← Chapters

မြက်တစ်ပင်နှင့် လွမ်းဆွေးမှုတစ်ခု

Vol. 11 Ch. 1011

မြက်တစ်ပင်နှင့် လွမ်းဆွေးမှုတစ်ခု

Vol. 11 Ch. 1011

နဂါးငွေ့တန်းက နက်ရှိုင်းကျယ်ပြန့်လေသည်။

မည်သူမှ နဂါးငွေ့တန်း၏ အစနှင့်အဆုံးကို သိရှိနိုင်မည် မဟုတ်ပေ။

နဂါးငွေ့တန်းအစွန်းတွင် မည်သည့်အရာရှိနေကြောင်းကို မည်သူမှ မသိရှိပေ။ တန်ခိုးစွမ်းအား အလွန်အမင်း မြင့်မားခြင်းမရှိလျှင် နဂါးငွေ့တန်းအစွန်းသို့ ရောက်လာပြီး မကြာမီပင် ပျောက်ကွယ်သွားရမည် ဖြစ်လေသည်။

သို့သော်… လောကတွင် ရွှမ်တုတောက်ကျွင်းကဲ့သို့ တန်ခိုးစွမ်းအားမြင့်မားသည့် နတ်ဘုရားဆိုသည်က အနည်းငယ်သာ ရှိလေသည်။

ထို့ကြောင့်… ရွှမ်တုတောက်ကျွင်း နဂါးငွေ့တန်းအစွန်းသို့ နက်နက်ရှိုင်းရှိုင်းဝင်ရောက်သွားသော်လည်း သူကတော့ အခြားသူများလို  ပြန်လမ်းမရှိ ပျောက်ကွယ်သွားမည် မဟုတ်ပေ။

ရွှမ်တုတောက်ကျွင်းက နဂါးငွေ့တန်းမြစ်ကမ်းနံဘေးတွင် လမ်းလျှောက်နေပြီး နဂါးငွေ့တန်းမြစ်ရေ စီးဆင်းသံက သူ့နားထဲသို့ အဆက်မပြတ် ဝင်ရောက်လာလေသည်။

နဂါးငွေ့တန်းမြစ်ရေစီးဆင်းသံသည် နတ်ဘုရားသံစဉ်များထက်ပင် နားထောင်ကောင်းပြီး သဘာဝကျစွာ သာယာလွန်းလှသည်။

နဂါးငွေ့တန်းမြစ်ရေ ထိုသို့ သဘာဝကျစွာ ထွက်ပေါ်လာသည်မှာ တာအိုဆရာလီချင်းဆွေ တာအိုတရားနှင့် ပိုမိုနီးကပ်လာသည်ကို ကိုယ်စားပြုကြောင်း ရွှမ်တုတောက်ကျွင်း သိရှိလိုက်လေသည်။

မရှိမှုကျေးရွာရှိ မိုးကောင်းကင်ခုံရုံးနှင့် ကပ်လျှက်နေရာတွင် ချင်းဆွေထျန်း ကောင်းကင်ဘုံတည်ရှိလေသည်။

ချင်းဆွေထျန်းကောင်းကင်ဘုံ၏ အရှင်သခင်သည် ပြိုင်ဘက်ကင်းသည့် မျိုးဆက်တစ်ဆက်ဖြစ်သည်ကို ရွှမ်တုတောက်ကျွင်း ကောင်းကောင်း ရိပ်မိသိရှိခဲ့သည်။

လောကတွင် ဆန်းလျန်သာ မရှိပါက တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်လာရန်အတွက် လီချင်းဆွေသည် သူယှဉ်ပြိုင်ရမည့် အဓိကပြိုင်ဘက် ဖြစ်လာပေလိမ့်မည်။

ရွှမ်တုတောက်ကျွင်းသည် နဂါးငွေ့တန်းမြစ်ကမ်းနံဘေးတွင် စိတ်အေးသက်သာ လမ်းလျှောက်နေလေသည်။

