တပည့်
Vol. 11 Ch. 1012
ထိုအခါမှ ကူးဝေေ၀ စိတ်သက်သာရာရသွားတော့သည်။
ကူးဝေေ၀က…
"ချင်တိဧကရာဇ်က ပြောတယ်ဆိုတော့ တပည့်ကောင်းတစ်ယောက်ပဲ ဖြစ်ရမယ် ၊ အဲဒီကလေးက ဘယ်နေရာကလဲဆိုတာ ကျွန်မ သိခွင့်ရှိမလား…"
ကူးဝေေ၀က ရဲ့လျိုယွင်၏ အမြင်ရှိမှုကို ယုံကြည်လေသည်။
သို့သော်… သူမက အလျှင်အမြန် မတုံ့ပြန်ခဲ့ပေ။ တပည့်အဖြစ်လက်ခံရန်အတွက် မည်သို့သောသူမျိုးဖြစ်သည်ကို အရင်ဦးဆုံး ကြည့်ရဦးမည် ဖြစ်သည်။
ရဲ့လျိုယွင်က ပြုံးလိုက်ရင်း…
"ဒီကနေ မိုင် (၃၀၀၀) အဝေးမှာ ကျုပ် သူ့ကိုတွေ့ခဲ့တာ ၊ ကျုပ် သူ့ကို ချင်းရှတောင်ကို သွားဖို့ လမ်းညွှန်ပေးလိုက်တယ် ၊ ဒီအကြောင်းကို နတ်သမီးကို ကြိုပြီး အကြောင်းလာကြားတာပါ ၊ အဲဒီကလေး ရောက်လာရင်သာ တပည့်အဖြစ်လက်ခံဖို့ မငြင်းပါနဲ့…"
ကူးဝေေ၀က မျက်မှောင်တစ်ချက်ကြုတ်လိုက်ရင်း…
"သူ့ဇာစ်မြစ်ကဘာဆိုတာ မသိရဘဲ ကျွန်မ ဘယ်လိုလုပ် ဆုံးဖြတ်ချက်ချနိုင်မှာလဲ…"
ရဲ့လျိုယွင်က…
"ဆန်းလျန်ကို ချင်းရွှမ်နတ်တံခါးကို သွားဖို့ ကျုပ် လမ်းညွှန်ပေးခဲ့တာပါ ၊ ဆန်းလျန် ချင်းရွှမ်နတ်တံခါးကိုရောက်တော့ ချင်းရွှမ်နတ်တံခါးက သူ့ကို မငြင်းပယ်ဘဲ လက်ခံခဲ့တယ် ၊ ဒါကြောင့် နတ်သမီးကလည်း အခု ကျုပ်ပြောတဲ့ကလေးကို မငြင်းစေချင်ပါဘူး…"
စကားပြောပြီးသည်နှင့် ရဲ့လျိုယွင်က မျက်ဝန်းများကို အသာမှေးမှိတ်လိုက်လေသည်။
ရဲ့လျိုယွင်က သူပြောသည့် ကလေးအား ကူးဝေေ၀က တပည့်အဖြစ်လက်ခံစေချင်ဟန် ရှိနေသည်။
ကူးဝေေ၀က တစ်ချက်မျှ တုံ့ဆိုင်းနေမိသည်။ ရဲ့လျိုယွင်က အတိတ်တစ်ချိန်က သူ ဆန်းလျန်အပေါ် ပြုခဲ့ဖူးသည့် ကျေးဇူးကိုထောက်ပြီး ကူးဝေေ၀ထံမှ မျက်နှာသာပေးသည်ကို လိုချင်နေလေသည်။
ဆန်းလျန်က တစ်ချိန်ကအဖြစ်အပျက်များကို အသိအမှတ်ပြုမည်လား မပြုမည်လား ကူးဝေေ၀ မသိသော်လည်း ချင်းရွှမ်နတ်တံခါးအနေဖြင့်ဆိုလျှင် ရဲ့လျိုယွင်၏ ကျေးဇူးတရားကို အသိအမှတ်ပြုရမည် ဖြစ်လေသည်။
ရဲ့လျိုယွင်သာ ဆန်းလျန်ကို ချင်းရွှမ်နတ်တံခါးသို့ လမ်းညွှန်ပေးလိုက်ခြင်း မရှိလျှင် ချင်းရွှမ်နတ်တံခါးတွင် ဆန်းလျန်ကဲ့သို့ တန်ခိုးစွမ်းအား မြင့်မားသူတစ်ယောက် ထွက်ပေါ်လာမည် မဟုတ်ပေ။
သို့သော်… ရဲ့လျိုယွင်က ရည်ရွယ်ချက်ရှိရှိဖြင့် တမင်သက်သက် တပည့်တစ်ယောက်လာပို့ခြင်းလား ၊ သွေးရိုးသားရိုးဖြင့်လားဆိုသည်ကို ကူးဝေေ၀ မခန့်မှန်းနိုင်ခဲ့ပေ။
