← Chapters

ဟန်ချက်ညီခြင်း

Vol. 11 Ch. 1014

ဟန်ချက်ညီခြင်း

Vol. 11 Ch. 1014

ထိုသို့ဖြင့်… အချိန် (၃)နှစ် ကုန်ဆုံးသွားခဲ့လေသည်။

(၃)နှစ်ဆိုသည့်အချိန်အတွင်း ကူးဝေေ၀သည်လည်း ဆန်းလျန်အကြောင်း သတင်းစကားကြားသိရခြင်း မရှိတော့ပေ။

ချန်ကျန့်မေ၏ ဘဝအလင်းတန်းမှ သဏ္ဌာန်ပြောင်းထားသည့် လူငယ်လေးကို သူမ စောင့်ရှောက်ပညာသင်ပေးခဲ့လေသည်။ လူငယ်လေးက အလွန်တော်သူတစ်ယောက် ဖြစ်သည်။

သာမန်လူတစ်ယောက်အတွက် တာအိုတရားကိုနားလည်ပြီး နတ်ဘုရားတစ်ပါးဖြစ်လာရန် နှစ်ပေါင်း (၁၀၀) မက ကျင့်ကြံရမည်ဖြစ်သော်လည်း ထိုလူငယ်လေးကတော့ (၃)နှစ်ကျင့်ကြံရုံဖြင့် နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့လေသည်။

ထိုလူငယ်လေးသည် ကံကြမ္မာ၏ အဆုံးသတ်ဖြစ်လာမည်ဟု ကူးဝေေ၀ နက်နက်ရှိုင်းရှိုင်း ယုံကြည်နေမိလေသည်။

ဆန်းလျန်ပြောခဲ့သလိုပင် သူက  အဆုံးသတ်ကာလတွင် ကယ်တင်ခြင်းကို ယူဆောင်လာမည့် လူတစ်ယောက် ဖြစ်လာနိုင်ခွင့် ရှိလေသည်။

သူမက ထိုလူငယ်လေးကို နာမည်တစ်ခု ပေးခဲ့လေသည်။

"ဝူဝေါ်…"

ဆိုသည့် အမည် ဖြစ်လေသည်။

ဝူဝေါ်ဆိုသည်မှာ "အတ္တမရှိ" ဟု အဓိပ္ပါယ်ရလေသည်။

"လူတစ်ယောက်တွင် အတ္တမရှိသင့် ၊ နတ်ဘုရားများတွင် သံယောဇဉ်မရှိသင့် ၊ သူတော်စင်များတွင် နာမည်မရှိသင့်…" ဆိုသည့်စကားမှ "အတ္တမရှိ" ဆိုသည့် စာသားကို ယူပြီး ကူးဝေေ၀က အမည်ပေးခဲ့ခြင်း ဖြစ်လေသည်။

မျိုးနွယ်ကိုတော့ သူမ၏ မျိုးနွယ်အတိုင်း ကူးမျိုးနွယ်ခံယူစေခဲ့ပြီး "ကူးဝူဝေါ်" ဟု အမည်ပေးခဲ့လေသည်။

ယနေ့တော့… ကူးဝေေ၀ တိမ်ဖြူစမ်းချောင်းလေးနံဘေးတွင် တရားထိုင်နေခဲ့လေသည်။

ရုတ်တရက် သူမ၏နှာခေါင်းထဲတွင် သွေးနံ့များရလိုက်ပြီး သူမရှေ့တွင် ဒူးထောက်နေသည့် ရဲ့မော်ထျန်းကို တွေ့မြင်လိုက်ရလေသည်။

ရဲ့မော်ထျန်း၏လက်မောင်းမှာ ကျိုးနေပြီး သွေးများထွက်လျှက်ရှိလေ၏။

ရဲ့မော်ထျန်းက ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသူတစ်ယောက် မဟုတ်ပေ။ သူ့ကို ယခုကဲ့သို့ ဒဏ်ရာရအောင် လုပ်နိုင်သူဆို၍ ချင်းရှတောင်ပေါ်တွင် တစ်ယောက်သာ ရှိလေသည်။

