ရောက်လာမှတော့၊ ထွက်သွားဖို့ မစဉ်းစားနဲ့တော့ ၃
Vol. 84 Ch. 838
ထို့အပြင်၊ဤခယ်မိသားစု အိမ်ရှေ့မင်းသားသည် သူ့ထက် နယ်ပယ်တစ်ခုလုံးသာလွန်နေသူဖြစ်ပြီး၊ နတ်ဆိုးများထဲတွင် အဆင့်အမြင့်ဆုံးနှစ်ကောင်အနက် တစ်ကောင်ဖြစ်သည့် အဝါရောင်အဆိပ်နဂါးပင်။
သို့သော်... သူအနားမကပ်ရဲသည်တော့ မဟုတ်ပေ၊ ရိုးရိုးရှင်းရှင်းပင် လိုအပ်မနေခဲ့ခြင်းသာဖြစ်သည်။
အမှန်တကယ် လက်တွေ့လှုပ်ရှားရမည့်အချိန်ရောက်လာသောအခါတွင် ရှန်းယီသည် သူ၏အသက်က ဆံခြည်တစ်မျှင်စာသာလိုတော့သည့် စွန့်စားခဲ့ရသည့်ထိုနေ့ရက်များကိုပင် ပြန်လည်လွမ်းဆွတ်မိသွားသည်။
ယင်းမှာ သွေးနတ်ဘုရားနည်းစနစ်၏ လွှမ်းမိုးမှုကြောင့် ဖြစ်နိုင်သလို၊ ဖီးနစ်မူလအမြုတေနှလုံးသားလောင်ကျွမ်းခြင်းကြောင့်လည်း ဖြစ်နိုင်သည်၊သို့မဟုတ်လျှင် အလွန်စိတ်လှုပ်ရှားမှုကြောင့်လည်း ဖြစ်နိုင်သေး၏။
ရှန်းယီသည် ရုတ်တရက်ရေငတ်သလို ခံစားလိုက်ရသည်။
သူသည် သူ၏နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ပြီး၊ သူ၏ တဖြည်းဖြည်း ကျယ်ပြန့်လာသော အပြုံးတွင် ယခုအခါရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များပါဝင်လာခဲ့၏။
"ဟား... ဟားဟား"
ထိုကဲ့သို့သော မျက်လုံးမျိုးဖြင့်စိုက်ကြည့်ခံရသဖြင့်၊ခယ်မိသားစု အိမ်ရှေ့မင်းသားသည် တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို လျင်မြန်စွာသဘောပေါက်သွားသည်။
သူသည် သူ၏ကိုယ်ကို ဖြည်းညှင်းစွာပြန်လည်တည်ငြိမ်အောင်ထိန်းလိုက်ပြီး၊ သူ၏ ခက်ထန်ကြမ်းတမ်းသောနဂါးဦးခေါင်းကြားမှ တူညီသော ရက်စက်သည့်အငွေ့အသက်များ ထွက်ပေါ်လာ၏။
"မင်းက ငါ့ကိုတကယ်သေစေချင်နေတာပဲ၊ဒါပေမဲ့ ငါ သိချင်တာက ငါတို့နှစ်ယောက်ထဲမှာ ဘယ်သူ အရင်သေမလဲဆိုတာပဲ"
တောင်ပိုင်းနဂါးနန်းတော်၏ အမွေဆက်ခံသူဖြစ်သော ဤမဟာနတ်ဆိုးကြီးသည်၊ ဤကဲ့သို့အထင်သေးခံရပြီး အဆက်မပြတ်စိတ်ဆွခံရမှုအောက်တွင် နောက်ဆုံး၌ သူ၏နှလုံးသားထဲမှ လူသတ်လိုစိတ်ကို မထိန်းချုပ်နိုင်တော့ပေ။