သို့သော်… ဆန်းလျန်အကြောင်း ရုတ်တရက် စဉ်းစားလိုက်မိသည့်အခါ သူ့ရင်ထဲမှ ငြိမ်းချမ်းမှုများ ချက်ချင်း ပျောက်ကွယ်သွားရသည်။

သူက ယခုအဆင့်ထိရောက်အောင် ကျင့်ကြံနိုုင်ခဲ့ပြီး သံသရာကို ကျော်လွန်နိုင်ခြင်း မရှိသေးသည့်တိုင် အခြားသော နတ်ဘုရားများထက် အမြဲတမ်း နှာတစ်ဖျားသာသူတစ်ယောက် ဖြစ်လေသည်။

သို့သော်… ယခုတော့ တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်သည်အထိ လမ်းဆုံးသို့ ရောက်အောင် မလျှောက်လှမ်းနိုင်ရခြင်းအတွက် သူ အလွန်စိတ်မကောင်း ဖြစ်နေရလေသည်။

ထို့ကြောင့်လည်း ဆန်းလျန်ကို ရပ်တန့်ရန် နည်းလမ်း ရှိ မရှိ ယွိတင်က မေးသည့်အခါ သူက "မသိဘူး" ဟု ဖြေခဲ့မိခြင်း ဖြစ်သည်။

ဆန်းလျန်က သက်ရှိသတ္တဝါအားလုံး၏ အသွင်အပြင်ကို ပြောင်းလဲနေပြီး မကြာမီ အမှန်တကယ်ပင် တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်လာတော့မည် ဖြစ်သည်။

ထိုအကြောင်းကိုစဉ်းစားရင်း ရွှမ်တုတောက်ကျွင်း၏ တည်ငြိမ်သည့်စိတ်အစဉ်သည် အာရုံပျံ့လွင့်သွားလေတော့သည်။

ထိုအချိန်မှာပင်… ရှင်းလင်းနေသည့် နဂါးငွေ့တန်း မြစ်ကမ်းနံဘေးတွင် စိမ်းလန်းသည့် မြက်ပင်ငယ်တစ်ပင် ပေါက်ရောက်လာလေသည်။

ဤသည်မှာ တိုက်ဆိုင်မှုတစ်ခု မဟုတ်ပေ။

မြက်ပင်ငယ်၏ စိမ်းဖန့်ဖန့်အရောင်သည် နဂါးငွေ့တန်းမြစ်ရေထဲတွင် ရောင်ပြန်ဟပ်လျှက် ရှိလေသည်။

ရွှမ်တုတောက်ကျွင်းက မြက်ပင်ငယ်ကိုကြည့်ပြီး ပြုံးလိုက်မိသည်။

ဤမြက်ပင်လေး မွေးဖွားဖြစ်တည်လာရသည့် အကြောင်းရင်းမှာ သူ၏ ဝမ်းနည်းပူဆွေးမှုများကြောင့် ဖြစ်လေသည်။

လူတစ်ယောက်သည် တာအိုတန်ခိုးစွမ်းအားမြင့်မားလေ သူတို့၏ စိတ်ထဲမှ ခံစားချက်များကို အစစ်အမှန်တစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်စွမ်းရှိလေ ဖြစ်သည်။

ထို့ကြောင့် ရွှမ်တုတောက်ကျွင်း၏ ဝမ်းနည်းကြေကွဲသည့် စိတ်ခံစားချက်များက မြက်ပင်ငယ်လေးတစ်ပင်ကို မွေးဖွားပေးလိုက်ခြင်း ဖြစ်လေသည်။

