အဝင်အထွက်
Vol. 11 Ch. 1013
"ကျွန်မနာမည်က ယောင်ချင်ပါ ၊ ကူးကျန်းရန်နတ်သမီးက မင်းကို အထဲမှာ စောင့်နေပါတယ်…"
မိန်းကလေးက လူငယ်လေးကို အတန်ကြာကြည့်နေပြီးမှ အစကတည်းက ပြောရန် ပြင်ဆင်လာဟန်ရှိသည့် စကားများကို ပြောလိုက်လေသည်။
သူမက လူငယ်လေးရောက်ရှိလာခြင်းအတွက် အံ့အားသင့်နေခြင်း မဟုတ်ပေ။
သူမက လူငယ်လေးရောက်လာမည်ကို ကြိုတင်သိရှိနေသည်ကို လူငယ်လေးက အံ့သြဟန်မပြသည့်အတွက် ယောင်ချင်က အံ့သြနေခြင်း ဖြစ်လေသည်။
လူငယ်လေးက မအံ့သြသည့်အပြင် အေးဆေးတည်ငြိမ်၍ပင် နေသေးသည်။
လူငယ်လေးက တိတ်တိတ်ဆိတ်ဆိတ်ဖြင့်ပင် ယောင်ချင်ကို ခေါင်းတစ်ချက် ညိတ်ပြလိုက်လေသည်။
ယောင်ချင်က လူငယ်လေး၏ အပြုအမူများကို သတိထားပြီး လေ့လာနေသည်။ လူငယ်လေး၏ခန္ဓာကိုယ်သည် ပစ်လွှတ်တော့မည့် လေးတစ်လက်အလား ဖြောင့်မတ်လှသည်ကို သူမ သတိပြုမိသည်။
သို့သော်… သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်နေခြင်းတော့ မရှိပေ။
ထို့ပြင်… ဆယ်ကျော်သက်လူငယ်လေးများသည် ထိုသို့ပင် မယဉ်ကျေးတတ်သည်ကို သူမ သိရှိထားပြီး ဖြစ်လေသည်။
ထိုသို့သော လူငယ်လေးမျိုးသည် ကျင့်ကြံခြင်းပြုလုပ်ရန် သိပ်ပြီး မသင့်တော်လှဟု ယောင်ချင်က ဝေဖန်မိသည်။ အဘယ်ကြောင့်ဆိုသော်… သဘာဝတရားနှင့် လိုက်လျောညီထွေ မနေတတ်သောကြောင့် ဖြစ်လေသည်။
သို့သော်… ဝိညာဉ်စွမ်းအားကျင့်ကြံသူတစ်ယောက်တော့ ဖြစ်လာနိုင်လေသည်။ အကြောင်းမှာ… ထိုသို့သောလူမျိုးသည် ဆုံးဖြတ်ချက်ခိုင်မာခြင်း ၊ အာရုံစူးစိုက်နိုင်ခြင်းနှင့် အထီးကျန်မှုကို ခံနိုင်ရည်ရှိပြီး အခက်အခဲများကို ရင်ဆိုင်နိုင်စွမ်း ရှိသောကြောင့် ဖြစ်လေသည်။
လူအများစုက ကျင့်ကြံခြင်းနှင့် ဝိညာဉ်စွမ်းအားကျင့်ကြံခြင်းကို သိပ်နားမလည်ဘဲ ရှုတ်ထွေးကြသော်လည်း ချင်းရှတောင်တွင် နှစ်ပေါင်းများစွာကြာအောင် နေထိုင်ခဲ့ကြသူများအနေဖြင့် ခြားနားချက်ကို ကောင်းစွာ နားလည်ကြလေသည်။
ကူးဝေေ၀သာ ဤလူငယ်လေးကိုတွေ့လျှင် ဝမ်းသာမည်လား စိတ်ညစ်ညူးသွားမည်လားဟု ယောင်ချင်သိချင်နေမိသည်။
