← Chapters

တိုက်ပွဲပြင်းထန်

Vol. 11 Ch. 1007

တိုက်ပွဲပြင်းထန်

Vol. 11 Ch. 1007

ကျိရွှမ်ဆရာတော် တစ်ခဏမျှ တုံ့ဆိုင်းနေမိလေသည်။

သူ ဆုံးဖြတ်ချက် မကျနိုင်သည့်တိုင် လောလောဆယ်အချိန်တွင် သူ့အတွက် ရွေးစရာလမ်းမရှိတော့ပေ။

နောက်ဆုံးတော့ ကျိရွှမ်ဆရာတော်က ဓမ္မလမ်းပြဆရာတော်၏ လက်ဖဝါးအတွင်းသို့ မိုးနတ်မင်း၏ နှလုံးကာကွယ်ဆေးလုံးကို ထည့်ပေးလိုက်လေသည်။

ဓမ္မလမ်းပြဆရာတော်က မိုးနတ်မင်း၏ နှလုံးကာကွယ်ဆေးလုံးကို သောက်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ် ပျက်စီးနေခြင်း ချက်ချင်းရပ်တန့်သွားသည်။

ဆရာတော်၏ မျက်နှာက ချက်ချင်း သွေးရောင်လွှမ်းလာပြီး အသွေးအသားများလည်း အားအင်ပြည့်ဝလာသည်။

ထို့နောက် ဓမ္မလမ်းပြဆရာတော်က လျှို့ဝှက်ကျင့်စဉ်တစ်ခုကို စတင်ထုတ်ဖော်လိုက်လေသည်။

ယိရှင်ဆရာတော် ၊ ကျိရွှမ်ဆရာတော်နှင့် ယွဲ့ကွမ်းဆရာတော်တို့မှာ ဗုဒ္ဓဘာသာဂိုဏ်းများတွင် ထူးချွန်ထင်ရှားသည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

သို့တိုင်အောင်… ဓမ္မလမ်းပြဆရာတော် ဘဝတစ်ခုလုံး အဆုံးရှုံးခံပြီး မည်သည့်လျှို့ဝှက်ကျင့်စဉ်ကို ထုတ်ဖော်အသုံးပြုနေသည်ကို သူတို့ တစ်ယောက်မှ နားမလည်ကြပေ။

ယွမ်ချင်းက ထိုအချိန်ကို အခွင့်ကောင်းယူပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း မရှိပေ။

သူက ဓမ္မလမ်းပြဆရာတော် လျှို့ဝှက်ကျင့်စဉ်ထုတ်ဖော်ခြင်း အဆုံးသတ်သည်အထိ တိတ်တဆိတ် စောင့်နေခဲ့လေသည်။

ယွမ်ချင်း ယခင်ကထက်ပိုပြီး နေလို့ကောင်းနေပြီး ယနေ့တိုက်ပွဲ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ဂရုမစိုက်တော့ပေ။

ယွမ်ချင်း၏ တာအိုနှလုံးသားနှင့် ခန္ဓာကိုယ်တစ်ခုလုံးတွင် သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပြည့်နက်နေသည်။ သူ့ကိုကြည့်ရသည်မှာ ခါတိုင်းအချိန်များထက် ပိုမိုတည်ငြိမ်လျှက် ရှိလေသည်။

အမှန်တော့ သတ်ဖြတ်လိုသည့်အငွေ့အသက်များက မကောင်းသောအရာများ မဟုတ်ပေ။ မိုးနှင့်မြေ၏ နိယာမတရားသာလျှင် ဖြစ်လေသည်။

လောကကြီးက အညစ်အကြေးများနှင့် ပြည့်နက်နေပြီး လုံး၀ ပျက်သုဉ်းခြင်းသို့ ဦးတည်သည့်အခါ စင်ကြယ်သော ပြန်လည်မွေးဖွားခြင်းက အသစ်စတင်မည် ဖြစ်သည်။

