← Chapters

တိုက်ခိုက်ခြင်း

Vol. 11 Ch. 1005

တိုက်ခိုက်ခြင်း

Vol. 11 Ch. 1005

လီချင်းဆွေသည် ချက်ချင်းပင် လှေကားထစ်လမ်းများအတိုင်း ပြေးတက်သွားပြီး တောင်ပေါ်ဘုရားကျောင်းသို့ ချက်ချင်း ရောက်ရှိသွားလေတော့သည်။

ဆီးနှင်းများသည် တောင်ပေါ်ဘုရားကျောင်းတစ်ခုလုံးကို ဖုံးလွှမ်းနေပြီး တံစက်မြိတ်တွင် ကြည်လင်အေးခဲနေသည့် နှင်းစက်များတွဲလဲ ကျလျှက် ရှိလေသည်။

တောင်ပေါ်ဝတ်ကျောင်းတော်သည် အထီးကျန်ဆန်လှပြီး တိတ်ဆိတ်ငြိမ်သက်လျှက် ရှိလေသည်။

လီချင်းဆွေက…

"အခု တောင်ပေါ်က ဝတ်ကျောင်းတော်ကို ပြန်ရောက်ပြီ ၊ ကျွန်မ ဘာလုပ်ရမလဲ…"

ဆန်းလျန်က သူမဘေးတွင် မတ်တတ်ရပ်နေရင်း ပေါ့ပါးအေးဆေးသည့်လေသံဖြင့်…

"တောတောင်ရေမြေတွေမှာ ဝိညာဉ်ဆိုတာမရှိဘူး ၊ သူတို့တွေ ဝိညာဉ်စွမ်းအားရလာပြီဆိုရင်လည်း သူတို့တွေအားလုံး နတ်ဘုရားတွေ ဖြစ်ကုန်ကြလိမ့်မယ် ၊ ဒါပေမဲ့ ဒီတောင်ကတော့ ထူးခြားတယ် ၊ ဒါကြောင့် ရွှဲ့ဟယ်က သူ့အမေကို ဒီတောင်မှာ တောင်စောင့်နတ် ဖြစ်စေခဲ့တာပဲ… ၊ ဒီတောင်ပေါ်မှာ ဝိညာဉ်စွမ်းအားတွေ စုစည်းနေတယ် ၊ ဒီတောင်ပေါ်က ဝိညာဉ်စွမ်းအားတွေကို အသုံးပြုပြီး ယွမ်ချင်းရှိတဲ့နေရာကို မင်း အခုချက်ချင်းသွားနိုင်အောင် ကျုပ် လုပ်ပေးနိုင်တယ်…"

လီချင်းဆွေက…

"ဝိညာဉ်စွမ်းအားတွေ အကုန်လုံး မရှိတော့ဘူးဆိုရင် ဒီတောင် ဘာဖြစ်သွားမလဲ…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ဇာမဏီငှက်တိုင်းလည်း ဇာမဏီသစ်ပင်မှာ နေတာမဟုတ်သလို ဗောဓိသကျတိုင်းလည်း လင်စန်းတောင်မှာ မနေကြပါဘူး ၊ ဝိညာဉ်တွေ ဒီတောင်ပေါ်မှာ မရှိလည်း ဘာမှ ဖြစ်မသွားပါဘူး…"

ဆန်းလျန်၏စကားကို နားထောင်ပြီး လီချင်းဆွေက ခေါင်းတစ်ချက်ညိတ်လိုက်သည်။

"အင်း… ဒါလည်း ဟုတ်တာပဲ…"

ဆန်းလျန်က လက်ပိုက်လိုက်ရင်း…

"မင်းက အမှန်တရားတွေကို မြန်မြန်နားလည်လွယ်သားပဲ…"

လီချင်းဆွေပြောသည့် "ဒါလည်းဟုတ်တာပဲ" ဆိုသည့်စကားက ဆန်းလျန်ကို အကြီးအကျယ် ထောက်ခံလိုက်ခြင်းပင် ဖြစ်လေသည်။

လီချင်းဆွေသည် သူမ၏ နာမည်အတိုင်းပင် "ရေ" ကဲ့သို့ သဘောသဘာ၀ ရှိလေသည်။

မည်သည့်နေရာမဆို အလိုက်သင့် စီးဆင်းလွယ်သည်။ ပျော့ပြောင်းသိမ်မွေ့သည်။ သို့သော်… စွမ်းအားလည်း အလွန်ကြီးမားလေသည်။

