ကျုပ်က နတ်မိစ္ဆာတစ်ယောက်ပါ ၊ နတ်မိစ္ဆာဆိုတာလည်း တာအိုပါပဲ
Vol. 11 Ch. 1006
ကျိရွှမ်ဆရာတော် အသုံးပြုလိုက်သည့် တန်ခိုးစွမ်းအားမှာ လက်ညှိုးတစ်ချောင်းသိုင်း တန်ခိုးစွမ်းအား ဖြစ်လေသည်။
ဗုဒ္ဓဘာသာမှ စွမ်းအားမြင့်မားလွန်းသည့် တန်ခိုးစွမ်းအားတစ်ခု ဖြစ်သည်။
လက်ညှိုးတစ်ချောင်းတန်ခိုးစွမ်းအားကို ကျင့်ကြံမည်ဆိုလျှင် အဆင့်(၅)ဆင့် ရှိလေသည်။
အရင်းအမြစ် (၆)ခုအဆင့် ၊ ပေါင်းစည်းမှု (၅)ခုအဆင့် ၊ ဒြပ်စင် (၄)ပါး အဆင့် ၊ မရှိမှုတရား (၂)ပါး အဆင့် ၊ အဆိပ် (၃)ပါး အဆင့် ဟူ၍ ဖြစ်လေ၏။
မရှိမှု (၂)ပါး အဆင့်သို့ရောက်ရှိသည်အထိ ကျင့်ကြံနိုင်ပြီဆိုလျှင် လောကတစ်ခုလုံး၏ အသေင်္ချသော ဓမ္မများစွာကို လက်ညှိုးတစ်ချောင်းကျင့်စဉ်နှင့် ပေါင်းစပ်အသုံးပြုနိုင်ပြီ ဖြစ်လေသည်။
သို့သော်… လောကတွင် လက်ညှိုးတစ်ချောင်းသိုင်းကို ကျင့်ကြံသူအများစုသည် ပထမအဆင့်တွင်ပင် လည်နေကြလေ့ရှိသည်။ ပထမအဆင့်ကို ကျင့်ကြံအောင်မြင်သူကတော့ အနည်းငယ်သာ ရှိလေ၏။
ပထမအဆင့်ကို အောင်မြင်ပြီးသည်များသည်လည်း ဒုတိယအဆင့်ဖြစ်သည့် ပေါင်းစည်းမှု (၅)ခုအဆင့်ကို တက်ရောက်နိုင်ခြင်း မရှိပေ။
ဗုဒ္ဓဘာသာတွင် ကျိရွှမ်ဆရာတော်သည် ထင်ရှားသည့် ကိုယ်တော်တစ်ပါး ဖြစ်လေသည်။ သူက လက်ညှိုးတစ်ချောင်းသိုင်းကို အဆိပ် (၃)ပါး အဆင့်ဖြစ်သည့် အဆင့် (၅)အထိ ကျင့်ကြံအောင်မြင်ခဲ့သူ ဖြစ်သည်။
ထို့ကြောင့် ယွမ်ချင်းကို ဒဏ်ရာရအောင် တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
သူ လက်ညှိုးတစ်ချောင်းသိုင်းကို အသုံးပြုလိုက်သည်နှင့် လောကတစ်ခုလုံးရှိ ဓမ္မများ ပေါင်းစည်းသွားလေသည်။
ထိုအချိန်ခဏအတွင်း လောကနှင့် ကမ္ဘာမြေကြီးတွင် အားလုံးသည် လက်ညှိုးတစ်ချောင်းသာ ရှိလေသည်။ လက်ညှိုးတစ်ချောင်းသည် ရှင်သန်ခြင်း ဖြစ်သည်။ လက်ညှိုတစ်ချောင်းသည် သေခြင်းတရား ဖြစ်သည်။ လက်ညှိုးတစ်ချောင်းသည် အတွေးတစ်စ ဖြစ်သည်။
ထိုတန်ခိုးစွမ်းအားက စိတ်ကူးဖြင့်ပင် မှန်းဆမရနိုင်သည့် တန်ခိုးစွမ်းအား ဖြစ်သည်။
