← Chapters

ရွှမ်တု၏တည်ငြိမ်ခြင်း

Vol. 11 Ch. 1010

ရွှမ်တု၏တည်ငြိမ်ခြင်း

Vol. 11 Ch. 1010

ရွှဲ့ဟယ်သည် လေထဲတွင် မတ်တတ်ရပ်နေလေသည်။

သူ၏ ကြီးမားသည့် ခန္ဓာကိုယ်ကြီးသည်  အထက်ဘဝဂ် ၊ အောက်အသူရာချောက်ထိတိုင်လေသည်။

သို့သော်… ဆန်းလျန်၏ တာအိုဆရာသခင်ကြီးတစ်ပါးကဲ့သို့သော အသွင်အပြင်နှင့် နှိုင်းယှဉ်လျှင် သူ့ပုံစံက ဘာမှမဟုတ်ကြောင်း သိနိုင်သည်။

သို့သော်… သူ့ပုံစံကိုကြည့်ပြီး လူအများက အကြောင်းပြချက်မရှိဘဲ ကြောက်ရွံ့သွားကြလေသည်။

ရွှဲ့ဟယ်နှင့် တိုက်ခိုက်ရန် ကြံစည်နေခဲ့သည့် ယွမ်ချင်းသည်ပင် ယခုတော့ ရွှဲ့ဟယ်အတွက် များစွာ စိတ်မကောင်း ဖြစ်သွားမိသည်။ ဟွမ်ချွမ်ကျီကတော့ ရွှဲ့ဟယ်ကိုကြည့်ပြီး မျက်ရည်များ ကျလာသည်အထိ ဝမ်းနည်းလာမိသည်။

သူတို့က မရဏဓားများ လူပြန်ဝင်စားသည်ဆိုသော်လည်း ယခုအချိန်တွင် သက်ရှိလူသားများဖြစ်နေသည့်အတွက် ခံစားချက်ရှိကြလေ၏။

ဆန်းလျန်၏ မျက်ဝန်းများက ရွှဲ့ဟယ်ကို ကရုဏာတရားအပြည့်ဖြင့် ကြည့်နေလေသည်။

သို့သော်… ဆန်းလျန်၏ လက်အစုံကတော့ နဂါးငွေ့တန်းကို ကျော်လွန်ကာ မိုးကောင်းကင်၏ လေထုကို ဖမ်းယူဆုပ်ကိုင်လိုက်သည်။

ထိုအခါ… ကြီးမားသည့် ကြယ်စင်ကြီးတစ်စင်း ဆန်းလျန်၏ လက်ဖဝါးထက်တွင် ပါလာလေသည်။ ထိုကြယ်စင်ကြီးက တန်သန်းပေါင်း ဘီလီယံနှင့်ချီပြီး လေးလံဟန် ရှိသည်။

ထိုကြယ်စင်ကြီးက ကျည်ဆံဖူးအသွင်ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ရာအကောင်းဆုံး လူသတ်လက်နက်တစ်ခု အဖြစ် ပြောင်းလဲသွားလေသည်။

ဆန်းလျန်က ကြယ်စင်ကြီးကို ပေါ့ပါးစွာပင် အရှေ့ဆီသို့ အသာပစ်လွှတ်လိုက်လေသည်။

ထို့နောက်…  ရွှဲ့ဟယ်၏ မျက်ခုံး (၂)ခုကြားတွင် အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာပြီး သူ၏ မျက်ဝန်းများ အသက်ကင်းမဲ့သွားလေသည်။

နတ်မိစ္ဆာလမ်းစဉ်၏ဘိုးဘေးတစ်ပါးဟု ခေါ်ဆိုနိုင်သည့် လောကအလယ် တောက်ပစွာ ရှင်သန်ခဲ့လေသူတစ်ယောက်သည် ဥက္ကာပျံတစ်စင်းအလား ကောင်းကင်ထက်မှ ပြုတ်ကျသွားလေတော့သည်။

