← Chapters

ငါ့ကို ထပ်မရှာပါနဲ့တော့

Vol. 5 Ch. 62

ငါ့ကို ထပ်မရှာပါနဲ့တော့

Vol. 5 Ch. 62

ချန်းရူအာ ပေးပို့လာသော စာတိုတွဲများအား ကြည့်လျှက် ရဲ့ရှင်းချန် မျက်မှောင်ကြုတ် လိုက်မိသည်။ သူ၏ စိတ်ထဲတွင် အတော်လေး စိတ်ပျက်သွားမိသည်။

လင်းစစ်ကျားသည် ထမင်းစားနေရင်း တစ်ခဏအကြာတွင် အရောက်တွင် ရဲ့ရှင်းချန်မှ ထမင်းစားရပ်သွားသည်အား မြင်လိုက်ရသဖြင့် တူကိုချကာ တင်းကျပ်စွာ စုကြုံ့သွားသော သူ၏ မျက်ခုံးများကို စိုးရိမ်တကြီး ကြည့်လာခဲ့တော့သည်။

"ဘယ်လို ဘာဖြစ်လို့လဲ ဟင် အစားအသောက်တွေက ရှင့် အကြိုက် မတွေ့လို့လား"

"မဟုတ်ပါဘူး ကိုယ့်ဘေးနား လာထိုင်ပါဦး"

ရဲ့ရှင်းချန်သည် သူ၏ဘေးရှိ ကုလားထိုင် တစ်လုံးအား ပေါ့ပေါ့ပါးပါး ဆွဲယူလိုက် ပြီးနောက် လင်းစစ်ကျားအား ဝင်ထိုင်ရန် အမူအရာ ပြလိုက်လေသည်။ ၎င်းနောက် သူသည် မတ်တတ်ရပ်ကာ လင်းစစ်ကျား၏ ပန်းကန်နှင့် တူအား ယူ၍ သူ၏ဘေးတွင် ချပေး လိုက်လေသည်။

"ဆက်စားလေ"

"ဟုတ်ကဲ့ပါ"

လင်းစစ်ကျားသည် မျက်လွှာချလျှက် ရဲ့ရှင်းချန်၏ ဘေးတွင် နာခံမှု ရှိစွာ ဝင်ထိုင်လိုက် ပြီးနောက် ဆက်လက် စားသောက်နေခဲ့သည်။

"မင်းက ကြက်မ မို့လို့ ဥ ဥတော့မလို့ အော်နေတာလား"

ရဲ့ရှင်းချန် စာရိုက် လိုက်သော်လည်း ခဏမျှ စဉ်းစား ပြီးနောက် ဖျက်ပစ်လိုက်လေသည်။ ထို့နောက် ကုလားထိုင်ပေါ်တွင် နောက်မှီ ချလိုက်ကာ သူ၏ ရှည်လျားသော လက်မောင်းများအား ဆန့်ထုတ်လျှက် ထမင်းစားရန်သာ အာရုံစိုက်နေသော လင်းစစ်ကျားအား ဆွဲဖက်လိုက်တော့သည်။ သူသည် ဓာတ်ပုံတစ်ပုံ ရိုက်ယူလိုက်ပြီးနောက် ချန်းရူအာထံသို့ ပေးပို့လိုက်သည်။

"တောင်းပန်ပါတယ် ရူအာ မင်းက လူကောင်းတစ်ယောက်ပါ ငါ မင်းကို စိတ်ပျက်စေခဲ့ပြီ"

"အခြား နည်းလမ်းလည်း မရှိတော့ မင်းအတွက် ကံမကောင်း အကြောင်းမလှ ဖြစ်သွားပြီလို့ ငါထင်လိုက်တာ မင်း ရောက်လာတာ နောက်ကျသွားပြီ တောင်းပန်ပါတယ်ကွာ"

"မင်း ငါတို့ကို ဆုမွန်ကောင်း တောင်းပေးမယ် မဟုတ်လား"