ထိုသို့ အလိုက်သင့်စီးဆင်းနိုင်ခြင်းက ရေရှည်တည်တံ့စေရန် နည်းလမ်းဖြစ်သည်။

ထို့ကြောင့် အကြောင်းအရာအတော်များများကို လီချင်းဆွေ နားလည်လွယ်သည်မှာ အငြင်းပွားစရာ မရှိပေ။

ယခုခေတ်အချိန်တွင် ဝိညာဉ်စွမ်းအားကောင်းမွန်သည့် တောင်များလည်းရှိသလို ဝိညာဉ်စွမ်းအားဆိတ်သုဉ်းနေသည့် တောင်များလည်း များစွာ ရှိသည်။

ဆန်းလျန်က သဘာဝတရားတွင် တည်ရှိနေသည့် ဝိညာဉ်စွမ်းအားကို မည်သို့ ထုတ်ယူသုံးဆွဲရမည်ကို လီချင်းဆွေအား သင်ပြပေးလေသည်။

လီချင်းဆွေက ဆန်းလျန်ပြောပြသည့်အတိုင်း ကျင့်ကြံလိုက်သည်နှင့် တောင်တစ်ခုလုံးရှိ ဝိညာဉ်စွမ်းအားများ သူမထံသို့ စုဝေးရောက်ရှိလာပြီး တောင်ပေါ်မှ ဝိညာဉ်စွမ်းအားများ ပျောက်ကွယ်သွားလေသည်။

ဝိညာဉ်စွမ်းအားများသည် လီချင်းဆွေ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လှည့်ပတ်နေပြီး တောင်ပေါ်တွင်တော့ မိုးမြေစွမ်းအားများ ရုတ်ချည်းမြင့်တက်လာလေ၏။

ဆောင်းတွင်းကာလဖြစ်သည့်တိုင် တောင်ပေါ်တွင် သစ်ပင် ၊ မြက်ပင်ငယ်များ ချက်ချင်းပေါက်ရောက်လာပြီး စိမ်းလန်စိုပြေလာလေသည်။

နှင်းကျဆင်းခြင်းများ ရပ်တန့်သွားပြီး နေမင်းကလည်း ထွန်းလင်းတောက်ပလာလေသည်။

နေမင်းက အစိမ်းရောင်သစ်ပင်ငယ်လေးများထက်တွင် ထွန်းလင်းတောက်ပနေပြီး တောင်တစ်ခွင်လုံး အစိမ်းရောင်အခိုးအငွေ့အလွှာပါးလေးများဖြင့် ဖုံးအုပ်ထားသည့်အလား ထင်မှတ်ရလေသည်။

ထိုအချိန်မှာပင်… ထင်ရှားကျော်ကြားသည့်ပုဂ္ဂိုလ်တစ်ယောက်သည် တိုက်တိုက်ဆိုင်ဆိုင် ထိုတောင်ကို ဖြတ်သန်းခရီးနှင်ခဲ့လေသည်။

သူက တောင်ပေါ်မှ မြင်ကွင်းကိုတွေ့မြင်သည့်အခါ စိတ်နှလုံးကြည်နူးခြင်းကို ခံစားရပြီး…

"ချင်းရှတောင်ပဲ… ချင်းရှတောင်ပဲ…"

ဟု ပြောဆိုသွားခဲ့လေ၏။

ထိုအချိန်မှစပြီး… ထိုတောင်၏အမည်မှာ "ချင်းရှတောင်" ဟု အမည်တွင်သွားခဲ့လေတော့သည်။

နောင်နှစ်အနည်းငယ်ကြာသည့်အခါ ထိုထင်ရှားကျော်ကြားသည့်ပုဂ္ဂိုလ်က ချင်းရှတောင်သို့ မိတ်ဆွေအပေါင်းအသင်းများကို ခေါ်ကာ ထပ်မံရောက်ရှိလာခဲ့လေသည်။

သို့သော်… ယခင်က သူမြင်တွေ့ခဲ့ရသည့် စိမ်းလန်းသည့်မြင်ကွင်းမျိုးကို တွေ့မြင်ရခြင်း မရှိတော့ပေ။

