အခန်း (၇-၈)
Vol. 1 Ch. 7-8
အခန်း (၇) - 【မှောင်မိုက်အလင်း မှော်ဝင်ပစ္စတို】
စကားပြောခန်း၏ တစ်ဖက်ခြမ်းတွင် ရှန်ကွမ်းရင်းရွှယ်သည် ခဏတာ တုံ့ဆိုင်းသွားခဲ့သည်။
ရှန်ကွမ်းရင်းရွှယ် - 【"ကောင်းပြီလေ၊ ဒါပေမဲ့ ငါ့ကို ကျည်ဆန်တချို့လည်း ပေးဦး။ ရေနဲ့ပဲ ထပ်လဲမယ်။"】
ဒီအမျိုးသမီး... သူ ဘယ်ကနေ ရေတွေ အများကြီး ရနေတာလဲ။
ရေအများကြီး ရှိနေတာကတော့ သိပ်ပြီး မအံ့ဩစရာ မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် ဒါက ကန်ရေလို့ သူကိုယ်တိုင် ပြောထားတာကြောင့် သူ ရောက်ခဲ့တဲ့ ပထမမှတ်တိုင်က ရေကန်တစ်ခု ဒါမှမဟုတ် အဲဒီလို နေရာမျိုး ဖြစ်ဖို့ များသည်။ ရဲချီယန်ကို တကယ် သိချင်စိတ် ပြင်းပြစေသည်မှာ ထိုရေတွေကို သိုလှောင်ဖို့ ပုံးတွေကို သူ ဘယ်က ရသလဲ ဆိုသည့် အချက်ပင်။
ပထမမှတ်တိုင်၏ သုံးနာရီကြာ ရပ်နားချိန် မကုန်ဆုံးမီမှာပင် ကုန်သွယ်ရေး ပလက်ဖောင်းနှင့် စကားပြောခန်းကို ပိတ်ထားခဲ့သည်။ သူ ရှာတွေ့ခဲ့တာလား၊ ဒါမှမဟုတ် သူ့လိုပဲ ပုံစံကြမ်းတစ်ခု သုံးပြီး တည်ဆောက်ခဲ့တာလား။
ရဲချီယန်သည် ထိုကုန်သွယ်မှုကို ငြင်းပယ်ရန် အစီအစဉ် မရှိပေ။ သေနတ်ကို ရောင်းပြီးပြီ ဖြစ်သဖြင့် ကျည်ဆန်တွေကို အရင်းအမြစ်တွေနဲ့ လဲလှယ်ဖို့ကလည်း သဘာဝကျလှသည်။
ကုန်သွယ်မှု ပြုလုပ်သည့် နေရာကို ရေလှောင်ကန်၏ အပေါ်တွင် ထားလိုက်ရာ ရေများက အပေါ်မှ စီးကျလာခဲ့သည်။ ရေလှောင်ကန်ထဲရှိ ကြည်လင်သန့်ရှင်းနေသော ရေကို ကြည့်ပြီး သူ ရေငတ်နေသော စိတ်ကို အတင်းအကျပ် ထိန်းချုပ်လိုက်ရသည်။
ရေက ကြည်လင်နေသည်ဟု ထင်ရသော်လည်း သာမန် အသိဉာဏ် ရှိသူတိုင်းက ကန်ရေကို သေချာ စစ်ထုတ်ခြင်းနှင့် ကျိုချက်ခြင်း မပြုဘဲ သောက်သုံးခြင်းသည် သေကြောင်းကြံခြင်းနှင့် အတူတူပင် ဖြစ်ကြောင်း သိကြသည်။
ကုန်သွယ်မှု ပြီးဆုံးသွားသည့်အခါ မိတ်ဆွေဖွဲ့ရန် တောင်းဆိုမှုနှင့်အတူ မက်ဆေ့ချ် အသစ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
【"နောင်ကျရင်လည်း မင်းနဲ့ ထပ်ပြီး ကုန်သွယ်လို့ ရမလား။"】
သူမက စကားနည်းပြီး အလုပ်ဖြစ်သည့် ကုန်သွယ်ဖက် တစ်ဦးပင်။ ရဲချီယန် အနေဖြင့် ငြင်းပယ်စရာ အကြောင်းမရှိပေ။ အစောပိုင်းက ဟန်ကြီးပန်ကြီး လုပ်နေသော လီရှောင်ရှန်းနှင့် နှိုင်းယှဉ်လျှင် ရဲချီယန်သည် ရှန်ကွမ်းရင်းရွှယ် ကဲ့သို့သော သူမျိုးနှင့် ကုန်သွယ်ရသည်ကို ပို၍ နှစ်သက်သည်။
အနည်းဆုံးတော့... သူမက စကားနည်းသဖြင့် သူ့အတွက် စိတ်အနှောင့်အယှက် မဖြစ်ရပေ။
ရှန်ကွမ်းရင်းရွှယ်နှင့် ကုန်သွယ်မှု ပြီးဆုံးပြီးနောက်၊ သူသည် အခြားသူများကိုလည်း အဆင့်နိမ့် လက်ဖြောင့်ရိုင်ဖယ်များနှင့် ကျည်ဆန်များကို ထပ်မံ ရောင်းချခဲ့သည်။
ထို့အပြင် ရထားတွဲကို ခိုင်ခံ့အောင် ပြုလုပ်ရန် လိုအပ်သော ဖိုက်ဘာနှင့် ဖန်များကိုလည်း အောင်မြင်စွာ ရရှိခဲ့သည်။ ပြုပြင်မွမ်းမံမှု ပြီးဆုံးသွားသည့်အခါ ပြတင်းပေါက် ဘောင်များတွင် မှန်များ ပေါ်လာခဲ့ပြီး ရထားတွဲ အတွင်းရှိ လေတိုးနေသော ပတ်ဝန်းကျင်မှာ များစွာ ကောင်းမွန်သွားခဲ့သည်။