"ဝုန်း"
သေစေနိုင်သောအဆိပ်များ ရစ်ပတ်နေသည့် အရိုးဆူးချွန်လှံရှည်သည် သူ၏လက်ထဲတွင် ဝင်ရောက်လာပြီးနောက်၊သူသည် ရှေ့သို့ ဦးတည်ကာ နားကွဲမတတ်ဟိန်းဟောက်သံကြီးကို ပြင်းပြင်းထန်ထန်ထုတ်လွှတ်လိုက်သည်။
နဂါး၏ဟိန်းဟောက်သံသည် ပင်လယ်ပြင်ကိုလွှမ်းမိုးသွားပြီး၊သတ္တဝါအားလုံး ဖိအားပေးလိုက်၏။
ပုံရိပ်နှစ်ခုသည် တစ်ဖက်နှင့်တစ်ဖက် ဆန့်ကျင်ဘက်ရပ်နေကြပြီး၊ အဝေးမှကြည့်လျှင် ကြည့်ရှုနေသူများကို လုံးဝ အံ့အားသင့်သွားစေသည်။
ဂိုဏ်းချုပ်ရှန်းသည် ဤနဂါးနတ်ဆိုး နှစ်ကောင်ကို အလဲထိုးရန်အတွက် ယနေ့ သူ၏အသက်ကိုပင် တကယ်ပဲစတေးရန်ပြင်ဆင်နေသည်လော။
နောက်တစ်ခဏတွင်၊ နက်မှောင်သောဝတ်ရုံနှင့် ပုံရိပ်သည် ရှေ့သို့တဟုန်ထိုးတိုးဝင်သွားခဲ့ပြီး လူတိုင်း၏ စိတ်ထဲမှသံသယများကို သူ၏လုပ်ရပ်ဖြင့် အဖြေပေးလိုက်သည်။
နေမင်းကို ထိုးဖောက်သွားသော သက်တံကဲ့သို့ လက်သီးချက်တစ်ခုသည် မသေမျိုးနိယာမ၏ အထောက်အပံ့ဖြင့်၊ ကောင်းကင်ယံရှိ နေမင်းကိုပင် အောက်ဘက်ရှိမြေပြင်ပေါ်သို့ သုံးပေခန့်နိမ့်ဆင်းသွားစေသကဲ့သို့ ထင်မှတ်ရစေ၏။
မိုးမြေ၏ စွမ်းအင်များသည် သွယ်လျသောလက်ဆစ်များကြားတွင် ချက်ချင်းစုစည်းသွားပြီး၊ အနီးနားရှိသူများကို နားကွဲမတတ်ဖြစ်စေသည့် ခေါင်းလောင်းသံကြီးကဲ့သို့ထွက်ပေါ်လာခဲ့သည်။
ဘုန်း
ရှန်းယီ၏ လက်သီးသည် ခယ်မိသားစု အိမ်ရှေ့မင်းသား၏ရင်ဘတ်ကို ထိမှန်သွားပြီး၊သူဝတ်ဆင်ထားသော ခမ်းနားလှသည့်နဂါးနန်းတော် ချပ်ဝတ်တန်ဆာကို အားစိုက်စရာမလိုဘဲရိုက်ခွဲပစ်လိုက်၏။
တစ်ချိန်တည်းမှာပင် အိမ်ရှေ့မင်းသား၏ အရိုးဆူးချွန်လှံရှည်သည်လည်း ရှန်းယီ၏ မျက်နှာသို့ ဦးတည်ကာ ထိုးစိုက်လာခဲ့သည်။
ထိုခဏ၌၊သန်မာထွားကျိုင်းသော နက်မှောင်သည့် ဆန်းကြယ်ကျားတစ်ကောင် ခုန်ထွက်လာပြီး၊၎င်း၏ အားပါသော ဟိန်းသံနှင့်အတူ သန်မာလှသောလက်သည်းများက နဂါးနတ်ဆိုး၏ ဦးခေါင်းကို ပြင်းထန်စွာရိုက်ချလိုက်လေသည်။
"ထွက်သွားစမ်း"
