အခန်း (၂၇-၂၈)
Vol. 3 Ch. 27-28
အခန်း ၂၇ မြို့ထဲမှ ရွှေရောင်ဆံပင်နှင့် သီလရှင်
"အစိုးရရှေ့နေကြီး၊ အစိုးရရှေ့နေကြီးပဲ မဟုတ်လားဟင်။ အားလုံးက စောင့်နေတာ အရမ်းကြာလှပြီ... တကယ်ပဲ အစိုးရရှေ့နေကြီးလား။"
တီနာက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ သူမမျက်လုံးထဲမှ တောင်းဆိုမှုနှင့် မျှော်လင့်ချက်များက အစစ်အမှန်ဖြစ်တည်သွားသကဲ့သို့ပင်။
ရဲချီယန်က သူမကို ကြည့်လိုက်ပြီး၊ ကြင်နာစွာ ပြုံးပြကာ ခေါင်းညိတ်လိုက်သည်။
"အင်း၊ ရထားနဲ့ ရောက်လာတဲ့သူက အစိုးရရှေ့နေကြီးလို့ မင်း ပြောခဲ့တယ်လေ၊ ပြီးတော့ ဒီမှာ ငါ့အပြင် တခြားဘယ်သူမှလည်း မရှိဘူး မဟုတ်လား။ ဒါဆို ငါက မင်းပြောတဲ့ အစိုးရရှေ့နေကြီးပေါ့။"
"ရေး အစိုးရရှေ့နေကြီး၊ သမီးနောက်ကို မြန်မြန် လိုက်ခဲ့ပါ အားလုံးက စောင့်နေတာ အရမ်း အရမ်းကို ကြာလှပါပြီ"
"ကောင်းပါပြီ၊ ငါ့ကို ခဏလောက်တော့ စောင့်ဦး။ အော် ဒါနဲ့၊ ရော့... ဒါလေး စားလိုက်ဦး။"
ရဲချီယန်က သာမန် ဗိုက်စင်သီး တစ်လုံးကို ထုတ်ယူကာ တီနာ့ကို ကမ်းပေးလိုက်သည်။ မိန်းကလေးငယ်သည် ထိုသစ်သီးကို မည်သည့် ကြောက်ရွံ့တုံ့ဆိုင်းမှုမျှ မရှိဘဲ ကြည့်လိုက်ပြီး တစ်ကိုက် ကိုက်စားလိုက်သည်။
"ဝါး၊ အရမ်း အရသာရှိတာပဲ ကျေးဇူးတင်ပါတယ် အစိုးရရှေ့နေကြီး"
သူက ပြုံးလိုက်သော်လည်း ဘာမျှမပြောပေ။ သူ၏ လက်နက်ကိရိယာများကို စစ်ဆေးလိုက်ပြီး နောက်ဆုံးတွင် ရထား၏ အရှေ့ပိုင်း၌ ချိတ်ဆွဲထားသော သန့်ရှင်းသောနယ်မြေ လက်ဝါးကပ်တိုင်ကို လည်ပင်းတွင် ဆွဲကာ အပြင်သို့ ခြေလှမ်းလိုက်သည်။
သူ၏နောက်ရှိ ရထားတံခါးကို ပိတ်လိုက်ပြီး သတိပေးစနစ်ကို အမြင့်ဆုံးစွမ်းအားသို့ တင်ထားလိုက်ကာ၊ ဗိုက်စင်သီးကို တစ်ကိုက်ချင်းစီ စားနေသော မိန်းကလေးငယ်ဆီသို့ အကြည့်ကို ပြောင်းလိုက်သည်။
"သွားရအောင်၊ မင်းပြောတဲ့သူတွေ အားလုံးနဲ့ သွားတွေ့ကြတာပေါ့။"
"အင်း၊ အင်း"
မိန်းကလေးငယ်၏ နောက်မှ လိုက်ပါသွားရင်း၊ သူတို့သည် အလွန်အမင်း သာမန်ဆန်လွန်းနေသော ဘူတာရုံမှ ထွက်ခွာလာခဲ့ကြသည်။ အပြင်ဘက်တွင်ကား ပါးလွှာသော နှင်းလွှာတစ်ခု ဖုံးလွှမ်းနေသည့် မြို့ငယ်လေးတစ်ခု ရှိနေသည်။
မြို့ထဲတွင် လမ်းမီးတိုင်များ မရှိပေ။ မြို့လယ်ရှိ ဘုရားကျောင်းတစ်ခု၏ အထက်တွင် ချိတ်ဆွဲထားသော မီးအိမ်တစ်လုံးသာ ရှိသည်။
တီနာ ပြောခဲ့သော ခရီးဆုံးပန်းတိုင်မှာ ထိုနေရာပင် ဖြစ်သည်။ သူ၏ စိတ်ကူးယဉ်မှုကြောင့်လားတော့ မသိသော်လည်း၊ ထိုဘုရားကျောင်းကြီးသည် မတ်တတ်ရပ်နေသော ရထားစက်ခေါင်းတွဲ တစ်ခုနှင့် ဆင်တူနေသည်ဟု ရဲချီယန် အမြဲတမ်း ခံစားနေမိသည်။
မြို့လေးမှာ အလွန် တိတ်ဆိတ်ငြိမ်သက်နေသော်လည်း၊ အမှောင်ထုထဲမှနေ၍ သူတို့အပေါ် ကျရောက်လာသော စူးစိုက်ကြည့်ရှုမှုများကို သူ ခံစားနေရသည်။
ရံဖန်ရံခါ ထွက်ပေါ်လာတတ်သော သဲ့သဲ့မျှ တီးတိုးရေရွတ်သံများက လူကို ကြက်သီးမွေးညင်းထသွားစေသည်။
ရဲချီယန်၏ လက်သည် သူ၏ မှောင်မိုက်အလင်း မှော်ဝင်ပစ္စတို နှင့် သန့်ရှင်းသောနယ်မြေ လက်ဝါးကပ်တိုင် အပေါ်တွင်သာ အမြဲရှိနေခဲ့သည်။
