← Chapters

ရှင်ကတော့ အကောင်းဆုံးပဲ

Vol. 5 Ch. 59

ရှင်ကတော့ အကောင်းဆုံးပဲ

Vol. 5 Ch. 59

လင်းစစ်ကျားသည် အခြေအနေအား ကောင်းစွာ နားလည်သဖြင့် ရဲ့ရှင်းချန်မှာ အလွန်ပင် စိတ်ကျေနပ် သွားခဲ့တော့သည်။ ၎င်းနောက် ရဲ့ရှင်းချန်သည် သူမအား သတိပေးချက် တစ်ခုသာ ပေးခဲ့ပြီးနောက် ချက်ချင်းပင် အတင်းအကျပ် ခိုင်းစေခြင်းမျိုး မလုပ်ခဲ့ချေ။ သူသည် လက်ဟန်ပြလျှက် လင်းစစ်ကျားအား အပေါ်ထပ်သို့ လိုက်ခဲ့ရန် အမိန့်ပေးလိုက်လေသည်။

လင်းစစ်ကျားသည် ရဲ့ရှင်းချန်၏ အမိန့်အား နာခံလျက် မျက်နှာလေး နီရဲကာ ရဲ့ရှင်းချန်၏ ရှေ့မှနေ၍ လမ်းလျှောက် သွားခဲ့လေသည်။ မည်သို့ပင်ဆိုစေကာမူ ရဲ့ရှင်းချန်သည် မိမိ၏ ကျောပြင်အား မည်သူ့ကိုမျှ လှည့်မပြဝံ့ချေ။ လင်းစစ်ကျားကိုပင် သူ မယုံကြည်သေးချေ။

"ကောင်းပြီ ဒီနေ့ကစပြီး မင်း ဒီအခန်းမှာ နေရမယ်"

သူသည် လင်းစစ်ကျားအား ခြောက်ထပ်မြောက်သို့ ခေါ်ဆောင် သွားပြီးနောက် ထိုထပ်ရှိ အဓိက အိပ်ခန်းကြီးအား ပေးလိုက်လေသည်။

"တစ်ခုခု လိုအပ်ရင် ငါ့ဆီ စာပို့လိုက် ဒါမှမဟုတ် ဒီ ဝေါ်ကီတော်ကီကို သုံးပြီး ငါ့ကို ခေါ်လို့ရတယ်"

ရဲ့ရှင်းချန်သည် စက်အား ထုတ်ကာ လင်းစစ်ကျားအား ပေးအပ် ပြီးနောက် အခန်းတံခါးအား အပြင်မှ သော့ခတ်လိုက်လေသည်။ ထို့နောက် သူသည် ခုနစ်ထပ်သို့ တက်သွားပြီးနောက် ခုနစ်ထပ် လှေကားတံခါးကိုပါ သော့ခတ် လိုက်ပြန်လေသည်။ ၎င်းနောက် တစ်ခုတည်းသော သော့အား သူ၏ နေရာလွတ်ထဲသို့ ထည့်လိုက်လေသည်။

ဤညသည် ရှည်လျားမည့်ညအဖြစ် သတ်မှတ်ခြင်း ခံထားရပေသည်။ လင်းစစ်ကျားသည် ကုတင်ပေါ်တွင် လဲလျောင်းနေရင်းဖြင့် ယနေ့ညတွင် ဖြစ်ပျက်ခဲ့သမျှအား ပြန်လည် တွေးတောနေမိလေသည်။ သူမသည် ရဲ့ရှင်းချန်ထံသို့ အကူအညီ တောင်းရန် လာခဲ့စဉ်တွင် စမ်းသပ် ကြည့်ရုံ သက်သက်သာ ဖြစ်ပေသည်။ သူမ အမှန်တကယ် အောင်မြင်လိမ့်မည်ဟုပင် မထင်မှတ်ထားခဲ့ချေ။