ကူးဝူဝေါ်ပင် ဖြစ်လေ၏။

ကူးဝေေ၀က…

"ဒီကလေး မင်းကို ဘာလို့ ဒဏ်ရာရအောင် လုပ်လိုက်တာလဲ…"

ရဲ့မော်ထျန်းက ရှက်ကိုးရှက်ကန်း မျက်နှာထားဖြင့်…

"သခင်လေးက ဓားသိုင်းပညာအရမ်းတော်တော့ သခင်လေးနဲ့ နည်းနည်းလောက် လက်ရည်စမ်းကြည့်လိုက်တာ ၊ ဘာဖြစ်သွားမှန်းတောင် မသိလိုက်ဘူး… ဒဏ်ရာရသွားတယ်…"

ရဲ့မော်ထျန်းက လာရောက် တိုင်ကြားခြင်းမဟုတ်ပေ။

ကူးဝူဝေါ်၏ ဓားသိုင်းက အလွန်ထက်မြက်လေသည်။ ထို့ကြောင့် သူရရှိသွားသည့်ဒဏ်ရာက အလွန်ပြင်းထန်လေရာ ဒဏ်ရာ ပျောက်ကင်းရန်အတွက် ကူးဝေေ၀ထံ လာရောက်အကူအညီတောင်းခြင်း ဖြစ်လေသည်။

ကူးဝေေ၀ သက်ပြင်းတစ်ချက်ချလိုက်လေသည်။

ထို့နောက် သူမက အစိမ်းရောင်ပိုးချည်မျှင်လေးတစ်ခုကို ဖန်ဆင်းပြီး လက်တစ်ဖက်ဝှေ့ရမ်းလိုက်လေရာ အစိမ်းရောင်ပိုးချည်မျှင်လေးက ရဲ့မော်ထျန်း၏ ဒဏ်ရာထက်သို့ကျရောက်သွားလေသည်။

အစိမ်းရောင်ပိုးချည်မျှင်လေးက ပြာအဖြစ်ပြောင်းလဲသွားပြီး ရဲ့မော်ထျန်း၏ ဒဏ်ရာမှ သွေးများတိတ်သွားလေသည်။

ကူးဝေေ၀၏ မျက်နှာထက်တွင် ဖျတ်ခနဲအလင်းရောင်တစ်ချက် လင်းလက်သွားလေသည်။

သူက ရဲ့မော်ထျန်း၏ ဒဏ်ရာမှ ဓားဝိညာဉ်ကို ဖယ်ရှားပစ်ရန်အတွက် ထိုက်ရွှီးနည်းဗျူဟာ တန်ခိုးစွမ်းအားကို ထုတ်ဖော်အသုံးပြုလိုက်ရလေသည်။

မထင်မှတ်စွာပင် ကူးဝူဝေါ်၏ဓားဝိညာဉ်က သူမ၏ ထိုက်ရွှီးတန်ခိုးစွမ်းအားကိုပင် ထိုဖောက်နိုင်စွမ်း ရှိနေလေရာ သူမ၏ ထိုက်ရွှီးတန်ခိုးစွမ်းအားများ တုန်ခါသွားရခြင်း ဖြစ်သည်။

ရဲ့မော်ထျန်းဒဏ်ရာပျောက်ကင်းသွားပြီး လက်မောင်းကျိုးသည်မှာ ပြန်ကောင်းသွားလေသည်။

ထိုအခါမှ ကူးဝေေ၀က…

"မင်းတောင် ဒီလိုဒဏ်ရာရလာတာကိုကြည့်ရရင် သူ့ဓားစွမ်းက တကယ့်ကို စွမ်းအားမြင့်မားနေပြီ ၊ ဒါပေမဲ့ သူက ဓားစွမ်းအားကို သေချာမထိန်းချုပ်နိုင်သေးဘူး ၊ အနာဂတ်မှာ သူ ဘာဖြစ်မလဲ ငါလည်း မသိနိုင်ဘူး…"

