အခန်း (၆၇)
Vol. 5 Ch. 67
ဖက်တီးဝမ်သည် ပေါက်ကွဲရေးပစ္စည်းများနှင့် အနီးဆုံးတွင် ရှိနေခဲ့သည်။ ပေါက်ကွဲသံ ထွက်ပေါ် လာသည်နှင့် ဖက်တီးဝမ်သည် နေရာမှာတင် ပွဲချင်းပြီး သေဆုံး သွားလေတော့သည်။
အသားစများ သွေးများနှင့် အဝတ်အစားများသည် မြေပြင် တစ်ခွင်လုံး လွင့်စင်သွားခဲ့တော့သည်။ အရည်များသည် အလွန်နိမ့်ကျသော အပူချိန်တွင် အခဲဖြစ် သွားခဲ့ကာ သူ၏ လုပ်ဖော်ကိုင်ဖက်များ အပေါ်တွင် ကပ်ငြိ သွားစေခဲ့သည်။
ပေါက်ကွဲရေး ပစ္စည်းများ အတော်များများ ရှိနေခဲ့ကာ ဓာတ်ဆီပါ ထပ်ပေါင်း လိုက်သောအခါတွင် ဖက်တီးဝမ်သည် သူနှင့်အတူ အလုပ်သမား ခုနစ်ယောက် ရှစ်ယောက်ခန့်ကိုပါ တန်းစီ၍ သေမင်းဆီသို့ ခေါ်ဆောင် သွားခဲ့လေတော့သည်။ သူတို့ အားလုံးသည် ရုပ်လုံး မပေါ်အောင်ပင် ပေါက်ကွဲ စုတ်ပြတ် သွားခဲ့ကြခြင်း ဖြစ်သည်။
အပြင်ဘက်မှ ဆူညံသံများ ငြိမ်သက်သွားသည်အား ကြားပြီးနောက်တွင် ရဲရှင်းချန်သည် လုံခြုံရေး ကင်မရာအား ဖွင့်လျှက် အားပါးတရ ကြည့်ရှုလိုက်တော့သည်။
မြေပြင်ပေါ်တွင် အကောင်း ပကတိ ကျန်ရှိနေသော အလောင်း သုံးလောင်းသာ ရှိလေတော့သည်။ သူတို့သည် လွင့်စင်လာသော ခန္ဓာကိုယ် အစိတ်အပိုင်းများ၏ ရိုက်ခတ်မှုကြောင့် သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။ ကျန်လူများမှာမူ အစိတ်စိတ် အမွှာမွှာ ကြေမွသွားခဲ့ပြီး ဖြစ်ကာ မည်သူက မည်သူမှန်း ခွဲခြား၍ မရနိုင်တော့ချေ။
ကျူးကျော် ဝင်ရောက်လာသူ ဆယ်ယောက်ကျော် အနက် ငါးယောက် ခြောက်ယောက်ခန့်သာ ကံကောင်း ထောက်မစွာဖြင့် အသက်ရှင် ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ယိမ်းယိုင်သော ခြေလှမ်းများဖြင့် ပြေးထွက် သွားကြကုန်တော့သည်။ အိမ်ရှင်များ၏ အဖွဲ့လိုက်စကားပြောခန်း သည်လည်း မည်သည့် အရာများ ဖြစ်ပျက်နေသနည်း ဟု မေးမြန်းကြသူများဖြင့် စည်ကား လာလေတော့သည်။
"ဟူး နှမြောစရာပဲ ငါ့တံခါးကို ဒီလောက် ညစ်ပတ်သွားအောင် လုပ်သွားပြီးတာတောင် လာရှင်းပေးမယ့်သူ တစ်ယောက်မှ မရှိဘူး စောစောကသာ သိခဲ့ရင် ဒီအရူးတွေကို စားစရာသွားယူဖို့ ခွင့်ပြုလိုက်မှာ မဟုတ်ဘူး မဟုတ်ရင် သူတို့ ငါ့တံခါးရှေ့က ဒီလောက်များတဲ့ 'အကင်' တွေကို မြင်လိုက်တာနဲ့ အစာအိမ် လှုပ်ရှားနိုင်ဖို့အတွက် သူတို့ကိုယ်တိုင် ဝင်ကူပြီးစား ပေးကြမှာ အသေအချာပဲ"
