ဒုက္ခရောက်နေသူများအား ကူညီသော ရဲ့ရှင်းချန်
Vol. 5 Ch. 60
ရဲ့ရှင်းချန်၏ စကားများသည် ဂရု ထဲတွင် ကြီးမားသော လှုပ်ခတ်မှုကြီး တစ်ခုကို ဖြစ်စေခဲ့သည်။ အချိန် အတော်ကြာ တိတ်ဆိတ်နေသော ဂရု ကြီးမှာ ပြန်လည်၍ သက်ဝင် လှုပ်ရှားလာခဲ့ပြီ ဖြစ်သည်။
"ဘာ တကယ်ကြီးလား"
"သူ လိမ်နေတာများလား ရဲ့ရှင်းချန်က ဒီလောက်အထိ စေတနာ ကောင်းပါ့မလား"
"ဟုတ်တယ် သူ အိမ်နီးချင်းတွေ အများကြီးကို သတ်ခဲ့တာကိုလည်း မမေ့နဲ့ဦး"
"ဟုတ်တယ် ဟုတ်တယ် ဒါက ထောင်ချောက် တစ်ခုလည်း ဖြစ်နိုင်တယ် မယုံရဲသေးဘူး"
"ငါတော့ မခံနိုင်တော့ဘူး အမှန်ပဲဖြစ်ဖြစ် အမှားပဲဖြစ်ဖြစ် ငါသွားကြည့်ရမယ် တကယ် မခံနိုင်တော့ဘူး ငါ ထမင်းမစားရတာ သုံးရက်ရှိပြီ"
ဂရု ထဲတွင် ဆူညံနေခဲ့ကာ လူအများအပြားမှာ ကျန်းရီ၏ အိမ်ဘက်သို့ အမှန်တကယ် ဟုတ်မဟုတ် သွားရောက် ကြည့်ရှုရန် အတွက် မနေနိုင်ဘဲ ပြေးထွက် သွားကြကုန်တော့သည်။
"ဘုရားရေ ဘုရားရေ ဒါက အမှန်ပဲ"
ကျန်းရီနှင့် အခြားသူများမှာ လသာဆောင်တွင် တွန့်လိမ်နေခဲ့ကြကာ ဆဲဆို ကြိမ်းမောင်း နေကြသော်လည်း အိမ်ထဲရှိ လူမည်သူကမျှ သူတို့အား ဂရုမစိုက်ကြချေ။
လူတိုင်း၏ အာရုံစိုက်မှုမှာ စင်္ကြံလမ်းပေါ်တွင် ဖွင့်ထားသော အစားအသောက် သေတ္တာများဆီသို့သာ ရောက်ရှိနေခဲ့သည်။ ဖွင့်ထားသော အာလူးသေတ္တာများ၏ ဓာတ်ပုံတစ်ပုံအား ဂရု ထဲသို့ တင်လိုက်ကြတော့သည်။
"အများကြီးပဲ အများကြီးပဲ ဘုရားရေ တို့မိသားစု နောက်ဆုံးတော့ ငတ်စရာ မလိုတော့ဘူး"
ရုတ်တရက် ဂရု အတွင်း၌ ပို၍ပင် သက်ဝင် လှုပ်ရှားလာခဲ့သည်။ မယုံကြည်ခဲ့သူများ သည်ပင်လျှင် ပစ္စည်းများ ထည့်ရန် အိတ်များ ကိုယ်စီဖြင့် ပြေးလာကြလေသည်။ လမ်းတွင် ပစ္စည်းများ သယ်ယူကာ ပြန်လာကြသော အိမ်နီးချင်းများနှင့်ပင် ဆုံကြသေးသည်။
ယခင်တွင် ရှိခဲ့သော ခုခံကာကွယ်မှုများမှာ ဤအခိုက်အတန့်တွင် ပျောက်ကွယ် သွားသကဲ့သို့ပင် ဖြစ်ချေသည်။ လူတိုင်းမှာ နှင်းမကျမီ အချိန်ကာလကကဲ့သို့ အပြုံးကိုယ်စီဖြင့် အိမ်နီးချင်းများအား နှုတ်ဆက် နေကြတော့သည်။
"မြန်မြန်သွားကြ အများကြီး ကျန်သေးတယ်"