ဘူတာရုံ၏ သတိပေးချက်ကို သူ မေ့ထားမည်မဟုတ်ပေ ဤမြို့ငယ်လေးက သူ့ကို ခြိမ်းခြောက်နေသည့် အဆင့်မှာ "အန္တရာယ်ရှိသည်" ဟူ၍ပင်။
သာမန် အန္တရာယ်ရှိသည်ထက် အာမေဍိတ်သင်္ကေတ တစ်ခု ပိုပါနေခဲ့သည်။
သို့သော်ငြားလည်း၊ သတ္တိနည်းသော လူကြီးအချို့ပင် လက်မခံနိုင်လောက်အောင် ထူးဆန်းလှသော ဤပတ်ဝန်းကျင်တွင်၊ မိန်းကလေးငယ် တီနာမှာမူ ထိုအရာအားလုံးကို သတိမထားမိပုံရကာ ခုန်ဆွခုန်ဆွဖြင့် လျှောက်သွားနေပြီး၊ မီးခိုးရောင် ကမ္ဘာကြီးထဲတွင် သူမ တစ်ယောက်တည်းသာ အရောင်အသွေးစုံလင်သော အရာတစ်ခုအဖြစ် ရှိနေသကဲ့သို့ပင်။
"ဟူး... ဟူး... ဟီးဟီး၊ အစိုးရရှေ့နေကြီး၊ ကျွန်မတို့ ရောက်ပြီ အားလုံးက စောင့်နေတာ အရမ်းကို ကြာလှပါပြီ၊ ကျေးဇူးပြုပြီး မြန်မြန် ဝင်လာခဲ့ပါ။"
တီနာသည် ဘုရားကျောင်း တံခါးဝရှေ့တွင် ရပ်လိုက်ရာ၊ အထက်တွင် ချိတ်ဆွဲထားသော မီးအိမ်က သူမကို လင်းထိန်စွာ ထွန်းလင်းပေးထားသည်။ သူမက ရဲချီယန်ကို အတွင်းသို့ ဖိတ်ခေါ်လိုက်သည်။
ရဲချီယန် တစ်ခဏမျှ ရပ်တန့်သွားပြီးနောက်၊ ကျောက်စိမ်းရောင်ရှိသော ကျောက်အုတ်များဖြင့် ပြုလုပ်ထားသည့် လှေကားထစ်များအတိုင်း တံခါးဝဆီသို့ လျှောက်တက်သွားခဲ့သည်။
"ကောင်းပြီ၊ တီနာလေး၊ မင်း အရင်ဝင်။"
"အင်း၊ အင်း။"
တီနာက ဘုရားကျောင်း တံခါးများကို တွန်းဖွင့်လိုက်ရာ၊ တောက်ပသောအလင်းရောင်က အတွင်းဘက်ရှိ မြင်ကွင်းကို ချက်ချင်းပင် ဖော်ထုတ်ပြသလိုက်သည်။
ရာနှင့်ချီသော မြို့ခံများသည် ဘုရားကျောင်း၏ တစ်ဖက်တစ်ချက်စီတွင် ထိုင်ကာ၊ ခေါင်းငုံ့၍ ဆုတောင်းနေကြသည်။ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော ရွှေရောင်ဆံပင်နှင့် သီလရှင် တစ်ပါးတည်းသာ အရှေ့ဘက်တွင် မတ်တတ်ရပ်နေပြီး၊ သူမ၏ လက်ထဲရှိ အနက်ရောင်အဖုံးနှင့် စာအုပ်ကို ချထားလိုက်ကာ၊ တီနာ့ကို မြင်ရန် မော့ကြည့်လိုက်ပြီးနောက် သူမ၏ အကြည့်များသည် ရဲချီယန်ဆီသို့ ရောက်ရှိသွားခဲ့သည်။
"သီလရှင် အစ်မတော်၊ အစိုးရရှေ့နေကြီး ကို ခေါ်လာခဲ့ပြီ"
ထိုစကားကို ကြားလိုက်ရသည်နှင့်၊ ဆုတောင်းနေကြသော မြို့ခံများအားလုံးသည် တစ်ပြိုင်နက်တည်း အသံများ ရပ်တန့်သွားကြသည်။
သူတို့သည် ကြိုးဆွဲရုပ်များကဲ့သို့ ခေါင်းမော့လာကြပြီး၊ ရာနှင့်ချီသော အကြည့်များက ရဲချီယန်၏ မျက်နှာပေါ်သို့ စူးစိုက်ကျရောက်လာသည်။
ရဲချီယန်သည် ငြိမ်သက်စွာ ရပ်နေလိုက်ပြီး၊ သူ၏ မှောင်မိုက်အလင်း မှော်ဝင်ပစ္စတို ၏ ဘေးကင်းလုံခြုံရေးခလုတ်ကို ဖြုတ်ထားလိုက်ပြီ ဖြစ်သည်။ အနည်းငယ်မျှ ထူးခြားသော လှုပ်ရှားမှုရှိလာသည်နှင့်တစ်ပြိုင်နက်၊ ကျည်ဆန်တစ်တောင့်သည် သီလရှင်၏ ဦးခေါင်းကို ဖောက်ထွက်သွားမည် ဖြစ်သည်။
"အစိုးရရှေ့နေကြီး၊ စိုးရိမ်ပူပန်နေစရာ မလိုပါဘူး။ ရှေ့နေကြီးကို ထိခိုက်နစ်နာအောင်လုပ်ဖို့ ကျွန်မတို့မှာ ဘယ်လိုရည်ရွယ်ချက်မှ မရှိပါဘူး။"
သီလရှင်က ကြင်နာစွာ ပြုံးလိုက်သည်။
"အားလုံးပဲ၊ ဆက်ပြီး ဆုတောင်းကြပါ။ ကျွန်မတို့ရဲ့ အစိုးရရှေ့နေကြီး ကို မလန့်စေပါနဲ့။ တီနာ၊ သွားပြီး ပြင်ဆင်တော့။"
"အင်း၊ အင်း"