လည်ပင်းအား ပွတ်သပ်ရင်းဖြင့် ရဲရှင်းချန်သည် တတိယထပ်ရှိ ပရိုဂျက်တာအား ပိတ်လိုက်ကာ တံခါးအား သော့ခတ်လိုက်ပြီးနောက် လင်းစစ်ကျားကို သွားကြည့်ရန် ဆဋ္ဌမထပ်သို့ တက်လာခဲ့တော့သည်။ တံခါးသည် 'ကလစ်' ဟူသော အသံဖြင့် ပွင့်သွားပြီးနောက် ရဲရှင်းချန်သည် လင်းစစ်ကျား၏ အထိတ်တလန့် မျက်လုံးများနှင့် ဆုံတွေ့လိုက်ရတော့သည်။
"ကဲပါ အခု ဘာမှမဖြစ်တော့ပါဘူး"
လင်းစစ်ကျားသည် စားပွဲအောက်မှ ကပျာကယာ ထွက်လာပြီးနောက် ရဲရှင်းချန်၏ ရင်ခွင်ထဲသို့ တိုးဝင် သွားလေတော့သည်။
"တစ် တစ်ယောက်ယောက် ရောက်နေတာလား ခုနက နောက်ထပ် ပေါက်ကွဲသံ တစ်ခု ကြားလိုက်ရတယ်"
ရဲရှင်းချန် ရှိနေသည့်အတွက် လင်းစစ်ကျားမှာ နောက်ဆုံးတွင်မူ စိတ်သက်သာရာ ရသွားခဲ့လေသည်။
"အင်း လူတစ်ချို့ ရောက်လာခဲ့တယ် သူတို့က ကိုယ့်အိမ်ကို ဖောက်ခွဲ ချင်နေကြတာ ဒုတိယ ပေါက်ကွဲမှုက ကိစ္စမရှိပါဘူး သူတို့ကိုယ်သူတို့ ပြန်ဖောက်ခွဲ လိုက်ကြတာပါ"
လင်းစစ်ကျားသည် သက်ပြင်း တစ်ချက် ချလိုက်ပြီးနောက် ရဲရှင်းချန်၏ ရင်ခွင်ထဲမှ နေ၍ ခေါင်းအား မော့ကြည့် လိုက်မိသည်။
"အစကတော့ ငလျင်လှုပ်တာလားလို့ ထင်ပြီး လန့်နိုးသွားတာ ပုန်းနေရင်း ဖုန်းထုတ်ပြီး ရှင့်ဆီ မက်ဆေ့ခ်ျ ပို့မလို့ပဲ ဒါပေမယ့် ပေါက်ကွဲသံ ကြားလိုက်ရတော့မှ ငလျင်မဟုတ်ဘူးဆိုတာ သိလိုက်ရတော့တယ်"
ရဲရှင်းချန်သည် သူမ၏ ခါးလေးကို ညင်သာစွာ ဖက်ထား လိုက်လေသည်။ လင်းစစ်ကျားသည် သူ၏ ရင်ခွင်ထဲသို့ တိုးဝင်လာသည်ကို သူ အတော်လေး သဘောကျမိပေသည်။
သူသည် လက်ကိုမြှောက်ကာ လင်းစစ်ကျား၏ နှာခေါင်းလေးအား ခပ်ဖွဖွ ခြစ်လိုက်တော့သည်။
"မင်းက တအားရိုးတာပဲလား တကယ်လို့ ငလျင်သာဆိုရင် စားပွဲအောက်မှာ ပုန်းနေလို့ ဘာထူးမှာလဲ ရေချိုးခန်း ထောင့်မှာ သွားနေတာကမှ ပိုကောင်းဦးမယ်"
"ဒါ့အပြင် ငလျင်လှုပ်ရင်တောင် ကိုယ့်အိမ်က အက်ကွဲသွားမှာ မဟုတ်ဘူး မင်း စိတ်ချလက်ချ နေလို့ရပါတယ်"
ရဲရှင်းချန်သည် သူမ၏ လက်အား လွှတ်လိုက်ပြီးနောက် လင်းစစ်ကျား၏ အခန်းထဲရှိ ကုလားထိုင်ပေါ်တွင် ထိုင်လျှက် သူ၏ ခန့်မှန်းချက်ကို သူမအား ပြောပြလိုက်တော့သည်။
