နင် အခုထိ မသေသေးဘူးလား
Vol. 5 Ch. 61
ရဲ့ရှင်းချန်သည် ပြောင်းဖူးပေါက်ပေါက် တစ်ဆုပ်အား ပါးစပ်ထဲသို့ ပစ်ထည့် လိုက်လေသည်။ ညစာအတွက် သူသည် လင်းစစ်ကျားအား ကြက်သား မှိုနှင့် ကြာဇံရောကာ ချက်ထားသည့် စတူး(ကြာဇံချက်) နှင့် ဝက်ချိုချဉ်အပြင် မြေပဲ ဟင်းနုနွယ်နှင့် ဘဲဥရောကာ သုပ်ထားသည့် ဘဲဉသုပ်အား ချက်ခိုင်းထားလေသည်။ မီးဖိုချောင်မှ ထွက်ပေါ်လာသော ချိုချဉ်နံ့မှာ ဧည့်ခန်းတစ်ခုလုံးကို ပြည့်နှက်နေခဲ့သည်။
လင်းစစ်ကျားမှ ဟင်းများအား ခူးခပ်နေစဉ် ရဲ့ရှင်းချန်၏ ဖုန်းမှာ ထပ်မံ မြည်လာခဲ့သည်။ ၎င်းသည် ယခင်တွင် သူ့ထံသို့ သီးသန့်စာ ပို့ခဲ့ဖူးသော အမျိုးသမီး အိမ်ပိုင်ရှင်တစ်ဦးထံမှ အသံဖိုင် တစ်ခု ဖြစ်ပေသည်။
"လင်းစစ်ကျားက ရှင့်အိမ်မှာ နေနေတာလား လင်းစစ်ကျားက ဘာလို့ ရှင့်အိမ်မှာ နေလို့ရတာလဲ ကျွန်မကိုကျတော့ကော အစ်ကိုရှင်းချန် ကျမကိုကျတော့ ဘာလို့ ပေးမနေရတာလဲ"
လူအချို့မှာ ရဲ့ရှင်းချန်၏ စကားထဲမှ ဒုတိယ လူဖြစ်သည့် လင်းစစ်ကျားအား သတိထားမိနေကြပြီ ဖြစ်သည်။ လင်းစစ်ကျားမှာ ရဲ့ရှင်းချန်၏ အိမ်သို့ ပြောင်းရွှေ့ နေထိုင်နေပြီဟု လူအများမှ ခန့်မှန်းနေကြခြင်း ဖြစ်သည်။ ရဲ့ရှင်းချန်နှင့် ယခင်တွင် သီးသန့် စကားပြောခဲ့ဖူးသော အမျိုးသမီးများမှာ မျက်လုံးများ နီရဲလာသည်အထိ ဒေါသထွက် နေကြတော့သည်။
ရဲ့ရှင်းချန်၏ အိမ်ကို မည်သူမျှ မသိမ်းပိုက်နိုင်ကြပေ။ ရဲ့ရှင်းချန်၏ ဘဝအား မည်သူကမျှ အတူတကွ မခံစားနိုင်ကြဟု လူတိုင်း ထင်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ လင်းစစ်ကျား ပေါ်လာခဲ့ကာ ရဲ့ရှင်းချန်မှ သူမအား အကြိမ်ကြိမ် ထည့်သွင်းပြောဆိုနေသည် မဟုတ်ပါလား။
ဤရပ်ကွက်တွင် နေထိုင်သူများမှာ ချမ်းသာသူ သို့မဟုတ် အာဏာရှိသူများ ဖြစ်ကြလေသည်။ ဗီလာဧရိယာတွင် နေထိုင်သူများ မဟုတ်လျှင်ပင် ဤရပ်ကွက်တွင် အိမ်တစ်လုံး ဝယ်နိုင်ရန် အတွက် အနည်းနှင့်အများ ငွေ ရှိကြသူများ ဖြစ်ကြလေသည်။
ဆိုင်ရာပိုင်ရာ လူကြီးများမှ မွေးထားသော မယားငယ်များ အနုပညာရှင်လေးများ အင်တာနက် နာမည်ကျော်များနှင့် ချမ်းသာသော သူဌေးသားများမှ မွေးထားသော မော်ဒယ်များလည်း ဒုနဲ့ဒေး ရှိကြပေသည်။