ဟု ရဲ့ရှင်းချန်မှ အနည်းငယ် စဉ်းစား ပြီးနောက် ထပ်မံ၍ ဖြည့်စွက် ရေးသားလိုက်လေသည်။

"ရူအာ နောင်ဆိုရင် ငါ့ကို မရှာသင့်တော့ဘူး ငါတို့ တစ်ချိန်က ချစ်ခဲ့ကြပေမယ့် အခု ငါ့မှာ ချစ်သူ ကောင်မလေး ရှိနေပြီလေ မင်း ငါ့ကို ထပ်ရှာဖို့ ဆိုတာ မသင့်တော်တော့ပါဘူး"

နောက်ဆုံး စာကြောင်းအား ပေးပို့ပြီးနောက် ရဲ့ရှင်းချန်သည် ချန်းရူအာအား ဘလော့ခ် လုပ်လိုက်တော့သည်။ မျက်နှာပြင်၏ အခြား တစ်ဖက်တွင်မူ ချန်းရူအာသည် ရဲ့ရှင်းချန်နှင့် လင်းစစ်ကျားတို့၏ ဓာတ်ပုံအား စိုက်ကြည့်နေခဲ့လေသည်။ ဟင်းလျာများအား သပ်ရပ်စွာ ပြင်ဆင်ထားသဖြင့် ချန်းရူအာ တစ်ယောက် တံတွေးမမြိုချဘဲ မနေနိုင်အောင် ဖြစ်သွားရတော့သည်။

"မဖြစ်နိုင်ဘူး လက်မခံနိုင်ဘူး မဖြစ်ရဘူး ငါက ရှင်းရှင်းလင်းလင်းကြီး နင့်ကောင်မလေးလေ အဲ့ကောင်မက ဘာအခွင့်အရေး ရှိလို့လဲ သူ့မှာ ဘာအခွင့်အရေး ရှိလို့လဲ"

ထိုစာအား ပို့လိုက်ပြီးနောက် တောက်ပသော အနီရောင် သင်္ကေတတစ်ခု ပေါ်လာခဲ့သည်။ သူမ ဘလက်ခ်လစ်စ် အသွင်းခံလိုက်ရပြီ ဖြစ်သည်။

ချန်းရူအာသည် အခန်းထဲတွင် ရူးသွပ်မတတ် အော်ဟစ်နေတော့သည်။ ရဲ့ရှင်းချန်မှာမူ ဖုန်းအား ပြန်သိမ်းလိုက်ပြီးနောက် လင်းစစ်ကျားအား လွှတ်ပေးရန် ပြင်လိုက်စဉ် လင်းစစ်ကျား၏ မျက်လုံးများသည် သူ၏ ဖုန်းပေါ်တွင်သာ စူးစိုက်နေဆဲ ဖြစ်သည်ကို မြင်လိုက်ရတော့သည်။

သူသည် မျက်ခုံးပင့်လိုက်ပြီးနောက် လင်းစစ်ကျားအား ပိုမို တင်းကျပ်စွာ ဖက်ထားလိုက်လေသည်။

"မင်း ဘယ်လိုထင်လဲ။ ကိုယ့်ကို အရမ်း ဆိုးရွားတဲ့သူလို့ ထင်နေလား"

လင်းစစ်ကျားသည် ခဏမျှ တုံ့ဆိုင်းနေပြီးမှ ခေါင်းခါ ပြလိုက်လေသည်။

"ရှင့်မှာ ဒီလိုလုပ်ရလောက်တဲ့ အကြောင်းရင်းတွေ ရှိမှာပါ"

သူမ၏ မျက်နှာလေးမှာ အနည်းငယ် ပူနွေးလာခဲ့သည်။ သူမသည် ရဲ့ရှင်းချန်၏ ချစ်သူ ဆိုသည်မှာ လိမ်လည်မှု တစ်ခု ဖြစ်ကြောင်း သိထားသော်လည်း ရင်ခုန်သံ မြန်ဆန်လာခြင်းကိုမူ မတားဆီးနိုင်ခဲ့ချေ။

