← Chapters

ဆေးငှားခြင်း

Vol. 5 Ch. 63

ဆေးငှားခြင်း

Vol. 5 Ch. 63

အချိန်အတော်ကြာ ဗလုံးဗထွေး ဖြစ်နေပြီးနောက် နောက်ဆုံးတွင် ကျောက်ဟောင်မှ ပြောလာခဲ့သည်။

"ညီလေးရဲ့ အစ်ကို အစ်ကို မင်းကို တစ်ခုလောက် အကူအညီ တောင်းချင်လို့ပါ"

"ဟုတ်ကဲ့ ကျွန်တော် နားထောင်နေပါတယ် အစ်ကိုကျောက် ဆက်ပြောပါ ကျွန်တော့်ကို အားနာနေစရာ မလိုပါဘူး ကျွန်တော် ကူညီပေးနိုင်တဲ့ ကိစ္စဆိုရင် အစွမ်းကုန် ကြိုးစားပေးပါ့မယ်"

ရဲ့ရှင်းချန်သည်လည်း အလွန် စူးစမ်းချင်စိတ် ဖြစ်မိလေသည်။ ကျောက်ဟောင်အား ဤမျှ ရှက်ရွံ့ သွားစေသည့် အရာသည် မည်သည့် အရာများ ဖြစ်နိုင်မည်နည်း။ ထောက်ပံ့ရေး ပစ္စည်းများတော့ မဖြစ်နိုင်ချေ။ ယခုဆိုလျှင် သူ၏ လက်ထဲတွင် ပစ္စည်းများ အတော်အသင့် ရှိနေပြီ ဖြစ်သည်။

ကျောက်ဟောင်မှ ဖုန်းအား ကိုင်လျက် ခေါင်းကုတ် လိုက်ပြီးနောက် ကလေးငယ်အား ချော့မြူနေသော လီအန်းရန်ကို လှည့်ကြည့် လိုက်လေသည်။ ထို့နောက် ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။

"ဒီလိုပါ လီအန်းရန်ရဲ့ သမီးလေး ဖျားနေလို့လေ အစ်ကို့အိမ်မှာလည်း ဆေးဘာမှ မရှိတော့တာနဲ့"

"အခု ကလေးက တစ်ကိုယ်လုံး ပူချစ်နေတာပဲ နို့တောင် မသောက်နိုင်ဘဲ အန်အန် ထွက်နေတယ် သူ့အမေရော အစ်ကိုရော စိတ်ပူလွန်းလို့ သေမတတ်ပဲ လူအများကြီးကို လိုက်မေးကြည့်ပေမယ့် အိမ်မှာ ဆေးမရှိဘူးလို့ပဲ ပြောကြတယ် အစ်ကို တကယ် တခြားနည်းလမ်း မရှိတော့လို့ မင်းဆီမှာ ဆေးများ ကျန်သေးလားဆိုပြီး လာပြီး မေးကြည့်ရတာပါ"

စကားဆုံးခါနီးတွင် ကျောက်ဟောင်၏ အသံထဲမှ စိုးရိမ်ပူပန်မှုများသည် မျက်နှာပြင်မှပင် လျှံကျလာတော့မတတ် ဖြစ်နေခဲ့သည်။

ရဲ့ရှင်းချန်နှင့် သူ၏ဘေးတွင် ထိုင်နေသော လင်းစစ်ကျားတို့ နှစ်ဦးစလုံးသည် အကြောင်းအရာ အားလုံးအား ကြားလိုက် ရပြီးနောက် သူတို့၏ မျက်နှာများထက်တွင် အံ့အားသင့်မှုများ ပြည့်နှက် သွားကုန်ကြတော့သည်။

ထင်မှတ်မထားစွာပင် ဂရုထဲတွင် မည်သည့် လှုပ်ရှားမှုမျှ မရှိခဲ့သော လီအန်းရန်သည် ကျောက်ဟောင်၏ အိမ်တွင် ရောက်ရှိနေခဲ့ခြင်း ဖြစ်ပေသည်။

ရဲ့ရှင်းချန် စိတ်ထဲမှ သက်ပြင်းချ လိုက်မိသည်။ ဤမိန်းမမှာ အမှန်တကယ်ပင် သာမန် မဟုတ်ချေ။ လူအများကြီးထဲမှ သူမသည် ကျောက်ဟောင်အား တိတိကျကျ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ကျောက်ဟောင်မှ စိတ်သဘောထား ပျော့ပျောင်းလွန်း၍သာ ဖြစ်နိုင်ပေသည်။

