← Chapters

အခန်း (၁၆၆၀-၁၆၆၂)

Vol. 111 Ch. 1660-1662

အခန်း (၁၆၆၀-၁၆၆၂)

Vol. 111 Ch. 1660-1662

အခန်း( ၁၆၆၀)

ဝိညာဉ်သန့်စင် နည်းဗျူဟာ ပုံစံ ဖျက်ဆီးခံလိုက်ရပြီ

ကဲဟုန်တစ်ယောက် အရိုးစုတစ်ခုအဖြစ်သာ ကျန်ရှိတော့သည်ကို မြင်လျှင် လုချန်းလည်း

“ကျွတ်... ကျွတ်... တကယ်ကို သနားစရာကောင်းလိုက်တာ”

ဟု စုပ်မသပ်ပဲ မနေနိုင်တော့ချေ။

ကဲဟုန် သေဆုံးသွားပြီဖြစ်၍ နောက်ထပ်လုပ်ဆောင်ရမည့် အလုပ်က ဤရန်ငြိုးဖွဲ့ ဝိညာဉ်များကို ကိုင်တွယ်ဖြေရှင်းရန်ပင် ဖြစ်သည်။ ဤဝိညာဉ်များသည် မြေနတ်တစ်ပါးဖြစ်သော ကဲဟုန်ကိုပင် လွယ်လွယ်ကူကူ အနိုင်ယူနိုင်စွမ်းရှိသဖြင့် ၎င်းတို့ကို လုံးဝ လွတ်မြောက်ခွင့် မပေးနိုင်ပေ။

၎င်းတို့ကို လွတ်မြောက်ခွင့် ပေးလိုက်ပါက လျှို့ဝှက်လဝန်း နန်းတော်၏ အုပ်ချုပ်မှုအောက်ရှိ မြို့များတွင် မည်ကဲ့သို့သော ဘေးဒုက္ခများ ဆိုက်ရောက်လာမည်ကို မည်သူမှ မသိနိုင်ချေ။

သူသည် အမည်ခံအားဖြင့် လျှို့ဝှက်လဝန်းနန်းတော်သခင်၏ တပည့်ရင်းတစ်ဦး ဖြစ်သည့်အပြင် လျှို့ဝှက်လဝန်းနန်းတော်၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ရာ နန်းတော်၏ တပည့်တစ်ဦးအနေနှင့် တာဝန်ဝတ္တရားများကို သဘာဝအတိုင်း ထမ်းဆောင်ရမည် ဖြစ်သည်။

ထို့ပြင် အရေးအကြီးဆုံးအချက်က ဤရန်ငြိုးဖွဲ့ ဝိညာဉ်များကို နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ၏ ဆီမီးအိမ်များဖြင့် လောင်ကျွမ်းစေနိုင်ပြီး သူ၏ ကျင့်စဉ်အဆင့်ကို လျင်မြန်စွာ မြှင့်တင်ပေးနိုင်ခြင်း ဖြစ်သည်။ လုချန်းအတွက်တော့ ဤဝိညာဉ်များသည် ကျင့်စဉ်အတွက် အရင်းအမြစ်များ ဖြစ်ကြ၏။

မည်သည့် တွေဝေမှုမှ မရှိပဲ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို လုချန်း နောက်တစ်ကြိမ် ထပ်မံ အသက်သွင်းလိုက်သည်။ နောက်တစ်ခဏတွင် ကောင်းကင်ယံ၌ မီးအိမ်များ ပိုမိုများပြားစွာ ထွက်ပေါ်လာပြီး ၎င်းတို့က ဝိညာဉ်များကို တိုက်ရိုက် ဝန်းရံလိုက်ကာ ထွက်ပြေးနိုင်သည့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့လိုက်သည်။

ဝိညာဉ်များသည် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ၏ မီးအိမ်များမှ ထွက်ပေါ်နေသော အနီရောင်အလင်းကို ကြောက်ရွံ့နေကြသဖြင့် အနီးအနားတွင်သာ ကစဉ့်ကလျား ပြေးလွှားနေကြ၏။ လုချန်းက သူ၏ နတ်စွမ်းအားကို တိုးမြှင့်လိုက်ရာ ထိုမီးအိမ်များမှ ထွက်ပေါ်လာသော အနီရောင် နတ်အငွေ့အသက်များသည် အနီရောင် ပိုးချည်မျှင်များအဖြစ်သို့ ပြောင်းလဲသွားပြီး ပိတ်မိနေသော ဝိညာဉ်များကို ရူးသွပ်စွာ တိုက်ခိုက်လေတော့သည်။

