အခန်း (၆၆)
Vol. 5 Ch. 66
ညဉ့်နက်လာခဲ့ပြီ ဖြစ်သည်။ ညစာစားပြီးနောက် ရေချိုးအပြီးတွင် ရဲရှင်းချန်သည် အပေါ်ဆုံးထပ်ရှိ ပြင်သစ်စတိုင် မှန်ပြတင်းပေါက် ရှေ့တွင် ထိုင်ကာ ပြတင်းပေါက်၏ အပြင်ဘက်သို့ ငေးကြည့်နေခဲ့သည်။ ကျယ်ပြောလှသော ဖြူလွှလွှ မြင်ကွင်းကြီးအား မီးခိုးရောင် အကွက်တစ်ခုမှ လွှမ်းခြုံ ထားလေသည်။
နှင်းများ ဆက်တိုက် ကျနေသည်မှာ ရက်ပေါင်း ၂၀ ကျော် ရှိပြီ ဖြစ်သည်။ တရားဝင် သတင်းဌာနများပင် ပြိုလဲစပြုနေခဲ့ပြီ ဖြစ်သည်။ နှင်းများ မည်သည့်အချိန်တွင် ရပ်တန့်မည်အားလည်း မည်သည့် ကျွမ်းကျင်ပညာရှင်ကမျှ ထွက်၍ မခန့်မှန်းနိုင်ကြချေ။
ကမ္ဘာကြီးသည် ရုတ်တရက် ရပ်တန့်သွားသကဲ့သို့ ဖြစ်နေခဲ့ကာ ပြင်ပကမ္ဘာနှင့် ဆက်သွယ်နိုင်ရန် အတွက် အားနည်းလှသော လိုင်းများကိုသာ အားကိုး နေရတော့သည်။
ရုတ်တရက်၊ ရဲရှင်းချန်သည် အဝေးဆီမှ နှင်းများထဲတွင် တစ်စုံတစ်ခု လှုပ်ရှားနေသည်အား မြင်လိုက်ရသလို ခံစားလိုက်ရသည်။ သူသည် နှင်းများအား အချိန်ကြာမြင့်စွာ စိုက်ကြည့်နေမိ၍ နှင်းကန်းသလို ဖြစ်သွားသည်ဟုသာ ထင်လိုက်မိသည်။ သူသည် မျက်လုံးများအား ပွတ်သပ်ကာ မတ်တတ်ရပ်လိုက်ပြီးနောက် အခန်းထဲသို့ ပြန်ဝင်ကာ ကုတင်ပေါ်တွင် လှဲလျောင်း နေလိုက်လေသည်။
အချိန်မှာ အတော်ပင် ညဉ့်နက်နေခဲ့ပြီ ဖြစ်သည်။ ဖုန်းစခရင်ပေါ်ရှိ အချိန်အရ ဆယ့်တစ်နာရီ ကျော်လွန်နေပြီ ဖြစ်ကာ ဆယ့်နှစ်နာရီပင် ထိုးတော့မည် ဖြစ်သည်။
အစောပိုင်းတွင် ရဲရှင်းချန် မြင်ခဲ့သော ခုံးခုံးလေးသည် ယခုအခါ နက်ရှိုင်းသော တွင်းကြီးတစ်ခု ဖြစ်သွားခဲ့ပြီ ဖြစ်ကာ လေလုံသော အလုပ်သမား ဝတ်စုံများအား ဝတ်ဆင်ထားသည့် လူ ဆယ်ယောက်ကျော်သည် ထိုတွင်းထဲမှ တွားသွား၍ ထွက်လာ ကြကုန်တော့သည်။ သူတို့တစ်ယောက်စီတိုင်းတွင် တူးရွင်းပြားကြီးများ ကိုင်ဆောင်ထားကြကာ သံချောင်းများနှင့် ပုဆိန်များကိုပင် ကိုင်ဆောင် ထားကြသေးသည်။
"သွားကြစို့ ရှေ့လေးတင်ပဲ"
သူတို့သည် နှာခေါင်းစည်းများ၏ နောက်မှနေ၍ အချင်းချင်း အကြည့်ချင်း ဖလှယ်ကြပြီးနောက် နှင်းများထဲတွင် ဆက်လက်၍ တူးဆွနေကြတော့သည်။