အကယ်၍ အခြား တစ်ယောက် သာဆိုလျှင် သူစိမ်း တစ်ယောက်၏ ကလေးအား ကူညီပြုစုပေးရန် နှင့် မိမိ၏ အသက်အား ကယ်တင်နိုင်သည့် အစားအသောက်များအား အခြားသူ တစ်ဦးအတွက် ပေးအပ်ရန် မည်သူမှ ဆန္ဒရှိလိမ့်မည် မဟုတ်ချေ။

လီအန်းရန် အသုံးပြုသည့် နည်းလမ်းများအား လူတိုင်း ကောင်းစွာ သိရှိကြလေသည်။ ဤအချိန်တွင် ကျောက်ဟောင် ဤမျှ ဂရုစိုက်နေသည်အား ထောက်ရှုပါမူ သူတို့၏ ဆက်ဆံရေးမှာ ထိုမျှ ရိုးရှင်းလိမ့်မည် မဟုတ်ချေ။ သို့သော် ၎င်းသည် ကျောက်ဟောင်၏ ကိုယ်ရေးကိုယ်တာ ကိစ္စသာဖြစ်ကာ ရဲ့ရှင်းချန်မှ ဝင်ရောက် စွက်ဖက်ရန် ရည်ရွယ်မထားခဲ့ချေ။

လီအန်းရန် အနေဖြင့် ကျောက်ဟောင်ကဲ့သို့သော လူအေးကြီး တစ်ဦးနှင့် သင့်မြတ်စွာ နေထိုင်နိုင်ခဲ့လျှင် ၎င်းမှာလည်း သူမ၏ အရည်အချင်းဟု မှတ်ယူရမည် ဖြစ်ပေသည်။

"ဪ ဒီလိုကိုး ဂုဏ်ယူပါတယ် အစ်ကိုကျောက်"

ကျောက်ဟောင် အနည်းငယ် ရှက်ရွံ့သွားမိလေသည်။ မည်သို့ပင်ဖြစ်စေ သူ၏ လုပ်ရပ်မှာ ဂုဏ်ယူဖွယ် မဟုတ်ချေ။

"ညီလေးရဲ့ရာ မင်းကလည်း အစ်ကို့ကို မနောက်ပါနဲ့ အစ်ကိုက သူနဲ့ အတူနေ ပေးရုံတင်ပါ အစ်ကို့ အခြေအနေကို မင်းလည်း သိတာပဲ အခုလို ပြင်းထန်တဲ့ နှင်းမုန်တိုင်းကြီးသာ မရှိခဲ့ရင် အစ်ကို့ တစ်သက် မိန်းမ တစ်ယောက်ကို လက်ဖျားနဲ့တောင် ထိခွင့်ရမှာ မဟုတ်ဘူး"

ရဲ့ရှင်းချန် ရယ်မောလျှက် ပြောလိုက်လေသည်။

"ကျွန်တော့်ဆီမှာ ဆေးနည်းနည်းတော့ ရှိသေးတယ် အများကြီးတော့ မဟုတ်ဘူး အရင်ကတည်းက သိပ်အများကြီး ပြင်ဆင် မထားမိလို့ ဆေးနှစ်ဘူး သုံးဘူးလောက်ပဲ ကျန်တော့တယ် အဆင်ပြေရင် ခဏနေ လာယူလိုက်လေ"

ကျောက်ဟောင်သည် အလွန် စိတ်လှုပ်ရှား သွားသဖြင့် စကားပင် မပြော နိုင်တော့ချေ။ ငြင်းပယ် ခံရမည်ဟုသာ သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ သူ့တွင် အမှန်တကယ် အခြားနည်းလမ်း မရှိတော့သဖြင့်သာ ရဲ့ရှင်းချန်အား မေးကြည့်ချင်ခဲ့ခြင်း ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေကာမူ သူ၏ အမျိုးသမီးဖြစ်သူ၏ ကလေးသည် ရောဂါကြောင့် သေဆုံးသွားမည်ကို သူမကြည့်ရက်နိုင်ချေ။

သို့သော် ရဲ့ရှင်းချန်မှ သူ့အား ဆေးကို ဤမျှ လွယ်ကူစွာ ပေးရန် သဘောတူလိမ့်မည်ဟု သူ မမျှော်လင့် ထားခဲ့ချေ။ ခုလေးတင် ရဲ့ရှင်းချန် ပြောသွားသည့် စကားများအရ သူ၏လက်ထဲတွင် ဆေးများများစားစား မကျန်တော့သည်မှာ ထင်ရှားလှပေသည်။

"ညီလေးရဲ့ မင်း မင်းကို အစ်ကို ဘယ်လို ကျေးဇူးဆပ်ရမလဲ"