တီနာလေးသည် ဘုရားကျောင်း၏ အနောက်ဘက်သို့ ပြေးဝင်သွားပြီး၊ ဆုတောင်းနေသော မြို့ခံများသည်လည်း ယခင်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားကြသည်။
သီလရှင်တစ်ပါးတည်းသာ ပုံမှန်လူတစ်ယောက်ကဲ့သို့ ခြေလှမ်းအနည်းငယ် လှမ်းကာ၊ ယဇ်ပလ္လင်အောက်မှ သေတ္တာတစ်လုံးကို ယူ၍ ရဲချီယန်ဆီသို့ လျှောက်လာခဲ့သည်။
"အစိုးရရှေ့နေကြီး၊ ဒါက ရှင့်အတွက် ဆုလာဘ်ပါ။"
"မလုပ်ဘဲရတဲ့ အကျိုးအမြတ်တွေကို ငါ လက်မခံဘူး။ အဲဒီနေရာမှာပဲရပ်နေဖို့ မင်းကို အကြံပေးချင်တယ်။ ဒီမှာ တကယ်တော့ ဘာတွေဖြစ်နေတာလဲ။"
ရဲချီယန်က သူ၏ သေနတ်ဖြင့် သီလရှင်၏ ဦးခေါင်းကို ချိန်ရွယ်ထားလိုက်သည်။
ဤမြို့လေးမှာ ပုံမှန်မဟုတ်ပေ။ မဟုတ်ဘူး၊ မည်သူမဆို ၎င်းကို မြင်နိုင်သည်။
သို့သော် ဤပုံမှန်မဟုတ်သော မြို့လေးတွင်၊ အလွန်အမင်း သာမန်ဆန်လွန်းနေသော တီနာကဲ့သို့ မိန်းကလေးငယ် တစ်ဦးနှင့် ဤသီလရှင်တို့ ရှိနေခြင်းက အရာအားလုံးကို ပို၍ပင် ထူးဆန်းဆန်းကြယ်သွားစေသည်။
သီလရှင်မှာ ကြောက်ရွံ့ခြင်း မရှိသော်လည်း၊ သူမ ရပ်တန့်လိုက်သေးသည်။ သူမသည် ခါးညွတ်ကာ သေတ္တာကို မြေပြင်ပေါ်တွင် ချလိုက်ပြီး၊ အတွင်းရှိ ပစ္စည်းများကို ပြသရန် ဖွင့်လိုက်သည်။
အနက်ရောင်နှင့် ရွှေရောင် ရောစပ်နေသော ကတ်ပြားတစ်ခု၏ သုံးပုံတစ်ပုံ အပိုင်းအစ။
ရဲချီယန် ၎င်းကို မြင်ဖူးသည်။ ရထား၏ အကဲဖြတ်မှု မပါဘဲနှင့်ပင်၊ ၎င်းမှာ ဘာလဲဆိုတာကို သူ သိနေခဲ့သည်။
"ဘုရားစူး ကတ်ပြား"
သီလရှင်၏ အပြုံးများ ပျောက်ကွယ်မသွားခဲ့ပေ။ သူမသည် ထို သုံးပုံတစ်ပုံ ဘုရားစူး ကတ်ပြား ရှေ့တွင် ဒူးထောက်လိုက်ပြီး၊ ဆုတောင်းရန်အတွက် လက်အုပ်ချီလိုက်သည်။
"ဘုရားသခင်ကို ပြစ်မှားစော်ကားသူတွေသာ ဒီကမ္ဘာကို လာရောက်နိုင်တယ် မိတ်ဆွေ။ ရှင်က ကျွန်မ စောင့်မျှော်နေခဲ့တဲ့ အစိုးရရှေ့နေကြီး ပါပဲ။ အို... မဟုတ်သေးဘူး၊ တိတိကျကျ ပြောရရင်၊ ရှင်က ဘုရားသခင်ကို ပြစ်မှားစော်ကားသူ တစ်ယောက်ပါ။"
"မင်းအဲလိုပြောတာ ဘာသဘောလဲ။"
ရဲချီယန်သည် သူ၏ ရင်ဘတ်ပေါ်ရှိ လက်ဝါးကပ်တိုင်ကို တစ်ချက် လှမ်းကြည့်လိုက်ရာ၊ မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။ ဤအမျိုးသမီးသည် နတ်ဆိုးမိစ္ဆာ တစ်ကောင် မဟုတ်ချေ။
သီလရှင်၏ အကြည့်ကလည်း သူ၏ ရင်ဘတ်ဆီသို့ ရောက်ရှိသွားသည်။ သူမသည် ထို သုံးပုံတစ်ပုံ ဘုရားစူး ကတ်ပြား ကို လက်နှစ်ဖက်ဖြင့် မြှောက်ကိုင်လိုက်ပြီး ရဲချီယန်ဆီသို့ တိုက်ရိုက် လျှောက်လာခဲ့သည်။
"သေချာတာပေါ့၊ စာသားအတိုင်း တိုက်ရိုက်အဓိပ္ပာယ်ပါပဲ။ အစိုးရရှေ့နေကြီးဆိုတာ တီနာ့အတွက် နာမည်တစ်ခု သက်သက်ပါ။ ဘုရားစူး ကတ်ပြား ရှိတဲ့ ရထားမောင်းနှင်သူ တစ်ယောက်တည်းသာ ဒီကမ္ဘာကို ရောက်လာနိုင်တာလေ။ သေချာတာပေါ့၊ ရှင့်ကို ရထားမောင်းနှင်သူ လို့ ကျွန်မကို ခေါ်စေချင်တယ်ဆိုရင်လည်း အဆင်ပြေပါတယ်၊ ဟီးဟီး... နာမည်မသိရသေးတဲ့ ရထားမောင်းနှင်သူရှင်၊ ဒီမြို့က ရှင့်အတွက် ဘယ်နှခုမြောက် မှတ်တိုင်လဲ။"
သူမက ရထားမောင်းနှင်သူ အကြောင်းကို တကယ်ကြီး သိနေခဲ့သည်။