မည်သို့ပင်ဆိုစေကာမူ သူမသည် ရဲ့ရှင်းချန်နှင့် ရင်းနှီးသူ တစ်ဦး မဟုတ်ပေ။ သူမ သိထားသည်မှာ သူမနှင့် တစ်ရပ်ကွက်တည်းတွင် နေထိုင်သော ချမ်းသာသည့် သူဌေးသား တစ်ဦး ရှိသည် ဟူ၍သာ ဖြစ်ပေသည်။ ထို့အပြင် သူမသည် အမှိုက် ထွက်ပစ်သည့် ညဖက်များတွင် ရဲ့ရှင်းချန်အား အဝေးမှ အကြိမ် အနည်းငယ်ခန့်သာ မြင်ဖူးခဲ့ခြင်း ဖြစ်သည်။

နှင်းများ အပြင်းအထန် ကျဆင်း ပြီးနောက် သူမသည် ရဲ့ရှင်းချန်၏ စာများအား ဂရု ထဲတွင် အကြိမ်အနည်းငယ် မြင်တွေ့ခဲ့ရသည်။ ရဲ့ရှင်းချန်မှာ စကားပြောရ လွယ်ကူသူ တစ်ဦးဟု သူမ မထင်မိခဲ့သလို ရဲ့ရှင်းချန်သည်လည်း သူမအား ကူညီပေးလိမ့်မည်ဟုလည်း သူမ မမျှော်လင့်ထားခဲ့ချေ။

သူမသည် ကံကောင်းလို ကံကောင်းငြား မျှော်လင့်ခဲ့ခြင်းသာ ဖြစ်ပြီး သူမတွင် တန်ဖိုးတစ်ခုခု ရှိနေသေးသည်ဟု ယူဆလျှက် သူမ၏ ဆေးပညာ ကျွမ်းကျင်မှုအား အသုံးချ၍ ရဲ့ရှင်းချန်ထံမှ ဆေးနှင့် ရိက္ခာအချို့ကို လဲလှယ်လိုခဲ့ခြင်းသာ ဖြစ်သည်။ နောက်ဆုံးတွင် ရဲ့ရှင်းချန်သည် သူမအား ရိက္ခာ ပေးရုံသာမက ဤအိမ်ကြီးတွင်ပါ နေထိုင်ခွင့်ပြုခဲ့သည် မဟုတ်ပါလား။

လင်းစစ်ကျားသည် ကုတင်ပေါ်တွင် ဟိုဘက် ဒီဘက် လူးလိမ့်နေမိသည်။ သူမသည် ခေါင်းအုံးထဲသို့ မျက်နှာအပ်ကာ အသက်အား ပြင်းပြင်းရှူသွင်း လိုက်လေရာ ရဲ့ရှင်းချန်ထံမှ ရရှိသော သစ်ကတိုးနံ့ နှင့် ဆင်တူသော အနံ့ကိုပင် ရရှိနေခဲ့သည်။ နူးညံ့လှသော ကုတင်နှင့် သက်တောင့်သက်သာရှိသော အပူချိန်တို့ကြောင့် လင်းစစ်ကျားသည် အလွန်လျင်မြန်စွာ အိပ်ပျော်သွားခဲ့သည်။ ဤသည်မှာ နှင်းစကျစဉ် ကတည်းမှ သူမ အတွက် ပထမဆုံးအကြိမ် အေးချမ်းစွာ အိပ်စက်ရခြင်း ဖြစ်ပေသည်။

ရဲ့ရှင်းချန်သည် ခုနစ်ထပ်ရှိ သူ၏ အခန်းသို့ ပြန်လာကာ ရေချိုးလိုက်လေသည်။ ဆံပင်အား အခြောက်ခံပြီးနောက် ကုတင်ပေါ်တွင် ထိုင်ချလိုက်သည်။ လုံခြုံရေးအရ သူသည် အထပ်တိုင်း၏ အဝင်ဝတွင် တံခါးများ တပ်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အထပ်တိုင်းသည် သီးသန့် အိမ်တစ်လုံးကဲ့သို့ အသုံးပြုနိုင်သည်ဟု ဆိုနိုင်ပေသည်။