ထိုသူ အလွန်စိတ်မကောင်းဖြစ်သွားပြီး သူနှင့်အတူလိုက်ပါလာကြသည့် မိတ်ဆွေများမှာလည်း စိတ်ပျက်သွားကြရလေသည်။

ချင်းရှတောင်သည် နောက်ပိုင်းတွင် ထင်ပေါ်ကျော်ကြားခြင်း မရှိတော့သော်လည်း ချင်းရှတောင်ဆိုသည့်အမည်ကတော့ တွင်ကျန်ရစ်ခဲ့လေသည်။

နောက်ပိုင်းတွင် ထိုတောင်ကို အဘယ့်ကြောင့် ချင်းရှတောင်ဟု ခေါ်ရသည်ကို မည်သူမှ မသိရှိကြတော့ပေ။

လီချင်းဆွေကတော့ ထိုအကြောင်းအရာများကို အရေးမစိုက်ခဲ့ပေ။

သူက ချင်းရှတောင်မှ ဝိညာဉ်စွမ်းအားများကို အသုံးပြုပြီး တန်ခိုးစွမ်းအားတစ်ခုကို ရရှိခဲ့လေသည်။

ထို့နောက်… မျက်စိတစ်မှိတ်အတွင်းမှာပင် အသင်္ချေသော တောတောင်ရေမြေများကို ကျော်ဖြတ်ကာ ကျင်းကွမ်းဝတ်ကျောင်းတော် တည်ရှိရာနေရာသို့ ရောက်ရှိလာခဲ့လေတော့သည်။

ယွဲ့ကွမ်းဆရာတော် ၊ အခြားဆရာတော် (၃)ပါးနှင့် ယွမ်ချင်းကတော့ တိုက်ခိုက်လျှက် ရှိလေသည်။ ဤတိုက်ပွဲက ကမ္ဘာ့ထိပ်တန်းကျင့်ကြံသူများ၏ တိုက်ပွဲဟု ဆိုနိုင်၏။

တိုက်ခိုက်နေသူများမှာ လုံး၀ စိတ်အာရုံမပျံ့လွင့်ဘဲ တိုက်ခိုက်နေကြသည့်အတွက် လီချင်းဆွေရောက်ရှိလာသည်ကို မည်သူမှ သတိမထားမိကြပေ။

ကောင်းကင်ကြီးတစ်ခုလုံးကလည်း သွေးနီရောင်လွှမ်းနေပြီး သွေးမိုးများလည်း အဆက်မပြတ်ရွာသွန်းလျှက် ရှိလေသည်။

ယွဲ့ကွမ်းဆရာတော်က ယွမ်ချင်းနှင့်တိုက်ခိုက်နေပြီး ကျန်သည့်ဆရာတော် (၃)ပါးက ဝိညာဉ်များအလား တိုက်ပွဲဘေးပတ်လည်တွင် ပျံသန်းပိတ်ဆို့ထားကြလေသည်။

သူတို့သည် ဗုဒ္ဓဘာသာမှ အဆင့်မြင့်မားသည့် ဘုန်းတော်ကြီးများဖြစ်ကြသည့်အတွက် သူတို့၏ ခြေလက်လှုပ်ရှားဟန်က အလွန်ပင် အသရေနှင့် တင့်တယ်လှသည်။

သို့သော်… သွေးမိုးများက ရွာသွန်းနေလေရာ သူတို့၏ ဝတ်ရုံများကို သွေးမိုးများစွန်းထင်းကုန်ပြီး ဝိညာဉ်များအလား ကြည့်ရဆိုးသွားကြခြင်း ဖြစ်လေတော့သည်။

ယွမ်ချင်း၏ လက်ထဲတွင် ယွမ်တုဓားကိုဆုပ်ကိုင်ထားပြီး အလွန်တည်ငြိမ်အေးဆေးလျှက် ရှိလေသည်။ သူက ယွဲ့ကွမ်းဆရာတော်ထက်ပင်ပိုပြီး တည်ငြိမ်နေသေးသည်။

ယွဲ့ကွမ်းဆရာတော်၏ တည်ငြိမ်မှုက တည်ငြိမ်သည့်ကန်ရေပြင်အလားဖြစ်ပြီး ယွမ်ချင်း၏ တည်ငြိမ်မှုကတော့ တွင်းနက်ကြီးတစ်ခုနှင့် ဆင်တူသည်။

