← Chapters

အခန်း (၁၆၅၇-၁၆၅၉)

Vol. 111 Ch. 1657-1659

အခန်း (၁၆၅၇-၁၆၅၉)

Vol. 111 Ch. 1657-1659

အခန်း (၁၆၅၇ )

ခရီးသွားဟန်လွဲ

တုဝေ၏ စကားကို ကြားလျှင် လျှို့ဝှက်လဝန်းနန်းတော်၏ အုပ်ချုပ်မှုအောက်ရှိ မြို့များသည် အမည်ခံအားဖြင့် နန်းတော်၏ အစိတ်အပိုင်းများ ဖြစ်သော်လည်း ၎င်း၏ နယ်မြေအတွင်းတွင်လည်း အင်အားစု အမြောက်အမြား ရှိနေသည်ကို လုချန်း ချက်ချင်း သဘောပေါက်လိုက်သည်။

လျှို့ဝှက်လဝန်းနန်းတော်သည် ကောင်းကင်ဘုံ၌ ရှိပြီး မြေပြင်ပေါ်ရှိ ဤနေရာများသည် ၎င်းအတွက် လူ့လောက၏ အစိတ်အပိုင်းမျှသာ ဖြစ်သည်။ အချို့သော မြို့ကြီးများသည် ၎င်း၏ တိုက်ရိုက် အုပ်ချုပ်မှုအောက်တွင် ရှိသော်လည်း မြို့အများစုကိုတော့ ၎င်း၏ လက်အောက်ခံ အင်အားစုများကသာ စီမံခန့်ခွဲကြသည်။

မည်သို့ပင်ဆိုစေ လျှို့ဝှက်လဝန်းနန်းတော်သည် နတ်ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သဖြင့် လူ့လောကကို တိုက်ရိုက် စီမံခန့်ခွဲရန်အတွက် အာရုံမစိုက်နိုင်ပေ။

ဥပမာအားဖြင့် နှင်းခဲမြို့သည် လျှို့ဝှက်လဝန်းနန်းတော်၏ တိုက်ရိုက် စီမံခန့်ခွဲမှုအောက်ရှိ အထူးမြို့များထဲမှ တစ်မြို့ဖြစ်သောကြောင့် ၎င်း စည်ကားဝပြောနေခြင်းက သဘာဝကျသည်။

သို့သော် နှင်းမြင့်မြို့ရှိ လူဦးရေကို ကြည့်ခြင်းအားဖြင့် ဤမြို့သည်လည်း ယခင်က စည်ကားခဲ့ဖူးရပေမည်။

အဘယ်ကြောင့် ယခုကဲ့သို့ အခြေအနေမျိုးသို့ ရောက်ရှိသွားရသနည်း။

ထိုအရာက ဒူးဝေ ပြောခဲ့သလို ကျင့်ကြံသူတွေရဲ့ ကျင့်စဉ်နဲ့ ပတ်သက်တဲ့ ပြဿနာနဲ့ ဆက်စပ်နေနိုင်သည်။ ထိုသို့တွေးတောရင်း လမ်းမပေါ်တွင် သွားလာနေသည့် ကျင့်ကြံသူများကို ကြည့်လိုက်ရာ သူတို့ထံမှ သေမင်းအငွေ့အသက်များ ထွက်ပေါ်နေသည်ကို တကယ်ပင် မြင်တွေ့လိုက်ရသည်။

နတ်တစ်ပါး အနေနှင့် သူတို့၏ နတ်အာရုံများ ပျက်စီးနေနိုင်ကြောင်း လုချန်း ချက်ချင်း ပြောနိုင်သော်လည်း ထိုအရာကိုဖြစ်ပေါ်စေခဲ့သည့် အကြောင်းအရင်းကိုတော့ သူ မသိပေ။

တကယ်တော့ သူ၏ နတ်အာရုံကို အသုံးပြု၍ နှင်းမြင့်မြို့ တစ်မြို့လုံးကို စစ်ဆေးကြည့်ရုံဖြင့် အကြောင်းရင်းကို ရှာဖွေတွေ့ရှိနိုင်စရာ ရှိသည်။

သို့သော်လည်း နှင်းမြင့်မြို့၌ နတ်တစ်ပါး၏ အရှိန်အဝါ ရှိနေသည်ကို ခံစားမိသဖြင့် သူ ဆက်လုပ်ဆောင်ခဲ့ပေ။

ထျန်းရန် နတ်ဘုရား နယ်မြေတွင် စာဖြင့်ရေးသားမထားသော စည်းမျဉ်းအချို့ ရှိသည်။ နတ်တစ်ပါး ရှိနေသည့် နေရာတွင် ဖြတ်သန်းသွားသော နတ်များက ယေဘုယျအားဖြင့် စုံစမ်းစစ်ဆေးရန်အတွက် နတ်အာရုံကို အသုံးမပြုကြပေ။ ထိုအပြုအမူက ရန်စခြင်းဟု ယူဆခံရနိုင်သောကြောင့်ဖြစ်၏။

သို့သော်လည်း ၎င်းသည် ယေဘုယျ အခြေအနေမျိုးအတွက်သာ ဖြစ်၏။ နှင်းမြင့်မြို့၏ မူမမှန်မှုများကြောင့် လျှို့ဝှက်လဝန်းနန်းတော်သခင်၏ တပည့်ရင်း ဖြစ်သော သူ၏ အဆင့်အတန်းအရ ဝင်ရောက် စွက်ဖက်ပိုင်ခွင့် အာဏာ ရှိသည်။

ထို့နောက် သူ၏ နတ်အာရုံကို အသုံးပြု၍ နှင်းမြင့်မြို့ တစ်မြို့လုံးကို စတင် အာရုံခံကြည့်လိုက်ရာ မြို့၏ အောက်ခြေတွင် ကြီးမားသော နည်ဗျူဟာ ပုံစံတစ်ခုကို လျင်မြန်စွာ တွေ့ရှိခဲ့ပြီး ၎င်းထဲ၌ များပြားလှသော ဝိညာဉ်များကို ချုပ်နှောင်ထား‌ကြောင်း တွေ့ရှိလိုက်ရ၏။

ထိုဝိညာဉ်များသည် စိတ်ပျက်အားငယ်မှုများ ခံစားနေရရင်း ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်ဆိုးများအဖြစ် တဖြည်းဖြည်း ပြောင်းလဲနေကြသည်။

ဤမြင်ကွင်းကို မြင်လျှင် လုချန်း ခပ်တိုးတိုး ရယ်မောလိုက်၏။ စွမ်းအားကြီးသော မိစ္ဆာကျင့်ကြံသူ တစ်ဦးသည် နှင်းမြင့်မြို့ကို ဝိညာဉ် သန့်စင်သည့် နေရာတစ်ခုအဖြစ် အသုံးပြုနေကြောင်း သူ သဘောပေါက်လိုက် သောကြောင့်ဖြစ်၏။

မဟုတ်သေးပေ.....

ဒါက မိစ္ဆာကျင့်ကြံသူ မဟုတ်ပဲ မိစ္ဆာနတ် တစ်ပါး ဖြစ်ရမည်။

မိစ္ဆာကျင့်ကြံသူ တစ်ဦး အနေနှင့် အခုလို ကြောက်မက်ဖွယ်ကောင်းသော နည်းဗျူဟာ ပုံစံမျိုးကို ချထားနိုင်စွမ်း ရှိမည် မဟုတ်‌ပေ။

ကံကြမ္မာကို ဖြတ်ကျော်ခြင်း အဆင့် ရှိသူများ အပါအဝင် နှင်းမြင့်မြို့ရှိ ကျင့်ကြံသူ အများစု၏ ဝိညာဉ် အစိတ်အပိုင်းများ ထုတ်ယူခံထားရသည်။ လူသားများတွင် ဝိညာဉ် သုံးခုနှင့် စိတ်ဝိညာဉ် ခုနစ်ခု ရှိပြီး ၎င်းတို့ထဲမှ အချို့ကို ဖယ်ရှားလိုက်ပါက လမ်းလျှောက်နေသော အလောင်းများကဲ့သို့ စိတ်ဝိညာဉ် ကင်းမဲ့သွားကြသည်။

ဝိညာဉ်အစိတ်အပိုင်းများ ခန္ဓာကိုယ်မှ အချိန်အကြာကြီး ထွက်ခွာသွားပါက ထိုသူ၏ သွေး အနှစ်သာရ ပျက်စီးသွားပြီး လမ်းလျှောက်နေသော အလောင်းတစ်ကောင်သာ ဖြစ်သွားပေလိမ့်မည်။

