ချောင်းတိုက်ခြင်း
Vol. 66 Ch. 690
စစ်တူတစ်ချက်က အရာရာကို အဆုံးအဖြတ် ပေးလိုက်သည်။
မြောင်ယန် စုဆောင်းထားသည့် ပြင်းထန်လှသော တိုက်ခိုက်မှုမှာ ထန်ထျန်းထံသို့ မရောက်ရှိမီမှာပင် ကောင်းကင်ယံမှ ကျဆင်းလာသော စစ်တူကြောင့် ပျက်စီးသွားခဲ့ရသည်။
ထို့နောက် အကြီးအကဲကျွင်းယာ၏ ပုံရိပ်မှာ လူတိုင်း၏ ရှေ့မှောက်သို့ ဆင်းသက်လာခဲ့သည်။
သူမမှာ တားမြစ်နယ်မြေကို ဖြတ်ကျော်လာခဲ့ရသဖြင့် ဖုန်မှုန့်များ ပေကျံနေပြီး စွမ်းအင်များစွာ ကုန်ဆုံးထားရသလို ပေးဆပ်မှုအချို့လည်း ရှိခဲ့ပုံရသည်။
သူမ၏ ခန္ဓာကိုယ်ပေါ်တွင် တားမြစ်နယ်မြေ၏ ပျက်စီးခြင်းစွမ်းအားများ ဝါးမျိုခြင်း ခံထားရသည်မှာ သိသာလှသည်။
လောလောဆယ်တွင် ဆိုးရွားသော နောက်ဆက်တွဲရလဒ်များကို မမြင်ရသေးသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ထိုပျက်စီးခြင်းစွမ်းအားများက ရိုးတွင်းခြင်ဆီအထိ ထိုးဖောက်သွားပြီး သူမ၏ အသက်စွမ်းအား ကိုပါ ပြင်းထန်စွာ ထိခိုက်စေနိုင်ပါသည်။
သို့သော်ငြားလည်း သူမက ရောက်အောင် လာခဲ့သည်။
"အကြီးအကဲကျွင်းယာ"
ကျွင်းယာ ပေါ်လာသည်ကို မြင်သောအခါ အကြီးအကဲ ဝူနှင့် လူအုပ်စုမှာ ဝမ်းသာအားရ ဖြစ်သွားကြသည်။
ယခင်က သူတို့မျက်နှာပေါ်တွင် ရှိနေသော မျှော်လင့်ချက်ကင်းမဲ့မှုများမှာ စိတ်လှုပ်ရှားမှုများဖြင့် အစားထိုးဝင်ရောက်သွားတော့သည်။
"နင်တို့ အဆင်ပြေရဲ့လား"
ကျွင်းယာက အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။
ထို့နောက် ထန်ထျန်းကို ကြည့်ကာ ထပ်မေးလိုက်သည်။ "နင်ကော အဆင်ပြေရဲ့လား"
ထန်ထျန်းက ခေါင်းငြိမ့်ပြကာ ပြော၏။ "လောလောဆယ်တော့ အဆင်ပြေပါတယ်"
"သူ ငါ့ရဲ့ ဒီဓားကို မကျော်နိုင်ပါဘူး"
ကျွင်းယာက အင်းဟု တစ်ချက်ဆိုကာ ထန်ထျန်းလက်ထဲရှိ ရှင်းယွဲ့အင်မော်တယ် ဓားပေါ်တွင် အကြည့်အနည်းငယ်ကြာအောင် ရပ်တန့်နေခဲ့ပြီးနောက် ရှေ့တွင်ရှိသော မြောင်ယန်ဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။
"နင် ဖြစ်နေတာကိုး"
"နန်းတော်သခင် မြောင်ယန်"
ကျွင်းယာ၏ လေသံတွင် အံ့ဩမှုများ သိသိသာသာ ပါဝင်နေသည်။
"ဟဲဟဲ... ဘယ်သူများလဲလို့၊ သူငယ်ချင်းဟောင်း ဖြစ်နေတာပဲ"
"ဒီလောက် နှစ်အတော်ကြာအောင် မတွေ့ရတာ၊ နင့်ရဲ့ ခွန်အားတွေက တိုးလာပြန်ပြီပဲ"
"ကြည့်ရတာ ထိုက်ယိ မြင့်မြတ် နယ်မြေမှာ လုံကျိုကျိုးရဲ့ ခွေးအဖြစ် နေရတာ တကယ်ပဲ သက်သောင့်သက်သာ ရှိပုံရတယ်နော်"
မြောင်ယန်က လှောင်ပြောင်သော အပြုံးဖြင့် ပြောလိုက်သည်။