လီချင်းဆွေက တိုက်ပွဲအခြေအနေကို လေ့လာလိုက်ပြီး…

"ကဲ… သူ မရှုံးနိုင်ပါဘူးလို့ ကျွန်မ မပြောဘူးလား…"

လီချင်းဆွေက တစ်လောကလုံးတွင် အမြင်အာရုံစူးရှဆုံးသူတစ်ယောက် ဖြစ်လေသည်။

တစ်ချက်ကြည့်ရုံမျှနှင့် ယွမ်ချင်းက ဆရာတော် (၃)ပါးကို သေချာပေါက် အနိုုင်ရမည်ကို သူမ ခန့်မှန်းလိုက်နိုင်သည်။

ဆန်းလျန်က…

"အရှေ့ကိုချည်းကြည့်မနေနဲ့ ၊ ဘေးလည်းကြည့်လိုက်ဦး…"

လီချင်းဆွေ၏ ပဟေဠိဖြစ်သွားပြီး စိတ်ထဲတွင်လည်း တစ်ချက်လှုပ်ရှားသွားလေသည်။

ဘေးသို့လှည့်ကြည့်လိုက်သည့်အခါ သွေးနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက် သူမဘေးနားတွင် ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

ထိုသူ၏ခါးတွင် ရှည်လျားပြီးသွေးရောင်လွှမ်းနေသည့် ဓားတစ်လက် ချိတ်ဆွဲထားလေသည်။ ထိုဓားကို တွေ့မြင်ရသည်နှင့် သွေးနီရောင်ပင်လယ်မှ မိစ္ဆာအငွေ့အသက်များ ဖုံးလွှမ်းနေသည်ကို ခံစားလိုက်ရသည်။

ထိုသူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များမှာ သွေးမိုးများနှင့်ရောနှောသွားပြီး မိုင် (၁၀၀) ပတ်လည်သို့ ပျံ့နှံ့သွားလေသည်။

ထိုသူကား ဟွမ်ချွမ်ကျီပင် ဖြစ်လေတော့သည်။

နောက်ဆုံးတော့… မိုးကောင်းကင်တစ်ခုလုံး လုံး၀ မှောင်အတိကျသွားလေတော့သည်။

ယွမ်ချင်းက တိတ်ဆိတ်ငြိမ်သက်နေပြီး သူ၏မျက်ဝန်းများက အမှောင်ထုထဲတွင် တလက်လက် တောက်ပနေလေသည်။

သူ ချက်ချင်းပင်… ဟွမ်ချွမ်ကျီနှင့် လီချင်းဆွေကို တွေ့မြင်လိုက်ရသည့်အခါ ဒေါသချောင်းချောင်းထွက်သွားမိသည်။ ဟွမ်ချွမ်ကျီက လီချင်းဆွေကို ဓားစာခံအဖြစ် ဖမ်းဆီးထားသည်ဟု ယွမ်ချင်းက ထင်မှတ်လိုက်မိသောကြောင့် ဖြစ်သည်။

ယွမ်ချင်း၏ တာအိုတန်ခိုးစွမ်းအားများ မြင့်တက်လာပြီး သူ၏ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသည့်အငွေ့အသက်များကလည်း ထိန်းချုပ်နိုင်စွမ်းမရှိ ပေါက်ကွဲထွက်လာလေသည်။

သူ၏ မျက်ဝန်းများက ဒေါသတရားများနှင့်ပြည့်နေပြီး မျက်လုံးများက သွေးနီရောင်တောက်ပလျှက် ရှိလေသည်။ သို့သော်… မည်မျှ ဒေါသထွက်နေပါစေ အခြေအနေကိုတော့ ရှင်းရှင်းလင်းလင်း သုံးသပ်နိုင်စွမ်း ရှိနေလေ၏။

ဆရာတော် (၃)ပါး၏ တန်ခိုးစွမ်းအားအတက်အကျများကို သူသိရှိနေပြီး ယွဲ့ကွမ်းဆရာတော်ထံတွင်ရှိနေသည့် ဗုဒ္ဓ၏ ဓာတ်တော်မွေတော်မှာ မည်မျှ တန်ခိုးစွမ်းအားမြင့်မားသည်ကို သူ ရိပ်မိလိုက်သည်။