ကြည့်လိုက်သည်နှင့် လူငယ်လေးသည် သာမန်မဟုတ်ကြောင်း သူမ ရိပ်မိလေသည်။
သိုု့သော်… သူမက ကောင်လေးကို ကြည့်မရသည်ဖြစ်လေရာ သူမသာဆိုလျှင်တော့ တောင်ပေါ်တွင် ဤသို့သော ကောင်လေးမျိုးကို မည်သည့်နည်းနှင့်မှ လက်ခံနိုင်မည် မဟုတ်ပေ။
တောင်ပေါ်တွင် ဆန်းလျန်ရှိလျှင်တော့ ပြဿနာ မရှိနိုင်ပေ။ သို့သော်… ကူးဝေေ၀က ဆန်းလျန်လောက် တန်ခိုးစွမ်းအား မြင့်မားသူမဟုတ်သည့်အတွက် ဖြစ်လာမည့်ပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။
သို့သော်… ယခုတော့ ဆန်းလျန်မရှိသည့်အတွက် ဤပြဿနာကို ကူးဝေေ၀သာ ဖြေရှင်းရပေတော့မည်။
သူမက ကောင်လေးအပေါ် မေတ္တမရှိသော်လည်း သည်းခံပြီး ချင်းရှကျောင်းတော်အတွင်းသို့ ခေါ်ဆောင်လာခဲ့လေသည်။
သူမက လမ်းတွင် ကောင်လေး၏ နာမည်ကို မေးကြည့်သော်လည်း ကောင်းလေးကတော့ သူ့ကို ခေါင်းသာ ခါရမ်းပြခဲ့လေသည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ကောင်းလေးတွင် နာမည်မရှိကြောင်း ယောင်ချင်သိရှိလိုက်သည်။
နာမည်မရှိသည်မှာ ကောင်းသည့်အချက်ပင်ဖြစ်၏။ နာမည်မရှိသည့်လူများက နောက်ကြောင်းရှင်းကြလေသည်။
အမှန်တော့ လောကတွင် ရပ်တည်မည်ဆိုလျှင် နာမည်တစ်ခု မကျန်ရစ်ခဲ့သည်ကလည်း ခပ်ကောင်းကောင်းဖြစ်သည်။ မဟုတ်ပါက ဂုဏ်သတင်းကျော်ကြားလျှင် ကိစ္စမရှိသော်လည်း သိက္ခာကျလျှင်တော့ ပြန်အဖတ်ဆည်နိုင်မည် မဟုတ်တော့ပေ။
ထို့ကြောင့် တာအိုဝါဒမှ ရှေးဟောင်းသူတော်စင်ကြီးများက…
"လူတစ်ယောက်တွင် အတ္တမရှိသင့် ၊ နတ်ဘုရားများတွင် သံယောဇဉ်မရှိသင့် ၊ သူတော်စင်များတွင် နာမည်မရှိသင့်…"
ဟု ဆိုခဲ့ကြခြင်း ဖြစ်ဟန်တူသည်။
ထိုစကားက အလွန်အဓိပ္ပါယ်ရှိလေသည်။ ထိုစကားကို နားလည်သူ များစွာရှိသော်လည်း ပြုလုပ်နိုင်သူ အနည်းငယ်သာ ရှိသည်။
ယောင်ချင် သိချင်သည်မှာ ကူးဝေေ၀သည် ဤလူငယ်လေးကို တကယ်ပဲ ပညာသင်ပေးနိုင်မည်လား ၊ သို့မဟုတ် ကူးဝေေ၀က သူ့ကို ချင်းရွှမ်နတ်တံခါးအတွက် ရဲ့လျိုယွင်ကို ပြန်လည်ပေးဆပ်သည့်အနေဖြင့်သာ ခေါ်ထားမည်လား ဆိုသည့်အချက်ပင် ဖြစ်သည်။