နတ်ဝိညာဉ် ထိခိုက်ထားပြီးဖြစ်သော အိမ်ရှေ့မင်းသားသည် ကျားလက်သည်းက သူ၏ဦးခေါင်းကို ထိလိုက်သည်နှင့် သူ၏မြင်ကွင်းများ ဝေဝါးသွားကာ၊သူ၏ အရိုးဆူးချွန်လှံရှည်မှာလည်း လမ်းကြောင်းလွဲသွားခဲ့ပြီး၊ သူ၏ ကြီးမားလှသော နတ်ဆိုးစွမ်းအားများ ပေါက်ကွဲသွားကာ ကောင်းကင်ယံတွင် ဧရာမအက်ကြောင်းကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့၏။
သို့သော် နက်မှောင်သောဝတ်ရုံနှင့် ပုံရိပ်သည် သူ၏ရှေ့မှ ပျောက်ကွယ်သွားပြီဖြစ်သည်။
သူ ပြန်လည် ပေါ်လာချိန်တွင်၊ သူသည် အိမ်ရှေ့မင်းသား၏ နောက်ကျောဘက်သို့ ရောက်နေလေ၏။
လိမ့်တက်လာသော အနက်ရောင်တိမ်တိုက်များက ကြမ်းတမ်းစွာပျံ့နှံ့သွားပြီး၊ အိမ်ရှေ့မင်းသား၏ မိန်းမောနေမှုကိုအခွင့်ကောင်းယူကာ သူ၏ အမြင်နှင့် အကြားကို ပိတ်ဆို့ပစ်လိုက်သည်။
ဘန်း
နဂါးနန်းတော် ချပ်ဝတ်တန်ဆာ၏ ကာကွယ်မှု မရှိတော့လျှင်ပင်၊ နဂါးနတ်ဆိုး၏ မွေးရာပါ အကြေးခွံများသည် ကမ္ဘာပေါ်တွင်ရှားပါးလှသော ချပ်ဝတ်တန်ဆာတစ်မျိုးဖြစ်နေသေး၏။
သို့သော် ရွှေရောင်သင်္ကေတဆန်းကြယ်ဓားရှည်
သည်လည်း သာမန်လက်နက် မဟုတ်ခဲ့ပေ။ မသေမျိုးနိယာမ၏ အထောက်အပံ့ဖြင့်၊ ၎င်းက သူ၏နောက်ကျောထဲသို့ သုံးလက်မခန့်သနားညှာတာမှုကင်းမဲ့စွာ ထိုးစိုက်ဝင်သွားခဲ့သည်။
"အားးးးး"
ခယ်မိသားစု အိမ်ရှေ့မင်းသားသည် နာကျင်စွာ အော်ဟစ်လိုက်၏။ သူ၏ အာရုံခံစားမှုများပိတ်ဆို့ခံထားရသော်လည်း၊သူကလှည့်၍ သူ၏လှံကို ထိုးလိုက်ရာ၊ကြောက်မက်ဖွယ်ကောင်းသော သေစေနိုင်သည့်အဆိပ်များသည် နဂါးသဏ္ဍာန်ဖြင့်ထိုးထွက်လာပြီး ရေပြင်တစ်ခုလုံးကိုနောက်ကျိသွားစေသည်။
"တားလိုက်ကြ"
အဆိပ်များ ပျံ့နှံ့လာသည်ကို မြင်လိုက်ရသော ဟွမ်ဝမ်ဖာသည် သူ၏ လက်ဝါးနှစ်ဖက်ဖြင့်လျင်မြန်စွာ ရိုက်ထုတ်လိုက်ပြီး၊ ချန်ရှောင်ယွမ်နှင့် ပူးပေါင်းကာ ရတနာပန်းပွင့်ဂိုဏ်း၏ ရှေ့တွင် ခိုင်ခံ့သော တောင်တန်းနှစ်လုံးကို တည်ဆောက်လိုက်သည်။
သို့သော်၊ချက်ချင်းပင် ဤသဏ္ဍာန်မဲ့နေသော တောင်တန်းအတားအဆီးနှစ်ခုစလုံးသည် အဆိပ်ကြောင့် လုံးဝအရောင်ပြောင်းသွားခဲ့၏။