ထို့နောက်… သူ၏ ခန္ဓာကိုယ်က မြေမှုံ့များအဖြစ် ပြောင်းလဲသွားပြီး ကမ္ဘာမြေကြီးနှင့် ရောနှောသွားလေသည်။

ဆန်းလျန်က လီချင်းဆွေကို နူးညံ့သိမ်မွေ့စွာဖြင့် သူ၏လက်ဖဝါးထဲသို့ ဆင်းသက်စေလိုက်သည်။ ထို့နောက် မြေပြင်ထက်သို့ ဖြည်းညင်းစွာဖြင့် ချထားပေးလိုက်လေ၏။

ထို့နောက် ဆန်းလျန် သူမကို လက်ပြနှုတ်ဆက်ပြီး လှည့်ထွက်သွားလေတော့သည်။

ဆန်းလျန် အချိန်ရေစီးကြောင်းအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့ပြီး အတိတ်ကာလကို သမိုင်းထဲတွင် ထားရစ်ခဲ့လေတော့သည်။

ယွမ်ချင်းနှင့် ဟွမ်ချွမ်ကျီတို့ကြားမှ ရန်ငြိုးကတော့ ဆက်ရှိနေဦးမည် ဖြစ်သည်။ သို့သော်… သမိုင်းထဲမှ ကိစ္စတစ်ခုသာ ဖြစ်ပေလိမ့်မည်။

…………..

အနာဂတ်လောက…

ဆန်းလျန် ခဏတာ ပျောက်ကွယ်သွားပြီးနောက် ပြန်ပေါ်လာလေသည်။

သို့သော် … ဆန်းလျန် မည်သည့်နေရာသို့ ထွက်သွားသည်ကို မည်သူမှ မသိကြပေ။

ရွှမ်တုတောက်ကျွင်း ၊ တိကျန်ဗောဓိသကျ ၊ ရဲ့လျိုယွင်တို့ကဲ့သို့ ဆန်းလျန်၏ တည်ရှိမှုကို အာရုံခံနိုင်စွမ်းရှိသူများပင်လျှင် ဆန်းလျန်နှင့်ပတ်သက်ပြီး မည်သည့်အဖြစ်အပျက် ဖြစ်ပျက်ခဲ့သည်ကို မည်သူမှ သိရှိနိုင်ခြင်း မရှိခဲ့ကြပေ။

မိုးကောင်းကင်ခုံရုံး ၊ ဘုရင်ရှစ်ပါးနန်းတော်…။

တာအိုဆရာယွိတင်က ရွှမ်တုတောက်ကျွင်းကို လာရောက်တွေ့ဆုံလေသည်။

ထိုအခါ… ရွှမ်တုတောက်ကျွင်း၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နက်နေသည်ကို တွေ့မြင်လိုက်ရသည်။ သူ့ဘဝတွင် ရွှမ်တုတောက်ကျွင်း ထိုမျှစိတ်ပူပန်နေသည်ကို တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။

ထို့ပြင်… ရွှမ်တုတောက်ကျွင်းကို ကြည့်ရသည်မှာ ယခင်ကထက်ပိုပြီး လျှို့ဝှက်နက်နဲလာသည်ဟု ခံစားလိုက်ရသည်။

ရွှမ်တုတောက်ကျွင်းကို စိတ်ပူပန်အောင်လုပ်နိုင်သူဆို၍ လောကတွင် တစ်ယောက်သာ ရှိလေသည်။

ထိုသူသည်ကား ဆန်းလျန်ပင်ဖြစ်ပေ၏။

ဆန်းလျန် ဆိုသည့်အမည်ကို တွေးလိုက်မိသည်နှင့် ယွိတင်၏ စိတ်ထဲတွင် အမုန်းတရားများ ပြည့်နက်လာလေသည်။ နှစ်သန်းပေါင်းများစွာ ကျင့်ကြံခဲ့သည့် သူ၏တာအိုနှလုံးသားသည်ပင် လုံး၀ ငြိမ်သက်နိုင်ခြင်း မရှိတော့ပေ။