ထိုသို့ လုံးဝပျက်သုဉ်းခြင်းကို ဦးတည်သည့်အခါ သတ်ဖြတ်လိုက်သည့် အငွေ့အသက်များက အရေးပါသည့် ကဏ္ဍမှ တာဝန်ယူလုပ်ဆောင်ရသည်။

ပြီးမှ အသစ်ပြန်လည်မွေးဖွားဖြစ်တည်လာခြင်းက… ဆောင်းဦးလေပြေသည် ရွက်ကြွေများကို လွင့်စင်သွားစေသကဲ့သို့ ၊ ဆောင်းလေအေးသည် အသက်ဓာတ်စွမ်းအားများ ပြည့်ဝသကဲ့သို့ ၊ နွေဦးလေပြေသည် နွေဦးပန်းများကို ပွင့်လန်းစေသည့်အလား ပင်ဖြစ်လေသည်။

ယခင်က အပေါ်ယံနားလည်မှုများဖြင့် ဖုံးကွယ်ထားသည့်အတွက် ထိုသို့နက်ရှိုင်းသည့် တာအိုတရားကို ယွမ်ချင်း သိမြင်နိုင်ခြင်း မရှိခဲ့ပေ။

ယခု သူတွေ့ကြုံခံစားရသည့်အရာများက မှားသည်လား မှန်သည်လား မပြောနိုင်သေးသော်လည်း သူလိုချင်သည့်အဖြေအတွက် ဖြေရှင်းချက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်လေသည်။

ဓမ္မလမ်းပြဆရာတော် နောက်ဆုံးတော့ လျှို့ဝှက်ကျင့်စဉ်ကို ပြုလုပ်ပြီးစီးသွားလေသည်။ သို့သော်… သူ စိတ်ပျော်ရွှင်ခြင်း မဖြစ်မိပေ။

သူ၏မျက်ဝန်းများက လူသေတစ်ယောက်၏မျက်ဝန်းများအလား အေးစက်ပြီး ခံစားချက်ကင်းမဲ့နေသည်။ အတက်အကျ လုံး၀ မရှိပေ။

ဗုဒ္ဓဘာသာကျောင်းတော်ကြီး (၈)ခုတွင် ပညာဉာဏ်အမြင့်မားဆုံးဟု ထင်ရှားကျော်ကြားသော ကျိရွှမ်ဆရာတော်မှာလည်း ဓမ္မလမ်းပြဆရာတော် လျှို့ဝှက်ကျင့်စဉ်ထုတ်ဖော်ခြင်း ပြီးဆုံးသွားသည့်အတွက် တစ်စက်ကလေးပင် ဝမ်းမြောက်ဝမ်းသာ မဖြစ်ခဲ့မိပေ။

သူက ယွမ်ချင်းကိုသာ စိုက်ကြည့်နေလေသည်။

ယခုအချိန်တွင် ယွမ်ချင်းသည် မည်သည့်ရန်သူတော်ထက်မဆို ကြောက်မက်ဖွယ်ရာကောင်းနေသည်ကို သူ အသိဆုံး ဖြစ်လေသည်။

ဓမ္မလမ်းပြဆရာတော် မိုးနတ်မင်း၏ နှလုံးကာကွယ်ဆေးလုံးကို သောက်လိုက်သည့်အချိန်တွင် ထိုဆရာတော် (၄)ပါးလုံးကို ဝင်ရောက်တိုက်ခိုက်ရန် အချိန်ကောင်းဖြစ်သည်ကို ယွမ်ချင်း သိလေသည်။

သို့သော်… ယွမ်ချင်းက ထိုအခွင့်အရေးကို ပေါ့ပေါ့တန်တန်ဖြင့်ပင် လက်လွှတ်ခဲ့သည်။

အခွင့်အရေးကို သိရှိခဲ့သော်လည်း ယွမ်ချင်းက သူ့ကိုယ်သူ ယုံကြည်မှုအပြည့် ရှိနေသည့်အတွက် ရန်သူကို မထီမဲ့မြင် ပြုခဲ့ခြင်းပင်ဖြစ်သည်။