သူသည် စောင့်ကြည့်ကင်မရာအား ကြည့်လိုက်ရာတွင် လင်းစစ်ကျားမှာ ကုတင်ပေါ်တွင် တစ်စောင်းလေး အိပ်ပျော်နေသည်ကိုသာ မြင် တွေ့လိုက်ရသည်။

တစ်နေ့တာလုံး ကောင်းကောင်း အိပ်စက်ပြီးနောက် ရဲ့ရှင်းချန်သည်လည်း ပုံမှန်ထက် ပိုမိုကြာရှည်စွာ အိပ်စက်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ အိမ်တွင် ဆရာဝန်တစ်ဦး ရှိနေခြင်းသည် သူ့အား ပိုမို၍ စိတ်အေးစေလေသည်။ သို့မဟုတ်ပါမူ ဤမျှ ကြီးမားသော အိမ်ကြီးတွင် တစ်ယောက်တည်း နေထိုင်ရသည်မှာ အနည်းငယ် စိတ်မလုံခြုံသလို ခံစားရပေသည်။

လူသားဟူသည် အပေါင်းအသင်းနှင့် နေတတ်သော သတ္တဝါများ ဖြစ်ကြလေရာ ဘဝတွင် ဖော်တစ်ဦး ရှိနေခြင်းသည် အနည်းငယ်မျှ ပျော်ရွှင်စရာ ကောင်းလှပေသည်။ သို့သော်လည်း အဓိက လိုအပ်ချက်မှာ လင်းစစ်ကျားသည် သူ့အပေါ် အကြွင်းမဲ့ သစ္စာရှိရမည် ဖြစ်သည်။

ရဲ့ရှင်းချန်သည် စောင့်ကြည့်ကင်မရာ မှတ်တမ်းကို ကြည့်လိုက်ရာ လင်းစစ်ကျားမှာ အိပ်ရာထဲတွင် ကိုယ်အနေအထား ပြောင်းလဲနေပြီး ဆက်လက် အိပ်စက်နေဆဲပင် ဖြစ်သည်။

သူမ ဤမျှ အေးချမ်းစွာ မအိပ်စက်ရသည်မှာ အချိန် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ပုံမှန်အားဖြင့် သူမမှာ အေးလွန်းသဖြင့် အိပ်မရခဲ့သည့်အပြင် ပတ်ဝန်းကျင်ရှိ လူနေအိမ်များမှ အော်ဟစ် ငိုယိုသံများကြောင့် ဆူညံလွန်းသဖြင့် အိပ်မရခဲ့ချေ။

ရဲ့ရှင်းချန် သူမအား ဂရုမစိုက်တော့ဘဲ အိပ်ရာမှ ထလျှက် မျက်နှာသစ်လိုက် ပြီးနောက် ခြောက်ထပ်မြောက်ရှိ ဧည့်ခန်းသို့ တိုက်ရိုက် ဆင်းလာခဲ့သည်။ ယနေ့ နံနက်စာအား ဤနေရာတွင် စားရန် သူ စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ သူသည် နေရာလွတ်ထဲမှ အစားအစာ အမြောက်အမြားအား ထုတ်ယူ လိုက်လေသည်။ ထို့နောက် သော့အား ယူလျှက် လင်းစစ်ကျား၏ အခန်းတံခါးကို ဖွင့်လိုက်သည်။ ထို့နောက် သူသည် တံခါးကိုပင် ခေါက်လိုက်သေးသည်။

"နိုးပြီလား ထွက်ခဲ့တော့ ကိုတို့တွေ အတူတူ နံနက်စာ စားရအောင်"