ရွှမ်တုတောက်ကျွင်းက…

"ဆန်းလျန်က သက်ရှိသတ္တဝါအားလုံးရဲ့ အသွင်အပြင်ကို ပြောင်းလဲနေတယ် ၊ ဒါက တာအိုဆရာသခင်ကြီးမဖြစ်ခင် နောက်ဆုံး အဆင့်ပဲ…"

ယွိတင်လည်း ထိုအချက်ကို ခန့်မှန်းမိလေ၏။

သို့သော်… တကယ်တမ်း ရွှမ်တုတောက်ကျွင်းထံမှ စကားကိုကြားလိုက်ရသည့်အခါ အံ့သြတုန်လှုပ်သွားရလေသည်။

ကျောက်စိမ်းဝိညာဉ်နန်းတော်၏ အရှင်သခင်တစ်ပါးအနေဖြင့် သက်ရှိသတ္တဝါအားလုံးဆိုသည့် အဓိပ္ပါယ်ကို ယွိတင် ကောင်းကောင်း နားလည်လေသည်။

ဗုဒ္ဓဘာသာကျမ်းစာများတွင် "လူတိုင်းက ကြိုးစားကျင့်ကြံလျှင် ဗုဒ္ဓဖြစ်နိုင်သည်" ဟု အဆိုရှိသည်။

တာအိုဝါဒကို ကြည့်မည်ဆိုလျှင် "သက်ရှိသတ္တဝါအားလုံးသည် အစ ဖြစ်သည်" ဟု ဆိုကြသည်။

ဤသည်မှာ ဝိရောဓိ မဟုတ်ပေ။ တာအိုဆရာသခင်ကြီးများ ဟောကြားထားခဲ့သည့် အစစ်အမှန်တရား ဖြစ်၏။

တာအိုဆရာသခင်ကြီးများ၏ တာအိုလမ်းစဉ်သည် သက်ရှိသတ္တဝါအားလုံး၏ သဘာဝတရားပင် ဖြစ်သည်။

လူတစ်ယောက်သည် သူ၏မူလဇာစ်မြစ်ကို အစမှ ပြန်စရန် ကြိုးစားပြီဆိုလျှင် ထိုသူသည် တာအိုဆရာသခင်ကြီးပင် ဖြစ်လေသည်။

သို့သော်… ထိုသို့ ပြုလုပ်ခြင်းက တာအိုဆရာသခင်ကြီးတစ်ပါး ပြုလုပ်သည့် အလုပ်ပေါင်းများစွာတွင် အစိတ်အပိုင်းမျှသာ ဖြစ်သည်။

သို့သော်… တာအိုဆရာသခင်ကြီးများ သူတို့၏ မူလဇာစ်မြစ်ကို အဘယ့်ကြောင့် အသစ်မှ ပြန်စရပါသနည်းဆိုသော် သူတို့၏ ကိုယ်ပိုင်တာအိုလမ်းစဉ်ကို သတ္တဝါများအားလုံး၏ အသွင်အပြင်အဖြစ် ပြောင်းလဲရန် ဖြစ်လေသည်။

ထိုသို့ ပြောင်းလဲလိုက်မှသာ အသစ်သောဖြစ်တည်မှုကို ဖန်ဆင်းနိုင်မည် ဖြစ်လေ၏။

ထိုအဆင့်ကို လွန်မြောက်လျှင်တော့ တာအိုဆရာသခင်ကြီးတစ်ပါးအဖြစ် အဆင့်တက်ရောက်ပြီး အနန္တတန်ခိုးရှင်တစ်ပါးအဖြစ် သံသရာကို ကျော်လွန်သွားမည် ဖြစ်လေသည်။

ယွိတင် မနေနိုင်ဘဲ မေးခွန်းထုတ်လိုက်မိလေသည်။

"ကျုပ်တို့ သူ့ကို တားဆီးနိုင်ဦးမလား…"

ထိုမေးခွန်းကို မေးလိုက်သည့်တိုုင် ဆန်းလျန်ကို တားဆီးရန် နည်းလမ်းမရှိတော့သည်ကို ယွိတင် သိရှိထားပြီး ဖြစ်သည်။