မည်သို့ပင်ဆိုစေ သူတို့သည် ပါးနပ်ကြပေသည်။ အကယ်၍ နှင်းများထဲတွင် ရုတ်တရက် လမ်းလျှောက်သွားပါမူ ရပ်ကွက်ထဲရှိ အခြားအိမ်ရှင်များမှ သေချာပေါက် တွေ့ရှိသွားပေလိမ့်မည်။ ယနေ့ညတွင် သူတို့၏ ပစ်မှတ်မှာ အလွန်ပင် ရှင်းလင်းလှပေသည်။ သူတို့သည် ရဲရှင်းချန်၏ နေအိမ်ဆီသို့ တိုက်ရိုက် ဦးတည်နေကြခြင်း ဖြစ်သည်။
နှင်းများအား တူးဖော်လိုက်လေရာ ရှည်လျားသော လမ်းကြောင်း တစ်ခုသည် ပထမထပ်ရှိ ရဲရှင်းချန်၏ အိမ်တံခါးဝဆီသို့ တိုက်ရိုက် ဦးတည် သွားတော့သည်။
"တက်သွားလိုက်"
ခေါင်းဆောင်ဖြစ်သူမှ လက်ယပ်ခေါ်လိုက်လေရာ လူတစ်စုသည် မြေပြင်ပေါ်ရှိ နူးညံ့သော နှင်းများပေါ်တွင် စနစ်တကျ ခြေလှမ်းများဖြင့် မြဲမြံသွားသည်အထိ နင်းချေလိုက်ကြတော့သည်။
"ဖက်တီးဝမ် လာပြီး တံခါးဖွင့်လိုက်"
ခေါင်းဆောင်ဖြစ်သူမှ လက်ယပ်၍ ခေါ်လိုက်ကာ လေသံတိုးတိုးဖြင့် အော်ပြောလိုက်လေသည်။ အိတ်တစ်လုံး လွယ်ထားသော လူ ခပ်ဝဝ တစ်ယောက်သည် လူအုပ်ထဲမှ လျှောက်ထွက် လာခဲ့သည်။
သူသည် နှင်းများအား နင်းကာ ဆောင့်ကြောင့် ထိုင်လိုက်လေသည်။ ကျောပိုးအိတ်အား ရှေ့တွင် ချထားပြီးနောက် နှာခေါင်းစည်းအား ဖြတ်၍ သူ၏လက်များပေါ်သို့ တံတွေး နှစ်ကြိမ် ထွေးချလိုက်တော့သည်။
"နည်းနည်း နောက်ဆုတ်နေကြ စောင့်ကြည့်နေ"
သူသည် ကျောပိုးအိတ်ဇစ်အား ဖွင့်လိုက်ပြီးနောက် အနက်ရောင်၊ အဝါရောင် လေးထောင့်ပုံ အဝိုင်းပုံ စသည့် ကိရိယာမျိုးစုံအား အလျင်အမြန် ထုတ်ယူလိုက်လေသည်။
ဆယ်မိနစ်အကြာတွင် သူသည် မတ်တတ်ရပ်လိုက်ပြီး နောက်သို့ ပြေးထွက်သွားခဲ့သည်။ အခြားသူများကလည်း သူ၏နောက်မှ အလျင်အမြန် လိုက်ပါသွားကြတော့သည်။
"ဝုန်း"
ကောင်းကင်နှင့် မြေကြီးအား တုန်လှုပ်သွားစေသော ပေါက်ကွဲသံကြီးသည် တစ်ရပ်ကွက်လုံးအား ပဲ့တင်ထပ် သွားစေခဲ့သည်။ ရဲရှင်းချန်နှင့် လင်းစစ်ကျားတို့ အပါအဝင် လူတိုင်းသည် ပေါက်ကွဲသံကြောင့် အိပ်မက်ထဲမှ လန့်နိုးသွားကြကုန်တော့သည်။