"ရိတ်သိမ်းမှုကတော့ အတော်လေး အဆင်ပြေသွားပြီ။"
နောက်ဆုံး ကုန်သွယ်မှုကို ပိတ်လိုက်ချိန်တွင် ရဲချီယန်၏ လက်ထဲ၌ ရိုင်ဖယ် ၂၁ လက်သာ ကျန်တော့သည်။ သူက တင်းကျပ်သော ဈေးနှုန်း သတ်မှတ်မထားပေ။ သင့်တော်သည်ဟု ထင်ရလျှင် တစ်ဖက်လူကို ရောင်းချပေးလိုက်သည်။ ဒါက အရှုံးပေါ်မည့် အလုပ်မဟုတ်ပေ။
လောလောဆယ်တွင် သူ့ရထားမှလွဲ၍ အခြားသူများ၏ ရထားအားလုံးမှာ အဆင့်တစ်သာ ရှိသေးကြောင်း ရဲချီယန် ကောင်းစွာ သိသည်။ လူအများစုက သူတို့၏ ရထားများကို ပထမဆုံးအကြိမ် အဆင့်မြှင့်တင်ပြီး ပိုမိုများပြားသော အဆင့်မြှင့်တင်ရေး ရွေးချယ်စရာများ ပွင့်လာသည့်အခါ၊ ဤအဆင့်နိမ့် ရိုင်ဖယ်များထက် သာလွန်သော လက်နက် ပုံစံကြမ်းများ ပေါ်လာမည်လား ဆိုတာကို ဘယ်သူမှ မသိနိုင်ပေ။
ပစ္စည်းများကို မလိုအပ်ဘဲ စုပုံထားခြင်းသည် လိမ္မာပါးနပ်သော နည်းလမ်း မဟုတ်ပေ။ ဤကဲ့သို့သော အဆင့်နိမ့် ပစ္စည်းများ၏ တန်ဖိုးမှာ အချိန်ကြာလာသည်နှင့်အမျှ ကျဆင်းသွားမည်သာ ဖြစ်သည်။
"နောက်ဆုံးတော့ အားလုံး ပြီးသွားပြီ။"
သူ ကုန်သွယ်မှုများမှ ရရှိထားသော ပေါင်မုန့်တစ်လုံးနှင့် ရေသန့်တစ်ဘူးကို ထုတ်ယူကာ၊ ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် ပထမဆုံးသော သင့်တင့်လျောက်ပတ်သည့် ညစာကို စားသုံးလိုက်သည်။
သူ စက်ခေါင်းတွဲဆီသို့ ပြန်သွားကာ နွေးထွေးသည့် နေရာတစ်ခုကို ရှာဖွေပြီး ခွေခေါက် လှဲလျောင်းလိုက်သည်။ အသက်ရှင်သန်ရေးကို ခေတ္တဘေးဖယ်ထား၍ သူ အခု အလွန်အမင်း ပင်ပန်းနေပြီ ဖြစ်သည်။ သူတွေးမိသမျှမှာ အိပ်စက်ရန်သာ ဖြစ်သည်။
အဆုံးအစမရှိသော လွင်တီးခေါင်ပြင်ကြီးကို ဖြတ်သန်းမောင်းနှင်နေသော ရထား၏ ဒိတ်ဒိတ်... ဒိတ်ဒိတ်... ဟူသော အသံကို နားထောင်ရင်း၊ ရဲချီယန်သည် ပြတင်းပေါက် အပြင်ဘက်ရှိ ကောင်းကင်ယံ၌ မြင့်မားစွာ ချိတ်ဆွဲထားသော လမင်းကြီးကို ကြည့်ကာ ဖြည်းညင်းစွာ မျက်လုံးမှိတ်လိုက်သည်။
ဒိတ်... ဒိတ်...
"ကျွတ်... အေးလိုက်တာ။"
ညဉ့်နက်ပိုင်း၏ အအေးဒဏ်ကြောင့် ရဲချီယန် တုန်တုန်ယင်ယင်ဖြင့် နိုးလာခဲ့သည်။ သူ မျက်လုံးများကို ပွတ်သပ်ရင်း ကြမ်းပြင်ပေါ်မှ ထရပ်လိုက်သည်။ အနည်းငယ် တောင့်တင်းနေသော လည်ပင်းကို လှုပ်ရှားလိုက်ပြီး ပြတင်းပေါက် အပြင်ဘက်သို့ အလိုအလျောက် လှမ်းကြည့်လိုက်မိသည်။
လွင်တီးခေါင်ပြင်ကြီးမှာ ယခင်အတိုင်းပင် ဖြစ်သော်လည်း၊ အဝေးတစ်နေရာတွင်မူ စိတ်မသက်မသာ ဖြစ်ဖွယ်ကောင်းသော လျှို့ဝှက်ဆန်းကြယ်မှုများ ပြည့်နှက်နေသည်။ မော့ကြည့်လိုက်သည့်အခါ ဧရာမ လမင်းကြီးထံမှ ဖြာကျလာသော အေးစက်စက် အလင်းရောင်များက တစ်ကမ္ဘာလုံးကို ပို၍ပင် အထီးကျန်ဆန်သွားစေသည်။
【ကိုယ်ခံစွမ်းအား - ၈၇】 【စိတ်စွမ်းအား - ၉၁】
"ငါ ဘယ်လောက်တောင် အိပ်ပျော်သွားတာလဲ။"
ရထား၏ စက်လည်ပတ်မှုစနစ်ပေါ်ရှိ အချိန်ကို ရဲချီယန် ကြည့်လိုက်သည်။