လူငယ်လေးကတော့ စိတ်ခံစားချက်မများသလို ရှုတ်ထွေးသည့် အတွေးများလည်း မရှိလှပေ။
သူ့ကို ရှေ့မှဦးဆောင်ခေါ်သွားသည့် မိန်းကလေးနောက်သို့သာ တိတ်ဆိတ်စွာဖြင့် လိုက်ပါသွားလေသည်။
ထို့နောက် အနေတော် အရွယ်အစားရှိသည့် တာအိုခန်းမဆောင်တစ်ခုအတွင်းသို့ သူတို့ ရောက်ရှိလာသည်။ ခန်းမဆောင်ထဲတွင် အလွန်တိတ်ဆိတ်ငြိမ်သက်လျှက် ရှိလေသည်။
တာအိုခန်းမဆောင်ဘေးဘက်တစ်နေရာတွင် အိပ်နေသည့် လူတစ်ယောက်ကို လူငယ်လေး သတိထားလိုက်မိသည်။
ထိုသူကို လူငယ်လေး သတိထားမိသည့်အကြောင်းရင်းမှာ ထိုသူ၏ အသက်ရှူသံနှင့်အငွေ့အသက်က အလွန် စွမ်းအားကြီးမားနေခြင်းကြောင့် ဖြစ်လေသည်။
ယွင်မိန်တောင်ပေါ်မှ ဆင်းလာပြီးနောက် သူသိရှိခဲ့သမျှသော လူပေါင်းများစွာထက် ထိုသူက စွမ်းအားကြီးလေသည်။
ထိုသူကား ရဲ့မော်ထျန်းပင်ဖြစ်လေ၏။
ရဲ့မော်ထျန်းကလည်း ကောင်လေးကို သတိထားလိုက်မိသည်။
သူက မာရ်နတ်၏ ကျိကျိုက်ထျန်းကောင်းကင်ဘုံတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူဖြစ်လေရာ ဝိညာဉ်စွမ်းအား အလွန်ကောင်းမွန်လေသည်။
လူငယ်လေးကိုကြည့်လိုက်သည်နှင့် ရဲ့မော်ထျန်း၏ စိတ်အာရုံထဲတွင် လူတစ်ယောက်ဟု မခံစားရဘဲ ဓားတစ်လက်ဟု ခံစားလိုက်ရလေသည်။
"သဘာဝဓားခန္ဓာပဲ…"
ရဲ့မော်ထျန်း၏ စိတ်ထဲတွင် ထိုအတွေးဖြတ်သန်းဝင်ရောက်လာပြီး ကောင်လေး၏ ဇာစ်မြစ်က ရိုးရှင်းခြင်းမရှိဟု သူခံစားလိုက်ရလေသည်။
သဘာဝဓားခန္ဓာကို ပိုင်ဆိုင်သူတစ်ယောက် ဓားသိုင်းသာလေ့ကျင့်မည်ဆိုလျှင် အလျှင်အမြန်ပင် ထိပ်တန်းအဆင့်သို့ ရောက်ရှိသွားနိုင်လေသည်။
သူတို့က ဓားသိုင်းကျင့်ကြံမည်ဆိုလျှင် သာမန်လူများ ဓားသိုင်းကျင့်ကြံခြင်းထက် တစ်ရှိန်ထိုးအဆင့်မြင့်မားလာနိုင်သူ များဖြစ်ပြီး အခြားသူများမရရှိနိုင်သည့် အောင်မြင်မှုမျိုးကို သူတို့ဘဝတွင် ရရှိနိုင်မည် ဖြစ်သည်။
လူငယ်လေးသည် နွံထဲတွင်နစ်မြုပ်နေသည့် နတ်ဓားတစ်လက်အလား ဖြစ်လေသည်။ ရွှံ့နွံများကိုသာ ဖယ်ရှားပစ်လိုက်မည်ဆိုလျှင် အလွန်တောက်ပသည့် ဓားတစ်လက်ဖြစ်လာမည်မှာ ဧကန်အမှန်ပင် ဖြစ်၏။
