အခန်း (၆၉)
Vol. 5 Ch. 69
"ဒါပေမယ့်"
ကျောက်ဟောက်သည် ခေတ္တမျှ ရပ်လိုက်ပြီး အဖွဲ့ထဲတွင် ဆက်ပြော လိုက်လေသည်။
"ကျွန်တော့်အိမ်က စားစရာတွေ အကုန် ကုန်သွားပြီ ကျွန်တော် မစားရတာ နှစ်ရက်ရှိပြီ အခု အရမ်းဗိုက်ဆာနေလို့ အင်အားတောင် မရှိတော့ဘူး"
"လူတိုင်းရဲ့ အခြေအနေကလည်း ကျွန်တော့်လိုပဲ ဖြစ်မယ်လို့ ထင်ပါတယ် ဟုတ်တယ်မလား"
ချက်ချင်း ဆိုသလိုပင် အဖွဲ့ထဲတွင် ထူးဆန်းလှသော တိတ်ဆိတ်မှု တစ်ခု ဖြစ်သွားခဲ့ရသည်။ သူတို့ ဗိုက်မဆာကြချေ။ တကယ်တမ်းတွင် ဤရက်ပိုင်းအတွင်း သူတို့ ဗိုက်ဝအောင် စားခဲ့ကြခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ ယခင်တွင် ကျန်းရီအိမ်မှ စားစရာများစွာအား ယူဆောင် လာခဲ့ကြသည် မဟုတ်ပါလား။ ကျန်းရီ၏ ကိစ္စ မတိုင်မီကတည်းကပင် အသားကင် စားခဲ့ကြသူများပင် ရှိသေးသည်။
"အင်း ဘယ်လိုလုပ်ရမလဲ ကျွန်တော့်အိမ်မှာလည်း စားစရာ သိပ်မကျန်တော့ဘူး နောက် တစ်နပ်စာတောင် မရှိတော့ဘူး"
"အဲ ဟုတ်တယ် ဟုတ်တယ် ဟူး ကျွန်တော့်မှာ မိသားစုဝင်တွေကလည်း များတယ် ပြီးခဲ့တဲ့တစ်ခေါက် ကျန်းရီဆီကလည်း သိပ်အများကြီး မရခဲ့ဘူး ဒီရက်ပိုင်းအတွင်း အကုန် ကုန်သွားပြီ"
"ဟုတ်တယ် ကျွန်တော်တို့ အခြေအနေကလည်း အစ်ကို့ထက် မသာပါဘူးဗျာ အစ်ကိုကျောက် အစ်ကို့မှာ အကြံကောင်းလေးတွေ ရှိလား ရှိရင် ပြောပြပါဦး အားလုံး နားထောင်ကြရအောင်"
"ဟုတ်တယ် အစ်ကို ပြောမယ်ဆိုရင် လူတိုင်းက နားထောင်ကြမှာပါ"
ရဲရှင်းချန်သည် အဖွဲ့ထဲရှိ စကားပြောခန်းကို ဖတ်ကြည့်ရင်း၊ သူ၏မျက်နှာတွင် အထင်အမြင် သေးသော အမူအရာများဖြင့် ပြည့်နှက်နေခဲ့သည်။
စားစရာ ရှိ မရှိအား လူတိုင်း ကောင်းကောင်း သိကြလေသည်။ ကျန်းရီ၏ နေရာတွင် စားစရာများ အများအပြား စုထားခဲ့သည် မဟုတ်ပါလား။
ကျောက်ဟောက်အား အစွမ်းကုန် ထောက်ခံပါ့မည်ဟု ယခုလေးတင် ပြောခဲ့ကြပြီးမှ အခုတွင် သူ့အား စားစရာလေး တစ်ခုလေးပင် ပေးဖို့ ဝန်လေးနေကြပြန်သည်။ ဤနှင်းထုကြီးသည် သူတို့၏ အတ္တများအား အမှန်တကယ်ပင် အပြင်သို့ တွန်းထုတ်ပေးလိုက်ချေပြီ ဖြစ်သည်။ ကျောက်ဟောက်မှာမူ သူတို့အား အရေးမလုပ်ချေ။ သူသည် ဆက်လက်၍ ပြောလိုက်သည်။