ကျိရွှမ်ဆရာတော်သည် ယွမ်ချင်းကို ကြည့်နေလေသည်။

သူတို့ မဖြစ်ချင်သည့် အခြေအနေများ ဖြစ်လာတော့မည်ကိုလည်း သိရှိလိုက်သည်။

ယွမ်ချင်း၏ ခြေထောက်အောက်ရှိ ကျောက်ဆောင်ကြီး တဖြည်းဖြည်း ပျက်စီးပြိုကျသွားလေသည်။

ဗုဒ္ဓဘာသာနယ်မြေတွင် နှစ်ပေါင်းများစွာ ဗုဒ္ဓကျမ်းဂန်များ၏ တန်ခိုးစွမ်းအားဖြင့် ရပ်တည်နေခဲ့သည့် ကျောက်ဆောင်ကြီးသည် ယွမ်ချင်း၏ ခန္ဓာကိုယ်မှ သဘာဝအတိုင်း ယိုစိမ့်ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားဒဏ်ကို မခံနိုင်ဘဲ ပြိုကျပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။

ယွမ်ချင်းသည် လေထဲတွင် အေးဆေးစွာ ရပ်လျှက် ရှိသည်။ သူ့ခြေထောက်အောက်မှ ကျောက်ဆောင် ပြိုကျပျက်စီးသွားသည်ကို တစ်စက်ကလေးမှ အရေးမစိုက်ပေ။

ယခုအချိန် သူစိတ်ဝင်စားနေသည့် တစ်ခုတည်းသောအရာမှာ ဗုဒ္ဓ၏ ဓာတ်တော်မွေတော်ပင် ဖြစ်သည်။

ယခု သူ ဗုဒ္ဓ၏ဓာတ်တော်မွေတော်ကို ရယူလိုခြင်း မရှိတော့ပေ။ သို့သော်… ဖျက်စီးပစ်ချင်နေမိသည်။

ယခင်က ဗုဒ္ဓ၏ ဓာတ်တော်မွေတော်ကို ရရှိလျှင် သူ၏ သတ်ဖြတ်လိုသောအငွေ့အသက်များကို ဖိနှိပ်ထားနိုင်မည်ဟု ယူဆခဲ့သည်။

ယခုတော့ သူ့အခြေအနေကောင်းနေပြီ ဖြစ်လေသည်။ သူ့ကိုယ်သူ ပြောင်းလဲပစ်ရန်အတွက် မည်သည့်အရာမှ မလိုအပ်တော့ပေ။

ရုတ်တရက် ယွမ်ချင်း၏ စိတ်ထဲလှုပ်ရှားသွားသည်။

အဘယ်ကြောင့်ဆိုသော်… ဓမ္မလမ်းပြဆရာတော်သည် ဗုဒ္ဓဓာတ်တော်ကို ကြည့်နေသောကြောင့် ဖြစ်သည်။ ဓမ္မလမ်းပြဆရာတော်သည် နှစ်ပေါင်းများစွာ ကျော်ကြားထင်ရှားသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါး ဖြစ်ထိုက်ပါပေသည်ဟု ယွမ်ချင်း တွေးလိုက်မိသည်။

ဓမ္မလမ်းပြဆရာတော်သည် ယွမ်ချင်း၏ အတွေးများကို အပြည့်အဝနားမလည်သည့်တိုင် သူ၏ ဇင်ဗုဒ္ဓဘာသာ စိတ်နှလုံးသားထဲတွင် ပုံမှန်မဟုတ်သည့်အချက်တစ်ခုကို ခံစားမိသောကြောင့် ဗုဒ္ဓဓာတ်တော်ကို လှမ်းကြည့်လိုက်ခြင်း ဖြစ်လေ၏။

ယွမ်ချင်းက ဓမ္မလမ်းပြဆရာတော် သူ့စိတ်ကို သိရှိသွားရန် ဖွင့်မပြခဲ့ပေ။ ထို့ပြင်… ဓမ္မလမ်းပြဆရာတော်တွင် အချိန်သိပ်မကျန်တော့သည်ကိုလည်း သူ သိရှိထားသည်။

