အခန်း (၅-၆)
Vol. 1 Ch. 5-6
အခန်း (၅) - ပထမဆုံး ကုန်သွယ်မှု
"အဆင့် (၁) ရတနာသေတ္တာထဲမှာ ရထားဒင်္ဂါး နှစ်ပြား ပါတယ်ဆိုရင်၊ အဆင့် (၂) မှာ လေးပြား၊ ဒါဆိုရင် အဆင့် (၃) ရတနာသေတ္တာထဲမှာတော့ ခြောက်ပြား ပါရမယ် မဟုတ်လား။"
အဆင့် (၂) ရတနာသေတ္တာနှင့် နှိုင်းယှဉ်လျှင် အဆင့် (၁) သေတ္တာမှ ရရှိသော ဆုလာဘ်များက သိသိသာသာ နည်းပါးလှသော်လည်း ဤကမ္ဘာတွင် ရထားဒင်္ဂါးများထက်ပင် ဆေးဝါးများက ပို၍ အဖိုးတန်လှသည်။
"ဟင်... ဒါက ဘာလဲ။"
ရုတ်တရက် မက်ဆေ့ချ်တစ်ခုက ရဲချီယန်၏ အာရုံကို ဖမ်းစားသွားခဲ့သည်။
လီရှောင်ရှန်း - 【"ဘယ်သူ သတ္တု လိုချင်လဲ။ ငါ့ဆီမှာ ရှိတယ်၊ အရင်းအမြစ် အမျိုးမျိုးနဲ့ လဲပေးမယ်။ လက်နက်နဲ့ လဲမယ့်သူကို ဦးစားပေးမယ်။"】
အစားအသောက်ထက် လက်နက်ကို ဦးစားပေး ကုန်သွယ်ချင်သည်မှာ ဤလူတွင် အသက်ရှင်သန်နိုင်စွမ်း အလုံအလောက် ရှိနေကြောင်း ဖော်ပြနေသည်။ မိမိ၏ ဝမ်းစာကိုပင် လောလောဆယ် မဖြည့်တင်းနိုင်သေးသော သူများနှင့် နှိုင်းယှဉ်လျှင် ရဲချီယန်သည် ဤကဲ့သို့သော လူမျိုးနှင့်သာ ဆက်ဆံလိုသည်။
ဆုံးဖြတ်ချက် ချပြီးနောက် ရဲချီယန်သည် လီရှောင်ရှန်းကို ဆက်သွယ်လိုက်သည်။ မကြာမီမှာပင် သီးသန့်စကားပြောခန်း၌ စာသားတစ်ကြောင်း ပေါ်လာခဲ့သည်။
လီရှောင်ရှန်း - "မင်္ဂလာပါ၊ သတ္တုနဲ့ လဲဖို့ ရှာနေတာလား။"
"မင်းဆီမှာ ဘယ်လောက် ရှိလဲ။"
"မင်းကရော ဘယ်လောက် လိုချင်လို့လဲ။"
သူသည် အလွန်သတိကြီးသော လူတစ်ယောက်ဖြစ်သော်လည်း သူ၏ စကားအရ လက်ထဲတွင် သတ္တု အတော်အတန် ရှိနေကြောင်း သိသာလှသည်။
"သတ္တု တစ်ရာ့ငါးဆယ် ကီလိုဂရမ်လောက် ပေးနိုင်မလား။"
စကားပြောခန်းသည် ခဏတာ တိတ်ဆိတ်သွားခဲ့သည်။
လီရှောင်ရှန်းသည် မယုံကြည်နိုင်ဟန်ဖြင့် မျက်လုံးများကို ပွတ်သပ်ရင်း စကားပြောခန်းရှိ စာသားကို ကြည့်နေမိသည်။
တစ်ရာ့ငါးဆယ် ကီလိုဂရမ် အဲဒါက ရထားရဲ့ ပထမဆုံး အဆင့်မြှင့်တင်မှုအတွက် လိုအပ်တဲ့ ပမာဏပဲ။ ဒီလူက ဘာဖြစ်လို့ ဒီလောက်အများကြီး လိုချင်နေရတာလဲ။ သူက သစ်သားတွေနဲ့ စက်ပစ္စည်း အစိတ်အပိုင်းတွေကို အလုံအလောက် စုဆောင်းပြီးသွားပြီမို့လို့လား။ ပြီးတော့ ဒီရဲချီယန်ဆိုတဲ့ လူက တစ်ခါတည်းနဲ့ သတ္တုတွေ အများကြီး ဝယ်နိုင်ဖို့ ဘာကို ယုံကြည်ချက် ထားနေတာလဲ။
ခဏတာ တုံ့ဆိုင်းနေပြီးနောက် သူ စာပြန်လိုက်သည်။
"ငါ ပေးနိုင်ပါတယ်၊ ဒါပေမဲ့ မင်းက ဘာနဲ့ လဲမှာလဲ။ အစတုန်းက ပေးထားတဲ့ ဓားမြှောင်ဆိုရင်တော့ ငါ မင်းကို ဆယ်ကီလိုပဲ လဲပေးနိုင်မယ်။"
"ရိုင်ဖယ်တစ်လက်ဆိုရင်ရော ဘယ်လိုလဲ။"