နောက်ဆုံးတော့… အံတစ်ချက်ကြိတ်ရင်း ကူးဝေေ၀ ရဲ့လျိုယွင်၏ဆန္ဒကို သဘောတူလိုက်ရလေတော့သည်။
"အဲဒီကလေးရဲ့ ပုံစံက ဘယ်လိုမျိုးလဲ ၊ သူ ချင်းရှတောင်ကို ရောက်လာရင် ကျွန်မ တပည့်အဖြစ် လက်ခံလိုက်ပါ့မယ်…"
ကူးဝေေ၀သည် အပြင်ပန်းအားဖြင့် နူးညံ့သိမ်မွေ့ဟန်ရှိသော်လည်း ဆုံးဖြတ်ချက် ခိုင်မာသူတစ်ယောက် ဖြစ်လေသည်။
အကြောင်းအကျိုးဆိုသည်က အတူတကွ ယှဉ်တွဲတည်ရှိနေကြောင်း သူမ နားလည်သဘောပေါက်လေသည်။
ရဲ့လျိုယွင်က ဆန်းလျန်ကို ချင်းရွှမ်နတ်တံခါးသို့ သွားနိုင်ရန် လမ်းညွှန်ပေးခဲ့သည့် အကြောင်းတရားကြောင့် ယနေ့ ကူးဝေေ၀ တပည့်တစ်ယောက်လက်ခံပေးရမည့် အကျိုးတရားဖြစ်လာရခြင်း ဖြစ်သည် မဟုတ်ပါလား။
သူမအနေဖြင့် နောင်ကိစ္စ နောင်မှရှင်းသည်က အကောင်းဆုံးဖြစ်ကြောင်း လက်ခံလိုက်ပြီး လောလောဆယ်တွင်တော့ ရဲ့လျိုယွင်ပြောသည့်တပည့်ကို လက်ခံရန် ဆုံးဖြတ်လိုက်သည်။
ရဲ့လျိုယွင်က မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး ကူးဝေေ၀ကိုကြည့်ပြီး အချိန်အတော်ကြာအောင် ပြုံးနေခဲ့လေသည်။
"ကျုပ် နတ်သမီးကို စိတ်ပျက်အောင် မလုပ်ပါဘူး…"
ထို့နောက် ရဲကလျိုယွင်က စကားဆက်ပြောလိုက်သည်။
"ယွင်မုန့်တောင်ပေါ်က မိုးကောင်းကင်ဓားရေကန်မှာ အဲဒီကလေးကို တွေ့ခဲ့တာ…"
ကူးဝေေ၀ ရုတ်တရက် ရင်ထဲတွင် တုန်လှုပ်သွားပြီး စိတ်ထဲတွင်လည်း သံသယများဖြင့် ပြည့်နက်လာလေသည်။
သို့သော်… ရဲ့လျိုယွင်ကတော့ အဖြူရောင်တိမ်တိုက်တစ်စအလား အဝေးသို့ လွင့်မျောထွက်ခွာသွားပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားလေတော့သည်။
ယွင်မိန်တောင်ဟု ကြားစဉ်က သူမ သိပ်သတိမထားမိသေးပေ။ သို့သော်… မိုးကောင်းကင်ဓားရေကန်ဟု ကြားလိုက်ရသည့်အခါ သူမစိတ်ထဲတွင် တစ်စုံတစ်ခုကိုသတိရသွားမိလေသည်။
ယွင်မိန်တောင်ဆိုသည်က သာမန်တောင်တစ်တောင် မဟုတ်ပေ။
လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက ထိုနေရာသည် ကျင့်ကြံသူလောကတွင် ကြီးမားသည့် ဓားသိုင်းပြိုင်ပွဲ ကျင်းပရာ နေရာတစ်ခုဖြစ်လေသည်။
ထို ဓားသိုင်းပြိုင်ပွဲကို "ယွင်မိန်တောင်ပေါ်မှဓားသိုင်းပြိုင်ပွဲ" ဟု ခေါ်ဆိုလေသည်။
