← Chapters

အခန်း (၆၅)

Vol. 5 Ch. 65

အခန်း (၆၅)

Vol. 5 Ch. 65

ကျောက်ဟောက်သည် လီအန်းရန်အား အိမ်သို့ အတင်း ဆွဲခေါ်လာခဲ့တော့သည်။ တံခါးပိတ်သွားသည်နှင့် တပြိုင်နက် သူသည် လက်အား ခါရမ်းလိုက်ကာ ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။

"မင်းကိုမင်း ကြည့်စမ်း မင်းကတော့လေ ခုနက ဘာစကားတွေ ပြောခဲ့တာလဲ"

"ညီလေးရဲ့က ငါတို့အပေါ် ဒီလောက် ကောင်းနေတာကို မင်းက ဘာလို့ သူ့ကို ကလေးပါ ကြည့်ပေးဖို့ ပြောရဲနေရသေးတာလဲ"

"ညီလေးရဲ့ ဖြစ်နေလို့ တော်သေးတာပေါ့ မဟုတ်ရင် ငါတို့ ဒီဆေးကို ရနိုင်မှာတောင် မဟုတ်ဘူး အပြင်ဘက်မှာ ဘယ်လောက်တောင် ရှုပ်ထွေးနေလဲ မင်းမသိဘူးလား ညီလေးရဲ့ကို မပြောနဲ့ ငါတောင် အခု အပြင် မထွက်ရဲဘူး တံခါးဖွင့်လိုက်တာနဲ့ လူကိုတွေ့မလား ဘီလူးကို တွေ့မလားဆိုတာ ဘယ်သူသိနိုင်မှာလဲ မင်းက ညီလေးရဲ့ဆီက ဆေးကို ယူပြီးတော့တောင် ထပ်ပြီး တောင်းဆို နေသေးတယ် မင်း မရှက်ဖူးလား"

လီအန်းရန်သည် အိမ်ထဲသို့ဝင်ကာ ကလေးအား ပွေ့ချီထားလျက် ကုတင်ဘေးတွင် စကားတစ်ခွန်းမျှ မဟဘဲ ထိုင်နေခဲ့သည်။

ကျောက်ဟောက်သည် ဒေါသထွက်လွန်း၍ ခြေစောင့်မိမတတ် ဖြစ်နေသော်လည်း မည်သည့် ကြမ်းတမ်းသော စကားကိုမျှ မပြောထွက်ခဲ့ချေ။ လီအန်းရန်သည် ဆေးအား ဖောက်ကာ ရတနာလေး အား တိုက်ကျွေးရန် ဇွန်းဖြင့် ခပ်ယူနေသည်ကို သူ မြင်လိုက်ရလေသည်။ ထို့နောက် သူမသည် အင်္ကျီကြယ်သီးများအား ဖြုတ်ကာ ရတနာလေးအား မိခင်နို့ တိုက်ကျွေး လေတော့သည်။ ထိုအခါမှသာ ကျောက်ဟောက်၏ မျက်နှာထား အနည်းငယ် ပြေလျော့ သွားခဲ့ခြင်းတော့သည်။

လီအန်းရန်သည် အလွန်ပါးနပ်လှသော မိန်းမ တစ်ယောက်သည်။ သူမသည် ကျောက်ဟောက်နှင့် အချေအတင် မငြင်းခုံခဲ့ချေ။ ရတနာလေး၏ ကျောလေးအား ညင်သာစွာ ပုတ်ပေးရင်း အသံချိုချိုလေးဖြင့် ဆိုသည်။

"ညီမက ရတနာလေး အတွက် လုပ်ခဲ့တာ မဟုတ်ဘူးလား အစ်ကိုလည်း သိသားနဲ့ ရတနာလေးနဲ့ ညီမနဲ့က တစ်ယောက်ကို တစ်ယောက် အားကိုးလာခဲ့ရတာ အကြာကြီးရှိပြီ ရတနာလေး တစ်ခုခု ဖြစ်သွားရင် ညီမ ဘယ်လိုလုပ် အသက်ဆက်ရှင်နိုင်တော့မှာလဲ"

စကားပြောနေစဉ်မှာပင် သူမ၏ ပါးပြင်ပေါ်သို့ မျက်ရည်စက်အချို့ စီးကျလာခဲ့သည်။ လီအန်းရန်သည် ကျောက်ဟောက်အား နာကြည်း ဝမ်းနည်းဟန်ဖြင့် မော့ကြည့် လိုက်လေတော့သည်။