လူငယ်လေးအပေါ်ထားရှိသည့် ရဲ့မော်ထျန်၏ သဘောထားအမြင်က ယောင်ချင်၏ သဘောထားအမြင်ထက် လေးနက်လေသည်။
ထို့နောက် ခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာသည့် တတိယမြောက်လူတစ်ယောက်ကို လူငယ်လေး တွေ့မြင်လိုက်ရသည်။
ထိုသူက မိန်းမပျိုတစ်ယောက် ဖြစ်လေသည်။
ယောင်ချင်နှင့်ယှဉ်လျှင် ထိုမိန်းမပျိုက လူငယ်လေးကို ပိုပြီး ရင်းနှီးနွေးထွေးဟန် ရှိလေသည်။
ထိုမိန်းမပျိုသည်ကား ကူးဝေေ၀ပင် ဖြစ်လေ၏။
လူငယ်လေးကို တွေ့လိုက်သည်နှင့် ကန်ရေပြင်ကဲ့သို့ တည်ငြိမ်သည့် ကူးဝေေ၀၏ မျက်ဝန်းများက တစ်ချက်လှိုင်းထသွားရသည်။
ဤလူငယ်လေးကို တပည့်အဖြစ်လက်ခံရန် ရဲ့လျိုယွင် သူမကို အဘယ့်ကြောင့် တောင်းဆိုခဲ့သည်ကို နားလည်သွားပြီ ဖြစ်လေသည်။
အကြောင်းမှာ… ဤလူငယ်လေးသည် ချန်ကျန့်မေငယ်ငယ်ကနှင့် အလွန်ဆင်တူသောကြောင့် ဖြစ်သည်။
ကူးဝေေ၀က ချန်ကျန့်မေထက်အရင် ချင်းရွှမ်နတ်တံခါးသို့ ရောက်ရှိခဲ့သူ ဖြစ်လေရာ ချန်ကျန့်မေငယ်စဉ်က မည်သို့သော ပုံစံရှိသည်ကို သူမ မှတ်မိနေဆဲ ဖြစ်လေသည်။
ဤလူငယ်လေးသည် ချန်ကျန့်မေ လူပြန်ဝင်စားသူ မဟုတ်လျှင်တောင်မှ ချန်ကျန့်မေနှင့် အလွန်မှ ဆင်တူလွန်းလှလေသည်။
သို့သော်… ဂိုဏ်းတူမောင်လေး ချန်ကျန့်မေသည် လူပြန်ဝင်စား၍ မရနိုင်လောက်အောင် လောကမှ အပြီးတိုင် ပျောက်ကွယ်သွားခဲ့ပြီ မဟုတ်ပါလား။
ချန်ကျန့်မေ လောကအလယ်တွင် ပြန်လည်ထွက်ပေါ်လာမည်မှာ အဘယ်မှာ ဖြစ်နိုင်ပါတော့မည်နည်း။
သို့သော်… ဤလူငယ်လေးသည် ချန်ကျန့်မေ ဟုတ် မဟုတ်ကိုတော့ ရဲ့လျိုယွင်သာလျှင် သိရှိနိုင်ပေလိမ့်မည်။
ရဲ့လျိုယွင်ကို မေးမြန်းကြည့်ရန်မှာလည်း မဖြစ်နိုင်တော့ပေ။ သူမ၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် ရဲ့လျိုယွင် မည်သည့်နေရာတွင်ရှိသည်ကို တွက်ချက်ကြည့်နိုင်စွမ်း လုံး၀ မရှိပေ။
ရဲ့လျိုယွင်သာ သူမကို အစကတည်းက ပြောပြချင်စိတ်ရှိလျှင် လာရောက်တွေ့ဆုံသည့်နေ့ကတည်းက ပြောပြခဲ့မည် ဖြစ်လေသည်။