ထိုနေရာသည် ကမ္ဘာပေါ်ရှိ ဓားသိုင်းကျင့်ကြံသူများ နှစ်ပေါင်း (၅၀)လျှင်တစ်ကြိမ် ဓားသိုင်းယှဉ်ပြိုင်ရာ နေရာဖြစ်သည်။
ဓားသိုင်းပြိုင်ပွဲတွင် ဓားကျိုးသွားသောသူ (သို့မဟုတ်) ဓားပျောက်ဆုံးသွားသောသူများက ရှုံးနိမ့်သူများဖြစ်ပြီး ပြိုင်ပွဲမှ ထွက်ခွာသွားကြရလေသည်။
ဓားသိုင်းကျင့်ကြံသူများ၏ ဓားသိုင်းပြိုင်ပွဲများ ကျင်းပလာကြပြီးနောက် နှစ်ပေါင်း အသင်္ချေကြာလာသည့်အခါ ဓားသိုင်းကျင့်ကြံသူများ၏ ဓားကျိုးပေါင်းများစွာသည် ယွင်မိန်တောင်ပေါ်တွင် များပြားသည်ထက် များပြားလာလေတော့သည်။
ထို့နောက်တွင်တော့… ထိုဓားကျိုးများ အတူတကွ စုစည်းသွားပြီး မိစ္ဆာဝိညာဉ်တစ်ခုကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသော ဓားမိစ္ဆာဝိညာဉ်တစ်ခု မွေးဖွားလာခဲ့လေသည်။
ထိုဓားမိစ္ဆာဝိညာဉ်ကြောင့် ယွင်မိန်တောင်ပေါ်ရှိ ဓားကျိုးများ ပေါင်းစည်းသွားပြီး ထိုနေရာတွင် ရေကန်တစ်ခုနှင့်ဆင်တူသည့် အရာတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုနေရာကို မိုးကောင်းကင်ဓားရေကန်ဟု ခေါ်ဆိုကြလေသည်။
မိုးမြေစွမ်းအားများက မိုးကောင်းကင်ဓားရေကန်အတွင်းသို့ စီးဆင်းဝင်ရောက်နေပြီး ထိုရေကန်သည် ဓားတစ်လက်အလား ထက်ရှလျှက် ရှိလေသည်။
ယခုဆိုလျှင်… ထိုနေရာသို့ အလွန်အဆင့်မြင့်သည့် ဓားသိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်လျှင်ပင် မသွားရောက်ရဲကြတော့ပေ။
သွားရောက်ပါကလည်း ထိုနေရာတွင် မည်သူမှ ကြာရှည်မနေနိုင်ကြပေ။ ကြာရှည်နေထိုင်မိပါက နတ်ဘုရားခန္ဓာများ ၊ ဓမ္မခန္ဓာများ ပျက်စီးကုန်ကြပေလိမ့်မည်။
ထို့ကြောင့် မိုးကောင်ကင်ဓားရေကန်သည် ကျင့်ကြံသူများအတွက် ကျားရိုင်းတစ်ကောင်အလား ကြောက်မက်ဖွယ်ကောင်းသော အန္တရယ်များဖြင့် ပြည့်နက်နေသည့် ဒေသတစ်ခု ဖြစ်လာခဲ့လေသည်။
နာမည်ကျော်ကြားသော်လည်း မည်သူမှ ခြေတစ်လှမ်းပင် မချဝံ့သည့် နေရာတစ်ခု ဖြစ်လေသည်။
အလွန်တရာ တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်ဆိုလျှင်တော့ မိုးကောင်းကင်ဓားရေကန်မှ ဓားမိစ္ဆာဝိညာဉ်ကို သန့်စင်ပေးနိုင်မည် ဖြစ်သည်။
သို့သော်… မိုးကောင်းကင်ဓားရေကန်သည် မတူညီသည့် ဓားကျိုးများ တစ်ခုနှင့်တစ်ခု ပေါင်းစပ်နေခြင်း ဖြစ်သည့်အတွက် တန်ခိုးစွမ်းအားများက ရှုတ်ထွေးလျှက် ရှိလေသည်။