ဆရာတော်က သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ တန်ခိုးစွမ်းအားများကို ညှစ်ထုတ်ပြီး လျှို့ဝှက်ကျင့်စဉ်ကို ထုတ်ဖော်ခဲ့ပြီးသည့်နောက် သူ၏ တန်ခိုးစွမ်းအားက အထွတ်ထိပ်သို့ ရောက်ရှိလာခဲ့သည်။

သို့သော်… ဓမ္မလမ်းပြဆရာတော်၏ အသက်ရှူသံများကို ကြည့်ခြင်းအားဖြင့် တန်ခိုးစွမ်းအားသည် အထွတ်ထိပ်မှ ဖြည်းဖြည်းချင်း ပြန်လည်ကျဆင်လျှက် ရှိလေသည်။

ယွမ်ချင်းက စတင်တိုက်ခိုက်လိုက်သည်နှင့် မိုးနှင့်မြေတွင် ပြင်းထန်သည့် လေပြင်းတစ်ချက် တိုက်ခတ်လာလေသည်။ လေထဲတွင် သွေးရနံ့များ ခြုံလွှမ်းနေသော်လည်း မည်သည့်သွေးကိုမှ တွေ့မြင်ရခြင်း မရှိပေ။

ဘုန်းတော်ကြီး (၄)ပါးသည် ချက်ချင်းပင် လေပြင်းထဲတွင် လွင့်မျောသွားကြလေသည်။

ဗုဒ္ဓ၏ဓာတ်တော်မွေတော်ကို ကိုင်ဆောင်ထားသည့် ယွဲ့ကွမ်းဗောဓိသကျ၏ တန်ခိုးစွမ်းအားက အနက်ရှိုင်းဆုံး ဖြစ်လေသည်။

သူ၏ မျက်ဝန်းထဲတွင် မိုးနှင့်မြေ ၊ တောင် ၊ မြက်ပင်နှင့်သစ်ပင်များ ၊ ငှက်များ ၊ သားရဲများအားလုံးသည့် ပုံသေ လှည့်ပတ်နေကြလေသည်။

လေပြင်းထဲတွင် နေ့နှင့်ညက အလှည့်ကျ လည်ပတ်နေသည်။

လေပြင်းထဲတွင် မျက်စိ ၊ နား ၊ နှာ ၊ လျှာ ၊ ကိုယ် ၊ စိတ် ဆိုသည့် အာရုံ (၆)ပါးက ကပြောင်းကပြန် ဖြစ်ပေါ်နေကြသည်။

ယွဲ့ကွမ်းဆရာတော်က အလျှင်အမြန် အော်ဟစ်လိုက်လေသည်။

"အိပ်မက်ပြောင်းပြန်တန်ခိုးစွမ်းအား ၊ ဒါတွေအားလုံးက အတုအယောင်တွေပဲ…"

ထို့နောက် ယွဲ့ကွမ်းဆရာတော်၏ ခန္ဓာကိုယ်မှ သိမ်မွေ့သည့်အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။

ထိုအလင်းတန်းက လရောင်ခြည်အလား အေးစက်လွန်းပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားသည်။

ချက်ချင်းပင် ဗုဒ္ဓဓာတ်တော်မွေတော်မှ အလင်းရောင်များတောက်ပလာပြီး စတင်အလုပ်လုပ်လေတော့သည်။ ထင်ရောင်ထင်မှာ ပုံရိပ်ယောင်များမှာ ဓာတ်တော်မှ အလင်းတန်းကြောင့် ပြန်လည် သန့်စင်သွားလေသည်။

သို့သော်… သူတို့ရှိရာသို့ တစ်ခါမှ မကြုံဖူးသည့် အဖြူရောင်လက်တစ်ဖက် ကျရောက်လာလေသည်။ ထိုလက်မှ ဖိအားများက ပြင်းထန်လွန်းလှသည်။

ထိုလက်သည် ပေပေါင်းတစ်ထောင်မက မြင့်မားသည့် တောင်တစ်တောင်ကိုပင်လျှင် တစ်စစီ ပျက်စီးသွားစေနိုင်လောက်သည်။