ရထားစနစ်တွင် ဓာတ်ပုံရိုက်သည့် လုပ်ဆောင်ချက် ပါဝင်သည်။ ရဲချီယန်သည် အခြေအနေ ကောင်းမွန်သော အဆင့်နိမ့် ရိုင်ဖယ်တစ်လက်ကို ဓာတ်ပုံရိုက်ပြီး ပို့လိုက်သည်။
"သေနတ် တစ်လက်ရယ်၊ ကျည်ဆန် ၂၀ ရယ်ကို မင်းရဲ့ သတ္တု ၁၅၀ ကီလိုဂရမ်နဲ့ လဲမယ်။"
"သေနတ် မင်းဆီမှာ တကယ်ကြီး သေနတ် ရှိတာလား ငါ လဲနိုင်တယ်၊ ဒါပေမဲ့ ဒီဈေးက အရမ်းမများလွန်းဘူးလား။ မင်း ငါ့ကို ဓားပြတိုက်နေတာပဲ သေနတ် တစ်လက်က ဒီလောက်အထိ တန်ဖိုးမရှိပါဘူး"
ရဲချီယန်သည် တစ်ဖက်လူ၏ တုံ့ပြန်မှုကို အံ့ဩခြင်းမရှိဘဲ ကျည်ဆန်တစ်တောင့်ကို လက်ထဲတွင် ကစားနေမိသည်။ သို့သော် လောလောဆယ်တွင် သူတစ်ယောက်တည်းသာ သေနတ် ရောင်းနေခြင်းဖြစ်သည်။ သူ သတ်မှတ်သည့် ဈေးကသာ အတည်ပင်။
"မများပါဘူး။ အခုချိန်မှာ သေနတ်တစ်လက်က ဘယ်လောက် အရေးကြီးလဲဆိုတာ မင်း နားလည်သင့်ပါတယ်။ ပြီးတော့ နောက်ထပ် ဘူတာရုံက ဘယ်လိုပုံစံမျိုး ဖြစ်မလဲဆိုတာ ဘယ်သူသိမှာလဲ။ အန္တရာယ် မရှိဘူးလို့ မင်း အာမခံနိုင်လား။ မင်းလက်ထဲမှာ သေနတ်တစ်လက် ရှိနေရင် မင်း ပိုပြီး အသက်ရှင်နိုင်မှာပေါ့၊ မဟုတ်ဘူးလား။"
လီရှောင်ရှန်းသည် ရဲချီယန် ပြောသည်မှာ မှန်ကန်ကြောင်း သိသည်။ သူသည် ပထမမှတ်တိုင်မှာတင် သတ္တု သုံးရာကျော်နှင့် ရတနာသေတ္တာ တစ်ခု ရရှိခဲ့သဖြင့် အားလုံးထဲတွင် သူသည် ကံအကောင်းဆုံးလူဟု ထင်မှတ်ထားခဲ့သည်။ သို့သော် ရဲချီယန် လက်ထဲရှိ သေနတ်နှင့် နှိုင်းယှဉ်လျှင် ထိုအရာအားလုံးမှာ အရောင်မှိန်သွားခဲ့ရသည်။
"နည်းနည်းလောက် လျှော့လို့ မရဘူးလား။"
"တစ်ရာ့ငါးဆယ် ကီလိုဂရမ်ပဲ။ မင်း လက်မခံဘူးဆိုရင် တခြားလူ ရှာလိုက်မယ်။"
ရဲချီယန် သူ၏ မေးစေ့ကို ပွတ်သပ်ရင်း မျက်လုံးများကို မှေးလိုက်သည်။ လီရှောင်ရှန်း၏ လက်ထဲတွင် သတ္တု အမြောက်အမြား ရှိနေနိုင်သလို ဤသေနတ်ကို ရယူလိုသည့် ဆန္ဒကလည်း လုံးဝ ပေါ်လွင်နေသည်။ ထို့ကြောင့် သူ ဈေးလျှော့ပေးရန် အစီအစဉ်မရှိပေ။
ဖန်သားပြင်ပေါ်ရှိ ဓာတ်ပုံကို ကြည့်ရင်း လီရှောင်ရှန်း တံတွေး မျိုချလိုက်မိသည်။ သူ တကယ်ကို လိုချင်နေပြီဖြစ်သည်။
"တစ်ရာ ကီလိုဂရမ် ဆိုရင်ရော..."
ရဲချီယန် ကျည်ဆန်နှင့် ကစားနေရင်း ပါးစပ်ထောင့်က ကွေးတက်သွားခဲ့သည်။
"ဒီအချိန်မှာ မင်းထက် သေနတ်ကို ပိုပြီး လိုချင်ဇော ပြင်းနေမယ့်သူ နောက်တစ်ယောက် ရှိမယ်လို့ ငါ ထင်တယ်နော်။"
လီရှောင်ရှန်း သွားကြိတ်လိုက်သည်။ အတော်ကြာအောင် တုံ့ဆိုင်းနေပြီးမှ မကျေမချမ်းဖြင့် ပြန်ဖြေလိုက်သည်။
"ငါ ခဏလောက် စဉ်းစားပါရစေဦး။"
"ကောင်းပြီလေ၊ ဆယ်စက္ကန့်လောက်ဆို ရမလား။ ဘာလို့လဲဆိုတော့ ငါ အခု အရမ်း အလုပ်ရှုပ်နေလို့။"
"..."
