← Chapters

အခန်း (၄၃၈)

Vol. 43 Ch. 438

အခန်း (၄၃၈)

Vol. 43 Ch. 438

ထိုနေ့တစ်နေ့လုံးတွင် ယန်ချန်းလန်သည် အတွေးပေါင်းများစွာဖြင့် နစ်မွန်းနေခဲ့သည်။

သူသည် အိမ်အတွင်းရှိ ပစ္စည်းများကို ဟိုဟိုဒီဒီ ကြည့်ရှုစစ်ဆေးခဲ့ရာ ယွမ်ရှားဟူ ချန်ထားရစ်ခဲ့သော စာရွက်တစ်ရွက်နှင့် စာအုပ်တစ်အုပ်ကို တွေ့ရှိခဲ့ရသည်။ သူမသည် ဤရိုးရှင်းလှသော အိမ်ကလေးအတွင်း၌ နှစ်ပေါင်းများစွာ မည်သို့မည်ပုံ စောင့်ဆိုင်းနေခဲ့သည်ကို သူ မြင်ယောင်နေမိ၏။ နှမြောစရာကောင်းသည်မှာ သူသည် သူမအပေါ် နာကျည်းမှုများဖြင့်သာ အစဉ်အမြဲ ရှင်သန်ခဲ့မိခြင်းပင်။

ယွမ်ရှားဟူအား မဟာအကြီးအကဲ ခေါ်ဆောင်သွားခြင်းမှာ ရွှမ်ဝူကျီကို သတ်ဖြတ်ခဲ့မှုအတွက် စစ်ဆေးမေးမြန်းရန် ဖြစ်သည်မှာ အသေအချာပင်။ ရွှမ်ဝူကျီကို ယွမ်ရှားဟူကိုယ်တိုင် လက်ရဲဇက်ရဲ သတ်ဖြတ်ခဲ့ခြင်းမှာ ယန်ချန်းလန်အတွက်ကြောင့်သာ ဖြစ်သည်။

ယန်ချန်းလန်သည် ရွှမ်ဝူကျီအပေါ် မည်မျှအထိ နက်ရှိုင်းစွာ နာကျည်းထားသည်ကို သူမ ကောင်းစွာ သိရှိထားသည်။ အကယ်၍ ရွှမ်ဝူကျီသာ မသေဆုံးခဲ့ပါက ယန်မျိုးနွယ်စစ်တပ်၏ နာကျည်းချက်များနှင့် ယန်စံအိမ်တော် နှစ်ရှည်လများ ခံစားခဲ့ရသော အရှက်တကွဲ ဖြစ်ရပ်များကို မည်သို့မျှ အဆုံးသတ်နိုင်မည်မဟုတ်ပေ။ ထို့ပြင် ရွှမ်ဝူကျီ မသေဆုံးသရွေ့ သူမ၏ ရှစ်နှစ်တာ ဒဏ်ရာဒုက္ခများမှာလည်း ပြေပျောက်နိုင်မည်မဟုတ်ချေ။

ထို့ကြောင့် ယန်ချန်းလန်အား အတိတ်မှ နာကျင်မှုများကို အမှန်တကယ် လက်လွှတ်နိုင်စေရန်အတွက် ယွမ်ရှားဟူသည် မြို့တော်၏ ဥပဒေများကို ချိုးဖောက်ကာ အပြစ်ပေးခံရမည့် ဘေးကိုပင် ဂရုမစိုက်တော့ဘဲ ရွှမ်ဝူကျီကို အဆုံးစီရင်ခဲ့ခြင်းပင်။ သူမ တိဟုန်မြို့တော်သို့ ပြန်လည်လိုက်ပါသွားခြင်းမှာ အန္တရာယ်များစွာနှင့် ရင်ဆိုင်ရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ဤအကြောင်းများကို ကြားလိုက်ရသောအခါ ယွင်ရှန်းနှင့် ကျုံးရန်တို့မှာ တိတ်ဆိတ်သွားကြသည်။

“ဦးလေး... ကျွန်မလည်း ဦးလေးနဲ့အတူ လိုက်ခဲ့မယ်။ ဒေါ်ဒေါ်ကို ပြန်ခေါ်လာနိုင်ဖို့ ဦးလေးကို ကျွန်မ ကူညီပေးမှာပါ”