ကျောက်ဟောင် အိမ်ပြန်ရောက်ပြီးနောက် အရာအားလုံးကို သိမ်းဆည်းလိုက်ကာ ရဲ့ရှင်းချန်ထံသို့ စာတစ်စောင် ပို့လိုက်လေသည်။
"ညီလေးရဲ့ အစ်ကိုကျောက်က သိပ်ပြီး လက်သွက်ခြေသွက် မရှိတော့ ညီလေးအတွက် အများကြီး မယူလာပေးနိုင်ခဲ့ဘူး"
သူ ယူလာသော ရိက္ခာများအား ဓာတ်ပုံရိုက် ပြလိုက်လေသည်။
"ညီလေး အားတဲ့အချိန် ကြည့်လိုက်ဦး အစ်ကို့ အိမ်ရှေ့က နှင်းတွေကိုတော့ အစိကို့ ညီအစ်ကိုတွေနဲ့ ရှင်းထားတယ် ပစ္စည်းတွေကို ညီလေးဆီ အချိန်မရွေး ပို့ပေးလို့ရတယ်"
"မလိုပါဘူး အစ်ကိုကျောက်ရယ် အစ်ကိုပဲ သိမ်းထားလိုက်ပါ အဲဒီပစ္စည်းတွေက မူလကတည်းက ကျွန်တော့် ပစ္စည်းတွေ မဟုတ်ပါဘူး မနေ့ညက အစ်ကို့ကို ကျွန်တော် လိမ်ပြောလိုက်တာပါ ကျွန်တော်သာ အစ်ကို့ကို မလိမ်ရင် အစ်ကို အဲဒါတွေကို သွားယူမှာ မဟုတ်ဘူးလေ ဟုတ်တယ်မလား အစ်ကို့အိမ်မှာ ရိက္ခာတွေ ပိုရှိနေစေချင်လို့ ကျွန်တော် လိမ်ခဲ့တာပါ ပြန်ပို့ဖို့ မစဉ်းစားပါနဲ့တော့ ဂရု ကို ကြည့်လိုက်ဦး အခုအချိန်မှာ ပြန်ပို့ရင်လည်း ဒီပစ္စည်းတွေက တခြားသူတွေ လက်ထဲပဲ ရောက်သွားမှာ"
ကျောက်ဟောင်သည် ရဲ့ရှင်းချန်၏ စာအား ဖတ်ပြီးနောက် မျက်ရည်များ ဝဲလာခဲ့သည်။ ထို ရဲ့ရှင်းချန် ဆိုသည့် ကောင်လေးသည် အမှန်ပင် လူကောင်း တစ်ယောက်ပင် ဖြစ်ပေသည်။ သူသည် ရဲ့ရှင်းချန်အား မည်သည့် အကူညီမှ မပေးနိုင်ခဲ့သည်ကိုပင် ရဲ့ရှင်းချန်သည် သူ့အား နှစ်ကြိမ်တိုင်တိုင် ကူညီခဲ့ပြီး ဖြစ်သည်။ ဤတစ်ခါမှာဆိုလျှင်လည်း သူ၌ ရိက္ခာများ ပိုမို၍ သိမ်းဆည်း ထားနိုင်ရန် အတွက် လိမ်ညာပြော၍ပင် ကူညီခဲ့သေးသည်။
ရဲ့ရှင်းချန်သည် ကျောက်ဟောင်၏ ကျေးဇူးတင် စကားများအား သိပ်ပြီး ဂရုမစိုက်တော့ချေ။ မည်သို့ပင်ဆိုစေကာမူ သူသည် ကျန်းရီအတွက် ရိက္ခာများကို ချန်ထားပေးမည် မဟုတ်ပေ။ နှလုံးသား မရှိသော အိမ်နီးချင်းများ ခွဲဝေယူကြမည့်အစား ကျောက်ဟောင်နှင့် သူ၏လူများအား အရင်ဆုံး ခွဲဝေယူခိုင်း လိုက်စေခြင်းမှာမူ သာ၍ ပိုကောင်းပေသည်။
အနည်းဆုံးတွင် သူသည် အနာဂတ်တွင် ကျောက်ဟောင်အား လိုအပ်နေဦးမည် မဟုတ်ပါလား။ လင်းစစ်ကျားသည် ပန်းကန်များကို သွားဆေးကြောလိုက် ပြီးနောက် နေ့လယ်စာအတွက် စတင်၍ ပြင်ဆင်နေခဲ့ပြီ ဖြစ်သည်။ ရဲ့ရှင်းချန်မှာ ဆိုင်မှ မှာယူထားသည် များအား စားရသည်မှာ ငြီးငွေ့လာသဖြင့် အိမ်ချက် လက်ရာများကို ရုတ်တရက် လွမ်းဆွတ်မိလာခဲ့သည်။