"အနီးအနားက အဆောက်အအုံက လူတွေ ဖြစ်လောက်တယ် သူတို့လက်ထဲမှာ သံချောင်းတွေ ပါလာသေးတယ် အနီးအနားမှာ ဆောက်လက်စ အဆောက်အအုံတစ်ခု ရှိတယ်မလား"
လင်းစစ်ကျားသည် မည်သည်ကိုမှ မပြောခဲ့ချေ။ သူမသည် ရှေ့သို့ ခြေလှမ်းနှစ်လှမ်း တိုးလာပြီးနောက် ရဲရှင်းချန်၏ ဘေးတွင် ဝင်ထိုင် လိုက်တော့သည်။
"ဒါဆိုရင်တော့ ပြဿနာပဲ အပြင်က လူတွေက ရှင့်ကို စပြီး ပစ်မှတ် ထားလာကြပြီ ဆိုလိုတာက ရှင့်ဆီက ပို့လိုက်တဲ့ ဗီဒီယိုကို တစ်ယောက်ယောက်က ဖြန့်လိုက်ပြီဆိုတာ သေချာတယ်"
ရဲရှင်းချန်သည် ခေါင်းညိတ် ပြလိုက်ကာ လင်းစစ်ကျားအား သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေသည်။
"ဒါက ကိုယ့်ရဲ့ ပေါ့ဆမှုပါပဲ ကျောက်ဟောက် ရောက်လာတုန်းက အချက်ပေးသံကို ပိတ်ထားခဲ့ပြီး ပြန်ဖွင့်ဖို့ မေ့သွားခဲ့တယ် နောက်ဆုံးတော့ လူတွေက ညဘက်ကြီး အမြန်လာ တိုက်ခိုက်ကြတာပေါ့"
"ရှေ့လျှောက် ဧည့်သည်တွေ ပိုပိုများလာမယ့် ပုံပဲ လူပိုများများ အမြန်ရှာမှ ရတော့မယ် ထင်တယ် မင်း ဆက်အိပ်လို့ရပါပြီ"
သူ၏ အခန်းသို့ ပြန်ရောက်လာ ပြီးနောက် ရဲရှင်းချန်သည် ဖုန်းအား ထုတ်ယူလိုက်ကာ အဖွဲ့ထဲရှိ လူများ ပို့ထားသော မက်ဆေ့ခ်ျများကို ဖြည်းညင်းစွာ စတင်၍ ဖတ်ရှုလေတော့သည်။
"ဘုရားရေ ခုနက အသံကြီးက ဘာကြီးလဲ"
"ငါမသိဘူး ငလျင်များလား ငါ့ကုတင် တုန်သွားတာကို ခံစားလိုက်ရတယ်"
"မဟုတ်ဘူး တစ်ခုခု ပေါက်ကွဲသွားတဲ့ အသံနဲ့တူတယ်"
"ဟားဟားဟား ကြယ်တံခွန်က ကမ္ဘာမြေကို ဝင်တိုက်သွားတာ ကမ္ဘာကြီး ပျက်စီးတော့မယ်"
"မင်း ဘာတွေ လျှောက်ပြောနေတာလဲ ဒီမှာ လာမနှောင့်ယှက်နဲ့"
"တစ်ယောက်ယောက်က ပစ္စည်းတွေကို သေချာ မသိမ်းလို့ ပေါက်ကွဲ သွားတာများလား မဖြစ်နိုင်ပါဘူး မီးပျက်နေတာ မဟုတ်ဘူးလား ဘယ်လိုလုပ် ပေါက်ကွဲသွားတာလဲ"
ရဲရှင်းချန်သည် အေးအေးဆေးဆေးပင် စာရိုက် ပို့လိုက်လေသည်။
"ခုနက အသံက ဘေးက ဆောက်လုပ်ရေး လုပ်ငန်းခွင်က အလုပ်သမားတွေ ငါတို့ရပ်ကွက်က အိမ်ရှင်တွေကို လာလုယက်ဖို့ ကြိုးစားတာ ဖြစ်ရမယ် ဒါပေမယ့် ငါ တွေ့သွားပြီး သူတို့ကို မောင်းထုတ်လိုက်တယ်"
