နတ်ဘုရားစွမ်းရည်၏ အင်အားကို ထုတ်ပြခြင်း
Vol. 84 Ch. 833
"မင်း ခံစားမိလား။"
ဟွမ်ဝမ်ဖာ သည် ရတနာနယ်မြေ၏ အပြင်ဘက်တွင်ရပ်နေရင်း သူ၏ အမူအရာမှာတဖြည်းဖြည်း လေးနက်လာခဲ့၏။
ပန်ရှန်းဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦးအနေဖြင့်၊ သူ၏ တပည့်များကဲ့သို့ တောင်ပိုင်းဟုန်မှ လူများကို လူရိုင်းများအဖြစ်သဘောမထားသော်လည်း၊ သူ၏ စိတ်ထဲတွင် မာနတရားအနည်းငယ်ကိန်းအောင်းနေခြင်းကိုမူ သူ မတားဆီးနိုင်ခဲ့ပေ။
မည်သို့ပင်ဆိုစေ၊ အခြားသော ဟုန် သုံးခုနှင့် နီးကပ်စွာဆက်သွယ်မှုများ ရှိခဲ့ဖူးသဖြင့်၊ သူသည် အရာများစွာတွေ့မြင်ခဲ့ရာ၊ သဘာဝကျစွာပင် သူ၏ အမြင်များက ပိုမိုမြင့်မားနေခဲ့၏။
ဟွမ်ဝမ်ဖာ သည် ဂိုဏ်းချုပ်ရှန်း နှင့် တွေ့ဆုံပြီးချိန်မှသာ ဤအမြင်ကိုစတင်ပြောင်းလဲခဲ့သော်လည်း၊ ယင်းမှာ ရှန်းယီ ကိုယ်တိုင်အပေါ်၌သာဖြစ်သည်။
သို့သော် ယခု သူ ကိုယ်တိုင် ဤနေရာသို့ ရောက်ရှိလာချိန်တွင်၊အရာရာသည် သူ စိတ်ကူးထားသလို မဟုတ်ကြောင်းကို နားလည်လာခဲ့၏။
တောင်ပိုင်းဟုန်တွင် ဤမျှများပြားလှသော မဟာနတ်ဆိုးကြီးများ စုဝေးရောက်ရှိနေသော်လည်း၊ ယနေ့ထိ မည်သည့် ဖရိုဖရဲဖြစ်မှုသတင်းမျှမထွက်ပေါ်ခဲ့ပေ။
ထိုနတ်ဆိုးကြီးများသည် တောင်ပိုင်းဟုန်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ထူးဆန်းစွာပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေသည်။
ဤမျှကြောက်မက်ဖွယ်ကောင်းသော အခြေအနေမျိုးကိုပင် ယာယီထိန်းချုပ်ထားနိုင်သည်ဆိုလျှင်၊ တောင်ပိုင်းဟုန်သားတော်ခုနစ်ပါး၏ အမွေအနှစ် နက်ရှိုင်းမှုသည် သူ၏ မျှော်လင့်ချက်များထက်ပင် ကျော်လွန်နေနိုင်၏။
ထို့အပြင်၊ အချိန်တိုလေးအတွင်းမှာပင် ကောင်းကင်ဘုံနယ်ပယ်မှ ကျင့်ကြံသူများ ကျဆုံးမှု ရှိခဲ့သော်လည်း၊အပေါ်ယံတွင်မူ တောင်ပိုင်းဟုန်သည် အရင်ကလိုပင် အေးဆေးတည်ငြိမ်နေဆဲ ဖြစ်ရာ၊ဤသည်မှာ လုံးဝကို အဓိပ္ပာယ်မဲ့နေသည်။
ဟွမ်ဝမ်ဖာ သည် သူ၏ရှေ့ရှိ ရေပြင်ကို ကြည့်လေလေ၊ပိုမို၍ နားလည်ရခက်လေလေဖြစ်လာသည်။
ဂိုဏ်းချုပ်ရှန်းမှ သူတို့အတွက် စီစဉ်ပေးထားသော တစ်ခုတည်းသောတာဝန်မှာ ဤနေရာတွင် တစ်စုံတစ်ရာမတော်တဆမှုများရှိမရှိ စောင့်ကြည့်ရန်နှင့်၊ အခြားသော နတ်ဆိုးများ ဝင်ရောက်မလာစေရန်ကင်းစခန်းအဖြစ် ဆောင်ရွက်ရန်သာ ဖြစ်သည်။