"မင်းက အစ်ကို့ကို အမြဲတမ်း ကူညီပေးနေခဲ့တာ အစ်ကိုက မင်းကို သိပ်မကူညီပေးနိုင်ခဲ့ပါဘူး ပြီးခဲ့တဲ့အကြိမ် သူတို့တွေ မင်းအိမ်ကို သွားဖျက်ဆီးကြတုန်းက အစ်ကို တကယ် တကယ်ပဲ အစ်ကိုက တကယ့် လူမဆန်တဲ့ ကောင်ပါကွာ"

မိုက်ခရိုဖုန်းမှတစ်ဆင့် ပါးရိုက်သံ နှစ်ချက် ထွက်ပေါ်လာခဲ့သည်။ ရဲ့ရှင်းချန် အလျင်အမြန်ပင် ပြောလိုက်လေသည်။

"အစ်ကိုကျောက် အစ်ကို့ စကားတွေက ကျွန်တော်နဲ့ အရမ်း ဝေးကွာသွားစေတယ်နော် ကြည့်ပါဦးဗျာ ကျွန်တော်တို့ နှစ်ယောက်က နှစ်ပေါင်းများစွာ သိလာခဲ့တဲ့ မိတ်ဆွေဟောင်းတွေပဲလေ ကူညီတာ မကူညီတာတွေ ဘာပြောစရာလိုလို့လဲ ကျွန်တော့် ရင်ထဲမှာ အစ်ကို့ကို အရင်းနှီးဆုံး အစ်ကိုအရင်း တစ်ယောက်လို သတ်မှတ်ထားပြီးသားပါ"

"ကဲပါ အဲဒီလို စကားတွေ မပြောပါနဲ့တော့ ကျွန်တော်တို့က မိသားစုတွေပဲ ကျွန်တော်က အစ်ကို့ကို မိသားစုဝင် တစ်ယောက်လို သဘောထားတာပါ မြန်မြန်သာ လာပြီး ဆေးယူသွားလိုက် ကလေး အဖျား ပိုမဆိုးသွားပါစေနဲ့အုန်း"

ရဲ့ရှင်းချန်၏ စကားများအား ကြားရသောအခါ လင်းစစ်ကျား၏ ရင်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရလေသည်။ အရင်တွင် သူမသည် ရဲ့ရှင်းချန်အား ဉာဏ်ကောင်းပြီး သွေးအေးကာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပါးနပ်သူ ဟုသာ ထင်ခဲ့သော်လည်း ယခုလို တက်ကြွစွာ နေတတ်ကြောင်း ဤသည်မှာ ပထမဆုံးအကြိမ် သိလိုက်ရခြင်း ဖြစ်ပေသည်။

ရဲ့ရှင်းချန်၏ နေရာလွတ် ထဲတွင် ဆေးဝါး မြောက်မြားစွာ သိုလှောင်ထားမည်ကိုလည်း သူမ သိပေသည်။ အစောပိုင်းတွင် ကျောက်ဟောင်အား ထိုသို့ ပြောလိုက်ခြင်းမှာ တမင် သက်သက်သာ ဖြစ်ပေမည်။

ခဏမျှ တုံ့ဆိုင်းနေပြီးနောက် လင်းစစ်ကျားမှ မေးလိုက်သည်။

"ရှင် နဲ့ ကျောက်ဟောင်ရဲ့ ဆက်ဆံရေးက အဲဒီလောက်တောင် ကောင်းတာလား"

တစ်ဦးသည် သူဌေး မျိုးဆက်သစ် လူငယ်တစ်ဦး ဖြစ်ပြီး နောက်တစ်ဦးသည် ရပ်ကွက်ထဲမှ လုံခြုံရေးအစောင့် တစ်ဦးသာ ဖြစ်လေသည်။ ရဲ့ရှင်းချန် ပြောသော မိသားစုလို ဖြစ်နေသည် ဆိုသည့် စကားအား လင်းစစ်ကျား မယုံကြည်ပေ။ သူတို့နှစ်ဦးကြားတွင် ပုံမှန်အားဖြင့် မည်သည့် အပြန်အလှန် ဆက်သွယ်မှုမျှ မရှိခဲ့ချေ။

ရဲ့ရှင်းချန်သည် သစ်သီးပန်းကန်ထဲမှ စတော်ဘယ်ရီသီး တစ်လုံးအား လှမ်းယူလိုက်ကာ ပါးစပ်ထဲသို့ ထည့်လိုက်ပြီးနောက် သာမာန်ကာလျှံကာမျှ ပြောလိုက်လေသည်။

