နတ်ဘုရားစွမ်းရည်၏ အင်အားကို ထုတ်ပြခြင်း ၃
Vol. 84 Ch. 835
ထိုကဲ့သို့ သိမ်မွေ့သောလှုပ်ရှားမှုတစ်ခုနှင့်အတူ၊ ကျောက်စိမ်းဦးချိုငွေရောင်နဂါးသည် အပြင်းအထန်ရုန်းကန်ခဲ့သော်လည်း၊နောက်ခဏတွင် သဏ္ဍာန်မဲ့သော ဧရာမလက်ကြီးတစ်ဖက်ဖြင့် ၎င်းကို အတင်းအကျပ်ဆွဲခေါ်သွားခြင်း ခံလိုက်ရသည်။
"ငါ ပြောပြီးပြီလေ၊ အတူတူ လာခဲ့ကြပါလို့။"
ရှန်းယီ၏ တည်ငြိမ်သော အသံသည် နဂါးနတ်ဆိုး နှစ်ကောင်၏ နားထဲတွင် အဆုံးမရှိပဲ့တင်ထပ်သွားခဲ့ပြီး၊ဤကဲ့သို့ ဗြောင်ကျကျအထင်သေးမှုက ၎င်းတို့၏ နှလုံးသားထဲရှိ နောက်ဆုံး သံသယအရိပ်အယောင်များကို ဖယ်ရှားပေးလိုက်၏။
"မင်းလို ကောင်စုတ်လေးက မင်းရဲ့ မသေမျိုး နိယာမကို အထင်ကြီးလွန်းနေပြီထင်တယ်"
ချီကျောက်ယီသည် သူ၏ကိုယ်ကိုပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်ပြီး၊ သူ၏ ဦးခေါင်းပေါ်ရှိ ကျောက်စိမ်းဦးချိုမှာ တောက်ပစွာလင်းလက်လာကာ၊တားဆီး၍မရသော အင်အားဖြင့် သဏ္ဍာန်မဲ့နေသောလက်ကြီး၏ ချုပ်နှောင်မှုကို ထိုးဖောက်ထွက်လိုက်လေသည်။
မသေမျိုးနိယာမသည် အစွမ်းထက်သော်လည်း၊ ဤမျှလောက်အထိအဓိပ္ပာယ်မဲ့လောက်အောင်တော့ မဟုတ်ပေ။
တစ်ယောက်ချင်း တိုက်ခိုက်လျှင်ပင်၊ သူသည် ၎င်းတို့ထဲမှတစ်ယောက်ကို အနိုင်ယူနိုင်မည်လောဆိုသည်မှာ မသေချာသေးဘဲ၊ယခုလို နှစ်ယောက်ကို တစ်ပြိုင်နက်ရင်ဆိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။
နယ်ပယ်အဆင့်တူချင်းမှာပင်၊ နဂါးနန်းတော်၏ မျိုးဆက်များသည် မိုးမြေရတနာအမျိုးမျိုးဖြင့် သန့်စင်ခြင်း ခံထားရပြီး၊ သူတို့၏ အစွမ်းထက်လှသော မွေးရာပါသွေးမျိုးဆက်များနှင့် ပေါင်းစပ်လိုက်လျှင် အခြားသူများထက်များစွာ သာလွန်နေမည်သာ ဖြစ်သည်။
"တစ်ခုခုတော့ မှားနေပြီ..."