ထို့ကြောင့်… ထိုနေရာကို အလွန်ထူးဆန်းသည့် နေရာတစ်နေရာအဖြစ် အားလုံးက သတ်မှတ်ထားကြလေသည်။
ယခု ရဲ့လျိုယွင်က မိုးကောင်းကင်ဓားရေကန်တွင် ထိုကလေးကို တွေ့ခဲ့သည်ဟု ဆိုလေသည်။
ဤသို့ဆိုလျှင် ထိုကလေး၏ ရုပ်ခန္ဓာသည် အတော်လေးထူးဆန်းပြီး သာမန်မဟုတ်သည့် ရုပ်ခန္ဓာမျိုး ဖြစ်ရပေလိမ့်မည်။
သို့သော်… ထိုကလေးသည် ကျင့်ကြံခြင်းအဆင့် မြင့်မားနိုင်ခြင်း မရှိပေ။ အကြောင်းမှာ… ကျင့်ကြံခြင်းအဆင့် မြင့်မားလျှင် ရဲ့လျိုယွင်က သူမကို တပည့်အဖြစ်လက်ခံပါရန် တကူးတက လာရောက်ပြောကြားမည် မဟုတ်ပေ။
ကူးဝေေ၀မှာ အချိန်တိုအတွင်း အကြောင်းအရာအတော်များများကို စဉ်းစားနေမိလေတော့သည်။
သို့သော်… အတိအကျသိချင်သည်ဆိုလျှင်တော့ ထိုကလေးရောက်လာသည့်အချိန်ကိုသာ စောင့်ဆိုင်းရမည် ဖြစ်လေသည်။
……….
ဆောင်းရာသီကုန်ဆုံးကာ နွေဦးရာသီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။
အရှေ့လေ မတိုက်ခတ်တော့ဘဲ မြောက်လေစတင်တိုက်ခတ်လာပြီ ဖြစ်သည်။
နှင်းများထူထပ်စွာကျဆင်းလာပြီး ချင်းရှတောင်တစ်ခုလုံး နှင်းများ ဖုံးလွှမ်းလျှက် ရှိလေသည်။
ချင်းရှတောင်ပေါ်တက်သည့်လမ်းက မတ်ဆောက်ပြီး တက်ရခက်ခဲလှသည်။ ယခုလို နှင်းများထူထပ်စွာ ဖုံးလွှမ်းနေသည့်အချိန်တွင် တောင်ပေါ်သို့တက်ရန် ပို၍ပင် ခက်ခဲလေသည်။
သို့သော်… အသက် (၁၀)နှစ်ကျော်မျှသာရှိသေးသည့် လူငယ်လေးတစ်ယောက်သည် တောင်တက်လမ်းအတိုင်း လမ်းလျှောက်တက်လာလေသည်။
အေးစက်သည့်ဆောင်းလေသည် ဓားထက်ထက်အလား အသွေးနှင့်အသားများကို စုတ်ပြဲသွားအောင် တိုက်ခိုက်နေလေသည်။
သို့ရာတွင်… ဆောင်းလေအေးက မည်မျှ ထက်ရှသည်ဆိုစေကာမူ လူငယ်၏ ဓားသွားပုံသဏ္ဍန်မျက်ခုံးများလောက် ထက်ရှခြင်း မရှိနိုင်ပေ။ လူငယ်၏ မျက်ခုံးများသည့် ပုဆိန်တစ်လက်ဖြင့်ထွင်းထားသည့် ဓားသွားသဏ္ဌာန်အလား ပီပြင်လွန်းလှလေသည်။
တောင်တက်လမ်းက ခက်ခဲလွန်းသော်လည်း လူငယ်လေးကတော့ လုံး၀ ရပ်တန့်ခြင်း မရှိပေ။
တောင်ပေါ်လေတိုက်ခတ်မှုကြောင့် လူငယ်လေး၏ ပိန်သွယ်ပါးလျသည့် ခန္ဓာကိုယ်လေး လဲပြိုကျသွားပြီး တောင်အောက်သို့ လိမ့်ဆင်းသွားတော့မည့်အလား ထင်မှတ်ရသည်။