ရဲ့မော်ထျန်းမှာ ကူးဝေေ၀၏စကားကို နားထောင်ပြီး ကြောက်ရွံ့သွားသည့်တိုင် စကားပြန်မပြောမိပေ။

မည်သည့်စကားပြန်ပြောရမည်ကိုလည်း သိရှိခြင်း မရှိပေ။

ကူးဝေေ၀က လက်တစ်ဖက်ဝှေ့ရမ်းလိုက်ပြီး…

"မင်း သွားလို့ရပြီ…"

ကူးဝေေ၀၏ ခွင့်ပြုချက်ရသည်နှင့် ရဲ့မော်ထျန်း နေရာမှ ချက်ချင်းပင် ထွက်ခွာသွားလေတော့သည်။

ရဲ့မော်ထျန်းထွက်ခွာသွားသည်နှင့် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး ကူးဝူဝေါ် ရောက်ရှိလာလေသည်။

လွန်ခဲ့သည့် (၃)နှစ်ကထက် အရပ်ရှည်လာသော်လည်း သူ၏ စိတ်နေစိတ်ထားကတော့ ပြောင်းလဲခြင်း မရှိပေ။ သူက စကားလည်း အလွန်နည်းသူ ဖြစ်လေသည်။

ကူးဝေေ၀က …

"မင်းရဲ့ ဓားသိုင်းက အတော်လေးတိုးတက်လာတာပဲ…"

ကူးဝူဝေါ်က…

"ကျွန်တော် ရဲ့မော်ထျန်းကို တမင်လုပ်လိုက်တာ မဟုတ်ပါဘူး…"

ကူးဝေေ၀က ဂရုမစိုက်ဟန်ဖြင့်…

"ဆရာသိပါတယ် ၊ ဓားဆိုတာ လူသတ်လက်နက်ပဲလေ ၊ ဓားကိုထုတ်လိုက်ပြီဆိုတာနဲ့ အကြင်နာတရား မရှိနိုင်တော့ဘူးပေါ့…"

ကူးဝူဝေါ်က…

"ဆရာ… ကျွန်တော် တောင်အောက်ကို ဆင်းချင်တယ်…"

သူ၏ စကားသံက ပျံသန်းနေသည့်ဓားတစ်လက်အလား ဖြစ်လေသည်။

ကူးဝူဝေါ်ထံမှ မျှော်လင့်မထားသည့် စကားကို ကြားလိုက်ရသည့်အတွက် ကူးဝေေ၀ အနည်းငယ် အံ့အားသင့်သွားလေသည်။

ကူးဝေေ၀က မျက်ဝန်းများကို အသာမှေးမှိတ်လိုက်ပြီး အတန်ကြာစဉ်းစားနေလေသည်။

ပြီးမှ…

"ကောင်းပြီ…"

ဟု ပြောလိက်လေ၏။

ကူးဝူဝေါ်က…

"ကျေးဇူးတင်ပါတယ် ဆရာ…"

ကူးဝေေ၀က…

"မင်းကို ငါ ဇာတ်လမ်းတစ်ပုဒ် ပြောပြစရာရှိတယ်…"

ကူးဝူဝေါ်က ချောမောလှပသည့် ဆရာဖြစ်သူကို လှမ်းကြည့်လိုက်လေသည်။

ကူးဝေေ၀က…

"ငါ့မှာ ဂိုဏ်းတူမောင်လေးတစ်ယောက်ရှိတယ် ၊ သူကလည်း မင်းလိုပဲ ဓားသိုင်းသိပ်တော်တယ် ၊ ဒါပေမဲ့ သူက မင်းလောက်တော့ ကျင့်ကြံတာ မမြန်ဘူး ၊ ဒါပေမဲ့ သာမန်လူတွေထက်တော့ ပိုပြီးမြန်အောင် ကျင့်ကြံနိုင်ခဲ့တယ် ၊ ငါ့အထင်ပြောရရင် သူ့လိုလူမျိုး လောကမှာ ခပ်ရှားရှားပဲ ၊ အဲဒီအချိန်တုန်းက ငါတို့ ချင်းရွှမ်နတ်တံခါးရဲ့ ဂိုဏ်းချုပ်က ဆရာသခင်ကျန်းရော့ရွှီးပေါ့ ၊ သူက ငါ့ရဲ့ဂိုဏ်းတူမောင်လေးကို သိပ်ပြီး သဘောကျတာ…"