လီရှောင်ရှန်းသည် သူ ဘာတွေ အလုပ်ရှုပ်နေသလဲဟု တကယ်ပင် မေးချင်နေမိသည်။ လူတိုင်းက ပထမမှတ်တိုင်ကနေ ထွက်လာခဲ့ကြပြီဖြစ်ရာ ကျဉ်းမြောင်းလှသော ရထားတွဲအတွင်း၌ ပစ္စည်းများကို စီစဉ်ခြင်းမှလွဲ၍ စကားပြောခန်းတွင်သာ အချိန်ဖြုန်းနေကြရသည်။
ရဲချီယန်သည် ယခုအချိန်အထိ ပထမမှတ်တိုင်မှာ ရှိနေသေးသည်ကို သူ မသိသလို၊ ရဲချီယန်၏ ရည်ရွယ်ချက်မှာ ရထားကို အဆင့်မြှင့်တင်ရန် မဟုတ်ဘဲ ပထမဆုံး ရထားတွဲကို တည်ဆောက်ရန် ဖြစ်သည်ကိုလည်း သူ ခန့်မှန်းနိုင်မည် မဟုတ်ပေ။
လီရှောင်ရှန်း အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ၏ မျက်နှာက ပြတ်သားသွားပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်ဟန်ရှိသည်။
"ငါ သေချာ စဉ်းစားပြီးပြီ။ မင်းနဲ့ လဲမယ်။ ဒါပေမဲ့ ငါ သိချင်တာက မင်း ဒီသတ္တုတွေကို ဘာအတွက် သုံးမှာလဲ။ ရထားကို အဆင့်မြှင့်ဖို့လား၊ ဒါမှမဟုတ် မင်းဆီမှာ အများအပြား ထုတ်လုပ်နိုင်တဲ့ ဒီလိုသေနတ်တွေရဲ့ ပုံစံကြမ်း ရှိနေလို့လား။"
"အာ... အထင်မလွဲပါနဲ့ဦး။ ငါက စကားပြောခန်းထဲက လူတွေလို ပုံစံကြမ်းကို ထုတ်ပေးဖို့ ပြောနေတာ မဟုတ်ပါဘူး။ ငါ ပြောချင်တာက မင်း နောက်ထပ် ကုန်သွယ်ချင်သေးတယ်ဆိုရင် ငါ့ကို ဆက်ပြီး ရှာလို့ရပါတယ်။ နောက်ထပ် ဘူတာရုံ သုံးခုအတွင်းမှာ ရထားကို အဆင့် (၂) အထိ မြှင့်နိုင်မယ်လို့ ငါ ယုံကြည်တယ်။ အဲဒီအချိန်ကျရင် ဒီလက်နက်တွေကို မင်းအတွက် ကြော်ငြာပေးလို့ ရတာပေါ့။ လူတိုင်းက သန်မာတဲ့သူ ပြောတာကို ပိုပြီး နားထောင်ကြလိမ့်မယ်လို့ ငါ ယုံကြည်တယ်။"
ဒီလူက ဘယ်ကနေ ဒီလို ယုံကြည်ချက်တွေ ရနေတာလဲ။
ရဲချီယန် ရုတ်တရက် ဖြစ်နိုင်ချေတစ်ခုကို တွေးမိလိုက်သည်။ ဤလီရှောင်ရှန်းသည်လည်း သူ့ကဲ့သို့ပင် မွေးရာပါပါရမီ တစ်ခုခု ရှိနေနိုင်ပေသည်။ ၎င်းက ဘာလဲဆိုတာကို ရဲချီယန် မသိနိုင်သလို မေးနေရန်လည်း မလိုပေ။
ဘူတာရုံ သုံးခုအတွင်းမှာ ရထားကို အဆင့်မြှင့်နိုင်တာနဲ့ပဲ သူ့ကိုယ်သူ သန်မာတဲ့သူလို့ သတ်မှတ်နေတာလား။
သူသည် ဘူတာရုံထဲ မဝင်ခင်ကတည်းက အဆင့် (၂) သို့ ရောက်ရှိနေသော သူ၏ ကိုယ်ပိုင်ရထားကို တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။ သူကတော့ ဘာဖြစ်လို့ သန်မာတဲ့သူတစ်ယောက်လို့ မခံစားရပါလိမ့်။
ဒီလို လျှို့ဝှက်ဆန်းကြယ်စွာ ယုံကြည်ချက် လွန်ကဲနေတဲ့သူမျိုးအတွက်တော့ စကားလုံးတစ်လုံးပဲ ရှိသည်။
သဘောတူလိုက်ဖို့ပင်။
"လဲကြတာပေါ့။"
ဒါက ရဲချီယန်၏ ပထမဆုံး ကုန်သွယ်မှုဖြစ်ရာ ၎င်းက ဘယ်လို အလုပ်လုပ်သလဲဆိုသည်ကို သူ စိတ်ဝင်စားနေမိသည်။
လမ်းညွှန်ချက်အတိုင်း အဆင့်နိမ့် ရိုင်ဖယ်နှင့် ကျည်ဆန် ၂၀ ကို နေရာလွတ်တစ်ခုတွင် ချထားလိုက်သည်။ မကြာမီမှာပင် အတုအယောင် အလင်းတန်းတစ်ခုက သေနတ်နှင့် ကျည်ဆန်များအပေါ်သို့ ဖြတ်ပြေးသွားခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် နှစ်ခုလုံး ပျောက်ကွယ်သွားခဲ့ပြီး၊ သပ်ရပ်စွာ စီထားသော သတ္တုတုံးများက ထိုနေရာတွင် အစားထိုး ထွက်ပေါ်လာခဲ့သည်။