နောက်တစ်ခဏတွင် မရေမတွက်နိုင်သော ဝိညာဉ်များသည် ဆီမီးအိမ်များအတွက် လောင်စာများ ဖြစ်သွားကြ၏။ ဤအတိုင်း ဆက်သွားနေပါက သေခြင်းတရားသာ ရှိတော့မည်ကို အချို့သော ဝိညာဉ်များ သိသွားသဖြင့် မီးအိမ်များကို စတင် တိုက်ခိုက်ကြတော့သည်။

သို့သော်လည်း မီးအိမ်များမှ အနီရောင်အလင်းနှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ ဝိညာဉ်ခန္ဓာကိုယ်များ ချက်ချင်းပင် မီးခိုးငွေ့အဖြစ် ပျောက်ကွယ်သွားကြ၏။

ခဏချင်းအတွင်းမှာပင် ဝိညာဉ်ဘုရင် မီးဖိုအတွင်းမှ လွတ်မြောက်လာသော ဝိညာဉ်အားလုံးကို သူ၏ ကျင့်စဉ်တိုးတက်မှုအတွက် အာဟာရများအဖြစ် လုချန်း ပြောင်းလဲပစ်လိုက်သည်။ ထိုဝိညာဉ်များကြောင့် သူ၏ ကျင့်စဉ် အဆင့်တက်ရန် အနီးကပ်ဆုံး အခြေအနေသို့ ရောက်ရှိလာသည်ကို လုချန်း သိသိသာသာ ခံစားလိုက်ရသည်။

သူ၏ ဤခန္ဓာကိုယ်သည် မြေနတ် အဆင့်တွင် ရှိနေပြီး အကယ်၍ သူ ဆက်လက်၍ အဆင့်တက်နိုင်ပါက ကောင်းကင်နတ် အဆင့်သို့ ရောက်ရှိသွားမည် ဖြစ်သည်။ သူ၏ ကိုယ်ပွားများ ထဲမှ တစ်ခုခုက ကောင်းကင်နတ် အဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားပါက ပင်မကိုယ်၏ အမြင့်ဆုံး ကျင့်စဉ်အဆင့်သည်လည်း ကောင်းကင်နတ် အဆင့် ဖြစ်လာမည် ဖြစ်သည်။ ဤနေရာတွင် ပင်မကိုယ်နှင့် ကိုယ်ပွားဟူ၍ ခွဲခြားထားခြင်း မရှိသောကြောင့် မည်သည့်ခန္ဓာကိုယ်ဖြင့် အဆင့်တက်သည်ဖြစ်စေ ရလဒ်က အတူတူပင် ဖြစ်သည်။

သို့သော်လည်း ၎င်းက လုချန်းကို အနည်းငယ် အံ့အားသင့်စေခဲ့၏။ သူ အသစ်ဖန်တီးထားသော ခန္ဓာကိုယ်ဖြင့် အဆင့်တက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

လျှို့ဝှက်လဝန်းနန်းတော်မှ ခန္ဓာကိုယ်ကို အရင် အဆင့်တက်နိုင်ရန် သက်စောင့်ဝိညာဉ်ဆေးလုံးကို အသုံးပြုရန် အစက သူ စဉ်းစားထားခြင်း ဖြစ်သည်။

ပြန်စဉ်းစားကြည့်လျှင် သက်စောင့်ဝိညာဉ်ဆေးလုံးသည် အဆင့်တက်ခြင်း အခြေအနေကို ထိရောက်စွာ မြှင့်တင်ပေးသော်လည်း အဆင့်တက်ရန် ၁၀၀ ရာခိုင်နှုန်း အာမ မခံနိုင်ပေ။ ဤခန္ဓာကိုယ်ဖြင့်သာ အရင် အဆင့်တက်ခြင်းက ပိုကောင်းပေမည်။

အကယ်၍ သူ၏ အခြေအနေ မလုံလောက်ပါက ဆေးလုံးကို အသုံးပြုလျှင်ပင် ကျရှုံးမှုနှင့် ရင်ဆိုင်ရနိုင်သည်။

ဟုတ်ပါသည်။ သူသည် ဤနေရာတွင် မရေမတွက်နိုင်သော ကျရှုံးမှုများကို ခွင့်ပြုထားပြီး ကျရှုံးခဲ့လျှင်ပင် သက်စောင့်ဝိညာဉ်ဆေးလုံး၏ အာနိသင်က အန္တရာယ် မဖြစ်အောင် ကာကွယ်ပေးထားမည် ဖြစ်သည်။