သို့သော် ကျွင်းယာ မှာမူ တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်စွာပင် ပြော၏။ "နတ်ဘုရားအရှင်ရဲ့ စရိုက် ကို နင် အသိဆုံး ဖြစ်မှာပါ"
"သူက သာယာဝပြောတဲ့ မြင့်မြတ် နယ်မြေကြီးတစ်ခုကို တည်ဆောက်ပြီး လူတိုင်းကို သဟဇာတဖြစ်ဖြစ် အတူယှဉ်တွဲ နေထိုင်စေချင်တာ၊ ဘယ်ဘက်ကိုမှ ဘက်လိုက်တတ်သူ မဟုတ်ဘူး"
"မြောင်ယန်... နင်က ထိုက်ယိ မြင့်မြတ် နယ်မြေမှာ ရှိနေသင့်တာ၊ နင့်ရဲ့ ရာထူးက လူတစ်ယောက်အောက်၊ လူသန်းပေါင်းများစွာ အထက်မှာ ရှိနေသင့်တာ"
"နင်က အခုထက် ပိုပြီးတော့လည်း သန်မာနေသင့်တာ"
"ဒါပေမဲ့ နင့်ရဲ့ ကိုယ်ကျိုးအတ္တနဲ့ လောဘတွေကြောင့် နင်က ဒီရာထူးကို စွန့်လွှတ်ပြီး ခွေးပြေးဝက်ပြေး ပြေးခဲ့ရတယ်၊ နှစ်ပေါင်း သောင်းနဲ့ချီပြီး ပုန်းအောင်းနေခဲ့ရတယ်"
ဤစကားများကြောင့် မြောင်ယန်၏ မျက်နှာမှာ ချက်ချင်းပင် အေးစက်သွားသည်။
အပြုံးများ ပျောက်ကွယ်သွားပြီး ယင်းအစား ပြင်းထန်လှသော နာကျည်းမှုများ ဝင်ရောက်လာသည်။
"ပါးစပ်ပိတ်ထား"
သူမက ဒေါသတကြီး ဟောက်လိုက်သည်။ "လုံကျိုကျိုးက ငါ့ကို သစ္စာဖောက်ခဲ့တာ"
"ငါ သူ့အတွက် အများကြီး လုပ်ပေးခဲ့တယ်၊ အရာအားလုံးကိုတောင် ပေးဆပ်ခဲ့တယ်၊ သူ့ဘေးမှာပဲ ရှိနေချင်တာလေ၊ ဒီတောင်းဆိုချက်က လွန်သွားလို့လား"
"ဒါပေမဲ့ သူကကော ကျင့်ကြံခြင်းနဲ့ ခွန်အားကလွဲရင် ငါ့ကို တစ်ခါမှ မျက်စိထဲ မထည့်ခဲ့ဘူး"
"ဘာဖြစ်လို့လဲ ငါက အဲဒီခေတ်ရဲ့ အတောက်ပဆုံးသော ကြယ်ပွင့်ပဲ ဘယ်အမျိုးသမီးမှ ငါ့ကို မယှဉ်နိုင်ဘူး၊ သူက ဘာလို့ ဒီလို လုပ်ရတာလဲ"
ကျွင်းယာက အေးစက်စွာ ပြုံးလိုက်ပြီး ပြော၏။ "ဒီလို အတွေးတွေကြောင့်ပဲ နင် လမ်းမှားကို ရွေးချယ်ခဲ့တာ"
"ဒီကမ္ဘာက နင့်တစ်ယောက်တည်းကိုပဲ လည်နေတာ မဟုတ်ဘူး၊ နင်ကလည်း အဲဒီခေတ်ရဲ့ ဇာတ်လိုက် မဟုတ်ဘူး"
"နတ်ဘုရားအရှင်က နင့်ကို တစ်ခါမှ သစ္စာမဖောက်ခဲ့ဘူး၊ နင့်ရဲ့ မာန်မာန၊ နင့်ရဲ့ ခေါင်းမာမှုနဲ့ အဆုံးမရှိတဲ့ နင့်ရဲ့ လောဘတွေကသာ နင့်ကို ဖျက်ဆီးခဲ့တဲ့ တရားခံတွေပဲ"
"အခုတော့ နင်က နာကျည်းချက်တွေကို ရင်ဝယ်ပိုက်ပြီး ထိုက်ယိ မြင့်မြတ် နယ်မြေကို လက်စားချေခြင်းဖို့အတွက်နဲ့ နတ်ဘုရားအရှင်ကို လက်စားချေဖို့ ကြိုးစားနေတယ်"
"နတ်ဘုရားအရှင်က နင့်ကို အဖက်မလုပ်ချင်ရုံသက်သက်ပဲ၊ မဟုတ်ရင် သူ့ရဲ့ ခွန်အားနဲ့ဆိုရင် နင် ကွမ်းမင် မြင့်မြတ် နယ်မြေမှာ ဒီလောက် နှစ်အတော်ကြာအောင် ပျော်ပါးနေနိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား"