အနီးသို့ ချဉ်းကပ်လာသော သီလရှင်ကို ရဲချီယန် လှမ်းကြည့်လိုက်ပြီး ခပ်အေးအေးပင် ရယ်မောလိုက်ကာ၊ ဘူတာရုံဆီသို့ မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ လှည့်ပြေးတော့သည်။
ရွှေရောင်ဆံပင်နှင့် သီလရှင်သည် တစ်ခဏမျှ ကြက်သေသေသွားပြီးနောက်၊ လှည့်ပြေးသွားသော ရဲချီယန်၏ ကျောပြင်ကို ကြည့်ကာ သူမ၏ လက်ကို အလျင်အမြန် လှမ်းဆွဲလိုက်သည်။
"ဟေး မ... မပြေးနဲ့လေ"
"မပြေးတဲ့ကောင်က အရူးပဲ။"
ရဲချီယန်မှာ ရပ်တန့်ရန် မည်သည့်ရည်ရွယ်ချက်မျှ မရှိသဖြင့်၊ ရွှေရောင်ဆံပင်နှင့် သီလရှင်မှာ ချက်ချင်းပင် စိုးရိမ်ပူပန်သွားတော့သည်။
"သူ့ကို တားကြစမ်း"
တီးတိုးရေရွတ်နေကြသော မြို့ခံအားလုံးသည် ချက်ချင်း လှုပ်ရှားလာကြပြီး၊ ရဲချီယန်ဆီသို့ ပြေးဝင်လာကြတော့သည်။
သူတို့၏ အမြန်နှုန်းမှာ မြန်ဆန်လွန်းလှရာ၊ သာမန်လူတစ်ယောက်မျှသာ ဖြစ်သော ရဲချီယန်အနေဖြင့် နှိုင်းယှဉ်၍ပင် မရနိုင်ချေ။
"လခွီးပဲ၊ ဒီမှတ်တိုင်က ဒီလောက် အလွယ်တကူ ပြီးမှာမဟုတ်ဘူးဆိုတာ ငါ သိသားပဲ"
ဖမ်းမိတော့မည်ကို မြင်လိုက်ရသဖြင့်၊ ရဲချီယန်သည် အံကြိတ်ကာ သေနတ်ပစ်ရန် ရွေးချယ်လိုက်သည်။
ဒိုင်း
အရှေ့ဆုံးမှ လူ၏ ဦးခေါင်းကို ကျည်တစ်တောင့် ထိမှန်သွားသော်လည်း၊ ရွှေရောင်ဆံပင်နှင့် သီလရှင်က အောင်ပွဲခံသည့်ဟန်ဖြင့် ပြုံးကာ ပြောလိုက်သည်
"အလကားပဲ။ သူတို့အားလုံးက ကျွန်မ ဖန်တီးထားတဲ့ ကြိုးဆွဲရုပ်တွေမို့လို့ သာမန် ကျည်ဆန်လေးတွေကို မကြောက်ကြဘူး။ ဒါ့အပြင်၊ ဒီကို ဝင်လာနိုင်တဲ့ ရထားမောင်းနှင်သူ တစ်ယောက်ဆိုရင် အလွန်ဆုံးမှ ရထားအဆင့်သုံး ပဲ ရှိဦးမှာ။ ရှင်လို လူသစ် တစ်ယောက်က သူတို့ကို အနိုင်ယူနိုင်မယ့် နည်းလမ်း ရှိနေမှာ မဟုတ်ပါဘူး... ဟင်"
ရွှေရောင်ဆံပင်နှင့် သီလရှင်မှာ အောင်ပွဲခံနိုင်သည်မှာ စက္ကန့်အနည်းငယ်ပင် မပြည့်သေးမီ၊ ထို ကြိုးဆွဲရုပ် နှင့် သူမ၏ ဆက်သွယ်မှု ပြတ်တောက်သွားကြောင်းကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
တစ်နည်းအားဖြင့် ပြောရလျှင်၊ ဤလူက သူမ ဖန်တီးထားသော ကြိုးဆွဲရုပ်ကို တကယ်ကြီး ဖျက်ဆီးပစ်လိုက်တာလား။
ဟာသတွေ လာပြောမနေနဲ့
ရွှေရောင်ဆံပင်နှင့် သီလရှင် ပြောခဲ့သလိုပင်၊ သာမန် ကျည်ဆန်များက သေချာပေါက် အလုပ်ဖြစ်မည် မဟုတ်ပေ။
သို့သော် သံချပ်ကာဖောက် စွမ်းရည်ပါရှိသော အဆင့် ၃ ကျည်ဆန်များ ဖြစ်နေခဲ့မည်ဆိုလျှင်ကော။ ရဲချီယန်သည် ဆက်တိုက် ပစ်ခတ်နေခဲ့ပြီး၊ ကျည်ဆန်တိုင်းက ဤကြိုးဆွဲရုပ်များ၏ အဆစ်အမျက်များနှင့် ဦးခေါင်းများကို တိကျစွာ ထိမှန်သွားခဲ့သည်။
အကောင်အနည်းငယ်ကို ပစ်ချပြီးသည်နှင့် သူ ဆက်ပြေးမည်ဖြစ်ပြီး၊ သူတို့ အမီလိုက်လာတော့မည့် အချိန်တွင် နောက်ထပ် အကောင်အနည်းငယ်ကို ထပ်မံ ပစ်ချလေသည်။
သေနတ်သံ တရားစီရင်ခြင်း မော်ဂျူးကြောင့်၊ သူ၏ သေနတ်ပစ်စွမ်းရည်မှာ ချိန်ရွယ်ရန်ပင် မလိုအပ်တော့သော အဆင့်အထိ ရောက်ရှိနေပြီ ဖြစ်သည်။
ဤသို့သော မျှခြေအခြေအနေအောက်တွင်၊ သူသည် မြို့ငယ်လေးထဲမှ အမှန်တကယ်ပင် လွတ်မြောက်သွားတော့မည့်ပုံ ပေါ်နေလေသည်။
အခန်း ၂၈ ချိတ်ပိတ်ခံထားရသော သီလရှင် ရှာယာ
"ဟူး..."