ယွဲ့ကွမ်းဆရာတော်က ယွမ်ချင်း၏ မိစ္ဆာစွမ်းအားများ ထိုမျှ မြင့်တက်လာလိမ့်မည်ဟု ထင်မထားခဲ့မိပေ။

သူ့အနေဖြင့် နောက်ဆုတ်၍လည်းမရသလို ရှေ့တိုး၍လည်း မရတော့ပေ။ အကြောင်းမှာ… သူ ခြေတစ်လှမ်းလှုပ်ရှားလိုက်သည်နှင့် အဖြူရောင်လက်ဖဝါးကြီးက သူ့ထံသို့ ကျရောက်လာမည် ဖြစ်လေသည်။

ထို့အတူ … သူ နောက်မဆုတ်ပြန်လျှင်လည်း ယွမ်ချင်း၏ လက်ဖဝါးက သူ့ကို လုံး၀ ချေမှုန်းပစ်လိမ့်မည် ဖြစ်သည်။ သူ့အတွက် လွတ်လမ်းမရှိတော့သည့် အနေအထား ဖြစ်လေ၏။

သို့သော်… ယွဲ့ကွမ်းဆရာတော် မှန်ကန်သည့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်ခဲ့သည်။

သူက ပါးစပ်မှ ဂါထာတစ်ပုဒ်ရွတ်ဖတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက အခိုးအငွေ့အဖြစ်ပြောင်းလဲသွားလေသည်။

ယွဲ့ကွမ်းဆရာတော်က အခိုးအငွေ့အဖြစ်ပြောင်းလဲကာ အရှေ့သို့ သတ္တိရှိရှိဖြင့် ထွက်ခွာသွားပြီး ယွမ်ချင်း၏ လက်ဖဝါးထက်သို့ ရောက်ရှိသွားကာ ဗုဒ္ဓဓာတ်တော်မွေတော်၏ တန်ခိုးစွမ်းအားကို အသုံးပြုကာ တိုက်ခိုက်လိုက်သည်။

ယွဲ့ကွမ်းဆရာတော်၏ အပူတပြင်းတိုက်ခိုက်လိုက်မှုကြောင့် ယွမ်ချင်းက ရုတ်တရက် သူ့လက်ကို ရုတ်သိမ်းလိုက်လေသည်။

အိပ်မက်ပြောင်းပြန်တန်ခိုးစွမ်းအားသည်လည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ယွဲ့ကွမ်းဆရာတော်၏ တိုက်ခိုက်မှုကို ယွမ်ချင်း ရှောင်တိမ်းလိုက်သည့်အချိန်တွင် ကျန်ရှိသည့် ဆရာတော် (၃)ပါးက ယွမ်ချင်းကို ဝင်ရောက်တိုက်ခိုက်လိုက်ကြလေသည်။

ယွမ်ချင်း၏ လက်ဝါးရိုက်ချက်ဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရသူကတော့ ကျိရွှမ်ဆရာတော် ဖြစ်လေ၏။

သို့သော်… သူက အဆင့် (၅)အထိ ရောက်ရှိနေပြီ ဖြစ်သည့် လက်ညှိုးတစ်ချောင်းသိုင်းပညာကို အသုံးပြုပြီး ယွမ်ချင်း၏ လက်ဖဝါးကို အေးဆေးတည်ငြိမ်စွာ ရင်ဆိုင်လိုက်လေသည်။

လက်ညှိုးတစ်ချောင်းသိုင်းပညာ အဆင့် (၅)သည် အဆိပ် (၃)ပါး အဆင့် ဖြစ်လေသည်။ အဆိပ် (၃)ပါး အဆင့်ဆိုသည်မှာ လောဘ ၊ ဒေါသ ၊ မောဟ ဆိုသည့် အဆိပ် (၃)မျိုးကို ပယ်သတ်သည့် အဆင့်ကို ခေါ်ဆိုခြင်း ဖြစ်သည်။