သို့သော်လည်း အဆင့်တက်ခြင်းဆိုသည်က နတ်အာရုံ တိုးတက်မှု အပြင် အတွင်းပိုင်း ကျင့်စဉ်အဆင့် တိုးတက်မှုတို့နှင့်လည်း သက်ဆိုင်သည်။ ထို့ကြောင့် လုချန်း အနေနှင့် အဆင့်တက်ရန် အခွင့်အလမ်း အများဆုံးရှိသည့် ခန္ဓာကိုယ်ကိုသာ သဘာဝအတိုင်း ရွေးချယ်ရမည် ဖြစ်သည်။

ထို့ကြောင့် ခရမ်းရောင် ပုံရိပ် ဂိုဏ်း၏ ကိစ္စရပ်များကို အရင် ကိုင်တွယ်ဖြေရှင်းပြီး အဆင့်တက်ရန် နေရာတစ်ခု ရှာဖွေရန် လုချန်း စဉ်းစားလိုက်သည်။

…….

ရန်ငြိုးဖွဲ့ ဝိညာဉ်များကို ဖြေရှင်းပြီးနောက် နှင်းမြင့်မြို့သို့ လုချန်း ချက်ချင်း ပြန်သွားခဲ့သည်။ ကဲဟုန် သေဆုံးသွားပြီ ဖြစ်သော်လည်း နှင်းမြင့်မြို့ မြေအောက်ရှိ နည်းဗျူဟာ ပုံစံကတော့ ကျန်ရှိနေသေးပြီး မြို့အတွင်းရှိ ကျင့်ကြံသူများ၏ ဝိညာဉ်များလည်း ပြန်မထွက်နိုင်သေးပေ။ ၎င်းတို့သည် အသက်မဲ့နေသော လူသေများကဲ့သို့ လှည့်လည်နေကြဆဲ ဖြစ်သည်။

မြို့တော်ဝန် စံအိမ်သို့ လုချန်း ချက်ချင်း ဦးတည်သွားပြီး မြေအောက်ရှိ လျှို့ဝှက်အခန်းထဲသို့ တိုက်ရိုက် ဝင်ရောက်သွား၏။ နှင်းမြင့်မြို့၏ အောက်ဘက်တွင် ကျယ်ပြောလှသော မြေအောက်နန်းတော်တစ်ခု ရှိနေသည်။

၎င်း၏ အလယ်ဗဟိုတွင် အနီရောင်အလင်းတန်းများ ထွက်ပေါ်နေသော နည်းဗျူဟာ ပုံစံတစ်ခု ရှိနေပြီး မရေမတွက်နိုင်သော ဝိညာဉ်များကို ပိတ်လှောင်ထား၏။ ၎င်းတို့သည် နှင်းမြင့်မြို့မှ ကျင့်ကြံသူများ၏ ဝိညာဉ်များ ဖြစ်ကြသည်။

လုချန်းသည် နတ်သတ်ဓားကို လျင်မြန်စွာ ဆွဲထုတ်လိုက်ပြီး နည်းဗျူဟာကို ခုတ်ပိုင်းလိုက်၏။ နောက်တစ်ခဏတွင် ထိုဝိညာဉ်များသည် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားကြ တော့သည်။

ကံကောင်းထောက်မစွာဖြင့် လုချန်း အချိန်မီ ရောက်ရှိလာခြင်း ဖြစ်သည်။ အကယ်၍ သူသာ ရက်အနည်းငယ် နောက်ကျခဲ့ပါက ဤဝိညာဉ်များသည် နည်းဗျူဟာ ပုံစံကြီး၏ သန့်စင်ခြင်းကို ခံလိုက်ရမည်ဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ်များထံသို့ ပြန်လည်ရောက်ရှိရန် မဖြစ်နိုင်တော့ပေ။ ထိုကျင့်ကြံသူများလည်း ထာဝရ လမ်းလျှောက်နေသော အလောင်းများအဖြစ်သာ ကျန်ရှိတော့မည် ဖြစ်သည်။

နှင်းမြင့်မြို့မှ ကိစ္စရပ်များကို ဖြေရှင်းပြီးနောက် လုချန်း ချက်ချင်း ထွက်မသွားခဲ့ပေ။ နည်းဗျူဟာအတွင်း၌ အမှတ်အသားတစ်ခုကို သူ တွေ့ရှိခဲ့၏။ နည်းဗျူဟာကို ဖျက်ဆီးလိုက်သောအခါ ထိုအမှတ်အသားသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။