သဲ့သဲ့မျှ သက်ပြင်းချသံတစ်ခု။
ဘူတာရုံနှင့် မီတာတစ်ရာပင် မကွာဝေးသော နေရာ၌၊ ရွှေရောင်ဆံပင်နှင့် သီလရှင်သည် ရဲချီယန်၏ ရှေ့တွင် ပေါ်လာခဲ့သည်။
သူမ၏ ပေါ်လာပုံမှာ မည်သည့် ကြိုတင်သတိပေးချက်မျှ မရှိဘဲ၊ ထိုနေရာတွင် အမြဲတမ်း ရှိနေခဲ့သကဲ့သို့ပင်။
"အဆင့် ၃သာရှိသေးတဲ့ ရထားတစ်စီးက ငါ့ရဲ့ ကြိုးဆွဲရုပ်ကို အနိုင်ယူနိုင်တယ်လား။ ငါ ဒီလို မအံ့ဩသွားရတာ တော်တော် ကြာခဲ့ပြီပဲ။"
ဂျီ...
သတိပေးကိရိယာက အလုပ်လုပ်လာသည်။
သို့သော် ၎င်းက ကျည်ဆန်တစ်တောင့်မျှ မပစ်ခတ်နိုင်မီမှာပင်၊ အနက်ရောင် သံကြိုးအချို့က သေနတ်ပြောင်းဝကို ပိတ်ဆို့သွားခဲ့သည်။
"သတိပေး ကင်းစောင့်မျှော်စင် လား။ မင်းဆီမှာ ဒီလိုမျိုးအရာတောင် ရှိနေတာပဲ။ ကံကောင်းလိုက်တာ။"
သတိပေးကိရိယာကို ထိုမျှ အလွယ်တကူ ပိတ်ဆို့သွားသည်ကို မြင်လိုက်ရသဖြင့် ရဲချီယန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့သည်။
"အစ်မတော်၊ ကျွန်တော်တို့မှာ အရင်က ရန်ငြိုးမရှိသလို အခုလည်း အာဃာတ မရှိပါဘူး။ ကျွန်တော့်ကို ဒီလို ပစ်မှတ်ထားဖို့ မလိုဘူး မဟုတ်လား။ အစ်မတော် သဘောကျတာတစ်ခုခု တွေ့ရင်၊ ယူသွားလိုက်ရုံပါပဲ၊ ဟုတ်တယ်မလား။"
"မင်းပစ္စည်းတွေကို ငါ မယူပါဘူး၊ စိတ်မပူပါနဲ့။ ငါက မင်းကို ထိခိုက်နစ်နာအောင် လုပ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး၊ မဟုတ်ရင် မင်း သေနေတာ ကြာပြီ။"
ရွှေရောင်ဆံပင်နှင့် သီလရှင်သည် ရဲချီယန်ထံသို့ လျှောက်လာပြီး သူ့ကို အကဲခတ်ကြည့်လိုက်သည်။
"ဒီတစ်ခါ မပြေးတော့ဘူးလား။"
"ပြေးလို့မှ မရတော့တာ။"
ရဲချီယန်သည် မြေပြင်ပေါ်တွင် မတတ်သာသည့်အဆုံး ထိုင်ချလိုက်သည်။ နေရာပြောင်းရွှေ့ခြင်း၊ သံကြိုးများကို ကြိုးကိုင်ခြယ်လှယ်ခြင်း၊ ကြိုးဆွဲရုပ်များ — ဤအမျိုးသမီးမှာ သူ၏ လက်ရှိအခြေအနေဖြင့် ရင်ဆိုင်နိုင်မည့်သူ မဟုတ်သည်မှာ ထင်ရှားလှသည်။
အမှန်တကယ်တွင်၊ သူ့ထံ၌ နောက်ဆုံးလက်နက်အဖြစ် သေနတ်သံ တရားစီရင်ခြင်း ရှိနေသေးသည်။
သို့သော်၊ သူမက သူ့ကို သတ်ရန် ရည်ရွယ်ပုံမရပေ။ သို့မဟုတ်ပါက သူ့ကို ရပ်တန့်ရုံသက်သက်ဖြင့် ဤမျှစကားများများ ပြောကာ အချိန်ဖြုန်းနေရန် မလိုအပ်ပေ။ ထို့အပြင်၊ သေနတ်သံ တရားစီရင်ခြင်း ကို အသုံးပြုလျှင်တောင်မှ သူ အနိုင်ရလိမ့်မည်မဟုတ်ဟု ရဲချီယန် ခံစားနေရသည်။
"မင်း သိရင်ပြီးတာပါပဲ။ ငါနဲ့ လိုက်ခဲ့။ အော် ဟုတ်သားပဲ၊ ငါ့နာမည်က ရှာယာ။ မင်း ငါ့ကို သင်းအုပ်ဆရာမ အစ်မတော် လို့ ခေါ်ရင်လည်း ရပါတယ်၊ ငါ စိတ်မဆိုးပါဘူး။"
ရှာယာသည် ရဲချီယန်၏ လက်ကို ဆွဲကိုင်ကာ ဆွဲထူလိုက်ရာ၊ သူမ၏ ပြည့်ဖြိုးလှပသော ကိုယ်ခန္ဓာ ကောက်ကြောင်းမှာ အတိုင်းသား ပေါ်လွင်နေခဲ့သည်။
သပ်ရပ်လှပသော အနက်နှင့်အဖြူ သီလရှင်ဝတ်စုံအောက်မှ၊ အနက်ရောင် ဒေါက်ဖိနပ်တိုလေးများကို စီးထားသော သူမ၏ ဖြူဖွေးသွယ်လျသည့် ခြေတံရှည်များက ကျောက်စရစ်ခင်းလမ်းပေါ်တွင် တောက်တောက် တောက်တောက် မြည်သံများ ထွက်ပေါ်စေသည်။
ဘုရားကျောင်းသို့ ပြန်ရောက်သောအခါ၊ ရှာယာသည် သုံးပုံတစ်ပုံသာ ပြည့်စုံသော ဘုရားစူး ကတ်ပြား ကို ယူဆောင်လာခဲ့သည်။
"ရော့၊ မင်းအတွက်။"
"ကျွန်တော့်အတွက်လား။"
ရဲချီယန်သည် သူ့ကိုယ်သူ လက်ညှိုးထိုးပြလိုက်သည်။
"အာ... တကယ်တော့ ထားလိုက်ပါတော့။ အဲဒီလို အဖိုးတန်တဲ့ ပစ္စည်းမျိုးကို အစ်မတော် ကိုယ်တိုင်ပဲ သိမ်းထားသင့်ပါတယ်။"
သူမက ပို၍ပေးချင်လေလေ၊ ရဲချီယန်က ပို၍ မယူချင်လေလေ ပင်။
ဘုရားစူး ကတ်ပြား ဟုခေါ်သော ဤအရာသည် သာမန်ပစ္စည်းတစ်ခု မဟုတ်သည်မှာ ရှင်းလင်းနေသည်။ သို့မဟုတ်ပါက သူမသည် လက်နှစ်ဖက်ဖြင့် မြှောက်ကိုင်ထားရလောက်အောင် တန်ဖိုးထားမည် မဟုတ်ချေ။
ရဲချီယန်၏ မျက်နှာအမူအရာကို မြင်လိုက်ရသဖြင့် ရှာယာ ရယ်မောလိုက်သည်။ သူမက ရဲချီယန်၏ ပခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်သည်
"မကြောက်ပါနဲ့။ ငါ့ကိုကြည့်လေ၊ ငါက သီလရှင် တစ်ပါးပါ။ ကြင်နာတတ်တဲ့ သီလရှင် တစ်ပါးက လူတွေကို ဘယ်လိုလုပ် ထိခိုက်အောင် လုပ်နိုင်မှာလဲ။"
"ဟူး... ကျွန်တော်က..."