ထိုမြက်ပင်လေးသည် မြက်ပင်ငယ်လေးတစ်ပင်သာ ဖြစ်လေသည်။

များမကြာမီတွင် ခြောက်သွေ့ညှိုးနွမ်းပြီး သေဆုံးသွားမည် ဖြစ်လေသည်။

ရွှမ်တုတောက်ကျွင်းသည် ပင်ကိုယ်ကပင် အကြင်နာတရားကင်းမဲ့သူတစ်ယောက်ဖြစ်လေရာ ပုံမှန်အချိန်ဆိုလျှင် ထိုသို့သော မြက်ပင်လေးတစ်ပင်ကို အရေးစိုက်မည် မဟုတ်ပေ။

သို့သော်… ထိုမြက်ပင်လေးမှာ သူ၏ ဝမ်းနည်းခြင်းများမှ အသွင်ပြောင်းသွားသည့် မြက်ပင်လေးဖြစ်လေရာ သူ့စိတ်ထဲတွင် လျစ်လျူမရှုရက်ပေ။

ရွှမ်တုတောက်ကျွင်းက…

"မင်းကိုတော့ ကံကောင်းခြင်းတွေကြုံတွေ့ရအောင် ကျုပ် လုပ်ပေးခဲ့မယ်…"

သူက ချက်ချင်းပင် မြက်ပင်ငယ်လေးရှေ့တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး တာအိုတေချင်ကျမ်းကို စတင်ရွတ်ဆိုလေတော့သည်။

တာအိုတေချင်ကျမ်းသည် လောကတစ်ခုလုံးသို့ ပျံ့နှံ့သွားသည့် ကျမ်းစာတစ်ခုဖြစ်သည်မှာ အံ့အားသင့်စရာ မရှိပေ။

ရွှမ်တုတောက်ကျွင်းက ကျမ်းစာကို ရွတ်ဖတ်နေလေသည်။

သူ၏ရွတ်ဖတ်သံက အနောက်ဘက်အရပ်မှ လောင်ဇူ ရွတ်ဖတ်နေသည့်အလားပင် ထင်မှတ်ရလေသည်။

အရှေ့ဘက်ဆီမှလည်း ခရမ်းရောင်အခိုးအငွေ့များထွက်ပေါ်လာပြီး ကျောက်စိမ်းလိုဏ်ဂူအတွင်းမှ ထိုက်စန့်လောင်ကျွင်း ကိုယ်ထင်ပြသည့်အလား ထင်မှတ်ရလေသည်။

ရွှမ်တုတောက်ကျွင်း တာအိုတေချင်ကျမ်းကို ရွတ်ဆိုသည်မှာ အမွှေးတိုင်တစ်တိုင်စာမျှ အချိန်ကြာလေသည်။ တာအိုတေချင်ကျမ်းကို ရွတ်ဆိုနေချိန်တွင် ရွှမ်တုတောက်ကျွင်း၏ တန်ခိုးစွမ်းအားများက အစွန်းဆုံထိ မြင့်မားနေလေသည်။

ကောင်းကင်ထက်မှ မည်သည့်အရာမှ ကျရောက်လာခြင်းမရှိသော်လည်း မြေပြင်ထက်မှ ရွှေရောင်ကြာပန်းများသည် ကောင်းကင်ထက်သို့ ပျံသန်းလာကြလေသည်။

တာအိုတေချင်ကျမ်းကို ရွတ်ဆိုပြီးသွားသည်နှင့် ရွှမ်တုသည်လည်း ပင်ပန်းနွမ်းနယ်သွားရလေသည်။

သူ ယွိတင်ကို ရက်ပေါင်း (၃၀)လုံးလုံး ယိချီစန်းချင်တန်ခိုးစွမ်းအား သင်ပြပေးခဲ့စဉ်တုန်းကပင် ပင်ပန်းနွမ်းနယ်ခြင်းကို တစ်စက်လေး မခံစားခဲ့ရပေ။

ယခု တာအိုတေချင်ကျမ်း၏ စာလုံးရေ (၅၀၀၀)ကို အမွှေးတိုင်တစ်တိုင်စာမျှ ရွတ်ဖတ်လိုက်ရသည်က ဟွင့်ယွမ်ဝူကျီအဆင့် ရန်သူတစ်ယောက်နှင့် တိုက်ခိုက်လိုက်ရသည့်အလား ရွှမ်တုတောက်ကျွင်း မောပန်းနွမ်းလျ သွားရလေသည်။