၎င်းတို့၏ မျက်နှာများမှာ သွေးမရှိသလိုဖြူရော်သွားပြီး လျင်မြန်စွာနောက်သို့ ဆုတ်လိုက်ကြသည်။ ခဏတာ ထိတွေ့မှုအပြီးမှာပင် ၎င်းတို့မှာ ချွေးများဖြင့် ရွှဲနစ်နေစေ၏။
အထူးသဖြင့် ဟွမ်ဝမ်ဖာမှာ တုန်လှုပ်သွားရခဲ့၏။ သူ၏ လက်ဝါးကို ကြည့်လိုက်သောအခါ အဆိပ်နှင့် မသိမသာထိတွေ့မိရုံဖြင့်၊ သူ၏ ညာဖက်လက်မှ အသားများမှာကွာကျသွားပြီး အရိုးများမှာလည်း လျင်မြန်စွာအရည်ပျော်နေသောကြောင့် ဖြစ်သည်။
တာအိုပေါင်းစည်းခြင်းနယ်ပယ်မှ ကျင့်ကြံသူတစ်ဦးအတွက် ဤကဲ့သို့ဒဏ်ရာမျိုးမှာ အရေးမကြီးသော်လည်း၊ယခုလောက်အကွာအဝေးမှ ဘေးထွက်ဆိုးကျိုးကပင် ဤမျှဖြစ်စေရာ၊ လှံကို ထိပ်တိုက်ရင်ဆိုင်နေရသော ဂိုဏ်းချုပ်ရှန်းအတွက်မူ သူ ယစိုးရိမ်မိသွားသည်။
ဤသို့ တွေးမိရင်း၊ ဟွမ်ဝမ်ဖာသည် အဝေးသို့ အလျင်အမြန် လှမ်းကြည့်လိုက်၏။
သို့သော် နဂါးနတ်ဆိုး၏ နောက်ကွယ်တွင် ဟာလာဟင်းလင်းဖြစ်နေသည်ကိုသာ မြင်လိုက်ရပြီး၊သူ၏နောက်ကျောတွင် စိုက်ဝင်နေသော ရွှေရောင်သင်္ကေတဆန်းကြယ်ဓားရှည် တစ်လက်သာကျန်ရှိနေသဖြင့် ဂိုဏ်းချုပ်ရှန်းမှာ အဆင်ပြေနေခဲ့သည်မှာသေချာကြောင်း သူ့ကိုယ်သူ ပြန်လည်နှစ်သိမ့်လိုက်ရသည်။
နောက်တစ်ခဏတွင်၊ ရှန်းယီသည် ဟင်းလင်းပြင်ထဲမှထွက်ပေါ်လာပြီး သူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေ၏။ ထို့နောက် သူက ရက်စက်ကြမ်းကြုတ်လှသောခြေထောက်ဖြင့် ဝိုက်၍ကန်လိုက်ရာ၊ ဓားရိုးကို ပြင်းထန်စွာ ထိမှန်သွားခဲ့သည်။
ဘန်း
ခယ်မိသားစု အိမ်ရှေ့မင်းသားသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်ယိုင်သွားပြီး၊ ဓားမှာ ယခုအခါ သူ၏ကိုယ်ထဲသို့ တစ်ဝက်ခန့်စိုက်ဝင်သွားပြီဖြစ်သည်။
ဆန်းကြယ်ကျားသည် အနက်ရောင်တိမ်တိုက်များထဲတွင် ဆက်လက်သောင်းကျန်းနေပြီး၊ သူ၏ နတ်ဝိညာဉ်ကို ရက်စက်စွာဆွဲဖြတ်နေသည်။
ဖော်ပြ၍မရသော နာကျင်မှုအောက်တွင်၊ သူ၏ အရိုးဆူးချွန်လှံရှည်မှာ သူ၏လက်ထဲမှ လွတ်ကျသွားပြီး တုန်ခါနေတော့သည်။
...