သူ၏ လက်ထဲသို့ အတင်းအကျပ် ထည့်ပေးလာသော ကတ်ပြားကို ကြည့်ရင်း၊ ရဲချီယန်သည် မလိုလားစွာဖြင့်ပင် လက်ခံလိုက်ရသည်။ အဆိုးဆုံးအခြေအနေအနေဖြင့်၊ လွတ်မြောက်သွားပြီးနောက် ၎င်းကို လွှင့်ပစ်ရန် အခွင့်အရေးတစ်ခု သူ ရှာပေလိမ့်မည်။
"တိတ်တဆိတ် လွှင့်ပစ်ဖို့တော့ မတွေးနဲ့နော်"
ရှာယာ၏ လက်သည် မြို့ခံ ကြိုးဆွဲရုပ် တစ်ခု၏ ဦးခေါင်းကို လှမ်းဆွဲလိုက်သည်။ ကြွပ် ကနဲ မြည်သံနှင့်အတူ၊ အဆင့် ၃ ကျည်ဆန် အပေါင်း မှောင်မိုက်အလင်း မှော်ဝင် သံချပ်ကာဖောက် စွမ်းရည်ဖြင့်သာ ဖောက်ထွင်းနိုင်သော ထိုဦးခေါင်းမှာ အမှုန့်ဖြစ်သွားခဲ့သည်။
ဂလု...
သူမ၏ သွယ်လျဖြူဖွေးသော လက်ကို ကြည့်ရင်း ရဲချီယန် တံတွေးမျိုချလိုက်မိသည်။ သူမထံတွင် ဤမျှ ကြီးမားလှသော ခွန်အား ရှိနေလိမ့်မည်ဟု စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။
"ကောင်းပါပြီ အစ်မတော် ရှာယာ၊ ကျွန်တော် သေချာပေါက် လွှင့်မပစ်ပါဘူး။"
ဦးခေါင်းအကျိုးအပဲ့များကို လွှင့်ပစ်လိုက်ပြီးနောက်၊ ရှာယာသည် လှည့်၍ ဆုတောင်းစင်ဆီသို့ လျှောက်သွားကာ အနက်ရောင်အဖုံးနှင့် စာအုပ်ကို ကောက်ယူလိုက်သည်။
"ပြောစမ်းပါဦး၊ မင်းရဲ့ ပါရမီစွမ်းရည် က ဘာလဲ။"
"..."
"မပြောချင်ဘူးလား။ ဒါဆိုလည်း ထားလိုက်ပါတော့။ ငါက သူများရဲ့ လျှို့ဝှက်ချက်တွေကို အရမ်းသိချင်နေတဲ့ မိန်းမမျိုး မဟုတ်ပါဘူး။"
"အင်း... တကယ်ပဲ မပြောတော့ဘူးလား။ ကောင်းပြီလေ၊ ငါ မင်းကို မမေးတော့ဘူး။"
ဒီအမျိုးသမီးက တကယ်ကို ထူးဆန်းလွန်းတယ်။
သို့သော်၊ ယခုအချိန်တွင် ရဲချီယန် သေချာသွားသော အချက်တစ်ချက် ရှိသည်။
သူ ဒီနေရာမှာ သေမည်မဟုတ်သလို၊ သေနတ်သံ တရားစီရင်ခြင်း ကလည်း သိပ်ပြီး အသုံးဝင်မည် မဟုတ်ပေ။
လေထုမှာ အနည်းငယ် တိတ်ဆိတ်သွားခဲ့သည်။ မော့ကြည့်လိုက်ရာ၊ သူ၏ အကြည့်သည် ရှာယာ၏ အကြည့်နှင့် ဆုံသွားခဲ့သည်။
တိတ်ဆိတ်ခြင်း...