ဟွမ်ဝမ်ဖာသည် ရုတ်တရက်စိုးရိမ်မကင်းဖြစ်လာခဲ့သည်။ သူသည် ရှန်းယွဲ့ကျန်းချင်ထျန်းပညာရပ်ကို အမှန်တကယ်မကျင့်ကြံဖူးသော်လည်း၊ သီးခြားစီဖြစ်သောပညာရပ်သုံးမျိုးအကြောင်းကိုမူ အနည်းငယ် နားလည်၏။
မည်သို့ပင်ဖြစ်စေ၊ ထိုပညာရပ်များထဲတွင် ခန္ဓာကိုယ်သန့်စင်ခြင်းနှင့် ပတ်သက်သည်မှာ တစ်ခုမှ မရှိပေ။
ဂိုဏ်းချုပ်ရှန်း၏ လုပ်ရပ်မှာ၊ နတ်ဆိုးနှစ်ကောင်နှင့် သူ၏ အကွာအဝေးကို တမင်တကာလျှော့ချလိုက်ခြင်းဖြစ်ပြီး၊ အပေါ်ယံတွင် လွှမ်းမိုးလိုသည့်ဟန်ရှိနေသော်လည်း၊ထိုအရာကလုံးဝကို ပညာရှိသောရွေးချယ်မှု မဟုတ်ပေ။
"သူက ဒီနဂါးနတ်ဆိုးနှစ်ကောင်ကို တမင်ဆွပေးနေတာ။"
ချန်ရှောင်ယွမ်က တစ်ခုခုကို မြင်သွား၏။
"ဒီနဂါးနှစ်ကောင် ဒီနေရာမှာ ရုတ်တရက်ထွက်ပေါ်လာတာက အနောက်ပိုင်းဟုန်ကို စစ်ကူသွားတောင်းဖို့ ဖြစ်နိုင်တယ်။ ဂိုဏ်းချုပ်ရှန်းက သူတို့ကို အလွတ်မပေးချင်ဘူး၊ ဒါကြောင့် သူက အန္တရာယ်များတဲ့နည်းလမ်းကို သုံးလိုက်တာပဲ..."
"ဒါပေမဲ့"
ချန်ရှောင်ယွမ်၏ မျက်လုံးများထဲတွင် ဇဝေဇဝါ ဖြစ်မှုများတိုးပွားလာခဲ့၏။
"ဆွပေးပြီးရင်ရော၊ ဘာဆက်လုပ်မှာလဲ။"
ဤလုပ်ရပ်က နဂါးနတ်ဆိုးနှစ်ကောင်ကို ထွက်ခွာမည့် အကြံအစည်အားယာယီစွန့်လွှတ်သွားစေနိုင်သည်မှာ အမှန်ပင်။ မည်သို့ပင်ဆိုစေ၊ ၎င်းတို့သည် ကောင်းကင်ဘုံနယ်ပယ် အလယ်အလတ်အဆင့်မှ မဟာနတ်ဆိုးကြီးများဖြစ်ကြရာ၊ မည်သူကမျှ ဤကဲ့သို့အထင်သေးခံရမှုကို သည်းမခံနိုင်ကြပေ။
ပြဿနာမှာ၊အကယ်၍ ခွန်အားက မလုံလောက်ပါက၊၎င်းမှာ ၎င်းတို့ကို ပိုမိုကြမ်းတမ်းလာစေရန်သာ ပြုလုပ်သလို ဖြစ်လိမ့်မည်ဖြစ်ပြီး၊ သူတို့၏ အသက်ကိုပင်ပဓာနမထားဘဲ သေသည်အထိ တိုက်ခိုက်လိုသော ခက်ထန်မှုကိုပင် နှိုးဆွပေးသလို ဖြစ်သွားလိမ့်မည်။
ထိုအချိန်ကျလျှင်၊ ၎င်းတို့ကို ဖမ်းဆီးထားနိုင်ရန် မဆိုထားနှင့်၊ မိမိ၏ အသက်ကိုပါ အကြောင်းမဲ့ စတေးလိုက်ရသလို ဖြစ်သွားပေလိမ့်မည်။
"ဒါမှမဟုတ် စစ်ကူတွေ လာနေတာလား။"