အဘယ့်ကြောင့် ထိုသို့ ပင်ပန်းခြင်း ခံစားရသည်ကို ရွှမ်တုတောက်ကျွင်း သိရှိလေသည်။

ယိချီစန်းချင်တန်ခိုးစွမ်းအားက မည်မျှ မြင့်မားပါစေ ထိုအရာက လောက၏ တန်ခိုးစွမ်းအားတစ်ခုမျှသာ ဖြစ်လေသည်။ ထို့ကြောင့် … ရက်ပေါင်း (၃၀) သင်ပြပေးခဲ့သော်လည်း သူ ပင်ပန်းခြင်းကို မခံစားရပေ။

တာအိုတေချင်ကျမ်းကတော့ မည်မျှပင် ယေဘူယျဆန်သည်ဆိုစေကာမူ ကျမ်းစာတွင်ပါဝင်သည့် အနှစ်သာရများက နက်ရှိုင်းသည့် အဓိပ္ပါယ်များစွာ ပါဝင်လေသည်။

ယခုတော့ ရွှမ်တုတောက်ကျွင်းက တာအိုတေချင်ကျမ်းစာကို ရွတ်ဖတ်ခဲ့ပြီး သူ့ရှေ့မှ မြက်ပင်ငယ်လေးသည် တာအိုတေချင်ကျမ်းမှ စာလုံးပေါင်း (၅၀၀၀)၏ တန်ခိုးစွမ်းအားကို ရရှိသွားပြီ ဖြစ်လေသည်။

အရာအားလုံးသည် အကြောင်းအကျိုးများသာ ဖြစ်လေသည်။

ရွှမ်တုတောက်ကျွင်းသာ ထိပ်တန်းအဆင့် တာအိုလမ်းစဉ်ကို မကျင့်ကြံခဲ့ဘူးဆိုလျှင် ယနေ့ခံစားရနေရသည့် စိတ်ပူပန်မှုနှင့် ခြိမ်းခြောက်ခံရမှုများကို ခံစားရမည် မဟုတ်ပေ။

သူသာ အခြားသူများကို သင်ပြပေးပြီး အခြားသူများ၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်မပေးခဲ့လျှင် သူသည်လည်း ဤမျှလောက် အနေအထားရောက်အောင် ကျင့်ကြံနိုင်မည် မဟုတ်ပေ။

ဤမျှလောက်အနေအထားရောက်အောင် မကျင့်ကြံနိုင်ခဲ့လျှင် ယခုရရှိနေသည့် နောင်တတရားမျိုးလည်း ရရှိမည် မဟုတ်ပေ။

နောင်တရခြင်းမရှိလျှင် ယခုကဲ့သို့ ပူဆွေးဝမ်းနည်းရခြင်းလည်း ရှိလာမည် မဟုတ်ပေ။

ထို့ကြောင့် သူ၏ ဝမ်းနည်းပူဆွေးမှုကြောင့် ဖြစ်တည်လာရသည့် သူ့ရှေ့မှ မြက်ပင်ငယ်လေးကို အထွတ်အမြတ်ထားရာ ထိပ်တန်းကျင့်စဉ်ဖြစ်သည့် တာအိုတေချင်ကျမ်းစာကို ရွတ်ဖတ်ပြခဲ့ခြင်း ဖြစ်လေသည်။

ဤနည်းအာဖြင့် သူက သူ့ရှေ့မှ မြက်ပင်ငယ်လေးကို အထွတ်အမြတ်ထားရာ တာအိုလမ်းစဉ်ကို ပြောခဲ့ပြီး သူ၏ သင်ပြပေးမှုကို အပြည့်အ၀ ပေးအပ်ခဲ့ခြင်း ဖြစ်လေသည်။