"မင်း ငါ့ကို ဘာမှ မမေးတော့ဘူးလား။"
နောက်ဆုံးတွင်၊ အနေရခက်သော တိတ်ဆိတ်မှုကို ရှာယာကပင် ချိုးဖျက်လိုက်သည်။
"မင်း သိချင်စိတ် မရှိဘူးလား။ ငါက ရထားမောင်းနှင်သူ တွေအကြောင်း ဘာလို့သိနေရတာလဲ၊ ရထား ရှင်သန်ရေး အကြောင်း ဘာလို့သိနေရတာလဲ၊ ပါရမီစွမ်းရည် တွေအကြောင်း ဘာလို့သိနေရတာလဲ၊ ဘာလို့... သိနေရတာလဲ ဆိုတာတွေကိုပေါ့။"
"သိချင်စိတ် မရှိဘူး။ စပ်စုလွန်းရင် အသက်တိုတတ်တယ်။ ကျွန်တော်က သူများရဲ့ လျှို့ဝှက်ချက်တွေကို အရမ်းသိချင်နေတဲ့ ယောက်ျားမျိုး မဟုတ်ပါဘူး။"
"မင်း"
ရှာယာ၏ မျက်နှာအမူအရာမှာ အနည်းငယ် ရူးသွပ်နေပုံပေါက်သွားသည်။
သူမထံတွင် ယခင်က ပြုံးရွှင်နေသော အသွင်အပြင် မရှိတော့ချေ။ သူမသည် ရဲချီယန် ရှေ့သို့ ရုတ်တရက် နေရာပြောင်းရွှေ့လာပြီး မကျေမနပ်ဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။
"စိုက်ကြည့်—"
ရှာယာ၏ လက်က နောက်ထပ် ကြိုးဆွဲရုပ် တစ်ခု၏ ဦးခေါင်းကို ချေမွပစ်လိုက်ပြန်သည်။
ရဲချီယန် တံတွေးမျိုချလိုက်မိသည်။ ဤမျှ နီးကပ်နေသဖြင့်၊ ရှာယာထံမှ ဖြာထွက်နေသော ပန်းရနံ့သင်းသင်းလေးကို သူ ရနိုင်နေသည်။ သူသည် နောက်သို့ ဆုတ်လိုက်ပြီး လက်များကို အလျင်အမြန် ဝှေ့ယမ်းပြလိုက်သည်။
"မလိုပါဘူး၊ မလိုပါဘူး၊ အစ်မတော် ရှာယာ... တကယ်တော့ အစ်မတော်က ဘယ်သူလဲ။ ပြီးတော့ ဒီနေရာက ဘာနေရာလဲ။ အစ်မတော်က ဘာလို့ ဒီမှာ ရှိနေတာလဲ။ ခုနက ကတ်ပြားက ဘာကြီးလဲ။ ပြီးတော့ ကျွန်တော့်ကို အဲဒါနဲ့ ဘာလုပ်စေချင်တာလဲ..."
"ရပ်"
ရဲချီယန် ပါးစပ်ဟကာ တရစပ် ပြောနေသည်ကို မြင်လိုက်ရသဖြင့်၊ ရှာယာက လက်လှမ်းကာ သူ၏ ပါးစပ်ကို ပိတ်လိုက်သည်။
"ဝူး ဝူး ဝူး ဝူး"
"မင်းက အများကြီး ပြောနေတော့၊ ဘယ်တစ်ခုကို အရင် ဖြေပေးရမလဲ။"
သူ ဆိုလိုချင်သည်မှာ ထိုသို့မဟုတ်ကြောင်း ပြသသည့်အနေဖြင့် ရဲချီယန် ခေါင်းကို အလျင်အမြန် ခါပြလိုက်သည်။
လခွီးပဲ၊ ဒီမိန်းမရဲ့ စိတ်အခြေအနေက စာအုပ်လှန်တာထက်တောင် ပိုမြန်နေသေးတယ်။ မေးဆိုလို့ မေးတာကို၊ ငါက တစ်ခွန်းနှစ်ခွန်းလောက် ပိုပြောလိုက်မိတာလေးနဲ့ အကြမ်းဖက်ဖို့ လိုလို့လား။
ပြီးတော့ ကြင်နာတတ်တဲ့ သီလရှင် တဲ့လား။ အကြမ်းဖက်တဲ့ မိန်းမ ဆိုတာကမှ ပိုလိုက်ဖက်ဦးမယ်။
ရှာယာက သူ၏ ပါးစပ်ကို လွှတ်ပေးလိုက်ပြီး၊ မြို့ခံ ကြိုးဆွဲရုပ် တစ်ခုကို ဘေးသို့ ပေါ့ပေါ့ပါးပါး ကန်ထုတ်လိုက်ကာ ခုံတန်းလျားပေါ်တွင် ခြေချိတ်ထိုင်လိုက်သည်။ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက်၊ တစ်ဖန်ပြန်၍ သူမ၏ သန့်ရှင်းကြင်နာသော အသွင်အပြင်ကို ပြသကာ ပြုံးလိုက်သည်
"ပြောရမယ်ဆိုရင်၊ ငါက မင်းရဲ့ စီနီယာလို့တောင် ဆိုလို့ရတယ်။ ငါ ဒီကမ္ဘာကို လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကတည်းက ရောက်လာပြီး ရထားတစ်စီးပေါ်မှာ ရှင်သန်ခဲ့တာ။"
"လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က"
သူ အရင်က ခန့်မှန်းခဲ့သလိုပင်၊ သူသည် ဤကမ္ဘာသို့ ရောက်လာသော ပထမဆုံး ရှင်သန်ကျန်ရစ်သူ အုပ်စု မဟုတ်ခဲ့ချေ။
ဒါဆိုရင်၊ ရှာယာရဲ့ အသက်က...