ကျိရွှမ်ဆရာတော်သည် ဓမ္မအားလုံးနှင့်ပေါင်းစပ်ပြီး လက်ညှိုးတစ်ချောင်းသိုင်း အသုံးပြုသည်ကို ကြည့်ခြင်းအားဖြင့် အဆင့် (၅) အောင်မြင်နေပြီဖြစ်ကြောင်း ယွမ်ချင်း သဘောပေါက်လိုက်လေသည်။
ယွမ်ချင်းသည် ဓမ္မလမ်းပြဆရာတော်နှင့် အခြားဆရာတော်များ ဝိုင်းဝန်းတိုက်ခိုက်လိုက်သည့်အတွက် စိတ်အာရုံ ပျံ့လွင့်သလို ဖြစ်သွားသော်လည်း ကျိရွှမ်ဆရာတော်၏ တန်ခိုးစွမ်းအားကိုတော့ အမှန်အတိုင်းခန့်မှန်းလိုက်နိုင်သည်။
ယွမ်ချင်း ဒဏ်ရာရသွားသည်ကို တွေ့လိုက်သည်နှင့် ယွဲ့ကွမ်းဆရာတော်က တဟုန်ထိုး ဆက်လက်တိုက်ခိုက်လိုက်လေသည်။
ယွဲ့ကွမ်းဆရာတော်က လက်ဖဝါးများကို ဖြန့်လိုက်သည့်အခါ ကြာပန်းပုံသဏ္ဌာန်န်မီးတောက်များ ထွက်ပေါ်လာလေသည်။
ထိုကြာပန်းပုံသဏ္ဌာန်မီးတောက်များသည် ယွဲ့ကွမ်းဆရာတော် တစ်သက်တာကျင့်ကြံခဲ့သည့် ဝိညာဉ်စွမ်းအားများ စုဆောင်းထားသည့် မီးတောက်တစ်ခုဖြစ်သည်။ ထို့ပြင် အဆုံးမဲ့အစွမ်းထက်လှသော ဗုဒ္ဓ၏ ဓာတ်တော်ဖြင့်လည်း ပေါင်းစပ်ထားလေသည်။
ယွဲ့ကွမ်းဆရာတော်၏ လက်ဖဝါးထက်မှ ထွက်ပေါ်လာသည့် ကြာပန်းပုံသဏ္ဍန်မီးတောက်များသည် ယွမ်ချင်းတစ်ကိုယ်လုံးကို ဖုံးအုပ်သွားလေသည်။
ယွမ်ချင်း၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသောအငွေ့အသက်များထွက်ပေါ်လာပြီး ကြာပန်းမီးတောက်ကို ထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။
သို့သော်… မီးတောက်နှင့်ထိတွေ့လိုက်သည်နှင့် ယွမ်ချင်း၏ တန်ခိုးစွမ်းအားများက ခဏတာမျှ ပျောက်ကွယ်သွားလေသည်။
ယွဲ့ကွမ်းဆရာတော်က သူ၏ သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ဗုဒ္ဓဓာတ်တော်နှင့်ပေါင်းစပ်ထားသည့် ကြာပန်းမီးတောက်ဖြင့် တားဆီးထားကြောင်း ယွမ်ချင်းသိရှိလိုက်သည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် သူ၏ သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ဖိနှိပ်ရန်အတွက် ဗုဒ္ဓဓာတ်တော် အမှန်တကယ်ပင် လိုအပ်ကြောင်း ယွမ်ချင်း သိရှိလိုက်သည်။
ကြာပန်းမီးတောက်က ပွင့်လွှာကိုးခုရှိသည့် ကြာပန်းတစ်ပွင့် ပွင့်လန်းလာသည့်အလား တဖြည်းဖြည်း ကျယ်ပြန့်လာလေသည်။
နောက်ဆုံး ပေ (၁၀၀၀) စတုရန်းမီတာ ပတ်လည်သို့ မီးတောက်များ ဖုံးလွှမ်းသွားလေသည်။