သူက မြက်ပင်လေးကို သူတတ်နိုင်သမျှ အပြည့်အ၀ သင်ပြပေးခဲ့ပြီးပြီ ဖြစ်လေသည်။ အနာဂတ်တွင် မည်သည့်အရာများ ဖြစ်ပျက်လာမည်ကတော့ သူနှင့်မသက်ဆိုင်တော့ပေ။

ဤမြက်ပင်လေးသည် အနာဂတ်တစ်ချိန်တွင် လောကကို တုန်လှုပ်စေမည့် ဒဏ္ဍာရီဆန်သည့် ဘဝတစ်ခုကို ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်နိုင်ပေလိမ့်မည်။

သို့သော်… ရွှမ်တုတောက်ကျွင်းအနေဖြင့် မြက်ပင်ငယ်လေး ရရှိမည့် အောင်မြင်မှုများကို တွေ့မြင်နိုင်မည် မဟုတ်တော့ပေ။

ရွှမ်တုတောက်ကျွင်းသည် မလိုအပ်သည့်အတွေးများကို မတွေးတော့ဘဲ ကောင်းကင်ဘုံနန်းတော်သို့ ပြန်ခဲ့လေတော့သည်။

…………….

ချင်းရှတောင်သည် အလွန်ခမ်းနားပြီး ကြီးကျယ်မြင့်မြတ်လှသည့် တောင်တစ်တောင် မဟုတ်ပေ။

သို့သော်… နတ်ဘုရားများအလယ်တွင်တော့ ချင်းရှတောင်၏ ဂုဏ်သတင်းသည် ခွန်လွန်တောင်နှင့် လင်စန်းတောင်အောက် မလျော့နည်းပေ။

အကြောင်းမှာ… ချင်းရှတောင်သည် ဆန်းလျန် နေထိုင်ရာ နေရာဖြစ်နေသောကြောင့် ဖြစ်လေသည်။

ယွမ်စီထျန်းကျွင်းနေထိုင်ရာနေရာသည် ခွန်လွန်တောင်ဖြစ်သကဲ့သို့ ၊ ဗုဒ္ဓနေထိုင်ရာနေရာသည် လင်စန်းတောင်ဖြစ်သကဲ့သို့ ၊ ဆန်းလျန်နေထိုင်ရာနေရာသည် ချင်းရှတောင် ဖြစ်လေသည်။

နောက်ထပ်ဥပမာပေးရလျှင်… ခွန်လွန်တောင်သို့သွားသော်လည်း ယွမ်စီထျန်းကျွင်းကို တွေ့ရမည် မဟုတ်သလို လင်စန်းတောင်သို့သွားသော်လည်း ဗုဒ္ဓကို တွေ့ရမည် မဟုတ်ပေ။

ထို့အတူ… ယခုအချိန်တွင် ဆန်းလျန်သည်လည်း ချင်းရှတောင်တွင် မရှိပေ။

ဝူကျီးချီ ကောင်းကင်ဘုံနန်းတော်တွင် ခိုလှုံသွားပြီး နဂါးငွေ့တန်း၏ ရေတပ်စစ်ဗိုလ်ချုပ် ဖြစ်လာပြီးသည့်နောက် ချင်းရှတောင်၏ တံခါးစောင့်တာဝန်ကို ရဲ့မော်ထျန်းက ပြန်လည် ရယူထားလေသည်။

ကူးဝေေ၀က ချင်းရှတောင်ပေါ်သို့ မည်သူမှ တက်မလာအောင် တားဆီးထားရန် ရဲ့မော်ထျန်းကို အမိန့်ပေးထားလေသည်။

သို့သော်… လူတစ်ယောက်ကတော့ မည်သူမှ တားဆီးနိုင်ခြင်းမရှိဘဲ ချင်းရှတောင်ပေါ်သို့ ရောက်ရှိလာခဲ့လေသည်။ ထိုသူသည်ကား ရဲ့လျိုယွင်ဟု ခေါ်သည့် ချင်တိဧကရာဇ်ပင် ဖြစ်လေတော့သည်။