【၀၃:၃၇】
သုံးနာရီ သုံးဆယ့်ခုနစ်မိနစ်...။ ရဲချီယန် သက်ပြင်းတစ်ချက် ချလိုက်ပြီး စကားပြောခန်းကို ဖွင့်ကြည့်လိုက်ရာ မက်ဆေ့ချ်များမှာ အဆက်မပြတ် လိမ့်တက်နေဆဲပင် ဖြစ်သည်။ သူ့လို အေးအေးဆေးဆေး အိပ်နိုင်သူမှာ အနည်းငယ်သာ ရှိပေလိမ့်မည်။
"ထားလိုက်ပါတော့၊ အိပ်လို့လည်း ပြန်မရတော့ပါဘူး။"
ရဲချီယန် အဝတ်အစားပေါ်မှ ဖုန်များကို ခါထုတ်လိုက်ပြီး ထရပ်လိုက်သည်။ အခုဆိုရင် သူ၏ ကိုယ်ခံစွမ်းအားနှင့် စိတ်စွမ်းအားတို့က အတော်လေး ပြန်လည်ပြည့်ဖြိုးလာပြီ ဖြစ်ရာ၊ အဆင့်မြင့် အသွင်ကူးပြောင်းခြင်းကို ဆက်လက် လုပ်ဆောင်ရန် အချိန်တန်ပြီ ဖြစ်သည်။
"အရင်ဆုံး ဒါကို စမ်းကြည့်ရအောင်။"
ကော့တ် M1911... အနုပညာ လက်ရာတစ်ခုကဲ့သို့ လှပနေသော ဤအနက်ရောင် ပစ္စတိုကိုသာ အဆင့်မြင့် အသွင်ကူးပြောင်းမှု လုပ်လိုက်လျှင် ၎င်း၏ စွမ်းအားက မည်သည့်အဆင့်အထိ ရောက်သွားမည်နည်း။
မကြာမီ ရောက်ရှိတော့မည့် ဒုတိယမှတ်တိုင်မှာ ဘေးကင်းသော ဘူတာရုံ မဟုတ်တော့ပေ။ အားကောင်းသော လက်နက်များကသာ ရဲချီယန်ကို စိတ်အေးချမ်းမှု ပေးနိုင်မည် ဖြစ်သည်။
"အဆင့်မြင့် အသွင်ကူးပြောင်းခြင်း။"
ကိုယ်ခံစွမ်းအားများက သူ၏ ခန္ဓာကိုယ်ထဲမှ အဆက်မပြတ် စီးထွက်သွားသည်။
မူလက လုံးဝ အနက်ရောင်ဖြစ်သော သေနတ်ကိုယ်ထည်ပေါ်တွင် သိမ်မွေ့သော ပုံစံငယ်များ ပေါ်ထွက်လာခဲ့သည်။ သေနတ်၏ အရွယ်အစားမှာလည်း ယခင်ကထက် အနည်းငယ် ပိုကျယ်ပြီး ပိုရှည်လာသောကြောင့် လက်တစ်ဖက်တည်းနှင့် ကိုင်ရန်ပင် အနည်းငယ် ခက်ခဲလာခဲ့သည်။
【မှောင်မိုက်အလင်း မှော်ဝင်ပစ္စတို】 (အဆင့် ၃)
【ကိုယ်ခံစွမ်းအားကို အသုံးပြု၍ သေနတ်အတွင်းရှိ ကျည်ဆန်များကို သံချပ်ကာဖောက် ကျည်ဆန်များအဖြစ် ပြောင်းလဲနိုင်သည်။】
【ကိုယ်ခံစွမ်းအား - ၄၇】 【စိတ်စွမ်းအား - ၉၀】
ကိုယ်ခံစွမ်းအား ၄၀ မှတ် ကုန်ဆုံးသွားခဲ့သော်လည်း ရဲချီယန် အတွက်တော့ လက်ခံနိုင်သော ပမာဏ ဖြစ်သည်။ သူသည် မှောင်မိုက်အလင်း ပစ္စတိုကို မြှောက်ကိုင်လိုက်ပြီး၊ သတ္တုတုံး အနည်းငယ်ကို အသုံးပြု၍ ရိုးရှင်းသော ပစ်မှတ်တစ်ခုကို ပြုလုပ်လိုက်သည်။
သူသည် ကိုယ်ခံစွမ်းအားကို အသုံးပြုကာ ခလုတ်ကို ဆွဲညှစ်လိုက်သည်။ ကျယ်လောင်သော အသံကြီးနှင့်အတူ တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သံချပ်ကာဖောက် ကျည်ဆန်တစ်တောင့် ထွက်သွားခဲ့သည်။
ဒိုင်း
လုံးဝ အပေါက်ဖောက်သွားသော ကျည်ဆန်ပေါက်ကို ကြည့်ရင်း ရဲချီယန်၏ မျက်နှာတွင် အံ့ဩမှုနှင့် ဝမ်းသာမှုတို့ ပေါ်လာခဲ့သည်။
"တော်တော် စွမ်းတာပဲ။ ကန်ချက် ပြင်းတာကလွဲရင်၊ ဒါက တကယ်ကြီး ပစ္စတိုတစ်လက်ပဲလား။"
【ကိုယ်ခံစွမ်းအား - ၄၅】
"ကိုယ်ခံစွမ်းအား ၂ မှတ်နဲ့ သံချပ်ကာဖောက် ကျည်ဆန် တစ်တောင့် ပြောင်းလဲနိုင်တာလား။ ဒါက အဆင်ပြေပါတယ်။"
"ဟင်... ငါ ဒါကို ဆက်ပြီး အဆင့်မြင့် အသွင်ကူးပြောင်းလို့ ရဦးမှာလား။"