"ဒါက တကယ်ကို အဆင်ပြေတာပဲ။"
ကုန်သွယ်မှုအားလုံးကို ရထားစနစ်က အသိအမှတ်ပြုပေးထားသဖြင့် လီရှောင်ရှန်းက လှည့်စားမည်ကို သူ မစိုးရိမ်ပေ။
လက်ထဲရှိ အရင်းအမြစ်များကို ကြည့်ရင်း ရဲချီယန်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တလက်လက် တောက်ပလာခဲ့သည်။ သူသည် အဆင့်နိမ့် ရထားတွဲ ပုံစံကြမ်းကို ထုတ်ယူ၍ အလုပ်ခုံပေါ်တွင် တင်လိုက်သည်။ ပုံစံကြမ်းထံမှ တောက်ပသော အလင်းဖန်သားပြင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
【အဆင့်နိမ့် ရထားတွဲ】 (တည်ဆောက်နိုင်သည်)
လိုအပ်သော ပစ္စည်းများ - သစ်သား ၁၀၀ ကီလိုဂရမ်၊ သတ္တု ၁၅၀ ကီလိုဂရမ်၊ စက်ပစ္စည်း အစိတ်အပိုင်း ၆၀
【တည်ဆောက်မည် - ဟုတ်ကဲ့ / မဟုတ်ပါ】
"ဟုတ်ကဲ့။"
ရွေးချယ်မှုကို နှိပ်လိုက်သည့်ခဏမှာပင် လိုအပ်သော ပစ္စည်းများအားလုံး ရထားအတွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် ချက်ချင်းပင် ရထား၏ အဆုံးပိုင်းရှိ ကောင်းကင်ယံတွင် အရင်းအမြစ်များအားလုံး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုအောက်တွင် အဆက်မပြတ် ပြန်လည်ဖွဲ့စည်းနေပြီး၊ နောက်ဆုံး၌ ရထားတွဲတစ်ခု၏ ပုံသဏ္ဌာန်အဖြစ်သို့ ပြောင်းလဲသွားသည်ကို ရဲချီယန် မြင်တွေ့လိုက်ရသည်။
ရထားတွဲသည် လေထဲမှ ကျဆင်းလာပြီး ရထားသံလမ်းပေါ်သို့ တည်ငြိမ်စွာ ကျရောက်သွားခဲ့သည်။ ထို့နောက် ရှေ့သို့ လျှောတိုက်လာပြီး သူ၏ စက်ခေါင်းတွဲနှင့် လာရောက် ချိတ်ဆက်သွားခဲ့သည်။
【တည်ဆောက်မှု အောင်မြင်ပါသည်】
【ဖန်နှင့် ဖိုက်ဘာတို့ကို အသုံးပြု၍ ပြုပြင်မွမ်းမံနိုင်ပါသည်။】
【အဆင့်နိမ့် ရထားတွဲ】
【အတွင်းပိုင်း အထောက်အကူပြု ပစ္စည်းများ - မရှိပါ】
【ရထားတွဲ လုပ်ဆောင်ချက်များ - မရှိပါ】
【ပြုပြင်မွမ်းမံမှု - မရှိပါ】
ဤရထားတွဲတွင် တံခါး မပါဝင်ပေ။ အထဲသို့ ဝင်ရန်အတွက် စက်ခေါင်းတွဲ၏ အနောက်ဘက်မှတစ်ဆင့် သွားရမည်ဖြစ်သည်။ ရထားတွဲ၏ အတွင်းပိုင်းမှာ အလွန်ကြီးမားပြီး ဆယ်မီတာခန့် ရှည်လျားကာ အရွယ်ရောက်ပြီး အမျိုးသားတစ်ဦး၏ အရပ်ထက် တစ်ဆခွဲခန့် ပိုမြင့်သောကြောင့် ကျယ်ဝန်းပြီး လင်းထိန်သည်ဟု ဆိုနိုင်သည်။ ပြတင်းပေါက် ဘောင်များ ပါရှိသော်လည်း စက်ခေါင်းတွဲနှင့် မတူဘဲ မှန်များ မပါရှိသောကြောင့် ပြုပြင်မွမ်းမံရန်အတွက် ဖန်များ လိုအပ်နေပုံရသည်။
"အခုဆိုရင် စက်ခေါင်းတွဲထဲမှာ ပစ္စည်းတွေ အပုံလိုက်ကြီး ထားစရာ မလိုတော့ဘူး။ ပြီးတော့ စက်ခေါင်းတွဲ တစ်ခုတည်းနဲ့က ဘယ်မှာ ရထားနဲ့ တူမှာလဲ။ အခုမှပဲ ဟုတ်သွားတော့တယ်။"
ရဲချီယန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