လင်းစစ်ကျား၏ ကိုယ်ရေးကိုယ်တာ အခြေအနေများမှာ မဆိုးရွား လှသော်လည်း သူမ၏ အသက် နှစ်ဆယ်ကျော် ကာလ တစ်လျှောက်လုံးတွင် မည်သူနှင့်မျှ ချစ်သူ မဖြစ်ခဲ့ဖူးချေ။ နေ့စဉ် ရက်ဆက် ကျောင်းသွားလိုက် အိမ်ပြန်လာ လိုက်သာ ရှိလေသည်။ နောက်ပိုင်းတွင်မူ ကျောင်း အိမ် နှင့် ဆေးရုံ သို့သာ လည်ပတ် နေခဲ့ခြင်း ဖြစ်သည်။

ချန်းရူအာ ကဲ့သို့သော လူမှု အသိုင်းအဝိုင်းတွင် ကျင်လည် သူများနှင့် မတူဘဲ လင်းစစ်ကျားသည် အလှအပ ပြင်ဆင်ခြင်းကို မနှစ်သက်ချေ။ စင်စစ်အားဖြင့် သူမသည် မည်သို့ ပြင်ဆင် ခြယ်သ ရမည်ကိုပင် မသိခြင်း ဖြစ်သည်။ သူမ သိသည်မှာ စာအုပ်ဖတ်ရန် မေးခွန်းဟောင်းများ ဖြေဆိုရန်နှင့် စမ်းသပ်မှုများ ပြုလုပ်ရန်သာ ဖြစ်လေသည်။

အခြားမိန်းကလေးများ မိတ်ကပ်လိမ်းကာ ဈေးဝယ် ထွက်နေချိန်တွင် သူမသည် ဖားများအား ခွဲစိတ်နေခဲ့ခြင်း ဖြစ်သည်။ အခြားသော မိန်းကလေးများ ချစ်သူများနှင့် ချိန်းတွေ့ကာ ဟိုတယ်များသို့ သွားနေချိန်တွင် သူမသည် ရိုးရာ တရုတ်ဆေးဖက်ဝင် အပင်များအား ရောစပ်ကာ ဆေးဖော်စပ် နေခဲ့သည်။

ကံမကောင်းစွာဖြင့် ရဲ့ရှင်းချန်သည် လင်းစစ်ကျား၏ နီမြန်းနေသော မျက်နှာလေးအား တန်ဖိုးထား ခံစားရန် စိတ်ကူးမရှိခဲ့ချေ။ သူမ၏ အဖြေအား ကြားပြီးသည့်နောက်တွင် လင်းစစ်ကျား၏ လက်အား လွှတ်ပေး လိုက်ကာ သူ၏ ပန်းကန်ကို ကောက်ကိုင်၍ တိတ်ဆိတ်စွာပင် ဆက်လက် စားသောက် နေလေတော့သည်။

ချန်းရူအာနှင့် စကားပြောတိုင်း အတိတ်တွင် သူမ၏ လှည့်စား ကစားခြင်းအား ခံခဲ့ရပုံများကို ပြန်လည်၍ သတိရမိလေသည်။ အချိန်အတော်ကြာ ကုန်လွန်ခဲ့ပြီ ဖြစ်သော်လည်း ယခင်ဘဝမှ အပိုင်းပိုင်း ခုတ်ထစ်ခံခဲ့ရသည့် နာကျင်မှုကို သူ မှတ်မိနေဆဲ ဖြစ်သည်။