ရဲချီယန် လက်ထဲမှ သေနတ်ကို ကြည့်ရင်း ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ထိုအတွေးကို စွန့်လွှတ်လိုက်သည်။ ယခု လက်ရှိ သေနတ်၏ပြန်လည်ကန်ချက်ကိုပင် သူ မနည်း ထိန်းထားရခြင်း ဖြစ်သည်။ အကယ်၍ အဆင့်ထပ်တက်သွားပြီး စွမ်းအားနှင့် ကန်ချက်က ပိုပြင်းလာလျှင် သူ ထိန်းချုပ်နိုင်မည် မဟုတ်တော့မှာကို စိုးရိမ်မိသည်။
ကျန်ရှိနေသော ကိုယ်ခံစွမ်းအားနှင့် စိတ်စွမ်းအားတို့မှာ အခြားနေရာများတွင် အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်ရန် လုံလောက်သေးသည်။
သူ ပထမဆုံး ရထားတွဲဆီသို့ သွားလိုက်သည်။ ရဲချီယန်သည် လက်ကို ဆန့်ထုတ်ကာ ရထားနံရံကို ထိလိုက်သည်။
"အဆင့်မြင့် အသွင်ကူးပြောင်းခြင်း။"
သူ့ကို အံ့ဩသွားစေသည်မှာ ရထားတွဲကို အဆင့်မြင့် အသွင်ကူးပြောင်းရာတွင် ကိုယ်ခံစွမ်းအား များများစားစား မကုန်ဆုံးခြင်းပင် ဖြစ်သည်။
【ကိုယ်ခံစွမ်းအား - ၂၅】
"ဒီလောက်လေးပဲလား။ စိတ်စွမ်းအားကို သုံးရမယ်လို့တောင် ငါ ထင်ထားတာ။"
【နွေးထွေးသော ရထားတွဲ】 (အဆင့် ၂)
【မှော်ဝင်နွေးထွေးမှု - အတွင်းပိုင်း အပူချိန်ကို အချိန်တိုင်း ၂၂ ဒီဂရီ စင်တီဂရိတ်တွင် ပုံသေ ထိန်းသိမ်းပေးနိုင်သည်။】
"အခုဆိုရင် အအေးဒဏ်ကြောင့် နိုးလာစရာ မလိုတော့ဘူးပေါ့။"
ရထားတွဲများသည် စက်ခေါင်းတွဲကဲ့သို့ ဒုတိယအကြိမ် အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်၍ မရသော်လည်း ရဲချီယန် အနေဖြင့် အတော်လေး ကျေနပ်နေပြီ ဖြစ်သည်။
"အချိန်တွေ အများကြီး ကျန်သေးတာပဲ၊ နောက်ထပ် နည်းနည်းလောက် ထပ်အိပ်လိုက်ဦးမယ်။"
သူသည် စက်ခေါင်းတွဲထဲမှ ဝယ်ထားသော စောင်ပါးလေးကို ယူလာပြီး ကြမ်းပြင်ပေါ်တွင် ခင်းလိုက်သည်။ ကိုယ်ခံစွမ်းအား အမြောက်အမြား ကုန်ဆုံးသွားခြင်းက အိပ်မပျော်ခြင်းအတွက် အကောင်းဆုံး ဆေးတစ်ခွက်ပင် မဟုတ်ပါလား။
သူ ကျန်ရှိနေသော ပစ္စည်းများကို ဆက်လက် အဆင့်မြင့် အသွင်ကူးပြောင်းရန် အစီအစဉ် မရှိတော့ပေ။ မနက်ဖြန်တွင် ဒုတိယမြောက် မှတ်တိုင်သို့ ရောက်ရှိတော့မည် ဖြစ်သည်။
အခုကတော့ အနားယူရမည့် အချိန်ပင်။ မနက်ဖြန် ရောက်ရှိလာမည့် ပလက်ဖောင်းအသစ်ကို စောင့်ကြိုရင်းပေါ့။
အခန်း (၈) - ဒုတိယမှတ်တိုင် - အဖြူရောင်တောအုပ်
ထိုညက ရဲချီယန်လောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သူ တစ်ယောက်မှ မရှိခဲ့ပေ။
လူအများစုမှာမူ ရထား၏ ဟိန်းဟောက်သံနှင့် လွင်တီးခေါင်ပြင်၏ အေးစက်လှသော လေပြင်းများကြောင့် လုံးဝ အိပ်မပျော်နိုင်ခဲ့ကြဘဲ၊ သူတို့၏ ကိုယ်ခံစွမ်းအားနှင့် စိတ်စွမ်းအားတို့မှာ ပြန်လည်နာလန်ထူရန် ဝေးစွ၊ ယခင်ကထက်ပင် ပိုမိုကျဆင်းသွားခဲ့သည်။
【၁၀:၂၇】
သူ အိပ်ရာမှ နိုးလာခဲ့သည်။
တောင့်တင်းနေသော ခန္ဓာကိုယ်ကို အကြောဆန့်ရင်း ရဲချီယန်သည် အချိန်ကိုကြည့်ကာ အမြန်တွက်ချက်လိုက်သည်။
"မနေ့က ပထမမှတ်တိုင်ကို နေ့လယ် ၁ နာရီမှာ ဆိုက်တာဆိုတော့၊ ဒီနေ့လည်း ၁ နာရီမှာပဲ ဖြစ်မလား။ ဒါပေမဲ့ ဒါကို ဘယ်လိုတွက်ရမလဲ..."
