ချမ်းသာကြွယ်ဝသော ကျန်းရီ
Vol. 5 Ch. 56
လင်းစစ်ကျား သူမ၏ အခန်းထဲသို့ ပြန်ရောက်ပြီး ဆယ်မိနစ်ပင် မပြည့်သေးခင်မှာပင် သူမ၏ တံခါးအား လာခေါက်သူ ရှိလေသည်။ အသားဆန်ပြုတ် အိုးကြီး တစ်အိုးအား စားပွဲပေါ်သို့ ချထားသော်လည်း အခိုးအငွေ့များ ထွက်မနေတော့ချေ။ လင်းစစ်ကျားမှာ ပန်းကန်လုံး တစ်လုံးအား ကိုင်ကာ ဘေးမှနေ၍ စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့သည်။
ကျန်းရီသည် စားပွဲတွင် ထိုင်ကာ လူတိုင်း၏ ပန်းကန်လုံးများထဲသို့ ဆန်ပြုတ်များ ခပ်ထည့်ပေးနေလေသည်။ လင်းစစ်ကျားသည် တံတွေးမြိုချလိုက်ပြီးနောက် ဆန်ပြုတ်ထဲမှ အသားတုံးများအား လက်ညှိုးထိုးပြကာ နောက်ထပ် တစ်တုံး ထပ်ထည့်ပေးရန် အချက်ပြလိုက်တော့သည်။
"ဒေါက်တာလင်း ခင်ဗျားက ဘာလို့ ဒီလောက်တောင် လောနေရတာလဲ ဟားဟား"
ကျန်းရီသည် ပန်းကန်လုံးအား မှုတ်လိုက်ပြီးနောက် အသားဆန်ပြုတ် အလုတ်ကြီးကြီး တစ်လုတ်အား မျိုချလိုက်လေသည်။ ဆန်ပြုတ်မှာ ပူမနေတော့ပေ။
"ရှင်တို့တွေ ကျွန်မက ယောက်ျားလေးတွေချည်းပဲ ဝိုင်းနေတဲ့ကြားမှာ အနေရခက်လို့ ကျွန်မ အခန်းထဲပဲ ပြန်သွားစားတော့မယ်"
လင်းစစ်ကျားသည် ရှက်သွေးဖြာနေဟန် ဟန်ဆောင် လိုက်တော့သည်။ သူတို့ ရယ်မောနေကြစဉ် သူမသည် ပန်းကန်လုံးအား သယ်ကာ အခန်းထဲသို့ ပြန်ဝင်သွားပြီးနောက် တံခါးအား သော့ခတ် လိုက်လေတော့သည်။
သူမ မည်သည့် နေရာတွင် သွားစားမည်အား မည်သူကမျှ ဂရုမစိုက်ကြချေ။ အလွန်ဆုံးပြောရလျှင် မိန်းမတွေသည် ဟန်လုပ်လွန်းသည်ဟုသာ နောက်ပြောင် ပြောဆိုကြမည် ဖြစ်သည်။
လင်းစစ်ကျား အခန်းထဲသို့ ပန်းကန်လုံး သယ်လာပြီးသည်နှင့် ချက်ချင်းပင် ဘေးသို့ ဖယ်ထားလိုက်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်တော့သည်။ သူမသည် ဆန်ပြုတ်အိုးထဲသို့ အိပ်ဆေးမှုန့်များ ထည့်ထားခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူမတွင် အခြားဆေးဝါးများလည်း လက်ဝယ်မရှိပေ။
ပုလင်းထဲတွင် အိပ်ဆေး တစ်ဝက်ကျော် ကျန်နေသေးကာ ထိုဆေးများအားလုံးအား အိုးထဲသို့ ပစ်ထည့်လိုက်ခြင်း ဖြစ်သည်။ လင်းစစ်ကျားသည် အလွန်တရာ စိုးရိမ် ထိတ်လန့်နေခဲ့သည်။ သူမသည် တံခါးတွင် ကပ်ကာ အပြင်ဘက်အား အကဲခတ်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဤဆေး၏ အာနိသင်မှာ မနှေးကွေးသောကြောင့် ဖြစ်ပေသည်။ ဆေးအာနိ သင်ပြရန် မိနစ် ၃၀ ခန့် အချိန်ယူရလေသည်။ သို့ရာတွင် သူမသည် ယခင်တွင် လူများအား ဤမျှ များပြားလှသော အိပ်ဆေး ပမာဏမျိုး မတိုက်ဖူးခဲ့ပေ။ ဆေးပမာဏ တိုးမြှင့်လိုက်ပါမူ အာနိသင် ပိုမြန်လာမည်အားလည်း သူမ မသိတော့ပေ။