သို့သော်… ရွှမ်တုတောက်ကျွင်း၏ အဖြေကတော့ သူမျှော်လင့်ထားသလို မဟုတ်ခဲ့ပေ။

ရွှမ်တုတောက်ကျွင်းက…

"မသိဘူးလေ…"

ဟု ဖြေလိုက်သောကြောင့် ဖြစ်လေ၏။

တာအိုဆရာယွိတင်မှာ ဘာပြောရမှန်းမသိဘဲ ရွှမ်တုတောက်ကျွင်း၏ မျက်နှာကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်နေမိသည်။ ရွှမ်တုတောက်ကျွင်းက သူ့အဖြေစကားနှင့်ပတ်သက်ပြီး ရှင်းပြဦးမလားဟု မျှော်လင့်လိုက်မိသည်။

သို့သော်… ရွှမ်တုတောက်ကျွင်းက အပိုဟန်ဆောင်မှုများ လုပ်မနေတော့ဘဲ တည့်ထိုးပင် ပြောလိုက်သည်။

"မသိဘူးလို့ ဖြေလိုက်ရတာက ဆန်းလျန်ကို ကျုပ် မခန့်မှန်းနိုင်တော့လို့ပါ ၊ ဒါပေမဲ့ သူ လောကမှာ တည်ရှိနေသေးသရွေ့ သူ့ကို ရပ်တန့်ဖို့ နည်းလမ်းရှိနိုင်ပါသေးတယ်…"

ရွှမ်တုတောက်ကျွင်း၏စကားကို ကြားသည့်တိုင် ယွိတင် သူ့ကိုယ်သူ ယုံကြည်မှု မရှိတော့ပေ။

ရွှမ်တုတောက်ကျွင်းသည် တာအိုဝါဒတွင် အလွန်အဆင့်မြင့်သည့် နတ်ဘုရားတစ်ပါးဟု ဆိုနိုင်လေသည်။ ဆန်းလျန်ကို ဖယ်လိုက်မည်ဆိုလျှင် လောကတွင် ရွှမ်တုတောက်ကျွင်းထက်သာသူ ရှိမည် မဟုတ်ပေ။

တာအိုဆရာလီချင်းဆွေက သုံးခန္ဓာဖြတ်တောက်ကျင့်စဉ်ကို ကျင့်ကြံအောင်မြင်ခဲ့သော်လည်း သူမသည် ရွှမ်တုတောက်ကျွင်းကို မမီနိုင်သေးဟု ယွိတင်က ယူဆထားခဲ့သည်။

ရွှမ်တုတောက်ကျွင်းသည် ယိချီစန်းချင်တန်ခိုးစွမ်းအားကို အသုံးပြုနိုင်သူ ဖြစ်လေသည်။ ယိချီစန်းချင်တန်ခိုးစွမ်းအားက ပြိုင်ဘက်ကင်း တန်ခိုးစွမ်းအား တစ်ခုဖြစ်သည်။

ထိုတန်ခိုးစွမ်းအားက ရွှမ်တုတောက်ကျွင်း၏ လျှို့ဝှက်ချက် ဖြစ်လာနိုင်သည်။

ယွိတင်က ရွှမ်တုတောက်ကျွင်းကို မည်မျှ အထင်ကြီးနေပါစေ ရွှမ်တုတောက်ကျွင်းမှာလည်း လောလောဆယ်တွင် ယုံကြည်မှုများပျောက်ဆုံးလျှက် ရှိလေသည်။

ယနေ့ ဆန်းလျန်၏ လုပ်ရပ်က အလွန်မှ တုန်လှုပ်ဖွယ်ရာ ကောင်းလွန်းလှသည်။ သူ၏ ဆရာဖြစ်သူ ထိုက်စန့်လောင်ကျွင်းသည်ပင် ထိုသို့သော အလုပ်မျိုးကို မလုပ်ခဲ့ဖူးပေ။

