← Chapters

မကောင်းသော ရည်ရွယ်ချက်များ

Vol. 5 Ch. 64

မကောင်းသော ရည်ရွယ်ချက်များ

Vol. 5 Ch. 64

ကျောက်ဟောင်သည် ဘေးတွင် ရပ်နေရင်း အလွန် နေရခက်နေမိလေသည်။ သူသည် ရှက်လွန်း၍ သေတော့မတတ်ပင် ဖြစ်နေခဲ့သည်။ လီအန်းရန် ရုတ်တရက် ဤသို့ လုပ်ရပ်မျိုး လုပ်လာမည်အား သူ မယုံကြည်နိုင်အောင် ဖြစ်ရလေသည်။ သူသည် ရဲ့ရှင်းချန်အား ကြိုတင်၍လည်း မပြောထားခဲ့ချေ။

ထို့အပြင် ရဲ့ရှင်းချန်သည် ဤအချိန်တွင် သူ၏ လက်ကျန် ဆေးအနည်းငယ်ထဲမှ အချို့ကိုပင် သူ့အား ပေးရန် ဆန္ဒရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းသည်ပင် ကြီးမားသော ကျေးဇူးတစ်ခု ဖြစ်နေပြီ ဖြစ်ရာ လီအန်းရန်မှ ရဲ့ရှင်းချန်အား သူမ၏ ကလေးကိုပါ ပြုစု စောင့်ရှောက်ပေးရန် အကူအညီ မည်သို့သော မျက်နှာဖြင့် တောင်းရဲလေသနည်း။

သူတို့နှစ်ဦး၏ အလယ်တွင် ညပ်နေသော ကျောက်ဟောင်မှာ မည်သို့ လုပ်ရမည်ကိုပင် မစဉ်းစားရသေးခင် ရဲ့ရှင်းချန်မှ အေးစက်စွာ ပြောလာခဲ့သည်။

"အဲဒါတော့ မသင့်တော်ဘူးထင်တယ် အစ်မအန်းရန် ကျွန်တော်က အရင်က ကလေးတစ်ခါမှ မရဖူးဘူး ကလေး တစ်ယောက်ကို ဘယ်လို ပြုစု စောင့်ရှောက် ရမလဲဆိုတာ ကျွန်တော် ဘယ်လိုလုပ် သိမှာလဲ အထူးသဖြင့် အခုလို ဖျားနေတဲ့ ကလေးကိုပေါ့"

"ဒါ့အပြင် ကျွန်တော့်အိမ်မှာ အပူပေးစက် ရှိတယ်ဆိုတာ ဟုတ်ပါတယ် ဒါပေမဲ့ ဒီလို ရာသီဥတုမျိုးမှာ အိမ်မှာ အပူပေးစက် ရှိရင်တောင် သိပ်ကြာကြာ အသုံးခံမှာ မဟုတ်ဘူးဆိုတာ အစ်မလည်း သိတာပဲလေ လျှပ်စစ်မီးက တစ်ရက်ကို တစ်နာရီ နှစ်နာရီလောက်ပဲ ရတယ်ဆိုတာ အစ်မ မသိတာမှ မဟုတ်တာ"

"ပြီးတော့ ကြည့်ပါဦး အကယ်၍ အစ်မ ကလေးက ကျွန်တော့်အိမ်မှာ နေရင်း တစ်ခုခု ဖြစ်သွားခဲ့ရင် ကျွန်တော် အစ်မကို ဘယ်လို ဖြေရှင်းချက် ပေးရမလဲ အဲဒါက ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်"

အနာဂတ်တွင် ရဲ့ရှင်းချန်မှ ကျောက်ဟောင်အား ပြောင်းရွှေ့ နေထိုင်ခွင့် ပြုမည် ဆိုလျှင်ပင် လီအန်းရန်အား ဝင်ခွင့်ပြုရန်မှာမူ လုံးဝ မဖြစ်နိုင်ချေ။

အကောင်းမြင်သည့် ဘက်မှ တွေးကြည့်မည်ဆိုလျှင် ကလေးအတွက်ဟု ဆိုနိုင်ပေသည်။ သို့သော် သူမ၏ ကလေးအား အမှန်တကယ် ချစ်သော မိခင်တစ်ဦးသည် ကလေး နေမကောင်းဖြစ်ကာ ဖျားနာနေချိန်တွင် သူစိမ်း တစ်ဦးအား ကိုယ်စား ပြုစု စောင့်ရှောက်ရန် ပစ်ထားခဲ့မည် ဆိုသည်မှာ မဖြစ်နိုင်ချေ။