အချိန်များ ကုန်လွန်လာသည် နှင့်အမျှ လင်းစစ်ကျားမှာ သူမ၏ နှလုံးခုန်သံကိုပင် ပြန်ကြားရလောက်သည် အထိ စိုးရိမ် ထိတ်လန့်နေမိသည်။ ရုတ်တရက် အပြင်ဘက်မှ လေးလံသည့် အရာဝတ္ထုများ မြေကြီးပေါ်သို့ ပြုတ်ကျသံ ထွက်ပေါ်လာခဲ့သည်။
‘အောင်မြင်ပြီ’
လင်းစစ်ကျား၏ ရင်ထဲတွင် ဝမ်းသာပီတိများ ဖြစ်မှုများ လွှမ်းမိုးသွားခဲ့သည်။ သူမသည် တံခါးအား သတိထား၍ ဖွင့်ကြည့် လိုက်လေရာ ကျန်းရီနှင့် သူ၏ အဖွဲ့သားများ မြေကြီးပေါ်တွင် လဲကျနေသည်ကို တွေ့လိုက်ရတော့သည်။ သူမ အလွန်ဝမ်းသာသွားပြီးနောက် ရဲ့ရှင်းချန်ထံသို့ အမြန် ဖုန်းခေါ်လိုက်တော့သည်။
"ကျွန်မတို့ အောင်မြင်သွားပြီ သူတို့အားလုံး သတိလစ်နေကြပြီ သူတို့ ပြန်နိုးလာဖို့ အနည်းဆုံး ၇ နာရီ ၈ နာရီလောက်တော့ ကြာလိမ့်မယ် ကျွန်မတို့ နောက်ထပ် ဘာဆက်လုပ်ရမလဲ"
ရဲ့ရှင်းချန်သည် ကြက်ပေါင် တစ်ချောင်းအား ပါးစပ်ဖြင့် ကိုက်ကာ နူးညံ့ မွှေးကြိုင် လာသည်အထိ ပြုတ်ထားသော အသားအား ဖြည်းညှင်းစွာ ကိုက်စားနေခဲ့သည်။
အိုး လင်းစစ်ကျား ဤမျှ လျင်မြန်စွာ လှုပ်ရှားနိုင်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
"ဗီဒီယိုကောလ် ဖွင့်လိုက် ငါ ပြောတဲ့အတိုင်း အကုန်လုပ်လိုက်"
ဗီဒီယိုကောလ် ခေါ်ဆိုလာခဲ့သည်။ ရဲ့ရှင်းချန်သည် ဖုန်းမကိုင်မီ သူ၏ ပါးစပ်မှ ဆီများအား သုတ်လိုက်လေသည်။ လင်းစစ်ကျားသည် မျက်နှာအား တင်းကျပ်စွာ ဖုံးအုပ်ထားသဖြင့် သူမ၏ မျက်လုံးများကိုသာ မြင်တွေ့ရလေသည်။
"ကင်မရာကို တစ်ဖက်လှည့်လိုက် ပြီးတော့ သူတို့ကို ကြိုးတုပ်ပြီး လသာဆောင်ဆီ ဆွဲခေါ်သွား"
"ဒါပေမယ့်"
လင်းစစ်ကျား အနည်းငယ် တွေဝေသွားခဲ့လေသည်။ မည်သို့ပင်ဆိုစေကာမူ ယခုအချိန်တွင် အပူချိန်မှာ အလွန်နိမ့်ကျနေပြီး ဖြစ်ကာ သူတို့သည် အိပ်ဆေးများအား အများအပြား သောက်ထားကြသေးသည်။ သူတို့ အိပ်မက်ထဲတွင် အသက်ဆုံးရှုံး သွားရန် အလွန်ပင် လွယ်ကူလှလေသည်။
"ဒါပေမယ့် ဘာဖြစ်လဲ သူ ဘာကြောင့် ဒဏ်ရာရခဲ့တာလဲ မင်းက ဘာကြောင့် သူ့ဆီက အခွင့်အရေး ယူနိုင်ခဲ့တယ်ဆိုတာ မေ့သွားပြီလား မင်းရဲ့ အသုံးမကျတဲ့ သနားကြင်နာမှုတွေကို သိမ်းထားလိုက်စမ်းပါ"