သို့သော်… ယွမ်စီထျန်းကျွင်းနှင့် အခြားတာအိုဆရာသခင်ကြီး အချို့က ထိုသို့သောအလုပ်မျိုးကို ပြုလုပ်ခဲ့ဖူးလေသည်။

ယခုတော့ ဆန်းလျန်သည် ဤလောကတွင် မည်သူမှ အနိုင်မယူနိုင်တော့သော နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ဤလောကတွင်သာ မဟုတ်ပေ။ မိုးနှင့်မြေ ၊ စကြာဝဠာတစ်ခုလုံးတွင် မည်သူမှ အနိုင်မယူနိုင်သည့် ပထမဆုံး လူသားတစ်ယောက်ဖြစ်လာခဲ့ပြီ ဖြစ်လေသည်။

ပိုပြီး ကြောက်မက်ဖွယ်ရာကောင်းသည်မှာ ဆန်းလျန်သည် အထွတ်ထိပ်အဆင့်သို့ မရောက်ရှိသေးဘဲ ထိုမျှ တန်ခိုးစွမ်းအားမြင့်မားနေခြင်းပင် ဖြစ်သည်။

ဆန်းလျန်ပြုလုပ်သည့် သက်ရှိသတ္တဝါအားလုံး၏အသွင်အပြင်ကို ပြောင်းလဲခြင်းအလုပ်က လုပ်ဆောင်ချက် နက်ရှိုင်းလေ ဆန်းလျန်၏ တန်ခိုးစွမ်းအားက မြင့်မားလေပဲ ဖြစ်လေသည်။

ဆန်းလျန်ကဲ့သို့သော ပုဂ္ဂိုလ်တစ်ယောက်၏ ဖြစ်တည်မှုက အားလုံးကို အပူတပြင်း ခံစားရစေလေသည်။

ယွိတင် ရွှမ်တုတောက်ကျွင်းကို ကိုယ်ချင်းဆာမိသည်။ အကြောင်းမှာ… ရွှမ်တုတောက်ကျွင်းသည်လည်း ဤအဆင့်ရောက်ရန် အတော်လေး နီးစပ်နေပြီ ဖြစ်သည်။

ယခုတော့ ဆန်းလျန်က လက်ဦးမှု ရယူသွားပြီ ဖြစ်လေရာ အဘယ်မျှ စိတ်ဓာတ်ကျစရာ ကောင်းလှပါသနည်း။

သို့သော်… ရွှမ်တုတောက်ကျွင်းသည် ရွှမ်တုတောက်ကျွင်းသာ ဖြစ်လေသည်။ သူက ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် စိတ်ဓာတ်ကျခြင်းကို ခံစားနေရသည့်တိုင် အရှုံးပေးလိုစိတ် မရှိသေးပေ။

ရွှမ်တုက စကားဆက်ပြောလိုက်သည်။

"တကယ်တော့ မင်းကို ခေါ်လိုက်တာက ယိချီစန်းချင်တန်ခိုးစွမ်းအားကို သင်ပေးချင်လို့ပဲ…"

ယွိတင်က…

"ဘာဖြစ်လို့လဲ…"

ရွှမ်တုတောက်ကျွင်းက…

"လွန်ခဲ့တဲ့ရက်တွေက ဆရာဦးလေးထုန်ထျန်းအရှင်သခင်ပြောခဲ့တဲ့စကားတစ်ခွန်းကို အမှတ်ရမိတယ် ၊ ကြာပန်းတွေဟာ အနွယ်ကွဲပေမယ့် အားလုံးက ရေမှာ ရှင်သန်ကြတယ်… တဲ့ ၊ အဲဒီလိုပဲ ဝါဒ (၃)ခုဟာလည်း ဇာစ်မြစ်တစ်ခုတည်းက ဆင်းသက်လာတာပါပဲ ၊ ဆရာဦးလေးနဲ့နှိုင်းယှဉ်ရင် ကျုပ်တို့ဆိုတာ အလွန်သေးငယ်တဲ့ လူတွေပါပဲ ၊ ဒီတော့ ဆရာက ယိချီစန်းချင်တန်ခိုးစွမ်းအားကို တီထွင်တဲ့အခါ ဆရာဦးလေးပြောတဲ့ သဘောတရားကို ယူပြီး တီထွင်ထားသလားလို့ ကျုပ်စဉ်းစားခဲ့မိတယ်…"