ဤနည်းဗျူဟာကို အခြားတစ်ယောက်ယောက်က တပ်ဆင်ထားခြင်း ဖြစ်ရမည်ဟု လုချန်းက တွက်ဆလိုက်သည်။

ယခုအခါ ၎င်း ဖျက်ဆီးခံလိုက်ရပြီဖြစ်၍ ခရမ်းရောင် ပုံရိပ် ဂိုဏ်းမှ အခြား မိစ္ဆာနတ်တစ်ပါး မကြာမီ ရောက်ရှိလာနိုင်သည်။ ယခု ဘာတွေဖြစ်နေသည်ကို သိနိုင်ရန် ခရမ်းရောင် ပုံရိပ် ဂိုဏ်းသို့ တိုက်ရိုက် သွားရောက်ရန် လုချန်း စဉ်းစားလိုက်သည်။

……

တစ်ချိန်တည်းမှာပင်။

ခရမ်းရောင် ပုံရိပ် ဂိုဏ်း။

ဂိုဏ်းသည် နတ်အငွေ့အသက်များ ဖုံးလွှမ်းနေသော တောင်ကြားတစ်ခုအတွင်း တည်ရှိပြီး လူ့လောကအတွင်း၌သာ ရှိနေသေးသည်။ သို့သော်လည်း တောင်ကြား၏ အပြင်ဘက်တွင် မြူပုန်း နည်းဗျူဟာ ရှိနေသဖြင့် လူနတ်များပင် ဝင်ရောက်နိုင်ရန် ခဲယဉ်းလှ၏။

ထျန်းရန် နတ်ဘုရား နယ်မြေ၌ နတ်ဘုရားလောကနှင့် လူ့လောကဟူ၍ သတ်သတ်မှတ်မှတ် ခွဲခြားထားခြင်း မရှိပေ။ နတ်များနှင့် လူသားများသည် တိုက်ကြီးတစ်တိုက်တည်းပေါ်တွင် အတူတူ နေထိုင်ကြသည်။

နတ်ဘုရားဂိုဏ်းကို တည်ထောင်သည့် နတ်များသည် နတ်အငွေ့အသက်များ ထူထပ်သော နေရာများကို ရှာဖွေကြပြီး နည်းဗျူဟာများကို အသုံးပြုကာ မြေလွှာနှင့် ၎င်း၏ ဝိညာဉ်ကြောကို ကောင်းကင်ယံသို့ မြှင့်တင်ကာ ကောင်းကင်ဘုံ၌ ဂိုဏ်းဌာနကို တည်ထောင်ကြသည်။

သို့သော်လည်း ၎င်းကို ပုံမှန်အားဖြင့် နတ်ဘုရင်များကသာ လုပ်ဆောင်နိုင်ပြီး နတ်ဘုရင်များ ပိုင်ဆိုင်သော ဂိုဏ်းများကိုသာ နတ်ဘုရားဂိုဏ်းဟု ခေါ်ဆိုနိုင်၏။ မြေပြင်ပေါ်ရှိ ဂိုဏ်းများတွင် နတ်များ နေထိုင်သော်လည်း သာမန်နတ်ဂိုဏ်းများဟုသာ သတ်မှတ်နိုင်သည်။

ဂိုဏ်းအများစုသည် ၎င်းတို့၏ မြေလွှာကို မြှင့်တင်နိုင်စွမ်း မရှိကြသော်လည်း နတ်အငွေ့အသက်များ ကြွယ်ဝသော နေရာများကို လူ့လောကမှ ခွဲထုတ်ရန် နည်းဗျူဟာ ပုံစံများကို အသုံးပြုကြ၏။ ထို့နောက် နည်းဗျူဟာ ပုံစံအတွင်းရှိ နတ်အငွေ့အသက်များကို ထိန်းသိမ်းထားပြီး မြေပြင်ပေါ်တည်သော နတ်ဘုံနတ်နန်းတစ်ခုကို ဖန်တီးကြသည်။

ထိုနတ်ဘုရားဂိုဏ်းများ ကောင်းကင်ယံသို့ အဘယ်ကြောင့် မြှင့်တင်ရသနည်းဆိုသည့် အကြောင်းရင်းကတော့ ရိုးရှင်း၏။ထျန်းရန် နတ်ဘုရား နယ်မြေအတွင်းရှိ မြင့်မားသော အရပ်များတွင် ကောင်းကင်အငွေ့အသက်များ ပိုမိုထူထပ်သောကြောင့် ဖြစ်သည်။