လင်းစစ်ကျားသည် နှစ်မိနစ် သုံးမိနစ်ခန့် တွေဝေနေခဲ့ ပြီးနောက် အံကြိတ်လျှက် သဘောတူ လိုက်လေသည်။ ဖုန်းအား ဘေးရှိ စားပွဲပေါ်တွင် တင်ထားလိုက်သည်။ ထို့နောက် လင်းစစ်ကျားသည် ကတ်ကြေးတစ်လက်အား ယူဆောင်ကာ အခန်းထဲမှ စောင်အား ဆွဲထုတ်လိုက်ပြီးနောက် အပိုင်းအစလေးများ ဖြစ်စေရန် ညှပ်လိုက်လေသည်။
၎င်းနောက် သူမသည် သူတို့အနီးသို့ သွားကာ သူတို့၏ လက်နှင့် ခြေထောက်များကို အကြိမ်အနည်းငယ် ရစ်ပတ်ပြီး တင်းကျပ်စွာ ချည်နှောင်လိုက်တော့သည်။ ထမင်းတစ်နပ်စာခန့် အချိန်ကုန်လွန် ပြီးနောက် လင်းစစ်ကျားသည် ပထမဆုံးလူအား လသာဆောင်ဆီသို့ ဆွဲခေါ်သွားခဲ့သည်။ သူမ အမောဖြေရန် ရပ်လိုက်ချိန်တွင် ရဲ့ရှင်းချန်သည် ထမင်းစား ပြီးသွားပြီ ဖြစ်ကာ အချိုပွဲအား စတင်၍ စားသောက်နေသည်ကို တွေ့လိုက်ရသည်။
သူမသည် အရပ်ရှည်သော အမျိုးသားအနည်းငယ်အား လသာဆောင်သို့ တစ်ပြိုင်နက်တည်း ဆွဲခေါ်သွားချိန်တွင် တစ်နာရီခန့် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
"ကောင်းပြီ အခု သူတို့ဆီမှာ လက်နက်တွေ ရှိမရှိ သွားစစ်ကြည့် ပစ္စတို ကျည်ဆန် လေး ဒါမှမဟုတ် ဓားတွေ ရှိရင် အကုန်ထုတ်ယူခဲ့"
ဓားမြှောင် စုစုပေါင်း ခုနစ်လက် သေနတ်တစ်လက်နှင့် သံပိုက်လုံး နှစ်လုံး ရှိနေခဲ့သည်။
"ကျည်ဆန် မရှိဘူးလား"
လင်းစစ်ကျားသည် သူမ၏ ဖုန်းဖြင့် သူတို့ကို ရှာဖွေနေချိန်တွင် ရဲ့ရှင်းချန်သည် သူတို့အား အချိန်တောက်လျှောက် စိုက်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ရဲ့ရှင်းချန်အား အံ့အားသင့်စေသည်မှာ ကျန်းရီ၏ အဖွဲ့ထဲတွင် ပစ္စတို တစ်လက်တည်းသာ ရှိနေခြင်းပင် ဖြစ်သည်။
လင်းစစ်ကျားသည် ယခင်အချိန်များတွင် သေနတ်အား အသုံးမပြုဖူးသဖြင့် ပစ္စတိုထဲတွင် ကျည်ဆန်မည်မျှ ကျန်သေးသည်ကို မသိပေ။ သို့ရာတွင် ကျန်းရီထံတွင် အပို ကျည်ဆန်များအား သူမ မတွေ့ခဲ့ရချေ။
"ကောင်းပြီ လသာဆောင်တံခါးကို သွားပြီး သော့ခတ်လိုက် ပြီးရင် သူ့အခန်းထဲ သွားကြည့်လိုက်အုန်း"
အပြင်ဘက်မှ နှင်းများသည် ဒုတိယထပ် အမြင့်အထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သဖြင့် ကျန်းရီနှင့် အခြားသူများ အားလုံးသည် တတိယထပ်တွင် နေထိုင်ကြလေသည်။ သူတို့သည် ပထမထပ်နှင့် ဒုတိယထပ်အား ပစ္စည်းများ သိမ်းဆည်းရန် အတွက် မြေအောက်ခန်း အဖြစ် ယာယီ အသုံးပြုနေကြခြင်း ဖြစ်သည်။ မထင်မှတ်စွာပင် ကျန်းရီ၏ အခန်းထဲတွင် ကျည်ဆန်များ လုံးဝ မရှိပေ။