ယွမ်ချင်းမှာ မီးတောက်များထဲတွင် ပိတ်မိနေလေသည်။
ယွဲ့ကွမ်းဆရာတော်ကတော့ မီးတောက်များအတွင်းမှ ယွမ်ချင်း ထွက်လာနိုင်မည်ကို ထိတ်လန့်နေခဲ့လေသည်။
ထို့ကြောင့် ယွဲ့ကွမ်းဆရာတော်က သူ့လက်ထဲမှ ဗုဒ္ဓ၏ ဓာတ်တော်မွေတော်ကို လေထဲသို့ ပစ်လွှတ်လိုုက်သည်။ ဗုဒ္ဓ၏ဓာတ်တော်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ကြာပန်းမီးတောက်နှင့်ပေါင်းစပ်သွားလေသည်။
ထို့နောက် ယွမ်ချင်းကို မလှုပ်ရှားနိုင်အောင် ကောင်းကင်ထောက်တိုင်အောင်တွင် ဖိထားသည့်အလား ချုပ်နှောင်ထားလိုက်လေတော့သည်။
ဓမ္မလမ်းပြဆရာတော်နှင့် အခြားသူများက လေထဲတွင် ရပ်နေကြပြီး တန်ခိုးစွမ်းအားများ ထုတ်လွှတ်ထားကြသည်။ သူတို့က ယွဲ့ကွမ်းဆရာတော်နှင့် မနီးမဝေးသို့ ရောက်ရှိလာကြသည်။
ယွဲ့ကွမ်းဆရာတော်ကြီး၏ မျက်နှာမှာ စက္ကူစတစ်စအလား ဖြူဖျော့်နေပြီး သူ၏ မျက်လုံးများက ခံစားချက် ကင်းမဲ့လျှက် ရှိလေသည်။
ယွမ်ချင်းသည် လောကတွင် ထိပ်တန်းအဆင့် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။
ထို့ကြောင့် ယွဲ့ကွမ်းဆရာတော်အနေဖြင့် ယွမ်ချင်းကို အချိန်ကြာကြာထိန်းချုပ်ထားရန်မှာ လုံး၀ မလွယ်သည့် ကိစ္စဖြစ်လေသည်။
ဆရာတော် (၃)ပါး၏အကူအညီအပါအဝင် ဗုဒ္ဓ၏ ဓာတ်တော်ကိုအသုံးပြုထားသည့်တိုင် ယွမ်ချင်းကို ထိန်းချုပ်ရန်အတွက် ယွဲ့ကွမ်းဆရာတော်၏ တန်ခိုးစွမ်းအားများ အတော်လေး ကုန်ဆုံးသွားရသည်။
ယွဲ့ကွမ်းဆရာတော် အခြေအနေမဟန်သည်ကို ရိပ်မိလိုက်သည်နှင့် ဓမ္မလမ်းပြဆရာတော်က ယွဲ့ကွမ်းဆရာတော်၏ ကျောပြင်ထက်သို့ လက်ဖဝါးကို ဖိကပ်လိုက်ပြီး အသက်ဓာတ်စွမ်းအား အနှစ်သာရများ ထည့်သွင်းပေးလိုက်လေသည်။
ထိုအခါမှ ယွဲ့ကွမ်းဆရာတော်၏ မျက်နှာက ဖြူဖျော့နေရာမှ ရွှေရောင်အနည်းငယ်သမ်းလာလေသည်။
သို့သော်… ဒဏ်ရာကတော့ ရရှိသွားခဲ့လေသည်။
ဓမ္မလမ်းပြဆရာတော်မှာလည်း ယွဲ့ကွမ်းဆရာတော်ကို ကူညီလိုက်သည့်အတွက် သူရရှိထားသည့် ဒဏ်ရာက ပိုမိုဆိုးရွားသွားလေ၏။
ယွဲ့ကွမ်းဆရာတော် အော်ဟစ်မိလုမတတ် ဖြစ်သွားပြီး…
"ဆရာတော်… ဘာလို့ ဒီလိုလုပ်ရတာလဲ…"
ဓမ္မလမ်းပြဆရာတော်က…