ကျင်းဟိုင် တက္ကသိုလ်သည် လှပကာ ချမ်းသာသူများ စုဝေးရာ နေရာ အဖြစ် ကျော်ကြားပေသည်။ လူတိုင်းသည် အနည်းနှင့်အများ ရုပ်ရည်ချောမောမှု ရှိကြကာ သူတို့၏ စိတ်ထဲတွင် မကျေမနပ် ဖြစ်နေကြလေသည်။ သူတို့သည် မည်သည့်အတွက်ကြောင့် လူငယ်ဆရာဝန်မလေး တစ်ယောက်ထက် နိမ့်ကျနေရသနည်း။ ထို့အပြင် လင်းစစ်ကျားမှ လက်တွေ့ ဆင်းနေသော အလုပ်သင် ပေါက်စလေးသာ ဖြစ်ပေသည်။ သူမသည် အမြဲတမ်း ဝန်ထမ်းပင် မဖြစ်သေးချေ။
"အစ်ကိုရှင်းချန် လင်းစစ်ကျား လုပ်နိုင်တာမှန်သမျှ ကျမလည်း လုပ်နိုင်ပါတယ် ပြီးတော့ သူမထက် ပိုကောင်းအောင် ကျမ သေချာပေါက် လုပ်နိုင်တယ် ဒါ့အပြင် ကျမက သူမထက် ပိုငယ်ပြီး ပိုလှသေးတယ်လေ"
အသံဖိုင်၏ အသံမှာ အလွန်ကျယ်လောင်လွန်းလှသည်။ လင်းစစ်ကျား မှ ဟင်းပန်းကန်များအား သယ်ထုတ် လာချိန်တွင် ထိုအသံဖိုင်အားလုံးကို ကြားလိုက်ရခြင်း ဖြစ်သည်။ ဟင်းပန်းကန်အား ကိုင်ထားသော သူမ၏ လက်မှာ ခဏတာ ရပ်တန့်သွားခဲ့သည်။
“မောင်လေးရယ်၊ အစ်မက မောင်လေးကို ကြိုက်နေတာ ကြာပြီဆိုတာ မပြောဖြစ်ခဲ့ဘူး မောင်လေးထက် အသက်နည်းနည်း ကြီးနေလို့ မောင်လေး မကြိုက်မှာစိုးလို့ မပြောခဲ့တာပါ ဒါပေမယ့် အခုတော့ အသက်ဆိုတာ အချစ်အတွက် အတားအဆီး မဟုတ်ဘူးဆိုတာ အစ်မ နားလည်သွားပြီ အစ်မကို ထည့် မစဉ်းစားချင်ဘူးလားဟင် အစ်မရဲ့ ချစ်သူ လုပ်ပေးပါလား"
"ရှင်းချန် ကျမ ကျမမှာ ကလေးမွေးဖူးတာ ရှိကောင်း ရှိနိုင်ပေမယ့် ကျမရဲ့ ကိုယ်လုံး ကိုယ်ပေါက်ကတော့ အရမ်းလှနေတုန်းပဲနော် ကိုယ့်ကိုယ်ကိုယ်လည်း သေချာ ဂရုစိုက်တယ် လင်းစစ်ကျား ထက်တော့ မနိမ့်ပါဘူး ဒါ့အပြင် ကျမက အိမ်ထောင်ကျဖူးတော့ ယောက်ျားတွေကို ဘယ်လို ပြုစုရမလဲဆိုတာ ကောင်းကောင်းသိပါတယ် လင်းစစ်ကျားထက် ရှင့်ကို ပိုကောင်းအောင် ကျမ သေချာပေါက် ပြုစုပေးနိုင်မှာပါ"
သီးသန့်စာများ တစ်စောင်ပြီး တစ်စောင် ဝင်လာခဲ့တော့သည်။ ရဲ့ရှင်းချန် အသံဖိုင်တစ်ခုအား နှိပ်လိုက်တိုင်း လင်းစစ်ကျား၏ မျက်နှာမှာ ပို၍ မည်းမှောင်လာခဲ့သည်။
သူမ အံကြိတ်လိုက်မိလေသည်။ သူမ မလာခင်ချိန် ကတည်းမှ ရဲ့ရှင်းချန်၏ အိမ်တွင် မည်မျှများပြားသော လူများ နေထိုင်ချင်ကြကြောင်း သူမ ကောင်းစွာ သိထားပေသည်။ သို့သော် ထိုလူများမှာ ဂရု ထဲတွင် မည်သည့် လက္ခဏာမျှ မပြခဲ့ကြချေ။ မည်သူက ထင်ထားပါမည်နည်း။ သူတို့သည် အမှန်တကယ်...