"အားလုံး ကြားလိုက်ရတဲ့ ဆူညံသံကတော့ သူတို့က ပေါက်ကွဲရေး ပစ္စည်းတွေကို သုံးခဲ့လို့ပဲ"
ရဲရှင်းချန်၏ စကားများသည် အဖွဲ့ထဲရှိ လူများအား အောင်မြင်စွာဖြင့် ထပ်မံ ထိတ်လန့် သွားစေခဲ့ပြန်သည်။
"ဘာ အပြင်ကလူတွေက ဘာလို့ ငါတို့ရပ်ကွက်ကို လာကြတာလဲ"
"ဘုရားရေ ငါမှာ စားစရာလေး နည်းနည်းလေး ရခါစရှိသေးတာ သူတို့က ငါ့ဆီကနေ ဒီလောက်မြန်မြန် လာလုကြမှာတော့ မဟုတ်ပါဘူးနော်"
"သူတို့ ဘယ်လိုဝင်လာတာလဲ ရပ်ကွက်အဝင်ဝက နှင်းတွေနဲ့ ပိတ်နေတာ မဟုတ်ဘူးလား"
"သူတို့က နှင်းတွေ အောက်ကနေ တူးပြီး ဝင်လာကြတာ"
ရဲရှင်းချန်မှ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ သူသည် ရပ်ကွက် အတွင်းရှိ အခြားလုံခြုံရေး ကင်မရာများအား ဖွင့်ကြည့်လိုက်ရာတွင် သူတို့ ယိမ်းယိုင်လျှက် ထွက်ပြေးသွားသည့် ဦးတည်ရာတွင် သိပ်မသိသာသော မြောင်းတစ်ခုအား တွေ့လိုက်ရလေသည်။ သိပ်မသိသာ သော်လည်း ကြီးမား ကျယ်ပြန့်ပေသည်။
"ဒါ ဒါဆို ငါတို့ ဘယ်လိုလုပ်ကြမလဲ”
"ဟုတ်တယ် ငါ့အိမ်မှာ ငါတစ်ယောက်တည်း ကျန်တော့တာ သူတို့ ငါ့အိမ်ကို လာပြီး ငါ့ပစ္စည်းတွေကို လုသွားရင် ဘယ်လိုလုပ်မလဲ"
"သူတို့ဆီမှာ ပေါက်ကွဲရေး ပစ္စည်းတွေတောင် ရှိသေးတယ်လား ဘယ်လိုလုပ်ပြီး ပေါက်ကွဲရေး ပစ္စည်းတွေ ရှိနေရတာလဲ ငါတို့ မိသားစုမှာ ရှိတဲ့ တစ်ခုတည်းသော လက်နက်က ဓားပဲ ရှိတာ"
အဖွဲ့ထဲရှိ လူတိုင်းသည် ထိတ်လန့်နေကြကာ မျက်လုံး မှိတ်လိုက်သည် နှင့် သူတို့၏ တံခါး ပေါက်ကွဲစွာ ပွင့်ထွက်သွားမည်ကို ကြောက်ရွံ့နေကြလေသည်။
ဤအချိန်တွင် လူတိုင်းနီးပါး နိုးနေကြပြီ ဖြစ်သည်။ ရပ်ကွက် တစ်ဝက်လောက် ဝေးသော နေရာရှိ ကျောက်ဟောက်ပင်လျှင် နိုးနေပြီ ဖြစ်သည်။ သူသည် ရဲရှင်းချန်ထံသို့ ကပျာကယာ မက်ဆေ့ခ်ျ ပို့လိုက်သည်။
"ညီလေးရဲ့ မင်း အဆင်ပြေရဲ့လား ကျူးကျော် လာတဲ့သူတွေကို မင်း မောင်းထုတ် လိုက်တယ်လို့ ကြားတယ် ဒဏ်ရာရသေးလား"
ရဲရှင်းချန်၏ နှလုံးသားမှာ နွေးထွေးသွားခဲ့ကာ ပြန်လည်၍ ဖြေကြားလိုက်သည်။
"ရပါတယ် ကျွန်တော် အပြင်မထွက်ဘူးလေ ဒါကြောင့် သူတို့ ကျွန်တော့်ကို မထိခိုက်နိုင်ပါဘူး အစ်ကိုကျောက်က ဒီလူတွေရဲ့ နောက်ခံကို သိလား သူတို့ဆီမှာ ပစ္စည်းကိရိယာတွေ အများကြီးပါလာတယ် ပြီးတော့ ငါတို့ရပ်ကွက်ရဲ့ အနေအထားကို တော်တော်လေး ရင်းနှီးပုံရတယ်"