"ကျုပ်ဘုန်းကြီးရဲ့ ဓမ္မခန္ဓာက ပျက်စီးသွားပါပြီ ၊ ကျန်ရှိနေတဲ့ အသက်ဓာတ်စွမ်းအားအနှစ်သာရလေးကို မင်းကိုမပေးလိုက်ရင် ဒီတိုင်း အလဟသဖြစ်သွားမှာပေါ့ ၊ ပြီးတော့ ဒီကိစ္စတွေပြီးသွားရင် ကျုပ်ဘုန်းကြီးလည်း ပျောက်ကွယ်သွားရတော့မှာပါ ၊ လူပြန်ဝင်စားပြီးမှပဲ အောင်မြင်မှုရအောင် ပြန်လည်ကျင့်ကြံရပါတော့မယ်…"
ကျိရွှမ်ဆရာတော်က…
"ဆရာတော်… လူပြန်ဝင်စားစရာမလိုပါဘူး ၊ ကျုပ်မှာ မိုးနတ်မင်းရဲ့ နှလုံးကာကွယ်ဆေးလုံးရှိတယ် ၊ အဲဒါက ဆရာတော်ကို အသက်ဆက်ရှင်အောင် လုပ်ပေးနိုင်ပါတယ်…"
ကျိရွှမ်ဆရာတော်က ပြောပြီးသည်နှင့် ကြေးနီရောင်တောက်နေသည့် လက်မဝက်ခန့်ရှိသော ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်လေသည်။
ဆေးလုံး၏ရနံ့က မွှေးပျံ့နေပြီး အရောင်ကလည်း အနည်းငယ် လင်းလက်နေလေသည်။
ထိုဆေးလုံးမှာ ကျိရွှမ်ဆရာတော် သိမ်းဆည်းထားခဲ့သည့် မိုးနတ်မင်း၏ နှလုံးကာကွယ်ဆေးလုံး ပင်ဖြစ်သည်။
ထိုဆေးလုံးကို သောက်လိုက်ပါက မည်မျှပြင်းထန်သည့် ဒဏ်ရာဖြစ်ပါစေ ယာယီအားဖြင့် အခြေအနေတည်ငြိမ်သွားမည် ဖြစ်လေသည်။
ဓမ္မလမ်းပြဆရာတော်က ခေါင်းတစ်ချက် ခါရမ်းလိုက်ပြီး…
"ဘယ်လိုဆေးမျိုးကိုပဲ သောသောက် ကျုပ်ရဲ့ ခန္ဓာကိုယ်က ပျက်စီးနေပါပြီ ၊ ကျုပ်ဘုန်းကြီး အနှေးနဲ့အမြန် သေရမှာပါပဲ ၊ ကျိရွှမ်ဆရာတော် ၊ ခင်ဗျားရဲ့ စေတနာကို ကျုပ်စိတ်ထဲ မှတ်သားထားပါ့မယ်…"
ကျိရွှမ်ဆရာတော်က သက်ပြင်းချလိုက်ပြီး…
"ဆရာတော်သာ လူပြန်ဝင်စားသွားရရင် ဗုဒ္ဓဘာသာက တာအိုဝါဒလောက် အစွမ်းမထက်ဘူးလို့ အပြောခံရတော့မှာပေါ့…"
ယိရှင်ဆရာတော်ကလည်း လက်မခံနိုင်ဟန်ဖြင့် ခေါင်းကိုအသာညိတ်လိုက်ပြီး ကျိရွှမ်ဆရာတော်ကို ထောက်ခံလိုက်လေသည်။
ယွမ်ချင်းကို ထိန်းချုပ်ရန် ကြိုးစားခြင်းသည် တိုက်ပွဲ၏ အစမျှသာ ဖြစ်သေးသည်။ တကယ့်တိုက်ပွဲက နောက်မှ လိုက်လာမည် ဖြစ်လေသည်။
ယွမ်ချင်းသည် အဓိကနတ်ဘုရားကျောင်းတော်များတွင် အတော်ဆုံးပုဂ္ဂိုလ်ဖြစ်လေရာ ယနေ့ သူ့ကို ထိန်းချုပ်နိုင်ရန် ကြိုးစားခြင်းမှာ လွယ်သည့်ကိစ္စ မဟုတ်ပေ။
