှ နယ်နိမိတ်မျဉ်းပင် ဖြစ်တော့၏။

ထိုမိုင်ရာချီ ရှည်လျားသော ခံစစ်မျဉ်းတစ်လျှောက်တွင် လူသားမဟာမိတ်တပ်ပေါင်းစုမှ တပ်သားသိန်းနှင့်ချီကာ တပ်ဖြန့်ထားပြီး ကျောက်သလင်း စွမ်းအင်သုံး မှော်အမြောက် ထောင်ပေါင်းများစွာကိုလည်း နေရာချထားသေးသည်။

သူတို့၏ ရှေ့တွင်မူကား မြေအောက်ကမ္ဘာ တပ်မတော်ကြီးမှာ ဒီရေလှိုင်းကြီးကဲ့သို့ ချီတက်လာနေပြီး အမျိုးအစားပေါင်းစုံသော မြေအောက်ကမ္ဘာ မိစ္ဆာများ ပါဝင်နေလျက်ရှိသည်။

ကျောက်သလင်း စွမ်းအင်သုံး မှော်အမြောက် ထောင်ပေါင်းများစွာကလည်း ရူးသွပ်စွာ ပစ်ခတ်နေကြသည်။

ကောင်းကင်ပေါ်ရှိ အာကာသယာဉ် ငါးစင်းမှ ဧရာမ စွမ်းအင်သုံး အမြောက်ကြီးများကလည်း အဆက်မပြတ် ပစ်ခတ်နေကြ၏။

“ဘုန်းးး ဘုန်းးး ဘုန်းးး ဘုန်းးး”

အာကာသယာဉ် သုံးစင်းနှင့် မှော်အမြောက် ရာပေါင်းများစွာတို့သည် ပစ်မှတ်တစ်ခုတည်းဆီသို့ ပြိုင်တူ ပစ်ခတ်လိုက်ကြ၏။

ထိုပစ်မှတ်ကား အခြားမဟုတ်...၊ မြေအောက်ကမ္ဘာဘုရင်မ ဖန်းချင်းယီပင် ဖြစ်သည်။

သူမသည် ယခင်နှင့် လုံးဝကို ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ နားရွက်များမှာ ချွန်ထက် ရှည်လျားနေပြီး အရပ်အမောင်းမှာလည်း အရင်ကထက် စင်တီမီတာနှစ်ဆယ်ခန့် ပိုမို ရှည်လာသည်။

မျက်လုံးများမှာမူကား အစိမ်းရောင် မီးတောက်များကဲ့သို့ တောက်လောင်နေလျက်ရှိ၏။

ယခင်က ပျက်စီးနေသည့် သူမ၏ ရုပ်ဆင်းသွင်ပြင်မှာ ယခုအချိန်တွင် အပြည့်အဝ ပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစ်ကာ အိန်ဂျယ်နှင့် ကျီကျန့်တို့ကဲ့သို့ ပြိုင်ဘက်ကင်းလောက်အောင် လှပနေပြီး နီရှန်နတ်မိမယ်၏ အလှကိုပင် ကျော်လွန်သွားပြီဖြစ်၏။

“ဝေါင်းးးးး”

ရုတ်တရက် ထွက်ပေါ်လာသော မိစ္ဆာဟိန်းသံကြီးနှင့်အတူ သူမသည် လေထဲသို့ မီတာတစ်ထောင်ခန့် အမြင့်အထိ ပျံတက်သွားပြီး ဧရာမ အာကာသယာဉ်ကြီးတစ်စင်းပေါ်သို့ ရုတ်ခြည်း ဆင်းသက်လိုက်သည်။ သူမ၏ လက်ထဲရှိ မှော်ဓားထံမှ မီတာဆယ်နှင့်ချီ ရှည်လျားလှသော ဓားအလင်းတန်းများက ပေါက်ကွဲထွက်ပေါ်လာကာ အာကာသယာဉ်ကြီးအား အရှိန်ပြင်းစွာဖြင့် ခုတ်ပိုင်းလိုက်၏။

“ရွှမ်းးး”

မီတာတစ်ရာခန့် ရှည်လျားလှသော အာကာသယာဉ်ကြီးမှာ သူမ၏ အားပြင်းလှသော ခုတ်ချက်ကြောင့် မီတာဆယ်နှင့်ချီ ကြီးမားကျယ်ပြန့်သော အက်ကွဲကြောင်းကြီးတစ်ခု ရုတ်တရက် ဖြစ်ပေါ်သွားရတော့သည်။

ထိုအချိန်၌ အာကာသယာဉ်ကြီးမှာ နေရောင်ခြည်အောက်တွင် ရှိနေသဖြင့် မြေအောက်ကမ္ဘာဘုရင်မ ဖန်းချင်းယီသည်လည်း နေရောင်ခြည်နှင့် တိုက်ရိုက် ထိတွေ့သွားရ၏။ ရုတ်တရက်ဆိုသလို သူမသည် အလွန်အမင်း နာကျင်မှုကို ခံစားလိုက်ရပြီး သူမ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း လျင်မြန်စွာ ကျဆင်းသွားရတော့သည်။

“ရွှီးးး ရွှီးးး ရွှီးးး”

နီရှန်နှင့် ကျီယင်ယင်တို့ ဦးဆောင်သော မဟာဆရာသခင် များစွာသည်လည်း အလျင်အမြန် ပျံသန်းဝင်ရောက်လာကြ၏။

မြေအောက်ကမ္ဘာဘုရင်မက သူမ၏ လက်ကို ရုတ်တရက် ဆန့်တန်းလိုက်ကာ အလွန်တရာ အစွမ်းထက်လှသော စွမ်းအင်များကို ထုတ်လွှတ်လိုက်၏။