မြေပြင်ပေါ်ရှိ ဝိညာဉ်ကြောများတွင်လည်း နတ်အငွေ့အသက်အချို့ ရှိသော်လည်း ထိုအငွေ့အသက်များသည် နတ်များ၏ အသုံးပြုမှုကြောင့် ကုန်ခမ်းသွားတတ်သည်။

မြေလွှာတစ်ခုလုံးကို ကောင်းကင်သို့ မြှင့်တင်လိုက်ခြင်းဖြင့် ဝိညာဉ်ကြောမှ အသုံးပြုလိုက်သော အငွေ့အသက်များကို ကောင်းကင်အငွေ့အသက်များဖြင့် ပြန်လည် ဖြည့်တင်းပေးနိုင်ပြီး ရေရှည်တည်တံ့မှုကို သေချာစေသည်။

အထက်ရှိ ကောင်းကင်အငွေ့အသက်များက မြေပြင်မှာထက် အဘယ်ကြောင့် ပို၍ထူထပ်ရသနည်းဆိုသည့် အချက်ကိုတော့ မည်သည့် နတ်ပညာရှင်မှ အဖြေမရှာနိုင်သေးပေ။ လူများကလည်း ၎င်းကို ကောင်းကင်လမ်းစဉ် နိယာမများအဖြစ်သာ သဘောထားကာ စုံစမ်းစစ်ဆေးရန် စိတ်မဝင်စားကြပေ။

ခရမ်းရောင် ပုံရိပ် ဂိုဏ်း၏ တောင်ထိပ်တစ်ခုပေါ်ရှိ အဆောင်ငယ်တစ်ခုအတွင်း ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဆံပင်ဖြူ အသက်ကြီးပိုင်းတစ်ဦးသည် ဆံပင်နီသော အမျိုးသမီးတစ်ဦးနှင့် စကားပြောနေ၏။ ထိုအခိုက်အတန့်တွင် ဆံပင်ဖြူ အသက်ကြီးပိုင်း မျက်မှောင် ရုတ်တရက် ကြုတ်သွားပြီး သူက

“ဂုဏ်သရေရှိ သံတမန်... ကျုပ်ရဲ့ ဝိညာဉ်သန့်စင် နည်းဗျူဟာ ပုံစံ ဖျက်ဆီးခံလိုက်ရပါပြီ။”

ထိုအရာကို ကြားလျှင် ရှုကျင့်ရှူး အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။

ဖြောင့်မတ်သော နတ်များက ထိုနည်းဗျူဟာပုံစံကို မည်သို့ ဤမျှ လျင်မြန်စွာ ရှာဖွေတွေ့ရှိသွားသနည်း။

ဝိညာဉ်သန့်စင် နည်းဗျူဟာကို လူသားမြို့တစ်မြို့အတွင်း တပ်ဆင်ထားခြင်း ဖြစ်သည်။ နှင်းမြင့်မြို့တွင် ကျင့်ကြံသူ အရေအတွက် အတော်အတန် ရှိသော်လည်း မြို့၏အောက်ဘက်တွင် ဝိညာဉ်ကြောများသာ ရှိပြီး နတ်အငွေ့အသက်များကို စုပ်ယူနိုင်သော မြေကြောများ မရှိသောကြောင့် မည်သည့်နတ်မှ ပေါ်လာနိုင်ခြေ မရှိပေ။

လူသားများကြားတွင် လေ့ကျင့်နေသော မြေနတ်တစ်ပါးပါး ဖြစ်နိုင်သလား။

အကယ်၍ ၎င်းသည် မြေနတ်တစ်ပါး ဖြစ်နေလျှင်ပင် ကောင်းကင်အဆင့် နတ်လက်နက်နှင့် နီးစပ်သည့် ဝိညာဉ်ဘုရင် မီးဖိုကို ပိုင်ဆိုင်ထားသော ကဲဟုန်က ကိုင်တွယ်နိုင်သင့်သည်။

ထိုစဉ် ကျိုးရန်ကျန်းက

“အကြီးအကဲ ကျိုး... ဒီကို လာခဲ့ပါဦး”

ဟု သတင်းစကား ပေးပို့လိုက်သည်။

သူ၏ စကားအဆုံး မျက်စိတစ်မှိတ်အတွင်းမှာပင် ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အခြား အသက်ကြီးပိုင်းတစ်ဦး အဆောင်ငယ် အပြင်ဘက်တွင် ပေါ်လာခဲ့သည်။