လောကတွင် ဆန်းလျန်ကို သိပ်ပြီးကြောက်ရွံ့ခြင်းမရှိသူတစ်ယောက်ကို ပြပါဆိုလျှင် ချင်တိဧကရာဇ် ရဲ့လျိုယွင်ကိုသာ ပြရပေလိမ့်မည်။

ရဲ့လျိုယွင်သည် ရွှမ်တုတောက်ကျွင်းနှင့် တာအိုဆရာလီချင်းဆွေတို့လောက် တန်ခိုးစွမ်းအား မြင့်မားခြင်း မရှိပေ။

ဤသို့ဆိုလျှင်… ရဲ့လျိုယွင်က အဘယ့်ကြောင့် ဆန်းလျန်ကို မကြောက်ရွံ့ရပါသနည်း။

လူအများပြောဆိုကြသည်မှာတော့… ချင်းရှတောင်၏ တောင်သခင် ဆန်းလျန် ယနေ့ရရှိသည့် အောင်မြင်မှုမျိုး ရရှိခဲ့သည်မှာ ချင်တိဧကရာဇ် ရဲ့လျိုယွင်၏ ကံကြမ္မာကို ခိုးယူထားသောကြောင့် ဖြစ်သည်ဟု ဆိုကြလေသည်။

ထို့ပြင်… ဆန်းလျန်နှင့် ရဲ့လျိုယွင်ကြားမှ ပတ်သက်ဆက်နွယ်မှုများနှင့် အဖြစ်အပျက်များကိုသုံးသပ်ကြည့်လျှင် ထိုအချက်က မှန်ကန်ကြောင်း အတည်ပြုပေးနိုင်သည်။

ထိုအကြောင်းများကြောင့် ရဲ့လျိုယွင်က ဆန်းလျန်ကို အခြားနတ်ဘုရာများနည်းတူ မကြောက်ရွံ့ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

ရဲ့မော်ထျန်းကလည်း ထိုကောလဟလများကို ကြားထားလေသည်။ ထို့ကြောင့် သူက ရဲ့လျိုယွင် တောင်ပေါ်သို့ တက်လာသည့်အခါ လေးလေးစားစားဖြင့် ကြိုဆိုလက်ခံခဲ့သည်။

နောက်တစ်ချက်မှာ ရဲ့လျိုယွင်ကို တွေ့လိုက်ရသည်နှင့် ဆန်းလျန်နှင့်တွေ့လိုက်ရသည့်အလား ခံစားရခြင်းပင် ဖြစ်လေသည်။

သူ၏ သခင်ဖြစ်သူ ဆန်းလျန်က တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်လာရန် အလွန်နီးကပ်နေပြီ ဖြစ်သည်။ သို့သော်… ရဲ့လျိုယွင်၏ ဟန်ပန်ပုံသဏ္ဍန်နှင့် အငွေ့အသက်များက ဆန်းလျန်နှင့် အလွန်ဆင်တူလေသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ချင်တိဧကရာဇ် မည်မျှ တန်ခိုးစွမ်းအားမြင့်မားသည်ကို ခန့်မှန်းနိုင်လေသည်။

ထို့ကြောင့် တောင်ပေါ်သို့ တက်လာသူများကို တားဆီးထားရန် ကူးဝေေ၀က ရဲ့မော်ထျန်းကို မှာကြားထားသော်လည်း ရဲ့လျိုယွင်ကိုတော့ မတားဆီးဝံ့ခဲ့ပေ။ ကူးဝေေ၀ အပြစ်တင်လျှင်လည်း ခံရမည်သာ ဖြစ်လေသည်။