ထို့ပြင် ဤအချိန်၌ သူမသည် ကလေးသူငယ် ပြုစုစောင့်ရှောက်မှု အတွေ့အကြုံ လုံးဝမရှိသော သူစိမ်း နှစ်ဦးထံသို့ နုနယ်လှသော ကလေးငယ် တစ်ဦးအား ပစ်ချထားခဲ့ခြင်း ဖြစ်ပေသည်။ သူမ၏ ကလေးအား သူတို့ သတ်စားသွားမည်ကို သူမ မကြောက်ပေဘူးလား။

ထို့ပြင် လီအန်းရန်သည် ကလေးအား ပြုစု စောင့်ရှောက်ပေးရန် အကြောင်းပြချက်ဖြင့် သူတို့ နှင့်အတူ ပြောင်းရွှေ့ နေထိုင်ရန် အစီအစဉ်ဆွဲနေခြင်း ဟုတ်မဟုတ် မည်သူက သိနိုင်လိမ့်မည်နည်း။ ရဲ့ရှင်းချန်၏ စကားအား ကြားသောအခါ ကျောက်ဟောင်သည် တဖြည်းဖြည်း သတိဝင်လာခဲ့သည်။ သူသည် မျက်မှောင်ကြုတ်လိုက် ပြီးနောက် လီအန်းရန်၏ လက်မောင်းအား ဆွဲကာ တီးတိုးပြောလိုက်လေသည်။

"ညီလေးရဲ့က ငါတို့ကို အများကြီး ကူညီပေးခဲ့ပြီးပြီ ဒါက သူ အရမ်း သဘောကောင်းတယ်ဆိုတာ ပြနေပြီလေ မင်း ဘာတွေ လျှောက်ပြောနေတာလဲ ဒီဆေးက အရမ်း အဖိုးတန်တာ ညီလေးရဲ့က ငါတို့ကို ဘာမှ မညည်းညူဘဲ အများကြီး ပေးလိုက်တာလေ ငါတို့ ပြန်ရောက်ရင် ကလေးကို စောင်တွေ ပိုခြုံပေးထားလိုက်မယ် ဒါဆို သူ မချမ်းတော့ဘူးပေါ့"

လီအန်းရန်သည် ကျောက်ဟောင်၏ လက်ထဲမှ ရုန်းထွက်လိုက်ကာ ခြေဆောင့်လိုက်လေသည်။ သူမသည် ရဲ့ရှင်းချန်၏ တံခါးဝတွင် ထိုင်ချလိုက်ပြီးနောက် မျက်ရည်များအား သုတ်ကာ အော်ပြောလိုက်လေသည်။

"ယောက်ျားဖြစ်တဲ့ ရှင်က ဘာသိလို့လဲ ရတနာလေးက ဒီလောက် ငယ်တဲ့ အရွယ်လေးပဲ ရှိသေးတာ ဒီလို အေးစက်နေတဲ့ ရာသီဥတုမှာ သူ သေသွားလိမ့်မယ်"

သူမသည် စကားပြောနေခြင်းအား ခေတ္တရပ်ကာ ရဲ့ရှင်းချန်ကို ကြည့်ပြီးနောက် ပြောလိုက်လေသည်။

"ရှင်းချန် အစ်မ တောင်းဆိုတာက အတော်လေး မသင့်တော်မှန်း အစ်မလည်း သိပါတယ် ဒါပေမဲ့ အစ်မမှာ မင်းကို တောင်းပန်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိလို့ပါ"

"မင်း သဘောကောင်းမှန်း အစ်မ သိလို့ အခုလို မျက်နှာပြောင်တိုက်ပြီး တောင်းပန်နေရတာပါ ရတနာလေး အတွက်ရော မင်းရဲ့ အစ်ကိုကျောက်အတွက်ပါ အစ်မ တောင်းပန်ပါတယ် ရတနာလေးကို မင်းအိမ်မှာ ခဏလောက် နေခွင့်ပြုပါနော်"

"စိတ်မပူပါနဲ့၊ အစ်မ မင်းကို အရမ်းကြာအောင် ဒုက္ခမပေးပါဘူး အစ်မက အဲဒီလောက် အသိဉာဏ်ကင်းမဲ့တဲ့သူ မဟုတ်ပါဘူး"