“ဂုဏ်သရေရှိ သံတမန်ကို ဂါရဝပြုပါတယ်... ဂိုဏ်းချုပ်ကိုလည်း ဂါရဝပြုပါတယ်”

ကျိုးရန်ကျန်းက တိုက်ရိုက်ပင်

“ကျုပ်ရဲ့ ဝိညာဉ်သန့်စင် နည်းဗျူဟာ ပျက်စီးသွားပြီ။ ခင်ဗျား နှင်းမြင့်မြို့ကို သွားပြီး ဘာတွေဖြစ်နေလဲဆိုတာ ကြည့်လိုက်ပါဦး။”

………….

အခန်း (၁၆၆၁)

အကျိုးဆက်အားလုံးကို ခရမ်းရောင် ပုံရိပ် ဂိုဏ်းက တာဝန်ယူမည်

ကျိုးရန်ကျန်း၏ စကားကို ကြားလျှင်

ကျိုးကျင်ထုန်က

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”

ကျိုးကျင်ထုန် ထွက်ခွာသွားပြီးနောက် အဝေးရှိ အဆုံးမရှိသော တောင်တန်းများကို ကျိုးရန်ကျန်း ငေးကြည့်နေ၏။ ခရမ်းရောင် ပုံရိပ် ဂိုဏ်း၏ ကံစွမ်းအားများကို ဖျက်ဆီးဝံ့သူ မည်သူမဆို သေလမ်းကိုသာ တွေ့ရမည်ဟု သူ တွေးတောနေခြင်းဖြစ်သည်။

အတွေးများကို ပြန်လည်စုစည်းရင်း ရှုကျင့်ရှူးကို ကျိုးရန်ကျန်း ကြည့်လိုက်၏။

“သံတမန်... အခုလို ဝိညာဉ်သန့်စင်တဲ့ နည်းလမ်းက အရမ်းနှေးကွေးလွန်းနေတယ်။ မြို့တစ်မြို့လုံးကို တိုက်ရိုက်သတ်ဖြတ်ပြီး သွေးတွေနဲ့ နာကျည်းနေတဲ့ ဝိညာဉ်အမြောက်အမြားကို ကျုပ် စုဆောင်းချင်တယ်။ ဒါက ဝိညာဉ်သန့်စင်တဲ့ လုပ်ငန်းစဉ်ကို ပိုမြန်စေလိမ့်မယ်။”

သွေးလင်းယုန်ခန်းမကို အမှီပြုနိုင်မည့် ဤအခွင့်အရေးကို ကျိုးရန်ကျန်း ဆုပ်ကိုင်လို၏။ ဝိညာဉ်အနှစ်သာရ ပုလဲတစ်လုံးကိုပင် သူ မဖန်တီးနိုင်လျှင် သွေးလင်းယုန်ခန်းမ၏ မိစ္ဆာကျင့်စဉ်များကို သင်ယူနိုင်မည်မဟုတ်သလို ပို၍လည်း စွမ်းအားကြီးလာမည်မဟုတ်ချေ။

စစ်မှန်သောနတ် အဆင့်တွင် နှစ်ပေါင်းများစွာ သူက ပိတ်မိနေခဲ့ရာ သေဆုံးခါနီးအချိန်သို့ပင် ရောက်ရှိနေပြီဖြစ်၏။ ထို့ကြောင့် ဖြောင့်မတ်သော ကျင့်စဉ်များက သူ့အတွက် အသုံးမဝင်တော့ပေ။

သွေးလင်းယုန်ခန်းမ၏ မိစ္ဆာကျင့်စဉ်များကို ကျင့်ကြံခြင်းကသာ သူ့အတွက် အသက်ဆက်နိုင်မည့် အခွင့်အရေးအနည်းငယ် ရှိပေလိမ့်မည်။

ထို့ကြောင့် ရှုကျင့်ရှူးက လာရောက်ဆက်သွယ်သောအခါ တွေဝေခြင်းမရှိပဲသွေးလင်းယုန်ခန်းမသို့ ဝင်ရောက်ရန် သူ ရွေးချယ်ခဲ့ခြင်းဖြစ်၏။ ဘဝနေဝင်ချိန်သို့ ရောက်နေသူတစ်ယောက်အတွက် အသက်ရှင်သန်ခြင်းထက် အရေးကြီးသောအရာ ဘာမှမရှိပေ။