ကျောက်ဟောက်သည် သက်ပြင်းရှည်ကြီး တစ်ခုအား ချလိုက်မိသည်။ သူသည် ကုတင်ဆီသို့ လျှောက်သွားလိုက်ကာ သားအမိ နှစ်ယောက်အား စောင်ထူထူကြီးဖြင့် လွှမ်းခြုံပေးလိုက်တော့သည်။ သူ၏ နှလုံးသားမှာ နူးညံ့သွားခဲ့လေပြီ ဖြစ်သည်။

"ဟူး မင်းဆိုလိုတာကို ကိုယ် နားလည်ပါတယ် ဒါပေမယ့် မင်းက ဟူး လူဆိုတာ ကျေးဇူးသိ တတ်ရမယ်လေ"

ရဲရှင်းချန်မှ သူ့ကို သုံးကြိမ်တိုင်တိုင် မည်သို့ ကူညီခဲ့ကြောင်းကို ပြန်လည်၍ အမှတ်ရလာခဲ့ကာ ကျောက်ဟောက်သည် သူ၏ပေါင်အား ပြင်းပြင်းထန်ထန် ရိုက်ချလိုက်တော့သည်။

"ညီလေးရဲ့သာ မရှိရင် ကိုယ့်အိမ်က ပစ္စည်းတွေ ကုန်တော့မယ်ဆိုတာကို ကိုယ် သတိထားမိမှာ မဟုတ်သလို ထပ်ဖြည့်ဖို့ကိုလည်း စဉ်းစားမိမှာ မဟုတ်ဘူး စားစရာတွေ ဒီလောက်အများကြီး သယ်လာဖို့ သတိပေးခဲ့တာကလည်း ညီလေးရဲ့ပဲလေ ဒါတွေအားလုံးက ညီလေးရဲ့ ကျေးဇူးတွေချည်းပဲ သူ့ဆီက အကြံဉာဏ်တွေသာ မရခဲ့ရင် ကိုယ် အခုအချိန် အထိတောင် အသက်ရှင်နိုင်ပါ့မလား မသိဘူး"

သို့သော် ဤအချိန်တွင် လီအန်းရန်၏ အသံခပ်သဲ့သဲ့ ထွက်ပေါ်လာခဲ့သည်။

"တကယ်တော့ အစ်ကို ရဲရှင်းချန်ကို ဒီလောက်ထိ ကျေးဇူးတင်နေစရာ မလိုဘူးလို့ ညီမ ထင်တယ်"

"စဉ်းစားကြည့်လေ အဲဒီပစ္စည်းတွေကို အစ်ကို ကိုယ်တိုင် သွားဝယ်ခဲ့တာပဲလေ သူက သတိမပေးရင်တောင် အစ်ကို အစောကြီး မဟုတ်တောင် နောက်ပိုင်းတော့ ဝယ်ဖြစ်မှာပဲမလား"

"ကျန်းရီအိမ်ကနေ ကျွန်မတို့ယူလာတဲ့ ပစ္စည်းတွေကျတော့ရော ဟက် အဲဒါတွေက ကျန်းရီအိမ်က ယူလာတာဆိုတာ အစ်ကိုလည်း သိသားပဲ အဲဒါတွေက ရဲရှင်းချန်ရဲ့ ပစ္စည်းတွေမှ မဟုတ်တာ အဲဒီတော့ သူ့ကို ကျေးဇူးတင်စရာ ဘာအကြောင်းရှိလို့လဲ"

"ဒါ့အပြင် ခုနက သူပြောတဲ့စကားတွေကို အစ်ကို မကြားလိုက်ဘူးလား အစ်ကိုကတော့ သူ့ကို ကျေးဇူးရှင်တစ်ယောက်လို သဘောထားနေတာ ဒါပေမယ့် သူက အစ်ကို့ကို အိမ်ထဲတောင် အဝင်မခံဘူး ကျွန်မတို့ကို သူခိုးတွေလို သတိထားနေတာ"

ကျောက်ဟောက်သည် မှင်တက်သွားခဲ့ကာ ဒေါသများ ပြန်ထွက်လာခဲ့သည်။

"မင်း ဘာတွေ လျှောက်ပြောနေတာလဲကွ "

လီအန်းရန်မှ မကျေမနပ်ဖြစ်ဟန်ဖြင့် ဆက်ပြောလိုက်လေသည်။

"ဟုတ်တယ်မလား ခုနက သူ တံခါးဖွင့်ပေးဖို့တောင် ဆန္ဒမရှိဘူးလေ ဧည့်သည်တွေကို ဘယ်သူက ဒီလို ဆက်ဆံဖူးလို့လဲ အိမ်ထဲဝင်ထိုင်ဖို့ လက်ဖက်ရည် တစ်ခွက်လောက် သောက်ဖို့တောင် မဖိတ်ဘူး"