ရွှမ်တုတောက်ကျွင်း မျက်နှာမကောင်းဖြစ်နေသည့်တိုင် အေးအေးဆေးဆေးပင် စကားပြောဆိုနေလေသည်။

ရွှမ်တုတောက်ကျွင်းနေရာတွင် ယွိတင်ဆိုလျှင်လည်း ရင်ထဲတွင် မိုးကြိုးမုန်တိုင်းတိုက်ခတ်နေပါစေ မျက်နှာကတော့ အေးဆေးနေမည်ပဲ ဖြစ်လေသည်။

သို့သော်… ရွှမ်တုတောက်ကျွင်းသည် ကိုယ်ကျိုးစွန့်သူတစ်ယောက်ဟု ယွိတင်၏ စိတ်ထဲတွင် ခံစားနေရလေသည်။

ယွိတင်က…

"ရွှမ်တုတောက်ကျွင်း ဘာလို့ အောင်မြင်မှုရရှိသလဲဆိုတာ ကျုပ်သိပါပြီ ၊ ဘာလို့လဲဆိုတော့ ကိုယ်ကျိုးစွန့်တတ်လို့ပါပဲ…"

ရွှမ်တုတောက်ကျွင်းက…

"တကယ်တော့ ကျင့်ကြံသူအများစုက တစ်ယောက်တည်းကျင့်ကြံမှ အောင်မြင်မှုရမယ်လို့ လွန်ခဲ့တဲ့နှစ်တွေအထိ ကျုပ် သိထားခဲ့တာပါ ၊ ဒါပေမဲ့ သံသရာကို ကျော်လွန်ဖို့ဆိုရင် တစ်ယောက်တည်း ကျင့်ကြံနေရုံနဲ့ မပြီးဘူး ၊ အခြားသူတွေကိုလည်း သင်ပြပေးဖို့ လိုအပ်တယ် ၊ အဲဒါကို နားလည်သွားပြီးတဲ့နောက် ကျုပ်ဘယ်လိုခံစားရလဲ မင်းသိလား…"

ယွိတင်က…

"စိတ်ပျက်သွားတာလား…"

ရွှမ်တုတောက်ကျွင်းက ပြုံးလိုက်ရင်း…

"ဆန့်ကျင်ဘက်ပဲ ၊ ကျုပ်က စိတ်ဓာတ်တက်ကြွလာတာ…"

ယွိတင်မျက်ဝန်းများတွင် သံသယများဖြင့် ပြည့်သွားသည်။

ရွှမ်တုတောက်ကျွင်းက…

"ဆရာက စိတ်အားထက်သန်ခြင်းမရှိရင် လုပ်နေတဲ့ အလုပ်တိုင်းက အလကားပဲလို့ ပြောခဲ့တာကို ကျုပ် အရင်က နားမလည်ခဲ့ဘူး ၊ ဒါပေမဲ့ အခြားသူတွေကိုသင်ပြပေးဖို့လိုအပ်တယ်ဆိုတာလည်း သိလိုက်ရော ကျုပ် စိတ်အားထက်သန်လာတော့တာပဲ…"

ယွိတင်စိတ်ထဲတွင် တစ်စုံတစ်ခုကို နားလည်သွားလေသည်။ သို့သော်… နှံ့နှံ့စပ်စပ်တော့ နားမလည်သေးပေ။

သူက ယွမ်စီထျန်းကျွင်း၏ တပည့်ဖြစ်လေသည်။

ထိုက်စန့်လောင်ကျွင်း ၊ ယွမ်စီထျန်းကျွင်း ၊ လင်ပေါင်ထျန်းကျွင်းတို့က တူညီသည်ဆိုသော်လည်း ကျောက်စိမ်းဝိညာဉ်နန်းတော်နှင့် ဘုရင်ရှစ်ပါးနန်းတော်၏ လမ်းစဉ်က တူညီခြင်း မရှိပေ။