သူသည် ကျန်ရှိနေသော ကိုယ်ခံစွမ်းအားနှင့် စိတ်စွမ်းအားကို တိတ်တဆိတ် စစ်ဆေးလိုက်ပြီးနောက် အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်ရန် လောလောဆယ် မစဉ်းစားတော့ပေ။ စက်ခေါင်းတွဲထဲတွင် ပုံနေသော အရင်းအမြစ်အားလုံးကို ဤရထားတွဲသစ်ထဲသို့ ပြောင်းရွှေ့ထည့်လိုက်ပြီး ထွက်ခွာရန် အချိန်ကို စစ်ဆေးလိုက်သည်။
မိနစ်လေးဆယ်... ရထားပေါ်သို့ နောက်ထပ် ပစ္စည်းများ သယ်ယူရန်အတွက် လုံလောက်သော အချိန်ပင် ဖြစ်သည်။
အခန်း (၆) - လက်နက်ကုန်သွယ်မှု
【ကိုယ်ခံစွမ်းအား - ၂၁】 【စိတ်စွမ်းအား - ၅၉】
【လက်ရှိ အခြေအနေ - အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသည်】
ရထားပေါ်တွင် ရဲချီယန်သည် အိပ်မက်များ ပျောက်ဆုံးနေပြီး မျှော်လင့်ချက် ကင်းမဲ့နေသည့် ငါးခြောက်တစ်ကောင်ကဲ့သို့ မလှုပ်မယှက် လဲလျောင်းနေမိသည်။
နောက်ဆုံးအချိန်ပိုင်းအတွင်းမှာ သူသည် ကျန်ရှိနေသော ခွန်အားလေးကို အသုံးချကာ လက်နက်တိုက်ဆီသို့ နှစ်ခေါက်ခန့် အသွားအပြန် လုပ်ခဲ့သေးသည်။ ပစ္စည်းများကို သယ်ယူရသည့် ပင်ပန်းမှုများအပြင်၊ သူသည် ပေးထားသော ကတိအတိုင်း ထိုလူ့အရိုးစုအတွက် ဂေါ်ပြားဖြင့် ကျင်းတူးကာ မြှုပ်နှံပေးခဲ့ပြီး အမည်မသိ အုတ်ဂူတိုင်လေးတစ်ခုကိုပါ စိုက်ထူပေးခဲ့သည်။
နောက်ဆုံးတွင် ဤဘူတာရုံ၏ နောက်ဆုံးသော ရိတ်သိမ်းမှုမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
ရထားထွက်ခွာရန် အချိန်ရေတွက်မှု သုညသို့ ရောက်ရှိသွားသောအခါ...
ရပ်နားထားသော ရထားကြီးသည် တရွေ့ရွေ့ဖြင့် စတင်ထွက်ခွာခဲ့သည်။
စက်ခေါင်းတွဲ၏ အရှေ့ဘက်တွင် ဟင်းလင်းပြင် လှိုင်းဂယက်များ ရုတ်တရက် ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ ရထား၏ အမြန်နှုန်းမှာ ဆက်လက် မြင့်တက်လာပြီး ထိုဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီးနောက်၊ မှောင်မှောက်ပြီး အဆုံးအစမရှိသော လွင်တီးခေါင်ပြင်ကြီးဆီသို့ တစ်ဖန် ပြန်လည်ရောက်ရှိသွားခဲ့သည်။
ထိုအချိန်မှာပင် ရထား၏ အသံချဲ့စက်မှ အသံထွက်ပေါ်လာခဲ့သည်။
【ဒင် - ရထားမောင်းနှင်သူများ အားလုံး မိမိတို့၏ ပလက်ဖောင်းများမှ ထွက်ခွာခဲ့ကြပါပြီ။ ပထမဆုံး အစပြုသူ ဘူတာရုံမှ ဘေးကင်းလုံခြုံစွာ ထွက်ခွာနိုင်ခဲ့ကြသော လူဦးရေ ၉,၈၉၂ ဦးအား ဂုဏ်ယူဝမ်းမြောက်အပ်ပါသည်။】
【သင်တို့သည် အစပြုသူများအတွက် ဘေးကင်းလုံခြုံရေး ကာလမှ တရားဝင် ထွက်ခွာသွားပြီ ဖြစ်သည်။】
【ဒုတိယမြောက် ဘူတာရုံမှ စတင်၍ ရထားသည် ဘေးကင်းလုံခြုံသော ဇုန်တွင် ရပ်နားမည်ဟု အာမမခံနိုင်တော့ပါ။】
အသံချဲ့စက်မှ စကားလုံးများကြောင့် လူအများကြားတွင် အုန်းအုန်းကျွက်ကျွက် ဖြစ်သွားခဲ့သည်။
【"ဒါက ဘာကို ဆိုလိုတာလဲ။ ငါတို့အားလုံး လွန်ခဲ့တဲ့ တစ်နာရီကတည်းက ထွက်လာရမှာ မဟုတ်ဘူးလား။"】