ခဏအကြာမှာပင် သူမရှေ့ရှိ မဟာဆရာသခင် ရာပေါင်းများစွာသည် လေထဲ၌ အေးခဲသွားကြရသည်။

မြေအောက်ကမ္ဘာဘုရင်မ ဖန်းချင်းယီက သူမ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ ထိုမဟာဆရာသခင် ရာပေါင်းများစွာမှာ ကီလိုမီတာ အနည်းငယ်အကွာရှိ မြေအောက်ကမ္ဘာနယ်မြေထဲသို့ တိုက်ရိုက် လွင့်စင်ကျသွားကြတော့၏။

မြေအောက်ကမ္ဘာဘုရင်မ ဖန်းချင်းယီက ရူးသွပ်စွာဖြင့် အော်ဟစ်လိုက်သည်။ “မြန်မြန်... တုပိုင်ကို ငါ့ဆီလာတွေ့ခိုင်းစမ်း...။ တုပိုင်ကို ငါနဲ့လာ လက်ထပ်ခိုင်းလိုက်...။ ဒါမှမဟုတ်ရင် အချိန်နှောင်းသွားလိမ့်မယ်...။ ငါ ထိန်းချုပ်ထားလို့ မရတော့ဘူး...။ တုပိုင်ကို ငါနဲ့လာ လက်ထပ်ခိုင်းစမ်း...”

ထိုအချိန်မှာပင်... “ဝေါင်းးးးးး” ထိတ်လန့်ဖွယ်ရာ ဟိန်းသံကြီးတစ်သံက ရုတ်တရက် ထွက်ပေါ်လာ၏။

အလွန်တရာ ကြီးမားလှသော အရိပ်မည်းကြီးတစ်ခုသည် လေထဲသို့ ရုတ်တရက် ပျံတက်လာသည်။

ထိုအရာသည် ကောင်းကင်နှင့် နေမင်းကြီးကိုပင် ဖုံးကွယ်သွားနိုင်လောက်အောင် ကြီးမားလှပြီး မြို့ငယ်လေးတစ်မြို့စာခန့် ပမာဏရှိနေ၏။

ဤသည်ကား အခြားမဟုတ်... အနက်ရောင် နဂါး၏ သေဆုံးသွားသော ဝိညာဉ်ဖြစ်ပြီး အစစ်အမှန် ရုပ်ခန္ဓာ မရှိဘဲ စွမ်းအင်များဖြင့် ဖွဲ့စည်းထားသော အလင်းနှင့် အရိပ်တိမ်တိုက်တစ်ခုသာ ဖြစ်၏။

ထို့ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းလှသည်မှာ ထိုနဂါးဝိညာဉ်၏ ခန္ဓာကိုယ်အား မရေမတွက်နိုင်သော မိစ္ဆာများနှင့် တစ္ဆေဝိညာဉ်များက ရူးသွပ်စွာ ရစ်ပတ်နှောင်ဖွဲ့နေခြင်းပင် ဖြစ်တော့၏။

ဤအရာသည် တုပိုင် ကမ္ဘာကြီးကို ကယ်တင်ရန်အတွက် တစ်ချိန်က စီးနင်းခဲ့ဖူးသော ဧရာမ အရိုးနဂါးကြီးဖြစ်၏။

သို့သော် ယခုအချိန်တွင်မူကား ထိုနဂါးကြီး၏ ခန္ဓာကိုယ်သည် မူလအရွယ်အစားထက် များစွာ ကြီးမားနေခဲ့ပြီဖြစ်ကာ သုံးလေးဆခန့် ပိုကြီးမားနေလျက်ရှိသည်။

သောင်းနှင့်ချီ ၊ သိန်းနှင့်ချီသော မိစ္ဆာဝိညာဉ်များက နဂါးကြီး၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် ရူးသွပ်စွာ ရစ်ပတ်နှောင်ဖွဲ့နေကြ၏။

မြေအောက်ကမ္ဘာဘုရင်မ ဖန်းချင်းယီက ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ "မဟုတ်ဘူး... မလုပ်နဲ့..." သူမ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်မဲ့ခြင်းများဖြင့် ပြည့်နှက်နေတော့၏။

နဂါး၏ ဝိညာဉ်သည် နောက်ဆုံးတွင်တော့ ထိန်းချုပ်မှု ကင်းမဲ့သွားပြီလော။ နောက်ဆုံးတွင် ထိုဝိညာဉ်သည် မိစ္ဆာများ၏ ညစ်ညမ်းခြင်းကို ခံလိုက်ရပြီလော။ နောက်ဆုံးတွင် ထိုအရာသည် ကောင်းကင်ယံသို့ တက်လှမ်းသွားပြီလော။

နဂါးဝိညာဉ်မှာ အလွန်အမင်း ရူးသွပ် နာကျင်နေပြီး လူသားမဟာမိတ်တပ်ပေါင်းစုရှိရာဆီသို့ အရှိန်ပြင်းစွာဖြင့် ပျံသန်းလာသည်။

အကယ်၍ ထိုနဂါးကြီးအား လူသားမဟာမိတ်တပ်ပေါင်းစုအပေါ်သို့ ပျံသန်းကာ တိုက်ခိုက်ခွင့်ပြုလိုက်ပါက နီရှန် အပါအဝင် ကျီယင်ယင် ၊ ကျီချင်းကျူနှင့် ကျီပြောင်ပြောင်တို့အပြင် လူသားမဟာမိတ်တပ်ပေါင်းစု တစ်ခုလုံး လုံးဝ သုတ်သင်ဖျက်ဆီးခံလိုက်ရမည်မှာ ကျိန်းသေပေါက်ပင် ဖြစ်လေ၏။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၄၉ + ၉၅၀) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters