အခန်း (၄၃၄)
Vol. 43 Ch. 434
“အပြစ်တင်ချင်တယ်ဆိုရင်တော့ မင်းတို့ဘက်က ပြိုင်ဘက်ကို အစကတည်းက မှားရွေးခဲ့မိလို့ပဲလို့ မှတ်လိုက်ပါတော့”
မဟာအကြီးအကဲသည် ခေါင်းကို ခါယမ်းရင်း ပြောလိုက်၏။
သို့သော်လည်း မဟာအကြီးအကဲ၏ လှုပ်ရှားမှုများမှာ ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့သည်။
သူသည် အနီရောင်ငှက်မင်း၏ နတ်ဘုရားနိမိတ်ပုံရှေ့တွင် ယန်ချန်းလန်နှင့် ကျုံးရန်တို့သာမက ကျုံးရန်၏ မိစ္ဆာသားရဲပင်လျှင် လှုပ်ရှားမှုနှင့် ခွန်အားများ သိသိသာသာ ထိခိုက်နေသည်ကို သတိပြုမိလိုက်သည်။ သို့သော် ထိုမှော်ဆရာမလေး တစ်ဦးတည်းသာလျှင် မည်သည့်သက်ရောက်မှုမျှ မရှိဘဲ ပုံမှန်အတိုင်း ရှိနေသည်ကို တွေ့လိုက်ရ၏။
ယွင်ရှန်းသည် အစစ်အမှန် နတ်ဘုရားသားရဲဖြစ်သောဆွမ်းနီနှင့် ရင်ဆိုင်ဖူးရုံမျှမက သူမ၏ ကိုယ်ပေါ်တွင် နတ်သူငယ် ကံကြမ္မာမီးလျှံတံဆိပ်ရှိနေခြင်းနှင့် သူမ၏ ဆင့်ခေါ်ခြင်း မိစ္ဆာလက်ဝါးက နတ်ဘုရားနိမိတ်ပုံ၏ ဖိအားကို တစ်စိတ်တစ်ပိုင်း ခုခံပေးထားနိုင်ခြင်းတို့ကိုမူ မဟာအကြီးအကဲ သိရှိနိုင်စွမ်း မရှိပေ။
“ဒုတိယဦးလေး... ကျွန်မတို့ လူခွဲလိုက်ရအောင်။ ဦးလေးက မဟာအကြီးအကဲကို ထိန်းထားပေးပါ။ ကျွန်မနဲ့ ကျုံးရန်ကတော့ ဟိုအနီရောင်ငှက်မင်းကို ဘယ်လိုဖမ်းမလဲဆိုတာ ကြံစည်ကြည့်မယ်”
ယွင်ရှန်း၏ လေသံတွင် နတ်ဘုရားနိမိတ်ပုံအပေါ် ကြောက်ရွံ့ခြင်း အလျဉ်းမရှိပေ။ သူမသည် အစစ်အမှန် နတ်ဘုရားသားရဲဖြစ်သော ဆွမ်းနီကိုပင် အထင်ကြီးလှသူ မဟုတ်ရာ ဤပုံရိပ်ယောင်နိမိတ်ပုံကိုမူ အမှုထားမည်မဟုတ်ပေ။
ထိုနိမိတ်ပုံတော်ဝင်ကျောက်စိမ်း၏ အစအနကို သူမ မသိရှိသော်လည်း ဤကျောက်စိမ်းသည် ပျက်စီးနေသော သူမ၏ ရှန်းနုန်ဆေးဘက်ဆိုင်ရာလက်ပတ်နှင့် တစ်စုံတစ်ရာ ပတ်သက်မှုရှိနေသည်ဟု ယွင်ရှန်း ခပ်သဲ့သဲ့ ခံစားနေရသည်။ အကယ်၍ ဤတော်ဝင်ကျောက်စိမ်းကိုသာ ရရှိခဲ့ပါက သူမအတွက်လည်း အကျိုးကျေးဇူး ရှိနိုင်သည်။
ယန်ချန်းလန်သည် ယွင်ရှန်းကို စိုးရိမ်တကြီး ကြည့်လိုက်သော်လည်း သူမက စိတ်ချလက်ချရှိရန် အကြည့်တစ်ချက်ဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။
“မဟာအကြီးအကဲ... ကျွန်တော် ရွှမ်ဝူကျီကို အသေသတ်ရပါလိမ့်မယ်။ အကယ်၍ ခင်ဗျားကသာ တားဆီးမယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ အသက်နဲ့ရင်းပြီး တိုက်ခိုက်ရမှာပါပဲ”
ယန်ချန်းလန်သည် လက်သီးနှစ်ဖက်ကို ဆုပ်လျက် ဂါရဝပြုလိုက်ပြီး သူ၏ တိုက်ပွဲဝင်စိတ်ဝိညာဉ်ကို ထပ်မံ၍ အပြည့်အဝ ထုတ်ဖော်လိုက်တော့သည်။
“ဒီနေ့မှာတော့ ငါကိုယ်တိုင် သိုင်းပညာရှင်အဖွဲ့ချုပ်နဲ့ သိုင်းသူတော်စင်အကြားက ကွာခြားချက်ကို ပြသပေးရတာပေါ့”
ယွင်ရှန်းနှင့် အခြားသူများက လက်လျှော့ရန် ငြင်းဆန်နေသဖြင့် မဟာအကြီးအကဲမှာ ဒေါသထွက်လာခဲ့သည်။
နုံအတဲ့ လူငယ်လေးတွေပဲ... အနီရောင်ငှက်မင်းရဲ့ နတ်ဘုရားနိမိတ်ပုံကိုတောင် ယှဉ်ပြိုင်
ချင်နေကြတာလား။
မဟာအကြီးအကဲ လျိုချန်းဖုန်းသည် ထိုမြင်ကွင်းကို ကြည့်ကာ ယွင်ရှန်းနှင့် အခြားသူများမှာ မိကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေသည်ဟု စိတ်ထဲမှ ကဲ့ရဲ့ကာ ရှုတ်ချနေမိသည်။
နောက်ထပ် စကားတစ်ခွန်းမျှပင် မဆိုတော့ဘဲ ယန်ချန်းလန်သည် သူ၏ ကျောပြင်ရှိ တိုက်ပွဲဝင်စိတ်ဝိညာဉ်တောင်ပံများကို ခတ်လျက် မဟာအကြီးအကဲနှင့်အတူ ပေရာပေါင်းများစွာ မြင့်မားသော ကောင်းကင်ထက်သို့ ပျံတက်သွားပြီး ထိပ်တိုက်ရင်ဆိုင်လိုက်ကြသည်။ အောက်ခြေတွင်မူ ယွင်ရှန်း၊ ကျုံးရန်နှင့် အနီရောင်ငှက်မင်းတို့သာ ကျန်ရစ်ခဲ့တော့သည်။
ယန်ချန်းလန်နှင့် မဟာအကြီးအကဲတို့သည် တစ်ဦးကိုတစ်ဦး အပြန်အလှန် အကဲခတ်လျက် ရှိကြရာ ထိုအခိုက်အတန့်တွင် လေထုအတွင်း၌ သတ်ဖြတ်လိုသော အရှိန်အဝါများမှာ အချိန်မရွေး ပေါက်ကွဲထွက်တော့မည့်အလား တင်းမာလျက်ရှိသည်။
ယွင်ရှန်းသည်လည်း နတ်ဘုရားနိမိတ်ပုံနှင့် ရင်ဆိုင်ရချိန်တွင် ယခင်က အထင်သေးခဲ့သော စိတ်တို့ကို ဘေးဖယ်ထားလိုက်ပြီး ကျုံးရန်နှင့်အတူ တိုက်ပွဲအတွက် အသင့်ပြင်လိုက်၏။ သူမ၏ ပတ်ဝန်းကျင်တွင် စိမ်းဖျော့ဖျော့အရောင်ရှိသော လေစွမ်းအင်မှော်ဓာတ်များ ဖုံးလွှမ်းလာခဲ့သည်။ မှော်ဆရာကြီးအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ရာ သူမ၏ မှော်စွမ်းအင် ထိန်းချုပ်မှုမှာ ပိုမိုကျွမ်းကျင်လာခဲ့ပြီး လေကိုစီး၍ ကောင်းကင်ယံထက်တွင် အေးဆေးတည်ငြိမ်စွာ ပျံဝဲနေတော့သည်။