【"တစ်ယောက်ယောက်က ပထမမှတ်တိုင်မှာ တစ်နာရီ ပိုနေခဲ့တာလား။ ဘာအကြောင်းနဲ့လဲ။"】
【"စည်းမျဉ်းတွေက အတုတွေများလား။ အချိန်ရေတွက်မှု ကုန်သွားရင်တောင် ရထားပေါ် မတက်ရင် ရထားက ထွက်မှာမဟုတ်ဘူးလား။ နောက်မှတ်တိုင်ကျရင် တစ်ယောက်ယောက် စမ်းကြည့်ချင်လား။"】
【"အကြံကောင်းပဲ၊ နောက်မှတ်တိုင်ကျရင် မင်းပဲ အရင်စမ်းကြည့်လိုက်လေ။"】
【"တောက်... တစ်ယောက်ယောက်တော့ ခိုးလုပ်နေပြီ ထင်တယ်။ ငါ တိုင်တန်းမယ်"】
【"ပထမမှတ်တိုင်က တကယ်ကြီး ဘေးကင်းတဲ့နေရာလား။ ဒါကိုသာ ကြိုသိရင် ငါလည်း ရထားပေါ်က ဆင်းပြီး လေ့လာကြည့်မှာပေါ့။"】
【"ဘေးကင်းတဲ့ ဘူတာရုံမှာ လူသေနိုင်လို့လား။"】
【"သေနိုင်တာပေါ့။ ငါ့ရဲ့ ပထမမှတ်တိုင်က သဲကန္တာရကွ။ ငါသာ ကံမကောင်းရင် သဲကျွံတွင်းထဲ ပါသွားမှာ။"】
သူတို့ ဝိုင်းဝန်းဆွေးနွေးနေကြသော ပုဂ္ဂိုလ်ကြီးမှာမူ လောလောဆယ်တွင် ကြမ်းပြင်ကို မှီ၍ ဤဘူတာရုံမှ ရရှိခဲ့သော နောက်ဆုံး ဆုလာဘ်များကို စာရင်းပြုစုနေသည်ကို သူတို့ သိကြမည်မဟုတ်ပေ။
【အဆင့်နိမ့် လက်ဖြောင့်ရိုင်ဖယ်】 - ၄၉ လက်
【အဆင့်နိမ့် ကျည်ဆန်】 - ၁,၁၀၀ တောင့်
【သစ်သား】 - ၁၅၀ ကီလိုဂရမ်
【သတ္တု】 - ၁၀၄ ကီလိုဂရမ်
【စက်ပစ္စည်း အစိတ်အပိုင်း】 - ၁၆၂ ခု
၎င်းတို့အပြင် လက်နက်တိုက်မှ ရရှိခဲ့သော သံတူးရွင်း၊ ဂေါ်ပြား၊ ဝက်အူလှည့်နှင့် အခြားသော ဟာ့ဒ်ဝဲ ကိရိယာအချို့ကိုလည်း သူ ရှာတွေ့ခဲ့သေးသည်။ ပျက်စီးနေသော အရာများကိုမူ ပြန်လည်အသုံးပြုရန် လုပ်ငန်းစဉ်ခုံထဲသို့ ထည့်လိုက်ပြီး ကျန်ရှိသည်များကို အပိုပစ္စည်းအဖြစ် သိမ်းဆည်းထားလိုက်သည်။
သူ့တွင် ရှိနေသော ပုံစံကြမ်းများအရ 【အဆင့်နိမ့် ရေလှောင်ကန်】 နှင့် 【ပြင်ပ အမှိုက်သိမ်းစက်】 တို့အတွက် လိုအပ်သော သတ္တု ၄၀ ကီလိုဂရမ်နှင့် စက်ပစ္စည်း အစိတ်အပိုင်း ၁၁၀ မှာ သူ့အတွက် ဘာမှမဟုတ်တော့ပေ။
သူသည် ပုံစံကြမ်းများကို နေရာချကာ အရင်းအမြစ်များကို ထည့်သွင်းလိုက်သည်။ ရထား ထိန်းချုပ်မှုစနစ်မှတစ်ဆင့် နှစ်ခုလုံးကို ရထားပေါ်တွင် တပ်ဆင်လိုက်သည်။
"ရေလှောင်ကန်ကို ရထားတွဲအတွင်းမှာ ထားမယ်၊ အမှိုက်သိမ်းစက်ကိုတော့ ရထားတွဲရဲ့ ဘယ်ဘက် အပြင်ဘက်မှာ တပ်ဆင်လိုက်မယ်။"
တပ်ဆင်မှု ပြီးဆုံးသွားသည်နှင့် ရဲချီယန် ထရပ်ကာ ရထားတွဲအတွင်းသို့ လျှောက်ဝင်သွားခဲ့သည်။ မူလက ပုံနေသော ထောက်ပံ့ရေးပစ္စည်းများမှာ သိသိသာသာ နည်းပါးသွားပြီး၊ ၎င်းတို့နေရာတွင် ဘီးများ တပ်ဆင်ထားသော သတ္တု ရေကန်ကြီးတစ်ခု အစားထိုး ရောက်ရှိနေခဲ့သည်။
ဤအဆင့်နိမ့် ရေလှောင်ကန်သည် ရေ ကီလိုဂရမ် တစ်ထောင်အထိ ဆန့်ပြီး၊ အညစ်အကြေး ရေနှင့် ရေသန့်ကို သီးခြားစီ ခွဲထားနိုင်ရန် ဖယ်ရှား၍မရသော အကန့်များ ပါရှိသည်။
လက်နက်တိုက်မှ သယ်ဆောင်လာသော အညစ်အကြေးရေများကို အညစ်အကြေးရေ အကန့်ထဲသို့ လောင်းထည့်လိုက်သည့်အခါ နေရာလွတ်၏ ဆယ်ပုံတစ်ပုံခန့် (၅၀ ကီလိုဂရမ်ခန့်) ပြည့်သွားခဲ့သည်။