သူက တခြားသူတွေထက် ဘူတာရုံကနေ တစ်နာရီ နောက်ကျပြီးမှ ထွက်လာခဲ့တာဖြစ်သည်။ ထို့ကြောင့် သူ ဘူတာရုံဆိုက်မည့်အချိန်သည်လည်း တခြားသူများထက် နောက်ကျမည်လော။
ပထမဆုံး ရထားတွဲမှ ထွက်လာပြီး စက်ခေါင်းတွဲဆီသို့ ပြန်သွားသည့်အခါ အပူချိန်က သိသိသာသာ ကျဆင်းသွားသည်ကို ခံစားလိုက်ရသည်။ သူ၏ ထိန်းချုပ်မှု ဖန်သားပြင်မှာလည်း သီးသန့်မက်ဆေ့ချ်များဖြင့် ပြည့်နှက်နေခဲ့ပြီ။
ဒုတိယမှတ်တိုင်သို့ ရောက်ရန် အချိန်သိပ်မကျန်တော့သလို၊ ဒုတိယမှတ်တိုင်သည် ဘေးကင်းရန် အာမမခံနိုင်ကြောင်း ရထားအသံချဲ့စက်က သတိပေးထားခဲ့သည်။ မှတ်တိုင်နှင့် နီးကပ်လာလေလေ၊ လက်နက်များ၏ တန်ဖိုးက ပို၍ မြင့်တက်လာလေလေ ဖြစ်သည်။
"ဟင်..."
လုကျိုး - 【"ပုံစံကြမ်းတွေနဲ့ လဲလို့ရမလားဗျ။"】
ပုံစံကြမ်းများ၏ အရေးပါမှုကို ငြင်းပယ်၍မရပေ။ ပုံစံကြမ်းတစ်ခု ပိုင်ဆိုင်ထားခြင်းသည် ကုန်ကြမ်းများ ထည့်ပေးရုံဖြင့် အဆုံးမရှိ ထုတ်လုပ်ပေးနိုင်သည့် စက်တစ်လုံး ပိုင်ဆိုင်ထားခြင်းနှင့် အတူတူပင်ဖြစ်သည်။
လူတိုင်းက ငတုံးတွေ မဟုတ်ကြပေ။ ယခုအချိန်အထိ သေနတ်များက မည်မျှပင် ဆွဲဆောင်မှုရှိစေကာမူ၊ ရဲချီယန်နှင့် ပုံစံကြမ်း လဲချင်သူ တစ်ယောက်မှ မရှိခဲ့သေးပေ။
ဤ လုကျိုး ဆိုသူက ပထမဆုံးပင်။
"ဘယ်လို ပုံစံကြမ်းမျိုးများ ဖြစ်မလဲ..."
သိချင်စိတ်ဖြင့် ရဲချီယန် သူ့ကို ပြန်စာပို့လိုက်သည်။
【"မင်္ဂလာပါ၊ ဘယ်လို ပုံစံကြမ်းနဲ့ လဲမှာလဲ။"】
သတ်မှတ်အမှတ်အသား - E-3-9802
လုကျိုးသည် ကြမ်းပြင်ပေါ်တွင် ကြောင်တောင်တောင်ဖြင့် ထိုင်နေခဲ့သည်။ ထိန်းချုပ်မှုစနစ်မှ မက်ဆေ့ချ် အချက်ပေးသံကို ကြားသည်နှင့် သူ ချက်ချင်း ထရပ်ကာ ပြေးသွားခဲ့သည်။
မက်ဆေ့ချ်ကို မြင်သည်နှင့် သူ အမြန်ပြန်စာပို့လိုက်သည် -
【"ဓာတ်ပုံ အခုချက်ချင်း ပို့ပေးပါ့မယ်"】
မကြာမီ ပုံစံကြမ်းတစ်ခု၏ အချက်အလက်များ ရဲချီယန်ရှေ့တွင် ပေါ်လာခဲ့သည်။
【အဆင့် (၁) ရထားထိုင်ခုံ ပုံစံကြမ်း】
【လိုအပ်ချက်များ - သတ္တု ၅ ကီလိုဂရမ်၊ သစ်သား ၃ ကီလိုဂရမ်၊ ပလတ်စတစ် ၃ ကီလိုဂရမ်၊ ဖိုက်ဘာ ၁ ကီလိုဂရမ်】
ထိုင်ခုံတစ်လုံးလား...
ရဲချီယန် အနည်းငယ် အံ့ဩသွားသည်။
ဤပစ္စည်းသည် အလွန်တန်ဖိုးရှိသည် သို့မဟုတ် တန်ဖိုးမရှိဟု ပြော၍မရပေ။ အနည်းဆုံးတော့ ယခုလောလောဆယ်တွင် ၎င်းကိုဝယ်ရန် အရင်းအမြစ်များ အကုန်ခံမည့်သူ ရှိမည်မဟုတ်ပေ။ သို့သော် မည်သို့ပင်ဆိုစေကာမူ ၎င်းသည် ပုံစံကြမ်းတစ်ခု ဖြစ်နေဆဲဖြစ်ပြီး အကြိမ်ကြိမ် ထုတ်လုပ်နိုင်သည်။
သူ အရင်နေခဲ့သည့် ကမ္ဘာတွင်ဆိုလျှင် သေနတ်နှင့် ကျည်ဆန်များက သေချာပေါက် ပိုတန်ဖိုးရှိပေလိမ့်မည်။ သို့သော် သူ့အတွက်မူ အချိန်မရွေး တန်ဖိုးကျသွားနိုင်သည့် အဆင့်နိမ့် လက်နက်နှင့် အဆက်မပြတ် ထုတ်လုပ်နိုင်သည့် ပုံစံကြမ်းကြားမှ တန်ဖိုးကွာဟချက်က တဖြည်းဖြည်း ကျဉ်းမြောင်းသွားမည်သာ ဖြစ်သည်။