လင်းစစ်ကျား ပိုတွေးလေ ပို၍ စိတ်လှုပ်ရှားလာလေပင် ဖြစ်နေခဲ့သည်။ ယခုအချိန်တွင် ရဲ့ရှင်းချန်မှာ မည်မျှ နာမည်ကြီး နေကြောင်းနှင့် သူမအား အစားထိုးရန် မည်မျှ လွယ်ကူကြောင်းကို သူမ ရုတ်တရက် သတိပြုမိသွားခဲ့သည်။ လူအများအပြားသည် သူမ၏ နေရာအား လုချင်နေကြသည် မဟုတ်ပါလော။
လင်းစစ်ကျားသည် ရုတ်တရက် စိုးရိမ်စိတ် ဖြစ်ပေါ်လာခဲ့တော့သည်။ သူမမှာ အမှန်တကယ်ပင် အစားထိုးမရနိုင်သူ မဟုတ်ချေ။ နောက်ဆုံးတွင် သူမသည် သူတို့ထက် ဆေးပညာ ကျွမ်းကျင်မှု ရှိနေခြင်းကြောင့်သာ သာလွန်နေခြင်း ဖြစ်လေသည်။ သို့သော်လည်း သူမ၏ ဆေးပညာ မည်မျှပင် ကောင်းမွန်စေကာမူ သူမထက် ပိုတော်သော ဆရာဝန်များ ရှိနေဦးမည်သာ ဖြစ်သည်။
"ဘာတွေ တွေးနေတာလဲ အရင် စားလိုက်ဦး"
ရဲ့ရှင်းချန်သည် ကြာဇံချက် အပြည့်ထည့် ထားသော ပန်းကန်လုံးအား လင်းစစ်ကျား၏ ရှေ့သို့ တွန်းပို့လိုက်တော့သည်။ ၎င်းပေါ်တွင် ကြက်သားနှစ်တုံးနှင့် မှိုများလည်း ပါဝင်လေသည်။
အိမ်နီးချင်းအချို့မှာမူ ဗိုက်ဝသွားကြပြီ ဖြစ်သဖြင့် ဂရုထဲတွင် ရဲ့ရှင်းချန်အား စတင် နောက်ပြောင် နေကြတော့သည်။
"ညီလေးရဲ့ မင်းကတော့ အမြင်ရှိသားပဲကွ ငါ ဒီနေ့ ဒေါက်တာလင်းရဲ့ အိမ်ကို သွားကြည့်တာ ဒေါက်တာလင်း အိမ်မှာ မရှိတော့ဘူး"
"ဟားဟား ဒေါက်တာလင်းက ညီလေးရဲ့ဆီကို ပြောင်းသွားပြီ ထင်တယ်နော်"
လူတိုင်းမှ ခန့်မှန်းနေကြခြင်းသာ ဖြစ်လေသည်။ လင်းစစ်ကျားသည် ရဲ့ရှင်းချန်၏ အိမ်သို့ အမှန်တကယ် ပြောင်းသွားခြင်း ဟုတ်မဟုတ် ဆိုသည်အား မည်သူမျှ အတည်မပြုနိုင်ကြချေ။
လင်းစစ်ကျားသည် ရဲ့ရှင်းချန်၏ ဖုန်းမှ ထွက်ပေါ်လာသော အသံဖိုင်များအား နားထောင်နေရင်းဖြင့် သူမ၏ မှိုင်းညို့နေသည့် မျက်နှာလေးတွင် နီရဲကာ ရှက်သွေးဖြန်းသွား ပုံပေါ်လာခဲ့သည်။
လူတိုင်းမှာ ကျန်းရီ၏ အိမ်မှ ခုလေးတင် ယူလာသော အစားအသောက်များအား ပျော်ရွှင်စွာ စားသောက်နေကြပြီ ဖြစ်ကာ စွန်းမင်သည်လည်း စတင်၍ ချက်ပြုတ်နေခဲ့ပြီ ဖြစ်သည်။
ကျန်းဖုန်း မာချောင်းဝမ် နှင့် လျန်ကျစ်ချောင် တို့မှာ ယနေ့ နံနက် အစောပိုင်းတွင် သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။ သူတို့ သေဆုံးပြီး မကြာမီမှာပင် ရဲ့ရှင်းချန်မှ ရိက္ခာများ ရှိကြောင်း ဂရု ထဲသို့ စာပို့ခဲ့ခြင်း ဖြစ်သည်။