လင်းစစ်ကျား၏ ရှေ့တွင်ပင် ရဲ့ရှင်းချန်သည် နေရာလွတ်ထဲမှ အာလူးအနည်းငယ် မုန်လာဥနီ အနည်းငယ်နှင့် အမဲရင်ပုံသား အသားတုံးကြီး တစ်တုံးအား ထုတ်ယူလိုက်လေသည်။
"နေ့လယ်စာကို ကာရီ စားချင်တယ် မင်း ကာရီ ချက်တတ်တယ်မလား"
ဟင်းခတ် အမွှေးအကြိုင်များကိုလည်း တစ်ခုချင်းစီ ထုတ်ပေးလိုက်လေသည်။ လင်းစစ်ကျားမှာ မျက်တောင်ပင် မခတ်ရဲတော့ချေ။ သူမသည် ရဲ့ရှင်းချန်မှ ပစ္စည်းများအား မျက်လှည့်ပြသကဲ့သို့ တစ်ခုပြီး တစ်ခု ထုတ်ပေးနေသည်ကိုသာ အံ့အားသင့်စွာ စိုက်ကြည့်နေမိတော့သည်။
မနေ့ညမှ အဖြစ်အပျက်များ ဖြစ်သွားပြီးနောက် လင်းစစ်ကျား၏ ဦးနှောက်မှာ ပြန်လည် အလုပ်လုပ်လာခဲ့ပေသည်။ ရဲ့ရှင်းချန် ပြောနေသည်မှာ အမှန်တရားများ ဖြစ်ပုံရလေသည်။ ကမ္ဘာပျက်ကပ်ကြီးမှာ အစစ်အမှန် ဖြစ်သကဲ့သို့ သူ၏ ထူးခြား စွမ်းအင်မှာလည်း အစစ်အမှန်ပင် ဖြစ်နိုင်ပေသည်။
"ချက်တတ်ပါတယ် စပ်တာ ဘယ်လောက်အဆင့် လိုချင်လဲဟင်"
လင်းစစ်ကျားသည် ရဲ့ရှင်းချန် ကမ်းပေးသော ပစ္စည်းများအား ယူဆောင်ကာ ဆေးကြောမည့် ဇလုံထဲတွင် ထည့်လိုက်လေသည်။
"နည်းနည်းစပ်စပ်လေး အုန်းနို့များများ ထည့်ပေးပါ"
အိမ်တွင် မိန်းမ တစ်ယောက် ရှိနေခြင်းသည် ဘဝအား ပိုမို၍ အဆင်ပြေ ချောမွေ့စေသည်မှာ အမှန်ပင် ဖြစ်ပေသည်။ ယခုအခါ လူနေမှုဘဝ အရည်အသွေး တိုးတက်လာခဲ့ပြီ ဖြစ်ရာ ရဲ့ရှင်းချန်သည် အပြင်ထွက်၍ လမ်းလျှောက်ချင်စိတ် ပိုမို ပြင်းပြလာခဲ့တော့သည်။
သူ အပြင်မထွက်မီ သူ၏ သြဇာအာဏာအား တည်ဆောက်ရန် ပြင်ဆင်မှုများ ပြုလုပ်ရအုန်းမည် ဖြစ်သည်။ သူသည် လူတိုင်း၏ စိတ်ထဲတွင် ယခင်မှ ကျန်းရီ၏ နေရာအား အစားထိုးလျှက် ရပ်ကွက်နေ အိမ်ပိုင်ရှင်များ အားလုံး သူ့အား ကြောက်ရွံ့ လေးစားလာအောင် လုပ်ချင်သေးပေသည်။ ထိုသို့ လုပ်နိုင်မှသာလျှင် သူ အပြင်ထွက်သောအခါ ဘေးကင်းနေမည် ဖြစ်သည်။