"အခြေအနေက မဆိုးပါဘူး ဒါပေမဲ့ ကျောက်ဟောင်က အရင်က စစ်သားဟောင်းလေ သူက ခံနိုင်ရည်လည်း ကောင်းသလို သာမန်လူတွေထက် ပိုပြီး တိုက်ခိုက်နိုင်စွမ်း ရှိတယ်"

"ပြီးတော့ မင်း မြင်တဲ့အတိုင်းပဲ သူက အရမ်း သဘောကောင်းတယ် သူနဲ့ လီအန်းရန် အတူနေ ဖြစ်သွားတဲ့ အကြောင်းရင်းက လီအန်းရန်က ဂရုထဲက တစ်ယောက်ယောက်ကို အစားအသောက်တွေ ဈေးပေါပေါနဲ့ ရောင်းပေးဖို့ တောင်းဆိုခဲ့တာကြောင့်လေ အဲဒါကို ကျောက်ဟောင်က ကြည့်မနေရက်ဘဲ သူ့ကို ခေါက်ဆွဲခြောက်ထုပ် နည်းနည်း အလကား ပေးလိုက်မိတာပဲ"

"ကိုယ့်အနေနဲ့ သူ့ကို ကျေးဇူးနည်းနည်း ပြုလိုက်ပြီးတော့ အနာဂတ်မှာ အသုံးချလို့ ရအောင် ဒီကျေးဇူးကို သူ့ကို မှတ်မိနေစေချင်တာ"

စကားပြောနေသည်အား ခေတ္တ ရပ်တန့်လိုက် ပြီးနောက် ရဲ့ရှင်းချန်မှ ဆက်ပြောပြန်သည်။

"ပြီးတော့ ကမ္ဘာပျက်ကပ်ကြီး ရောက်လာပြီဆိုတာ မင်း သိထားသင့်တယ်"

"သူက သဘောကောင်းပြီး ရိုးသားတယ် ပြီးတော့ ဒီလို ကမ္ဘာပျက်ကပ်မှာ ရှားပါးတဲ့ လူသားဆန်မှုမျိုး သူ့ဆီမှာ ရှိသေးတယ် သူ့လို လူကောင်း တစ်ယောက်က အဲဒီလောက် စောစောစီးစီး သေမသွားသင့်ဘူးလို့ ထင်တယ်"

တစ်နာရီကျော် ကြာပြီးနောက်တွင် လင်းစစ်ကျားသည် ညစာ ပြင်ဆင်နေခဲ့ပြီ ဖြစ်သည်။ အိမ်တွင်းရှိ အချက်ပေးသံမှာ အချိန်အတန်ကြာ မြည်ဟည်းလာခဲ့သည်။ ရဲ့ရှင်းချန်မှ အချက်ပေးသံအား ပိတ်လိုက်လေသည်။ မိနစ်အနည်းငယ် အကြာတွင် ကျောက်ဟောင်၏ အသံသည် အသံပို့လွှတ်စက်မှတစ်ဆင့် ထွက်ပေါ်လာခဲ့သည်။

"ညီလေးရဲ့ အစ်ကို ကျောက်ဟောင်ပါ အိမ်မှာ ရှိလား"

ရဲ့ရှင်းချန်သည် မသိစိတ်မှ စောင့်ကြည့်ကင်မရာအား လှမ်းကြည့်လိုက်ကာ ချက်ချင်းပင် မျက်မှောင်ကြုတ် မိသွားတော့သည်။ ကျောက်ဟောင် အပြင် တံခါးဝတွင် ဖိတ်ခေါ် မထားသော ဧည့်သည် တစ်ဦးလည်း ရောက်ရှိနေခဲ့သည်။

"အစ်ကိုကျောက်လား"

ရဲ့ရှင်းချန်သည် တံခါးဆီသို့ လျှောက်သွားကာ နှစ်လမ်းသွား အသံဖမ်းစက်အား ဖွင့်လိုက်ပြီးနောက် သိသာနေသော မေးခွန်းကို ထပ်မံ၍ မေးလိုက်ပြန်သည်။

"ဟုတ်တယ် အစ်ကိုပါ"

ကျောက်ဟောင်၏ အသံမှာ စိုးရိမ်ပူပန်မှုကြောင့် တုန်ယင်နေခဲ့သည်။ ရဲ့ရှင်းချန်သည် တတိယထပ်၏ တံခါးဝတွင် ရပ်လျှက် သူတို့၏ ခေါင်းပေါ်သို့ စိတ်ပျက်စွာ လှမ်းကြည့် လိုက်လေသည်။ သူသည် လီအန်းရန်အား သိပ်မနှစ်မြို့လှသကဲ့သို့ ယခုလို လိုက်ပါလာခြင်းမှာ မကောင်းသော ရည်ရွယ်ချက် အချို့ ရှိနေမည်ဟု သူ ခံစားလိုက်ရလေသည်။