မဖြစ်နိုင်မှန်းသိပါလျှက် ဆန်းလျန်သာရှိလျှင်ကောင်းမည်ဟု သူမ တမ်းတလိုက်မိသည်။
သူမ ဆုတောင်းပြည့်သွားသည့်အလား သူမနားထဲတွင် နက်ရှိုင်းသည့် အသံတစ်သံ ကြားလိုက်ရလေသည်။
"ဂိုဏ်းတူအစ်မ…"
ကူးဝေေ၀ ချက်ချင်းပင် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။
သူမ၏ ထူးဆန်းသည့်အမူအရာကြောင့် ကောင်လေးနှင့် ယောင်ချင်တို့က သူမကို အကဲခတ်ကြည့်နေကြလေသည်။
"ကျွန်တော့်ကို ရှာမနေနဲ့ ၊ တွေ့ရမှာမဟုတ်ဘူး ၊ အစ်မ ကျွန်တော့်ကို စကားပြောရင် စိတ်ထဲကပဲ ပြောလိုက်…"
ဆန်းလျန်၏ အသံက နူးညံ့သိမ်မွေ့နေပြီး ထိုအသံကို သူမတစ်ယောက်တည်းသာ ကြားရဟန် ရှိသည်။
ကူးဝေေ၀က စိတ်ထဲမှ စကားပြောလိုက်သည်။
"ဒီကောင်လေးက ဂိုဏ်းတူမောင်လေး ချန်ကျန့်မေလား…"
ဆန်းလျန်က တိုးတိတ်သည့်လေသံဖြင့်…
"အမှန်ပဲ…"
ကူးဝေေ၀က…
"ဘယ်လိုဖြစ်တာလဲ ၊ မင်းကရော အခု ဘယ်ရောက်နေလဲ ၊ ဘာတွေ ဖြစ်နေတာလဲ…"
ဆန်းလျန်က ဖြည်းညင်းသည့်လေသံဖြင့်…
"ကျွန်တော် သံသရာကို ကျော်လွန်သွားတော့မယ် ၊ ကျွန်တော် အခု သက်ရှိသတ္တဝါအားလုံးရဲ့ အသွင်အပြင်ကို ပြောင်းလဲနေတယ် ၊ ဒါကြောင့် အစ်မရဲ့ စိတ်ထဲကို ကျွန်တော်ရောက်နေနိုင်တာပေါ့…"
ကူးဝေေ၀ အနည်းငယ် အံ့အားသင့်သွားပြီး…
"မင်း တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်ခါနီးနေပြီလား…"
ဆန်းလျန်က…
"ဖြစ်ခါနီးနေပြီ ၊ ဒါပေမဲ့ တာအိုဆရာသခင်ကြီးတစ်ပါး မဖြစ်ခင် လောကမှာ တစ်ခါ ကိုယ်ထင်ပြဦးမယ် ၊ အဲဒါက နောက်ဆုံးအကြိမ် ကိုယ်ထင်ပြခြင်း ဖြစ်လိမ့်မယ် ၊ အဲဒီကျ အစ်မနဲ့ ကျွန်တော် တွေ့ရဦးမှာပါ…"
ဆန်းလျန်၏စကားကိုကြားရသည့်အခါ ကူးဝေေ၀၏နှလုံးသားထဲတွင် အထီးကျန်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းကို တစ်ပြိုင်တည်း ခံစားလိုက်ရလေသည်။
ကူးဝေေ၀က ဝမ်းနည်းအားငယ်စွာဖြင့်…
"အဲဒီလိုတောင် ဖြစ်သွားပြီလား…"
ကူးဝေေ၀ ဝမ်းနည်းနေသည်ကို သိရှိသည့်အတွက် ဆန်းလျန်က နှစ်သိမ့်လိုက်လေသည်။
"အစ်မ… စိတ်မကောင်းဖြစ်မနေပါနဲ့နော်…"
ကူးဝေေ၀က…