"အဲဒီအချိန်တုန်းက ငါတို့တွေက နတ်ဘုရားတွေ မဖြစ်ကြသေးဘူး ၊ ကျင့်ကြံခြင်းအဆင့်တွေ နိမ့်ပါးကြသေးတယ် ၊ ငါ့ရဲ့ ဂိုဏ်းတူမောင်လေးက တောင်ပေါ်မှာ (၁၀)နှစ်ကျင့်ကြံပြီးတဲ့နောက် တောင်အောက်ကို ဆင်းသွားဖို့ ဆရာသခင် ကျန်းရော့ရွှီးထံမှ ခွင့်တောင်းခဲ့တယ် ၊ ဒါပေမဲ့ ဆရာသခင်ကျန်းရော့ရွှီးက ခွင့်မပြုခဲ့ဘူး ၊ ဒါကြောင့် သူက တောင်ပေါ်မှာ နောက်ထပ် နှစ်ပေါင်း (၄၀) ထပ်မံကျင့်ကြံခဲ့ရတယ် ၊ အဲဒီနောက်မှာတော့ သူဟာ ဟိုင်သန်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး ဆရာသခင်ကျန်းရော့ရွှီးကလည်း သူ့ကိုတောင်အောက်ကို ဆင်းခွင့်ပြုလိုက်တယ် ၊ နှစ်အနည်းငယ်အတွင်းမှာပဲ လောကမှာ အရမ်းကျော်ကြားလာခဲ့တယ် ၊ သူက လူဆိုးတစ်ယောက်မဟုတ်ပေမယ့် သူ့ရဲ့ဓားနဲ့ဖြေရှင်းတဲ့ ပြဿနာတိုင်းကို ချင်းရွှမ်နတ်တံခါးက ထိန်းချုပ်ထားလို့ မရဘူးလေ…"

"ဒီနေ့တော့ ဆရာ … မင်းကို တောင်အောက်ကို ဆင်းခွင့်ပြုလိုက်မယ် ၊ ဒါပေမဲ့ မင်းရဲ့ဓားကို ချင်းရှတောင်က ထိန်းချုပ်ထားနိုင်မှာ မဟုတ်ဘူး ၊ မင်းရဲ့ဓားကို ငါက ဆင်ဆင်ခြင်ခြင်အသုံးပြုဖို့ ဆရာက မှာလိုက်မယ်ဆိုရင်တောင်မှ မင်းရဲ့ စိတ်ကိုတော့ ဆရာက ထိန်းချုပ်ထားနိုင်မှာ မဟုတ်ဘူးလေ…"

ကူးဝေေ၀ ပြောသည့်စကားကို ကူးဝူဝေါ် ချက်ချင်း နားလည်သွားလေသည်။

ဆရာဖြစ်သူက သူထင်ထားသည်ထက်ပင် သူ့အပေါ် နားလည်မှုရှိနေကြောင်း ကူးဝူဝေါ် သိရှိလိုက်သည်။

သူတောင်အောက်သို့ ဆင်းသွားချင်ရသည့်အကြောင်းရင်းမှာ တောင်ပေါ်တွင် သူနှင့် ဓားစွမ်းရည်ယှဉ်ပြိုင်နိုင်မည့် ပြိုင်ဘက်မရှိသောကြောင့် ဖြစ်လေသည်။

သူက တောင်ပေါ်တွင် ဓားသိုင်းလေ့ကျင့်ခဲ့သော်လည်း စိတ်လွတ်ကိုယ်လွတ် လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်သည့်အတွက် စိတ်မချမ်းမသာ ဖြစ်မိသည်။