အနည်းဆုံးတော့ ရဲချီယန်၏ အမြင်တွင် ထိုသို့ပင်။
သေနတ်နှင့် ကျည်ဆန်များကို ဘယ်ဈေးနှင့် ရောင်းမည်ဆိုသည်ကို သူကသာ ဆုံးဖြတ်သူဖြစ်သည်။
လီရှောင်ရှန်းကို သတ္တု တစ်ရာ့ငါးဆယ် ကီလိုဂရမ်နှင့် ရောင်းနိုင်သလို၊ လုကျိုးကိုလည်း ထိုင်ခုံပုံစံကြမ်းတစ်ခုနှင့် လဲနိုင်သည်။ အဆုံးစွန်ထိ ပြောရလျှင် ဤကုန်သွယ်မှု၏ ဈေးနှုန်းသည် မည်သည့်အခါမျှ ပုံသေမရှိပေ။
၎င်းသည် တစ်ဖက်လူ ပေးကမ်းသောအရာကို သူ လိုအပ်သလား ဆိုသည့်အပေါ်တွင်သာ မူတည်သည်။
ရဲချီယန် စိတ်ဝင်စားသွားခဲ့သည်။ ထိုင်ခုံတစ်လုံးရှိလျှင် ကြမ်းပြင်ပေါ်တွင် ထိုင်နေစရာ မလိုတော့ဘဲ ပိုမိုကောင်းမွန်စွာ အနားယူနိုင်မည် ဖြစ်သည်။
【"လဲလို့ရပါတယ်။ ဒါပေမဲ့ ကျည်ဆန် ၁၀ တောင့်ပဲ ပေးနိုင်မယ်။ ဘာလို့လဲဆိုတော့ ဒီပုံစံကြမ်းက သိပ်ပြီး မကောင်းလှလို့ပဲ။ ကျည်ဆန်တွေ ပိုလိုချင်ရင်တော့ တခြားအရင်းအမြစ်တွေနဲ့ ထပ်ဝယ်လို့ ရပါတယ်။"】
ပြန်စာကို မြင်လိုက်ရသည့် ခဏမှာပင် လုကျိုး၏ ချွေးသံရဲရဲ ဖြစ်နေသော မျက်နှာပေါ်တွင် ဝမ်းသာမှုများ ချက်ချင်း ပေါ်လာခဲ့သည်။
【"၁၀ တောင့်ဆိုရင် ရပါပြီ ကျေးဇူးတင်ပါတယ် တကယ်ကို ကျေးဇူးတင်ပါတယ်ဗျာ အခုပဲ ပို့လိုက်ပါ့မယ်"】
【"ဒီသေနတ်က ကျွန်တော့်အတွက် ဘယ်လောက် အရေးကြီးလဲဆိုတာ ခင်ဗျား မသိပါဘူး ဒီသေနတ်သာ မရှိရင် နောက်မှတ်တိုင်မှာ ကျွန်တော် သေမှာ သေချာတယ် တကယ်ကို သေမှာဗျ"】
ဟင်...
လုကျိုး၏ စကားများကို ကြည့်ရင်း ရဲချီယန် တစ်စုံတစ်ခု ထူးဆန်းနေသည်ကို အာရုံခံမိလိုက်သည်။
သေမှာ သေချာတယ် ဟုတ်လား...
ဒုတိယမှတ်တိုင်က ဘေးကင်းဖို့ အာမမခံနိုင်ဘူး ဆိုပေမယ့်... သေဖို့အထိတော့ မသေချာနိုင်ဘူး မဟုတ်လား။ ဤ လုကျိုး ဆိုသူက ဘာဖြစ်လို့ ဒီလိုမျိုး ဆုံးဖြတ်ချက် ချရတာလဲ။ မွေးရာပါပါရမီ တစ်ခုခုကြောင့်လား။
တစ်ဖက်လူ ပို့လာသည့် ကုန်သွယ်မှု အကြောင်းကြားချက်ကို ကြည့်ရင်း ရဲချီယန် မငြင်းပယ်ရန် ဆုံးဖြတ်လိုက်သည်။ ယခင်အတိုင်းပင်၊ အခြားသူများ ဘာတွေ ဖုံးကွယ်ထားသလဲဆိုတာကို သူ ဂရုမစိုက်ပေ။ လျှို့ဝှက်ချက်ဆိုသည်မှာ လူတိုင်းတွင် ရှိကြသည်သာ ဖြစ်သည်။
ကုန်သွယ်မှု ပြီးဆုံးသွားသည်။ လက်ထဲရှိ ပုံစံကြမ်းကို ကြည့်ရင်း ရဲချီယန်သည် ၎င်းကို ထုတ်လုပ်ရန် လုပ်ငန်းစဉ်ခုံဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။
အနက်ရောင် ထိုင်ခုံတစ်လုံး သူ၏ရှေ့တွင် ပေါ်လာခဲ့သည်။ ၎င်းပေါ်တွင် ထိုင်လိုက်ရသည့် ခံစားချက်က ယဉ်ကျေးသော လူ့အဖွဲ့အစည်းဆီသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