လုချန်း အနည်းငယ် စိတ်ဝင်စားသွားသည်။ ကွယ်ကွယ်ရာမှ ဝိညာဉ်များကို သန့်စင်နေသော ဤမိစ္ဆာနတ်သည် နှင်းမြင့်မြို့ရှိ ကျင့်ကြံသူအားလုံးကို အဘယ်ကြောင့် တိုက်ရိုက် သတ်မပစ်ပဲ ဤကဲ့သို့ နူးညံ့သော နည်းလမ်းများကို ရွေးချယ်ခဲ့ရသနည်း။

လုချန်းသည် မိစ္ဆာကျင့်ကြံသူ၊ မိစ္ဆာနတ် အမြောက်အမြားကို ကြုံတွေ့ခဲ့ဖူးသူဖြစ်၏။ မြို့တစ်မြို့လုံးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းက သူတို့အတွက် သာမန်ကိစ္စမျှသာ ဖြစ်သည်။

မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံသည့် မိစ္ဆာနတ်တစ်ပါးက ဤကဲ့သို့ နူးညံ့သော နည်းလမ်းများကို အသုံးပြုခြင်းအား လုချန်းအလွန် စိတ်ဝင်စားသွားမိသည်။

ဟုတ်ပါသည်။ ထိုမိစ္ဆာနတ်၏ မိစ္ဆာကျင့်စဉ် ကျင့်ကြံသည့် နည်းလမ်းကို လုချန်း ထောက်ခံ‌နေခြင်းတော့ မဟုတ်ပေ။ သို့‌သော် အခြားသော မိစ္ဆာနတ်များနှင့် နှိုင်းယှဉ်လျှင်တော့ ဤနတ်က တကယ်ပင် ထူးဆန်းနေသည်။

ထိုအခိုက်အတန့်တွင် တုဝေက လုချန်းအတွက် အရက်တစ်ခွက် ငှဲ့ပေးလိုက်ပြီး

“ကျုပ် မေးပါရစေ နတ်ဆရာကြီး။ ဆရာကြီးက ကျင့်ကြံသူလား ဒါမှမဟုတ် နတ်တစ်ပါးလား”

ဟု သတိကြီးစွာဖြင့် စုံစမ်းမေးမြန်းလိုက်သည်။

တုဝေသည် သာမန် ကျင့်ကြံသူ တစ်ဦးသာ ဖြစ်သော်လည်း ကျင့်ကြံသူများ လွတ်လပ်စွာ သွားလာနေသော နှင်းမြင့်မြို့ကဲ့သို့ မြို့မျိုးတွင် နေထိုင်သူ ဖြစ်သဖြင့် ကျင့်ကြံသူများနှင့် နတ်များအကြား ကွာခြားချက်ကို ကောင်းစွာသိ၏။

နတ်များနှင့် ကျင့်ကြံသူများအကြားတွင်တော့ ကြီးမားသော ကွာခြားချက် ရှိ‌ကြောင်း သိထားကြသော်လည်း ဤအောက်ခြေအဆင့် ကျင့်ကြံသူများအကြားတွင်တော့ နတ်တစ်ပါးကို နတ်ဆရာကြီး အဖြစ်သတ်မှတ်သကဲ့သို့ အဆင့်မြင့်သော ကျင့်ကြံသူတစ်ဦးကိုလည်း နတ်ဆရာကြီးဟု သတ်မှတ်တတ်ကြသည်။

လုချန်းက ဖုံးကွယ်မထားပဲ

“နတ်”

ဟု တိုက်ရိုက် တုံ့ပြန်လိုက်သည်။

ထိုအရာကို ကြားလျှင် တုဝေ မှင်တက်သွားသည်။ သာမန် ကျင့်ကြံသူ တစ်ဦးက အဘယ်ကြောင့် အရက်ဆိုင်ထိုင်ဖို့ နတ်ကျောက်တုံးများကို အသုံးပြုနိုင်ရသနည်းဟု သူ တွေးတောနေခဲ့ခြင်းဖြစ်သည်။

နတ်တစ်ပါး ရောက်ရှိလာပြီး နှင်းမြင့်မြို့၏ အခြေအနေကို စုံစမ်းမေးမြန်းနေသဖြင့် စီးပွားရေးသမား တစ်ဦးဖြစ်သော တုဝေလည်း အရေးကိစ္စ တစ်ခုခု ဖြစ်လာတော့မည်ကို ချက်ချင်း သိမြင်လိုက်သည်။

ယခု နတ်တစ်ပါးက သူ၏ အရက်ဆိုင်သို့ ရောက်ရှိလာပြီ ဖြစ်ရာ သူ ဘာမှ မပြောခဲ့လျှင်တောင် သူသည် ဤနတ်အား နှင်းမြင့်မြို့၏ အခြေအနေကို အသိပေးလိုက်ပြီဟု ဒေသခံ နတ်များက ယူဆလိမ့်မည်။

ဤနတ် ထွက်ခွာသွားသည်နှင့် သူ အသက်ရှင်ရန် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။

လုချန်းသည် နှင်းမြင့်မြို့၏ ထူးခြားမှုများကို စုံစမ်းစစ်ဆေးရန် အထက်ဂိုဏ်းမှ စေလွှတ်လိုက်သော အထူးသံတမန် တစ်ဦးဖြစ်နိုင်သည်ဟု တုဝေ ယူဆလိုက်ရင်း အစီအစဉ်တစ်ခုကို လျင်မြန်စွာ စဉ်းစားလိုက်ကာ

“နတ်ဆရာကြီး... နှင်းမြင့်မြို့က အခုတော့ ခရမ်းရောင် ပုံရိပ် ဂိုဏ်းရဲ့ လက်အောက်မှာ ရှိနေတာပါ။ ဒါကြောင့် သူတို့ တစ်ခုခု သိနေနိုင်ပါတယ်။”

ထိုအရာကို ကြားလျှင် လုချန်းလည်း တုဝေ၏ အကြံကို ချက်ချင်း သိမြင်သွားပြီး အနည်းငယ် အံ့အားသင့်သွားမိသည်။ ထျန်းရန် နတ်ဘုရား နယ်မြေရှိ လူသားများ၊ အထူးသဖြင့် ကျင့်ကြံသူ မြို့များတွင် နေထိုင်သူများသည် တော်တော်လေး ပါးနပ်ကြသည်။

ကောင်းကင်ဝံပုလွေမြို့ အမှုကို ဖြေရှင်းစဉ်က သူတို့ ကြုံတွေ့ခဲ့ရသော ကုန်သည်တစ်ဦးသည်လည်း သူသည် ထူးခြားသည် အဆင့်အတန်း ရှိသူတစ်ဦး ဖြစ်ကြောင်း ချက်ချင်း သိမြင်သွားပြီး ကောင်ကင်ဝံပုလွေမြို့၏ ကိစ္စရပ်အချို့ကို သူ့အား လျှို့ဝှက်စွာ ပြောပြခဲ့သည်ကို လုချန်း သတိရလိုက်သည်။

သူ့ရဲ့ အမူအရာက အရမ်း ထူးခြားလွန်းနေလို့လား။

အထက်ဂိုဏ်းက စေလွှတ်လိုက်တယ်ဆိုတာ သိသာနေလို့လား။

ထို့နောက် လုချန်းက အာကာသ လက်စွပ်တစ်ကွင်းကို ထုတ်ယူကာ တုဝေထံသို့ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်ပြီး

“ဒါကို သိမ်းထားပါ။ အရေးကြီးတဲ့ အချိန်ကျရင် ဒါက ခင်ဗျားရဲ့အသက်ကို ကယ်ပေးလိမ့်မယ်။”

တုဝေ ကဲ့သို့ သာမန်ကျင့်ကြံသူ တစ်ဦး အနေနှင့်တော့ နှင်းမြင့်မြို့နှင့် လက်ရှိ ဆက်စပ်နေသော ဂိုဏ်းအကြောင်း အသိပေးခြင်း‌ လောက်သာတတ်စွမ်းနိုင်၏။ ကျန်တာကိုတော့ လုချန်း ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းမည် ဖြစ်သည်။

တုဝေသည် လုချန်း ပစ်ပေးလိုက်သော အာကာသ လက်စွပ်ကို အလျင်အမြန် ဖမ်းယူလိုက်ပြီး ချက်ချင်းပင် ဒူးထောက်ကာ

“နတ်ဆရာကြီးကို ကျေးဇူးအထူးတင်ပါတယ် ခင်ဗျား”