တောင်တစ်ခွင်လုံးက နှင်းများဖြင့် ဖုံးလွှမ်းနေပြီး တောင်ခါးပန်းက ပေပေါင်းများစွာ မြင့်မားသည်ဖြစ်ရာ တောင်ပေါ်မှသာ လိမ့်ကျသွားမည်ဆိုလျှင် သံမဏိအရိုးများပင် ပိုင်ဆိုင်သူဖြစ်ဦးတော့ အသက်ရှင်လမ်း ရှိမည် မဟုတ်ပေ။
သို့သော်… လူငယ်လေးက ခန္ဓာကိုယ်ကသာ ပိန်ပိန်ပါးပါးလေးဖြစ်သော်လည်း လျှောက်လှမ်းလာသည့် ခြေလှမ်းတိုင်းက အလွန်ခိုင်မာလေသည်။
နှင်းတောထဲတွင် ကုပ်တွင်ထားနိုင်သည့် သားရဲကြီးများ၏ လက်သည်းချွန်ကြီးများအလား သူ၏ ခြေထောက်များကို နှင်းတောထဲတွင် ကုတ်တွယ်ထားလေသည်။ သူ့ကိုကြည့်ရသည်မှာ လုံး၀ လက်မလျှော့ ၊ အရှုံးမပေးသည့် ဟန်ပန်မျိုး ဖြစ်လေသည်။
သူက ဖြည်းဖြည်းနှင့် မှန်မှန် လျှောက်လှမ်းလာပြီး တောင်အောက်သို့ ပြုတ်ကျသွားခြင်း လုံး၀ မရှိခဲ့ပေ။
ထင်းရှူးပင်တန်းသို့ ရောက်ရှိလာသည့်အခါ သူ မည်မျှဝေးဝေးသို့ လမ်းလျှောက်ခဲ့ရသည်ပင် မသိနိုင်တော့ပေ။
ထင်းရှူးပင်စူးများသည် နှင်းများဖြင့် ဖုံးလွှမ်းလျှက် ရှိပြီး ထူးဆန်းစွာ ကြည်ပြာရောင်တောက်ပလျှက် ရှိလေသည်။ ထို့ကြောင့် ဤချင်းရှတောင်သည် အခြားနေရာများထက် ထူးခြားသည့် နေရာတစ်ခုဖြစ်ကြောင်း သိရှိနိုင်သည်။
ထင်းရှူးပင်တန်းကို ဖြတ်သန်းလာပြီးသည့်နောက် ဝါးရုံတောလေးကို တွေ့မြင်ရလေသည်။
ဝါးရုံတောလေးမှာလည်း နှင်းများဖုံးလွှမ်းနေပြီး တိုက်ခတ်နေသည့်လေက အေးစက်လွန်းလှသည်။
စာပေသမားတစ်ယောက်ဆိုလျှင်တော့ အံ့သြဖွယ်ရာ လှပသည့် ဝါးရုံတောလေးကိုကြည့်ပြီး ကဗျာစာပေများ ရေးစပ်မိမည် ဖြစ်လေသည်။
သို့သော်… လူငယ်လေးကတော့ ရှုခင်းများကို စိတ်ဝင်စားဟန် မပြပေ။
သူက တောင်ပေါ်လမ်းတွင် လျှောက်လာသည့်ခြေလှမ်းများအတိုင်းပင် ဝါးရုံတောလေးကိုလည်း ဖြည်းဖြည်းမှန်မှန်ပင် ဖြတ်ကျော်လာခဲ့လေသည်။
ဝါးရုံတောလေးကို ဖြတ်ကျော်ပြီးသည့်နောက် ကျယ်ပြန့်သည့် မြင်ကွင်းတစ်ခုကို မျက်စိရှေ့တွင် တွေ့မြင်လိုက်ရလေသည်။
သူ တွေ့မြင်လိုက်ရသည့်မြင်ကွင်းက အခြားကမ္ဘာတစ်ခုအလားဖြစ်ပြီး နှင်းများဖုံးလွှမ်းကာ အေးစက်လွန်းသည့် ပြင်ပလောကနှင့် လုံး၀ ကွဲပြားခြားနားနေလေသည်။
သူ့ရှေ့တွင် တာအိုကျောင်းတော်တစ်ခုကို တွေ့မြင်လိုက်ရပြီး တာအိုကျောင်းတော်ပတ်ဝန်းကျင်တွင် အစိမ်းရောင်မြက်ခင်းများ ပေါက်ရောက်လျှက် ရှိလေသည်။