မြောင်ယန်၏ မျက်နှာမှာ ဖြူဖျော့သွားသော်လည်း ကျွင်းယာ၏ စကားကို ပြန်လည် ချေပရန် စကား ရှာမတွေ့ပေ။
အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ ပြောနေသည်မှာ အမှန်တရား ဖြစ်သောကြောင့်ပင်။
လုံကျိုကျိုးက အမှန်တကယ်ပင် စိတ်သဘောထား ကြီးမြတ်သူ ဖြစ်သည်။ မြောင်ယန်က ယခင်က မကောင်းမှုများစွာ လုပ်ခဲ့သလို သူမ၏ စရိုက် မှာလည်း ပြဿနာရှိခဲ့သော်လည်း လုံကျိုကျိုးဘက်မှ ပထမဆုံး ရပ်တည်ပေးခဲ့သူ ဖြစ်ခြင်းကြောင့်ပင် သူမကို အပြစ်ပေးမည် မဟုတ်ပေ။
ယင်းအစား မြောင်ယန်အတွက် ရှင်သန်ရန် နေရာများစွာ ပေးထားပြီး သူမ၏ ဘဝနောက်ပိုင်းကို ကောင်းမွန်စွာ ဖြတ်သန်းစေမည် ဖြစ်သည်။
သို့သော် နှမြောစရာကောင်းသည်မှာ မြောင်ယန်က အလိုရမ္မက် ကြီးလွန်းခဲ့သည်။
သူမကိုယ်တိုင်ကသာ သူမ၏ အရာအားလုံးကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
မြောင်ယန်က ကျွင်းယာကို စိုက်ကြည့်နေပြီးနောက် ခဏအကြာတွင် ရုတ်တရက် ပြုံးလိုက်ကာ "ဒါပေမဲ့ နင် ထိုက်ယိ မြင့်မြတ် နယ်မြေမှာ နေခဲ့လို့ကော ဘာထူးမှာလဲ"
"လုံကျိုကျိုးက နင့်ကို ယုံကြည်တယ်လို့ ထင်နေတာလား"
ကျွင်းယာက နှာခေါင်းရှုံ့ကာ ပြော၏။ "ငါတို့ အရင်က လူတွေဟာ ထိုက်ယိ မြင့်မြတ် နယ်မြေနဲ့ အကြာကြီး တိုက်ခိုက်ခဲ့ကြပေမဲ့ နောက်ဆုံးမှာ လက်နက်ချပြီးတဲ့နောက် ဘာခွဲခြားဆက်ဆံမှုမှ မခံခဲ့ရဘူး"
"ယင်းအစား ငါတို့ကို အရေးတယူ ရှိခဲ့ပြီး ဂိုဏ်းရဲ့ အရေးအကြီးဆုံး ရာထူးတွေကိုတောင် ပေးခဲ့တယ်"
"ငါတို့ရဲ့ တာအို အမွေအနှစ်တွေလည်း အခုထိ တည်ရှိနေဆဲပဲ"
"ဒါကိုမှ ယုံကြည်မှုလို့ မခေါ်ရင် ဒီကမ္ဘာမှာ ယုံကြည်မှုဆိုတာ ရှိမှာ မဟုတ်တော့ဘူး"
မြောင်ယန်က တဟားဟား ရယ်မောလိုက်ပြီး ပြော၏။ "ဒါဆိုရင် သူက နင့်ကို ဘာလို့ ဘာမှ မပြောပြတာလဲ"
"ငါ သူတို့ကို တားမြစ်နယ်မြေထဲ ခေါ်လာတာက လုံကျိုကျိုးကို လက်စားချေဖို့လို့ နင် တကယ် ထင်နေတာလား"
"ထန်ထျန်းရဲ့ ထူးခြားမှုကို နင် မသိသေးဘူး ထင်တယ်"
ကျွင်းယာက မျက်မှောင်ကြုတ်သွားသည်။
"ငါ သိတာပေါ့"
"သူက နတ်ဘုရားအရှင် တန်ဖိုး ထားတဲ့ တပည့်လေ"
"ငါ တားမြစ်နယ်မြေထဲကို ဝင်လာပြီး သူ့ကို ရှာတာကလည်း အဲဒီအတွက်ပဲ"
မြောင်ယန်က အားရပါးရ ရယ်မောလိုက်ပြီး သူမ၏ မျက်လုံးထဲတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေသည်။
"ကျွင်းယာ... ကျွင်းယာ... နှစ်ပေါင်း သောင်းနဲ့ချီ ကြာသွားတာတောင် နင်က အရင်အတိုင်း အ နေတုန်းပဲ"