ယွင်ရှန်းက တောက်ပသော အပြုံးတစ်ခုဖြင့် အားပေးစကား ပြောလိုက်သည်။

ကျုံးရန်ကလည်း သူ၏ရင်ဘတ်ကို ပုတ်လျက် တဟားဟား ရယ်မောရင်း

“ဟဲဟဲ... ဒီလို စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ကိစ္စမျိုးကို ကျွန်တော် ကျုံးရန်က ဘယ်လိုလုပ် လက်လွှတ်ခံပါ့မလဲ။ သခင်မလေး... ကျွန်တော်လည်း လိုက်ခဲ့ပါ့မယ်။ ကျွန်တော့်ရဲ့ နဂါးလက်သည်း လင်းနို့ဘုရင်နဲ့ဆိုရင် တိဟုန်မြို့တော်ကို သွားရတာ ပိုပြီး လွယ်ကူသွားတာပေါ့” ဟု ပြောလိုက်သည်။

သို့သော် ယန်ချန်းလန်ကမူ သဘောမတူလိုပေ။

“ရှန့်အာ... ဒီကိစ္စက ဦးလေးကြောင့် ဖြစ်ရတာပါ။ မင်းနဲ့ ကျုံးရန်တို့နဲ့ မပတ်သက်ပါဘူး။ ပြီးတော့ အဖေရဲ့ ကျန်းမာရေးကလည်း အပြည့်အဝ မကောင်းသေးတော့ သူ့ကို ယွီကျင်းမှာ တစ်ယောက်တည်း ထားခဲ့ဖို့ ဦးလေး စိတ်မချဘူး”

“ဦးလေး... ဦးလေး တစ်ယောက်တည်း သွားမှာကိုလည်း ကျွန်မတို့က စိတ်မချဘူးလေ။ စစ်သူကြီးယန်ရဲ့ ကျန်းမာရေးအတွက်ကတော့ ပြီးခဲ့တဲ့တစ်ခေါက်က အမှောင်မင်းသားပို့ပေးလိုက်တဲ့ ဆေးဖက်ဝင်အပင်တွေကြောင့် ခဏတဖြုတ်တော့ စိတ်ချရပါတယ်။ သက်ရှည်

စမ်းရေအတွက် တာဝန်ကလည်း ထုတ်ပြန်ထားတာ မကြာသေးတော့ အခုထိ သတင်းမရသေးပါဘူး”

ယွင်ရှန်းသည် ယန်ချန်းလန်ကို တစ်ယောက်တည်း မလွှတ်ရန် အခိုင်အမာ ဆုံးဖြတ်ထားသည်။

သူမသည် ပါးနပ်စွာဖြင့် ယန်ချန်းလန်၏ အဆင့်တက်လှမ်းမှုသတင်းကို အလုံးအရင်းနှင့် ဖြန့်ဝေထားပြီးဖြစ်၏။ ကျိုးနိုင်ငံ၏ သိုင်းသူတော်စင်သစ် ထို့ပြင် ရာစုနှစ်တစ်ခုအတွင်း တွေ့ရခဲသော ကောင်းကင်ဘုံမိုးကြိုးဖြင့် ခန္ဓာကိုယ်သန့်စင်ထားသည့် သိုင်းသူတော်စင်ဟူသော ဘွဲ့ထူးဂုဏ်ထူးမှာ ကျိုးနိုင်ငံတွင်သာမက တိဟုန်မြို့တော်၌ပါ များစွာ ဂယက်ရိုက်သွားမည်မှာ သေချာသည်။

လူမရောက်ခင် ဂုဏ်သတင်းက အရင်ရောက်နေခြင်းပင်။

ယခုအခါ မြို့တော်နှစ်ခုလုံးသည် ယန်ချန်းလန်ကို သတိထားနေရတော့မည်ဖြစ်ရာ ယန်စံအိမ်တော်အတွက် စိုးရိမ်စရာ မရှိတော့ပေ။ အခြေအတင် ဖြစ်နေကြစဉ်အတွင်း ယွင်ရှန်းသည် ရုတ်တရက် အကြံတစ်ခု ရရှိသွားပြီး

“ဦးလေး... ကျွန်မကို မဖြစ်မနေ ခေါ်သွားရမယ်နော်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သိခဲ့ရတာကတော့ ရွှမ်ဝူကျီရဲ့ ညီမ ယန်ရှမ်မိန်မိန်းရဲ့ မျက်နှာက မတော်တဆ ပျက်စီးသွားခဲ့တယ်တဲ့။ ကျွန်မက တိုက်ကြီးပေါ်မှာ ထိပ်တန်းဆေးပညာရှင်တစ်ယောက် ဖြစ်တာကြောင့် ဦးလေးက ကျွန်မကို ခေါ်သွားမယ်ဆိုရင် သူမကို ကူညီနိုင်လိမ့်မယ်။ အဲဒါက ဒေါ်ဒေါ်ကို ကယ်တင်တဲ့နေရာမှာလည်း အကျိုးရှိနိုင်တယ်လေ”

