အခန်း (၅၈)
Vol. 5 Ch. 58
လင်းစစ်ကျားအတွက် ဝင်ရောက် နေထိုင်ရန် အခွင့်အရေး ရရှိခြင်းမှာ မလွယ်ကူချေ။ သူမ မည်သို့ အလွယ်တကူ ပြန်လည်၍ ထွက်သွားနိုင်လိမ့်မည်နည်း။ ထို့အပြင် ရဲ့ရှင်းချန်၏ တောင်းဆိုမှုမှာ အနည်းငယ် လွန်ကဲသော်လည်း လင်းစစ်ကျား စဉ်းစား ကြည့်ပြီးနောက် ရဲ့ရှင်းချန်၏ တောင်းဆိုမှုသည် အလွန် ကျိုးကြောင်း ဆီလျော်သည်ဟု ခံစားလိုက်ရလေသည်။ မည်သို့ပင်ဆိုစေကာမူ သူမသည် သူ မသိသော အိမ်နီးချင်း တစ်ဦးမျှသာ ဖြစ်ပေသည်။
"ကောင်းပါပြီ ရှင့်စကားကို ကျွန်မ နားထောင်ပါ့မယ်"
သူမ ခေါင်းညိတ် လိုက်လေသည်။ လင်းစစ်ကျား၏ နာခံတတ်သည့် သဘောထားကြောင့် ရဲ့ရှင်းချန် တစ်ယောက် အလွန် ကျေနပ်သွားခဲ့သည်။
ထင်ထားသည့်အတိုင်းပင် လင်းစစ်ကျားသည် အမှန်တကယ်ပင် ပါးနပ်ကာ ဉာဏ်ကောင်းလွန်း သူ တစ်ဦး ဖြစ်ပေသည်။ အကယ်၍ အခြားသူ တစ်ဦးသာ ဆိုလျှင် သူတို့သည် ခုန်ထလျှက် ရဲ့ရှင်းချန်အား သူမ၏ ကိုယ်ပိုင် လွတ်လပ်ခွင့်အား ချိုးဖောက်သည်ဟု စွပ်စွဲကောင်း စွပ်စွဲနိုင်ပေသည်။ ရဲ့ရှင်းချန်သည် လင်းစစ်ကျားအား ကြည့်လိုက်ပြီးနောက် သူ၏ လေယူလေသိမ်းမှာ ယခင်ကထက် ပိုမို နူးညံ့လာခဲ့သည်။
"မင်းက တော်တော် ပါးနပ်ပြီး ဉာဏ်ကောင်းတာပဲ အနာဂတ်မှာ ငါတို့ အတူတကွ နေထိုင်ဖို့ အများကြီး ပိုပြီး လွယ်ကူသွားလိမ့်မယ် မင်းက သူတို့ကို ဆေးခတ်ခဲ့သူ ဆိုတာကိုလည်း မင်း နားလည်ထားသင့်တယ် ကျန်းရီနဲ့ အခြားသူတွေရဲ့ စိတ်ထဲမှာ မင်းက ငါနဲ့ ကြိုးတစ်ချောင်းတည်းမှာ ချည်နှောင်ခံထားရတဲ့ နှံကောင်တစ်ကောင် ဖြစ်နေပြီ မင်း ထွက်ပြေးဖို့ အခွင့်အရေး ရရင်တောင်မှ ကျန်းရီနဲ့ အခြားသူတွေက မင်းကို သတ်ပစ်လိုက်နိုင်တယ်"
"ဒေါက်တာလင်း မင်း အသက်ရှင်ဖို့ ငါ့ကိုပဲ အားကိုးလို့ရတော့မယ် ထင်တယ်"
ရဲ့ရှင်းချန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီးနောက် လင်းစစ်ကျားအား လက်ညှိုးဖြင့် အနားသို့ ခေါ်လိုက်လေသည်။
"အခု မင်းကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်"
လင်းစစ်ကျား၏ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားခဲ့ရလေသည်။ ရဲ့ရှင်းချန် စကားပြော ပြီးပြီးချင်း နောက်တစ်စက္ကန့်တွင် သူမအား သတ်ပစ်မည်ကိုလည်း ကြောက်ရွံ့နေခဲ့သည်။