ကျိရွှမ်ဆရာတော်၏ လက်ညှိုးတစ်ချောင်းသိုင်းပညာအောက်တွင် လောဘ ၊ ဒေါသ ၊ မောဟ များ ဆိတ်သုဉ်းသွားပြီး ဇင်ဗုဒ္ဓဘာသာ၏ ကြီးမြတ်ခြင်း ရုတ်တရက်ထွက်ပေါ်လာလေသည်။

တိုက်ပွဲမြေပြင်သည် ချက်ချင်းပင် သုခဘုံအလား ငြိမ်းချမ်းငြိမ်သက်သွားပြီး စိုးရိမ်ပူပန်မှုများကို မေ့ပျောက်သွားစေလေသည်။

ယွမ်ချင်းသာ ကျင့်ကြံခြင်းအဆင့် မြင့်တက်သွားခြင်းမရှိဘဲ ယခင်အခြေအနေအတိုင်းသာဆိုလျှင် သူ့အနေဖြင့် ကျိရွှမ်ဆရာတော်၏ တိုက်ခိုက်မှုကို ခုခံနိုင်မည် မဟုတ်ပေ။ သူ၏ သတ်ဖြတ်လိုသည့် အငွေ့အသက်များသည်လည်း ချက်ချင်း အားလျော့သွားနိုင်လေသည်။

ယွမ်ချင်းက အေးဆေးစွာ တစ်ချက်ပြုံးလိုက်သည်။ ကျိရွှမ်ဆရာတော်၏ လက်ချောင်းက ယွမ်ချင်း၏ လက်ဝါးဖြင့် ထိပ်တိုက်ရင်ဆိုင်မိကြသည်။

ယွမ်ချင်း၏ လက်ဝါးရိုက်ချက်က ယခင်ကထက်ပင် တန်ခိုးစွမ်းအားများဖြင့် ပြည့်ဝလျှက် ရှိသည်။

ကျိရွှမ်ဆရာတော်  မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သွားရသည်။ ထို့နောက်… သူ၏ဝမ်းဗိုက်တွင် သွေးနီရောင် လက်ဖဝါးရာကြီးတစ်ခု ထွက်ပေါ်လာလေသည်။

တိုက်ကွက်တစ်ကွက်တည်းဖြင့်ပင် ကျိရွှမ်ဆရာတော်ကို ယွမ်ချင်း အနိုင်ယူလိုက်နိုင်ပြီ ဖြစ်သည်။ ကျိရွှမ်ဆရာတော်၏လက်ညှိုးက လေထဲတွင် လွင့်မျောသွားလေသည်။

ကျိရွှမ်ဆရာတော်၏ လက်ညှိုးတစ်ချောင်းသိုင်းကို ရင်ဆိုင်ပြီးသည်နှင့် ဓမ္မလမ်းပြဆရာတော်၏ မဟာမုဒြာကို ချက်ချင်းပင် ယွမ်ချင်းက ရင်ဆိုင်လိုက်ရသည်။

မမြင်ရသည့် တန်ခိုးစွမ်းအားပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး ဘုန်းတော်ကြီး (၄)ပါးလုံး အနောက်သို့ လွင့်စင်ထွက်သွားလေ၏။

ပတ်ဝန်းကျင်တစ်ခုလုံးမှ သစ်ပင်ကြီးများအားလုံး ထက်ပိုင်းပြတ်ကုန်ကြလေသည်။

ဘုန်းတော်ကြီး (၄)ပါးနှင့် ယွမ်ချင်း၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် တန်ခိုးစွမ်းအား ပေါက်ကွဲမှုကြီးက ပတ်ဝန်းကျင်တစ်ခုလုံးကို ဂယက်ရိုက်ခတ်သွားစေသည်။

လေပြင်းများတိုက်ခတ်လာပြီး တန်ခိုးစွမ်းအားပေါက်ကွဲမှုကြီးက လီချင်းဆွေရှိရာသို့ လာရောက်ထိမှန်လေသည်။

သို့သော်… ဆန်းလျန် သင်ပြပေးထားသည့် "တန်ခိုးစွမ်းအားမဲ့" အင်းသင်္ကေတကြောင့် တန်ခိုးစွမ်းအား ပေါက်ကွဲမှုကြီးက သူမအပေါ် သက်ရောက်ခဲ့ခြင်း မရှိပေ။