အမှန်စင်စစ် ယွင်ရှန်း၌ ရှမ်မိန်မိန်း၏ မျက်နှာကို တိုက်ရိုက်ကုသပေးနိုင်သည့် နည်းလမ်းမရှိသေးသော်လည်း ဤသည်မှာ အကြောင်းပြချက်ကောင်းတစ်ခု ဖြစ်နေသည်။ ယန်ချန်းလန်သည် ခေတ္တမျှ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် ယွင်ရှန်း၏ ဇွဲနပဲကို မယှဉ်နိုင်ဘဲ သူမကို ခေါ်သွားရန် သဘောတူလိုက်ရတော့သည်။ ကျုံးရန်မှာမူ ယွင်ရှန်း၏ လူယုံတစ်ဦး ဖြစ်နေသဖြင့် သူ လိုက်ပါလိုသည့်ကိစ္စကို ယန်ချန်းလန်အနေဖြင့် တားဆီးရန် ခက်ခဲသည်။

သူတို့သုံးဦးသည် နန်ယမြို့လေးတွင် နောက်ထပ်နှစ်ရက်ကြာ ဆက်လက်နေထိုင်ခဲ့ကြသည်။

ထိုအတောအတွင်း ယန်ချန်းလန်သည် ယန်ကောင်းကင်ယံမုဆိုးတပ်ဖွဲ့ထံသို့ စာပြန်ခဲ့ပြီး တပ်ဖွဲ့၏ ကိစ္စရပ်များကို ဂရုစိုက်ရန် ကျိုးချွမ်အား မှာကြားခဲ့သည်။ စစ်သူကြီးယန်ကို စိတ်မပူစေရန်အတွက်မူ သူသည် ယွင်ရှန်း၊ ကျုံးရန်တို့နှင့်အတူ တာဝန်တစ်ခုဖြင့် အပြင်သို့ ခဏသွားနေကြောင်းသာ ဖော်ပြခဲ့သည်။

တစ်ဖက်တွင်မူ ယွင်ရှန်းသည် ထိုနှစ်ရက်တာအတွင်း မြေကမ္ဘာသွေးမိကျောင်းကို လေ့ကျင့်ပေးရန် အချိန်ကို အသုံးချခဲ့သည်။ သူမသည် ပထမဆုံး ဆင့်ခေါ်ခြင်းတရားရုံးမှ ထွက်ပေါ်လာသော ဆင့်ခေါ်ခြင်းခါးပတ်ကို အစိတ်အပိုင်းများအဖြစ် ဖြုတ်ပစ်လိုက်သည်။ ထို့နောက် ခါးပတ်ပြုလုပ်ရာတွင် အသုံးပြုထားသော ပစ္စည်းအမျိုးမျိုးနှင့် ၎င်းပေါ်ရှိ မှော်ဝင်

အစီရင်များကို အသေအချာ လေ့လာဆန်းစစ်ခဲ့၏။

ဆင့်ခေါ်ခြင်း မိစ္ဆာလက်၏ အကူအညီဖြင့် အရာရာမှာ ချောမွေ့စွာ ပြီးဆုံးခဲ့သည်။ ယွင်ရှန်းသည် ယန်ချန်းလန်၏ သွေးကို အချို့သော မှော်ဝင်ပစ္စည်းများနှင့် ရောစပ်ကာ ကိုယ်ပိုင် သားရဲထိန်းမှော်လက်စွပ်တစ်ကွင်းကို ဖန်တီးခဲ့သည်။ ဤလက်စွပ်တွင် မှော်ဝင်ဟင်းလင်းပြင်တစ်ခု ပါရှိရာ ဆင့်ခေါ်သူမဟုတ်သူများပင် သားရဲကို ထိန်းချုပ်နိုင်စေမည် ဖြစ်သည်။

ယွင်ရှန်း၏ အကြံပြုချက်အရ ယန်ချန်းလန်သည် ထိုလက်စွပ်ကို ဝတ်ဆင်ကြည့်ရာ မြေကမ္ဘာသွေးမိကျောင်းကို အမှန်တကယ်ပင် ထိန်းချုပ်နိုင်ကြောင်း တွေ့ရှိရသည်။ ပိုင်ရှင်၏ အစွမ်းအစအပေါ် မူတည်၍ ဤလက်စွပ်သည် မတူညီသော မိစ္ဆာသားရဲများကို ထိန်းချုပ်နိုင်စွမ်း ရှိသည်။ ယန်ချန်းလန်ကဲ့သို့ သိုင်းသူတော်စင်အဆင့် ပညာရှင်တစ်ဦးအတွက် ကိုးဆင့်မြောက် အထွတ်အထိပ်ရှိ မိစ္ဆာသားရဲတစ်ကောင်ကို ထိန်းချုပ်ရသည်မှာ အလွန်လွယ်ကူလှ၏။