မိစ္ဆာကျင့်စဉ်များကို ကျင့်ကြံမည့်အစား သေခြင်းကိုသာ ရွေးချယ်မည့် ဖြောင့်မတ်သော နတ်များရှိသော်လည်း ကျိုးရန်ကျန်းကတော့ ထိုသူများထဲတွင် မပါဝင်တာ ထင်ရှားသည်။

ရှုကျင့်ရှူးသည် ခရမ်းရောင် ပုံရိပ် ဂိုဏ်းသို့ မလာရောက်မီကပင် ကျိုးရန်ကျန်း၏ စရိုက်ကို စုံစမ်းစစ်ဆေးခဲ့ပြီး သူ မည်သည့်လမ်းကို ရွေးချယ်မည်မှန်းကိုလည်း အတိအကျ သိထား၏။

ရှုကျင့်ရှူး မျှော်လင့်ထားသည့်အတိုင်းပင် သူမသည် သွေးလင်းယုန်ခန်းမ၏ သူတော်စင်မ ဖြစ်ကြောင်းနှင့် သူ့အတွက် အဆင့်တက်ရန် လမ်းစရှိကြောင်း သိလိုက်ရလျှင် ကျိုးရန်ကျန်းက တွေဝေမနေပဲ သွေးလင်းယုန်ခန်းမသို့ ဂါရဝပြု ဝင်ရောက်ခဲ့သည်။

မိစ္ဆာကျင့်စဉ်များကို ကျင့်ကြံရန် ဝိညာဉ်အနှစ်သာရ ပုလဲ လိုအပ်ပြီး ၎င်းကို ဖန်တီးရန် ဝိညာဉ်အမြောက်အမြားကို အသုံးချရ၏။ မြို့များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းက လျှို့ဝှက်လဝန်းနန်းတော်၏ အာရုံစိုက်မှုကို ရရှိသွားပြီး သူတို့၏ အစီအစဉ်ကို နှောင့်ယှက်မည့် အစွမ်းထက်သူများ ရောက်ရှိလာမည်ကို ရှုကျင့်ရှူး စိုးရိမ်၏။

ထို့ကြောင့် ဝိညာဉ်အနှစ်သာရ ပုလဲများ ပြုလုပ်ရာတွင် မြို့လုံးကျွတ် သတ်ဖြတ်မှုများကို ရှောင်ကြဉ်ရန်နှင့် ဝိညာဉ်ထုတ်ယူခြင်း နည်းလမ်းကိုသာ သုံးရန် ကျိုးရန်ကျန်းကို သူမ ညွှန်ကြားခဲ့သည်။

ဝိညာဉ်ထုတ်ယူခြင်းက မြို့အတွင်းရှိ ကျင့်ကြံသူများကို အလောင်းကောင်များအဖြစ် ပြောင်းလဲသွားစေမည် ဖြစ်သော်လည်း အနည်းဆုံးတော့ ထိုကျင့်ကြံသူများ အသက်ရှင်နေသေး၏။ မြို့တစ်မြို့လုံးစာ သတ်ဖြတ်မှုများ မရှိပါက လျှို့ဝှက်လဝန်းနန်းတော်မှ နတ်များက ဂရုစိုက်မည် မဟုတ်ချေ။

ထျန်းရန် နတ်ဘုရား နယ်မြေတွင် နတ်များနှင့် လူသားများကို မတူညီသော မျိုးစိတ်များအဖြစ် သတ်မှတ်ထားကြ၏။ နတ်အများစု၏ မျက်လုံးထဲတွင် သာမန်လူသားများသည် ပုရွက်ဆိတ်များနှင့် မခြားပေ။

မကြာသေးမီ နှစ်များအတွင်း မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်တွင် ပြဿနာများရှိနေခဲ့ရာ နတ်များအတွက် မျိုးဆက်ပြန့်ပွားရန် ခက်ခဲလာခဲ့၏။ ထို့ကြောင့် နတ်ဂိုဏ်းများက လူသားများကို နတ်များအဖြစ် ပြောင်းလဲပေးရသည့် အခြေအနေတစ်ခု ဖြစ်လာခဲ့သည်။

အကယ်၍ ထိုအခြေအနေမျိုးသာ မရှိခဲ့လျှင် နတ်များက လူသားများကို ကောင်းမွန်စွာ ဆက်ဆံလိမ့်မည် မဟုတ်ချေ။