"ပြီးတော့ ဆေးကိုလည်း အပေါ်ထပ်ကနေ ပစ်ချပေးလိုက်တာ သူ့ မျက်နှာကိုတောင် ပြမသွားဘူး ဒါက ကျွန်မတို့ကို သူခိုးတွေလို သတိထားနေတာ မဟုတ်ဘူးလား"

လီအန်းရန်မှ နှုတ်ခမ်းစူလျှက် ပြောလိုက်သည်။

"သူ့အိမ်ကို လုယက်ပြီး သူ့အသက်ကို ရန်ရှာချင်နေတဲ့သူတွေ အများကြီး ရှိတယ်လို့တောင် သူပြောသေးတယ် သူဆိုလိုတာက ကျွန်မတို့ကို လက်ညှိုးထိုးပြီး ဆဲဆိုနေတာပဲလေ"

"မင်း ဘာတွေ လျှောက်ပြောနေတာလဲ"

ကျောက်ဟောက်သည် အလွန်ဒေါသထွက် သွားခဲ့တော့သည်။

"သူ မင်းအပေါ် ကောင်းခဲ့တာတွေက ဘာအသုံးကျတော့လို့လဲ"

လီအန်းရန်မှ တည်ငြိမ်စွာပင် သူမ၏ ထိုင်ဟန်အား ပြင်လိုက်ကာ ဆက်ပြောပြန်သည်။

"ညီမ လျှောက်ပြောနေတာ မဟုတ်ပါဘူး သူ အစ်ကို့ကို ကူညီခဲ့တာ မှန်ပေမယ့် တန်ဖိုးရှိတဲ့ ဘယ်အရာကိုမှ ထုတ်မပေးခဲ့ဘူးလို့ ခံစားရတယ် ဒီဆေးကို ကြည့်လေ သိပ်တန်ဖိုးရှိတာမှ မဟုတ်တာ"

"အစ်ကိုက အရမ်းရိုးသားလွန်းတယ် ရဲရှင်းချန်က အစ်ကို့ကို ကျေးဇူး အသေးအမွှားလေးတွေ ပြုပြီး နောင်ကျရင် အစ်ကို့ဆီကနေ အကျိုးအမြတ် ထုတ်ဖို့ ကြံစည်နေတာလည်း ဖြစ်နိုင်တာပဲ"

လီအန်းရန်သည် ကျောက်ဟောက်အား စိုက်ကြည့် လိုက်တော့သည်။

"အဲဒီလောက် မမိုက်မဲစမ်းပါနဲ့ သူက တန်ဖိုးမရှိတဲ့ ဆေးပြားလေး နည်းနည်း ပေးလိုက်တာနဲ့ အစ်ကိုက တခြားသူတွေ အတွက် ကိုယ့်အသက်ကိုတောင် ပေးပြီး ကိရိယာတစ်ခုလို အသုံးတော်ခံနေတယ် ညီမ ထင်တာကတော့ ရဲရှင်းချန်က သူ့ပစ္စည်းတွေကို လုယူဖို့ ကြိုးစားနေတဲ့ သူတွေကို အများကြီး မြင်ဖူးထားလို့ နေမှာ အခုတော့ အဲဒီလူတွေကို ရင်ဆိုင်ရာမှာ အစ်ကို့ကို အားကိုးလို့ရအောင် တမင်သက်သက် အကျိုးခံစားခွင့်လေး နည်းနည်း ပေးထားတာပဲ ဖြစ်ရမယ်"

"သူ့လို လူက ဘယ်လိုလုပ် လူကောင်းဖြစ်မှာလဲ လူကောင်းဆိုရင် အိမ်နီးချင်းတွေကို ဒီလောက်အများကြီး သတ်ပါ့မလား ရဲရှင်းချန်ရဲ့ လုပ်ရပ်တွေ အကြောင်း သူတို့ ပြောနေကြတာကို ညီမ အများကြီး ကြားဖူးတယ် အို သူက တကယ့်ကို ရက်စက်တဲ့သူပဲ"

"ညီမ အမြင်ကတော့လေ သူ ငါတို့ကို သူ့အိမ်မှာ ပေးမနေသရွေ့တော့ သူ့မှာ စေတနာကောင်း ရှိတယ်ဆိုတာကို ညီမ မယုံဘူး"