“ဝါး... သခင်မလေးရဲ့ အရည်အချင်းက တကယ်ကို အံ့မခန်းပါပဲ။ အကယ်၍ ဒီလိုလက်စွပ်မျိုးတွေကို အမြောက်အမြား ထုတ်လုပ်နိုင်မယ်ဆိုရင်တော့ မယုံနိုင်စရာပဲ”

နှစ်ပေါင်းများစွာ ဆင့်ခေါ်သူတစ်ဦးအဖြစ် ဖြတ်သန်းလာခဲ့သော ကျုံးရန်ပင်လျှင် ယွင်ရှန်း၏ တီထွင်မှုကို မရပ်မနား ချီးကျူးနေမိသည်။ သိုင်းပညာရှင်တစ်ဦးကို မိစ္ဆာသားရဲအား အလွယ်တကူ ထိန်းချုပ်ခွင့်ပေးနိုင်သည်ကို သူ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

“ဒါပေမဲ့ သခင်မလေး သတိထားရမှာက ဒီလက်စွပ်အကြောင်း ဆင့်ခေါ်ခြင်းတရားရုံးဆီ သတင်းရောက်သွားရင်တော့ ပြဿနာဖြစ်နိုင်တယ်”

ကျုံးရန်က သတိပေးလိုက်သည်။ ဤလက်စွပ်မှာ အလွန်ကောင်းမွန်သော တီထွင်မှု ဖြစ်သော်လည်း လူတိုင်း လက်ဝယ်ထားရှိရန်မှာမူ မသင့်တော်ကြောင်း သူ တွေးမိသောကြောင့်ပင်။

“ဆင့်ခေါ်ခြင်းတရားရုံးကို ကြောက်ရအောင် ကျွန်မကို အဲဒီလောက် အားနည်းတဲ့သူလို့ ထင်နေတာလား”

ယွင်ရှန်းက မာန်ပါပါဖြင့် ပြောလိုက်သည်။ ဤကဲ့သို့သော မာန်တက်သည့် အမူအရာမှာ အခြားသူများ၌ဆိုလျှင် ဝေဖန်ခံရနိုင်သော်လည်း ယွင်ရှန်း၏ ကိုယ်၌မူ ယုံကြည်မှုအပြည့်ရှိသော အရှိန်အဝါအဖြစ်သို့ ပြောင်းလဲသွား၏။

ကျုံးရန်မှာ တိတ်ဆိတ်စွာ ရယ်မောလိုက်မိပြီး သူ၏သခင်မလေးမှာ အမှန်တကယ်ပင် မာန်တက်ထိုက်သော အရည်အချင်းရှိသူဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ ယွင်ရှန်း၏ နောက်ထပ်ခြေလှမ်းမှာ ကောင်းကင်ယံမုဆိုးတပ်ဖွဲ့တစ်ခုလုံးကို ထိပ်တန်းလက်နက်ကိရိယာများဖြင့် အဆင့်မြှင့်တင်ရန် ဖြစ်လိမ့်မည်ဟု သူ ခန့်မှန်းမိသည်။

ယခင်တစ်ခေါက်ကကဲ့သို့ပင် သူမသည် မည်သည့်စကားမျှ အပိုမဆိုဘဲ လက်နက်နှင့် သံချပ်ကာအချို့ကို ထုတ်ယူကာ တပ်ဖွဲ့၏ အမာခံအဖွဲ့ဝင် (၅၀) ကျော်ကို တပ်ဆင်ပေးခဲ့ဖူးသည်။ ထိုလက်နက်များမှာ ကြည့်လိုက်လျှင် သာမန်ဟု ထင်ရသော်လည်း မုဆိုးစစ်သည်တော်များ အသုံးပြုကြည့်သောအခါမှသာ ရွှေနှင့်ကျောက်သံပတ္တမြားများကိုပင် အလွယ်တကူ ဖြတ်တောက်နိုင်ပြီး ကာကွယ်ရေးစွမ်းအားလည်း အလွန်မြင့်မားကြောင်း သိရှိခဲ့ကြရသည်။