ပေါက်ကွဲမှုသည် ဒုတိယထပ်ရှိ သူ၏ အိမ်တံခါးဝတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပေသည်။ သူ၏ ကုတင်ကြီးပင် တုန်ခါသွားသည်အား သူ ခံစားလိုက်ရလေသည်။ သူ၏ နားများ အူသွားစဉ်တွင် သူသည် မျက်မှောင်ကြုတ် လိုက်မိလေသည်။
ရဲရှင်းချန်သည် ချက်ချင်း လှည့်ကာ သူ၏ ညအိပ်ဝတ်ရုံအား တင်းကျပ်စွာ ပတ်ထားလိုက်ပြီးနောက် သူ၏ နေရာလွတ် ထဲမှ ပစ္စတိုသေနတ်အား ထုတ်ယူလိုက်တော့သည်။ ထို့နောက် အခန်းထဲရှိ လုံခြုံရေး ကင်မရာများအား ဖွင့်ကြည့် စစ်ဆေးလိုက်သည်။
ဆဋ္ဌမထပ်မှ ပထမထပ်အထိ ဘေးကင်း လုံခြုံနေသေးပေသည်။ တစ်စုံတစ်ယောက် ဖောက်ထွင်း ဝင်ရောက်လာမည့် လက္ခဏာမျိုး မတွေ့ရချေ။
လင်းစစ်ကျားဘက်ရှိ လုံခြုံရေးကင်မရာအား ကြည့်လိုက်လေရာ လင်းစစ်ကျားသည် ကုတင်ပေါ်မှ အထိတ်တလန့် ထလာ ပြီးနောက် လက်နှစ်ဖက်ဖြင့် ခေါင်းအားအုပ်ကာ စားပွဲအောက်သို့ ကပျာကယာ ဝင်ပုန်းနေသည်ကို သူ မြင်တွေ့လိုက်ရလေသည်။
အိမ်ထဲတွင် သူတို့ ဘေးကင်းနေသည်အား တွေ့ရ၍ ရဲရှင်းချန် သက်ပြင်းတစ်ချက် ချလိုက်နိုင် လေတော့သည်။ ထို့နောက် သူသည် အိမ်ပြင်ပရှိ လုံခြုံရေးကင်မရာများအား စတင်၍ စစ်ဆေးတော့သည်။ သူ့အိမ်ရှေ့ရှိ နှင်းများသည် ပေါက်ကွဲမှုကြောင့် လွင့်စဉ်သွားခဲ့လေပြီ ဖြစ်သည်။
ရဲရှင်းချန်သည် မျက်လုံးများအား ကျဉ်းမြောင်းလိုက်ကာ အဝေးမှ ခိုးကြောင်ခိုးဝှက် အရိပ် ဆယ်ခုကျော်အား မြင်လိုက်ရတော့သည်။ ထိုသူများ အားလုံးသည် သံတူးရွင်းပြားများနှင့် သံချောင်းများအား ကိုင်ဆောင် ထားကြသည်ကို ရဲရှင်းချန် သတိပြုမိလိုက်လေသည်။ ပုဆိန်များပင် အများအပြား ပါရှိနေသေးသည်။
ပေါက်ကွဲမှု အပြီးတွင် ထိုလူ ဆယ်ယောက်ကျော်သည် ရဲရှင်းချန်၏ အိမ်ဆီသို့ အပြေးအလွှား ရောက်လာကြကုန်သည်။ သူတို့သည် ရဲရှင်းချန်အတွက် လာကြခြင်း ဖြစ်သည်မှာ ရှင်းလင်း နေပေသည်။