ဟု ကျေးဇူးတင်စကား ပြောလိုက်သည်။

နတ်တစ်ပါးနှင့် တိုက်ရိုက် ဆက်သွယ်မှု ရရှိခြင်းသည် နတ်ကံတရားနှင့် ဆက်နွယ်သွားခြင်းဖြစ်သည်။ နတ်တစ်ပါးက ပေးကမ်းသောအရာသည် နတ်အတွက် အသေးအဖွဲဟု ယူဆနိုင်သော်လည်း သူကဲ့သို့သော သာမန်လူသားများအတွက်တော့ စောစောက နတ်ကျောက်တုံးကဲ့သို့ပင် ကြီးမားသော အခွင့်အလမ်းတစ်ခု ဖြစ်သည်။

ထို့နောက် လုချန်းလည်း ဘာမှ ထပ်မမေးတော့ပဲ စားစရာကိုသာ တိတ်တဆိတ် စားသောက်လိုက် နေလိုက်သည်။

ထိုအချိန်တွင် နှင်းမြင့်မြို့ အထက်ရှိ ကောင်းကင်ယံ၌ တိမ်တိုက်များ ထူထပ်စွာ ဖုံးလွှမ်းသွားပြီး နှင်းများ သည်းထန်စွာ ကျလာတော့သည်။ နေ့အလင်းရောင် ပျောက်ကွယ်ကာ ညအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ဖြစ်သွားပြီး နှင်းမြင့်မြို့တစ်ခုလုံး သိသိသာသာ ဝေဝါးမှောင်မိုက် သွားကာ သုံးမီတာခန့်ထက် ပို၍ မမြင်နိုင်လောက်အောင် ဖြစ်သွားသည်။

လမ်းမများပေါ်တွင် ဝိညာဉ်များ ထုတ်ယူခံထားရသော ကျင့်ကြံသူများသည် ဟိုဟိုဒီဒီ လျှောက်သွားနေကြပြီး နှင်းမြင့်မြို့၌ တစ္ဆေသရဲများ စီတန်းလှည့်လည်နေသကဲ့သို့ ထင်မှတ်ရစေသည်။

စားသောက်ပြီးနောက် အရက်ဆိုင်ထဲမှ လုချန်း ထွက်လာကာ မှောင်မိုက်နေသော ကောင်းကင်ယံကို ကြည့်ပြီး ခပ်တိုးတိုး ရယ်မောလိုက်သည်။

စောစောက နတ်အာရုံကို အသုံးပြု၍ နှင်းမြင့်မြို့ကို အာရုံခံ ကြည့်ခဲ့သဖြင့် သူ၏ တည်ရှိမှုကို နှင်းမြင့်မြို့၏ နောက်ကွယ်မှ နတ် ခံစားမိသွားပြီး ယခုကဲ့သို့ ကြိုဆိုနေခြင်း ဖြစ်ကြောင်း လုချန်း နားလည်လိုက်သည်။

ဤအချက်က နတ်များ ရှိနေသော မြို့များကို နတ်အာရုံ အသုံးပြု၍ အာရုံမခံသင့်ခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်၏။ အခြားသူတစ်ဦး၏ နယ်မြေကို စုံစမ်းရန် နတ်အာရုံကို အသုံးပြုပါက ထိုနယ်ခံနတ်က ချက်ချင်း ခံစားမိနိုင်သောကြောင့် ဖြစ်သည်။

ထိုသို့မပြုလုပ်ပဲ အရှိန်အဝါကို ထိန်းချုပ်ထားပြီး နေမည်ဆိုပါက အချို့သော သာမန်နတ်များ သို့မဟုတ် ကျင့်စဉ်အဆင့်တစ်ခုရှိသော နတ်များပင် အခြားနတ်၏ တည်ရှိမှုကို သတိမပြုမိနိုင်ပေ။

လုချန်း မြို့ထဲသို့ ဝင်လာစဉ်က နှင်းမြင့်မြို့ရှိ မိစ္ဆာနတ်သည် လုချန်း၏ တည်ရှိမှုကို မခံစားမိခဲ့ပေ။ လုချန်းက သူ၏ နတ်အာရုံကို အသုံးပြုလိုက်သော အခါမှသာ သိသွားခြင်း ဖြစ်သည်။

လုချန်း အရက်ဆိုင်ထဲမှ ထွက်လာပြီးနောက် ကောင်းကင်ယံမှ အသံတစ်သံ ချက်ချင်း ပဲ့တင်ထပ်လာသည်။

“ကျင့်ကြံသူ မိတ်ဆွေက ကျုပ်ရဲ့ မြို့ကို လာလည်တာပဲ။ ကျုပ် ပြင်ဆင်မှုတွေ လုပ်ထားနိုင်အောင် ဘာလို့ ကြိုပြီး အကြောင်းမကြားတာလဲ။”

ထိုအရာကို ကြားလျှင် လုချန်းက ပြုံးလျက်

“ကျုပ်က ဒီအတိုင်း ဖြတ်သွားရုံတင်ပါ”

ထိုလူက ဆက်လက်၍

“ဖြတ်သွားရုံတင်ပဲ ဟုတ်လား။ ဒီအတိုင်း ဖြတ်သွားရုံဆိုရင် နှင်းမြင့်မြို့ကို စုံစမ်းဖို့ နတ်အာရုံကို အသုံးပြုစရာ မလိုဘူးထင်တယ်။”

ထိုအရာက ထျန်းရန် နတ်ဘုရား နယ်မြေ၏ ရေးမထားသော စည်းမျဉ်းတစ်ခု ဖြစ်၏။ ခရီးသွား နတ်တစ်ပါးသည် အခြားသူ၏ နယ်မြေကို စုံစမ်းရန်အတွက် နတ်အာရုံကို အလိုရှိသလို အသုံးပြုလေ့ မရှိပေ။ ထိုကြောင့် လုချန်းသည် ခရီးသွားဟန်လွဲ ဝင်ရောက်လာခြင်း မဖြစ်နိုင်ကြောင်း ထင်ရှား၏။

အခန်း (၁၆၅၈)

သူလည်းပဲ မိစ္ဆာနတ်လော

မြို့ထဲသို့ ကျူးကျော်ဝင်ရောက်လာသည့် နတ်က နှင်းမြင့်မြို့အောက်ခြေရှိ ဝိညာဉ်သန့်စင်ခြင်း နည်းဗျူဟာ ပုံစံကို သိသွားပြီဖြစ်ကြောင်း ကဲဟုန် သ‌ဘောပေါက်သွားသည်။ ထိုအချက်ကို သိသွားသည်နှင့် ကဲဟုန်၏ မျက်နှာပေါ်တွင် စိုးရိမ်မှုအရိပ်အယောင်တစ်ခု ထင်ဟပ်သွားသည်။

ထိုနတ်သာ ယခုထွက်ခွာသွားပါက သူ လုပ်ဆောင်ခဲ့သမျှနှင့် ခရမ်းရောင် ပုံရိပ် ဂိုဏ်း၏ လျှို့ဝှက်ချက်များအားလုံး အကုန်အစင် ပေါ်ပေါက်သွားပေလိမ့်မည်။

ဤကိစ္စများကို လျှို့ဝှက်လဝန်းနန်းတော်က သိ သွားပါက ၎င်းတို့အား နှိမ်နင်းရန် အစွမ်းထက်ပုဂ္ဂိုလ်များကို ချက်ချင်းစေလွှတ်မည်မှာ ဧကန်မုချပင်။

သူတို့သည် ဂိုဏ်းငယ်လေးတစ်ခုသာဖြစ်ပြီး ဂိုဏ်းအတွင်း စွမ်းအား အကြီးဆုံးသူကလည်း စစ်မှန်သောနတ် အဆင့်မျှသာ ရှိသည်။ လက်ရှိ ခရမ်းရောင် ပုံရိပ် ဂိုဏ်းသည် လျှို့ဝှက်လဝန်းနန်းတော်၏ စွမ်းအား ကြီးပုဂ္ဂိုလ်များကို ယှဉ်ပြိုင်နိုင်စွမ်းမရှိချေ။

ထို့ကြောင့် နှင်းမြင့်မြို့သို့ ကျူးကျော်ဝင်ရောက်လာသည့် ဤနတ် မည်သူပင်ဖြစ်စေကာမူ ထိုသူ သေကိုသေရမည်။