"ကျွန် ကျွန်မ သိသင့်လို့လား ကျွန် ကျွန်မ မသိလည်း ရပါတယ်"
သေဆုံးသွားသော သူများသာလျှင် တစ်သက်လုံး လျှို့ဝှက်ချက်များအား သိမ်းဆည်း ထားနိုင်ကြောင်း လူတိုင်း သိကြပေသည်။ ကျန်းရီ၏ အိမ်တွင် အလောင်းများ ပုံနေသည်ကို မြင်ပြီးသည့်နောက်တွင် ကျန်းရီ၏ ဆုလာဘ်မှာ လူသားအသား ဖြစ်နေသည်အားလည်း မြင်ပြီးနောက် လင်းစစ်ကျားတွင် အတွေးတစ်ချက်သာ ရှိတော့သည်။
ရဲ့ရှင်းချန်သည် လင်းစစ်ကျား၏ ကြီးမားလှသည့် ရန်သူအား ရင်ဆိုင် နေရသကဲ့သို့ ဖြစ်နေသည့် မျက်နှာအမူအရာအား ကြည့်ကာ ရယ်စရာကောင်းသည်ဟု ထင်လိုက်မိသည်။ သူသည် ရယ်မောချင်သည့် စိတ်အား မထိန်းနိုင်တော့ဘဲ ပြောလိုက်လေသည်။
"မင်းကို ဒီလျှို့ဝှက်ချက် ပြောပြတာက ငါ့အပေါ် မင်းရဲ့ သစ္စာရှိမှုကို သေချာစေဖို့အတွက်ပဲ
"မင်းဆီကနေ လျှို့ဝှက်ချက် ပေါက်ကြား သွားမှာကို ငါ မကြောက်ပါဘူး ဘာဖြစ်ဖြစ် ဒီလျှို့ဝှက်ချက်ကို မင်း ဘယ်သူ့ကိုပဲ ပြောပြော သူတို့က ငါ့ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူးလေ"
"ဒီနှင်းထုကြီး ဘာကြောင့် ကျလာလဲဆိုတာ ဘယ်သူမှ မသိပေမယ့် တစ်လကြာရင် ရပ်သွားမယ်ဆိုတာကိုတော့ ငါ သိတယ်"
"ပြန်လည် မွေးဖွားခြင်းဆိုတာ ဘာလဲ မင်းသိလား ဒီကမ္ဘာကြီးမှာ ပြန်လည် မွေးဖွားခြင်းဆိုတာ ရှိတယ်ဆိုတာကို မင်း ယုံလား"
လင်းစစ်ကျားသည် မျက်တောင်ခတ်ကာ ရဲ့ရှင်းချန်အား ဇဝေဇဝါဖြင့် ကြည့်လိုက်မိသည်။ သူ ရူးနေသည်ဟု သူမ ထင်လိုက်မိခြင်း ဖြစ်သည်။
ရဲ့ရှင်းချန်သည် ရှင်းပြရန် ပျင်းရိနေခဲ့လေသည်။ သူသည် လက်အား လေထဲသို့ ဆန့်ထုတ်လိုက်လေရာ ရုတ်တရက် ပေါင်မုန့် တစ်အိတ် သူ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။
"ငါ ပြန်လည် မွေးဖွားလာပြီးတော့ နေရာလွတ်တစ်ခု ဖန်တီးနိုင်တဲ့ စွမ်းရည်ကို ရခဲ့တယ် အခု မင်းမြင်နေရတဲ့ ပေါင်မုန့်အိတ်က ငါ့ရဲ့ စိတ်အာရုံနဲ့ ငါ့ရဲ့ နေရာလွတ်ထဲကနေ ထုတ်ယူလိုက်တာပဲ"
ရဲ့ရှင်းချန်သည် ပေါင်မုန့်အား လင်းစစ်ကျား ရှေ့သို့ တွန်းပို့လိုက်ပြီးနောက် ဆက်ပြောလိုက်လေသည်။