စွန်းမင်နှင့် ချူယောင် တို့သည် ရဲ့ရှင်းချန်အား မမုန်းတီးနိုင်ခင်မှာပင် ပစ္စည်းများ လုယူမည့် တန်းစီဇယားထဲသို့ ပါဝင် သွားကြကုန်တော့သည်။ ချန်းရူအာသည် သူမ၏ ဖုန်းအား မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့သည်။ သူမသည် ဒေါသကြောင့် ရူးသွပ်လုမတတ် ဖြစ်နေတော့သည်။
"ဟုတ်တယ် ဒေါက်တာလင်းက ငါနဲ့အတူ ရှိနေတာပါ"
ရဲ့ရှင်းချန်သည် ဝက်ချိုချဉ်တစ်တုံးအား ဝါးစားနေရင်းဖြင့် ဂရုထဲသို့ စာတစ်စောင် ပို့လိုက်ကာ လင်းစစ်ကျားမှ ကြာဇံချက်အား တူဖြင့် ညှပ်ထားသည့် ဓာတ်ပုံကို ရိုက်လျှက် ဂရု ထဲသို့ တင်လိုက်လေသည်။
ချန်းရူအာသည် ရဲ့ရှင်းချန်ထံသို့ သီးသန့် စာတစ်စောင် အလျင်အမြန် ပို့လိုက်လေသည်။
"အစ်ကိုရှင်းချန် ရှင် အခု လင်းစစ်ကျားနဲ့ အတူရှိနေတာလား"
ရဲ့ရှင်းချန်သည် စာကိုပင် မကြည့်ဘဲ ထားလိုက်သည်။ သူသည် ဟင်းနုနွယ်နှင့် ဘဲဥသုပ်အား တူဖြင့်ညှပ်ကာ ထမင်းထဲသို့ ရောလိုက်လေသည်။ ပြန်စာမရသည့် ချန်းရူအာမှာ စိုးရိမ်စိတ်များ တိုးလာလေတော့သည်။
ဤအခိုက်အတန့်တွင် သူမသည် ဖရိုဖရဲ ဖြစ်နေသော ဆံပင်များနှင့် ညစ်ပတ်ပေရေနေသော မျက်နှာဖြင့် အခန်းလေး တစ်ခုထဲတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ အနံ့အသက်မှာ မခံမရပ်နိုင်အောင် ဆိုးရွားလှကာ သူမ၏ မစင်များမှာ နေရာအနှံ့ ပျံ့နှံ့နေခဲ့လေသည်။
သူမ အလွန် ဗိုက်ဆာနေခဲ့လေပြီ။ ကျန်းဖုန်း ပို့ပေးခဲ့သော အစားအစာမှာ သူမ စားရန် မလုံလောက်ချေ။ ရေငတ်လာသောအခါ သူမသည် ပြတင်းပေါက်အား ဖွင့်ကာ ကျလာသော နှင်းပွင့်များအား ခေါင်းပြူ၍ ဖမ်းယူသောက်ရုံသာ တတ်နိုင်ပေသည်။
သို့သော် သေခါနီးပြီ သည့် ကျန်းဖုန်းမှာ ယနေ့ နံနက်တွင် အမှန်တကယ်ပင် လူသေ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ ကျန်းဖုန်း သေဆုံး သွားပြီးနောက် မည်သူကမျှ သူမအတွက် အစားအသောက် လာမပို့ပေးကြတော့ချေ။ သူမ တစ်နေ့လုံး ငတ်နေခဲ့ရခြင်း ဖြစ်သည်။