သူမဝတ်ဆင်ထားသည့် အဝတ်အစားများ လေထဲတွင် လွင့်ပျံသွားသည်ကလွဲပြီး သူမသည် တည်ငြိမ်အေးဆေးလျှက် ရှိလေသည်။

လီချင်းဆွေ၏ဘေးတွင်ရပ်နေသည့် သွေးနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ဟွမ်ချွမ်ကျီမှာ များစွာ အံ့အားသင့်သွားလေသည်။

ဤကလေးမလေးသည် ချင်းရွှမ်နတ်တံခါးမှ တပည့်တစ်ယောက်ဖြစ်ပြီး ယွမ်ချင်းက သူမက အလွန်အလေးပေးတန်ဖိုးထားသည်ဟု သတင်းများကြားထားခဲ့သည်။

သို့သော်… အသက်ငယ်ငယ်လေးဖြင့် ထိုမျှတန်ခိုးစွမ်းအား မြင့်မားနေလိမ့်မည်ဟု ဟွမ်ချွမ်ကျီ ထင်မထားခဲ့ရိုး အမှန်ပင် ဖြစ်လေသည်။

ကလေးမလေးကို လျှော့တွက်၍ မရကြောင်း ဟွမ်ချွမ်ကျီ သဘောပေါက်လိုက်သည်။

မူလဝိညာဉ်ခန္ဓာရရှိထားသည့် လောကနတ်ဘုရားများသည်ပင်လျှင် မိန်းကလေးငယ်လေးကဲ့သို့ တန်ခိုးစွမ်းအားပေါက်ကွဲမှုကြီးကို အေးအေးဆေးဆေး ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

ဟွမ်ချွမ်ကျီတွေးနေစဉ်မှာပင် လီချင်းဆွေက ရုတ်တရက် စကားပြောလိုက်သည်။

"မင်း ယွမ်ချင်းကို ဘယ်အချိန်ဝင်တိုက်မှာလဲ…"

ဟွမ်ချွမ်ကျီက တစ်ချက်မျှစဉ်းစားလိုက်ပြီး မဲ့ပြုံးတစ်ချက်ပြုံးလိုက်ရင်း…

"ယွမ်ချင်း မတိုက်နိုင်တော့ဘဲ အားကုန်သွားတဲ့အချိန်ပေါ့…"

ဟွမ်ချွမ်ကျီက ယွမ်ချင်းကို ရှုံးနိမ့်ခဲ့ပြီးသည့်နောက် မခံချင်စိတ်ဖြင့် ကြိုးစားကျင့်ကြံခဲ့လေသည်။

သူ့ဘဝတွင် ယွမ်ချင်းကိုသာ အနိုင်ယူတိုက်ခိုက်နိုင်ခြင်းမရှိလျှင် သူ့တစ်ဘဝလုံး ယွမ်ချင်း၏ အရိပ်ဆိုးကြီးအောက်မှ ရုန်းထွက်နိုင်တော့မည်မဟုတ်ပေ။

ထို့ကြောင့်… ယခုတစ်ကြိမ် တိုက်ပွဲတွင် သူ ယွမ်ချင်းကို သေချာပေါက် အနိုင်ရမှ ဖြစ်ပေမည်။

ယွမ်ချင်းကို နောက်တစ်ကြိမ် ရှုံးနိမ့်ရမည့် အဖြစ်မျိုး သူလုံး၀ အဖြစ်မခံနိုင်ပေ။ ထို့ကြောင့် လက်ရှိအချိန်တွင် အကောင်းဆုံးအနေအထားကို တွက်ချက်နေခြင်း ဖြစ်သည်။

လီချင်းဆွေက အေးဆေးသည့် လေသံဖြင့်…

"ယွမ်ချင်းက ရုတ်တရက် တာအိုတရားကို နားလည်သွားပြီ ၊ ဒါကြောင့် သူ ဘယ်တော့မှ အားကုန်သွားမှာ မဟုတ်တော့ဘူး…"

***

All Chapters