ဘေးမှ နားထောင်နေသော ကျောက်ဟောင်မှာ အလွန် စိုးရိမ်ပူပန် လာခဲ့တော့သည်။ သူသည် လက်လှမ်းကာ လီအန်းရန်အား မြေပြင်ပေါ်မှ ဆွဲထူရန် ပြင်လိုက်ကာ ပြောလိုက်လေသည်။

"မင်း ဘာတွေ ပြောနေတာလဲ ညီလေးရဲ့က ငါတို့ကို ဘာအကြွေးမှ တင်မနေဘူးကွ ပြောင်းပြန်ပြောရရင် ငါတို့ကတောင် ညီလေးရဲ့ကို အများကြီး ကျေးဇူးတင်ရဦးမှာ"

ရဲ့ရှင်းချန် သူ၏ လက်များအား ကုတ်အင်္ကျီ အိတ်ကပ်ထဲ ထည့်လျှက် တံခါးအား မှီရပ်လိုက်လေသည်။

ဤလီအန်းရန်သည် အမှန်တကယ်ပင် ရိုးရှင်းသူ မဟုတ်ပါချေ။ သူမ၏ ရည်မှန်းချက်များအား အောင်မြင်မှု ရရှိစေရန် အတွက် သူမ၏ ကျောထောက် နောက်ခံဖြစ်သော ကျောက်ဟောင်ကိုပင် ထုတ်သုံးလာခဲ့ခြင်း ဖြစ်သည်။

သူမသည် ကျောက်ဟောင်၏ ရိုးသားသော စရိုက်အား အမှန်တကယ် အခွင့်ကောင်း ယူနေခြင်း ဖြစ်ပေသည်။ ကျောက်ဟောင် ဒေါသထွက်သွားခဲ့ကာ သူမအား ဖယ်ထုတ်လိုက်မည်ကိုပင် သူမ မကြောက်ရွံ့ချေ။

"ဟူး ကျွန်တော်က သွေးအေးတဲ့လူ မဟုတ်ပါဘူး ဒါပေမဲ့ အစ်မအန်းရန် အစ်မရဲ့ ရတနာလေးကို ကျွန်တော့်အိမ်မှာ နေဖို့ဆိုတာ တကယ်ကို မသင့်တော်ပါဘူး"

"ကြည့်ပါဦး ကျွန်တော့်အိမ်မှာ ကလေးကို ဘယ်လို ပြုစု စောင့်ရှောက် ရမလဲဆိုတာ သိတဲ့သူ တစ်ယောက်မှ မရှိဘူး စီကျားက ဆရာဝန်ဖြစ်လို့ ရောဂါတွေကို ကုသ နိုင်တယ်ဆိုပေမယ့် သူလည်း ကလေးတွေကို ဘယ်လို ပြုစုရမလဲဆိုတာ မသိဘူးလေ"

"ပြီးတော့ အခု အပြင်ဘက်မှာ အခြေအနေ ဘယ်လိုရှိလဲဆိုတာ အစ်မလည်း သိတာပဲ ဘယ်သူ့ကိုမှ အိမ်ထဲ ပေးမဝင်ရဲဘူး"

"လူဘယ်လောက်များများက ကျွန်တော့်အိမ်ကို သိမ်းချင်နေကြလဲဆိုတာ အစ်မ မသိတာမှ မဟုတ်တာ ဟူး လူအများကြီးက ကျွန်တော့် အသက်ကို ယူချင်နေကြတာလေ ကျွန်တော် တကယ် ကြောက်လို့ တခြား ဘယ်သူ့ကိုမှ အိမ်ထဲ ပေးမဝင်ရဲတော့တာပါ"

"ကျွန်တော့်ကို အစ်မ နားလည် ပေးနိုင်မယ်လို့ ယုံကြည်ပါတယ် အစ်မအန်းရန် အစ်ကိုကျောက်လည်း ကျွန်တော့်ကို သေချာပေါက် နားလည်ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်"

ကျောက်ဟောင်သည် လီအန်းရန်၏ လက်မောင်းအား ဆုပ်ကိုင်ကာ မြေပြင်ပေါ်မှ ဆွဲထူလိုက်လေသည်။ သူသည် စိုးရိမ်ပူပန်လျှက် ဒေါသများလည်း ထွက်နေခဲ့ကာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီရဲနေခဲ့သည်။