"ကျွန်တော်တို့မှာ လက်နက် သိပ်မရှိဘူး သူတို့ကို ထိပ်တိုက်တွေ့ရင် နိုင်မှာ မဟုတ်လောက်ဘူး"
"ဒါပေမယ့် ရဲရှင်းချန်က သူတို့ကို မောင်းထုတ် လိုက်တာကို မမေ့ကြနဲ့ဦး"
"အခု အခြေအနေအရ ရဲရှင်းချန် တစ်ယောက်ပဲ သူတို့ကို ယှဉ်နိုင်မှာနော်"
"ကျွန်တော့် အကြံပြုချက်ကတော့ ကျွန်တော်တို့ ရဲရှင်းချန်ဆီမှာ အကူအညီ တောင်းကြရအောင်ပါ အပြင်ကလူတွေကို တွန်းလှန်ဖို့ သူ့ကို ဦးဆောင်ခိုင်းရအောင်လေ"
ထပ်မံ၍ ထူးဆန်းလှသော တိတ်ဆိတ်မှု တစ်ခု ဖြစ်သွားခဲ့ပြန်သည်။ သူတို့သည် လွန်ခဲ့သော မကြာသေးမှီ အချိန်လေး အတွင်းမှာပင် ရဲရှင်းချန်အား အဖွဲ့ထဲတွင် ဆဲဆိုခဲ့ကြသည် မဟုတ်ပါလား။ တစ်ယောက်နှင့် တစ်ယောက် အခြေအတင် ဖြစ်ခဲ့သည်အား မပြောနှင့်ဦး။ ထိုလူများအား ရဲရှင်းချန်မှ လက်စားချေရန် ခေါ်လာသည်ဟု ယုံကြည်နေသူများပင် ရှိနေကြသေးသည်။
"အဲဒါ အဆင်ပြေပါ့မလား အစ်ကိုကျောက်"
"ဟုတ်ပ ရဲရှင်းချန်က အရင်က အိမ်နီးချင်းတွေကို ဒီလောက်အများကြီး သတ်ခဲ့တာလေ အခု သူ့ကို ငါတို့ကို ကာကွယ်ပေးဖို့ သွားပြောရမှာလား"
"ဟုတ်တယ် ဒါ့အပြင် အပြင်က လူအုပ်စုက ရဲရှင်းချန် ခေါ်လာတာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား"
ကျောက်ဟောက်သည် ကြားဖြတ်၍ ပြောလိုက်လေသည်။
"မဟုတ်ပါဘူး သူတို့က ဆောက်လုပ်ရေး အဖွဲ့သက်သက်ပါ ညီလေးရဲ့ကို မသိကြပါဘူး သူတို့က သူ့ပစ္စည်းတွေကို လုချင်နေကြတာလေ"
"ဒါဆိုရင်တော့ အစ်ကိုကျောက် ပြောသလိုဆိုရင် ရဲရှင်းချန် တစ်ယောက်ပဲ သူတို့ကို ကိုင်တွယ်နိုင်မယ့်ပုံပဲနော်"
"သူ့မှာ မြားတွေရှိတယ် ပြီးတော့ မီးလောင်စေတဲ့ ဗုံးလည်း ရှိတယ် သူဆိုရင်တော့ အဲဒီ အလုပ်သမားတွေကို တကယ် မောင်းထုတ်နိုင်မှာ"
"ဒါပေမယ့် သူ ငါတို့ကို ကူညီပါ့မလား"
"ဟုတ်တယ် အရင်က ငါတို့ သူ့အိမ်ကို ဖျက်ဆီးခဲ့ကြတာလေ သူ့ကို ဆဲလည်း ဆဲခဲ့ကြသေးတယ် သူက ဘာလို့ စေတနာအပြည့်နဲ့ ငါတို့ကို ကူညီမှာလဲ"