ယွမ်ချင်း၏ စိတ်အာရုံတွင် အရာအားလုံးကို ဖြန့်ကျက် သိရှိနေလေသည်။

ယွမ်ချင်းက တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက် ဖြစ်လေရာ ပြိုင်ဘက်များ၏လှုပ်ရှားမှုကို အချိန်မရွေး စိတ်အာရုံထဲတွင် သိရှိနေနိုင်သည်။

သူ၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုက်သည့်အငွေ့အသက်များ မြင့်မားလာသလို တာအိုတန်ခိုးစွမ်းအားသည်လည်း အဆုံးမရှိ မြင့်မားထွက်ပေါ်လာသည်။

သူက လက်ကိုအသာမြှောက်လိုက်ပြီး ယွမ်တုဓားကို တစ်ချက်ဝှေ့ရမ်းလိုက်လေသည်။ ထိုအခါ ယွမ်တုဓားမှ ရေစီးဆင်းသံများ ထွက်ပေါ်လာလေ၏။

ဓမ္မလမ်းပြဆရာတော်က နှစ်ပေါင်းများစွာ သူကိုင်ဆောင်ခဲ့သည့် စိပ်ပုတီးကို လေထဲသို့ ပစ်လွှင့်လိုက်သည်။

ထိုပုတီးတွင် ပုတီးစေ့ (၂၄)စေ့ပါဝင်ပြီး လေထဲတွင် လှည့်ပတ်လျှက် ရှိလေသည်။ ထိုပုတီးစေ့ (၂၄)စေ့မှာ ရှေးဟောင်းဗောဓိသကျတစ်ပါးဖြစ်သည့် မငြိမ်းသောမီးအိမ်ဗောဓိသကျ၏ တန်ခိုးစွမ်းအားထဲတွင် နှစ်မြှုပ်ထားသည့် ပုတီးစေ့များဖြစ်လေသည်။

နှစ်ပေါင်းများစွာ ကြာမြင့်လာပြီးနောက် ပုတီးစေ့ (၁)စေ့တိုင်းတွင် မငြိမ်းသောမီးအိမ်ဗောဓိသကျ၏ တန်ခိုးစွမ်းအားများဖြင့် ပြည့်ဝလျှက် ရှိလေသည်။

ဓမ္မလမ်းပြဆရာတော်၏ စိပ်ပုတီးသည် နတ်ဘုရားများ၏ စိတ်ဝိညာဉ်ကို အကြီးအကျယ် ပျက်စီးဆုံးရှုံးစေနိုင်သည့် တန်ခိုးစွမ်းအားနှင့် ပြည့်ဝလျှက် ရှိလေသည်။ ထို့ကြောင့် နတ်ဘုရားတိုင်း ကြောက်ရွံ့ထိတ်လန့်ကြသည့် ရတနာပစ္စည်း တစ်ခု ဖြစ်လေ၏။

သို့သော် ယွမ်တုဓား၏ ရေစီးဆင်းသံအောက်တွင် ပုတီးစေ့ (၂၄)စေ့သည် တန်ခိုးစွမ်းအားများ ပျောက်ဆုံးသွားလေသည်။

ထို့နောက် စက္ကန့်ပိုင်းအတွင်းမှာပင် ပုတီးစေ့များအာလုံး ပြာမှုံ့အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

နှစ်ပေါင်း (၄၀၀)ကျော် တည်တံ့ခဲ့သည့် မငြိမ်းသောမီးအိမ်ဗောဓိသကျ၏ အမွေအနှစ်ပစ္စည်းသည် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

ဓမ္မလမ်းပြဆရာတော်၏ပါးစပ်ထဲမှ သွေးများအန်ထုတ်လိုက်လေ၏။

ယိရှင်ဆရာတော်နှင့် ကျိရွှမ်ဆရာတော်တို့က ဓမ္မလမ်းပြဆရာတော်မှာ ယွမ်ချင်းကြောင့် အကြီးအကျယ် ဒဏ်ရာရသွားပြီဟု သိရှိလိုက်ကြသည်။

သို့သော်… ယွမ်ချင်းက တိုက်ခိုက်လိုက်သည်နှင့် ဓမ္မလမ်းပြဆရာတော်ထံမှ တန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်လာပြီး တိုက်ခိုက်မှုကို ပြန်လည် စတင်လိုက်သည်။