"မင်း၊ မင်း ဆက်မပြောနဲ့တော့ ညီလေးရဲ့က ငါတို့အပေါ် အလုံအလောက် ကောင်းနေပြီကွ အခုအချိန်မှာ ဘယ်သူက ငါတို့ကို ဆေးပေးဖို့ ဆန္ဒရှိမှာမို့လို့လဲ တခြားသူတွေ ငါ့ကို ဘယ်လို ငြင်းပယ်ခဲ့ကြလဲဆိုတာ မင်း မမြင်တာကျနေတာပဲ ဒီလို အဓိပ္ပာယ်မရှိတဲ့ တောင်းဆိုမှုမျိုး ထပ်မလုပ်နဲ့တော့"

လီအန်းရန်သည် ကလေးကို ပွေ့ဖက်ထားဆဲ ဖြစ်ပေသည်။ သူမသည် နှုတ်ခမ်းအား ကိုက်ထားလိုက်ကာ မတရားခံရသည်ဟု ခံစားနေရလေသည်။ သို့သော် သူမသည် ကျောက်ဟောင်အား ပြန်လည် မချေပခဲ့ပေ။ ကျောက်ဟောင်အား မျက်ရည်များ ပြည့်နှက်နေသော မျက်လုံးများဖြင့်သာ စိုက်ကြည့်နေပြီး ပြောလိုက်လေသည်။

"ဒါပေမဲ့ ဒါပေမဲ့ သူက တခြားဘယ်သူ့ကိုမှ အိမ်ထဲ ပေးမဝင်ရဲဘူးလို့ ပြောပြီး လင်းစစ်ကျားကိုကျတော့ သူ့အိမ်မှာ ပေးနေသေးတယ်လေ"

"လင်းစစ်ကျားက ကျွန်တော့်ရဲ့ ချစ်သူကောင်မလေးလေ ကျွန်တော် သူ့ကို ဒီမှာ နေခွင့်ပြုတာ ဘာမှားနေလို့လဲ"

ရဲ့ရှင်းချန်မှ ရယ်စရာကောင်းသည်ဟု ထင်လိုက်မိသည်။

"နေခွင့်မပြုသင့်ဘူးလား"

ကျောက်ဟောင်မှာ အလွန် ရှက်ရွံ့လွန်းသဖြင့် မြေကြီးကို တူးကာ ကိုယ့်ကိုယ်ကိုယ် မြှုပ်ပစ်ချင်စိတ် ပေါက်သွားခဲ့ရသည်။ သူသည် အားကုန်သုံး၍ ဆွဲလိုက်ကာ လီအန်းရန်အား ခြေလှမ်း အနည်းငယ် အကွာသို့ ဖယ်ထုတ် လိုက်လေတော့သည်။

"တောင်းပန်ပါတယ် ညီလေးရဲ့ရာ သူနဲ့ အဆင့်တူ မသတ်မှတ်ပါနဲ့ အခုတစ်ခေါက် မင်းကူညီပေးခဲ့တာအတွက် အစ်ကို တကယ် ကျေးဇူးတင်ပါတယ်"

ရဲ့ရှင်းချန်သည် အပေါ်ထပ်တွင် ရပ်ကာ သူတို့ အချင်းချင်း ဆွဲငင် နေကြသည်သာ ကြည့်နေလိုက် လေတော့သည်။ သူ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားခဲ့သည်။

"ရပါတယ် အစ်ကိုကျောက် ဒီအချိန်ကြီးမှာ ကျွန်တော့်ကို အားနာမနေပါနဲ့ အိမ်နီးချင်းတွေဆိုတာ တစ်ယောက်ကို တစ်ယောက် ကူညီရမှာပဲလေ"

ကျောက်ဟောင်သည် လီအန်းရန်အား အနောက်သို့ ဆွဲခေါ်သွားခဲ့ကာ သူ၏ တိုးညင်း၍ ဒေါသထွက်နေသော အသံသည် ဆက်သွယ်ရေးစက် မှတစ်ဆင့် ရဲ့ရှင်းချန်၏ နားထဲသို့ ဝင်ရောက် လာခဲ့သည်။

"သွားစို့ သူတို့ကို ဒုက္ခထပ်မပေးနဲ့တော့ ညီလေးရဲ့က ငါတို့အပေါ် အလုံအလောက် ကောင်းနေပြီ အတင့်မရဲစမ်းပါနဲ့"

လီအန်းရန်သည် စိတ်မပါ့တပါဖြင့် ထွက်သွား ရလေတော့သည်။ သူမ လျှောက်သွားသည့် ခြေလှမ်းတိုင်းတွင် အနောက်သို့ သုံးကြိမ်တိုင်တိုင် လှည့်ကြည့်သွားပုံအား ကြည့်ကာ ရဲ့ရှင်းချန် တစ်ယောက် ရယ်မော နေလိုက်တော့သည်။