အခြားတစ်ဖက်တွင်မူ ကျုံးရန်သည် နဂါးလက်သည်း လင်းနို့ဘုရင်၏ ကျောပေါ်သို့ ခုန်တက်လိုက်၏။
ဤအနီရောင်ငှက်မင်း နိမိတ်ပုံသည် အစစ်အမှန် နတ်ဘုရားသားရဲ၏ စွမ်းအားဆယ်ပုံတစ်ပုံခန့်ကိုသာ ပိုင်ဆိုင်ထားသော်လည်း ထိုစွမ်းအားမှာပင် ယွင်ရှန်းတို့အား တွန်းလှန်ရန် လုံလောက်လှသည်။ ယွင်ရှန်းသည် အလောတကြီး တိုက်ခိုက်ခြင်းမပြုဘဲ လေထဲတွင်သာ ဝဲပျံနေဆဲပင်။ နှမြောစရာကောင်းသည်မှာ အနီရောင်ငှက်မင်းသည် မီးဓာတ်ဖြစ်ပြီး သူမ၏ ယပုရွက်ဆိတ်စစ်သူကြီးမှာမူ ကောင်းကင်ယံတိုက်ပွဲတွင် ကျွမ်းကျင်မှုမရှိခြင်းပင်။
ကျုံးရန်သည် သူ၏လက်ထဲရှိ မည်းမှောင်၍ ခြောက်သွေ့သောအသွင်ရှိသော မှော်တောင်ဝှေးကို ဝှေ့ယမ်းကာ မန္တန်များကို ရွတ်ဆို လိုက်သည်။ နဂါးလက်သည်းလင်းနို့၏ ဘေးပတ်ပတ်လည်တွင် မည်းနက်သော မှော်ဓာတ်များ ပေါ်ထွက်လာပြီး ချွန်ထက်သော လက်သည်းများရှိသည့် လင်းနို့အုပ်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။
ကျုံးရန်က သူ၏မှော်တောင်ဝှေးကို ဝှေ့ယမ်းလိုက်သည်နှင့် လင်းနို့အုပ်ကြီးမှာ တားဆီး၍မရနိုင်သော အရှိန်အဟုန်ဖြင့် ပုရွက်ဆိတ်အုပ်ကြီးက ဆင်တစ်ကောင်ကို ဝိုင်းအုံတိုက်ခိုက်သကဲ့သို့ ပြေးဝင်သွားကြ၏။ အနီရောင်ငှက်မင်း နိမိတ်ပုံမှာမူ ၎င်း၏ မီးလျှံတောင်ပံများကို ခတ်လိုက်ပြီး သာယာစူးရှသော အော်ဟစ်သံကို ထုတ်ဖော်လိုက်ရာ ၎င်း၏ မီးတောင်ပံမွှေးများမှာ လေနှင့်အတူ လွင့်ပါးလာခဲ့ပြီး မီးလျှံများကို မိုးစက်မိုးပေါက်များအလား မြေပြင်ထက်သို့ ကြွေကျစေတော့သတည်း။
ကောင်းကင်ယံတစ်ခုလုံး မီးမိုးများဖြင့် ဖုံးလွှမ်းသွားပြီး လင်းနို့အုပ်ကြီးနှင့် ထိတွေ့မိသည်နှင့်တစ်ပြိုင်နက် မီးပုံထဲသို့ တိုးဝင်သည့် ပိုးဖလံများအလား လောင်ကျွမ်းပြာကျသွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျကုန်တော့သည်။ နတ်ဘုရားမီးလျှံနှင့် ထိတွေ့လိုက်ရသော မြက်ခင်းပြင်မှာလည်း ချက်ချင်းပင် မီးစွဲလောင်ကာ နီရဲ၍ တောက်ပသွားတော့၏။
ထိုမီးလျှံများသည် မြေပြင်သို့ ရောက်ရှိသွားသည်နှင့် ငြိမ်းသတ်သွားခြင်းမရှိဘဲ ဆီလောင်းလိုက်သကဲ့သို့ ပိုမိုပြင်းထန်စွာ ကူးစက်လောင်ကျွမ်းနေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျုံးရန်၏ လင်းနို့ရာပေါင်းများစွာမှာ အနီရောင်ငှက်မင်း မှုတ်ထုတ်လိုက်သည့် နတ်ဘုရားမီးလျှံများအောက်တွင် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။ ကျုံးရန်မှာ အလွန်တရာ အကြပ်ရိုက်နေတော့သည်။ သူ၏ လင်းနို့ဘုရင်မှာ ပျံသန်းနိုင်သော မိစ္ဆာသားရဲ ဖြစ်လင့်ကစား မီးကို အလွန်ကြောက်ရွံ့တတ်ပေရာ သာမန်မီးမဟုတ်ဘဲ အနီရောင်ငှက်မင်း၏ မီးလျှံကိုမူ လုံးဝ မယှဉ်နိုင်ပေ။ လင်းနို့ဘုရင်မှာ မီးလျှံများကို အသည်းအသန် ရှောင်တိမ်းနေရပြီး ဟန်ချက်ပျက်ကာ ပြုတ်ကျလုနီးပါး အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိနေသည်။
အခြားတစ်ဖက်တွင်မူ ပြင်းထန်လှသော မီးလျှံများကြားတွင် ရှိနေသည့် ယွင်ရှန်းမှာမူ အနည်းငယ်မျှ မသက်မသာဖြစ်ခြင်း မရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် သူမ၏ ကိုယ်တွင်းရှိ မီးစွမ်းအင်မှော်ဓာတ်များမှာ မိုးခေါင်ရာတွင် ရွာချလိုက်သည့် မိုးရေနှင့် တွေ့ဆုံရသကဲ့သို့ အားအင်များ ပြည့်ဝလာကာ နွေးထွေးမှုကိုသာ ခံစားနေရ၏။
ဤသည်မှာ နတ်သူငယ် ကံကြမ္မာမီးလျှံ၏ အမွေအနှစ်ကို ရရှိထားခြင်း၏ အားသာချက်ပင်။
“ကျုံးရန်... ဆုတ်တော့”
အခြေအနေကို အကဲခတ်နေသော ယွင်ရှန်းသည် ပြတ်သားစွာ အော်ဟစ်လိုက်ပြီး မီးလျှံများကြားသို့ တိုးဝင်လိုက်သည်။
အနီရောင်ငှက်မင်းသည် ရန်သူချဉ်းကပ်လာသည်ကို မြင်သောအခါ ၎င်း၏ ပါးစပ်အတွင်းမှ မီးလျှံလျှာကြီးတစ်ခုကို မှုတ်ထုတ်လိုက်တော့၏။
“သခင်မလေး... သတိထား”
ယွင်ရှန်းသည် မရှောင်မတိမ်းဘဲ မီးလျှံများအတွင်းသို့ တိုက်ရိုက်တိုးဝင်သွားသည်ကို မြင်လိုက်ရသောအခါ ကျုံးရန်မှာ ထိတ်လန့်လွန်းသဖြင့် မျက်နှာမှာ ပြာနှမ်းသွားရသည်။
မြေပြင်ပေါ်ရှိ ရွှမ်ဝူကျီမှာမူ ကောက်ကျစ်သော စိတ်ဖြင့်
လောင်ကျွမ်းပစ်လိုက်စမ်းပါ။ ယန်စံအိမ်တော်က ဒီကောင်မလေးကို ပြာဖြစ်အောင် လောင်
ကျွမ်းပစ်လိုက်ဟု ကြုံးဝါးနေမိသည်။
အကယ်၍သာ ယွင်ရှန်း မရှိခဲ့ပါက သူ၏ အကြံအစည်များမှာ အောင်မြင်ခဲ့ပြီးသား ဖြစ်ပေလိမ့်မည်။ ဤမိန်းကလေးသည် သူမ၏ ဆေးပညာကို အသုံးပြုကာ ယန်ပါးဟိုကို ကယ်တင်ခဲ့သည့်အပြင် ယန်ချန်းလန်၏ လက်ကိုပင် ပြန်လည်ကောင်းမွန်အောင် ကုသပေးခဲ့ခြင်းကြောင့်ပင်။
ရွှမ်ဝူကျီသည် သူတစ်ပါး ဘေးဒုက္ခရောက်သည်ကို ကြည့်ကာ အားရကျေနပ်နေမိသည်။ လူသားတစ်ဦး၏ ခန္ဓာကိုယ်သည် နတ်ဘုရားမီးလျှံနှင့် ထိတွေ့မိသည်နှင့် တစ်ခဏအတွင်းမှာပင် ပြာအဖြစ် ကြေမွသွားရလိမ့်မည်ဟု သူ အခိုင်အမာ ယုံကြည်နေတော့သည်။
သို့သော် နောက်တစ်ခဏ၌ပင် ရွှမ်ဝူကျီ၏ အပြုံးများမှာ တောင့်တင်းသွားတော့သည်။
ဟင် ငါ ဘာကို မြင်လိုက်ရတာလဲ။
ယွင်ရှန်းသည် မီးလျှံများနှင့် ထိပ်တိုက်တိုးဝင်သွားခဲ့သော်လည်း နီရဲတောက်လောင်နေသော မီးတောက်များမှာ သူမ၏ ပတ်လည်တွင် ဝန်းရံစီးဆင်းနေရုံမျှသာ ရှိပြီး နာကျင်စွာ အော်ဟစ်မည့်အစား ကျေနပ်အားရသော အပြုံးတစ်ခုကိုသာ သူမ ဆင်မြန်းထားသည်။ သူမ၏ နဖူးထက်တွင် မီးလျှံပုံသဏ္ဌာန် အမှတ်အသားတစ်ခု ပေါ်ထွက်လာပြီး နုနယ်သော သူမ၏ မျက်နှာလေးမှာ နီမြန်းလျက် ထိုအခိုက်အတန့်တွင် သူမသည် ထူးခြားဆန်းပြားစွာပင် ဆွဲဆောင်မှုရှိနေတော့သည်။
အနီရောင်ငှက်မင်းသည် စူးရှကြည်လင်သော အော်ဟစ်သံတစ်ခုကို ထုတ်ဖော်လိုက်ရာ ထိုအသံမှာ ကောင်းကင်ယံထက်သို့ ပဲ့တင်ထပ်သွားခဲ့သည်။ ထိုအသံအတွင်း၌ ဝမ်းမြောက်ခြင်းနှင့် ရင်းနှီးကျွမ်းဝင်ခြင်းတို့ အပြည့်အဝ ပါဝင်နေ၏။