"မယုံနိုင်စရာပဲ မဟုတ်လား ငါလည်း အစကတော့ အဲဒီလိုပဲ ထင်ခဲ့တာ"
"ဒါပေမယ့် မင်းမြင်တဲ့အတိုင်း ငါပြောသမျှ အကုန်လုံးက အမှန်တွေချည်းပဲ"
"ငါ့ရဲ့ နေရာလွတ်က ဒီကမ္ဘာကြီးနဲ့ သီးခြား တည်ရှိမှု တစ်ခု အဖြစ် ရှိနေတာ ငါ့ရဲ့ အရင်းအမြစ်တွေ အားလုံးကို ငါ့ရဲ့ နေရာလွတ်ထဲမှာ ထည့်ထားတယ် မင်းမြင်နိုင်တဲ့ အစားအစာတွေ အားလုံးက ငါ့ရဲ့ နေရာလွတ် ထဲကနေ ငါထုတ်ယူထားတဲ့ အရာတွေရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းလေး တစ်ခုပဲ ရှိသေးတယ်"
"ငါ့အိမ်က ခုနစ်ထပ် ရှိပေမယ့် ဒီမှာ ဘယ်ရိက္ခာကိုမှ မသိုလှောင်ထားဘူး"
"ဒါကြောင့် ငါသေသွားရင် ငါ့ရဲ့ နေရာလွတ်က ငါနဲ့အတူ ပျောက်ကွယ် သွားလိမ့်မယ်"
"ငါ အသက်ရှင်နေသရွေ့ မင်း ငါ့နောက်ကို လိုက်ပြီးတော့ တခြားသူတွေ အခု မခံစားနိုင်တဲ့ အရာတွေကို ခံစားနိုင်တယ် ငါ ပြောချင်တာ မင်း နားလည်ပြီလား"
လင်းစစ်ကျားသည် ကြင်နာတတ်သူ ဖြစ်ကြောင်း ရဲ့ရှင်းချန် သိသည်မှာ သေချာပေသည်။ သို့ရာတွင် ၎င်းသည် ရဲ့ရှင်းချန် အတွက် သူမကို လုံးဝ ယုံကြည်ရန် မလုံလောက်သေးချေ။ သူသည် အကျိုးအမြတ် ခံစားခွင့်များကိုသာ ယုံကြည်ပြီး လူ့သဘာဝအား လုံးဝ မယုံကြည်တော့ပေ။
သူတို့၏ အကျိုးစီးပွားများအား ပေါင်းစပ်ခြင်းဖြင့်သာ သူတို့၏ ပူးပေါင်း ဆောင်ရွက်မှုကို ဆက်လက်၍ လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်သည်။ လင်းစစ်ကျား မှင်တက်သွားခဲ့သည်။ ရဲ့ရှင်းချန်၏ စကားများသည် သူမ၏ အနှစ် ၂၀ ကျော်ကြာ နားလည်ထားမှုများအား မှောက်လှန် ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။
သူမသည် သူမရှေ့ရှိ ပေါင်မုန့်အိတ်အား စိုက်ကြည့်လျှက် တံတွေးမြိုချ လိုက်မိသည်။ သို့သော် ရဲ့ရှင်းချန်၏ ခွင့်ပြုချက်မရှိဘဲ သူမသည် ၎င်းအိတ်အား မထိရဲပေ။
"စားလိုက်ပါ ဒီပေါင်မုန့်အိတ်က မင်းအတွက်ပဲ"
ခွင့်ပြုချက် ရပြီးသည့်နောက် လင်းစစ်ကျားသည် တုန်ယင်နေသော လက်များဖြင့် ပေါင်မုန့်အိတ်အား ယူကာ ဖွင့်၍ အလောတကြီး ကိုက်စားလေတော့သည်။ ရဲ့ရှင်းချန် ပြောသည်များအား သူမ ကြားပြီးနောက် နားလည်သွားသော်လည်း ၎င်းသည် ရယ်စရာကောင်းသည်ဟု မသိစိတ်မှ ခံစားနေရဆဲ ဖြစ်သည်။