အချိန်များမှာ လျင်မြန်စွာ ကုန်လွန်သွားပြီးနောက် နံနက်ခင်းသည် ဆူညံစွာဖြင့် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ကျန်းရီ၏ မိသားစုတွင် ပစ္စည်းများ အမှန်တကယ် များပြားလှပေသည်။ ၎င်းတို့အား ကျန်းရီ၏ ဖခင်ဖြစ်သူမှ ကမ္ဘာပျက် ပြီးနောက်တွင် ငွေစစ်စစ်များဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်ပေသည်။
ဂရုတွင် တစ်မနက်လုံး တိတ်ဆိတ်နေခဲ့ကာ ယခုအခါတွင် လူအများအပြားသည် တစ်ယောက်ပြီး တစ်ယောက် စကားပြော လာကြတော့သည်။ သူတို့ထဲမှ အများစုမှာ ကျန်းရီ၏ အိမ်မှ လုယူလာသော ရိက္ခာများအား မျှဝေပြနေကြခြင်း ဖြစ်သည်။ ရဲ့ရှင်းချန်သည် သူ၏ ဖုန်းအား လှောင်ပြုံးဖြင့် ကြည့်လိုက်တော့သည်။
ဤကဲ့သို့သော အချိန်မျိုးတွင်ပင် ဂရုထဲ၌ ကြွားလုံး ထုတ်နေသော လူမိုက် တစ်ယောက် ရှိနေဆဲပင် ဖြစ်သည်။ သူသည် သူ၏ အသက်မှာ ရှည်လွန်းနေခဲ့ကာ နေရထိုင်ရ လွယ်ကူလွန်းသည်ဟု အမှန်တကယ် ထင်နေပုံရလေသည်။
လင်းစစ်ကျားသည် မီးဖိုချောင်မှ လှမ်းအော်လိုက်ကာ အမွှေးအကြိုင်များ သင်းပျံ့နေသော အမဲသားကာရီ အိုးကြီးတစ်အိုးကို သယ်ဆောင် လာတော့သည်။
"ကာရီရပြီမော် ကျွန်မ ထမင်း သွားခူးလိုက်ဦးမယ်"
ဖြူဖွေးကာ ဝင်းလက်နေသော ထမင်းများမှာ ပန်းကန်လုံးထဲတွင် အေးချမ်းစွာ တည်ရှိနေခဲ့သည်။ လင်းစစ်ကျားသည် ထမင်းနှစ်ပန်းကန်အား သယ်ယူလာပြီးနောက် မနက်မှ ထိုင်ခဲ့သော နေရာတွင် ပြန်ထိုင် လိုက်တော့သည်။
"စားကြရအောင် ဒေါက်တာလင်း များများစားပါ"
ရဲ့ရှင်းချန်သည် ထိုင်ခုံ နောက်ကျောအား မှီလိုက်ကာ အမဲသားကာရီ တစ်ဇွန်းအား ထမင်းပေါ်သို့ လောင်းထည့် လိုက်တော့သည်။ သို့သော် သူ စားရန် မလောပါချေ။ လင်းစစ်ကျား အနည်းငယ် စားပြီးမှသာ ရဲ့ရှင်းချန်သည် ဇွန်းအား ယူကာ ထမင်းအား ဖြည်းညှင်းစွာ ခပ်စားလေတော့သည်။
သူသည် လင်းစစ်ကျားအား လုံးဝ မယုံကြည်နိုင်သေးပါချေ။ လင်းစစ်ကျားသည် သူ၏ အိမ်သို့ ပြောင်းရွေ့ နေနေခဲ့ပြီ ဖြစ်သော်လည်း သူမမှာ ဆရာဝန်တစ်ဦး ဖြစ်နေသေးပေသည်။ အကယ်၍ သူမသည် ကျန်းရီနှင့် အခြားသူများအား ဆေးခတ်နိုင်လျှင် သူ့ကိုလည်း အချိန်မရွေး ဆေးခတ်နိုင်သည် မဟုတ်ပါလား။