အပြန်အလှန် တိုက်ကွက်ပေါင်း ဒါဇင်နှင့်ချီ တိုက်ခိုက်ပြီးနောက်တွင် မဟာအကြီးအကဲနှင့် ယန်ချန်းလန်တို့သည် အနီရောင်ငှက်မင်း၏ ထူးခြားသော ဟစ်အော်သံကို ကြားလိုက်ရသဖြင့် အောက်ဘက်သို့ ငုံ့ကြည့်လိုက်ကြသည်။ နီရဲသော တောင်ပံများရှိသည့် ထိုငှက်မင်းသည် ယွင်ရှန်းကို တိုက်ခိုက်ခြင်းမပြုတော့သည့်အပြင် သူမ၏ ပတ်ပတ်လည်တွင် မရပ်မနား ဝဲပျံနေတော့သည်။ ၎င်း၏ တောင်ပံများမှာ ကျော့ရှင်းစွာ လှုပ်ခတ်နေပြီး ကခုန်သီဆိုနေသည့်အလား ထင်မှတ်ရသည်။
“ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”
မဟာအကြီးအကဲသည် နိမိတ်ပုံငှက်မင်း၏ ဤကဲ့သို့သော ထူးခြားသည့် တုံ့ပြန်မှုကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ အနီရောင်ငှက်မင်းနိမိတ်ပုံသည် နတ်ဘုရားသားရဲတစ်ပါး ဖြစ်သောကြောင့် လူသားများနှင့် နီးစပ်ခဲလှသည်။ တော်ဝင်ကျောက်စိမ်းကို ပိုင်ဆိုင်ထားသော မြို့စားမင်းကိုယ်တိုင်ပင်လျှင် ဤနိမိတ်ပုံကို အသုံးပြုသည့်အခါ ငှက်မင်း၏ ဤမျှလောက်အထိ ရင်းနှီးမှုကို မရရှိခဲ့ဖူးပေ။
သို့သော် ယနေ့တွင်မူ ထိုငှက်မင်းသည် ပထမဆုံးအကြိမ် တွေ့ဆုံဖူးသော မှော်ဆရာမလေးတစ်ဦးအပေါ် ဤမျှအထိ တွယ်တာနေတာကြောင့် မဟာအကြီးအကဲသည် သေချာစွာ ထပ်မံကြည့်ရှုလိုက်ရာ ယွင်ရှန်း၏ နဖူးထက်ရှိ တောက်ပသော အနီရောင်အမှတ်အသားကို မြင်လိုက်ရသောအခါ သူ၏ မျက်ဝန်းအိုကြီးများမှာ ရုတ်ခြည်းပင် ဝင်းပသွားတော့သည်။
ထိုအမှတ်အသားမှာ တောက်ပလှပြီး ကြာပန်းပုံသဏ္ဌာန်နှင့် အနည်းငယ် တူညီနေသည်။ ယွင်ရှန်း၏ အနားသို့ ချဉ်းကပ်လာသော မီးလျှံမှန်သမျှမှာလည်း ဘုရင်တစ်ပါးကို ရင်ဆိုင်ရသကဲ့သို့ နောက်သို့ ဆုတ်ခွာသွားကြပြီး အနားသို့ပင် မတိုးဝံ့ကြတော့ပေ။
နတ်သူငယ် ကံကြမ္မာမီးလျှံလား။
၎င်းမှာ လောကီမီးအားလုံးကို နောက်ဆုတ်စေနိုင်သည့် မီးနတ်သူငယ်ဘုရင်မက ကမ္ဘာပေါ်တွင် နောက်ဆုံး ချန်ထားရစ်ခဲ့သော ကံကြမ္မာမီးလျှံ၏ အကြွင်းအကျန်ပင်။
ကောင်းကင်ယံကို လောင်ကျွမ်းစေပြီး သမုဒ္ဒရာကို ဆူပွက်စေကာ အရာအားလုံးကို ပြာအဖြစ် ပြောင်းလဲပစ်နိုင်စွမ်း ရှိသည်။
ယန်ချန်းလန်နဲ့အတူ ပါလာတဲ့ ဒီမှော်ဆရာမလေးက တကယ်ပဲ နတ်သူငယ် ကံကြမ္မာမီးလျှံရဲ့ အမွေအနှစ်ကို ဆက်ခံထားတဲ့ အစွမ်းထက်တဲ့သူ ဖြစ်နေတာလား။