← Chapters

အခန်း (၇၀)

Vol. 5 Ch. 70

အခန်း (၇၀)

Vol. 5 Ch. 70

"ခင်ဗျားတို့ အစီအစဉ်က တကယ့်ကို ကောင်းလိုက်တာဗျာ အကုန်လုံး တွက်ချက် ထားပြီးသားပဲပေါ့လေ"

"ခင်ဗျားတို့ ပြောတဲ့ စကားချိုချိုလေး နည်းနည်းကြောင့်နဲ့ ကျွန်တော့်ကို ရှေ့က ထွက်ပြီး ခင်ဗျားတို့အတွက် ကျည်ဆန် ခံပေးမယ့် လူအ တစ်ယောက်လို့ မထင်လိုက်နဲ့"

"ခင်ဗျားတို့ သေတာ ရှင်တာ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ ပွင့်ပွင့်လင်းလင်း ပြောပြရရင် သူတို့က ပထမဆုံးနေ့ ကတည်းက ကျွန်တော့်ဆီကို လာခဲ့ကြတာပါ ခင်ဗျားတို့ ကြားလိုက်ရတဲ့ ပေါက်ကွဲသံက သူတို့ ကျွန်တော့်တံခါးကို ဖောက်ခွဲခဲ့တာပဲ"

"ဟက် ခင်ဗျားတို့ကို စိတ်ပျက်အောင် လုပ်မိလို့ စိတ်မကောင်းပါဘူး ကျွန်တော့် တံခါးက အရမ်းခိုင်မာနေတော့ သူတို့ ဗုံးနဲ့တောင် မဖောက်နိုင်ခဲ့ဘူးလေ ကျွန်တော်ကတော့ သူတို့ လူအချို့ကိုတောင် သတ်ပစ် လိုက်သေးတယ်"

"ကျွန်တော်ကတော့ ဘေးကင်းပါတယ် ဒါကြောင့် ခင်ဗျားတို့ သေတာ ရှင်တာက ကျွန်တော်နဲ့ လုံးဝ မဆိုင်ဘူး ကျွန်တော် ခင်ဗျားတို့ကို ဂရုစိုက်ဖို့လည်း စိတ်မဝင်စားဘူး"

ကျောက်ဟောက်မှ ပျာပျာသလဲ ပြောရှာသည်။

"ကျေးဇူးပြုပြီး ကူညီပါ ညီလေးရဲ့ရယ် ငါတို့ မင်းစကားကို သေချာပေါက် နားထောင်ပါ့မယ်ကွာ"

"ဒီလို အတိုင်းဆိုရင်လည်း ငါတို့က သေမှာပဲလေ သူတို့ ငါတို့အိမ်ကို ရောက်လာရင် ငါတို့ကိုလည်း သတ်ကြမှာပဲ ဘာလို့ ငါတို့ အားလုံး အစွမ်းကုန် ထွက်မတိုက်နိုင်ရမှာလဲ ဒါဆိုရင် အသက်ရှင်ဖို့ အခွင့်အရေးတောင် ရှိဦးမယ်"

"တကယ်လို့ သူတို့ မင်းနဲ့အတူ မတိုက်ဘူး ဆိုရင်တောင် အစ်ကို မင်းနဲ့အတူ တိုက်မယ်ကွာ မင်းစကားကို အစ်ကို နားထောင်မယ် မင်း ဘာပဲခိုင်းခိုင်း အစ်ကို လုပ်မယ် "

ကျောက်ဟောက်၏ စကားများသည် လူတိုင်းအား ထိတ်လန့် သွားစေခဲ့သည်။ သူတို့ အားလုံးမှ ကျောက်ဟောက် လာရောက် ဖြေရှင်းပေးမည်ဟု မျှော်လင့်ထားကြခြင်း ဖြစ်လေသည်။ အခုချိန်တွင်မူ သူတို့၏ ခေါင်းဆောင် ဖြစ်သူမှတောင် ရဲရှင်းချန်၏ နောက်သို့ လိုက်ကာ သူတို့အား စွန့်ပစ်တော့ပေမည်။ ထိုသို့ဆိုလျှင် သူတို့ မည်ကဲ့သို့ ဖြစ်သွားကြလိမ့်မည်နည်း။