ရဲ့လျိုယွင် ရောက်လာသည်ကို တွေ့ရသည့်အခါ ကူးဝေေ၀ အနည်းငယ် အံ့အားသင့်သွားမိသည်။

သို့သော်… ရဲ့လျိုယွင်ကို မတားဆီးနိုင်ခဲ့ခြင်းအတွက် ရဲ့မော်ထျန်းကို ကူးဝေေ၀ အပြစ်မတင်ခဲ့မိပေ။

ကူးဝေေ၀က ရဲ့လျိုယွင်ကို ချင်းရှကျောင်းတော်အတွင်းသို့ ဖိတ်ခေါ်ပြီး လက်ဖက်ရည်ကြမ်းဖြင့် တည်ခင်းဧည့်ခံလိုက်လေသည်။

ရဲ့လျိုယွင် လက်ဖက်ရည်သုံးဆောင်သည့် ဟန်ပန်ကပင် အလွန်မှ ကျက်သရေနှင့်ပြည့်စုံပြီး တင့်တယ်လှသည်။ သာမန်လူတစ်ယောက်မဟုတ်ဘဲ ထူးခြားသည့် ကံကြမ္မာဖြင့် မွေးဖွားလာသူဖြစ်ကြောင်း ဟန်ပန်အသွင်သဏ္ဌာန်ကို ကြည့်ရုံနှင့် သိရှိနိုင်လေသည်။

သာမန်လက်ဖက်ရည်ကြမ်းတစ်ခွက်ကို သောက်နေသည့်တိုင် ရဲ့လျိုယွင်၏ ဟန်ပန်က ဝိညာဉ်စွမ်းအားပြည့်ဝသည့် နတ်လက်ဖက်ရည်ကြမ်းကို သောက်နေသည့် ဟန်ပန်မျိုးဖြစ်လေသည်။

ရဲ့လျိုယွင်နှင့် ဆုံတွေ့ရသည့်အခါ ကူးဝေေ၀က ရဲ့လျိုယွင်နှင့် ဆန်းလျန်ကြားမှ ကောလဟလများအကြောင်း စဉ်းစားနေမိပြီး ရဲ့လျိုယွင်ကို ဆန်းလျန်နှင့် နှိုင်းယှဉ်ကြည့်နေမိသည်။

ဆန်းလျန်နှင့် ရဲ့လျိုယွင်သည် ဟန်ပန် ၊ စိတ်နေစိတ်ထား ၊ အငွေ့အသက် အလွန်တူညီလှသည်။ သို့သော်… အရာအားလုံး တူညီသည်ဟုလည်း မဆိုနိုင်ပြန်ပေ။

ဆန်းလျန်သည် ရဲ့လျိုယွင်လောက် ဟန်မများဘဲ ပို၍လွတ်လပ်ပေါ့ပါးသူဖြစ်သည်ဟု ကူးဝေေ၀ ခံစားမိသည်။

သို့သော် မိန်းကလေးတစ်ယောက်အနေဖြင့် ဆန်းလျန်နှင့် ရဲ့လျိုယွင် တစ်ယောက်ကိုရွေးပါဟု ဆိုလာလျှင် သူမအနေဖြင့် ဆန်းလျန်ကိုသာ ရွေးခြယ်မိမည် ဖြစ်လေသည်။

ထိုသို့တွေးမိသည့်အခါ ကူးဝေေ၀ ရှက်သွေးဖြာသွားမိသည်။

ဆန်းလျန်အကြောင်း စိတ်ထဲရောက်လာပြန်တော့ မတွေ့ရသည်မှာ ကြာပြီဖြစ်သော ဆန်းလျန်ကို သူမ သတိရ တမ်းတမိပြန်သည်။

ဆန်းလျန် မည်သည့်အလုပ်များလုပ်နေသည် ၊ မည်သည့်နေရာသို့ ရောက်နေသည် … ကူးဝေေ၀သည်လည်း သိရှိနိုင်ခြင်း မရှိပါပေ။