ရဲရှင်းချန်၏ မျက်လုံးများတွင် ဒေါသများ ပြည့်နှက် သွားသော်လည်း သူ အနည်းငယ်လည်း တွေဝေသွားမိသည်။ သူတို့၏ ရပ်ကွက်ထဲတွင် မည်သည့်အိမ်ကမျှ ပြုပြင်မွမ်းမံမှုများ လုပ်နေသည်ဟု သူ တစ်ခါမှ မကြားဖူးခဲ့ချေ။ အရင်တွင်လည်း မရှိခဲ့သလို ကပ်ဘေးဆိုက်ပြီး နောက်ပိုင်းတွင်မူ ပို၍ပင် မရှိနိုင်ပေ။ သို့ဆိုလျှင် သူတို့လက်ထဲရှိ သံချောင်းများသည် မည်သည့် နေရာမှ ရောက်ရှိ လာခဲ့လေသနည်း။
တစ်ချက်သာ ဖြစ်နိုင်ချေ ရှိပေသည်။ ထိုသူတို့သည် ဤရပ်ကွက်ထဲမှ မဟုတ်ကြပေ။ ရဲရှင်းချန်သည် သူ၏လက်ထဲရှိ ပစ္စတိုသေနတ်အား တင်းကျပ်စွာ ဆုပ်ကိုင် ထားလိုက်တော့သည်။ ထိုလူများသည် လုံခြုံစွာ ဖုံးအုပ်ထားကြပြီး သူတို့၏ မျက်နှာများကိုလည်း နှာခေါင်းစည်းများနှင့် ဦးထုပ်များဖြင့် ကာထားသဖြင့် ထိုအကာအများ၏ နောက်မှ မျက်နှာများအား မမြင်နိုင်ချေ။
သို့သော် ရဲရှင်းချန်သည် သူတို့ ပြင်ပမှ လာသူများ ဖြစ်ကြောင်းကို ရုတ်တရက် အတည်ပြု လိုက်နိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ သူ၏ရပ်ကွက်ထဲရှိ လူများသည် ကျန်းရီ၏အိမ်မှ စားစရာများစွာကို ယူဆောင်ထားသင့်ပြီ ဖြစ်သည်။ လူတိုင်းတွင် စားစရာရှိနေချိန်၌ မည်သူကမျှ သူ့အား လာရောက် နှောင့်ယှက်ကြလိမ့်မည် မဟုတ်ချေ။ ထို့အပြင် အစောပိုင်းတွင် သူတို့သည် တံခါးအား လာရောက် ရိုက်ချိုးကြစဉ်တွင် ဤကဲ့သို့ အဆင့်မြင့်သော နည်းလမ်းများအား အသုံးမပြုခဲ့ကြပေ။
ရဲရှင်းချန်၏ မျက်လုံးများသည် ချက်ချင်းပင် အေးစက် သွားလေတော့သည်။ ရပ်ကွက်ထဲရှိ တစ်စုံတစ်ယောက်သည် သူ၏ အခြေအနေနှင့် ပတ်သက်သည့် သတင်းများအား ဖြန့်ဝေခဲ့ပြီး ဖြစ်ပုံရလေသည်။
တံခါး၏ အပြင်ဘက်တွင် ဖက်တီးဝမ်နှင့် အခြားသူများသည် လျှပ်ကာ လက်အိတ်များအား ဝတ်ဆင်ထားခဲ့ကာ တံခါးကို ဖိကပ် ကြည့်နေကြလေသည်။ ဤမျှ အစွမ်းထက်သော ဗုံးပေါက်ကွဲ ပြီးနောက်တွင်ပင်လျှင် တံခါးသည် အထိအခိုက်မရှိ ဖြစ်နေသည်အား မြင်သောအခါ၊ သူတို့အားလုံး မှင်တက် သွားကြကုန်တော့သည်။
"အင်း ဖက်တီးဝမ် မင်းရဲ့ ဗုံးက အလုပ်မလုပ်ပါလား ဘာလို့ စုတ်ပြတ်နေတဲ့ သံတံခါးလေး တစ်ချပ်ကိုတောင် မဖောက်နိုင်ရတာလဲ"
ဖက်တီးဝမ်မှ ခေါင်းအား ကုတ်လိုက်လေသည်။