ဤကမ္ဘာကြီးတွင် အခြားကမ္ဘာတစ်ခု အမှန်တကယ် ရှိနေခြင်း ဖြစ်နေမည်လား။
"ရှင်ပြောတာ အမှန်ပဲလား ရှင်ပြောတဲ့ နေရာလွတ်က ဘယ်လိုပုံစံလဲဆိုတာ ကျွန်မ ကြည့်လို့ရမလား"
လင်းစစ်ကျားသည် နူးညံ့သော ပေါင်မုန့်အား ဝါးစားနေရင်းဖြင့် ငိုလုမတတ် ဖြစ်သွားခဲ့သည်။ ဤမျှ အရသာရှိသည့် အစားအစာအား သူမ မစားရသည်မှာ မည်မျှ ကြာပြီဖြစ်ကြောင်း ဘုရားသခင်သာ သိပေမည်။
"အခုတော့ မရသေးဘူး ဒါပေမယ့် နောင်တစ်ချိန်ကျရင် ငါ့ရဲ့ နေရာလွတ်ကို မင်းကို ခံစားခွင့်ပေးမယ် ကောင်းပြီ ဖြည်းဖြည်းစားပါ"
ရဲ့ရှင်းချန်သည် လင်းစစ်ကျားအား မျက်လှည့်ပြလိုက် သကဲ့သို့ လက်ညှိုး ပြန်ထိုးပြလိုက်လေသည်။ နွားနို့တစ်ပုလင်း သူမရှေ့တွင် လေထဲမှ ပေါ်လာခဲ့သည်။
"ငါ မင်းကို မယုံဘူး ဒါကြောင့် ငါ့ရဲ့ ယုံကြည်မှုကို ရဖို့ မင်း နည်းလမ်းရှာရမယ်"
"အနာဂတ်မှာ အဝတ်လျှော်တာ ထမင်းဟင်းချက်တာ သန့်ရှင်းရေးလုပ်တာ စတဲ့ ကိစ္စတွေကို မင်း တာဝန်ယူရမယ် ပိုတော့ ကိုယ်တိုင် အသိစိတ် ရှိတာ ပိုကောင်းမယ် ငါ့ကို သတိပေးရအောင် မလုပ်နဲ့"
"ငါ အလုပ်မလုပ်တဲ့ လူတွေကို မကျွေးထားနိုင်ဘူး မင်း လုံလောက်တဲ့ တန်ဖိုးကို မပြပေးနိုင်ဘူးဆိုရင် အချိန်မရွေး မင်းကို အစားထိုးနိုင်တယ် နားလည်လား"
လင်းစစ်ကျားသည် ပါးစပ်အပြည့် စားရင်းဖြင့် ရဲ့ရှင်းချန်အား ခေါင်းညိတ်ပြလိုက်သည်။ လင်းစစ်ကျားသည် သူမ၏ ပါးစပ်ထဲမှ အစားအစာများအား မြိုချလိုက်ပြီးနောက် ရုတ်တရက် ဤအရာများ၏ အမှန်တရားကို စူးစမ်းလေ့လာချင်စိတ် မရှိတော့ချေ။ ရဲ့ရှင်းချန်သည် သူမအား ပျော်ရွှင်ရန်အတွက် လိမ်ညာနေလျှင်ပင် အနည်းဆုံးတော့ သူမသည် ယခုအချိန်တွင် နွေးထွေးစွာ နေထိုင်နေရပြီး ဗိုက်ဝစွာ နေရပြီ ဖြစ်သည်။
အစားအသောက်များအား လောလော လောလောဖြင့် စားသောက်ပြီးနောက် လင်းစစ်ကျားသည် ထိုနေရာတွင် ထိုင်ကာ ရှက်ရွံ့စွာဖြင့် သူမ၏ ပါးစပ်အား သုတ်လိုက်လေသည်။ ရဲ့ရှင်းချန်သည် လေထဲမှ တစ်စုံတစ်ခုအား နှစ်ကြိမ်ဆက်တိုက် ဖန်တီးပြခဲ့ခြင်း ဖြစ်သည်။ သူသည် သူမအား လိမ်ညာနေလျှင်ပင် အနည်းဆုံး ရဲ့ရှင်းချန်သည် သူမအပေါ် အမှန်တကယ် ကောင်းမွန်စွာ ဆက်ဆံပေးသည့် သူ တစ်ဦး ဖြစ်သည်။