"ရေသန့်စင်တဲ့ ကိရိယာ မရှိတာ နှမြောစရာပဲ။"
ရဲချီယန် အနည်းငယ် နှမြောသွားမိသော်လည်း သူ အလွန်အမင်း မလောပေ။
【"ရေ၊ ဖန်၊ ဖိုက်ဘာ၊ ပုံစံကြမ်းတွေနဲ့ အရင်းအမြစ် အမျိုးမျိုးကို ဝယ်ချင်ပါတယ်။ စိတ်ဝင်စားရင် ဈေးနှုန်းနဲ့တကွ သီးသန့်ကနေ ဆက်သွယ်ပေးပါ။ သေနတ်တွေနဲ့ အစားအစာတွေနဲ့ ပြန်လဲပေးပါ့မယ်။"】
ဒါက သူ စကားပြောခန်းထဲမှာ ပထမဆုံး တင်လိုက်တဲ့ မက်ဆေ့ချ်ပင် ဖြစ်သည်။ တင်ပြီးပြီးချင်းမှာပဲ သူ သိပ်ပြီး ဂရုမစိုက်တော့ပေ။ ထင်ရှားသည်မှာ သေနတ်များ၏ တန်ဖိုးသည် လီရှောင်ရှန်းကို သူပြောခဲ့သည့်အတိုင်းပင် ဖြစ်သည်။ ၎င်းတို့၏ တန်ဖိုးကို နားလည်မည့်သူများ ရှိလာပေလိမ့်မည်။
【"သေနတ်လား။ ဟို ခလုတ်ဆွဲလိုက်ရင် ပစ်လို့ရတဲ့ အမျိုးအစားလား။ ဟာ... မိုက်လှချည်လား၊ ငါ့ကို တစ်လက်လောက် အလကား ပေးလို့ရမလား။"】
【"တကယ်ကို မျက်နှာပြောင်တဲ့သူပဲ။ သေနတ်လို ရှားပါးပစ္စည်းမျိုးကို အလကားတောင်းဖို့ ဘယ်လိုတောင် သတ္တိရှိနေတာလဲ။"】
【"ငါ့ရဲ့ ပထမမှတ်တိုင်မှာ ဘာမှ အဖတ်မတင်ခဲ့ဘူး။ ဘယ်လိုလုပ်ပြီး တစ်ယောက်ယောက်က သေနတ်တွေတောင် ရနေပြီလဲ။"】
【"အရင်းအမြစ်တွေ စုဆောင်းနေတာလား။ ဒီဆရာကြီးက သူ့ရထားကို အဆင့်မြှင့်တော့မလို့လား။"】
【"ဆရာကြီး... ကျွန်မကို ကူညီစောင့်ရှောက်ပေးပါဦး ကျွန်မက အပြစ်ကင်းတဲ့ တက္ကသိုလ်ကျောင်းသူလေးပါ။ အစားအစာလေး ပို့ပေးပါ၊ တွေ့တဲ့အခါကျရင် ဆရာကြီး ခိုင်းတာ အကုန်လုပ်ပါ့မယ်"】
ရေသိုလှောင်ကန်ကို စစ်ဆေးပြီးနောက် ရဲချီယန်သည် ပြန်လည်အသုံးပြုရေး ကိရိယာကိုလည်း စစ်ဆေးလိုက်သည်။ အပေါ်မျက်နှာကျက်တွင် ချိတ်ဆွဲထားသော ပြန်လည်အသုံးပြုရေး ကိရိယာမှာ လုံးဝ အနက်ရောင်ရှိသော သံသေတ္တာကြီးတစ်ခု ဖြစ်သည်။ ၎င်း၏ အလုပ်လုပ်ပုံကို မြင်တွေ့ရရန်အတွက် ဒုတိယမြောက် ဘူတာရုံသို့ ရောက်သည်အထိ စောင့်ရပေလိမ့်မည်။
ဒါတွေကို အစီအစဉ်ချပြီးသွားမှ ရဲချီယန်သည် စကားပြောခန်းကို အေးအေးဆေးဆေး ဖွင့်ကြည့်နိုင်တော့သည်။ တစ်ချိန်တည်းမှာပင် သူ၏ သီးသန့်မက်ဆေ့ချ်များမှာလည်း အဆက်မပြတ် ဝင်ရောက်နေသည်ကို တွေ့လိုက်ရသည်။
ကျောက်ခယ် - 【"ဆရာကြီး၊ ကျွန်တော့်ကို သေနတ်တစ်လက် ပေးပါ။ ဆရာကြီးရဲ့ တပည့်အဖြစ် ခိုင်းတာ အကုန်လုပ်ပါ့မယ်"】
လင်းကျောက်ဖုန်း - 【"သူငယ်ချင်း... မင်း သေနတ်တွေကို ဘယ်လိုရခဲ့လဲဆိုတာ မျှဝေပေးလို့ ရမလား။ ဒီလို အချိန်မျိုးမှာ အချင်းချင်း ကူညီသင့်တယ်လေ။ မင်းမှာ သေနတ်တွေ အများကြီး ရှိနေရင် လိုအပ်နေတဲ့သူတွေကို ဝေမျှပေးဖို့ ငါ့လက်ထဲ အပ်လိုက်ပါ။ ဒါမှ လူတွေ ပိုပြီး အသက်ရှင်နိုင်မှာ။"】
ရှန်ကွမ်းရင်းရွှယ် - 【"ကန်ရေ ၂၀ ကီလိုဂရမ် ရှိတယ်။ ရေထည့်စရာ ပုံးတော့ မပါဘူး။"】
ကိုဟန် ဂျုံးစ် - 【"ငါ့ဆီမှာ ဖန် ၁၆ ကီလိုဂရမ်ပဲ ရှိတယ်။ အဲဒါကို သေနတ်တစ်လက်နဲ့ လဲလို့ရမလား။"】
...