"ထိုင်ခုံတစ်လုံးက ဒီလောက်အရေးကြီးမယ်လို့ အရင်က တစ်ခါမှ မတွေးမိခဲ့ဘူး။"
သူ ခေါင်းခါလိုက်ပြီး လက်နက်ကုန်သွယ်မှု လုပ်ငန်းကို ဆက်လက် လုပ်ဆောင်နေခဲ့သည်။
ရထား ဒုတိယမှတ်တိုင်သို့ ဆိုက်ရောက်ရန် နောက်ဆုံးတစ်နာရီ အလိုတွင် ရဲချီယန်သည် ရိုင်ဖယ် ၁၅ လက်နှင့် ကျည်ဆန် ၃၀၀ ကို ထပ်မံ အောင်မြင်စွာ ရောင်းချနိုင်ခဲ့သည်။ ကျန်ရှိနေသည်များကိုမူ သူ ဆက်မရောင်းရန် ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒုတိယမှတ်တိုင်က ဘေးကင်းသည် မဟုတ်ပါလား။
【ကိုယ်ခံစွမ်းအား - ၉၈】 【စိတ်စွမ်းအား - ၁၀၀】
အပြည့်နီးပါး ပြန်လည်ပြည့်ဖြိုးလာသော သူ၏ ကိုယ်ခံစွမ်းအားနှင့် စိတ်စွမ်းအားကို ကြည့်ရင်း ရဲချီယန်သည် အဆင့်နိမ့် လက်ဖြောင့်ရိုင်ဖယ် တစ်လက်ကို ကောက်ကိုင်လိုက်သည်။
"အဆင့်မြင့် အသွင်ကူးပြောင်းခြင်း။"
ရင်းနှီးနေသော အားအင်ကုန်ခမ်းသည့် ခံစားချက်... သို့သော် ယခင်က ကော့တ်ပစ္စတိုနှင့် နှိုင်းယှဉ်လျှင် ဤရိုင်ဖယ်သည် ကိုယ်ခံစွမ်းအား အများအပြား မကုန်ဆုံးပေ။
【ကိုယ်ခံစွမ်းအား - ၈၅】
"၁၃ မှတ် ကုန်သွားတာလား။ ပြီးတော့ သူ့ရဲ့ အလားအလာကလည်း ကုန်သွားပြီပဲ၊ ထပ်ပြီး အဆင့်မြှင့်လို့ မရတော့ဘူး။"
ရဲချီယန် စိတ်မပျက်မိပေ။ ရွှေရောင်အဆင်း သန်းနေသော လက်ထဲမှ ရိုင်ဖယ်ကို ကြည့်ရင်း ရထားစနစ်၏ ဖော်ပြချက်ကို သူ ဖွင့်လိုက်သည်။
【လက်ရာပြောင်မြောက်သော လက်ဖြောင့်ရိုင်ဖယ်】 (အဆင့် ၂)
အဆင့်နိမ့်မှသည် လက်ရာပြောင်မြောက်သော အဆင့်သို့ ပြောင်းလဲသွားခဲ့သည်။ ကျည်ဆန်များ၏ စွမ်းအားမှာလည်း နှစ်ဆကျော် မြင့်တက်သွားခဲ့သည်။ သို့သော်လည်း အဆင့်မြင့် အသွင်ကူးပြောင်းထားသော မှောင်မိုက်အလင်း မှော်ဝင်ပစ္စတိုနှင့် နှိုင်းယှဉ်လျှင်မူ များစွာ နိမ့်ပါးနေသေးသည်။
"ဒါနဲ့တင် လုံလောက်ပါပြီ။"
ဒုတိယမှတ်တိုင်သို့ ရောက်ရန် အချိန်မှာ တရွေ့ရွေ့ လျော့နည်းလာခဲ့သည်။ စကားပြောခန်းအတွင်းရှိ အခြေအနေမှာလည်း ပိုမို လေးလံထိုင်းမှိုင်းလာခဲ့သည်။ စကားပြောသူ အရေအတွက်မှာလည်း ယခင်ကထက် နည်းပါးသွားသည်။
ရဲချီယန် သူ၏ အသုံးအဆောင်များကို ပြင်ဆင်ပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။ ဘူတာရုံသို့ မဆိုက်ရောက်မီ နောက်ဆုံး မိနစ် ၃၀ အလိုတွင်...
ရင်းနှီးနေသော အလင်းဖန်သားပြင်ကြီး သူ၏မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။
【ကံကြမ္မာ လမ်းဆုံလမ်းခွကို အသက်သွင်းလိုက်ပါပြီ။ ကျေးဇူးပြု၍ အောက်ပါ ရွေးချယ်စရာ နှစ်ခုထဲမှ ရပ်နားမည့် ပလက်ဖောင်းတစ်ခုကို ရွေးချယ်ပါ -】
【ပလက်ဖောင်း (၁) - ဂေါ်ဗလင် စခန်း (အဆင့် ၂ အမဲလိုက် ပလက်ဖောင်း)】
【ပလက်ဖောင်း (၂) - အဖြူရောင်တောအုပ် (အဆင့် ၃ စုဆောင်းရေး ပလက်ဖောင်း)】
"မတူတော့ဘူးလား..."