လူငယ်လေးသည် အမြင်အာရုံကောင်းသူဖြစ်လေရာ မြက်ပင်လေးများထက်တွင် တွဲလဲခိုနေသည့် နှင်းရည်စက်လေးများကိုပင် တွေ့မြင်နေရလေသည်။
မိုးကောင်းကင်က ပြာလွင်ကြည်လင်နေပြီး အဖြူရောင်တိမ်တိုက်များက ဖြည်းညင်းစွာ ရွေ့လျားနေကြလေသည်။
အခြားသူတစ်ယောက်ဆိုလျှင်တော့ ဤတောင်ပေါ်မြင်ကွင်းကိုကြည့်ရှုပြီးသည့်နောက် နတ်ဘုရားတောင်တစ်တောင်၏ လှပမှုနှင့် ဂုဏ်ကျသရေကို ချီးကျူးစကားဆိုကြမည် ဖြစ်လေသည်။
သို့သော်… လူငယ်လေးကတော့ သူတွေ့မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အံ့သြရုံသာရှိပြီး မည်သည့်စကားမှ ဖွဲ့နွဲ့ပြီး မဆိုတတ်ပေ။
သူရောက်ချင်သည့်နေရာသို့ ရောက်လာပြီဖြစ်ကြောင်းကိုတော့ သိရှိလိုက်လေသည်။
အမှန်တော့… သူက စာပေတတ်မြောက်ခြင်း ရှိလေသည်။ လွန်ခဲ့သည့်နှစ်ဝက်ခန့်က သူ လူတစ်ယောက်နှင့်တွေ့ဆုံခဲ့ပြီး ထိုသူက သူ့ကို စာပေသင်ကြားပေးခဲ့လေသည်။
သူက မိဘမဲ့တစ်ယောက်ဖြစ်ပြီး ထိုသူနှင့်မတွေ့ဆုံခင်အချိန်ထိ မိုးကောင်းကင်ဓားရေကန်တွင် နေထိုင်ခဲ့သူ ဖြစ်သည်။
သာမန်လူဆိုလျှင် အသက်ရှင်သန်ရန်အတွက် အစားအသောက်များ စားသောက်ရန်လိုသော်လည်း သူကတော့ စားစရာမလိုဘဲ ကြီးပြင်းလာခဲ့လေသည်။
သူ မျက်လုံးဖွင့်ကြည့်လိုက်သည့်အချိန်မှာပင် သူမြင်တွေ့ရသည်က မိုးကောင်းကင်ဓားရေကန် ဖြစ်နေခဲ့လေသည်။ ထို့ကြောင့်သူက မိုးကောင်းကင်ဓားရေကန်အတွင်းမှ ဓားကျိုးများက သူနှင့်ဘဝတူဖြစ်သည်ဟု ထင်မှတ်ထားခဲ့လေသည်။
လူငယ်လေးက သူ့ဘဝတစ်လျှောက်လုံး မိုးကောင်းကင်ဓားရေကန်တွင်ပင် နေထိုင်လိုခဲ့သည်။
သို့သော်… သူ့ကို စာပေသင်ပေးသူက ချင်းရှတောင်မှ ချင်းရှကျောင်းတော်သို့ သွားရောက်ရမည်ဟု မှာကြားခဲ့လေသည်။ ထို့ကြောင့် သူက ချင်းရှတောင်သို့ ထွက်ခွာလာခဲ့ခြင်း ဖြစ်လေ၏။
ယခင်ကဆိုလျှင် လူငယ်လေးက ယွင်မိန်တောင်ပေါ်မှ တစ်ဖဝါးမှ မခွာဘူးသော်လည်း တကယ်တမ်း တောင်ပေါ်မှ ဆင်းလာသည့်အခါ ကြောက်ရွံ့စိတ် မဖြစ်မိပေ။
ထို့ပြင်… မိုးကောင်းကင်ဓားရေကန်ကိုလည်း သတိရလွမ်းဆွတ်မိခြင်း မရှိပေ။
သူက အနှောင်အဖွဲ့မရှိ လွတ်လပ်စွာဖြင့် မွေးဖွားလာသူတစ်ယောက်သာ ဖြစ်လေသည်။
သူ ယွင်မိန်တောင်ပေါ်မှ ဆင်းလာပြီးတောက် ချင်းရှတောင်သို့ လာသည့်ခရီးတစ်လျှောက်တွင် လူပေါင်းများစွာ ၊ အရာဝတ္ထုပေါင်းများစွာနှင့် တွေ့ဆုံခဲ့ရလေသည်။