ယွမ်ချင်း မီးတောက်များကြားမှ လွတ်မြောက်သည်ဖြစ်စေ မလွတ်မြောက်သည်ဖြစ်စေ တာအိုဝါဒနှင့် ဗုဒ္ဓဘာသာအကြားရှိ ပြိုင်ဆိုင်မှုကတော့ မလွှဲမရှောင်သာ မြင့်တက်လာတော့မည် ဖြစ်သည်။
ဓမ္မလမ်းပြဆရာတော်သာ လူပြန်ဝင်စားခဲ့မည်ဆိုလျှင် တာအိုဝါဒအတွက်လည်း မကောင်းသလို ဗုဒ္ဓဘာသာအတွက်လည်း ကောင်းမည်မဟုတ်ပေ။
ထို့ပြင် ဓမ္မလမ်းပြဆရာတော်က ယွမ်ချင်းလောက်မတော်သည်ကို သိရှိသွားကြပေလိမ့်မည်။ သို့သော်… ယခု ယွမ်ချင်းက ကြာပန်းမီးတောက်များကြားတွင် ပိတ်မိနေဆဲ ဖြစ်လေရာ ဓမ္မလမ်းပြဆရာတော်၏ ဒဏ်ရာကိုကုသရန် အချိန်ရနိုင်သေးသည်။
ကြာပန်းမီးတောက်များကြားတွင် ပိတ်မိနေသည့် ယွမ်ချင်းမှာလည်း အကန့်အသတ်မဲ့သည့် တန်ခိုးစွမ်းအားများသာ မရှိလျှင် ထိုးဖောက်ထွက်ရန် ခက်ခဲမည် ဖြစ်လေသည်။
ကျိရွှမ်ဆရာတော်က ယွမ်ချင်းကို လက်ညှိုးတစ်ချောင်းသိုင်းပညာနှင့် အလစ်ဖမ်းတိုက်ခိုက်နိုင်ခဲ့ခြင်း မရှိလျှင် ယွဲ့ကွမ်းဆရာတော်သည် ယွမ်ချင်းကို ယခုကဲ့သို့ ထောင်ချေက်ဆင်ပိတ်ဆို့ထားနိုင်မည် မဟုတ်ပေ။
သို့သော်… သူတို့၏ တိုက်ခိုက်မှုအောင်မြင်ရန်အတွက် ဓမ္မလမ်းပြဆရာတော်၏ အကူအညီက များစွာပါဝင်လေသည်။
ဓမ္မလမ်းပြဆရာတော်သည် တန်ခိုးစွမ်းအားအလွန်မြင့်မားသူတစ်ယောက်ဖြစ်လေသည်။ သူ့ကို တာအိုဝါဒဘက်မှ နတ်ဘုရားအတော်များများက ကြောက်ရွံ့ကြသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာနှင့် တာအိုဝါဒကြားတွင် မျှချေကို ထိန်းထားနိုင်ခဲ့ခြင်း ဖြစ်လေ၏။
ထို့ပြင် ဓမ္မလမ်းပြဆရာတော်သည် ယနေ့ဗုဒ္ဓဘာသာ၏ ရှေ့ဆောင်လမ်းပြတစ်ယောက်လည်း ဖြစ်လေသည်။ သူသာ လူပြန်ဝင်စားခဲ့လျှင် ဗုဒ္ဓဘာသာနှင့် တာအိုဝါဒကြားမှ ကွာဟချက်သည် တဖြည်းဖြည်း ပိုမိုကြီးထွားလာပေလိမ့်မည်။
ဗုဒ္ဓဘာသာနှင့် တာအိုဝါဒကြားမှ ကွာဟချက်သာမက ဗုဒ္ဓဘာသာအချင်းချင်း ကွဲပြားမှုသည်လည်း ထိန်းမရနိုင်အောင် ဖြစ်လာပေလိမ့်မည်။
တကယ်တမ်း ဗုဒ္ဓဘာသာသာ စည်းလုံးလျှင် ယနေ့ ယွမ်ချင်းကို ဝိုင်းဝန်းတိုက်ခိုက်ကြသည့် တိုက်ပွဲတွင် ဗုဒ္ဓဘာသာ ဆရာတော် (၃)ပါးမက လာရောက်ကူညီကြမည် ဖြစ်လေသည်။
ယိရှင်ဆရာတော်နှင့် ကျိရွှမ်ဆရာတော်တို့က ဓမ္မလမ်းပြဆရာတော်ကို လေးစားကြပြီး သူ၏ ဆန်းသစ်သည့်အတွေးအခေါ်များနောက်သို့ လိုက်ကြသူများ ဖြစ်သည်။