ချန်ရှောင်ယွမ်က အောက်သို့ ငုံ့ကြည့်လိုက်၏။
ရတနာပန်းပွင့်ဂိုဏ်းချုပ်၏ မျက်ခွံများ တုန်လှုပ်သွားပြီး၊ သူမ၏ လက်ထဲရှိ တိတ်ဆိတ်နေသော တာအိုချပ်ပြားကို စိုက်ကြည့်နေမိသည်။
မဖြစ်နိုင်ပေ၊ အကယ်၍ အခြားသော ကောင်းကင်ဘုံနယ်ပယ် အလယ်အလတ်အဆင့် ကျွမ်းကျင်သူသုံးယောက်သာ လာနေမည်ဆိုလျှင်၊ သူတို့က သူမကိုကြိုတင်အသိပေးပါလိမ့်မည်။ ထိုမှသာ သူမကကြိုတင်ပြင်ဆင်ထားနိုင်ပြီး အကျိုးသက်ရောက်မှုသိပ်မခံရအောင် ရှောင်တိမ်းနိုင်ပါလိမ့်မည်။
မည်သို့ပင်ဆိုစေ၊ ရတနာပန်းပွင့်ဂိုဏ်းနှင့် တောင်ပိုင်းဟုန်သားတော်ခုနစ်ပါးတို့၏ ဆက်ဆံရေးအရ၊ သူမ ထံမှသတင်းပေါက်ကြားမည်ကို သူတို့စိုးရိမ့်လိမ့်မည် မဟုတ်ပေ။
ထိုသို့ဆိုလျှင်... ဤဆုံးဖြတ်ချက်က ဂိုဏ်းချုပ်ရှန်း တစ်ယောက်တည်း၏ ဆုံးဖြတ်ချက်သာ ဖြစ်ရမည်။ အဘယ်ကြောင့်ဆိုလျှင် သူတစ်ယောက်တည်းသာ ရတနာပန်းပွင့်ဂိုဏ်းကို မည်သို့ဆက်သွယ်ရကြောင်းမသိခြင်းဖြစ်သည်။
"ငါတို့တော့ သွားပြီ "
ချန်ရှောင်ယွမ်သည် ရတနာပန်းပွင့်ဂိုဏ်းချုပ်၏ မျက်နှာအမူအရာပြောင်းလဲသွားသည်ကို သတိပြုမိပြီး သူမ၏ အတွေးများကို ခန့်မှန်းမိလိုက်၏။
နဂါးနှစ်ကောင်သည်လည်း တစ်ပြိုင်နက်တည်း ပျံတက်လာသည်ကို သူ မြင်လိုက်ရ၏။ နှစ်ကောင်စလုံးသည် တန်းတူခွန်အားကြီးမားပြီး ဧရာမ ခန္ဓာကိုယ်များရှိကြရာ၊ နဂါးမင်းဘုရင်မှလွဲ၍ အနောက်တောင်ပိုင်းတွင် အင်အားအကြီးဆုံးသော နဂါးနတ်ဆိုး နှစ်ကောင်ပင် ဖြစ်နိုင်ပေသည်။
ယခုအခါ ၎င်းတို့သည် သူတို့ကြားရှိအငြင်းပွားမှုများကို ဘေးဖယ်ထားကာ၊ အရပ်ရှည်လျားသောပုံရိပ်ကို တိုက်ခိုက်ရန် အတူတကွပူးပေါင်းလိုက်ကြပြီ ဖြစ်လေ၏။
ဤမျှနီးကပ်သော အကွာအဝေးတွင် ယခုလိုကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို မည်သည့်ကျင့်ကြံသူက ခုခံနိုင်မည်နည်းဟု သူ စိတ်ကူးကြည့်ရန်ပင် ခက်ခဲနေတော့သည်။
ထိုအချိန်မှာပင်။
ကောင်းကင်ယံရှိ နက်မှောင်သည့်တိမ်တိုက်များသည် ရုတ်တရက်အလျင်အမြန်လွင့်ပျယ်သွားခဲ့၏။