သူက ဆရာဖြစ်သူ သူ့ကို နားလည်နိုင်မည်မဟုတ်ဟု ထင်မိသော်လည်း ဆရာဖြစ်သူက သူ့ကို အပြည့်အ၀ နားလည်ပေးခဲ့လေသည်။

သူက အချိန်အတန်ကြာအောင် တိတ်ဆိတ်နေပြီးမှ မေးခွန်းထုတ်လိုက်သည်။

"ဆရာ… ဆရာရော ဓားသိုင်းတတ်သလား…"

ကူးဝေေ၀က မျက်ဝန်းများတောက်ပသွားပြီး သွားဖြူဖြူဖွေးဖွးလေးများ ပေါ်သည်အထိ ပြုံးလိုက်ရင်း…

"ဆရာ ဓားသိုင်းလေ့ကျင့်ခဲ့တာ နှစ်ပေါင်းတစ်သောင်းကျော်ခဲ့ပြီ…"

ကူးဝူဝေါ်၏ မျက်လုံးများ တောက်ပသွားပြီး…

"ဒါဆို ဆရာ့ဓားသိုင်းက အရမ်းအစွမ်းထက်မှာပေါ့…"

ကူးဝေေ၀က ခေါင်းတစ်ချက် ခါရမ်းလိုက်ပြီး…

"ဆရာက ဓားသိုင်းကို နှစ်ပေါင်းတစ်သောင်းကျော်လေ့ကျင့်ခဲ့ပေမယ့် ဓားသိုင်းဆိုရုံလောက်ပဲ တတ်တာပါ ၊ ဆရာက တခြားပညာတစ်ခုကို သင်ယူထားတာ…"

ကူးဝူဝေါ်က…

"ဆရာက တခြား ဘာပညာကို သင်ယူထားတာလဲ…"

ကူးဝေေ၀က ချက်ချင်းပင် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်လေသည်။

ကူးဝူဝေါ်၏ မျက်ဝန်းများက ကျောက်စိမ်းရတနာအလား ဖြူစင်လွန်းသည့် ကူးဝေေ၀၏ လက်ချောင်းများဆီသို့ ကျရောက်သွားလေသည်။

သူမ၏ လက်ချောင်းများထွက်တွင် ကောင်းကင် ၊ မြေကြီး ၊ လေ ၊ မိုး ၊ မိုးကြိုး ၊ လျှပ်စီး ၊ တောင်တန်းနှင့် ရွှံ့နွံ ဆိုသည့် ဒြပ်စင်စွမ်းအား (၈)မျိုး ထွက်ပေါ်လာလေသည်။

ထို့နောက် အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

ကူးဝေေ၀က တိုးလျသည့်လေသံဖြင့်…

"ဆရာက လောကကြီးရဲ့ ဟန်ချက်ညီခြင်းတရားကို ကျင့်ကြံခဲ့တာ…"

ကူးဝူဝေါ်က တစ်ချက်မျှ စဉ်းစားနေပြီးမှ အေးဆေးသည့် လေသံဖြင့်…

"ဆရာနဲ့ ကျွန်တော်… ဓားသိုင်းတစ်ချက်လောက် စမ်းကြည့်ရအောင်…"

ကူးဝူဝေါ်က ပြောလိုက်ရင်း သူ၏ လက်ကို ရှေ့သို့ တစ်ချက်ညွှန်လိုက်ပြီး လက်ချောင်းများကို ဓားပုံသဏ္ဌာန်အသုံးပြုကာ စတင်တိုက်ခိုက်လိုက်လေသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေ၏။