ထမင်းအနည်းငယ် စားပြီးနောက် ရဲ့ရှင်းချန်သည် အစားအသောက်များကို သေချာ မြည်းစမ်း ကြည့်လိုက်တော့သည်။ သူသည် လင်းစစ်ကျား အပေါ် ပို၍ပင် ကျေနပ်သွားခဲ့သည်။ မဆိုးပါချေ။ ရုပ်လည်း လှသလို အသုံးလည်း ကျပေသည်။ ထို့အပြင် ဟင်းချက်လက်ရာမှာလည်း မဆိုးလှပေ။ အပြင်မှာ ရှိသော ဟိုတယ် စားသောက်ဆိုင် လက်ရာမျိုးနှင့် မနှိုင်းယှဉ်နိုင်သော်လည်း သူမ၏ ဟင်းချက် စွမ်းရည်ဖြင့် စားသောက်ဆိုင် သေးသေးလေး တစ်ခု ဖွင့်မည်ဆိုလျှင် ပြဿနာမရှိနိုင်ချေ။
ညနေပိုင်း ရောက်မှသာ ကျန်းရီအိမ်ရှိ ရိက္ခာများအား လူတိုင်းမှ ခွဲဝေယူပြီး သွားကြလေသည်။ ဂရု ထဲတွင် ရိက္ခာများအား မျှဝေ ပြနေသူများ အပြင် ရဲ့ရှင်းချန်အား ကျေးဇူးတင်ကြောင်း ပြောဆိုနေသူများလည်း အမြောက်အမြား ရှိလာကြတော့သည်။
"ညီလေးရဲ့ရေ အရင်တုန်းက ဆဲဆိုခဲ့မိတာ တောင်းပန်ပါတယ်ကွာ တကယ် တောင်းပန်ပါတယ်"
"ဟုတ်တယ် ညီလေးရဲ့ ငါတို့တွေ အရင်က မင်းအပေါ် ဒီလိုမျိုး ဆက်ဆံခဲ့ပေမယ့် မင်းကတော့ ငါတို့အပေါ် ကောင်းပေးသေးတယ်နော်"
"မင်းက တကယ် လူကောင်းပါ ညီလေးရယ်"
"ဟူး ငါကတော့ တကယ်ကို လူမဟုတ်ဘူးပဲ အရင်တုန်းက မင်းရဲ့ တံခါးကိုတောင် သွားဖျက်မိသေးတယ်"
"ကျေးဇူးအများကြီး တင်ပါတယ်ရှင် သုံးရက်ရှိပြီ ထမင်းမစားရတာ ဒီနေ့မှပဲ စားစရာလေး တစ်ခုခု ရတော့တယ်"
"ကျန်းရီက ဒီလိုလူမျိုး ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
"ဟုတ်တယ် သူ့မှာ အစားအသောက်တွေ ဒီလောက်ရှိနေတာကို အရင်က ငါတို့ကို အသားနည်းနည်းလေးပဲ ပေးခဲ့တာ"
"ဟုတ်တယ် အဲဒီ အသားလေးက တစ်လုပ်စာတောင် မရှိဘူး ဒီလောက် အဖိုးနည်းတဲ့ လက်ဆောင်လေးနဲ့ ငါတို့ကို အရှေ့ဆုံးကနေ တံခါးသွား ဖျက်ခိုင်းရဲသေးတယ်"
"ညီလေးရဲ့က တကယ် စေတနာကောင်းတာပဲ ညီလေးသာ မရှိရင် ကျန်းရီက ဒီလောက်အထိ အောက်တန်းကျတဲ့လူဆိုတာ တို့တွေသိမှာ မဟုတ်ဘူး"
"မနေ့ညက ငါ့မိသားစု ငတ်သေတော့မလို့ ကျန်းရီဆီမှာ အသား တစ်တုံးလောက် သွားတောင်းတာကို သူ့တပည့်နဲ့ ကျုပ်ကို ကန်ထုတ်ခိုင်းတယ်"
ရဲ့ရှင်းချန်သည် ဆိုဖာပေါ်တွင် တစ်ဝက်တစ်ပျက် လဲလျောင်းရင်း ရုပ်ရှင်ကြည့်နေခဲ့ကာ လင်းစစ်ကျားမှ ညစာစားရန် ခေါ်မည့်အချိန်အား စောင့်ဆိုင်းနေခဲ့တော့သည်။
"ဟက် ခုနတင် ငါ့ကို ဆဲဆိုနေကြပြီး အခုကျတော့ လူကောင်းပါလို့ ချီးမွမ်းနေကြတာလား ရယ်စရာကောင်းလိုက်တာကွာ"