ရဲရှင်းချန်သည် သူတို့အား ကောင်းစွာ မသိပေ။ မည်သို့ပင်ဆိုစေ သူသည် ပုံမှန်အားဖြင့် သူတို့နှင့် အဆက်အသွယ် မရှိခဲ့ချေ။ သို့သော် ကျောက်ဟောက်မှာမူ ကွာခြားလှပေသည်။ တိုက်ဆိုင်စွာပင် ကျောက်ဟောက်သည် သူတို့အား အမှန်တကယ်ပင် သိနေခဲ့ခြင်း ဖြစ်သည်။
"မင်းက မြစိမ်းဥယျာဉ်က ဆောက်လုပ်ရေးအဖွဲ့ကို ပြောနေတာလား အစ်ကို သူတို့ကို သိတယ်"
"သူတို့က အရင်တုန်းက ငါတို့ရပ်ကွက် တည်ဆောက်ရေးမှာလည်း ပါဝင်ခဲ့ဖူးတယ် သူတို့ ဈေးက တော်တော်လေး သက်သာတယ်လို့ ကြားပေမယ့် အမြဲတမ်း ပစ္စည်းခိုကြတယ် မကြာသေးခင်ကပဲ ရပ်ကွက်တစ်ခုက အဆောက်အအုံ တစ်ခု နံရံတွေ အက်ကွဲသွားလို့ သတင်းထဲတောင် ပါလာသေးတယ်လေ အဲဒါ သူတို့ လုပ်ထားတာ"
"သူတို့ ခေါင်းဆောင်က အဲဒီသတင်းကို ဖိထားဖို့ အဆက်အသွယ်တွေ ရှိပုံရတယ်"
"ငါတို့ရပ်ကွက်က တည်ဆောက်သူက ဒီသတင်းကို မြင်ပြီးတော့ ဆောက်လုပ်ရေးအဖွဲ့ကို ပြောင်းပစ်လိုက်တာ ပြဿနာ တစ်ခုခု ဖြစ်လာရင် သူ တာဝန်ယူရမှာကို ကြောက်လို့လေ"
"သူတို့ ခေါင်းဆောင်နာမည်ကို အစ်ကို မှတ်မိသေးတယ် အော် ဟုတ်သားပဲ ဟွာချမ်း ဘာဆိုလားပဲ လူတိုင်းက သူ့ကို အစ်ကိုချမ်းဇီ လို့ ခေါ်ကြတယ်"
ဤနေရာသို့ ရောက်သောအခါ ကျောက်ဟောက်သည် မျက်မှောင် ကြုတ်သွားမိတော့သည်။
"ပြောရမယ်ဆိုရင် သူတို့က တကယ့်ကို လူဆိုးတွေကွ နှင်းတွေ စကျပြီးတဲ့နောက် သူတို့လက်ထဲက စားစရာတွေနဲ့ မိန်းမတော်တော် များများကို ကစားခဲ့ပြီး လူတော်တော် များများကိုလည်း သတ်ခဲ့တယ်လို့ အစ်ကို့ ညီအစ်ကိုတွေဆီက ကြားဖူးလိုက်တယ်"
"မင်း ပိုပြီး သတိထားတာ ကောင်းမယ် သူတို့ကို လက်စားချေခွင့် မပေးလိုက်နဲ့”
"ဒါပေမယ့် ညီလေးရဲ့ စိတ်မပူပါနဲ့ အစ်ကိုကျောက်က ဘာပဲဖြစ်ဖြစ် စစ်သားဟောင်း တစ်ယောက်ပဲလေ မင်း တစ်ခုခု လိုအပ်ရင် အစ်ကို့ကိုသာ ခေါ်လိုက် အစ်ကို့ အကူအညီ လိုရင်သာ ပြောလိုက်ပါ"
ရဲရှင်းချန်သည် ပြုံးလိုက်ပြီးနောက် အိုကေ ဟု ပြန်စာ ပို့လိုက်လေသည်။ ကျောက်ဟောက် ပြောသည်မှာ မှန်ပေသည်။ ရဲရှင်းချန်သည် သူ၏ အကူအညီအား အမှန်တကယ် လိုအပ်ပေသည်။ သို့သော် အချိန်မကျသေးချေ။