လူတိုင်း အစားအသောက် အများအပြား ရရှိကြကုန်သည်။ မကြာသေးမီက မည်သူမျှ ရဲ့ရှင်းချန်၏ အိမ်အား လာရောက် ဖျက်ဆီးခြင်း မရှိကြချေ။ သူတို့ လာမဖျက်ဆီးကြသဖြင့် အချက်ပေးသံများလည်း မမြည်တော့ပေ။ ပတ်ဝန်းကျင်မှာ အတော်လေး တိတ်ဆိတ် ငြိမ်သက် သွားခဲ့လေသည်။

ရဲ့ရှင်းချန်၏ ကိုယ်ပိုင် ချက်ဘောက်စ် မှာမူ တက်ကြွ လှုပ်ရှားလာခဲ့သည်။ ရက်အနည်းငယ် ကြာပြီးနောက် လင်းစစ်ကျားသည်လည်း နောက်ဆုံးတွင် အနေကင်းကာ ရှက်ရွံ့နေခြင်းမျိုး မရှိတော့ချေ။ သူမသည် စပျစ်သီးနှင့် စတော်ဘယ်ရီသီး တစ်ပန်းကန်အား ဆေးကြောပြီးနောက် ရဲ့ရှင်းချန်၏ ဘေးတွင် ဝင်ထိုင်လိုက်လေသည်။

ရဲ့ရှင်းချန်က စပျစ်သီးတစ်လုံးကို ပါးစပ်ထဲ ကောက်ထည့်ရင်း မေးလိုက်သည်။

"လျိုချီလုံ မသေသေးဘူးလား"

ယခင်ဘဝတွင် လျိုချီလုံသည် အမှန်တကယ်ပင် အသက် အတော်ပင် ရှည်ခဲ့သည်။ သို့သော် ဤဘဝတွင်မူ ဇာတ်ကြောင်းများစွာ ပြောင်းလဲ သွားခဲ့ပြီးနောက် သူသည် အဖွဲ့စကားပြောခန်း ထဲတွင် ထပ်မံ ပေါ်မလာတော့ချေ။

သို့ဖြစ်၍ ရဲ့ရှင်းချန်မှ လျိုချီလုံသည် ဤဘဝတွင် စောစောစီးစီး သေဆုံးသွားပြီဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါ လျိုချီလုံ တစ်ယောက် အဖွဲ့ စကားပြောခန်း ထဲတွင် တစ်စုံတစ်ဦးထံမှ ဆေးငှား နေသည်ကို သူ မြင်တွေ့ လိုက်ရလေသည်။ အဖွဲ့ စကားပြောခန်းထဲတွင် စကားပြောဆိုမှုများ ပြည့်နှက် နေသော်လည်း မည်သူကမျှ သူ့အား ဂရုမစိုက်ကြချေ။

"ကျွန်မ သူ့သားရဲ့ ဒဏ်ရာကို သွားပြီး ပတ်တီး စည်းပေးတုန်းက သူတို့ကို အစားအသောက် နည်းနည်း ပေးခဲ့မိတယ်"

လင်းစစ်ကျား၏ မျက်ဝန်းများ မှောင်မိုက် သွားခဲ့လေတော့သည်။ ထိုအကြိမ်သည် ဆေးကုသခ မရရှိခဲ့သော ပထမဆုံးနှင့် တစ်ခု တည်းသော အကြိမ်လည်း ဖြစ်ပေသည်။ မည်သို့ပင်ဖြစ်စေ လျိုချီလုံ၏ အိမ်တွင် အိုမင်းနေသော မိခင်အိုကြီး တစ်ဦး ရှိနေသည်အား သူမ မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်လေသည်။

"အဲဒီတုန်းက နှင်းမုန်တိုင်းတွေ မြန်မြန် ပြီးသွားလိမ့်မယ်လို့ ကျွန်မ ထင်ခဲ့တာ ကျွန်မ အိမ်မှာလည်း ဗိုက်ဖြည့်ဖို့ ဘီစကွတ်တွေနဲ့ ပေါင်မုန့်တွေ အများကြီး ကျန်နေသေးတော့လေ ဒါပေမဲ့ အဲဒီနောက်ပိုင်း ဘယ်သူ့ကိုမှ အစားအသောက်တွေ မပေးခဲ့တော့ပါဘူး"