"ငါ ပြောပြမယ်၊ ဒီနေ့ ကိစ္စက ထန်ထျန်း တစ်ယောက်တည်းအတွက်ပဲ၊ လုံကျိုကျိုးနဲ့ ဘာမှ မဆိုင်ဘူး"
"ဘာလို့လဲ သိလား"
"ဘာဖြစ်လို့လဲဆိုတော့ ထန်ထျန်းရဲ့ ကိုယ်ပေါ်မှာ ငါတို့လို ဝူကျိတာအိုအရှင် တွေ ကျိကျွင်းအဆင့်ကို တက်လှမ်းနိုင်စေမယ့် အရာတစ်ခု ရှိနေလို့ပဲ"
"နင်ကတော့ ဘာမှ မသိဘဲ နေခဲ့တာပေါ့၊ လုံကျိုကျိုးက နင်တို့ ဘယ်သူ့ကိုမှ ထည့်မစဉ်းစားခဲ့ဘူး"
"ဒါကိုမှ ယုံကြည်မှုလို့ နင် ပြောနေတုန်းလား"
"နင်က နင့်ရဲ့ ကျင့်ကြံခြင်းတွေကို အထိခိုက်ခံပြီး တားမြစ်နယ်မြေထဲကို အတင်းဝင်လာတယ်၊ နင့်သခင် အလေးထားတဲ့ တပည့်ကို ကယ်ဖို့ပေါ့"
"ဒါပေမဲ့ သူကကော နင့်အတွက် တစ်စက်ကလေးတောင် ထည့်စဉ်းစားပေးဖူးလား"
မြောင်ယန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ကျွင်းယာမှာ မျက်မှောင်ကြုတ်သွားပြီး နောက်ရှိ ထန်ထျန်းကို လှည့်ကြည့်လိုက်သည်။
ထိုခဏတွင် သူမက မြောင်ယန်၏ မေးခွန်းထုတ်မှုထဲတွင် အမှန်တကယ်ပင် စိတ်နစ်သွားပုံရသည်။
သူမ၏ သတိမှာ အနည်းငယ် လျော့ရဲသွားသည်။
ထန်ထျန်းက အမြန်ပင် ပြောလိုက်၏။ "သူ တမင် ပြောနေတာ"
သို့သော် သူ စကားစလိုက်သည်နှင့် မြောင်ယန်က ထိုအခွင့်အရေးကို အပိုင်ဆုပ်ကိုင်ကာ ပြင်းထန်လှသော တိုက်ခိုက်မှုကို စတင်လိုက်သည်။
ဓားကောက်ကို ဝှေ့ယမ်းကာ မျက်စိတစ်မှိတ်အတွင်း ကျွင်းယာ၏ နောက်ကျောသို့ ရောက်ရှိသွားပြီး အရှိန်အဟုန်ဖြင့် ပိုင်းချလိုက်သည်။
သို့သော် ထိုအချိန်တွင် ကျွင်းယာ၏ နှုတ်ခမ်းထောင့်တွင် မှိန်ဖျော့သော အပြုံးတစ်ခု ပေါ်လာသည်။
သူမက ထန်ထျန်းကို ကြည့်ကာ ပြောလိုက်၏။ "ငါ သိပါတယ်"
ဓားကောက်က ကျွင်းယာ၏ ခန္ဓာကိုယ်ကို နှစ်ပိုင်း ပိုင်းဖြတ်လိုက်သော်လည်း ထိုနှစ်ပိုင်းမှာ မီးခိုးငွေ့ကဲ့သို့ လေထဲတွင် ပျောက်ကွယ်သွားသည်။
နောက်တစ်ခဏတွင် မြောင်ယန်၏ အံ့ဩတုန်လှုပ်နေသော အကြည့်များအောက်တွင် ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးများက သူမကို အရပ်မျက်နှာအနှံ့မှ ဝန်းရံလိုက်သည်။
ထို့နောက် ကျွင်းယာ ယခင် ရှိနေခဲ့သော နေရာတွင် လျှပ်စီးများ ဝန်းရံထားသည့် စစ်တူတစ်လက်မှာ လေဟာနယ်ထဲမှ ပေါ်ထွက်လာပြီး မြောင်ယန်၏ ရင်ဘတ်ကို အားအပြည့် တည့်တည့် ထုလိုက်တော့သည်။ ( ပြားသွားပြီထင်တယ် 🤔🤔)
"ဘုန်း"
မြောင်ယန်၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် နောက်သို့ လွင့်ထွက်သွားပြီး ကောင်းကင်ယံတွင် သွေးများ စွန်းထင်ကျန်ရစ်ခဲ့တော့သည်။