"ရှင်းချန် အစ်မပါ အစ်မ လီအန်းရန်ပါ အစ်မ ကလေး အဖျားကြီးနေလို့ နို့တောင် မသောက်နိုင်ဘူး ကျေးဇူးပြုပြီး အစ်မ ကလေးကို ကယ်ပါဦး သူ သေတော့မယ်"

လီအန်းရန်သည် ပြဇာတ်ကနေသကဲ့သို့ ဟန်ဆောင်နေခဲ့ခြင်း ဖြစ်သည်။ သူမသည် ကလေးအား ပွေ့ဖက်ထားပြီးနောက် ကျောက်ဟောင်အား မှီကာ ရှိုက်ကြီးတငင် ငိုကြွေးနေတော့သည်။

ရဲ့ရှင်းချန်သည် သူ၏ နေရာလွတ်ထဲမှ ကလေးသောက်ဆေး အရည်ဆေး တစ်ပုလင်းနှင့် အအေးမိပျောက်ဆေး တစ်ဘူးအား ရွေးထုတ် လိုက်လေသည်။ ဆေးနှစ်ဘူးအား ပလတ်စတစ်အိတ်ထဲသို့ ထည့်ကာ အပေါ်ထပ်ရှိ သေနတ်ပစ်သည့် အပေါက်မှတစ်ဆင့် အောက်သို့ ပစ်ချပေးလိုက်တော့သည်။

"အဲဒီလောက်တောင် ဆိုးနေတာလား ဒါဆို ကလေးကို မြန်မြန် ဆေးတိုက်လိုက်ပါဦး ဒီလိုအချိန်မှာ ဖျားတာက သေးငယ်တဲ့ ကိစ္စမဟုတ်ဘူးဗျ"

ကျောက်ဟောင်သည် သူ၏ဘေးတွင် ကျလာသော ဆေးအား အလျင်အမြန် ကောက်ယူ လိုက်လေသည်။ သူသည် အလွန် စိတ်လှုပ်ရှားနေသဖြင့် အသံများပင် တုန်ယင်နေခဲ့သည်။

"ကျေးဇူးတင်ပါတယ် ညီလေးရဲ့ရာ အရမ်းကို ကျေးဇူးတင်ပါတယ်"

လီအန်းရန်က သူမ၏ လက်အား ဆန့်ထုတ်လိုက်ကာ ကျောက်ဟောင်၏ လက်ထဲမှ ပလတ်စတစ်အိတ်ကို လုယူ လိုက်လေသည်။ သူမသည် မျက်လုံးအား လှန်လျှက် ငိုသံပါကြီးဖြင့် ပြောလာခဲ့သည်။

"ရှင်းချန် အစ်မ မင်းကို အကူအညီတစ်ခုလောက် တောင်းလို့ရမလား"

"အရမ်းအေးလွန်းလို့လေ မင်းအိမ်မှာ အပူပေးစက် ရှိတယ်ဆိုတာ အစ်မ သိပါတယ် ဒါကြောင့် အစ်မရဲ့ ကလေးလေးကို မင်းအိမ်မှာ ခဏလောက် ထားထား ပေးလို့ ရမလား"

"အခု အစ်မ ကလေးလေး ကိုယ်တွေ ပူချစ်နေပြီ သူ့ကို ဝတ်ပေးစရာ အဝတ်အစားလည်း ထပ်မရှိတော့ဘူး အအေးပတ်ပြီး ဖျားနေတာပါ အစ်မမှာ တခြားရွေးချယ်စရာ လုံးဝမရှိတော့လို့ မင်းကို တောင်းဆိုရတာပါ အစ်မ ကလေးကို မင်းအိမ်မှာ ခဏလောက် ထားပေးပါနော် သူ ပြန်ကောင်းလာတာနဲ့ အစ်မ လာခေါ်ပါ့မယ် ရမလားဟင်"

ကျောက်ဟောင်မှာမူ သိသိသာသာ ဆွံ့အ သွားခဲ့ရတော့သည်။ အိမ်မှ ထွက်လာခဲ့စဉ်တွင် လီအန်းရန်သည် သူ့အား ဤအစီအစဉ်နှင့် ပတ်သက်၍ တစ်ခွန်းမျှ မပြောခဲ့ချေ။

All Chapters