သို့သော် ထိုအောက်တန်းစား ရဲ့ရှင်းချန်မှာမူ အရသာရှိသော အစားအစာများအား စားသောက်နေသည် မဟုတ်ပါလား။ သူသည် လင်းစစ်ကျားအား သူ၏ အိမ်တွင် ပေးနေခဲ့ကာ သူနှင့်အတူ စားသောက်ခွင့်ပင် ပေးထားသေးသည် မဟုတ်ပါလား။ ချန်းရူအာ၏ မျက်လုံးများ နီရဲလာခဲ့လေသည်။
ထိုနေရာမှာ သူမ၏ နေရာသာ ဖြစ်သင့်ပေသည်။ လင်းစစ်ကျားဆိုသည့် ကောင်မသည် သေသင့်ပေသည်။ ချန်းရူအာ၏ ကွဲအက်နေသော လက်ချောင်းလေးများဖြင့် ဖုန်းမျက်နှာပြင်အား နှိပ်လျှက် ရဲ့ရှင်းချန်ထံသို့ စာတစ်စောင် ပို့လိုက်တေ့သည်။
"အစ်ကိုရှင်းချန် ရူအာ့ကို အိမ်ကိုခေါ်သွားဖို့ ဘယ်တော့လောက် လာမှာလဲဟင် ရူအာ အမှောင်ထဲမှာ အရမ်းအေးပြီး ဗိုက်ဆာနေပြီ"
"အစ်ကိုရှင်းချန် သူတို့အားလုံးက ရူအာ့အပေါ် အရမ်း ရက်စက်ကြတယ် သိလား ရူအာလေ ဒီမှာနေရတာ အရမ်းကြောက်တာပဲ ကျန်းဖုန်းတို့လည်း သေကုန်ကြပြီတဲ့"
"အစ်ကိုက ရူအာ့ တစ်ယောက်တည်းကိုပဲ ချစ်တာဆို ဘာလို့ တခြား မိန်းမတစ်ယောက်ကို အိမ်ခေါ်ထားသေးတာလဲဟင်"
"အစ်ကိုရှင်းချန် ရူအာက ရူအာတို့ တူတူနေရမဲ့ အိမ်မှာ တခြားမိန်းမတွေကို မရှိစေချင်ဘူး အစ်ကိုရှင်းချန် အဲ့ကောင်မကို နှင်ထုတ်ပေးလို့ မရဘူးလားဟင်"
ရဲ့ရှင်းချန်သည် သူ၏ ဖုန်းမျက်နှာပြင်ပေါ်တွင် တက်လာသော စာများအား ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ချန်းရူအာသည် ယခုအချိန်ထိ အသက်ရှင်နေသေးသည်လား။
"နင် အခုထိ မသေသေးဘူးလား"
ရဲ့ရှင်းချန်မှ လှောင်ပြောင် လိုက်လေသည်။ ချန်းရူအာသည် စာအား မြင်သောအခါ သူမ၏ မျက်လုံးများ အရောင်လက်သွားတေ့သည်။
"ဒါဆို အစ်ကိုရှင်းချန်က ရူအာ့ကို သေပြီထင်လို့ လာမရှာတာပေါ့လေ"
"ရူအာ သိသားပဲ အစ်ကိုရှင်းချန်က ရူအာ့ကို အချစ်ဆုံးဆိုတာ အဲဒီ အောက်တန်းစားမ လင်းစစ်ကျားက ရူအာ့ကို သေပြီလို့ လိမ်ပြောလို့ အစ်ကို လာမရှာတာမလား"
"ဟွန့် အစ်ကိုရှင်းချန် သူ့ စကားကို မယုံနဲ့နော် ရူအာ အသက်ရှင်နေတုန်းပဲ သိလား သူက အစ်ကို့ကို လိမ်နေတာ သူက ရူအာ့နေရာကို လုချင်လို့"
"အစ်ကိုရှင်းချန် ရူအာ့ကို မြန်မြန် လာခေါ်ပါတော့နော် ပြီးရင် ရူအာတို့ နှစ်ယောက် ပေါင်းပြီး သူ့ကို နှင်ထုတ် လိုက်ကြတာပေါ့ အစ်ကိုရှင်းချန် မစောင့်နေပါနဲ့တော့ သူကို အခုချက်ချင်း နှင်ထုတ်လိုက်ပါတော့လား သူက ရူအာတို့ရဲ့ အစားအသောက်တွေကို စားဖို့ မတန်ပါဘူး"