ရဲ့ရှင်းချန်သည် ခေါင်းအား ကုတ်လိုက်ပြီးနောက် လင်းစစ်ကျားအား ပထမထပ်နှင့် ဒုတိယထပ်သို့ သွားရန် အမိန့်ပေးလိုက်လေသည်။ လင်းစစ်ကျားသည် ခေါင်းညိတ်လိုက်ကာ ကျန်းရီ၏ အခန်းထဲမှ ထွက်ခွာရန် ပြင်လိုက်စဉ် သူမ၏ ခေါင်းပေါ်ရှိ မီးသည် ရုတ်တရက် ငြိမ်းသွားခဲ့သည်။
"ကျစ် သေစမ်း မီးလာတဲ့အချိန် ကုန်သွားပြီပဲ"
လင်းစစ်ကျား မျက်မှောင် ကြုတ်လိုက်မိသည်။ နှင်းများသည် ဒုတိယထပ်၏ သုံးပုံတစ်ပုံအား ဖုံးလွှမ်းနေခဲ့ပြီ ဖြစ်သည်။ လျှပ်စစ်မီး မရှိသဖြင့် အိမ်ကြီးမှာ ချက်ချင်းပင် အမှောင်ထုထဲသို့ ကျရောက်သွားခဲ့သည်။
"မင်းဖုန်းက ဓာတ်မီးကို ဖွင့်ပြီး ကျန်းရီဆီမှာ ဘာပစ္စည်းတွေ ရှိလဲဆိုတာ အောက်ထပ် ဆင်းကြည့်လိုက်အုန်း"
ရဲ့ရှင်းချန်သည် ကျန်းရီ၏ ရိက္ခာကားများအား အမြဲတမ်း တွေးတောနေခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်တွင် အပြင်သို့ မထွက်နိုင်ခြင်းမှာ နှမြောစရာပင် ဖြစ်သည်။ သို့မဟုတ်ပါမူ သူသည် ကျန်းရီ၏ ရိက္ခာပုံကြီးအား သေချာပေါက် ယူဆောင်သွားမည် ဖြစ်ပေသည်။ ယခု သူ မယူနိုင်သော်လည်း စပ်စုချင်စိတ်တော့ ရှိနေဆဲပင် ဖြစ်သည်။
လင်းစစ်ကျားသည် လှေကားလက်ကိုင်အား ကိုင်ကာ အောက်သို့ သတိထား၍ ဆင်းသွားခဲ့သည်။ သူမသည် အဝတ်အစားများအား ဆုပ်ကိုင်ထားရင်း ထောင့်ချိုးတစ်ခုတွင် တစ်စုံတစ်ခုကို ရုတ်တရက် ကန်မိသဖြင့် အော်ဟစ်မိလုမတတ် ဖြစ်သွားခဲ့ရလေသည်။
"ငါတို့ ငါတို့ ရောက်ပြီ"
"ဟုတ်ပြီ အဲ့မှာ ဘာတွေရှိလဲ ကြည့်ရအောင်"
လင်းစစ်ကျားသည် ဖန်သားပြင်ပေါ်ရှိ ရဲ့ရှင်းချန်အား စိုက်ကြည့်နေခဲ့သည်။ သူမမှာမူ သူမ ကန်မိလိုက်သော အရာဝတ္ထုကို မျက်လုံးထောင့်မှသာ ကြည့်ဝံ့လေသည်။ ၎င်းသည် သစ်သား သေတ္တာကြီးတစ်ခု ဖြစ်နေလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။
"အာ အာလူးတွေပဲ"
သစ်သားသေတ္တာ၏ အက်ကွဲကြောင်းများမှတစ်ဆင့် သူမ မြင်လိုက်ရသော အရာများကြောင့် လင်းစစ်ကျား၏ မျက်လုံးများ အရောင်လက် သွားခဲ့သည်။
"အာလူး သေတ္တာ အလုံး ၈၀ တောင် ရှိတယ် သေတ္တာတိုင်းက အနည်းဆုံး လူတစ်ဝက်လောက် အရပ်ရှိတယ် အဲဒီနောက်မှာ အဲဒီနောက်မှာ မုန်လာဥနီတွေနဲ့ ကန်စွန်းဥ သေတ္တာ အလုံး ၆၀ လောက် ရှိတယ်"