ထိုသူက မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ရသေးသော်လည်း သူ့တွင် ကြီးမားသော စွမ်းအား ရှိမည်ဟု ကဲဟုန် မယုံကြည်ပေ။ ကဲဟုန်၏ အမြင်တွင် ဤနတ်၏ အစွမ်းသည် အလွန် ဆုံးရှိလှ မြေနတ် အဆင့်သာ ရှိမည်ဟု ခန့်မှန်းမိသည်။

အကြောင်းမှာ ကောင်းကင်နတ် အများစုသည် လူ့လောကသို့ ဆင်းသက်လေ့မရှိသောကြောင့်ဖြစ်၏။ သူတို့၏ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းရန် မြေနတ်ကျင့်ကြံသူများသာ လူ့လောကတွင် လှည့်လည်သွားလာတတ်သည်။

ထို့ကြောင့် ဤလူ မြေနတ် အဆင့်မျှသာ ဖြစ်မည်ဟု သူ ဆုံးဖြတ်လိုက်သည်။

ကဲဟုန်၏ ခန့်မှန်းချက်က မှန်ကန်၏။ လုချန်းသည် အမှန်တကယ် ပင် မြေနတ် အဆင့်မျှသာ ဖြစ်သော်လည်း လုချန်း၏ စစ်မှန်သော အစွမ်းကိုတော့ ကဲဟုန် ရိပ်မိခြင်းမရှိချေ။

မြေနတ် အဆင့်ဖြစ်သည့် လုချန်းသည် ကောင်းကင်နတ် အဆင့်နှင့် နီးစပ်သော စွမ်းအား ကို ထုတ်ဖော်နိုင်စွမ်းရှိ၏။ အရေးကြီးဆုံးမှာ နတ်ဘုရင်၏ ကျိန်စာကို အသုံးပြုလိုက်ပါက သူ၏ စွမ်းအားသည် နတ်ဘုရင် အဆင့်သို့ ချက်ချင်း ရောက်ရှိသွားနိုင်ခြင်းပင်။

ကဲဟုန်က လုချန်းကို

“ဒီနေရာက စကားပြောဖို့ မသင့်တော်ဘူး... မိတ်ဆွေ... ကျုပ် တို့ နေရာပြောင်းပြီး စကားပြောကြရင် ဘယ်လိုလဲ။”

နှင်းမြင့်မြို့ကို နည်းဗျူဟာ ပုံစံဖြင့် ကာကွယ်ထားသော်လည်း ၎င်းသည် ကျင့်ကြံသူများ၏ မြို့တစ်မြို့မျှသာ ဖြစ်ပြီး နည်းဗျူဟာ ပုံစံကလည်း ထူးထူးခြားခြား အစွမ်းထက်လှသည်တော့ မဟုတ်ပေ။

မြေနတ် နှစ်ဦး ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြပါက နှင်းမြင့်မြို့ မကြာမီ ပျက်စီးသွားပေလိမ့်မည်။

လုချန်း၏ နာမည် သို့မဟုတ် သူ ဘယ်ကလာသည်ကို ကဲဟုန် မသိသော်လည်း ဤလူသည် မြင့်မြတ်သော နတ်တစ်ပါး ဖြစ်လိမ့်မည်ဟု သူ ယုံကြည်ထား၏။ ဖြောင့်မတ်သော နတ်တစ်ပါး ဖြစ်သည့်အတွက် မြို့ထဲတွင် တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။

ကဲဟုန်သည် လုချန်း၏ အတွေးကို မှန်ကန်စွာခန့်မှန်းနိုင်ခဲ့၏။ လုချန်းတွင်လည်း နှင်းမြင့်မြို့ထဲတွင် တိုက်ခိုက်ရန် အစီအစဉ်မရှိပေ။

ထို့နောက် သူ၏ ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မိုးကုပ်စက်ဝိုင်းဆီသို့ ခဏချင်းအတွင်း ပျောက်ကွယ်သွား၏။

ထိုအရာကို မြင်လျှင် လုချန်း ထွက်ပြေးသွားမည်ကို စိုးရိမ်သဖြင့် ကဲဟုန်လည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားသည်။

ကဲဟုန် လိုက်မမီမည်ကို စိုးရိမ်သဖြင့် လုချန်းက တမင်တကာ အရှိန်လျှော့ပေးထား၏။ နှင်းမြင့်မြို့နှင့် အတန်ငယ် ဝေးကွာသော နေရာသို့ ရောက်လျှင် တစ်ဆက်တည်း တည်ရှိနေသော တောင်တန်းကြီးများ၏ အထက် ကောင်းကင်ယံတွင် လုချန်း ရပ်တန့်လိုက်သည်။

အဆုံးမဲ့ တောင်တန်းများကို ကြည့်ရင်း လုချန်းက ကဲဟုန်ကို

“ဒီက ရှုခင်းက တော်တော်လှတာပဲ... ခင်ဗျားရဲ့ သင်္ချိုင်းဂူလုပ်ဖို့ သင့်တော်တဲ့နေရာပဲ။”

ထိုစကားများကို ကြားလိုက်ရလျှင် ကဲဟုန် ခဏခန့် မှင်တက်သွား၏။ ဤစကားက သူ ပြောရမည့် စကား မဟုတ်ပါလား။

သူကိုယ်တိုင်လည်း ထိုသို့သော စကားမျိုး ပြောရန် ပြင်ဆင်နေစဉ် ရှေ့ကလူက ဦးအောင် ပြောသွားသဖြင့် ကဲဟုန်၏ စိတ်ထဲ အတော်လေး မကျေမနပ် ဖြစ်သွားသည်။

လုချန်းက ဆက်လက်၍

“ကျုပ် တော်တော်လေး သိချင်နေတာ... ခင်ဗျား က မိစ္ဆာနတ် တစ်ပါး ဖြစ်နေတာတောင် ဘာလို့ မြို့ကို တိုက်ရိုက် သတ်ဖြတ်မှုတွေ မလုပ်တာလဲ... နှင်းမြင့်မြို့က ကျင့်ကြံသူအားလုံးကို သတ်ပစ်လိုက်ရင် ဝိညာဉ်သန့်စင်တာက ပို မမြန်ဘူးလား။”

ထိုအရာကို ကြားလျှင် ကဲဟုန်က တည်ငြိမ်စွာဖြင့်

“ကျုပ် သူတို့ကို မသတ်ပါဘူး... သူတို့ရဲ့ ဝိညာဉ်အချို့ကိုပဲ ထုတ်ယူခဲ့တာ... အဲဒါတောင် ဒီကမိတ်ဆွေ ရောက်လာခဲ့တာပဲ... အကယ်လို့ သူတို့အားလုံးကိုသာ သတ်ပစ်လိုက်ရင် လျှို့ဝက်လဝန်းနန်းတော်ရဲ့ အာရုံစိုက်မှုကို ခံရမှာ မဟုတ်ဘူးလား။”

လုချန်းက ရုတ်တရက် သဘောပေါက်သွားဟန်ဖြင့်

“ဩော်... ခင်ဗျားကို အကြင်နာတရားရှိတဲ့ မိစ္ဆာနတ် တစ်ပါးလို့ ကျုပ် ထင်နေတာ... အခြေအနေက ဒီလိုဆိုမှတော့ ခင်ဗျား ကို စိတ်အေးလက်အေးပဲ သွားခွင့်ပြုလိုက်တော့မယ်”

ကဲဟုန်က အေးစက်စွာ ရယ်မောရင်း

“မိတ်ဆွေ... ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေတာပဲ။”

ထိုစကားများနှင့်အတူ ကောင်းကင်တစ်ခွင်လုံး ရုတ်တရက် မှောင်မိုက်သွားပြီး သူတို့၏ အထက်တွင် မရေမတွက်နိုင်သော ညည်းတွားသံများ ပေါ်ထွက်လာ၏။ ဝိညာဉ်ပေါင်းများစွာ ရစ်ပတ်ဖွဲ့စည်းထားသော အနက်ရောင် တိမ်တိုက်ကြီးက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွား‌တော့သည်။

ထိုအနက်ရောင် တိမ်တိုက်အတွင်းမှ ထွက်ပေါ်လာသော မိစ္ဆာစွမ်းအားသည် အနီးအနားရှိ တောင်တန်းကြီးများကိုပါ တုန်ခါသွားစေလောက်အောင် ပြင်းထန်လှ၏။

ထို့နောက်တွင် ထိုဝိညာဉ်များသည် လုချန်းထံသို့ တိုက်ရိုက် ပြေးဝင်သွားကြ၏။

ဤမြင်ကွင်းကို မြင် လျှင် လုချန်း တွေဝေမနေတော့ပဲ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို ချက်ချင်း အသုံးပြုလိုက်သည်။

နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာသည် မိစ္ဆာကျင့်ကြံသူများနှင့် မိစ္ဆာနတ်များကို နှိမ်နင်းနိုင်သည့် ကျင့်စဉ်တစ်ခု ဖြစ်သည်။ နှစ်ဖက်စလုံးသည် မြေနတ် အဆင့်များ ဖြစ်ကြသော်လည်း ဤကျင့်စဉ်ကို အသုံးပြုပါက ပြိုင်ဘက်ကို ဖိနှိပ်ခြေမှုန်းနိုင်၏။

ဤတိုက်ပွဲအတွက် အချိန်အများကြီး မဖြုန်းတီးရန် လုချန်း ဆုံးဖြတ်ထား၏။

အကြောင်းမှာ ကဲဟုန်သည် လက်ပါးစေမျှသာ ဖြစ်ပြီး ပြဿနာ အစစ်က ခရမ်းရောင် ပုံရိပ် ဂိုဏ်းတွင်သာ ရှိနိုင်ကြောင်း သူ ကောင်းကောင်း သိထားသောကြောင့် ဖြစ်သည်။

ယခုအချိန်တွင် သူ ရှိနေကြောင်းကို ခရမ်းရောင် ပုံရိပ် ဂိုဏ်းက သိသွားလောက်ပြီ ဖြစ်သည်။ မကြာမီပင် ခရမ်းရောင် ပုံရိပ် ဂိုဏ်းမှ အခြား နတ်များ ဤနေရာသို့ ရောက်ရှိလာနိုင်သည်။

ကောင်းကင်ယံတွင် မီးအိမ် ထောင်ပေါင်းများစွာ ပေါ်လာသည်ကို မြင်လျှင် ကဲဟုန် အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။ ဤမီးအိမ်များမှ ထွက်ပေါ်လာသော အနီရောင်အလင်းတန်းများသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်စွမ်းအား စီးဆင်းမှုကို နှေးကွေးသွားစေသကဲ့သို့ ခံစားလိုက်ရသည်။

ဤအရာက ပုံရိပ်ယောင်တစ်ခုသာ ဖြစ်ရမည်ဟု ကဲဟုန် စိတ်ထဲ တွေးလိုက်၏။ မိစ္ဆာနတ် တစ်ပါးအနေနှင့် တူညီသော အဆင့်ရှိသည့် ဖြောင့်မတ်သော နတ်များထက် ပို စွမ်းအားထက်ရမည် ဖြစ်သည်။

အဘယ့်ကြောင့် သူက ဖိနှိပ်ခံရနိုင်မည်နည်း။

ကဲဟုန်လည်း မီးအိမ်များကို ဂရုမစိုက်တော့ပဲ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ နတ်စွမ်းအားများကို စုစည်းကာ ကျင့်စဉ် တစ်ခုကို အသုံးပြုလိုက်သည်။

“မိစ္ဆာဝိညာဉ် ဖျက်ဆီးခြင်း တိုက်ကွက်”

ထိုအခါ မရေမတွက်နိုင်သော ရန်ငြိုးဖွဲ့ ဝိညာဉ်များသည် အနီရောင်အလင်းများ ထုတ်လွှတ်ကာ လုချန်းထံသို့ ရူးသွပ်စွာ ပြေးဝင်သွားကြသည်။

လုချန်းက ကောင်းကင်ရှိ မီးအိမ်များကို ချက်ချင်း လှုပ်ရှားစေလိုက်၏။ နောက်တစ်ခဏတွင် ထိုမီးအိမ်များမှ တောက်ပသော အနီရောင်အလင်းများ ထွက်ပေါ်လာပြီး အနီရောင် နတ်အငွေ့အသက်များ တဖြည်းဖြည်း စုစည်းသွာကာ အနီရောင် ပိုးချည်မျှင်များအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် လုချန်းထံသို့ ပျံသန်းလာသော ရန်ငြိုးဖွဲ့ ဝိညာဉ်များကို လျင်မြန်စွာ ရစ်ပတ်လိုက်သည်။

နောက်တစ်ခဏတွင် ရန်ငြိုးဖွဲ့ ဝိညာဉ်များကို ကောင်းကင်ရှိ မီးအိမ်များက စုပ်ယူသွား၏။ ရန်ငြိုးဖွဲ့ ဝိညာဉ်များ ပျောက်ကွယ်သွားသည်နှင့်အမျှ ထိုဆီမီးအိမ်များ၏ အလင်း ပိုမိုတောက်ပလာပြီး သူ၏ စွမ်းအားလည်း သိသိသာသာ တိုးတက်လာကြောင်း လုချန်း ထင်ထင်ရှားရှား ခံစားလိုက်ရသည်။

ဖြစ်ပျက်နေသည့်အရာကို လုချန်း ချက်ချင်း နားလည်သွား၏။ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာသည် မိစ္ဆာကျင့်ကြံသူများနှင့် မိစ္ဆာနတ်များကို နှိမ်နင်းနိုင်ရုံသာမက ရန်ငြိုးဖွဲ့ ဝိညာဉ်များကိုလည်း စုပ်ယူကာ ဆီမီးအိမ်များအတွက် လောင်စာအဖြစ် ပြောင်းလဲပေးနိုင်သည်။ ထိုဝိညာဉ်များ လောင်ကျွမ်းသွားလျှင် ထူးခြားသော နတ်စွမ်းအားအဖြစ် သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် စီးဝင်ကာ သူ၏ စွမ်းအား ကို လျင်မြန်စွာ မြှင့်တင်ပေးခြင်း ဖြစ်သည်။

ဤအချက်က လုချန်းကို အံ့အားသင့်သွားစေ၏။ ယခုကြည့်ရတာ သူကိုယ်တိုင်ပင် မိစ္ဆာနတ် တစ်ပါးနှင့် ပိုတူနေသကဲ့သို့ပင်။

သို့သော် လုချန်း ဤအရာကို အလေးအနက်မထားပေ။ သူ၏ အမြင်တွင် မိစ္ဆာကျင့်စဉ် သို့မဟုတ် မိစ္ဆာစွမ်းအားဟူ၍ မရှိပေ။ လူယုတ်မာများသာ ရှိသည်။

ဝိညာဉ်များ လောင်ကျွမ်းပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော နတ်စွမ်းအားများသည် အလွန် သန့်စင်လှသဖြင့် သူ၏ ခန္ဓာကိုယ် သို့မဟုတ် စိတ်ဓာတ်အပေါ် သက်ရောက်မှု မရှိနိုင်သောကြောင့် ဤစွမ်းအားကို စိတ်ချလက်ချ စုပ်ယူလိုက်၏။

လုချန်းက ရန်ငြိုးဖွဲ့ ဝိညာဉ်များကို သန်စင်အောင် ပြုလုပ်ခြင်းဖြင့် သူ၏ ကျင့်စဉ်အဆင့်ကို မြှင့်တင်နေမှန်း သိလိုက်ရသောအခါ ကဲဟုန် လုံးဝ မှင်တက်သွား၏။

ဒါက ဘာဖြစ်နေတာလဲ...

တစ်ဖက်လူက ဖြောင့်မတ်တဲ့ နတ်တစ်ပါး မဟုတ်ဘူးလား.....

တကယ်ပဲ ရန်ငြိုးဖွဲ့ ဝိညာဉ်တွေကို သန့်စင်ပြီး ကျင့်စဉ်အဆင့် ကို မြှင့်တင်နေတာပဲ....

သူကလည်း မိစ္ဆာလမ်းစဉ်ကို လျှောက်နေတဲ့ နတ်တစ်ပါးပဲလား...