ထို့ကြောင့် ဓမ္မလမ်းပြဆရာတော်သာ မရှိတော့ပါက ဗုဒ္ဓဘာသာ ပိုမိုအားနည်းသောအနေအထားသို့ ရောက်သွားမည်ကို သူတို့ စိတ်ပူပန်ကြလေသည်။
ဓမ္မလမ်းပြဆရာတော်က ကျိရွှမ်ဆရာတော်ပေးသည့်ဆေးကို အေးဆေးတည်ငြိမ်စွာ ငြင်းပယ်လိုက်သည့်အခါ ကျိရွှမ်ဆရာတော်နှင့် ယိရှင်ဆရာတော်တို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြလေသည်။
ယိရှင်ဆရာတော်က…
"ကျုပ်တို့သစ္စာမှန်ရင် ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာ ကောင်းစွာ ပြန့်ပွားသွားပါစေ ၊ တကယ်တော့ ကျိရွှမ်ဆရာတော်ဆိုတာလည်း မရှိဘူး ၊ ယိရှင်ဆရာတော်ဆိုတာလည်း မရှိဘူး ၊ ဗုဒ္ဓဘာသာကိုသာ နွေဦးမှာစိုက်ပျိုးတဲ့ ပျိုးပင်လို တိုးတက်စေချင်ခဲ့တာပါ ၊ ဆောင်းဦးမှာ ရိတ်သိမ်းရတဲ့ သီးပင်တွေလို ပြန့်ပွားစေချင်ခဲ့တာပါ ၊ ဒါပေမဲ့ ဆရာတော်မရှိရင် ကျုပ်တို့ ဒီအလုပ်တွေကို ဘယ်လိုဆက်လုပ်မလဲ…"
ကျိရွှမ်ဆရာတော်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"ဆရာတော်… ကျုပ်တို့အတွက် ဒီလူ့လောမှာ ဆက်လက်အသက်ရှင်ပေးဖို့ လိုအပ်ပါတယ်…"
ထိုအချိန်မှာပင်… အလွန်အမင်းအေးစက်သည့်အသံတစ်သံသည် ဘုန်းတော်ကြီးများနားအတွင်းသို့ ဝင်ရောက်လာလေသည်။
"ဆရာတော်တို့ အခုလိုခံစားနေရတဲ့ဒုက္ခတွေက ခဏတာပဲလို့ ကျုပ်ထင်ပါတယ်…"
အသံကိုကြားလိုက်ရသည်နှင့် ဘုန်းတော်ကြီးများအားလုံး အကြီးအကျယ် မျက်နှာပျက်သွားကြလေသည်။
ဗုဒ္ဓ၏ ဓာတ်တော်မွေတော်မှ အလင်းတန်းများ ပျောက်ကွယ်သွားပြီး ဓာတ်တော်သည် ယွဲ့ကွမ်းဆရာတော်၏ လက်ထဲသို့ ကျဆင်းလာလေသည်။
ကြာပန်းမီးတောက်များမှာ သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ယွမ်ချင်းသည် အဝေးတစ်နေရာတွင် မတ်တတ်ရပ်လျှက် ရှိလေသည်။ သူ၏လက်ထဲတွင် ယွမ်တုဓား ရှိမနေတော့ပေ။
သို့သော်… သူ၏ မျက်ဝန်းများထဲမှ သွေးနီရောင်ကတော့ ပိုမိုနက်မှောင်လျှက် ရှိလေသည်။ ထိုမျက်ဝန်းများက တွေ့မြင်ရသူ မည်သူ့ကိုမဆို တုန်လှုပ်ခြောက်ခြားသွားစေမည် ဖြစ်သည်။