"ဟုတ်ပါတယ် ၊ အစ်မ မင်းအတွက် ဝမ်းသာသင့်တာပါ ၊ ဒါပေမဲ့ ဘာလို့ ဝမ်းနည်းနေမှန်း မသိဘူး…"
ဆန်းလျန်က အေးဆေးသည့်လေသံဖြင့်…
"မိုးနဲ့မြေက ပြီးပြည့်စုံခြင်း မရှိပါဘူး ၊ ဒါကြောင့် ကျုပ် တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်လာရင်တောင် လောကကြီးတစ်ခုလုံးကို ပြီးပြည့်စုံအောင် ပြုလုပ်ပေးနိုင်မှာ မဟုတ်ဘူး ၊ ဒါပေမဲ့ ကျုပ် တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်သွားရင် အစ်မနဲ့ အမြဲတမ်းအတူတူ ရှိနေပါလိမ့်မယ် ၊ ဘယ်တော့မှ ခွဲခြားရမှာ မဟုတ်ပါဘူး…"
ကူးဝေေ၀က…
"မင်းပြောတာတွေ အစ်မ နားမလည်ဘူး…"
ဆန်းလျန်က ရယ်မောလိုက်ရင်း…
"ဟက်… အစ်မ နားလည်လာမှာပါ ၊ သြော်… ဒီလူငယ်လေးကို သဏ္ဌာန်မဲ့ဓားသိုင်း သင်ပေးလိုက်ပါ ၊ သူ့ရဲ့ ဇာစ်မြစ်ကို ပြောရမယ်ဆိုရင်တော့… ကျွန်တော်ပဲ အစ်ကိုချန်ကျန့်မေ ကျန်ရှိခဲ့တဲ့ ဓားတန်ခိုးစွမ်းအား အငွေ့အသက်လေးကို စကြာဝဠာထဲက ပြန်ဆွဲခေါ်လာခဲ့တာ ၊ ဒီတော့ ဒီကောင်လေးက အစ်ကိုချန်ကျန့်မေလို့ ပြောလို့ရပါတယ် ၊ နတ်ဆိုးဘုရင်မ 'ချိ' ဆိုတာလည်း ကျွန်တော်ဖန်တီးခဲ့တဲ့ မိန်းကလေးတစ်ယောက်ပဲ ၊ ချိ က အနာဂတ်မှာ လောကတစ်ခုလုံးကို ဖျက်စီးပစ်လိမ့်မယ် ၊ ချိ ကိုရင်ဆိုင်နိုင်ဖို့ မျှော်လင့်ချက်ကတော့ ဒီကောင်လေး ဖြစ်လာလိမ့်မယ်…"
ကူးဝေေ၀က…
"နတ်ဆိုးဘုရင်မရဲ့ ကိစ္စက မင်း မဖြေရှင်းနိုင်ဘူးလား…"
ဆန်းလျန်က…
"တကယ်တော့ အရာအားလုံးက မိုးနဲ့မြေရဲ့ ဆန္ဒအတိုင်းပါပဲ ၊ တကယ်တော့ ကျွန်တော်သာ နတ်ဆိုးဘုရင်မ 'ချိ' ကို မဖန်တီးခဲ့ဘူးဆိုရင် သူ့နေရာမှာ အခြားတစ်ယောက် ဖြစ်နေလိမ့်မယ် ၊ ဒီကိစ္စတွေ ထားပါတော့လေ…"
ဆန်းလျန်၏ စကားသံက ခေတ္တရပ်တန့်သွားလေသည်။
နတ်ဆိုးဘုရင်မ 'ချိ' ကိုသာ ဆန်းလျန် မဖန်တီးခဲ့ဘူးဆိုလျှင် ငရဲလမ်းဓားကို ဆွဲကိုင်ပြီး စကြာဝဠာတစ်ခုလုံးကို ဖျက်စီးမည့်သူမှ ကျောက်ရှောင်ယွီ ဖြစ်နေပေလိမ့်မည်။
ထို့ကြောင့် ဆန်းလျန်က ကျောက်ရှောင်ယွီ၏ ကံကြမ္မာကို ပြောင်းလဲပေးခဲ့ခြင်း ဖြစ်လေသည်။
ထို့နောက် ဆန်းလျန်က စကားဆက်ပြောလိုက်သည်။