"ဘာတွေ တွေဝေနေကြတာလဲ ငါတို့ လူတွေ ဒီလောက်အများကြီး ရှိနေတာကို လက်သီး တစ်ချက်စီနဲ့တင် သူတို့ကို သတ်လို့ရတယ် သူတို့ ဓားတွေ ပုဆိန်တွေနဲ့ ငါတို့ အိမ်ထဲဝင်လာပြီး တစ်ယောက်ချင်းစီကို ခုတ်သတ်မယ့် အချိန်အထိ စောင့်နေကြမှာလားကွ ဟေ"

ကျောက်ဟောက်၏ မီးလောင်ရာ လေပင့်ပေးမှုသည် အမှန်တကယ်ပင် ထိရောက်လှပေသည်။ အဖွဲ့ထဲရှိ လူများစွာမှာ စတင်၍ တုန်လှုပ်လာကြပြီး ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူ ပြောသည်မှာလည်း အမှန်တကယ် ဖြစ်နေသောကြောင့် ဖြစ်သည်။ သူတို့ ကံကောင်း၍သာ ဤလူအုပ်စု လက်မှ လွတ်မြောက်ခဲ့ရင်အင် မည်သို့ ဖြစ်မည်နည်း။ အကယ်၍ တခြား ကန်ထရိုက်တာတွေ လယ်သမားတွေ သူတောင်းစားတွေမှ စားစရာ လာလုခဲ့လျှင်ကော မည်သို့ လုပ်မည်နည်း၊ သူတို့ ဘယ်နှစ်ကြိမ်မျှ ရှောင်တိမ်းနိုင်ပါ့မည်နည်း။

တစ်ယောက်ပြီး တစ်ယောက် ကျောက်ဟောက်အား ထောက်ခံလာခဲ့ကြကာ ရဲရှင်းချန်၏ အမိန့်အား နားထောင်ရန် ဆန္ဒရှိကြောင်း ဖော်ပြ လာကြကုန်သည်။ ရဲရှင်းချန်နှင့် ကျောက်ဟောက် တို့၏ ဟန်ချက်ညီညီ လုပ်ဆောင်မှုကြောင့် ရဲရှင်းချန်သည် ဤရပ်ကွက်၏ အုပ်ချုပ်သူ ဖြစ်လာလေတော့သည်။

"ကောင်းပြီ အခု ခင်ဗျားတို့ ပြောနေတဲ့ စကားတွေကို မှတ်ထားကြပါ အခုကစပြီး ကျွန်တော့်စကားကို နားထောင်ရမယ်"

ရဲရှင်းချန်မှ တည်ငြိမ်စွာ ပြောလိုက် ပြီးနောက် အဖွဲ့ထဲတွင် သူ၏ နောက်သို့ လိုက်ပါလိုသူ လူ ၂၀ ခန့်အား ဝေ့ကြည့်လိုက်လေသည်။

"ကျွန်တော်ကတော့ ဘယ်သူ့ကိုမှ တခြားသူရဲ့ လုပ်အားအပေါ်မှာ အချောင်ခိုပြီး မနေစေချင်ဘူး ခင်ဗျားတို့ သိထားရမှာက ရပ်ကွက်ဆိုတာ အားလုံးရဲ့ ရပ်ကွက်ပဲ"

"ကျွန်တော့်နောက်ကို လိုက်ဖို့ ပြောတဲ့သူ ၂၀ လောက်ပဲ ရှိတယ်လို့ ထင်တယ် အကယ်၍ လူတိုင်းက ကျွန်တော်တို့ ရပ်ကွက်ကို တကယ် ပိုကောင်း လာစေချင်တယ်ဆိုရင်တော့ လူတိုင်း အပင်ပန်းခံရမယ် ကျွန်တော်ကတော့ ကိုယ်တိုင် အပင်ပန်းခံပြီး တခြားသူတွေကို အလကား အကျိုးခံစားခွင့် မပေးနိုင်ဘူးဗျ”

"အားလုံးပဲ တစ်ယောက်ကို တစ်ယောက် စောင့်ကြည့်ကြပါ ဘယ်သူမဆို ပုန်းနေပြီးတော့ အားစိုက် မထုတ်ဘူးဆိုရင် တိုက်ရိုက် သတင်းပို့ပါ သတင်းပို့တဲ့ သူတွေကို ကျွန်တော် ထိုက်တန်တဲ့ ဆုလာဘ်တွေ ပေးမယ် ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ ကျွန်တော့်ဆီမှာ ရင်းမြစ်တွေ အများကြီး ရှိပါတယ်လေ"