ရှန်းယီသည် ခေါင်းကိုအနည်းငယ် စောင်းလိုက်ရာ၊ ထက်ရှသော နဂါးလက်သည်းက သူ၏ နားထင်နားမှ ဝဲပျံသွားခဲ့၏။ သူ၏ ရှောင်တိမ်းမှုမှာ အလွန်တိကျလှသဖြင့် ပိုလျှံသော လှုပ်ရှားမှုတစ်ခုမျှမရှိပေ။
အထွတ်အထိပ် မရဏကမ္ဘာသည် ကျောက်စိမ်းဦးချို ငွေရောင်နဂါး၏ ဝိညာဉ်ကို ရက်စက်စွာဝါးမျိုနေပြီး ရှန်းယီကိုအားဖြည့်ပေးနေကာ၊ သူ၏ ကြည်လင်ပြတ်သားမှုနှင့် အာရုံခံနိုင်စွမ်းကို မကြုံစဖူးအဆင့်တစ်ခုအထိ မြှင့်တင်ပေးထားသည်။
သူ့အတွက်မူ၊ အိမ်ရှေ့မင်းသားပြုလုပ်သမျှ လှုပ်ရှားမှုတိုင်းမှာ အလွန်နှေးကွေးနေသကဲ့သို့ ထင်ရလေ၏။
ဤအစွမ်းထက်လှသော နဂါးနတ်ဆိုး၏ လက်သည်းတစ်ခုချင်းစီမှာ ရှန်းယီ၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဆွဲဖြတ်နိုင်စွမ်းရှိသော်လည်း၊ ယခုမူ သူသည် သူ၏ နက်မှောင်သောဆန်းကြယ်ချပ်ဝတ်တန်ဆာကိုပင် ဆင့်ခေါ်ရန်မလိုအပ်တော့ဟု ခံစားလိုက်ရသည်။
အိမ်ရှေ့မင်းသားသည် ထိုချောမောတည်ငြိမ်သော မျက်နှာကိုလှည့်ကြည့်လိုက်ရာ၊ သူ၏ မျက်လုံးများထဲတွင် ရုတ်တရက်ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားခဲ့၏။
ရှန်းယီ၏ မျက်လုံးထဲတွင်၊သူသည် လွတ်လမ်းမရှိသောသားကောင်တစ်ကောင်ကဲ့သို့ ဖြစ်နေပြီး၊ ကွာခြားချက်မှာ အချိန်စောခြင်းနှင့် နောက်ကျခြင်းသာဖြစ်သည်ကို သူ ရုတ်တရက်သိရှိသွားခဲ့သည်။
ဘုန်း ဘုန်း
ရှန်းယီသည် ဓားရိုးပေါ်သို့ လက်သီးချက်နှစ်ချက် ထပ်မံပစ်သွင်းလိုက်ရာ၊ နောက်ဆုံးတွင် ဓားသွားမှာ အိမ်ရှေ့မင်းသား၏ ရင်ဘတ်ကို ဖောက်ထွက်သွားခဲ့၏။
သူ၏ ထိတ်လန့်နေသော အကြည့်အောက်တွင်၊ ရှန်းယီသည် ဓားရိုးကို တိတ်ဆိတ်စွာဆုပ်ကိုင်လိုက်ရာ၊ မမြင်ရသော နှလုံးသားမီးတောက်နှင့်အတူ သွေးစီးကြောင်းတစ်ခုသည် နဂါးနတ်ဆိုး၏ ကိုယ်ထဲသို့ စီးဝင်သွားခဲ့၏။
ရှန်းယီသည် ရှန်းယွဲ့အနေဖြင့်၊ မိုးပြာရောင်ကောင်းကင်ယံကို တည်ငြိမ်အောင် ထိန်းထားပြီး၊ ကမ္ဘာပေါ်ရှိ စွမ်းအားအားလုံးကို ဓား၏ ထက်ရှသောအစွန်းပေါ်သို့ စုစည်းစေလိုက်ရာ၊ ၎င်း၏ ကြာပန်းကဲ့သို့သော ရွှေရောင်သင်္ကေတမှာစိမ်းပြာရောင်ပင်လယ်နှင့် မိုးပြာရောင်ကောင်းကင်အောက်တွင် မျက်စိကျိန်းမတတ်တောက်ပစွာ ပွင့်လန်းလာခဲ့သည်။
ဂျွတ်
မျက်စိတစ်မှိတ်အတွင်း။
အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်သည် ဓားရှည်ကို အောက်မှနေ၍ မြှောက်လိုက်ရာ၊နဂါးဦးခေါင်းကို နှစ်ခြမ်းခွဲလျက်လေထဲသို့ ခုန်တက်သွားခဲ့၏။
နီရဲနေသော သွေးများက သူ၏ အဝတ်အထည် အနားသတ်များကို စိုရွှဲသွားစေခဲ့သည်။
ခယ်မိသားစု အိမ်ရှေ့မင်းသားသည် ဤတိုက်ပွဲတစ်ခုလုံးတွင်၊ဤကဲ့သို့သော နည်းလမ်းမျိုးဖြင့် ရှန်းယီကို ပထမဆုံးအကြိမ် ထိတွေ့မိလိမ့်မည်ဟု ဘယ်သောအခါမျှထင်မှတ်ထားခဲ့မည် မဟုတ်ပေ။