"ဒါ့အပြင် သူ့အိမ်က ခုနစ်ထပ်တောင် ရှိတာလေ အဲဒီလောက်ကြီးတဲ့ အိမ်ကြီးမှာ လူနှစ်ယောက်တည်း နေတာက အရမ်းနှမြောစရာ ကောင်းတယ် သူ့အိမ်က အကျယ်ကြီးပဲ ငါတို့ သုံးယောက် ပြောင်းနေလည်း ကိစ္စမရှိပါဘူး ဘာလို့ မရရမှာလဲ"

(** မင်မင်တော့ ဆဲချင်နေပြီ ဘယ်လို စကားလုံး သုံးရမယ်တောင် မသိတော့ဖူး **)

"တော်လိုက်တော့"

လီအန်းရန်၏ စကားမဆုံးမီမှာပင် ကျယ်လောင်လှသော အော်ဟစ်သံ တစ်သံမှ သူမ၏ စကားအား ဖြတ်တောက် လိုက်လေသည်။ ကျောက်ဟောက်၏ မျက်နှာသည် ဝက်အသည်းကဲ့သို့ နီရဲနေခဲ့ပြီ ဖြစ်သည်။ သူက လီအန်းရန်အား စိုက်ကြည့်လိုက်လေရာ ကလေးနို့ တိုက်နေသော လီအန်းရန်အား လန့်ဖျပ်သွားစေခဲ့သည်။

ရတနာလေး၏ ပါးစပ်လေးသည် ရုတ်တရက် ဟသွားသဖြင့် ကလေးငယ်သည် လီအန်းရန်၏ ရင်ခွင်ထဲတွင် လက်ခြေများ ယက်ကန်ယက်ကန်ဖြင့် ကျယ်လောင်စွာ ငိုကြွေးတော့သည်။

လီအန်းရန်သည် အလျင်အမြန်ပင် ရတနာလေးအား ပြန်လည်၍ နို့တိုက်လိုက်ပြီးနောက် ကျောလေးအား ညင်သာစွာ ပုတ်ပေးလိုက်တော့သည်။

"ကြည့်စမ်းပါအုန်း ဘာလို့ ဒီလောက် ကြမ်းတမ်းနေရတာလဲ အစ်ကို့ကြောင့် ရတနာလေး လန့်ပြီး ငိုနေပြီ ဟူး ညီမကို စိတ်မဆိုးပါနဲ့ ညီမက အစ်ကို့ ကောင်းကျိုး အတွက် ပြောနေတာပါ အစ်ကိုက အရမ်းရိုးသားလွန်းတယ်"

ကျောက်ဟောက်သည် လီအန်းရန်အား အေးစက်စွာ စိုက်ကြည့် လိုက်တော့သည်။

"နောက်နောင် အဲဒီလိုစကားမျိုး ထပ်မပြောနဲ့ ငါ နားမထောင်ချင်ဘူး"

"သူ ရဲရှင်းချန်က ငါ့အပေါ် ကျေးဇူးရှိတဲ့သူကွ ခုနက မင်းလုပ်သလိုမျိုး ငါက သူ့ကို မသင်္ကာဖြစ်ပြီး သံသယဝင်နေမယ်ဆိုရင် ငါ လူဖြစ်နေသေးတယ်လို့ ပြောလို့ရမလားကွ "

"ရတနာလေးကို ဂရုစိုက်လိုက် ငါ ထမင်းသွားချက်တော့မယ်"

ကျောက်ဟောက်သည် နှာခေါင်းရှုံ့လိုက်ပြီးနောက် မီးဖိုချောင်ထဲသို့ ပြေးဝင်သွားတော့သည်။ သူသည် ရိုးသား ဖြောင့်မတ်သော်လည်း လူမိုက် တစ်ယောက်တော့ မဟုတ်ပေ။ ထို့အပြင် အကောင်းနှင့်အဆိုးအား မခွဲခြားတတ်သော လူမိုက်တစ်ယောက်လည်း မဟုတ်ချေ။

ကျောက်ဟောက်သည် ရဲရှင်းချန်မှ သူ့အား ကူညီခြင်းတွင် ရည်ရွယ်ချက် တစ်ခုခု ရှိရမည်ဆိုသည်ကို သေချာပေါက် သိလေသည်။ သို့သော်လည်း တရားမျှတစွာ တွေးကြည့်လျှင် ရဲရှင်းချန်သည် သူ့အတွက် ဆွေမကင်း မျိုးမစပ် သူစိမ်း တစ်ယောက်မျှသာ ဖြစ်ပေသည်။

ဤအချိန်၌ ရဲရှင်းချန် အတွက်ပင် အလွန်ခက်ခဲနေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ရဲရှင်းချန်သည် သူ့အား စားစရာများ ပိုမို၍ စုဆောင်းနိုင်ရန် အတွက် အထူးတလည် သတင်းစကားပါးခဲ့သေးသည်။ ဤကျေးဇူးတရားသည်ပင် အလွန်ကြီးမားနေပြီ ဖြစ်သည်။