လူဆိုသည်မှာ အတ္တကြီးတတ်ကြသည့် အမျိုးအနွယ် ဖြစ်သည်။ လူများစွာမှာ မိမိတို့၏ အသက်များအား အပေါင် မခံလိုကြချေ။ သူတို့သည် တိတ်တဆိတ် ပုန်းကွယ်နေကာ တခြားသူများအား အသက် စွန့်ခိုင်း လိုကြသည်။

သို့သော်လည်း ရဲရှင်းချန်၏ သတိပေးချက်ကြောင့် သူ၏ နောက်သို့လိုက်ပါရန် တုံ့ပြန်ခဲ့ကြသူများသည် မကျေမနပ် ဖြစ်လာကြတော့သည်။ သူတို့သည် အဖွဲ့ထဲတွင် ပုန်းနေပြီး မရှိသလို ဟန်ဆောင် နေကြသော အိမ်ရှင်များအား နာမည်တပ်၍ ခေါ်ကြကုန်တော့သည်။

"လျန့်နင် ထွက်လာခဲ့စမ်းပါ ပုန်းမနေနဲ့ မနေ့က မင်း နှင်းတွေ စုဖို့ ပြတင်းပေါက် ဖွင့်ထားတာ ငါ မြင်တယ်နော်"

"ဝမ့်ယန် မင်း ဘာလုပ်နေတာလဲ မရှိသလို ဟန်ဆောင်မနေနဲ့နော် ခုနလေးတင် မင်း စကားပြောနေတာလေ”

"စွန်းလီ ခုနကတော့ မင်း အကျယ်ဆုံး အော်နေတာ မဟုတ်လား အစ်ကိုကျောက်ကို ထောက်ခံမယ် ဆိုပြီး အခုကျ ဘာလို့ ဘာမှ ပြန်မပြောတာလဲ ဘာလဲ ခုလေးတင် အေးခဲပြီး သေသွားတာလား"

ကုလားအုတ်ငှက်လို ခေါင်းဝှက် ထားကြသူများအား တစ်ယောက်ချင်းစီ ဆွဲထုတ် လိုက်ကြသောအခါ သူတို့မှ နောက်ပြောင်သလိုဖြင့် ပြန်ပြော လာကြတော့သည်။

"ငါ ခုနက အိမ်သာသွားနေလို့ပါကွာ ဘာလို့ ဒီလောက်တောာင် အလောတကြီး ဖြစ်နေရတာလဲဟ"

"ငါ အခုလေးတင် နိုးတာ ခင်ဗျားတို့ ပြောသလိုပဲ လုပ်ပါ့မယ်"

"ငါက မိသားစုနဲ့ တိုင်ပင်နေလို့ပါ ဘာလို့ အလောတကြီး ဖြစ်နေရတာလဲ သေချာပေါက် အစ်ကိုကျောက်ကို ထောက်ခံမှာပေါ့"

သူသည် အကြောက်တရားနှင့် မျှော်လင့်ချက်ပါ ပေးခဲ့ပြီ ဖြစ်သည်။ အကြောက်တရား ပေးပြီးပြီဆိုလျှင် မျှော်လင့်ချက် ပေးရမည့် အချိန် ရောက်ပြီ ဖြစ်သည်။

"အားလုံးပဲ စိတ်ချကြပါ လူတိုင်း ကျွန်တော့်စကားကို နားထောင်မယ်ဆိုရင် နောင်ကျရင် ကျွန်တော် လူတိုင်း အတွက် စားနပ်ရိက္ခာတွေ သွားရှာ ပေးနိုင်ပါတယ် ဒါပေမယ့် ခင်ဗျားတို့ ကျွန်တော့်စကားကို နားထောင်ပြီး ကျွန်တော် ခိုင်းတာကို လုပ်ရမယ်ဆိုတဲ့ အချက်တော့ ရှိတာပေါ့လေ"