လှေကားပေါ်မှ ဆင်းလာရင်း လင်းစစ်ကျားသည် သူမဖုန်းမှ ဓာတ်မီးအား ထွန်းပြလိုက်လေရာ ကြမ်းပြင်တစ်ခုလုံးတွင် အစားအသောက်များ ပြည့်နှက်နေသည်ကို တွေ့လိုက်ရလေသည်။
"ပန်းဂေါ်ဖီစိမ်း သေတ္တာ ၂၀ နဲ့ ခေါက်ဆွဲခြောက်တွေ ရှိတယ် ခေါက်ဆွဲခြောက်တွေ ခေါက်ဆွဲခြောက် သေတ္တာ ၅၀ တောင် ရှိတယ်"
"ဒါက ဘာလဲ ဘုရားရေ ကြက်သွန်နီနဲ့ ငရုတ်ကောင်းတွေလည်း ရှိသေးတယ် တစ်မျိုးကို သေတ္တာ ၂၀ စီ"
"တစ် နှစ် သုံး လေး ငါး အေးခဲဝက်သား သေတ္တာ အလုံး ၅၀ နဲ့ ရွှေဖရုံသီး သေတ္တာ အလုံး ၂၀ ရှိတယ်"
သာမန်လူများနှင့် နှိုင်းယှဉ်ပါမူ ကျန်းရီ၏ သိုလှောင်ထားမှုမှာ အမှန်တကယ်ပင် လုံလောက်လှပေသည်။ ရဲ့ရှင်းချန်သည် မေးစေ့အား ပွတ်သပ်လိုက်လေသည်။ လွန်ခဲ့သည့် အချိန်လေး အတွင်း သူ မသွားနိုင်သဖြင့် လင်းစစ်ကျားအား ဤအရာအားလုံးကို မီးရှို့ပစ်ခိုင်းရန် တကယ်ပင် တွေးခဲ့မိသေးသည်။ မည်သို့ပင်ဆိုစေကာမူ ကျန်းရီအား အကျိုးအမြတ် မရစေချင်ပေ။ ကံမကောင်းစွာဖြင့် လျှပ်စစ်မီး ပြတ်တောက် သွားခဲ့လေသည်။
ရဲ့ရှင်းချန် မျက်လုံးများအား လှိမ့်လိုက်ပြီးနောက် လင်းစစ်ကျားကို ချက်ချင်း ပြောလိုက်လေသည်။
"ကောင်းပြီ အခု မင်း နေရာအနှံ့ ရှာပြီးပြီမလား တတိယထပ်ကို ပြန်သွား တံခါးကို ဟဟလေးထားခဲ့ပြီး ဒီကိုလာခဲ့လိုက်တော့"
"ငါ့အိမ် ဘယ်မှာလဲဆိုတာ မင်းသိတယ်မလား"
ရဲ့ရှင်းချန်သည် လင်းစစ်ကျားနှင့် ဗီဒီယိုကောလ် ပြောဆိုနေခြင်းအား ရပ်တန့် လိုက်ပြီးနောက် ကျောက်ဟောင်ထံသို့ စာတိုတစ်စောင် ပို့လိုက်လေသည်။
"အစ်ကိုကျောက် အစ်ကို့မှာ အချိန်ရရင် ကျန်းရီအိမ်ကနေ ရိက္ခာတချို့ ငှားဖို့ ယုံကြည်ရတဲ့ ညီအစ်ကိုတချို့ကို ခေါ်သွား ပေးလို့ရမလား ဒါကို ကျုပ်ရဲ့ ကျေးဇူးဆပ်မှု အသေးအမွှားလေးလို့ပဲ သဘောထားလိုက်ပါ သတင်း မပျံ့အောင်တော့ သတိထားဦးနော် ရိက္ခာတွေက သူ့အိမ်ရဲ့ ပထမထပ်နဲ့ ဒုတိယထပ်မှာ ရှိတယ်"
စာပို့ပြီးနောက် ရဲ့ရှင်းချန်သည် ကျောက်ဟောင်မှ စာအား မြင်သည်ဖြစ်စေ မမြင်သည်ဖြစ်စေ ဂရုမစိုက်တော့ချေ။ သူသည် ပန်းကန်လုံးများနှင့် တူများအား ပန်းကန်ဆေးစက်ထဲသို့ ထည့်လိုက်ပြီးနောက် ဆိုဖာပေါ်တွင် မှီထိုင်လျှက် အိမ်၏ အခြား အိမ်ငှား တစ်ဦး ရောက်လာမည့် အချိန်ကို စောင့်ဆိုင်း နေလိုက်တော့သည်။