ထိုက်စန့်လောင်ကျွင်းနှင့် ယွမ်စီထျန်းကျွင်းကြားတွင် ကွဲပြားမှု ရှိချင်မှ ရှိပေလိမ့်မည်။ သို့သော်… ဘုရင်ရှစ်ပါးနန်းတော်နှင့် ကျောက်စိမ်းဝိညာဉ်နန်းတော်ကတော့ ကွဲပြားပေလိမ့်မည်။

ရွှမ်တုတောက်ကျွင်းက စကားအများကြီး သိပ်မပြောတော့ပေ။

သို့သော်… သူ့စကားအတိုင်း ယွိတင်အား ယိချီစန်းချင် တန်ခိုးစွမ်းအားကိုသင်ပြပေးလေသည်။

ယွိတင်သည် ကောင်းကင်ဘုံနန်းတော်မှ အဆင့်မြင့်နတ်ဘုရားတစ်ပါး ဖြစ်လေသည်။ သို့သော်… ရွှမ်တုတောက်ကျွင်း သင်ပြပေးနေသည့် ယိချီစန်းချင်တန်ခိုးစွမ်းအား ရှင်းလင်းချက်ကို နားထောင်ရင်း နားလည်ရန် အလွန်ခက်ခဲလျှက် ရှိလေသည်။

ယွိချင်တာအိုဆရာသခင်အကြောင်း ရှင်းပြသည့်အပိုင်းတွင် သေသေချာချာ နားလည်ခဲ့သော်လည်း စန့်ချင်တာအိုဆရာသခင်နှင့် ထိုက်ချင်တာအိုဆရာသခင်အကြောင်း ရှင်းပြသည့် အချိန်တွင်တော့ ရှုတ်ထွေးကုန်တော့သည်။

ရွှမ်တုတောက်ကျွင်းကလည်း ယွိတင် နားမလည်သည့်နေရာများကို ရိပ်မိသိရှိပုံရသည်။ ထိုနေရာများတွင် သူက အကြိမ်ကြိမ်အခါခါ ရှင်းပြခဲ့လေသည်။

ထိုသို့ဖြင့်… ရက်ပေါင်း (၃၀) ကြာသွားသည့်နောက် ယွိတင်သည်လည်း ယိချီစန်းချင်တန်ခိုးစွမ်းအားကို နားလည်သွားလေတော့သည်။

သူက တာ့လော်အဆင့် နတ်ဘုရားတစ်ပါးဖြစ်သည့်အတွက်သာ ရက်ပေါင်း (၃၀)အတွင်း နားလည်သွားရခြင်း ဖြစ်လေသည်။

ထိုသို့ နားလည်သွားသည့်အတွက် နောင်အနာဂတ်တွင် ဖန်ကူအလံ၏ အကူအညီကိုမယူဘဲ ဟွင့်ယွမ်ဝူကျီအဆင့်သို့ တက်ရောက်နိုင်ပေလိမ့်မည်။

သို့သော်… ဆန်းလျန်နှင့်ယှဉ်လျှင်တော့ အများကြီး လိုပါသေး၏။

ရွှမ်တုတောက်ကျွင်းကတော့ ယွိတင်ကို ပညာသင်ပေးသည်မှာ ဆန်းလျန်နှင့် ယှဉ်ပြိုင်ရန်အတွက် ရည်ရွယ်ချက်ရှိဟန် မတူပေ။ သူသင်ပြပေးသည့် တန်ခိုးစွမ်းအားကို ယွိတင်နားလည်သွားသည်ကို သိရှိသည်နှင့် ရွှမ်တုတောက်ကျွင်းက ယွိတင်ကို ပြန်လွှတ်လိုက်လေသည်။

ထို့နောက်… ရွှမ်တုတောက်ကျွင်းသည် နဂါးငွေ့တန်းဆီသို့ တစ်ယောက်တည်း ထွက်ခွာလာခဲ့လေတော့သည်။

***

All Chapters