ရဲ့ရှင်းချန်သည် သူမကို အတင်းအကျပ် ဆွဲထုတ်နိုင်သော်လည်း လင်းစစ်ကျားနှင့် ရေရှည် အတူ နေထိုင်နိုင်ရန် အတွက် သူမအပေါ် အပေါ်ယံ လေးစားမှု တချို့ ပြသရန် လိုအပ်သည်ဟု သူ ခံစားမိသည်။

"ဟုတ်ကဲ့ ခဏနေရင် ထွက်လာခဲ့ပါ့မယ်"

ချိုသာသော်လည်း အနည်းငယ် အက်ရှနေသော အသံလေးသည် တံခါး အနောက်မှ ထွက်ပေါ်လာခဲ့သည်။ လင်းစစ်ကျားသည် တံခါးခေါက်သံကြောင့် နိုးလာခဲ့ခြင်း ဖြစ်ပေသည်။

ရဲ့ရှင်းချန်သည် အငွေ့ တထောင်းထောင်း ထကာ ပျစ်နှစ်နေသည့် ဘဲဥနှင့် အဆီနည်းသော အသားဆန်ပြုတ် ပန်းကန်လုံးအား ယူလျှက် တစ်ငုံချင်း သောက်နေလိုက်သည်။ ၎င်းနောက် ပုစွန်ဖက်ထုပ် တစ်ခုကို ပါးစပ်ထဲ ထည့်လိုက်လေသည်။

ဒုတိယမြောက် ပုစွန်ဖက်ထုပ်အား စားနေချိန်တွင် လင်းစစ်ကျားသည် မျက်နှာသစ် သန့်စင်ပြီးနောက် ညအိပ်ဝတ်စုံအား ခြုံကာ ထွက်လာခဲ့လေသည်။

"ဒီကို လာခဲ့"

လင်းစစ်ကျား အခန်းထဲမှ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ပထမဆုံး မြင်လိုက်ရသူမှာ ရဲ့ရှင်းချန်ပင် ဖြစ်သည်။ သူမ၏ မျက်နှာလေး နီမြန်းသွားခဲ့ကာ စားပွဲပေါ်တွင် ပြည့်နှက်နေသော ကန်တုံစတိုင် ဒင်းဆမ်းများအား မြင်လိုက်ရသောအခါ သူမမှာ အိပ်မက်မက် နေသည်ဟုပင် ခံစားလိုက်ရတော့သည်။

"ကြိုက်တာကို စိတ်ကြိုက်စားပါ"

ဆန်ပြုတ်မှာ နွေးနေဆဲဖြစ်ကာ မုန့်အမျိုးမျိုးမှာလည်း ပူနွေးနေဆဲပင် ဖြစ်လေသည်။ ဤအစားအစာများအား ရဲ့ရှင်းချန် နေရာလွတ် ထဲသို့ ထည့်ထားစဉ် အချိန်တွင် ရှိခဲ့သော အပူချိန်များ အတိုင်းပင် ဖြစ်ပေသည်။

လင်းစစ်ကျားသည် ပုစွန်ဖက်ထုပ် တစ်လုပ် အမဲကလီစာ တစ်လုပ်ဖြင့် စားသောက်နေရင်း သူမ၏ မျက်ရည်များမှာ ပန်းကန်လုံးထဲသို့ တစ်စက်ချင်းစီ ကျဆင်းလာခဲ့သည်။

ပုံမှန်အားဖြင့် လင်းစစ်ကျားသည် စာတမ်းပြုစုခြင်းနှင့် လက်တွေ့ ဆင်းခြင်းတို့ဖြင့် အလုပ်များနေသဖြင့် ကောင်းမွန်သော ထမင်းတစ်နပ်အား စားရန် အခွင့်အရေး မရခဲ့ချေ။ နှင်းများ အပြင်းအထန် ကျဆင်းလာ ပြီးနောက် လူတိုင်းသည် ကမ္ဘာပျက်ပြီဟု ထင်ထားကြသဖြင့် ဗိုက်ပြည့်အောင်ပင် မစားနိုင်ကြတော့ချေ။