မူလက ဟွမ်ဝမ်ဖာ သည် အထင်သေးခံရသည်ဟု ခံစားရသဖြင့် အနည်းငယ်မကျေမနပ်ဖြစ်ခဲ့၏။ သူသည် ဂိုဏ်းချုပ်ရှန်းကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပါရမီမပါလျှင်ပင်၊ သူကိုယ်တိုင်တွင်လည်း ထိုက်သင့်သောခွန်အားများ ရှိနေဆဲဖြစ်သည်။
သူသည် အဘိုးကြီးချန်နှင့်အတူ ဤနေရာအထိ စိတ်ရင်းစေတနာဖြင့်ရောက်ရှိလာခြင်းဖြစ်ပြီး ဟန်ပြသက်သက် မဟုတ်ပေ။
သူသည် အမှန်တကယ်ပင်ကူညီရန် ရည်ရွယ်ခဲ့သဖြင့်၊ နတ်ဆိုးများကို တိုက်ခိုက်ရန် စိတ်မပိုင်းဖြတ်ထားဘဲ ဘယ်လိုလုပ်နေနိုင်မည်နည်း။
သို့သော် ယခုအခါ၊ သူသည် သူ၏ စိတ်ကူးကို တစ်ဖန် ပြောင်းလဲလိုက်ပြန်ရ၏။
ကောင်းမွန်သော ကင်းစခန်းတစ်ခု ဖြစ်ရန်မှာလည်း ထင်သလောက်မလွယ်ကူကြောင်း ထင်ရှားနေသည်။
ရေအောက်မှ ထွက်ပေါ်လာသော ထိုမှိန်ဖျော့ဖျော့ စွမ်းအင်လှိုင်းများမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။
"ငါ သွားပြီး ဂိုဏ်းချုပ်ရှန်းကို အကြောင်းကြားလိုက်မယ်။"
ချန်ရှောင်ယွမ်သည် ရေပြင်မှ သူ၏အကြည့်ကို ပြောင်းလိုက်၏။ သူသည် ဂိုဏ်းချုပ်ဟွမ်ထံမှ ရှန်းယီ နှင့်ပတ်သက်သည့် ကောလာဟလများစွာကို ကြားဖူးခဲ့သော်လည်း၊ လူကိုယ်တိုင် တစ်ခါမှ မမြင်ဖူးခဲ့ပေ။
ရိုးရိုးသားသားပြောရလျှင်၊ ဤအကြောင်းကို သိရှိပြီးနောက် ဂိုဏ်းချုပ်ရှန်းအနေဖြင့် ကြီးမားသောတစ်စုံတစ်ရာတစ်ခုခု လုပ်လိမ့်မည်ဟု သူမထင်ပေ။ ဖြစ်နိုင်ခြေအများဆုံးမှာ၊ သူသည် ဘာမှ မမြင်ခဲ့သကဲ့သို့သာ ဟန်ဆောင်နေလိမ့်မည်။
သို့သော် ထိုအရာတစ်ခုမှ သူပူပန်ရမည်ကိစ္စမဟုတ်ပေ။
ဤကဲ့သို့သော အခြေအနေမျိုးနှင့်ရင်ဆိုင်ရချိန်တွင်၊သူ လုပ်ရမည့် တစ်ခုတည်းသော အရာမှာ တစ်ဖက်လူ၏ ညွှန်ကြားချက်များကို လိုက်နာရန်သာ ဖြစ်သည်။
ကျန်သည့်ကိစ္စများမှာမူ၊ ပန်ရှန်းဂိုဏ်း ကူညီနိုင်စွမ်းထက် ကျော်လွန်နေပြီး၊ တောင်ပိုင်းဟုန် သားတော်ခုနစ်ပါးကိုသာ ဆက်လက်ပူပန်ခိုင်းလိုက်သည်က ပိုကောင်းပေသည်။
ထိုသို့တွေးတောရင်း၊ ချန်ရှောင်ယွမ် သည် ရှန်းယီ ကို ဆက်သွယ်ရန်အသင့်ရှိနေသော ကျောက်စိမ်းပြားဆီသို့ လက်လှမ်းလိုက်စဉ်၊ ကျောက်စိမ်းပြားထဲမှရင်းနှီးနေသော လူငယ်တစ်ဦး၏ အသံက ခြေတစ်လှမ်းစော၍ ထွက်ပေါ်လာသည်ကိုကြားလိုက်ရ၏။
"ခင်ဗျားတို့ နှစ်ယောက်လုံးကို နောက်တစ်ကြိမ်လောက်ဒုက္ခပေးပါရစေဦး။"
"..."