"စကြာဝဠာတစ်ခုလုံးမှာ ရှင်သန်ခဲ့တဲ့ဘဝတစ်ခုရဲ့ အလင်းတန်းက အမြဲတမ်း ရှိနေပါတယ် ၊ အစ်ကိုချန်ကျန့်မေရဲ့ ကျန်ရှိနေသေးတဲ့ ဘဝအလင်းတန်းကို စန့်ချင်တာအိုဆရာသခင်ရဲ့နည်းလမ်းကို အသုံးပြုပြီး ကျွန်တော် ယူလာခဲ့တာ ၊ အဲဒါ အစ်ကိုချန်ကျန့်မေပါပဲ ၊ အစ်ကိုချန်ကျန့်မေ အသက်ရှင်လာအောင် လုပ်နိုင်တဲ့နည်းက ဒီတစ်နည်းပဲ ရှိတယ်လေ ၊ ဘာပဲဖြစ်ဖြစ် သူ အသက်ရှင်သန်နေတာကို မြင်ခွင့်ရချင်မိတယ် ၊ ပြီးတော့ သူက အစ်ကိုချန်ကျန့်မေရဲ့ ဘဝအလင်းတန်းကနေ ပြန်ပြီး ရှင်သန်လာအောင် လုပ်ပေးထားပေမယ့် သူ့ဘဝရဲ့ ကံကြမ္မာကတော့ သူ့လက်ထဲမှာပါပဲ ၊ သူကလည်း ဒီအတိုင်းပဲ ဖြစ်ချက်မယ်လို့ မျှော်လင့်မိတာပဲ…"
ဆန်းလျန်၏ စကားများထဲမှ ဘဝ၏ အဆုံးမရှိပြောင်းလဲခြင်းတရားများကို တွေ့မြင်ရလေသည်။
ချန်ကျန့်မေ၏ စိတ်နေစိတ်ထားကို ကူးဝေေ၀ ပြန်စဉ်းစားကြည့်မိလေသည်။ ချန်ကျန့်မေက သူ့ကံကြမ္မာသူ ဖန်တီးလိုသည့် စိတ်ထား အမှန်ပင် ရှိလေသည်။
ထို့ပြင် ချန်ကျန့်မေသည် ဘဝကိုသာ တွယ်တာနေမည်ဆိုလျှင် အနတ္တဓားကို ဖန်ဆင်းပြုလုပ်ပြီး အသူရာချောက်တွင် ဆန်းလျန်ကို ကယ်တင်ခဲ့မည် မဟုတ်ပေ။
ဆန်းလျန်က ချန်ကျန့်မေ၏ ကံကြမ္မာကို ထိန်းချုပ်ထားမည်ဆိုလျှင် ချန်ကျန့်မေကလည်း ထိုကိစ္စကို လက်ခံမည် မဟုတ်ပေ။
"မင်းပြောတမှန်ပါတယ် မောင်လေး ၊ ဂိုဏ်းတူမောင်လေးချန်ကျန့်မေက မင်းပြောတဲ့အတိုင်း သူ့ကြမ္မာသူ ဖန်တီးလိုတဲ့သူတစ်ယောက်ပါပဲ ၊ အစ်မ သူ့ကို သေသေချာချာ သင်ပြပေးလိုက်ပါ့မယ်…"
ထို့နောက် ကူးဝေေ၀က တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်…
"ဒါနဲ့ ဒီကောင်လေးက ချန်ကျန့်မေဆိုတာကို ချင်တိဧကရာဇ်က ဘယ်လိုဖြစ်လို့ သိနေရတာလဲ…"
ဆန်းလျန်က…
"ချင်တိဧကရာဇ်က သိပ်ကို ဆန်းကျယ်တဲ့သူပါ ၊ သူ့နောက်ကွယ်မှာ တာအိုဆရာသခင်ထိုက်ယီနဲ့ စန့်ချင်တာအိုဆရာသခင်တို့ ရှိတယ်လေ ၊ ဒီတော့ သူ့အကြောင်းအားလုံးကို ကျွန်တော်လည်း မသိမြင်နိုင်ဘူး ၊ ဒါပေမဲ့ အဲဒါနဲ့ပတ်သက်ပြီး အစ်မ စိတ်ပူစရာမလိုပါဘူး…"
***