"အရင်က ခင်ဗျားတို့ ကျန်းရီဆီကနေ ရိက္ခာတွေ အများကြီး ယူခဲ့ကြတယ် မဟုတ်လား အိမ်မှာ ပုန်းနေရင် အကြာကြီး စားလို့ရမယ်ဆိုတာ ကျွန်တော် သိပါတယ် ဒါပေမယ့် လူတိုင်း ကမ္ဘာပျက်ကပ် အကြောင်း ကြားဖူးကြမှာပါ ဟုတ်ပါတယ် ကျွန်တော် အားလုံးကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်တာကတော့ ကမ္ဘာပျက်ကပ်က တကယ် ရောက်လာပြီဆိုတာပါပဲ ရှေ့လျှောက် ရက်တွေက ပိုပိုပြီး ခက်ခဲလာတော့မှာလေ"

"ခင်ဗျားတို့ ကျွန်တော့်ကို စိတ်ရင်းနဲ့ အညံ့ခံမယ်ဆိုရင် ခင်ဗျားတို့ကို ထမင်းတစ်နပ်တော့ ကျွေးနိုင်မယ် ငတ်မသေစေရဘူးလို့ ကျွန်တော် အာမခံပါတယ်"

ကျန့်ဟွာချမ်းနှင့် အခြားသူများ ရောက်လာ ပြီးနောက်တွင် ရဲရှင်းချန်၌ အခြား အစီအစဉ်များ ရှိလာခဲ့တော့သည်။ သူ၏အိမ်မှာ အမှန်တကယ်ပင် အလွန်အမင်း ခိုင်ခံ့သော်လည်း နောင်တွင် ပို၍ အစွမ်းထက်သော ပုဂ္ဂိုလ်များ ပေါ်လာမည် မဟုတ်ဟု အာမမခံနိုင်ချေ။

အပျော်တမ်းဗုံးသည် ဤတစ်ကြိမ်တွင် သူ့အိမ်အား မဖောက်နိုင်ခဲ့ချေ။ သို့သော် နောင်တစ်ချိန် ကျလျှင် ပို၍ အစွမ်းထက်လှသည့် ဗုံးများဖြင့် ရောက်လာကြလျှင် မည်သို့ လုပ်ကြမည်နည်း။

မည်သို့ပင် ဖြစ်စေ အိမ်ဆိုသည်မှာ လူလုပ်ထားသည့် အရာသာ ဖြစ်ပေသည်။ အခုချိန်တွင် ဘေးကင်းနေသည့်တိုင် နောင်တစ်ချိန်ကျလျှင် ပို၍ အဆင့်မြင့်သည့် နည်းလမ်းများ ရှိလာမည် မဟုတ်ဟု အာမမခံနိုင်ချေ။

ရပ်ကွက်ထဲမှ လူများ အကုန်လုံး သေဆုံးကုန်ကာ သူတစ်ယောက်တည်း ကျန်ခဲ့သည့် အချိန်အထိ သူ စောင့်မနေနိုင်ပါချေ။ ထိုသို့ဆိုလျှင် သူသည် ရန်သူတွေ ဝိုင်းနေပြီး အထီးကျန် လူသား ဖြစ်သွားပေလိမ့်မည်။

ထိုသို့ ဆိုလျှင် အဘယ်ကြောင့် ပထမဆုံးခြေလှမ်းအား အရင်လှမ်း၍ ဤဧရိယာအား ဉီးစွာ လက်အောက်ခံ အဖြစ် မသိမ်းသွင်းရမည်နည်း။ ထို့အပြင် ကိုယ်ပိုင် အင်အား ချဲ့ထွင်ဖို့ရန် အတွက် လူများအား စတင် စုဆောင်းလိုက်ရုံပင် မဟုတ်လား။

ရပ်ကွက်ထဲမှ လူများမှာမူ ယာယီသာ အသုံးဝင် ပေလိမ့်မည် ဖြစ်သည်။ သူတို့သည် အကြာကြီး တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။ သူသည် လူသစ်များ စုဆောင်းကာ နောင်တစ်ချိန်ကျလျှင် သူ၏ လက်အောက် ငယ်သားများအား သူ့အိမ်အား ဗဟိုပြု၍ ဤရပ်ကွက် အတွင်း ပေးနေမည် ဖြစ်သည်။