ထိုသို့ တွေးမိရင်း ကဲဟုန်က

“ခင်ဗျား ဘယ်သူလဲ... ကျုပ် ရဲ့ နှင်းမြင့်မြို့ကို ဘာကိစ္စနဲ့ လာတာလဲ။”

နဂါးမင်းကျောင်းတော်ကို ရေလွှမ်းမိုးတယ်ဟု ဆိုသလို အချင်းချင်း ပြန်လည် တိုက်ခိုက်မိမှာကို ထိုအခိုက်အတန့်တွင် ကဲဟုန် စိုးရိမ်သွား၏။ တစ်ဖက်လူ အသုံးပြုသည့် နတ်နိယာမကို ယခင်က မမြင်ဖူးသော်လည်း ဤနတ်နိယာမသည် သူ ကျင့်ကြံသည့် နည်းလမ်းကဲ့သို့ပင် မိစ္ဆာဆန်လှသဖြင့် ရှေ့ကလူကလည်း သူ့ကဲ့သို့ပင် မိစ္ဆာနတ် တစ်ပါး ဖြစ်နိုင်သည်ဟု ကဲဟုန် သံသယဝင်သွားခြင်းဖြစ်သည်။

မိစ္ဆာနတ်များသည်လည်း အချင်းချင်း တိုက်ခိုက်လေ့ရှိသော်လည်း လက်ရှိတွင် ထျန်းရန် နတ်ဘုရား နယ်မြေရှိ မိစ္ဆာနတ်များအတွက် အခြေအနေ မကောင်းလှပေ။ ထို့ကြောင့် မိစ္ဆာနတ် အချို့သည် အခြားသော မိစ္ဆာနတ်များနှင့် တွေ့ဆုံသောလျှင် ဂိုဏ်းတူများ အဖြစ် မှတ်ယူကာ မလိုအပ်ပဲ ပဋိပက္ခ အဖြစ်မခံကြပေ။

ပင်စည်တစ်ခုတည်းက ဆင်းသက်လာပါလျက်နဲ့ ဘာလို့ အကိုင်းအချင်းချင်း တွန်းတိုက်နေရမည်နည်း ဟူသော သဘောတရားကို လက်ကိုင်ထားသည့် သဘောဖြစ်၏။

ထို့ကြောင့် ကဲဟုန်က ဤတိုက်ပွဲကို ရပ်တန့်ရန် နည်းလမ်းရှာဖွေနေခြင်းဖြစ်သည်။

သူ၏ ရန်ငြိုးဖွဲ့ ဝိညာဉ်များ အချိန်နှင့်အမျှ အကြီးအကျယ် လျော့နည်းလာသည်ကို မြင်သောအခါ ကဲဟုန်လည်း မနေနိုင်တော့ပဲ လုချန်းကို

“မိတ်ဆွေ... ခင်ဗျား နဲ့ ကျုပ်က မိစ္ဆာနတ်တွေပဲ... ကျုပ်တို့ရဲ့ ရန်သူက ဟိုဖြောင့်မတ်တဲ့ နတ်တွေ ဖြစ်သင့်တာ... ကျုပ် တို့ အချင်းချင်း မနှိပ်စက်ပါနဲ့ဦး။”

“အကယ်လို့ ကျုပ်တို့ အချင်းချင်း သတ်နေကြတာကို ဟိုဖြောင့်မတ်တဲ့ နတ်တွေ သိ သွားရင် သူတို့တွေ ပြောမပြနိုင်လောက်အောင် ဝမ်းသာသွားကြမှာ မဟုတ်ဘူးလား။”

ကဲဟုန်၏ စကားများကို ကြားလျှင် လုချန်းက သရော်သံဖြင့် ရယ်မောရင်း

“ကျုပ် က ဖြောင့်မတ်တဲ့သူ... ခင်ဗျား က မိစ္ဆာ... ဘယ်တုန်းက ခင်ဗျား နဲ့ ကျုပ်က အချင်းချင်း ဖြစ်သွားရတာလဲ။”

…………

အခန်း( ၁၆၅၉)

ကိုယ်ပြုသောကံ ကိုယ်ပြန်ခံ

လုချန်း၏ စကားများကို ကြားလျှင် ချက်ချင်း ကဲဟုန် မှင်တက်သွား၏။

ဤလူက သူ့ကိုယ်သူ ဖြောင့်မတ်သောဂိုဏ်းကလို့ အခိုင်အမာ ပြောနေတာလား။

အံ့ဩစရာပင်...

ကျင့်စဉ်အဆင့် မြှင့်တင်ရန် ရန်ငြိုးဖွဲ့ ဝိညာဉ် အမြောက်အမြားကို သန့်စင်အောင် ပြုလုပ်ခြင်းက ဘယ်တုန်းကများ ဖြောင့်မတ်သော နတ်တစ်ပါး လုပ်ဆောင်သည့် အရာ ဖြစ်သွားရသနည်း။

အချို့သော နတ်များသည် မိစ္ဆာနတ်နိယာမ အချို့ကို သိထားတတ်ကြောင်း ကဲဟုန် သိသော်လည်း ပုံမှန်အားဖြင့် ထိုသို့သောသူများသည် မိစ္ဆာနတ်နိယာမများကို ဗြောင်ကျကျ အသုံးမပြုကြချေ။

ထို့ပြင် အချို့သော ဖြောင့်မတ်သည့် နတ်များသည်လည်း အခြားနတ်များ၏ ဝိညာဉ်များကို သန့်စင်အောင် ပြုလုပ်တတ်ကြသော်လည်း ပုံမှန်အခြေအနေတွင်တော့ သတ်မှတ်ထားသော ဝိညာဉ်အချို့ကိုသာ ပြုလုပ်လေ့ရှိကြ၏။

ဥပမာအားဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်အတွက် အကျိုးပြုနိုင်သည့် သို့မဟုတ် ဝိညာဉ်ရှာဖွေ၍ မရနိုင်သော ထူးခြားသည့် မှတ်ဉာဏ်အမွေအနှစ်များ ရှိနေသည့် အချို့သော ဝိညာဉ်များကိုသာ သန့်စင်အောင် လုပ်ဆောင်ရခြင်းမျိုး ဖြစ်သည်။

သို့သော် သူ၏ရှေ့မှလူကတော့ ကွဲပြားနေ၏။ သူက ရောက်လာသမျှ ရန်ငြိုးဖွဲ့ ဝိညာဉ်အားလုံးကို လက်ခံကာ သန့်စင်အောင် ပြုလုပ်နေခြင်းဖြစ်သည်။ ယင်းက မိစ္ဆာနတ်များသာ အသုံးပြုလေ့ရှိသည့် နည်းလမ်းတစ်ခုသာ ဖြစ်သည်။

ကဲဟုန်က နှာခေါင်းရှုံ့လိုက်ရင်း

“ခင်ဗျား ဘယ်သူလဲဆိုတာကို ဝန်မခံချင်မှတော့ ခင်ဗျားကို ဖြောင့်မတ်တဲ့ နတ်တစ်ပါးလို့ပဲ ကျုပ် သတ်မှတ်ပေးလိုက်ပါ့မယ်။”

ထိုသို့ပြောပြီးနောက် ကဲဟုန်က သူ၏ အာကာသလက်စွပ်အတွင်းမှ ထူထပ်သော အနက်ရောင်စွမ်းအားများ ထွက်ပေါ်နေသည့် ဝိညာဉ်တစ်သောင်းအလံကို ထုတ်ယူလိုက်၏။

သူက ဆက်လက်၍

“ခင်ဗျားရဲ့ ဝိညာဉ်သန့်စင်တဲ့ နှုန်းကပဲ ပိုမြန်မလား... ဒါမှမဟုတ် ဒီရန်ငြိုးဖွဲ့ ဝိညာဉ်တွေရဲ့ တိုက်ခိုက်တဲ့ အရှိန်က ပိုမြန်မလားဆိုတာ ကျုပ် ကြည့်ချင်သေးတယ်။”

နောက်တစ်ခဏတွင် ဝိညာဉ်တစ်သောင်းအလံအတွင်းမှ မရေမတွက်နိုင်သော ရန်ငြိုးဖွဲ့ ဝိညာဉ်များ ထွက်ပေါ်လာပြီး လုချန်းထံသို့ တိုက်ရိုက် ပြေးဝင်သွားကြ၏။ ဤရန်ငြိုးဖွဲ့ ဝိညာဉ်များသည် အမြင့်ဆုံး လူနတ် အဆင့်မျှသာ ရှိသဖြင့် အလွန် အစွမ်းထက်လှသည် မဟုတ်သော်လည်း သန့်စင်အောင် ပြုလုပ်ပြီးနောက်တွင်တော့ ၎င်းတို့၏ ဝိညာဉ်များသည် တောင့်တင်းခြင်း မရှိတော့ပဲ ဒြပ်မဲ့ပုံစံနှင့် ဒြပ်ရှိပုံစံကြား အချိန်မရွေး အပြောင်းအလဲ လုပ်နိုင်ကြသည်။

သို့သော် ကဲဟုန် မသိသည်က နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာသည် မိစ္ဆာစွမ်းအားအားလုံးကို နှိမ်နင်းနိုင်သည် ဟူသော အချက်ပင်။

ဤဝိညာဉ်များသည် ပုံစံများကို စိတ်ကြိုက်ပြောင်းလဲနိုင်သော်လည်း ကောင်းကင်ရှိ မီးအိမ်များမှ အနီရောင်အလင်းတန်းများနှင့် ထိတွေ့မိပါက သက်ရောက်မှု ခံရမည်သာ ဖြစ်၏။