တဖြည်းဖြည်း လူများအကြောင်းကို နားလည်လာသယောင်ရှိသော်လည်း တကယ်တမ်းတွင် သိပ်လည်း နားမလည်ခဲ့ပေ။
အဓိကအချက်မှာ သူ တောင်ပေါ်မှ ဆင်းလာသည့် ရည်ရွယ်ချက် ပျောက်ကွယ်မသွားခြင်းပင် ဖြစ်သည်။
ထို့ကြောင့် သူက နှစ်ဝက်ကျော်ကျော်ခန့် လမ်းပေါ်တွင်သွားလာရင်း နောက်ဆုံးတော့ ချင်းရှတောင်မှ ချင်းရှကျောင်းတော်သို့ ရောက်ရှိလာခဲ့လေသည်။
လူငယ်လေးက တည်တည်ငြိမ်ငြိမ်ပင် ကျောင်းတော်တံခါးသို့ သွားပြီး တံခါးကို ဖွင့်ရန် ဟန်ပြင်လိုက်သည်။
သူက လူ့ယဉ်ကျေးမှုများကိုနားမလည်သည့် အရိုင်းအစိုင်းတစ်ယောက်မျှသာ ဖြစ်လေရာ တံခါးခေါက်ရမည်ကိုလည်း နားမလည်ခဲ့ရှာပေ။
သို့သော်… သူ တံခါးကို မဖွင့်ခင်မှာပင် တံခါးက ပွင့်သွားလေသည်။
တံခါးဝတွင် လူတစ်ယောက် ရပ်နေသည်ကို တွေ့မြင်လိုက်ရသည်။ ထိုသူထံမှ မွှေးပျံ့သည့် နံ့သာရနံ့များ ထွက်ပေါ်နေလေသည်။
ထိုသို့သော မွှေးရနံ့မျိုးကို တောင်ခြေတွင်လည်း လူငယ်လေး ရခဲ့ဖူးသည်။ သို့သော်… ယခု သူ့ရှေ့မှလူထံမှ ထွက်ပေါ်နေသည့် မွှေးရနံ့က ပို၍ မွှေးပျံ့သည်ဟု ထင်မှတ်ရလေသည်။
ထိုသို့သော မွှေးရနံ့များကို အသုံးပြုတတ်သူများကို မိန်းကလေးများဟု ခေါ်ကြောင်း လူငယ်လေး သိရှိထားသည်။ နောက်တစ်ချက် လူငယ်လေး သိရှိသည်မှာ ယောကျ်ားလေးများသည် မိန်းကလေးများကို စိတ်ဝင်စားကြသည်ဆိုသည့်အချက် ဖြစ်လေသည်။
ထိုသို့ မိန်းကလေးများကို စိတ်ဝင်စားသည့်အတွက် ယောကျ်ားလေးများစွာမှာ ဘဝတွင် ပြဿနာများစွာ ၊ အခက်အခဲများစွာ ရင်ဆိုင်ကြရလေသည်။
မိန်းကလေးများကြောင့် ဒုက္ခရောက် ပြဿနာတက်ကြရသော်လည်း မိန်းကလေးများကို သဘောကျစွာဖြင့် ယောကျ်ားများစွာက ချဉ်းကပ်ကြစမြဲပင်ဖြစ်သည်။
ထိုအချက်များကို လူငယ်လေး ယွင်မိန်တောင်မှဆင်းလာပြီးနောက် သိရှိခဲ့ရခြင်းဖြစ်သော်လည်း သူ့အနေဖြင့် နားမလည်နိုင်ခဲ့ပေ။
တံခါးလာဖွင့်သည့် မိန်းကလေးမှာ ကျောက်ရှောင်ယီ၏ ကိုယ်ခွဲဖြစ်သော ကြာပန်းဖြူ၏ အစေခံမလေး ဖြစ်လေသည်။ ကူးဝေေ၀က လူငယ်လေးကို ခေါ်လာရန်အမိန့်ပေးလိုက်သည့်အတွက် သူမက တံခါးလာဖွင့်ပေးခြင်း ဖြစ်သည်။
သို့သော်… သူမ၏ဘဝတွင် ယခု တံခါးဝတွင် ရပ်နေသည့် လူူငယ်လေးကဲ့သို့ ယဉ်ကျေးမှုမရှိသည့် လူမျိုးကို တစ်ခါမှ တွေ့မြင်ခဲ့ဖူးခြင်း မရှိပေ။
***