ရဲ့ရှင်းချန် သေချာစွာ စဉ်းစား ကြည့်လိုက်မိသည်။ ယခုဆိုလျှင် နှင်းကျနေခဲ့သည်မှာ တစ်လနီးပါး ရှိနေပြီ ဖြစ်သည်။ လျိုချီလုံ၏ မိသားစုတွင် မူလကတည်းမှ အစားအသောက် သိပ်မရှိခဲ့ချေ။ ထို့အပြင် သူ၏ မိသားစုတွင် လူလေးယောက်ပင် ရှိလေသည်။ လင်းစစ်ကျားမှ ထိုအချိန်တွင် အစားအသောက် အချို့ ပေးခဲ့လျှင်ပင် သူသည် ဤမျှ ကာလကြာရှည်စွာ အသက်ရှင် နေနိုင်ရန် မလုံလောက်သင့်ပေ။

"ဒါပေမဲ့ ကျွန်မ သူ့ကို အစားအသောက် နည်းနည်း ပေးခဲ့တယ် ဆိုရင်တောင် သူတို့မိသားစုက လူအများကြီးလေ ပုံမှန်အတိုင်းဆိုရင်တောင် သူ အဲဒီလောက် အကြာကြီး တောင့်ခံထားနိုင်မှာ မဟုတ်လောက်ဘူး"

လင်းစစ်ကျားမှ နှုတ်ခမ်းအား စေ့လိုက်ပြီးနောက် ယခုလေးတင်မှ ထုတ်ယူထားသည့် စတော်ဘယ်ရီသီးများအား အောက်သို့ချ ပေးလိုက်လေသည်။

"အဲဒီတုန်းက ကျွန်မဆီမှာ အရောင်ကျဆေးတွေ မရှိခဲ့ဘူးလေ ပြီးတော့ သူ့သားကလည်း ကြာကြာ မခံလိုက်ပါဘူး နောက်ပိုင်း သူ့အမေကလည်း "

"အို ဒါကြောင့်ကိုး သူ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ပစ္စည်းတွေ အများကြီး လုယက်ခဲ့တာ ဖြစ်မယ်"

"ဟုတ်တယ် သူက လောဘတက်ပြီး ဂရုထဲမှာ ဆေးရှိလားလို့ လိုက်မေးနေတာလေ သူ ကျန်းရီရဲ့ အိမ်ကနေ ယူတာ မလောက်လို့ တခြားသူတွေ ယူသွားတာကိုပါ ထပ်လုချင်နေတာ လုံးထွေး သတ်ပုတ်ကြရင်း သူ့လက် ပြတ်ရှသွားခဲ့သေးတာ"

ရဲ့ရှင်းချန်၏ စောင့်ကြည့် ကင်မရာများသည် လူနေ အိမ်ရာ တစ်ခုလုံးအား လွှမ်းခြုံ ထားနိုင်သည့်တိုင် ကင်မရာများ မမြင်နိုင်သော နေရာကွယ်များ ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် လင်းစစ်ကျား ယခု ပြောပြလိုက်သော အကြောင်းအရာများအား သူ အမှန်တကယ်ပင် မသိခဲ့ချေ။

"သူနဲ့ တန်ပါတယ် ဆင်ကို မျိုချင်နေတဲ့ လောဘ ကြီးလွန်းတဲ့ မြွေတစ်ကောင်ပဲ အရင်က သူက သူ့ရဲ့ အသက်ကြီးနေတဲ့ အမေနဲ့ သားသမီးတွေကို အသုံးချပြီး လူတွေကို ကိုယ်ကျင့်တရားအရ အရှက်ခွဲခဲ့တာလေ အခုတော့ အိုတဲ့သူရော ငယ်တဲ့သူရော သူ့အတွက် အသုံးမချနိုင်တော့မှန်း ငါ မထင်ထားမိဘူး"