ဆေးစွမ်းကောင်းများ၊ မှော်ဝင်ပစ္စည်းများ၊ လက်နက်များနှင့် ယခု သားရဲထိန်းမှော်လက်စွပ်အထိ ယွင်ရှန်းမှာ အဆုံးစွန်သော လျှို့ဝှက်ချက်များနှင့် အလားအလာများ ပြည့်နှက်နေသည့် ရတနာသိုက်ကြီးတစ်ခုနှင့်ပင် တူလှသည်။ အသက် (၆၀) ကျော် (၇၀) နီးပါးရှိပြီဖြစ်သော ကျုံးရန်ပင်လျှင် သူမ၏ ပါရမီကို မနာလိုဖြစ်မိသည်အထိပင်။

သူမသည် လူတစ်ဦး၏ မှော်ဝင်ခန္ဓာဖွဲ့စည်းပုံကို ပြောင်းလဲပေးနိုင်သည့် လနတ်ဘုရားမ၏ ချီးမွမ်းဆေးကို ဖန်တီးနိုင်ရုံမျှမက အဆင့်မြင့်ဆေးလုံးများနှင့် ယခု သားရဲထိန်းလက်စွပ်ကိုပါ တီထွင်နိုင်ခဲ့သည်။ ဤအရာတစ်ခုချင်းစီမှာ တိုက်ကြီးတစ်ခုလုံး၏ အမြင်အရဆိုလျှင် အလွန်တရာ ဩဇာကြီးမားလှသော အဖွဲ့အစည်းများကိုပင် စိန်ခေါ်နိုင်စွမ်းရှိသည်။

မှော်ဘုရားကျောင်း၊ ဆင့်ခေါ်ခြင်းတရားရုံးနှင့် ဆေးဘက်ဆိုင်ရာ ဧကရာဇ်ခန်းမတို့မှာ တိုက်ကြီးတစ်ခုလုံးကို တုန်လှုပ်စေနိုင်သည့် အဖွဲ့အစည်းကြီးများ ဖြစ်ကြသည်။ သို့သော်လည်း ဆေးဘက်ဆိုင်ရာ ဧကရာဇ်ခန်းမပင်လျှင် သူမ၏လက်အောက်၌ အညံ့ခံခဲ့ရသည်။

ကျုံးရန်သည် ယွင်ရှန်းနောက်သို့ လိုက်ပါရန် ဆုံးဖြတ်ခဲ့မိသည်ကို အလွန်ဝမ်းမြောက်နေမိသည်။ အကယ်၍သာ သူမနှင့် ရန်သူဖြစ်ခဲ့လျှင် သူမ၏ အစီအမံများအောက်၌ သူ မည်သို့မျှ ရှင်သန်နိုင်မည်မဟုတ်ပေ။

“နောက်ပိုင်း ယွီကျင်းကို ပြန်ရောက်ရင် မုဆိုးတပ်ဖွဲ့ဝင် တစ်ယောက်ချင်းစီအတွက် သားရဲထိန်းလက်စွပ် တစ်ကွင်းစီ လုပ်ပေးမယ်။ ဆင့်ခေါ်ခြင်းတရားရုံးက နှစ်ပေါင်းများစွာ ဒီအရင်းအမြစ်တွေကို လက်ဝါးကြီးအုပ်ထားတာ အခုတော့ အဲဒီလက်ဝါးကြီးအုပ်မှုကို ဖျက်ဆီးပစ်ရမယ့်အချိန် ရောက်ပြီ”

ယွင်ရှန်းက ပြောလိုက်သည်။

သူမသည် ဆင့်ခေါ်ခြင်းတရားရုံးကို အနည်းငယ်မျှပင် ဂရုမစိုက်ပေ။ အထူးသဖြင့် သူမ၏ မိခင်ဖြစ်သူ ဟူကျိုရှန့်သည် ထိုတရားရုံးမှ ဩဇာကြီးပုဂ္ဂိုလ်တစ်ဦးကို ပြစ်မှားခဲ့မိသဖြင့် လိုက်လံဖမ်းဆီးခံနေရသည်ကို သိရှိပြီးနောက်တွင် ပို၍ပင် မုန်းတီးမိသည်။ ထို့ပြင် ဆင့်ခေါ်သူအများစုမှာ မောက်မာရိုင်းစိုင်းကြသူများ ဖြစ်ကြသည်။

အရာအားလုံး အဆင်သင့်ဖြစ်သောအခါ ယွင်ရှန်း၊ ယန်ချန်းလန်နှင့် ကျုံးရန်တို့ သုံးဦးသည် လောကပြင်ပရှိ မြို့တော်ဟု တင်စားကြသော တိဟုန်မြို့တော်ဆီသို့ ခရီးစတင်ခဲ့ကြသည်။

All Chapters