ခြောက်လွှာရှိ ဧည့်ခန်းသို့ ပြန်ရောက်သောအခါ ရဲ့ရှင်းချန်သည် တံခါးအား သော့ဖွင့် လိုက်ပြီးနောက် ကုတ်အင်္ကျီ နှင့်အတူ ဧည့်ခန်းထဲသို့ ဝင်လာခဲ့လေသည်။ ထိုအချိန်တွင် လင်းစစ်ကျားသည် မီးဖိုချောင်ထဲမှ ဟင်းပွဲများအား သယ်ဆောင်လျှက် ထွက်လာခဲ့သည်။

"ပြီးပြီလား။ ရှင် လာတာ အချိန်ကိုက်ပဲ ညစာ အဆင်သင့်ဖြစ်ပြီ လာ လက်ဆေးလိုက်ဦး"

ရဲ့ရှင်းချန် ခေါင်းညိတ်ပြလိုက်ကာ ကုတ်အင်္ကျီအား ဘေးတွင် ချထားလိုက်လေသည်။ သူသည် လက်အား ဆေးကြော ပြီးနောက် ရုတ်တရက် ထမင်းစားပွဲရှေ့တွင် ရပ်နေသော လင်းစစ်ကျားအား လှည့်ကြည့်လျှက် မေးလိုက်လေသည်။

"ညီမ ကြားလိုက်လား ဘယ်လိုထင်လဲ"

ရဲ့ရှင်းချန်သည် အောက်ထပ်သို့ ဆင်းသွားစဉ်တွင် ဤအထပ်ရှိ အသံပို့လွှတ်ရေး ကိရိယာအား သူ တမင် မပိတ်ဘဲ ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ခြောက်လွှာတွင် ရှိနေသော လင်းစစ်ကျား အနေဖြင့် ရဲ့ရှင်းချန်နှင့် ကျောက်ဟောင်တို့၏ စကားပြောသံများအား ရှင်းလင်းစွာ ကြားနိုင်ခဲ့ဟွမ်း ရှိခဲ့သည်။

"လီအန်းရန်ဆီမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်လို့ ကျွန်မ ခံစားရတယ်"

လင်းစစ်ကျားမှ မျက်မှောင် ကြုတ်လိုက်မိသည်။ လင်းစစ်ကျား အနေဖြင့် အဘယ်ကြောင့် ပြောင်းရွှေ့နေထိုင်နိုင်သနည်း ဟူသော လီအန်းရန်၏ မေးခွန်းကိုလည်း သူမ ကြားလိုက်ရလေသည်။

သူမ မျှော်လင့်ထား သည့်အတိုင်းပင် သူမ၏ နေရာအား အစားထိုးချင်သည့် အမျိုးသမီး အများအပြား ရှိနေခဲ့သည်။ သို့သော် အခြားတစ်ဦးနှင့် ပတ်သက်နေပြီ ဖြစ်သော လီအန်းရန်မှ ဤသို့သော အတွေးမျိုး ရှိနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။

"သူလည်း ဒီကို ပြောင်းလာချင်နေတာ ကလေးကို အကြောင်းပြပြီး ဒီအိမ်မှာ ဝင်နေချင်နေတာပဲ"

"ဟုတ်တယ် ဒီမိန်းမရဲ့ အတွေးတွေက မရိုးသားဘူး ဒါပေမဲ့ ကျောက်ဟောင်က လူကောင်းတစ်ယောက်ပါ လီအန်းရန် ပြန်ရောက်သွားရင် ကျောက်ဟောင်နဲ့ ကိုယ့်ကြား သွေးကွဲသွားအောင် အိပ်ရာပေါ်မှာ ဖျက်လိုဖျက်ဆီး စကားတွေများ ပြောမလားပဲ"

ကျောက်ဟောင်သည် ရဲ့ရှင်းချန်မှ မိမိ ဘက်ပါအောင် သိမ်းသွင်းချင်နေသည့် သူတစ်ဦး ဖြစ်ပေသည်။ သူ၏ အနာဂတ် အစီအစဉ်များအား လီအန်းရန်က ဝင်ရောက် ဖျက်ဆီးမည်ကို သူ အလိုမရှိချေ။ ရဲ့ရှင်းချန် စိတ်ထဲမှ တွေးလိုက်လေတော့သည်။

‘ငါ ဒီမိန်းမကို ပိုပြီး သတိထားမှ ဖြစ်တော့မယ်’

All Chapters