ဗိုက်ထဲ တစ်ခုခု ရှိရုံမျှသာ စားနိုင်ကြတော့သည်။ သို့သော် ယခုမူ လူတိုင်း စိုးရိမ် ထိတ်လန့် နေရချိန်တွင် သူမမှာ အမှန်တကယ် စစ်မှန်ပြီး နွေးထွေးသော ကန်တုံစတိုင် စားဖွယ်ရာများအား စားသောက်နေရသည် မဟုတ်ပါလား။

ဗိုက် ၈၀ ရာခိုင်နှုန်းခန့် ပြည့်သွားသောအခါ လင်းစစ်ကျားသည် တူအား ချလိုက်ပြီးနောက် ဆက်မစားတော့ချေ။

"ဗိုက်ဝပြီလား"

ရဲ့ရှင်းချန်သည် နောက်ဆုံးတစ်လုပ်အား စားပြီးနောက် မော့ကြည့်လိုက်လေရာ လင်းစစ်ကျားမှ တူချထားသည်ကို တွေ့လိုက်ရတော့သည်။

"ဟုတ်ကဲ့ ၈၀ ရာခိုင်နှုန်းလောက် ပြည့်သွားပါပြီ လွန်ခဲ့တဲ့ ရက်တွေက ကျွန်မ တကယ် ငတ်ပြတ်နေခဲ့တာပါ တစ်ခါတည်း အများကြီး စားလိုက်ရင် အစာအိမ်က ဒဏ်မခံနိုင်မှာ စိုးလို့"

"ကောင်းပြီ စားပြီးပြီဆိုရင် တို့တွေ ပြဇာတ် သွားကြည့်ရအောင်"

ကျောက်ဟောင်နှင့် သူ၏ သူငယ်ချင်းများသည် တစ်ညလုံး ပစ္စည်းများ သယ်ယူနေခဲ့ကြခြင်း ဖြစ်သည်။ ရဲ့ရှင်းချန်သည် ကျောက်ဟောင်ထံမှ စာအား ဖတ်ကြည့်လိုက်လေရာ ကျန်းရီနှင့် အခြားသူများမှာ အိပ်ဆေး အာနိသင် ပြယ်သွားပြီး ဖြစ်ကာ ယခုအခါ အားလုံး နိုးနေကြပြီ ဖြစ်ကြောင်း သိလိုက်ရတော့သည်။

"ကောင်းပြီ ရလာတဲ့ ရိက္ခာတွေကို သေချာဖွက်ထားလိုက်အုန်း အဲဒီကို ထပ်မသွားနဲ့တော့ အိမ်ပြန်ပြီး တံခါးတွေ ပြတင်းပေါက်တွေကို သေချာ ပိတ်ထားလိုက်တော့"

ကျောက်ဟောင် ခေါင်းညိတ်လိုက်ပြီးနောက် သူ၏ သူငယ်ချင်းများအား ခေါ်ကာ တိတ်ဆိတ်စွာပင် အိမ်သို့ ပြန်သွားကြတော့သည်။

"မနေ့ညက သူတို့ကို မင်း ဘယ်လို ဆေးခတ်ခဲ့လဲ မှတ်မိသေးလား"

လင်းစစ်ကျား ဇဝေဇဝါဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

"ကျန်းရီနဲ့ ကျန်တဲ့သူတွေ နိုးနေကြပြီ"

ရဲ့ရှင်းချန် ထပ်မံ၍ ရှင်းမပြတော့ပေ။ ကျောက်ဟောင်နှင့် အခြားသူများ အိမ်သို့ ဘေးကင်းစွာ ရောက်ရှိသွားပြီးနောက် တံခါး ပြတင်းပေါက်များ ပိတ်လိုက်ပြီ ဖြစ်ကြောင်း အတည်ပြုချက်အား စောင့်လိုက်ကာ သူသည် ရပ်ကွက်နေ အိမ်ပိုင်ရှင်များ ဂရုအား ရှာဖွေကာ စာတစ်စောင် ပို့လိုက်တော့သည်။