သူ့ထံသို့ လှိုင်းလုံးများကဲ့သို့ တိုးဝင်လာသော ရန်ငြိုးဖွဲ့ ဝိညာဉ်များကို မြင်လျှင် လုချန်းက နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို ချက်ချင်း အသုံးပြုလိုက်ပြန်၏။ နောက်တစ်ခဏတွင် ကောင်းကင်ယံရှိ ဆီမီးအိမ်များ တောက်ပစွာ လင်းလက်လာပြီး အနီရောင်အလင်းတန်းများ ဝိညာဉ်များပေါ်သို့ ကျရောက်လာကာ ၎င်းတို့ကို မီးခိုးငွေ့များအဖြစ် ပြောင်းလဲပစ်လိုက်တော့သည်။

သူ ထုတ်လွှတ်လိုက်သော ဝိညာဉ်များ ချက်ချင်းဆိုသလို မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားသည်ကို မြင်ရလျှင် ကဲဟုန်၏ မျက်နှာမှာ အလွန်ပင် ကြည့်ရဆိုးသွား၏။ ဤမျှ များပြားလှသော ရန်ငြိုးဖွဲ့ ဝိညာဉ်များပင် ဤလူကို မထိခိုက်နိုင်ဟု သူ မထင်ထားခဲ့ပေ။

အခြေအနေက ဤသို့ဖြစ်နေမှတော့ သူ၏ နောက်ဆုံးလက်နက်ကို အသုံးပြုရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

နောက်တစ်ခဏတွင် ကဲဟုန်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“ဝိညာဉ်ဘုရင် မီးဖို”

သူ၏ စကားအဆုံးတွင် ကြီးမားလှသော မီးဖိုကြီးတစ်ခု ကောင်းကင်မှ ဆင်းသက်လာပြီး လုချန်းထံသို့ အရှိန်ပြင်းစွာ တိုက်ရိုက် ကျရောက်လာတော့သည်။ ထိုမီးဖိုကြီးပေါ်တွင် မရေမတွက်နိုင်သော ရန်ငြိုးဖွဲ့ ဝိညာဉ်များ ရစ်ပတ်နေပြီး ၎င်းတို့၏ ဦးခေါင်းများသည် ဝိညာဉ်ဘုရင် မီးဖိုပေါ်တွင် ကပ်နေကာ အဆက်မပြတ် ငိုကြွေးမြည်တမ်းနေကြ၏။

ဝိညာဉ်ဘုရင် မီးဖို ပေါ်လာသည့် အခိုက်အတန့်တွင် ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်သွားပြီး လုချန်းပင်လျှင် ထိုအရာ၏ ဖိအားကို ခံစားလိုက်ရသည်။ ဝိညာဉ်ဘုရင် မီးဖိုသည် အရိပ်အယောင် ကောင်းကင်အဆင့် နတ်လက်နက် တစ်ခု ဖြစ်နေသဖြင့် လုချန်း အနည်းငယ် အံ့အားသင့်သွား၏။

လူ့လောကတွင် မြေအဆင့် နတ်လက်နက်များကိုပင် မြင်တွေ့ရခဲလှသည်။

ကောင်းကင်အဆင့်ဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။

ဤခရမ်းရောင် ပုံရိပ် ဂိုဏ်းသည် သာမန်ဂိုဏ်းတစ်ဂိုဏ်း မဟုတ်ကြောင်း ထင်ရှားလှပေသည်။

အရိပ်အယောင် ကောင်းကင်အဆင့် နတ်လက်နက်တစ်ခု ဖြစ်သော်လည်း ၎င်းမှ ထုတ်လွှတ်သော မိစ္ဆာစွမ်းအားများသည် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ၏ နှိမ်နင်းခြင်းကို ခံရ၏။ ဝိညာဉ်ဘုရင် မီးဖို ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၎င်း၏ အငွေ့အသက်လည်း မီးအိမ်များ၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။

ဝိညာဉ်ဘုရင် မီးဖိုပေါ်ရှိ စွမ်းအားများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသဖြင့် ကဲဟုန် ခဏခန့် မှင်တက်သွားသည်။

ဘာတွေ ဖြစ်ကုန်တာလဲ...

ဝိညာဉ်ဘုရင် မီးဖိုတောင်မှ ဖိနှိပ်ခံလိုက်ရတာလား။

ဤလူက ဘယ်လို နတ်မိစ္ဆာပညာမျိုးကို အသုံးပြုနေတာလဲ။

ထို့နောက် စနစ်အတွင်းမှ နတ်သတ်ဓားကို လုချန်း ထုတ်ယူလိုက်၏။ စနစ်အတွင်း အာကာသ၏ အကြီးမားဆုံး အားသာချက်က မည်သည့်ခန္ဓာကိုယ်၊ မည်သည့်နေရာတွင်မဆို အာကာသ အတွင်းရှိ ပစ္စည်းများကို အချိန်မရွေး ထုတ်ယူနိုင်ခြင်း ဖြစ်သည်။

နတ်သတ်ဓားမှ ထုတ်လွှတ်သော ဖိအားကို ခံစားလိုက်ရသဖြင့် ကဲဟုန် နောက်တစ်ကြိမ် ထပ်မံ မှင်တက်သွားပြန်၏။

သူ၏ မျက်လုံးများ ပြူးထွက်သွားပြီး သူငယ်အိမ်များ ကျုံ့သွားကာ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာဖြင့်

“ကောင်းကင်... ကောင်းကင်အဆင့် နတ်လက်နက်”

ဟု တီးတိုး ရေရွတ်လိုက်သည်။

“မဟုတ်ဘူး... မဖြစ်နိုင်တာ...”

ကောင်းကင်အဆင့် နတ်လက်နက်များသည် ဟင်းသီးဟင်းရွက်များ မဟုတ်သဖြင့် မည်သူမဆို အလွယ်တကူ ထုတ်ယူနိုင်သည့် အရာမျိုး မဟုတ်ချေ။ သူ၏ ဝိညာဉ်ဘုရင် မီးဖိုသည် အရိပ်အယောင် ကောင်းကင် အဆင့် နတ်လက်နက်မျှသာ ဖြစ်၏။

တကယ့် ကောင်းကင်အဆင့် နတ်လက်နက်နှင့်တော့ နှိုင်းယှဉ်၍ပင် မရနိုင်ချေ။

ထို့ပြင် ကောင်းကင်အဆင့် နတ်လက်နက်ကို ပိုင်ဆိုင်ထားသူ မည်သူမဆိုသည် ကြီးမားသော အင်အားစုတစ်ခုမှ အစွမ်းထက်ပုဂ္ဂိုလ် သို့မဟုတ် အဆင့်အတန်း မြင့်မားသော ပုဂ္ဂိုလ်တစ်ဦးသာ ဖြစ်ရမည်။

ထိုသို့သော ပုဂ္ဂိုလ်တစ်ဦးက လူ့လောကရှိ မြို့တစ်မြို့တွင် ဘာလာလုပ်နေမည်နည်း။

ထိုအခိုက်အတန့်တွင် ကဲဟုန်က တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး

“ခင်ဗျား... ခင်ဗျားက... ချန်းလုပဲ”

ဟင်...