ပထမဆုံးအကြိမ်နှင့် နှိုင်းယှဉ်လျှင် သူ၏ သီးသန့်မော်ဂျူးတွင် အချက်အလက်များ ပိုမိုပါဝင်လာသည်။ ပလက်ဖောင်း အဆင့်နှင့် အထူး နောက်ဆက်တွဲ စာသားများပင်။
"အမဲလိုက်ခြင်းနဲ့ စုဆောင်းခြင်းလား... အဆင့် ၂ နဲ့ အဆင့် ၃။ ငါ ရထားကို အဆင့်မြှင့်လိုက်လို့ ပိုမြင့်တဲ့ အဆင့်ရှိတဲ့ ပလက်ဖောင်းတွေ ပေါ်လာတာလား။ ပြီးတော့ ရထားဆိုက်ရောက်တဲ့ ပလက်ဖောင်းတွေကြားမှာ အဆင့်တစ်ခု ကွာခြားနေပုံရတယ်။ အရင်က လက်နက်တိုက်ကလည်း အဆင့် ၂ များလား။"
"မဟုတ်ဘူး၊ အဲဒါက အဆင့် ၁ ပဲ ဖြစ်ရမယ်။ ဘာလို့လဲဆိုတော့ အထဲမှာရှိတဲ့ ပစ္စည်းတွေအားလုံးက အဆင့် ၁ ပစ္စည်းတွေပဲလေ။"
ရဲချီယန် ခေါင်းခါလိုက်ပြီး ခဏတာ တွေးတောကာ သူ၏ နောက်ထပ်မှတ်တိုင်အဖြစ် 【အဖြူရောင်တောအုပ်】 ကို ရွေးချယ်လိုက်သည်။
"စုဆောင်းရေး ပလက်ဖောင်းတဲ့။ နာမည်အရဆိုရင်တော့ သိပ်ပြီး အန္တရာယ် မရှိလောက်ပါဘူး။"
【ပလက်ဖောင်း ရွေးချယ်မှု ပြီးစီးပါပြီ】
【ကျေးဇူးပြု၍ နေရာတွင် သေချာစွာ ထိုင်ပြီး မြဲမြံစွာ ကိုင်တွယ်ထားကြပါ။ ရထား၏ နောက်ထပ်မှတ်တိုင်မှာ...】
【အဖြူရောင်တောအုပ်】
ငါးမိနစ်အချိန်သည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ ဟင်းလင်းပြင် လှိုင်းဂယက်များသည် ယခင်အတိုင်းပင် ရထားကြီးကို ဝါးမြိုသွားခဲ့သည်။
မီးခိုးရောင်သန်းသော အဖြူရောင် အလင်းတန်းများက ဤကမ္ဘာကို လွှမ်းခြုံထားသည်။ ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည့်အခါ မီးခိုးဖြူရောင် တောအုပ်ကြီးတစ်ခု မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။
【လက်ရှိ ပလက်ဖောင်း - အဖြူရောင်တောအုပ်】
【ရပ်နားမည့် အချိန် ရေတွက်မှု - ၃:၅၉:၅၉】
【ကံကောင်းပါစေ】
【ဤဘူတာရုံ - အန္တရာယ် နည်းပါးသည်】
"ရောက်တဲ့အချိန်က အတူတူပဲ၊ အန္တရာယ် နည်းပါးတယ်တဲ့..."
ရဲချီယန် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ပစ္စတိုကို ခါးတွင်ချိတ်၊ ရိုင်ဖယ်ကို ကျောတွင်လွယ်လိုက်သည်။ အစားအသောက်နှင့် ရေသန့်များ ထည့်ထားသော ကျောပိုးအိတ်ကို လွယ်ကာ ရထားတံခါးရှေ့တွင် မတ်တတ်ရပ်၍ ဖွင့်ရန် ခလုတ်ကို နှိပ်လိုက်သည်။
သူ ရထားပေါ်မှ ခြေလှမ်းလိုက်သည့် ခဏမှာပင် တစ်ကမ္ဘာလုံးသည် သေမင်းတမျှ တိတ်ဆိတ်ခြင်းထဲသို့ ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ ရဲချီယန် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ဤကမ္ဘာရှိ သစ်ပင်အားလုံးမှာ မီးခိုးဖြူရောင် ပင်စည်များနှင့် အရွက်များ ရှိကြသည်။
အကယ်၍ စိတ်ဓာတ်ပျော့ညံ့သူ တစ်ယောက်သာ ဤနေရာသို့ ရောက်လာပါက၊ အတွင်းပိုင်းသို့ ဆက်သွားရန် သတ္တိရှိတော့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာသည် အလွန်အမင်း တိတ်ဆိတ်လွန်းလှသောကြောင့် ဖြစ်သည်။ ကိုယ့်နှလုံးခုန်သံကိုယ် ပြန်ကြားနေရသည့်အထိပင်။
နောက်ဆုံး စကားလုံးနှစ်လုံးဖြစ်သော 【အန္တရာယ် နည်းပါးသည်】 နှင့် ပေါင်းစပ်လိုက်လျှင် ဤနေရာသည် လက်နက်တိုက်ကဲ့သို့ လွယ်လွယ်ကူကူ ပစ္စည်းရှာနိုင်မည့် နေရာမဟုတ်ကြောင်း အရာအားလုံးက ညွှန်ပြနေသည်။
သို့သော် ရဲချီယန် သူ၏ ရွေးချယ်မှုအတွက် နောင်တမရပေ။ တကယ်တော့ ဤပလက်ဖောင်းကို ရွေးချယ်ကတည်းက သူ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသားဖြစ်သည်။
ဒါနဲ့ပတ်သက်ပြီး ပြောရလျှင်၊ ဤအန္တရာယ် သတိပေးချက်ကို လူတိုင်း မြင်တွေ့ရပုံမရပေ။ သူ တစ်နေ့လုံး စကားပြောခန်းထဲမှာ စောင့်ကြည့်နေခဲ့သော်လည်း မည်သူကမျှ ဤအကြောင်းကို ပြောသည်ကို မတွေ့ရပေ။ စကားအလွန်ပြောတတ်သော ထိုလူများအနေဖြင့် ဤကဲ့သို့သော အရာမျိုးကို မေ့လျော့နေစရာ အကြောင်းမရှိပေ။
ဒါဆိုလျှင် ဒါကလည်း ကံကြမ္မာ လမ်းဆုံလမ်းခွ၏ စွမ်းဆောင်ရည်တစ်ခုများလား။
ရဲချီယန် သူ၏ အတွေးများကို ရပ်တန့်လိုက်ပြီး ရှေ့မှောက်ရှိ နက်ရှိုင်းသော 【အဖြူရောင်တောအုပ်】 ဆီသို့ မော့ကြည့်လိုက်သည်။
"ဒါက စုဆောင်းရေး ပလက်ဖောင်းဆိုပေမယ့်၊ ဒီမှာ ဘာတွေ စုဆောင်းလို့ရမလဲဆိုတာ ငါ မမြင်ရသေးဘူး။ သစ်သား သက်သက်ပဲလား။ ဒါဆိုရင်တော့ သာမန်တောအုပ်တစ်ခုနဲ့ သိပ်ထူးခြားမှာ မဟုတ်ဘူး။"
"လမ်းရှိမလား..."