"အရင်တုန်းက မင်းတို့အားလုံး ငါ့ဆီမှာ ရိက္ခာ တောင်းခဲ့ကြတယ်မလား ဟူး ငါ့အိမ်နီးချင်းတွေ စားစရာ ဝတ်စရာ မရှိတာကို မြင်ရတော့ ငါ့ရင်ထဲ တကယ် စိတ်မကောင်းဖြစ်မိတယ်"

"ဒါကြောင့် ငါနဲ့ ဒေါက်တာလင်းတို့ ပေါင်းပြီး လူတိုင်းကို နွေးထွေးမှုပေးဖို့ ရောက်နေခဲ့ပြီ"

"ကျန်းရီက ရိက္ခာတွေ အများကြီးကို လျှို့ဝှက်ပြီး ဖွက်ထားတယ် အိမ်နီးချင်းတွေဆီကတောင် သူက လုယက်ခဲ့သေးတယ် သူကတော့ အရမ်း လွန်လွန်းသွားပြီ"

"ဒါကြောင့် ငါက ဒေါက်တာလင်းဆီမှာ အကူအညီ တောင်းခဲ့တယ် ငါတို့တွေ တိတ်တဆိတ်ပဲ ကျန်းရီတို့အဖွဲ့ကို ဖမ်းဆီးနိုင်ခဲ့ပြီ အခု ကျန်းရီရဲ့ အိမ်တံခါး ပွင့်နေပြီ ရိက္ခာ လိုတဲ့သူတွေ သွားယူလို့ရပြီနော်"

"ဒါကို ငါက လူတိုင်းအပေါ် ထားတဲ့ စေတနာ အသေးအမွှားလေးလို့ပဲ သဘောထားပေးကြပါ"

ရဲ့ရှင်းချန်သည် ခြေထောက် ချိတ်ထိုင်လိုက်ကာ ဂရု ထဲသို့ စာရှည်ကြီး တစ်စောင် ပို့လိုက်သည်။ နောက်ဆုံးတွင် ကျန်းရီနှင့် အခြားသူများအား ကြိုးတုပ်ကာ လသာဆောင်တွင် ပိတ်လှောင်ထားသည့် ဗီဒီယိုဖိုင်ကိုပါ ပူးတွဲ ပို့ပေးလိုက်တော့သည်။

"ရိက္ခာတွေက ပထမထပ်နဲ့ ဒုတိယထပ်မှာ ရှိပါတယ်နော် အားလုံးပဲ အားမနာတမ်း သွားယူလိုက်ကြပါ”

လင်းစစ်ကျားသည် သူမ၏ ဖုန်းအား ကောက်ကိုင်လိုက်ကာ ဂရု ထဲမှ ရဲ့ရှင်းချန်၏ စာအား ကြည့်လိုက်ပြီးနောက် အနည်းငယ် အနေရ ခက်သလို ခံစားလိုက်ရတော့သည်။ ရဲ့ရှင်းချန်၏ စကားလုံးများမှာ သူမအား သူနှင့် တစ်လှေ တည်းစီး တစ်ခရီး တည်းသွား နေသူများ အဖြစ် ပေါင်းစည်းလိုက်သကဲ့သို့ပင် ဖြစ်နေချေပြီ၊

ဤသို့သော အလုပ်အား အမှန်တကယ် လုပ်ခဲ့သူမှာ သူမ ဖြစ်သော်လည်း ရဲ့ရှင်းချန်၏ လုပ်ရပ်အပေါ် လင်းစစ်ကျား အပြစ်မမြင်မိချေ။ မည်သို့ပင်ဆိုစေကာမူ ကျန်းရီသည် ရဲ့ရှင်းချန်အား အရင်ဆုံး တိုက်ခိုက်ခဲ့သူ ဖြစ်နေသည် မဟုတ်ပါလား။

All Chapters