"မင်း အရိုင်းအစိုင်းဆန်တဲ့ အတွေးတွေ တွေးနေတာလား။"
"မဟုတ်ပါဘူး၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အစ်မတော် ရှာယာ လို လှပပြီး ကြင်နာတတ်တဲ့ အမျိုးသမီးတစ်ယောက်က ဒီနေရာကို ဘယ်လိုများ ရောက်လာရတာလဲလို့ စဉ်းစားနေတာပါ။"
ထိုမေးခွန်းကို ကြားလိုက်ရချိန်တွင်၊ ရှာယာသည် အတွေးထဲတွင် အနည်းငယ် နစ်မျောသွားပုံရသည်။
"ငါ ဒီကမ္ဘာထဲမှာ ချိတ်ပိတ်ခံလိုက်ရတာ။"
ထိုနေရာသို့ ရောက်သောအခါ၊ သူမ၏ အကြည့်က ရဲချီယန်၏ မျက်နှာပေါ်သို့ ပြန်လည်ရောက်ရှိလာသည်။
"ယုတ္တိအရဆိုရင် ဘယ်သူမှ ဒီမှတ်တိုင်ကို ဝင်လာနိုင်စရာ အကြောင်းမရှိဘူး၊ ဘာလို့လဲဆိုတော့ ငါ့ကို ချိတ်ပိတ်ခဲ့တဲ့ ခွေးကောင်က ဒီမှတ်တိုင်ကို တိုက်ရိုက် ဖျက်ပစ်ခဲ့လို့ပဲ။ ရထားရဲ့ အဆင့်က မြင့်လေလေ၊ ဒီနေရာကို ရှာတွေ့ဖို့ ဖြစ်နိုင်ချေ ပိုနည်းလေလေပဲ၊ ဒါကြောင့် ငါ့ရဲ့ အရင်လုပ်ဖော်ကိုင်ဖက်တွေက ငါ့ကို လာမကယ်နိုင်ခဲ့ကြဘူး။"
"ပြီးတော့ အဆင့်နိမ့် ရထားတွေကလည်း ဒီဘူတာရုံကို ဝင်ခွင့်မရှိဘူး။ ဒါပေမဲ့ မင်းကတော့... ဝင်လာခဲ့တယ်။ ဘာလို့လဲ။ မင်းရဲ့ ပါရမီစွမ်းရည် ကြောင့်လား။"
ရဲချီယန်၏ မျက်လုံးများ အနည်းငယ် လက်ကနဲ ဖြစ်သွားသည်။
အကယ်၍သာ သူ့ထံတွင် ကံကြမ္မာ လမ်းဆုံလမ်းခွ မရှိခဲ့ပါက၊ ဤမှတ်တိုင်အတွက် သူ၏ ခရီးဆုံးပန်းတိုင်မှာ ထို သတ်ဖြတ်ခြင်း ဘူတာရုံသာ ဖြစ်သင့်ပေသည်။
ထို့ပြင် ကံကြမ္မာ လမ်းဆုံလမ်းခွ ပေါ်လာရခြင်းမှာလည်း သူ၏ ပါရမီစွမ်းရည် ကြောင့်ပင် ဖြစ်သည်။
ထို့ကြောင့် ရှာယာ ခန့်မှန်းချက် မှန်ကန်ပေသည်၊ ဤအရာအားလုံးမှာ အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပါရမီစွမ်းရည် ကြောင့် အမှန်တကယ်ပင် ဖြစ်လေသည်။
ရဲချီယန်၏ မျက်နှာအမူအရာကို မြင်လိုက်ရသဖြင့်၊ ရှာယာ၏ နှုတ်ခမ်းများ အနည်းငယ် ပို၍ တွန့်ကွေးသွားခဲ့သည်။
"မင်းရဲ့ လျှို့ဝှက်ချက်ကို ပြောပြဖို့ ငါ အတင်းအကျပ် မလုပ်ပါဘူး။ ဒါပေမဲ့ မင်းရဲ့ ပါရမီစွမ်းရည် အကြောင်းကို တခြားသူတွေကို ပေါ့ပေါ့ဆဆ မပြောပြနဲ့။ ဘာပဲဖြစ်ဖြစ်၊ ဒီကမ္ဘာမှာ လူကောင်းဆိုတာ သိပ်များများစားစား မရှိဘူးလေ။ ပါရမီစွမ်းရည် ဆိုတာ ရှင်သန်ကျန်ရစ်သူ အလွန်နည်းပါးတဲ့ အရေအတွက်သာ ပိုင်ဆိုင်တဲ့ အရာတစ်ခုဖြစ်ပြီး၊ တစ်ခါရပြီဆိုတာနဲ့ လုံးဝ ပြောင်းလဲပစ်လို့ မရတော့ဘူး။ ဒါပေမဲ့ အသုံးမကျဆုံး ပါရမီစွမ်းရည် ကတောင်မှ ပါရမီစွမ်းရည် မရှိတဲ့သူတွေကို မနာလိုဖြစ်စေလိမ့်မယ်။"
"သေချာတာပေါ့၊ မင်း ငါ့ကို ပြောပြချင်တယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ အစ်မတော်က ဘယ်သူ့ကိုမှ ဖွင့်ပြောမှာ မဟုတ်ပါဘူး။"
"ပြီးတော့ အဲဒီ ကတ်ပြားလည်းပဲ... မင်းဆီမှာ ဘုရားစူး ကတ်ပြား ရှိတယ်ဆိုတာကို ဘယ်သူ့ကိုမှ လုံးဝ၊ လုံးဝ အသိမခံနဲ့။ မင်းနဲ့ အရင်းနှီးဆုံး လူကိုတောင်မှ အသိမခံနဲ့။ မင်းဆီမှာ ဘုရားစူး ကတ်ပြား ရှိတယ်ဆိုတာ သိသွားတာနဲ့၊ တစ်ချိန်ချိန်ကျရင် မင်းရဲ့ အသက်ကို ယူဖို့ တစ်ယောက်ယောက်က သေချာပေါက် ရောက်လာလိမ့်မယ်။ မင်းကို မသတ်နိုင်ရင်တောင်မှ၊ မင်း ငါ့လိုမျိုး ဖြစ်သွားလိမ့်မယ်။"
လခွီးပဲ၊ ဒီလောက် အန္တရာယ်များတဲ့ အရာကြီးကို ခင်ဗျားက ကျွန်တော့်ကို ပေးတယ်ပေါ့။
ရဲချီယန်က ခင်ဗျားပဲ ပြန်ယူထားလိုက်ပါလားဟု တကယ်ပင် ပြောချင်နေမိသည်။ ဤကတ်ပြားကို သူ မကိုင်တွယ်နိုင်ပေ။
သို့သော် ရှာယာ၏ အကြည့်နှင့် ဆုံလိုက်ရချိန်တွင်မူ၊ ၎င်းမှာ မဖြစ်နိုင်ကြောင်း သူ သိလိုက်ရသည်။