"ဟူး ဟုတ်သားပဲ ရဲရှင်းချန်က တကယ့် အတ္တကြီးတဲ့သူပဲ သူ ငါတို့ကို တကယ် ကူညီပါ့မလား"
ကျောက်ဟောက်မှ အချိန်ကိုက်ပင် ကြားဝင် လိုက်လေသည်။
"ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ ကျွန်တော် ညီလေးရဲ့နဲ့ စကားပြောကြည့်လို့ ရပါသေးတယ် သူ့ကို ကျွန်တော် သွားပြောကြည့်မယ် သူ ကျွန်တော် တို့ကို ကူညီဖို့ ဆန္ဒရှိ မရှိ သိရအောင်လေ"
ရဲရှင်းချန်သည် အဖွဲ့ထဲရှိ မက်ဆေ့ခ်ျအားလုံးကို စောင့်ကြည့်နေခဲ့သည်။ ခဏအကြာတွင် ကျောက်ဟောက်ဆီမှ ကိုယ်ပိုင် မက်ဆေ့ခ်ျတစ်ခု ရောက်လာခဲ့သည်။
"ဘယ်လိုလဲ ညီလေးရဲ့ အစ်ကို ဒါမျိုး ပြောလိုက်တာ အဆင်ပြေလား နောက် ဘာဆက်လုပ်ရမလဲ"
ရဲရှင်းချန်မှ ပြန်ဖြေလိုက်သည်။
"မဆိုးဘူးပဲ အစ်ကိုကျောက်က သရုပ်ဆောင် ကောင်းလှချေလား ဟားဟား အချိန်တန်ပြီ သူတို့ ကျွန်တော့်စကားကို လိမ်လိမ်မာမာ နားထောင်လာအောင် နည်းလမ်းရှာလိုက်ပါ အဲဒီအခါကျမှ နောင်ကျရင် ကျွန်တော်တို့ ဘေးကင်းကင်းနဲ့ အဝင်အထွက် လုပ်နိုင်မှာ"
ရဲရှင်းချန်သည် သူတို့ ဘေးကင်းမည်လား ဆိုသည်အား မသိသလို စိတ်လည်း မဝင်စားပေ။ မည်သို့ပင်ဆိုစေ သူကိုယ်တိုင် ပို၍ ဘေးကင်းရန်သာ အဓိက ဖြစ်ပေသည်။ သူ၏ အစီအစဉ်အား ချမှတ်ပြီးနောက်တွင် ကျောက်ဟောက်သည် အဖွဲ့ထဲသို့ ပြန်ဝင်ခဲ့လာကာ ရဲရှင်းချန်အား တမင် မန်းရှင်း ခေါ်လိုက်လေသည်။
"@ရဲရှင်းချန် ညီလေးရဲ့ အခု လူတိုင်း မင်းကို လိုအပ်နေတယ်ကွာ 'နှုတ်ခမ်းမရှိရင် သွားတွေ အေးတတ်တယ်' ဆိုတဲ့ စကားကို မင်း သိပါတယ် ဒါ့အပြင် ငါတို့က တစ်ယောက်နဲ့ တစ်ယောက် ရန်သူတွေမှ မဟုတ်တာ အရင်က မကျေနပ်ချက်တွေကို ဘေးဖယ်ထားပြီးတော့ ခဏလောက် လက်ဆွဲ နှုတ်ဆက်ပြီး ငြိမ်းချမ်းရေး ယူကြရင် ဘယ်လိုလဲ မင်း ဘယ်လိုထင်သလဲ"
"တစ်ခုရှိရင် နောက်တစ်ခု ရှိလာမှာပဲ အခု အပြင်ကလူတွေ ကျူးကျော် လာသလိုပဲ တခြားရပ်ကွက်က လူတွေကလည်း ငါတို့ရဲ့ ရင်းမြစ်တွေကို လုဖို့ အချိန်မရွေး ရောက်လာနိုင်တယ်"