ကဲဟုန်၏ စကားကို ကြားလျှင် လုချန်း ခဏခန့် တုံ့ခနဲ ဖြစ်သွား၏။

ဒီလူက သူ့ရဲ့ နာမည်ကို တကယ်ပဲ သိနေတာလား။

လုချန်း သတိပြန်ဝင်လာပြီးနောက် ကောင်းကင်ယံရှိ ဝိညာဉ်ဘုရင် မီးဖိုအား ဓားဖြင့် ခုတ်ပိုင်းလိုက်၏။

“ပိလော့ နဂါးပြာ ဟိန်းသံ”

နောက်တစ်ခဏတွင် နတ်သတ်ဓားအတွင်းမှ ပြင်းထန်လှသော ဓားစွမ်းအားများ ထွက်ပေါ်လာပြီး အပြာရောင် နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲကာ ဝိညာဉ်ဘုရင် မီးဖိုကို တစ်ခဏချင်းအတွင်း ထိုးဖောက်သွား တော့သည်။

ဝိညာဉ်ဘုရင် မီးဖို ပျက်စီးသွားသည့် အခိုက်အတန့်တွင် အတွင်း၌ ချိပ်ပိတ်ထားသော ရန်ငြိုးဖွဲ့ ဝိညာဉ်များလည်း ချက်ချင်းပင် လွတ်မြောက်လာကြ၏။ ရန်ငြိုးဖွဲ့ ဝိညာဉ်နှင့် ဝိညာဉ်ဆိုး ဆိုသည်က အမည် အနေနှင့် အနည်းငယ်သာ ကွာခြားသော်လည်း ၎င်းတို့၏ စွမ်းအားကတော့ များစွာ ကွာခြားလှပေသည်။

ရန်ငြိုးဖွဲ့ ဝိညာဉ်များသည် မတရားသဖြင့် အသတ်ခံခဲ့ရသူများ၏ ဝိညာဉ်များ ဖြစ်ကြပြီး ဝိညာဉ်ဆိုးများကတော့ မကောင်းသော အတွေးများကို လက်ခံထားသူများ ဖြစ်ကြ၏။

အရေးကြီးဆုံး အချက်က ဝိညာဉ်ဆိုးတစ်ကောင်သည် ဖြစ်တည်နေသည့် အချိန် ကြာလာလေလေ ၎င်း၏ ရန်ငြိုးများ ပိုထူထပ်လာလေလေ ဖြစ်ပြီး ရန်ငြိုးများ ပြင်းထန်လာသည်နှင့်အမျှ ဝိညာဉ်ကလည်း ပိုအစွမ်းထက်လာခြင်းပင်။

ဝိညာဉ်ဘုရင် မီးဖိုအတွင်း၌ ချိပ်ပိတ်ခံထားရသော ဝိညာဉ်ဆိုးများသည် မည်သည့် ခောတ်ကာလကတည်းက ပိတ်လှောင်ခံထားရမှန်းပင် မသိနိုင်တော့ပေ။ ၎င်းတို့၏ ရန်ငြိုးများသည် အရည်ပျော်နေသည့် အဆင့်အထိပင် ရှိနေကြသည်။

ကဲဟုန်သည် ရန်ငြိုးဖွဲ့ ဝိညာဉ် အမြောက်အမြားကို ထိန်းချုပ်နိုင်သော်လည်း ဤမျှ များပြားလှသော ဝိညာဉ်ဆိုးများကိုတော့ သူ မထိန်းချုပ်နိုင်ချေ။

အစက ဤဝိညာဉ်ဆိုးများကို ဝိညာဉ်ဘုရင် မီးဖိုအတွင်း၌ ဖိနှိပ်ထားသောကြောင့် ကဲဟုန်အနေနှင့် ၎င်းတို့ကို ကြောက်ရွံ့ခြင်းမရှိခဲ့ပေ။

သို့သော် ယခုတော့ ဝိညာဉ်ဘုရင် မီးဖို ပျက်စီးသွားပြီး နှစ်ထောင်ပေါင်းများစွာ စုဆောင်းထားသော ဤဝိညာဉ်ဆိုး အမြောက်အမြား လွတ်မြောက်လာသည်ကို မြင်သောအခါ ကဲဟုန် အလွန် ထိတ်လန့်သွားပြီး သူ၏မျက်နှာလည်း စက္ကူဖြူတစ်ရွက်ကဲ့သို့ ဖြူလျော်သွားတော့သည်။

အရိပ်အယောင် ကောင်းကင်လက်နက်အဆင့်သို့ ဝိညာဉ်ဘုရင် မီးဖို ရောက်ရှိနိုင်ခဲ့ခြင်းက အတွင်းရှိ ဝိညာဉ်ဆိုးများ၏ ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအားကြောင့် ဖြစ်၏။ ယခု ထိုထဲမှ အစွမ်းထက်လှသော ဝိညာဉ်ဆိုး အမြောက်အမြား လွတ်မြောက်လာခြင်းကို ကဲဟုန် ခုခံနိုင်စွမ်းမရှိတော့ချေ။

ဝိညာဉ်ဘုရင် မီးဖို ပတ်လည်ရှိ ဝိညာဉ်ဆိုးများ သူ့ထံသို့ ပြေးဝင်လာသည်ကို ကဲဟုန် မြင်လျှင် ဝိညာဉ်တစ်သောင်းအလံကို အလျင်အမြန် လှုပ်ရှားစေကာ ထိုဝိညာဉ်ဆိုးများကိုပါ စုစည်းရန် ကြိုးစားလိုက်၏။

သို့သော် သူ၏ ဝိညာဉ်တစ်သောင်းအလံက ထိုဝိညာဉ်ဆိုးများကို စုပ်ယူနိုင်ခြင်းမရှိကြောင်း မကြာမီပင် ကဲဟုန် သိသွားရ၏။ ၎င်းတို့၏ စွမ်းအားသည် ဝိညာဉ်တစ်သောင်းအလံကို ပြန်လည် ခုခံနိုင်သည့် အဆင့်အထိပင် ကြီးထွားနေခဲ့ပြီ ဖြစ်၏။

“သွားပြီ...”

ဟု ကဲဟုန် သူ့ဘာသာသူ ရေရွတ်လိုက်၏။

ဤမြင်ကွင်းကို အဝေးမှ လှမ်းကြည့်ရင်း လုချန်း မရယ်ပဲ မနေနိုင်တော့ချေ။ သူ့၏ ကိုယ်ပိုင်နတ်လက်နက်အတွင်းရှိ ဝိညာဉ်ဆိုးများကို မထိန်းချုပ်နိုင်ပဲ ၎င်းတို့၏ ပြန်လည်သတ်ဖြတ်ခြင်းကို ခံရသည့် မိစ္ဆာနတ်တစ်ပါး၏ အဖြစ်ကို မြင်ရခြင်းက ထူးခြားလှပေသည်။

လုချန်းသည် ကြားဝင်နှောင်ယှက်ခြင်းမပြုပဲ ကောင်းကင်ယံတွင် ရပ်နေကာ သူပြုခဲ့သော ကံ၏ အကျိုးကို ခံစားနေရသည့် ကဲဟုန်ကို စောင့်ကြည့်နေလိုက်၏။

ဝိညာဉ်ဆိုး အချို့ သူထံ ပြေးဝင်လာသော်လည်း ထိုဝိညာဉ်များသည် ကောင်းကင်ရှိ မီးအိမ်များမှ အနီရောင်အလင်းတန်းများနှင့် ထိတွေ့သည်နှင့် တစ်ပြိုင်နက် ပြာအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားကြသည်။

ဤအခြေအနေကို မြင်ပြီးနောက် ကျန်ရှိနေသော ဝိညာဉ်ဆိုးများလည်း လုချန်းထံမှ ထိတ်လန့်တုန်လှုပ်စွာဖြင့် ထွက်ပြေးသွားကြ၏။ ဤဝိညာဉ်ဆိုးများသည် ဝိညာဉ်ဘုရင် မီးဖိုအတွင်း၌ နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရသဖြင့် ၎င်းတို့၏ နတ်တစ်ပါး၏ ဝိညာဉ်အပေါ် အာသီသက အလွန် ကြီးမားလှသည်။

လုချန်းထံသို့ ချဉ်းကပ်ရန် နည်းလမ်းမရှိသည်ကို မြင်လျှင် ၎င်းတို့အားလုံးလည်း ကဲဟုန်ထံသို့ တစ်ပြိုင်နက်တည်း အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြ၏။ ခဏချင်းအတွင်းမှာပင် နတ်တစ်ပါး၏ ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်နိုင်စွမ်းရှိသော ဝိညာဉ်ဆိုးများ ကဲဟုန်ကို ရစ်ပတ်သွားကြတော့သည်။

၎င်းတို့သည် ကဲဟုန်၏ ခန္ဓာကိုယ်တွင် ကပ်တွယ်ကာ သူ၏ ဝိညာဉ်ကို ရူးသွပ်စွာ ဝါးမြိုကြသဖြင့် သူ၏ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။

“အား...”

လုချန်းက ခပ်အေးအေးဖြင့်

“ဒါ ခင်ဗျားဘာသာခင်ဗျား ရှာခဲ့တဲ့ မီးပဲ... ခင်ဗျား အသက်ရှင်မှာ မဟုတ်တော့ဘူး။”

ခဏချင်းအတွင်းမှာပင် ကဲဟုန်၏ ဝိညာဉ် ပျက်စီးသွားရုံသာမက သူ၏ အသားများကိုလည်း ရန်ငြိုးဖွဲ့ ဝိညာဉ်များက သန့်စင်အောင် ဝါးမြိုပစ်လိုက်ကြသည်။

All Chapters