ကူးဝေေ၀က ကူးဝူဝေါ်၏ ဓားချက်ကို ချက်ချင်းရှောင်တိမ်းနိုင်စွမ်းမရှိပေ။

ကူးဝေေ၀၏ ကျောက်စိမ်းသားပမာဖြူစင်သည့် မျက်နှာသည် အရောင်ပြောင်းလဲသွားလေသည်။

ထို့နောက် သူမ၏ လက်ထဲတွင် ထိုက်ချိယင်ယန်သင်္ကေတကို ထုတ်ဖော်လိုက်လေသည်။

ကောင်းကင် ၊ မြေကြီး ၊ လေ ၊ မိုး ၊ မိုးကြိုး ၊ လျှပ်စီး ၊ တောင်တန်းနှင့် ရွှံ့နွံ ဒြပ်စင်စွမ်းအား (၈)မျိုး အတူတကွ ထွက်ပေါ်လာလေသည်။ ထို့နောက် ထိုအရာများအားလုံးသည် ကူးဝူဝေါ်၏ ဓားသွားသဏ္ဍန် လက်ချောင်းများဆီသို့ ပျော်ဝင်သွားလေသည်။

ကူးဝေေ၀၏ အင်္ကျီလက် အဖျားစလေးသည် တိကနဲ ပြတ်ကျသွားပြီး ဖုံမှုန့်အဖြစ်သို့ ပြောင်းလဲသွားလေသည်။

ကူးဝေေ၀မှာ စကားမပြောနိုင်လောက်အောင် အံ့သြတုန်လှုပ်သွားလေသည်။

သူမသည် ထိုက်ရွှီးနည်းဗျူဟာ တန်ခိုးစွမ်းအားကို နားလည်သဘောပေါက်ခဲ့ပြီး တန်ခိုးစွမ်းအားများကို သူမ၏ ခန္ဓာကိုယ်နှင့် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ပေါင်းစပ်နိုင်စွမ်း ရှိလေသည်။

ကူးဝူဝေါ်ကတော့ ဓားတစ်လက်မျှသာ ဖြစ်လေသည်။ သို့သော်… အလွန်စွမ်းအား ကြီးမားလေ၏။

တကယ်တမ်းတွင် ကူးဝူဝေါ်၏ ဓားသွားသဏ္ဍန်လက်ချောင်းများက သူမ၏ စိတ်ဝိညာဉ်ကို တုန်လှုပ်စေမည် မဟုတ်ပေ။

လေနှင့်မိုးက ပြင်းထန်ပြီး တောင်နှင့်မြစ်ရေက အက်ကွဲထွက်ပေါ်နေလေသည်။ အရာအားလုံးက ထူးဆန်းစွာဖြင့် ဖြစ်ပေါ် ပြောင်းလဲနေလေသည်။

ထို့ကြောင့်… ကူးဝေေ၀၏ တန်ခိုးစွမ်းအားများနှင့် ရင်ဆိုင်ရသည့်အခါ ကူးဝူဝေါ်၏ ဓားက အားပျော့သွားရလေသည်။

သို့သော်… ကူးဝူဝေါ်၏ ဓားဝိညာဉ်ကလည်း ဟန်ချက်ညီလေသည်။

ဟန်ချက်ညီခြင်း (၂)ခု ဆုံတွေ့သည့်အခါ သဟဇာတဖြစ်မည့်အစား သမာဓိကို ပျက်ပြားသွားစေလေသည်။

ထို့ကြောင့်… ကူးဝူဝေါ်၏ ဓားသွားသဏ္ဍန်လက်ချောင်းများက ကူးဝေေ၀၏ အကျီလက်အစွန်းကို ဖြတ်တောက်လိုက်နိုင်ခြင်း ဖြစ်လေသည်။

ကူးဝေေ၀ သက်ပြင်းတစ်ချက်ချလိုက်ပြီး…

"မင်းတောင်အောက်ကိုဆင်းမှာကို ဆရာ မစိုးရိမ်တော့ပါဘူး…"

ကူးဝူဝေါ်သည် ကူးဝေေ၀ကို ဦးညွှတ်ဂါရဝပြုလိုက်ပြီးနောက် ချက်ချင်းပင် ထွက်ခွာသွားလေတော့သည်။

"ဂိုဏ်းတူမောင်လေး ၊ သူ့ကို ဒီလိုဖြစ်လာဖို့ မင်းလည်း မျှော်လင့်ခဲ့တယ်မဟုတ်လား…"