"ဒီအချိန်မှာ ဘယ်သူ့အတွက်မှ မလွယ်ကူပါဘူးကွာ ရပ်ကွက် တစ်ခုတည်းမှာ အတူတူ နေထိုင်ရတာဟာ ကံတရားတစ်ခုပါပဲ အဖွဲ့တစ်ခုတည်းမှာ ရှိနေကြတာဆိုတော့ အားလုံးကို မိသားစုဝင်တွေလို့ သဘောထားလို့ ရပါတယ်"
ထိုသို့ ပြောသည်အား မြင်သောအခါ အဖွဲ့ထဲရှိ အခြားလူများသည်လည်း ဝိုင်း၍ ထောက်ခံကြကုန်တော့သည်။
"ဟုတ်တယ် ဟုတ်တယ် ညီလေးရဲ့ မင်းက စိတ်ထားကောင်းပါတယ်ကွာ မင်း အိမ်နီးချင်းတွေကို ပစ်မထားပါဘူးနော် ဟုတ်တယ်မလား"
"မှန်တယ် အခု လူတိုင်း မင်းကို လိုအပ်နေတယ် ကျေးဇူးပြုပြီး ကူညီပါဦး"
"တကယ်ပါ နောင်ကျရင် ကျွန်တော်တို့ ညီလေးရဲ့ရဲ့ စကားကို သေချာပေါက် နားထောင်ပါ့မယ်"
"ငါတို့ မိသားစု တစ်ခုလုံးရဲ့ အသက်က ညီလေးရဲ့အပေါ်မှာ မူတည်နေပါပြီ ကွာ ရှင်းချန် ကူညီပါကွာ"
မြှောက်ပင့် စကားမျိုးစုံ ထွက်ပေါ် လာခဲ့သည်။ ရဲရှင်းချန်မှ နှာခေါင်း ရှုံ့လိုက်လေသည်။
"ခင်ဗျားတို့ ဘာလုပ်လုပ် ကျွန်တော်နဲ့ မဆိုင်ဘူး ဒါပေမယ့် အစ်ကိုကျောက် လာပြောလို့သာ ကျွန်တော် ခဏ သည်းခံပေးလိုက်မယ်"
"ကျွန်တော့်ကို လာပြီး မမြှောက်ပင့်နဲ့ ခင်ဗျားတို့ ကျွန်တော့်ကို ဘယ်လို ဆဲခဲ့လဲဆိုတာ ကျွန်တော် မြင်တယ် ကျွန်တော့်အိမ်ကို ဖျက်ဆီးတုန်းကလည်း ခင်ဗျားတို့ အစွမ်းကုန် လုပ်ခဲ့ကြတာပဲ မဟုတ်လား"
လူတိုင်း အလွန် စိတ်လှုပ်ရှား သွားကြကုန်သည်။ မည်သို့ပင်ဆိုစေ ရဲရှင်းချန် ပြောသည်မှာ သူတို့ အမှန်တကယ် လုပ်ခဲ့သည့် အရာများ ဖြစ်လေသည်။ တရားမျှတစွာ တွေးကြည့်လျှင် သူတို့သာဆိုပါကလည်း ဤကိစ္စအား ကူညီပေးရန် ဆန္ဒရှိလိမ့်မည် မဟုတ်ပေ။
"အာ မဟုတ်တာ ညီလေးရဲ့ရယ် ငါတို့က မင်းကို စလိုက်တာပါ"
"ဟုတ်တယ် ကျွန်မကတော့ ရှင့်အိမ်ကို ဖျက်ဆီးတဲ့အထဲ မပါဘူးနော် ကျွန်မက မိန်းမသား တစ်ယောက်ပါ ဒီလို ဆိုးယုတ်တဲ့ အလုပ်မျိုးကို မလုပ်ရက်ပါဘူး"
"မှန်တယ် မှန်တယ် သိပ်ပြီး စိတ်ကျဉ်းမြောင်း မနေပါနဲ့ ငါတို့တွေက အိမ်နီးချင်းတွေပဲလေ ဘာလို့ ဒီလောက်အထိ တွက်ကပ်နေရတာလဲ ဒါက ငါတို့ရဲ့ ဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်"