ဤသတင်းစကားကို ကြားလိုက်ရသောအခါ၊ ချန်ရှောင်ယွမ်၏ နှလုံးသားမှာ တစ်ချက်ခုန်သွားပြီး၊ သူသည် ရုတ်တရက် စိုးရိမ်လာခဲ့၏။
ဒါက ဘာကို ဆိုလိုတာလဲ။ ကောင်းကင်ဘုံနယ်ပယ် က မဟာနတ်ဆိုးကြီးတစ်ကောင်ကို သွားပြီး အသေခံတိုက်ခိုက်ခိုင်းချင်နေတာလား။
ဒါကတော့ နည်းနည်း လွန်လွန်းသွားပြီ။
ပြီးတော့ တကယ်လို့ ရှန်းယီကသာ တောင်းဆိုခဲ့မယ်ဆိုရင်၊ ဂိုဏ်းချုပ်ဟွမ်ရဲ့ စိတ်နေသဘောထားအရ၊ သူက သဘောတူဖို့ များတယ်။
သို့သော်၊ ကျောက်စိမ်းပြား၏ တစ်ဖက်မှ အသံသည် သူ့ကို စဉ်းစားရန် အချိန်သိပ်မပေးဘဲ ရိုးရှင်းစွာပင် ဆိုလာ၏။
"ခဏနေရင် ထူးဆန်းတဲ့ဖြစ်စဉ်တွေကို တောင်ပိုင်းဟုန်နယ်မြေထဲမှာတတ်နိုင်သလောက် ထိန်းထားဖို့ တောင်ဖိနှိပ်ခြင်း နည်းစနစ်ကို ကျေးဇူးပြုပြီး အသုံးပြုပေးပါ။ အနောက်ပိုင်းဟုန် ဘက်ကို သိပ်အများကြီးမပြန့်ကျဲသွားစေဖို့ ကြိုးစားပေးပါ။"
"ဘာ.."