"ဒါ မဖြစ်နိုင်ပါဘူးဟ ငါ့ဗုံးက တောင်ပေါ်က လိုဏ်ဂူကိုတောင် ဖောက်ခွဲပစ်နိုင်တာလေ ဘာတွေဖြစ်ကုန်တာလဲ"
"စိုထိုင်းနေလို့များလား ဘာလို့ အသံပဲကြားရပြီး အလုပ်မလုပ်တာလဲ"
ပတ်ဝန်းကျင်ရှိ နှင်းများသည် အောက်သို့ ကျဆင်းလာနေခဲ့သည်။ သူတို့သည် နှင်းများအား နင်းရန် ခြေဆောင့်လိုက်ကြကာ ဖက်တီးဝမ်၏ ကျောပိုးအိတ်ထဲသို့ နှိုက်ရှာ လိုက်ကြတော့သည်။
ဖက်တီးဝမ်သည် ဆောက်လုပ်ရေး အဖွဲ့တွင် ဖောက်ခွဲရေး ကျွမ်းကျင်သူ တစ်ဦး ဖြစ်သည်။ ပုံမှန်အားဖြင့် မပြီးပြတ် သေးသော အဆောက်အအုံများအား ဖျက်သိမ်းရန် သို့မဟုတ် ဖြိုချရမည့် နေရာများ ရှိသည့်အခါ သူတို့သည် ငွေကုန်ကြေးကျ သက်သာစေရန် အတွက် ဖက်တီးဝမ် ပြုလုပ်သော အပျော်တမ်းဗုံးများအား အသုံးပြုလေ့ ရှိကြပေသည်။
ယုတ္တိတန်တန် တွေးကြည့်မည်ဆိုလျှင် သာမန် သံမဏိတံခါး တစ်ခုဆိုလျှင်ပင် အစောကြီးကတည်းမှ ပွင့်ထွက်သွားပြီ ဖြစ်သည်။ သာမန် နံရံတစ်ခု ဆိုလျှင်ပင် ဤကဲ့သို့ အနီးကပ် ပေါက်ကွဲမှုမျိုးတွင် အက်ကွဲစ ပြုနေပြီ ဖြစ်သည်။ သို့သော်လည်း ရဲရှင်းချန်၏ အိမ်တွင်မူ အက်ကွဲကြောင်း တစ်ကြောင်းလေး မျှပင် မရှိချေ။
"ဒါက ဘယ်လို အဆောက်အအုံ ဖွဲ့စည်းပုံမျိုးလဲ ဘာလို့ ဖောက်ခွဲလို့ မရတာလဲ ဖက်တီးဝမ်၊ မင်းဆီမှာ ပစ္စည်းတွေ ကျန်သေးလား"
ရဲရှင်းချန်သည် အိမ်ရှေ့နှင့် အိမ်နောက်မှ လုံခြုံရေး ကင်မရာများကို ဆွဲဖွင့်လိုက်ပြီးနောက် ဗဟိုထိန်းချုပ်ခန်းဆီသို့ ပြေးသွားလိုက်ကာ ကြည့်ရှုလိုက်လေသည်။ သူ၏အိမ် ထိခိုက်ပျက်စီးမှု မရှိကြောင်း အတည်ပြုပြီးနောက် သူသည် မချင့်မရဲဖြင့် သက်ပြင်းတစ်ချက် ချလိုက်နိုင်တော့သည်။
သူသည် မှုန်ကုပ်နေသော မျက်နှာထားဖြင့် ဗဟိုထိန်းချုပ်ခန်းမှ ထွက်လာခဲ့ကာ တတိယထပ်သို့ ဓာတ်လှေကားဖြင့် ဆင်းလာခဲ့တော့သည်။ ထိုလူစု၏ အထက်တွင် ရပ်လျက် ရဲရှင်းချန်သည် သူ၏ ကုတ်အင်္ကျီအား ဝတ်ဆင်လိုက်ပြီးနောက် သူ၏ နေရာလွတ်ထဲမှ မိမိကိုယ်တိုင် ပြုလုပ်ထားသော အစွမ်းမြှင့် မိုလိုတော့ဗ် ဓာတ်ဆီပုလင်း အချို့အား ထုတ်ယူလိုက်လေသည်။