ဆန်းလျန် ဤလောကမှ တိတ်တဆိတ်ထွက်ခွာသွားပြီး သူမကိုပင် နှုတ်ဆက်စကားမဆိုဘဲ သံသရာကို ကျော်လွန်သွားမည်ကို သူမ စိုးရိမ်နေမိလေသည်။

သို့သော်… ထိုသို့ဆိုလျှင်လည်း ကောင်းသည်ပဲလေဟု သူမ တွေးမိပြန်လေ၏။

ထို့နောက် အတွေးစတို့ကို ဖြတ်တောက်လိုက်ပြီး သူမက ရဲ့လျိုယွင်ကို ကြည်လင်သည့်မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်သည်။

သူမက နူးညံ့သိမ်မွေ့သည့် လေသံဖြင့်…

"တိမ်ဖြူစမ်းချောင်းထဲက စမ်းရေကို တောင်ပေါ်က လက်ဖက်ရွက်ခပ်ထားတဲ့ လက်ဖက်ရည်ကြမ်းပါ ၊ ဒါနဲ့ပဲ ဧည့်ခံနိုင်လို့ ချင်တိဧကရာဇ် အပြစ်မတင်ဘူးလို့ မျှော်လင့်မိပါတယ်…"

ရဲ့လျိုယွင်က လက်ဖက်ရည်ကြမ်းပန်းကန်ကို အသာပြန်ချထားလိုက်ပြီး ပြုံးလိုက်လေသည်။

"လက်ဖက်ရည်ကြမ်းက တကယ် အရသာရှိပါတယ်…"

အခြာသူက ထိုသို့ပြောလျှင် အပိုလုပ်ကာ မြှောက်ပင့်ပြောသည်ဟု ကူးဝေေ၀ ထင်မြင်မိပေလိမ့်မည်။

သို့သော်… ရဲ့လျိုယွင်က ထိုသို့ပြောလာသည့်အခါ သူမ အမှန်တကယ်ပြောသည်လား ၊ တမင်တကာ ချီးကျူးစကားဆိုသည်လား သူမဆုံးဖြတ်နိုင် ဖြစ်ရသည်။

ကူးဝေေ၀က တစ်ချက်ပြုံးလိုက်ရင်း…

"လက်ဖက်ရည်ကြမ်း ကောင်းတာ မကောင်းတာက ထားလိုက်ပါလေ ၊ ချင်တိဧကရာဇ် ဒီကို ကြွရောက်လာရတာကတော့ လက်ဖက်ရည်ကြမ်း သုံးဆောင်ဖို့လောက်ပဲ မဟုတ်ဘူးမလား…"

ရဲ့လျိုယွင်က…

"နတ်သမီး စိတ်မပူပါနဲ့ ၊ ကျုပ်က ဒီကိုလာတာ နတ်သမီးနဲ့တွေ့ဖို့ ရောက်လာတာပါ…"

ကူးဝေေ၀ အံ့အားသင်သွားပြီး…

"ဒါဖြင့် ချင်တိဧကရာဇ် ဒီကိုရောက်လာရတာ ကျွန်မရဲ့ ဂိုဏ်းတူမောင်လေးနဲ့ တွေ့ဖို့ရောက်လာတာ မဟုတ်ဘူးပေါ့…"

သူမ အနည်းငယ် စိတ်ရှုတ်ထွေးသွားမိလေသည်။

ဆန်းလျန် မရှိသည့်အချိန် ရဲ့လျိုယွင်က သူမနှင့်လာရောက်တွေ့ဆုံပြီး စိန်ခေါ်တိုက်ခိုက်လေမည်လားဟု သူမ စိတ်ပူပန်သွားမိသည်။

ရဲ့လျိုယွင်ကတော့ သူမ၏ အတွေးများကို သိနေသည့်အလား ရယ်မောလိုက်လေသည်။

"နတ်သမီး… အထင်မလွဲပါနဲ့ဗျာ ၊ ကျုပ်က နတ်သမီးအတွက် တပည့်တစ်ယောက် ပို့ပေးချင်လို့ပါ…"

***

All Chapters