ထိုပေါင်မုန့်အိတ်သည် လူငါးယောက် ရှိသည့် မိသားစုတစ်စုအား တစ်ပတ်စာ စားသောက်ရန် လုံလောက်ပေသည်။ ရဲ့ရှင်းချန်မှ သူမအား အိတ်တစ်အိတ်လုံး ပေးရုံသာမက နွားနို့တစ်ပုလင်းကိုပါ ကမ်းပေးခဲ့ခြင်း ဖြစ်သည်။ လင်းစစ်ကျား ဗိုက်ဝသွား ပြီးနောက် မတ်မတ်ထိုင် နေသည်အား မြင်သောအခါ ရဲ့ရှင်းချန်မှ ဖြည်းညှင်းစွာ စကားပြော လိုက်လေသည်။
"ငါ့ဆီက အကူအညီ တောင်းတဲ့ လူတွေအများကြီးထဲကမှ မင်းတစ်ယောက်တည်းကို ငါ ဘာလို့ ကူညီခဲ့တာလဲဆိုတာ မင်းသိလား"
လင်းစစ်ကျားသည် သူမ၏ နှုတ်ခမ်းများအား စေ့လိုက်မိသည်။
"ကျွန်မက ဆရာဝန်တစ်ယောက် ဖြစ်နေလို့ပါ"
"ရှင်ပြောတာ အမှန်ဆိုရင် ရှင့်မှာ တကယ်ပဲ ရိက္ခာ ဒါမှမဟုတ် ဆေးဝါးတွေ မလိုအပ်ဘူး"
"ဒါပေမယ့် ရှင် ထာဝရ ဒဏ်ရာမရဘူးလို့ အာမ မခံနိုင်ဘူး ပြီးတော့ ရှင် ထာဝရ ဖျားနာမှာ မဟုတ်ဘူးလို့လည်း အာမမခံနိုင်ဘူး ဒါကြောင့် ရှင် ကျွန်မကို လိုအပ်နေတယ်"
ရဲ့ရှင်းချန် ခေါင်းညိတ် လိုက်လေသည်။
"ဒါက အကြောင်းပြချက်တွေထဲက တစ်ခုပဲ မင်းပြောတာ မှန်ပါတယ် ဒီကမ္ဘာပျက်ကပ်ကြီး ထဲမှာ ငါ့ခန္ဓာကိုယ်က ပြဿနာမရှိဘူးလို့ ငါ အာမမခံနိုင်ဘူး"
ရဲ့ရှင်းချန်သည် နောက်သို့မှီလျှက် လင်းစစ်ကျား၏ သိမ်မွေ့လှသည့် ညှပ်ရိုးများအား ကြည့်လိုက်လေသည်။
"ဒါဆို ဒုတိယအကြောင်းပြချက်က ဘာလဲဆိုတာ မင်းသိလား"
လင်းစစ်ကျား ရပ်တန့်သွားမိသည်။ ရဲ့ရှင်းချန်၏ အကြည့်အား လက်ခံ ရရှိပြီးနောက် မိနစ် အနည်းငယ်ခန့် စဉ်းစားပြီးမှ သူမ တုံ့ပြန်လိုက်လေသည်။ ဤ ကမ္ဘာကြီးတွင် အခမဲ့ ရသည့် နေ့လယ်စာဆိုသည်မှာ မရှိနိုင် ဆိုသည်အား လင်းစစ်ကျား နားလည်ထားလေသည်။
"ကျွန်မက မိန်းမတစ်ယောက် ဖြစ်နေလို့ပါ"
ရဲ့ရှင်းချန်သည် မည်သည့်အရာကိုမှ မလိုအပ်သော်လည်း သူသည် တစ်ယောက်တည်း ဖြစ်နေသေးသည်။ သူတွင် စိတ်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုများ ရှိသော်လည်း ရုပ်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုများလည်း လိုအပ်သေးသည်။ လင်းစစ်ကျားမှ ဤအရာအား ဖြည့်ဆည်း ပေးနိုင်လေသည်။ ထို့အပြင် လင်းစစ်ကျား၏ အခြေအနေများမှာလည်း မဆိုးလှပေ။