‘မင်းတို့က ပစ္စည်းတွေ လာလုတာလား ဟက် ကောင်းပြီလေ၊ ဒါဆိုရင်လည်း ငရဲကိုသာ သွားကြတော့’
အောက်ဘက်ရှိ လူများသည် နံရံအား ထုနှက်နေကြဆဲ ဖြစ်သည်။ တူးရွင်းပြားကြီးသည် နံရံကို ထန် ထန် ဟူသော အသံဖြင့် ရိုက်ခတ်သွားခဲ့သည်။ ဖက်တီးဝမ်သည် ရဲရှင်းချန်၏ အောက်ဘက်တွင် ဆောင့်ကြောင့်ထိုင်လျက် ဒုတိယမြောက်ဗုံးအား ဖန်တီးရန် အတွက် အာရုံစိုက်နေခဲ့သည်။
ပစ်ခတ်ပေါက်များ ပွင့်လာပြီးနောက် မီးတောက်နေသော မိုလိုတော့ဗ် ဓာတ်ဆီပုလင်း သုံးလုံးသည် သူတို့၏ ခေါင်းပေါ်မှ ကျဆင်း လာတော့သည်။
မီးတောက်များသည် ချက်ချင်းပင် လောင်ကျွမ်းသွားပြီးနောက် ပုလင်းထဲမှ ဓာတ်ဆီများသည် အောက်ဘက်တွင် ဆောင့်ကြောင့် ထိုင်နေသော ဖက်တီးဝမ် အပေါ်သို့ ရွှဲနစ်သွားစေခဲ့သည်။
"အား အား ကယ်ကြပါဦး ငါ့ကို မီးလောင်နေပြီ"
ဖက်တီးဝမ်သည် အလွန်အမင်း ကြောက်ရွံ့သွားခဲ့ကာ သူ၏ ကျောပိုးအိတ်အား ဆွဲလျှက် နောက်သို့ ပြေးထွက် သွားတော့သည်။ သူ၏ နောက်ကွယ်ရှိ နှင်းများကို အသုံးပြု၍ မီးငြိမ်းသတ်ရန် အလိုအလျောက် စိတ်ကူးမိသွားခြင်း ဖြစ်ပေသည်။
ရဲရှင်းချန်သည်လည်း မိုလိုတော့ဗ် ဓာတ်ဆီပုလင်း စုစုပေါင်း ဆယ်လုံးတိတိအား သူတို့ဆီသို့ တစ်လုံးပြီး တစ်လုံး ပစ်ပေါက် လိုက်ပြီးနောက် လက်ခုပ်တီးကာ ပစ်ခတ်ပေါက်အား ပိတ်လိုက်တော့သည်။
ဖက်တီးဝမ်သည် သူ၏ ကျောပိုးအိတ်အား ဆွဲကိုင်ကာ လုပ်ဖော်ကိုင်ဖက်များ ဆီသို့ ပြေးသွားခဲ့သည်။ ဓာတ်ဆီနှင့် လွတ်လပ်သော မီးတောက်တို့၏ အကူအညီဖြင့် သူ အပြေး မရောက်မီမှာပင် အိမ်အပြင်ဘက်မှ ပိုမို၍ ကျယ်လောင်သော ပေါက်ကွဲသံကြီးအား သူ ကြားလိုက် ရတော့သည်။
ရဲရှင်းချန်သည် အိမ်ထဲသို့ ပြန်ဝင်လာပြီးနောက် သူ၏ နားများအား ဖုံးအုပ်ရန် ကုတ်အင်္ကျီကို ချွတ်လိုက်တော့သည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီး နှင့်အတူ စူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာကာ အပြင်ဘက်ရှိ မီးတောက်များသည် နေ့လယ်ခင်းကဲ့သို့ ကောင်းကင်ယံသို့ ချက်ချင်း ထိုးတက် သွားခဲ့လေတော့သည်။