သဘာဝအရဆိုလျှင်၊ ကောင်းကင်သည် ရုတ်တရက်လင်းထိန်သွားသင့်သော်လည်း၊ တကယ့်လက်တွေ့မှာမူ လုံးဝဆန့်ကျင်ဘက်ပင်။
စိမ်းပြာရောင်ပင်လယ်နှင့် မိုးပြာရောင်ကောင်းကင်တစ်ခုလုံးသည် ညအချိန်ရောက်ရှိလာသကဲ့သို့ ပိုမိုနက်ရှိုင်းသောအမှောင်ထုထဲသို့ ကျဆင်းသွားခဲ့၏။
ထိုတိမ်တိုက်များ၏ နောက်ကွယ်တွင်၊မျက်စိတစ်ဆုံးကြီးမားကျယ်ဝန်းလှသော ခြောက်ခြားဖွယ်ရာ ဧရာမစံအိမ်ကြီးတစ်ခု ဖုံးကွယ်နေလေသည်။
ထိုနေရာတွင် စမ်းရေစီးသံများ၏ အသံများ ရှိနေပြီး၊ပျောက်ဆုံးနေသောဝိညာဉ်များ၏ ငိုကြွေးသံများဖြင့်လည်း လွှမ်းမိုးထားလေ၏။
ထိုနေရာတွင်မရေမတွက်နိုင်သော အရိပ်များဖြင့် ပြည့်နှက်နေသည့်ကျိုးပဲ့နေသော တံတားတစ်စင်း ရှိနေသည်။
မည်သည့်အချိန်ကမှန်း မသိဘဲ၊ ရှန်းယီသည် မူလနေရာမှ ပျောက်ကွယ်သွားပြီး၊ ထိုမှောင်မည်းနေသောစံအိမ်ကြီး၏ အထက်တွင် ပေါ်လာကာ၊ ရာဇပလ္လင်တစ်ခုပေါ်တွင်မြင့်မားစွာ ထိုင်နေလေ၏။
သူသည် နက်မှောင်သောဝတ်ရုံကို ဝတ်ဆင်ထားပြီး၊သူ၏ လက်များကို ဘေးတစ်ဖက်စီတွင် ညင်သာစွာတင်ထားကာ၊သူ၏ အကြည့်က လူ့လောကကို တိတ်ဆိတ်စွာငုံ့ကြည့်နေပေသည်။
"..."
နဂါးနတ်ဆိုး နှစ်ကောင်သည် ဟာလာဟင်းလင်း ဖြစ်နေသောလေထုထဲသို့ ခုန်ဝင်မိသွားပြီးနောက်၊ ဝေဝေဝါးဝါးနှင့် ထိတ်လန့်တကြားဖြင့် အပေါ်သို့ မော့ကြည့်လိုက်ကြ၏။
ဤဧရာမ အဆောက်အဦးကြီးက မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်ကာ ဆင်းသက်လာသည်ကို ၎င်းတို့၏ မျက်လုံးများပြူးထွက်လျက်ဖြင့် ကြည့်နေမိကြတော့သည်။
ထိုခဏချင်းမှာပင်၊ ၎င်းတို့၏ အသိစိတ်များထဲတွင် ရူးသွပ်ဖွယ်ရာဟိန်းဟောက်သံများဖြင့် လွှမ်းမိုးသွားခဲ့လေ၏။
ရှန်းယွဲ့ကျန်းချင်ထျန်း သည် ကမ္ဘာပေါ်ရှိရှားပါးလှသော မသေမျိုးနိယာမထဲမှ တစ်ခုဖြစ်နေပြီ ဖြစ်သည်။
သို့သော် မိုးပြာရောင်ကောင်းကင်၏ အထက်တွင်မူ အမြင့်မြတ်ဆုံးသော အထွတ်အထိပ် မရဏကမ္ဘာ ရှိနေလေတော့သည်။