ချန်ရှောင်ယွမ် သည် အနည်းငယ်ကြောင်အမ်းသွားပြီး၊ သိပ်နားမလည်နိုင်ဖြစ်သွား၏။
ဘယ်လို ထူးဆန်းတဲ့ဖြစ်စဉ်တွေလဲ။
ဟွမ်ဝမ်ဖာ သည်လည်း ကျောက်စိမ်းပြားထဲမှ အသံကို ကြားလိုက်ရသည်။ ခဏတာ ကြောင်အမ်းသွားပြီးနောက်၊သူ၏ မျက်နှာမှာချက်ချင်း ပြောင်းလဲသွားကာ၊အဝေးမှ ရတနာပန်းပွင့်ဂိုဏ်းချုပ်ထံသို့ အော်ဟစ်လိုက်သည်။
"တာအိုမိတ်ဆွေ ပြဿနာတွေမရှိလာအောင် ရတနာနယ်မြေထဲကို မြန်မြန်ပြန်ဝင်သွားပါ"
ဤရုတ်တရက်သတိပေးမှုကြောင့် ရတနာပန်းပွင့်ဂိုဏ်းချုပ်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော်လည်း၊ သူမသည် အလိုအလျောက်ပင် လိုက်နာခဲ့ပြီး၊သူမ၏ ပုံရိပ်သည် ရတနာနယ်မြေဆီသို့ အလျင်အမြန်ပြန်လည် ဝင်ရောက်သွားခဲ့၏။
"ဘာကို ဆိုလိုတာလဲ။"
ချန်ရှောင်ယွမ် သည် မသေချာမရေရာစွာဖြင့် လှမ်းကြည့်လိုက်သည်။
သို့သော် ဟွမ်ဝမ်ဖာက ရှင်းပြရန် ရည်ရွယ်ချက် မရှိဘဲ၊အောက်ဘက်ရှိ ရေပြင်ကိုသာ စူးစိုက်ကြည့်နေခဲ့၏။
ဂိုဏ်းချုပ်ရှန်းအပေါ် သူ၏ နားလည်ထားမှုအရ၊ ထိုစကားတစ်ခွန်းတည်းဖြင့်ပင်၊ယနေ့တွင် သူ၏ မျက်စိအမြင်များကို တစ်ဖန်ပြန်လည်ကျယ်ပြန့်စေရတော့မည်ကို သူ စိုးရိမ်မိလေသည်။
ဂိုဏ်းချုပ်ဟွမ်၏ ခန့်မှန်းချက်ကို အတည်ပြုပေးသကဲ့သို့ပင်။
ချက်ချင်းဆိုသလိုပင်၊ စိမ်းပြာရောင်ပင်လယ်ပြင်အထက်ရှိ မိုးပြာရောင်ကောင်းကင်ယံသည် ရုတ်တရက်အစိုင်အခဲဖြစ်သွားပြီး၊ လေထုများပင် ကြပ်တည်းလာသကဲ့သို့၊ အသက်ရှူကြပ်လာစေသည်။
မမြင်ရသော ဧရာမလက်ကြီးတစ်ဖက်က ကောင်းကင်မှ ဆင်းသက်လာပြီး ရေပြင်ကို ကြမ်းတမ်းစွာ ပိုင်းခြားလိုက်သကဲ့သို့၊ ကျန်းရာချီ မြင့်မားသောလှိုင်းလုံးကြီးများ ထကြွလာကာ မိုင်ထောင်ချီကျယ်ဝန်းသောရေပြင်ကြီး၏ အလယ်တွင် နက်ရှိုင်းသောမြောင်းကြီးတစ်ခုကို ဖန်တီးလိုက်သည်။
ထို့နောက်၊ ထိုမမြင်ရသော လက်ကြီးသည် အောက်ဘက်သို့ တိုက်ရိုက်ဆင်းသက်သွား၏။ အသက်အနည်းငယ်ရှူချိန်အတွင်းမှာပင်၊ ဒေါသတကြီးအော်ဟစ်လိုက်သော နဂါးဟိန်းဟောက်သံ နှစ်ခုသည် ကောင်းကင်ယံတစ်ခွင် ပဲ့တင်ထပ်သွားခဲ့၏။
ဂရား..