"နိုင်ငံခြားသားတွေလား..."
အပေါ်မှာရှိနေတဲ့ ထူးခြားတဲ့ အမည်အချို့ကို ကြည့်ပြီး ရဲချီယန် အနည်းငယ် အံ့ဩသွားမိသည်။ သို့သော် ပြန်စဉ်းစားကြည့်လျှင် ဒါက ဖြစ်သင့်ပါသည်။ ဤရထားရှင်သန်ရေး ကမ္ဘာကြီးထဲတွင် နိုင်ငံတစ်ခုတည်းက လူတွေပဲ ရှိရမည်ဟု စည်းမျဉ်းမရှိပေ။ မဟုတ်သေးဘူး... သူတို့အားလုံးက ကမ္ဘာတစ်ခုတည်းက လာတာ ဟုတ်၊ မဟုတ်တောင် မသေချာလှပေ။
ကိုယ်ကျင့်တရားဖြင့် ခြိမ်းခြောက်တတ်သူများနှင့် အလကားလိုချင်သူများကို စာရင်းမည်းသွင်းပြီး ပိတ်ပစ်လိုက်ပြီးနောက်၊ ရဲချီယန်သည် သေချာစွာ စစ်ထုတ်ကြည့်ရာတွင် ဖြစ်နိုင်ချေရှိသော ကုန်သွယ်ဖက် အချို့ကို တွေ့ရှိခဲ့သည်။
"ကန်ရေ ၂၀ ကီလိုဂရမ် ဆိုတာက နည်းလွန်းတယ်။"
ခဏတာ တွေးတောပြီးနောက် ရဲချီယန်သည် ရှန်ကွမ်းရင်းရွှယ် အမည်ရှိ အမျိုးသမီးထံသို့ ပြန်စာပို့လိုက်သည်။
【"မင်းလည်း သိတဲ့အတိုင်းပဲ၊ ကန်ရေဆိုတာက သောက်လို့ရချင်မှ ရမှာ။ ကုန်သွယ်ချင်တယ်ဆိုရင်တော့ ဒီထက်ပိုပြီး ရိုးသားမှုရှိတဲ့ ဈေးနှုန်းမျိုး ပြပေးစေချင်တယ်။"】
ရထားမောင်းနှင်သူ အမှတ် E-3-3924 ဖြစ်သူ ရှန်ကွမ်းရင်းရွှယ်သည် စကားပြောခန်းရှိ ပြန်စာကို ကြည့်ရင်း မျက်မှောင်အနည်းငယ် ကြုတ်ကာ ခဏတာ တုံ့ဆိုင်းသွားခဲ့သည်။
ရှန်ကွမ်းရင်းရွှယ် - 【"မင်းက ဘယ်လောက် လိုချင်လို့လဲ။ ဈေးပြောလိုက်လေ။"】
ရဲချီယန် - 【"၁၀၀ ကီလိုဂရမ်။"】
ယခုအချိန်တွင် ရေသည် သတ္တုကဲ့သို့သော အရင်းအမြစ်များထက် ပို၍ အဖိုးတန်လှသည်။ ဘာပဲဖြစ်ဖြစ် ဒါက အသက်အန္တရာယ်နှင့် တိုက်ရိုက်သက်ဆိုင်နေသည် မဟုတ်ပါလား။
အသက်ရှင်သန်ရန်အတွက်သာမက၊ ပို၍ အရေးကြီးသည်မှာ ပထမမှတ်တိုင်တွင် ရေကြည်လင်သော ကန်တစ်ခုသို့ ရောက်ခဲ့လျှင်ပင် ထိုရေကို သိုလှောင်ရန် ပုံးရှိသူမှာ အလွန်နည်းပါးလိမ့်မည် ဖြစ်သည်။
အကယ်၍ ၎င်းသည် သန့်စင်ပြီးသား သောက်ရေဖြစ်ပါက သူ ဈေးလျှော့ပေးရန် ဆန္ဒရှိသော်လည်း၊ ယခုမှာ ကန်ရေသာ ဖြစ်သည်။ ၎င်းကို သောက်သုံးနိုင်ရန်အတွက် အတော်လေး အားထုတ်ရဦးမည် ဖြစ်သည်။
ရှန်ကွမ်းရင်းရွှယ် - 【"...?"】
【"မင်း တောင်းတာ အရမ်းများလွန်းတယ်။ ငါ ခဏလောက် စဉ်းစားပါရစေဦး..."】