ယွမ်ချင်းထံမှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားလှိုင်းလုံးများကြားတွင် ဆရာတော် (၄)ပါးသည် ပင်လယ်ရေတွင် နစ်မြုပ်သကဲ့သို့ နစ်မြုပ်လျှက် ရှိလေသည်။
ဓမ္မလမ်းပြဆရာတော်က ခါးသက်သည့်လေသံဖြင့်…
"ယွမ်ချင်းနတ်ဘုရားက တာအိုတရားကို သိမြင်နားလည်သွားပြီပဲ…"
ယွမ်ချင်းကသိမ်မွေ့စွာ ရယ်မောလိုက်ရင်း…
"ကျုပ်က တကယ်တော့ နတ်မိစ္ဆာတစ်ယောက်ပါ ၊ နတ်မိစ္ဆာဆိုတာလည်း တာအိုပါပဲ ၊ ဆရာတော်တို့သာ သင်ပြမပေးရင် ယွမ်ချင်း ဒီလောက်လွယ်လွယ်နဲ့ နားလည် သဘောပေါက်ခဲ့မှာ မဟုတ်ဘူး…"
ကျိရွှမ်ဆရာတော်နှင့် အခြားသူများ ရင်ထဲတွင် နင့်ကနဲ ခံစားလိုက်ကြရလေသည်။
ယွမ်ချင်းသည် ယခုဆိုလျှင် ယခင်ကထက် တန်ခိုးစွမ်းအားများ မြင့်မားနေပြီ ဖြစ်သည်။ ပို၍လည်း ကြောက်မက်ဖွယ်ရာကောင်းနေလေ၏။
သို့သော်… သူတို့ထဲတွင်တော့ တန်ခိုးစွမ်းအား အမြင့်မားဆုံးဖြစ်သည့် ဓမ္မလမ်းပြဆရာတော်က ဒဏ်ရာအပြင်းအထန်ရထားလေသည်။
ယွဲ့ကွမ်းဆရာတော်သည်လည်း အနည်းငယ်ဒဏ်ရာရထားပြီး အပြည့်အဝတိုက်ခိုက်နိုင်မည် မဟုတ်တော့ပေ။
ဓမ္မလမ်းပြဆရာတော်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ကျိရွှမ်ဆရာတော်ကို ပြောလိုက်သည်။
"မိုးနတ်မင်းရဲ့ နှလုံးကာကွယ်ဆေးလုံး ကျုပ်ကို ပေးပါ…"
ကျိရွှမ်ဆရာတော် အနည်းငယ် တုံ့ဆိုင်းသွားလေသည်။
သူက ရုတ်တရက် ဆေးကို နှမျောသွားသောကြောင့် မဟုတ်ခဲ့ပေ။ ဓမ္မလမ်းပြဆရာတော်က သူ၏ ဒဏ်ရာကို သက်သာအောင်ပြုလုပ်ပြီး ယွမ်ချင်းကို ထပ်မံတိုက်ခိုက်ရန် ကြံစည်နေသည်ကို သိလိုက်သောကြောင့် ဖြစ်သည်။
ထိုသို့သာဆိုလျှင် ဓမ္မလမ်းပြဆရာတော်၏ဒဏ်ရာသည် တော်တော်နှင့် ပြန်လည်သက်သာနိုင်တော့မည်မဟုတ်ဘဲ ဝိညာဉ်အရင်းမြစ်အထိအပါ နာကျင်ဒဏ်ရာရသွားပေလိမ့်မည်။
ထိုအခါ လူပြန်ဝင်စားရန်ပင် နှောင့်နှေးသွားနိုင်လေ၏။
ထိုသို့သာ ဖြစ်လာလျှင် လူပြန်ဝင်စားနိုင်သည့်တိုင် ဓမ္မလမ်းပြဆရာတော်၏ အနာဂတ်တစ်ခုလုံး ပျက်စီးသွားပြီး အောင်မြင်မှုများ ပြန်လည်ရရှိရန် ကျင့်ကြံနိုင်တော့မည် မဟုတ်တော့ပေ။
ဓမ္မလမ်းပြဆရာတော် တစ်ဘဝလုံး ကျင့်ကြံခဲ့သမျှသည် မှန်ထဲမှ ပန်းတစ်ပွင့်အလား အချည်းအနှီး ဖြစ်သွားရပေလိမ့်မည်။
***