ကူးဝေေ၀ စိတ်ထဲမှ ဆန်းလျန်ကို သတိရရင်း တွေးလိုက်မိလေသည်။

သူမစိတ်ထဲမှမေးခွန်းကိုတော့ မည်သည့်နေရာရောက်နေမှန်းမသိသည့် ဆန်းလျန်က ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

နောက်ဆုံးတစ်ကြိမ် ဆန်းလျန် သူမကို စကားပြောရန် ကြိုးစားခဲ့ခြင်းကပင် အတော်လေးကြိုးစားခဲ့ရဟန် ရှိလေသည်။

ကြည့်ရသည်မှာ ဆန်းလျန်၏ လက်ရှိအခြေအနေသည် လောကကို အသံထုတ်လွှတ်စကားပြောရန်အတွက် မဖြစ်နိုင်သည့်အခြေအနေ (သို့မဟုတ်) မသင့်တော်သည့်အခြေအနေတွင် ရှိနေခြင်း ဖြစ်နိုင်လေသည်။

…………

ထိုအချိန်မှာပင်…

ချင်းဆွေထျန်းကော်းကင်ဘုံတွင် တာအိုဆရာတစ်ယောက် ပေါ်လာလေသည်။

ထိုတာအိုဆရာက အလွန်မှ ချောမောခန့်ညားလွန်းလှသည်။ သူ၏ မျက်ဝန်းများတွင် လွတ်လပ်မှုကို အပြည့်အ၀ မြင်တွေ့ရလလေသည်။

နတ်ဘုရားတစ်ပါး၏ လွတ်လပ်ခြင်းနှင့် တာအိုတရားကို သိမြင်နားလည်ခြင်းများကိုလည်း မြင်တွေ့ရလေသည်။ သူ့ကိုကြည့်ရသည်မှာ လောကတွင် ပြိုင်ဘက်မရှိသည့်အလား ထင်မှတ်ရလေသည်။

လောကတွင် သူ့လိုလူမျိုး နောက်တစ်ယောက် ရှိနိုင်မည် မဟုတ်ပေ။

သူထွက်ပေါ်လာသည်နှင့် တာအိုဆရာလီချင်းဆွေလည်း တစ်ချိန်တည်းမှာပင် ထွက်ပေါ်လာလေသည်။

သူတို့ (၂)ယောက်၏ မျက်ခုံးပုံသဏ္ဍန်များက ဆင်တူကြပြီး သူတို့ (၂)ယောက်ကို ကြည့်ရသည်မှာ သွေးသားတော်စပ်ဟန် ရှိလေသည်။

ထိုတာအိုဆရာသည်ကား "တာအိုဆရာသခင်ထိုက်ယီ" ပင် ဖြစ်လေသည်။

တာအိုဆရာသခင် ထိုက်ယီက…

"အခု အဖေနဲ့ ပြန်လိုက်ခဲ့ဖို့ အချိန်တန်ပြီ…"

လီချင်းဆွေက မျက်မှောင်တစ်ချက်ကြုတ်လိုက်ရင်း…

"ကျွန်မ အဖေ့ရဲ့အရိပ်မှာ ခိုလှုံဖို့ မလိုအပ်ဘူး…"

တာအိုဆရာသခင်ထိုက်ယီက ပြုံးလိုက်ရင်း…

"ဒီ ဆန်းလျန်ဆိုတဲ့ ကောင်လေးရဲ့ အရည်အချင်းက မသေးလှဘူး ၊ အခုဆိုရင် အဖေတောင် သူ့ကို မခန့်မှန်းနိုင်တော့ဘူး ၊ ဒါကြောင့် သမီးကိုပဲ အနားခေါ်ထားပြီး စိတ်ချရတဲ့နေရာတစ်ခုမှာ ထားချင်တယ်…"

လီချင်းဆွေက နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။

သူမက ချက်ချင်းပင် လှည့်ထွက်သွားရန်ဟန်ပြင်လိုက်သော်လည်း သူမပတ်ဝန်းကျင်မှ လေထုတစ်ခုလုံး အေးခဲသွားပြီး ပိတ်မိနေလေတော့သည်။

***

All Chapters