လောကတွင် အကြောင်းမဲ့ ကူညီခြင်းဆိုသည်မှာ မရှိပေ။ ကျောက်ဟောက်သည် လုံခြုံရေး အစောင့် အဖြစ် ဆယ်နှစ်ကျော် လုပ်ကိုင် လာခဲ့သူဖြစ်လေရာ ဤအမှန်တရားအား ကောင်းစွာ နားလည်ထားပြီး ဖြစ်သည်။ သူ၏ အသက်သုံးဆယ်ကျော် အရွယ်သည် အချည်းနှီး နေထိုင်လာခဲ့ခြင်း မဟုတ်ချေ။

ရဲရှင်းချန်သည် ရပ်ကွက်ထဲမှ နေထိုင်သူ တစ်ဦးဖြစ်ကာ ကျောက်ဟောက်မှာ လုံခြုံရေးအစောင့် တစ်ဦးမျှသာ ဖြစ်လေသည်။ ရဲရှင်းချန်တွင် သူ့အား ကူညီရန် မည်သည့် တာဝန်ဝတ္တရားမှ မရှိပေ။

လီအန်းရန်သည် ဤတစ်ကြိမ်တွင် ကျောက်ဟောက် အမှန်တကယ် ဒေါသထွက်နေပြီဆိုသည်ကို သိလိုက်သဖြင့် သူမ၏ ပါးစပ်အား လိမ္မာစွာ ပိတ်ထားလိုက်တော့သည်။ သို့သော်လည်း သူမ ပါးစပ်အား ပိတ်ထားသော်ငြား၊ ရဲရှင်းချန်၏ အိမ်ကိုတော့ မှတ်မိနေဆဲပင် ဖြစ်သည်။

လင်းစစ်ကျားဆိုသည့် ရိုးရိုးရှင်းရှင်း မိန်းမတစ်ယောက်အား သူမ မြင်ဖူးခဲ့ဖူးလေသည်။ လင်းစစ်ကျားမှ အလှပြင်ထားသည်အား သူမ တစ်ခါမှ မမြင်ဖူးခဲ့ချေ။ အပြင်ထွက်ချိန်တွင် လင်းစစ်ကျားသည် မိန်းမဆန်သော အသွင်အပြင်မျိုး လုံးဝမရှိဘဲ ဝတ်စားထားသည်ကို မြင်ရသောအခါ လီအန်းရန်သည် သူမကိုယ်သူမ လင်းစစ်ကျားထက် နိမ့်ကျသည်ဟု မခံစားရချေ။

ကလေးမွေးထားပြီး ဖြစ်သော်လည်း လီအန်းရန်သည် ငယ်ရွယ်သေးကာ သူမ၏ ခန္ဓာကိုယ် အချိုးအစားမှာလည်း အလွန် ကောင်းမွန်စွာ ပြန်လည်၍ ကျစ်လျစ် လာခဲ့သည်။ နေ့စဉ် အသားအရေ ထိန်းသိမ်းမှုကိုလည်း သူမ ဂရုစိုက်ခဲ့သည်။ လီအန်းရန်သည် လင်းစစ်ကျားထက် သူမကိုယ်သူမ ပို၍ ဆွဲဆောင်မှု ရှိသည်ဟုပင် ခံစားရမိလေသည်။

သူမ၏ စိတ်ထဲတွင် တွေးတောနေမိသည်။ ရဲရှင်းချန်မှ သူမအား ငြင်းပယ်ခဲ့ရသည့် အကြောင်းရင်းမှာ ကျောက်ဟောက်မှ သူမဘေးတွင် ရပ်နေသောကြောင့် ဖြစ်မည်၊ ထို့ကြောင့် ရဲရှင်းချန် သဘောမတူနိုင်ခြင်း ဖြစ်မည်ဟု သူမ ထင်မြင်မိခြင်း ဖြစ်သည်။

လီအန်းရန်သည် ရင်ခွင်ထဲရှိ ရတနာလေးအား ငုံ့ကြည့်လျှက် နှုတ်ခမ်းအား စေ့လိုက်လေသည်။ သူမ တိတ်တဆိတ် ဆုံးဖြတ်ချက် ချလိုက်တော့သည်။ မည်သည့် နည်းလမ်းအား သုံးရသည် ဖြစ်စေ သူမသည် ပိုကောင်းသော ဘဝတစ်ခုတွင် ရအောင် နေထိုင်ရမည် ဟူ၍ ဖြစ်သည်။

All Chapters