"အို"
ရဲရှင်းချန်မှ မျက်ခုံးပင့်လိုက်မိလေသည်။
"ခင်ဗျားတို့ ကျွန်တော့်ဆီမှာ အကူအညီ တောင်းနေတာ မဟုတ်လား အကူအညီ တောင်းနေတဲ့သူရဲ့ အမူအရာက ဒါမျိုးလား"
"ဟက် ရယ်ရတယ်ဗျာ မသိတဲ့လူဆိုရင် ကျွန်တော်က ခင်ဗျားတို့ကို အကြွေးတင်နေတယ်လို့ ထင်နေပါအုန်းမယ်"
ဤအချိန်တွင် ကျောက်ဟောက်မှ ဦးဆောင်၍ အဖွဲ့ထဲတွင် ပြန်ဖြေ လိုက်လေသည်။
"မဟုတ်တာ ညီလေးရဲ့ရယ် ဒီလိုလုပ်ပါလား နောင်ကျရင် မင်း ဘာပြောပြော အစ်ကိုတို့ နားထောင်ပါ့မယ် မင်း ခိုင်းတာမှန်သမျှ အကုန် လုပ်ပါ့မယ်ကွာ"
"ဟုတ်တယ် ဟုတ်တယ် ငါတို့လည်း အစ်ကိုကျောက်လိုပဲ သဘောထားပါတယ် နောင်ကျရင် မင်းစကားကို နားထောင်ပါ့မယ်ကွာ"
"ငါလည်း မင်းစကား နားထောင်မယ် မင်းက အရှေ့သွားဆိုရင် ငါ အနောက်မသွားဘူး မင်းက ထိုင်ဆိုရင် ငါ မလှဲဘူးကွာ"
အချိန်တန်ပြီဟု မြင်သောအခါ ရဲရှင်းချန်မှ ဖြည်းဖြည်းချင်း မေးလိုက်လေသည်။
"ဒါဆိုရင် ကျွန်တော် ခိုင်းတာ မှန်သမျှ ခင်ဗျားတို့ လုပ်မှာလား ဒါ အမှန်ပဲလား လူတိုင်း ကျွန်တော့် စကားကို နားထောင်ဖို့ ဆန္ဒရှိကြတာလား"
အဖွဲ့ထဲရှိ လူတိုင်း တွေဝေသွားကြကုန်သည်။
"အဲ ငါ့ကို အသေခံခိုင်းတာမျိုး မဟုတ်ရင် ကျန်တာ အကုန်လုပ်ပါ့မယ်"
ရဲရှင်းချန်မှ ချက်ချင်းပင် မေးမြန်းလိုက်သည်။
"ဒါဆိုရင် ခင်ဗျားတို့ကို လက်နက်တွေ ကိုင်ခိုင်းပြီး အဲဒီ ဆောက်လုပ်ရေး အလုပ်သမားတွေကို တိုက်ခိုက်ခိုင်းမယ် ဆိုရင်ကော"
အဖွဲ့ထဲတွင် နောက်ထပ် အချိန်အတော်ကြာ တိတ်ဆိတ် သွားပြန်သည်။ မည်သူမျှ ပြန်မဖြေရဲကြချေ။ ရှေ့မှ ထွက်မည့်သူ တစ်ယောက်မျှ မရှိသောကြောင့် ပင် ဖြစ်ချေသည်။
"ဟားဟား ခင်ဗျားတို့ စကားပြောတာကျတော့ အရမ်း နားထောင်လို့ ကောင်းတာပဲ ဆိုတော့ ကျွန်တော့်ကိုပဲ တစ်ယောက်တည်း အသက်စွန့် ခိုင်းချင်တာပေါ့လေ ကျွန်တော် သေသွားတာက ခင်ဗျားတို့အတွက် အကောင်းဆုံးလို့ ထင်နေတာလား အဲဒီအခါကျရင် ခင်ဗျားတို့ ကျွန်တော့်အိမ်မှာ နေပြီးတော့ ကျွန်တော့် စားစရာတွေကို စားလို့ရပြီပေါ့ ဟုတ်လား"