လင်းစစ်ကျားမှ ရဲ့ရှင်းချန်အား တံတောင်နှင့် တွတ်လိုက်ပြီးနောက် ပြောလိုက်လေသည်။

"ဟယ် ဘာတွေ ပြောနေတာလဲ ကျွန်မတို့ ထမင်းစားလို့ ပြီးတာလေးတင် ရှိသေးတယ် ရှင်က ဒါတွေကို ပြောနေပြီ"

ရဲ့ရှင်းချန် ရယ်မောနေစဉ် သူ၏ဖုန်းမှာ ရုတ်တရက် တုန်ခါသွားခဲ့သည်။ ၎င်းမှာ ကျောက်ဟောင်ထံမှ ဖုန်းခေါ်ဆိုမှု တစ်ခု ဖြစ်လေသည်။

ရဲ့ရှင်းချန်၏ ဘဝ တစ်လျှောက်လုံးတွင် ခဲယဉ်းစွာ ယုံကြည်နိုင်ခဲ့သော လူနှစ်ဦးမှာ ကျောက်ဟောင်နှင့် လင်းစစ်ကျားတို့သာ ဖြစ်ကြလေသည်။ မည်သို့ပင် ဆိုစေကာမူ သူတို့၏ ယခင် ဘဝများတွင် သူတို့သည် အခြားသူများ အတွက် အသက်ပေးခဲ့ကြသူများ ဖြစ်သည်။ နောက်ဆုံးတွင် သူတို့သည် အခြေခံ အကျဆုံးသော ကိုယ်ကျင့်တရား စည်းမျဉ်းအား ကာကွယ် စောင့်ရှောက်နိုင်ခဲ့ကြသည်။

သူ၏ တမင်ရည်ရွယ်သော သတိပေးချက်ကြောင့် ယခုဆိုလျှင် ကျောက်ဟောင်၏ ထောက်ပံ့ရေး ပစ္စည်းများမှာ အလွန်ပင် ပေါများနေသင့်ပေပြီ။ လူနေအိမ်ရာ တစ်ခုလုံးတွင် ထောက်ပံ့ရေး ပစ္စည်းများနှင့် ပတ်သက်လာလျှင် သူသည် ရဲ့ရှင်းချန် ပြီးနောက် ဒုတိယလိုက်သည်ဟုပင် ဆိုနိုင်လေသည်။

ရဲ့ရှင်းချန် ခေါင်းကုတ်လိုက်ကာ ဖုန်းအား ဖြေကြားလိုက်တော့သည်။

"ဘာဖြစ်လို့လဲ အစ်ကိုကျောက်"

"အင်း ညီလေးရဲ့ ဟူး အစ်ကို အစ်ကို ဟူး"

ကျောက်ဟောင်မှ သုံးကြိမ်တိုင်တိုင် သက်ပြင်းချ လိုက်မိတော့သည်။ သူ စကားပြောရန် အလွန် ရှက်ရွံ့နေခဲ့ခြင်း ဖြစ်။ ဤမျှ ကာလ ကြာရှည်စွာ ရဲ့ရှင်းချန် အတွက် သူ မည်သည့် အကူအညီမျှ မပေးနိုင်ခဲ့ချေ။ ယခုအခါ ပြဿနာ တစ်ခုဖြင့် ရဲ့ရှင်းချန်အား ထပ်မံ၍ ဒုက္ခပေးရတော့မည် ဖြစ်သည်။

"ရပါတယ် အစ်ကိုကျောက်ရာ ပြောစရာရှိတာ ပြောပါ"

ကျောက်ဟောင်တွင် သူ့ထံမှ အကူအညီ တောင်းခံစရာ ရှိနေကြောင်း ရဲ့ရှင်းချန် သိလိုက်လေပြီ။

All Chapters