ထို့အပြင် ဤတိုက်ပွဲ နှစ်ချီအား ဖြတ်သန်း ပြီးနောက်မှာ ရဲရှင်းချန်သည် ပြဿနာ တစ်ခုအား တွေ့လိုက်ရတော့သည်။ သူသည် စားစရာ သောက်စရာမျာ မလိုအပ်သော်လည်း ကျည်ဆန်များမှာမူ ကုန်သွားနိုင်ပေသည်။

အစပိုင်းတွင်အချိန်အတိုင်းတာ တစ်ခုထိ ပုန်းအောင်းနေကာ စုဆောင်းထားရင် လုံလောက်ပြီဟု သူ ထင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ နောင်ကျလျှင် လူများ ပို၍ များများ လာရောက် တိုက်ခိုက်လာခဲ့လျှင် တစ်နေ့နေ့တွင် သူ စုဆောင်းထားသည် ကျည်များ ကုန်ဆုံးသွားပေလိမ့်မည်။

သူ ကိုယ်တိုင် အပြင်ထွက်၍ ကျည်များ ဖြည့်တင်းရဦးမည် ဖြစ်သည်။ ဤလူများနှင့် ပတ်သက်၍မူ....

ရဲရှင်းချန်သည် လူအင်အားကို အပေါ်မှအောက်သို့ ကြည့်လိုက်ပြီးနောက် သူတို့အား အလုပ်ကြမ်းများ ခိုင်းကာ လက်နက်များ လုပ်ခိုင်းလျှင် ကောင်းမည်လားဟု တွေးတောနေမိသည်။ အရာအားလုံးကို အကောင်းဆုံး အသုံးချခြင်းဟု ဆိုရပေမည်။

ဤစကားများ ပြောပြီး နောက်တွင် အဖွဲ့မှာ ပွက်လော ရိုက်သွားတော့သည်။ အစောပိုင်းတွင် ပုန်းနေခဲ့ကာ စကားမပြောခဲ့သူများပင် မနေနိုင်ဘဲ ထွက်လာ ကြကုန်တော့သည်။

"ဘာ ညီလေးရဲ့ မင်း မင်းက ငါတို့အတွက် အပြင်ထွက်ပြီး ရိက္ခာတွေ သွားရှာပေးမလို့လား"

"တကယ်လား အပြင်မှာ နှင်းတွေက ဒီလောက် နက်နေတာ မင်း ဘယ်လို ထွက်မှာလဲ"

"ဟုတ်တယ် ဒါ့အပြင် အပြင်က ကုန်တိုက်တွေမှာ ရှိတဲ့ ပစ္စည်းတွေလည်း အကုန် ကုန်နေလောက်ပြီလေ"

"မင်း ဘယ်လို ထွက်မှာလဲ ကားလည်း မောင်းလို့မရဘူး လမ်းလည်း လျှောက်လို့မလွယ်ဘူး အကွာအဝေး နည်းနည်းလေးတောင် သွားဖို့ မလွယ်ဘူးလေ"

ရဲရှင်းချန်သည် သွားလာရေး ပြဿနာများ အတွက် စိုးရိမ်မနေခဲ့ချေ။။ သူသည် အစောပိုင်းမှ ဂိုဒေါင် တစ်ခုလုံးအား သိမ်းဆည်းခဲ့စဉ်တွင် နှင်းလျှောစီးပြားများနှင့် နှင်းလျှောစီး မော်တော်ဆိုင်ကယ်များစွာ ပါဝင်ခဲ့လေသည်။ နှင်းများသည် အရမ်းနက်နေပြီး မခဲသေးတဲ့အတွက်ကြောင့်သာ နှင်းလျှောစီး မော်တော်ဆိုင်ကယ်အား သုံး၍ မရသေးခြင်းသာ ဖြစ်ပေသည်။

"ကျွန်တော့်မှာ နည်းလမ်းရှိပါတယ် ဒါကြောင့် ခင်ဗျားတို့ စိုးရိမ်မနေပါနဲ့ ခင်ဗျားတို့သာ ကျွန်တော့်အပေါ် သစ္စာရှိရှိ နောက်လိုက် လုပ်မယ်ဆိုရင် ကျွန်တော် ခင်ဗျားတို့ကို ပစ်မထားပါဘူး"

All Chapters