နဂါးဟိန်းသံများ ထွက်ပေါ်လာသည့် အခိုက်အတန့်တွင်၊ရတနာပန်းပွင့်ဂိုဏ်းချုပ် ပင်လျှင် ထိတ်လန့်တကြားဖြင့် နောက်သို့လှည့်ကြည့်မိခြင်းမှ မတားဆီးနိုင်ခဲ့ချေ။
နဂါးဟိန်းသံများထဲမှ တစ်ခုသည် သူမနှင့် အလွန် ရင်းနှီးနေခဲ့၏။
တောင်ပိုင်း နဂါးဘုရင် နိုးထမလာသေးသောနေ့ရက်များတွင်၊ဤအသံပိုင်ရှင်သည် တောင်ပိုင်းဟုန် တစ်ခုလုံးကို အမှန်တကယ်စိုးမိုးအုပ်ချုပ်ခဲ့သူဖြစ်ပြီး၊သူ၏ အာဏာစက်အောက်တွင် နတ်ဆိုးများနှင့် ကျင့်ကြံသူနှစ်မျိုးလုံးသည် အန္တရာယ်များသော ဘဝများကို ဖြတ်သန်းခဲ့ရ၏။
နဂါးနန်းတော်၏ အိမ်ရှေ့မင်းသား၊ သူက မည်ကဲ့သို့ဖြင့် တောင်ပိုင်း နှင့် အနောက်ပိုင်းဟုန်ကြား နယ်နမိတ်သို့ ရုတ်တရက်ထွက်ပေါ်လာရသနည်း။
ပို၍ပင် နားလည်ရခက်သည်မှာ၊တစ်စုံတစ်ယောက်က စကားတစ်ခွန်းမျှမဟဘဲ ဤအိမ်ရှေ့မင်းသားကို ပြတ်သားစွာတိုက်ခိုက်လိုက်ခြင်းပင်။
အမှန်တကယ်တော့၊ဟွမ်ဝမ်ဖာ ထပ်ပြောနေရန်ပင် မလိုတော့ပေ။ ရင်းနှီးနေသော တိုက်ခိုက်ခြင်းနည်းစနစ်ကို ကြည့်ရုံဖြင့်၊ ချန်ရှောင်ယွမ် သည် အသစ်ရောက်လာသူမှာ မည်သူမည်ဝါဖြစ်ကြောင်းကို အနည်းငယ်မှန်းဆမိနေပြီ ဖြစ်လေ၏။
ဂိုဏ်းချုပ်ရှန်း၏ ခွန်အားသည် ဤမျှလောက်အထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။ ထိုခွန်အားသည် ဂိုဏ်းချုပ်ဟွမ်ပြောပြခဲ့သည့် အမွှန်းတင်ချီးကျူးစကားများထက်ပင်များစွာ သာလွန်နေခဲ့သည်။
အစပိုင်းတွင် သူတို့သည် အလွန်အကျွံမြှောက်ပင့်ပြောဆိုနေကြသည်ဟု သူ ထင်ခဲ့သော်လည်း၊ အခုမှသာ ထိုအရာက အတော်လေးလျှော့ပြောထားကြောင်း သူ နားလည်သွားခဲ့၏။
"မင်း မျက်လုံးကန်းနေတာလား"
အခြားမျိုးနွယ်တူများထက်များစွာ ပိုမိုကြီးမားသော ကျောက်စိမ်းဦးချိုငွေရောင်နဂါးတစ်ကောင်သည် ကောင်းကင်ယံသို့ပျံသန်းသွားကာ တိမ်တိုက်များကို ဖရိုဖရဲဖြစ်သွားစေ၏။
၎င်း၏ နဂါးလက်သည်းကို ဆန့်ထုတ်ကာ၊ နားကွဲမတတ်ဟိန်းဟောက်လိုက်သည်။
"ငါ ဘယ်သူလဲဆိုတာ မင်း သိလား။"
ထိုအချိန်မှာပင် အဝါရောင်အဆိပ်နဂါး သည်လည်း ကောင်းကင်ယံတွင် ရစ်ခွေနေပြီး၊ ၎င်း၏ အကြည့်သည် အရှေ့သို့ အေးစက်စွာစိုက်ကြည့်နေလေသည်။
ခဏအကြာတွင်၊အဆုံးမရှိသော ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေသည့် အက်ကွဲပြီး တိုးညှင်းသောအသံဖြင့် ဆိုလိုက်၏။
"နန်ယန်ဂိုဏ်းချုပ် မင်းက တကယ်ကိုရဲတင်းလွန်းတယ်။"
ဤရင်းနှီးနေသော နည်းစနစ်သည် ယခင် ပွဲတော်အတွင်းက ၎င်းအပေါ်တွင် အလွန် နက်ရှိုင်းသော အမှတ်တရများကို ချန်ရစ်ထားခဲ့သည်။