ကျန်ရှိသည့် ဆရာတော် (၃)ပါးကလည်း သူတို့၏ တောင်ဝှေးများကို ဝှေ့ရမ်းပြီး ဝင်ရောက်တိုက်ခိုက်လိုက်ကြလေရာ လေနှင့်မိုးခြိမ်းသံများပင် ထွက်ပေါ်လာလေသည်။

စိပ်ပုတီးကို တစ်စစီဖြစ်အောင် ဖျက်စီးပစ်လိုက်သည့် ယွမ်တုဓားသည် ယိရှင်ဆရာတော် ၊ ကျိရွှမ်ဆရာတော်နှင့် ယွဲ့ကွမ်းဆရာတော်တို့၏ တောင်ဝှေးများဖြင့် ရင်ဆိုင်လိုက်ရသည်။

ကြီးမားလွန်းသည့် တန်ခိုးစွမ်းအားအရှိန်အဟုန်များသည် စကြာဝဠာကိုပင် ပြောင်းလဲပစ်တော့မည့်အလား ထင်မှတ်ရသည်။

ဓမ္မလမ်းပြဆရာတော်က သူ၏ဒဏ်ရာကို ချက်ချင်းကုသလိုက်ပြီးသည့်နောက် လက်ထဲတွင် ကြီးမားသည့် လက်ဖဝါးရာကြီးတစ်ခုကို ဖန်ဆင်းလိုက်လေသည်။

ဒဏ်ရာရထားသည့်တိုင် သူ၏ မဟာမုဒြာတန်ခိုးစွမ်းအားက နည်းနည်းလေးမှ လျော့နည်းသွားခြင်း မရှိပေ။

ကြီးမားသည့် လက်ဖဝါးကြီးသည် ယွမ်ချင်းထံသို့ ဝင်ရောက်သွားပြီး ယွမ်တုဓား၏ အလင်းတန်းကို ထိမှန်သွားလေသည်။

ယွမ်တုဓားမှ ထွက်ပေါ်နေသည့် ရေသံများ တိတ်ဆိတ်သွားပြီး ရုတ်တရက် ဓားက ဘေးသို့ ယိုင်ထွက်သွားလေသည်။

ဤတိုက်ခိုက်မှုကိုကြည့်ခြင်းအားဖြင့် ဓမ္မလမ်းပြဆရာတော်၏ တန်ခိုးစွမ်းအား မည်မျှ နက်ရှိုင်းသည်ကို သိမြင်ရန် လုံလောက်သည်။

ကောင်းကင်တစ်ခွင်လုံးမှောင်မိုက်သွားပြီး အမှောင်ထဲတွင် မည်သူမဆို ထိခိုက်ဒဏ်ရာရသွားစေနိုင်လေသည်။  မည်သူမဆို အမှောင်ထုထဲတွင် တိုက်ခိုက်နေရသည်က အချိန်မရွေးအသက်အန္တရယ်ကို ရင်ဆိုင်ရနိုင်သည်။

ကျိရွှမ်ဆရာတော်က လေထဲသို့ လွင့်မျောရောက်ရှိလာပြီး ယွမ်ချင်းနှင့် မျက်နှာချင်းဆိုင်သို့ ရောက်ရှိလာလေသည်။

သူက ကျောက်စိမ်းသားပမာဖြူစင်သောလက်ချောင်းများကို ရှေ့သို့ အသာဆန့်ထုတ်လိုက်သည်။

တိတ်ဆိတ်ငြိမ်သက်သည့် လေထုနှင့် တန်ခိုးစွမ်းအားများအားလုံးကို ကျော်ဖြတ်ပြီး ကျိရွှမ်ဆရာတော်၏ လက်ချောင်းများသည် ယွမ်ချင်းရှိရာသို့ ထိုးဖောက်ဝင်ရောက် သွားလေသည်။

ယွမ်ချင်း၏ ခန္ဓာကိုယ်တွင် အပေါက် (၃)ပေါက်ဖြစ်ပေါ်လာပြီး ထိုအပေါက်များမှ သွေးများ ထွက်လာလေသည်။

ယွမ်ချင်း ဟွန့်ခနဲ နှာခေါင်းတစ်ချက် ရှုံ့လိုက်လေတော့၏။

All Chapters