ယခုအခါ မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်က နဂိုအတိုင်း ပြန်ဖြစ်သွားပြီဖြစ်ရာ နတ်များလည်း မျိုးဆက်ပြန့်ပွားနိုင်ပြီ ဖြစ်သည်။ ထို့ကြောင့် မကြာမီအချိန်အတွင်း လူသားများ၏ အဆင့်အတန်းလည်း ယခင်က အခြေအနေသို့ ပြန်လည်ကျဆင်းသွားလိမ့်မည်။

သို့သော် မြို့လုံးကျွတ် သတ်ဖြတ်မှုများ ဖြစ်ပွားလျှင်တော့ ကိစ္စက တစ်မျိုးပြောင်းသွားမည် ဖြစ်၏။ ငြိမ်းချမ်းသော ကာလတွင် ထိုကဲ့သို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ပြုလုပ်တတ်သူများက နတ်ဆိုးကျင့်ကြံသူများ သို့မဟုတ် မိစ္ဆာနတ်များ၏ လက်ချက်သာ ဖြစ်တတ်သည်။

နှင်းမြင့်မြို့ တစ်မြို့လုံးကို သတ်ဖြတ်ပြီး ဝိညာဉ်အနှစ်သာရ ပုလဲကို ဖန်တီးမည်ဆိုလျှင် လျှို့ဝှက်လဝန်းနန်းတော်က စုံစမ်းစစ်ဆေးရန် နတ်များကို ချက်ချင်း စေလွှတ်လာနိုင်သည်။

သို့သော် ယခုတော့ ထိုသို့ သတ်ဖြတ်မှု မရှိသော်လည်း သူတို့၏ ဝိညာဉ်သန့်စင် နည်းဗျူဟာ ပုံစံ ဖော်ထုတ်ခံလိုက်ရပြီ ဖြစ်၏။ ထိုနည်းဗျူဟာ ပုံစံကို ဖျက်ဆီးသွားသူက ဖြတ်သွားဖြတ်လာ ဖြောင့်မတ်သော နတ်တစ်ပါးလား သို့မဟုတ် လျှို့ဝှက်လဝန်းနန်းတော်မှ နတ်လားဆိုတာကို မသိရသေးပေ။

အကယ်၍ လျှို့ဝှက်လဝန်းနန်းတော်မှ နတ်ဖြစ်ခဲ့လျှင် ထိုနတ်က သတင်းပို့မည်ဖြစ်ရာ ခရမ်းရောင် ပုံရိပ် ဂိုဏ်းနှင့် သွေးလင်းယုန်ခန်းမ ပူးပေါင်းနေကြောင်း ပေါ်ပေါက်သွားပေလိမ့်မည်။

သို့သော် ဤအရာကို ရှုကျင့်ရှူး ကြိုတင်တွက်ဆထားပြီး ဖြစ်၏။

ခရမ်းရောင် ပုံရိပ် ဂိုဏ်း အုပ်ချုပ်သည့် မြို့များတွင် နည်းဗျူဟာ ပုံစံတစ်ခုကို သူမ ကြိုတင်ပြင်ဆင်ထားခဲ့သည်။ သူတို့၏ နယ်မြေအတွင်း ရွှေနတ် အဆင့်အောက်ရှိ မည်သည့်နတ်မဆို ပြင်ပနှင့် အဆက်အသွယ် ပြုလုပ်၍ မရနိုင်ပေ။

ထို့ကြောင့် ဤဖြစ်ရပ်များသည် ခဏအတွင်းတော့ ပြန့်နှံ့သွားဦးမည် မဟုတ်ချေ။

ယခု ဝိညာဉ်သန့်စင် နည်းဗျူဟာ ပုံစံကို ဖျက်ဆီးခဲ့သည့် နတ်ကို သတ်ဖြတ်နှုတ်ပိတ်ဖို့ လူလွှတ်ရုံသာ လိုအပ်တော့သည်။

ရှုကျင့်ရှူး၏ တိတ်ဆိတ်မှုကို မြင်လျှင် မြို့လုံးကျွတ် သတ်ဖြတ်မှု ပြုလုပ်ခြင်းက လျှို့ဝှက်လဝန်းနန်းတော်ထံ ပေါက်ကြားသွားမှာကို သူမ စိုးရိမ်နေမှန်း ကျိုးရန်ကျန်း နားလည်လိုက်၏။

ထို့ကြောင့် ကျိုးရန်ကျန်းက

“နှင်းမြင့်မြို့ကို ကျုပ်တို့ လုံးဝ ချိပ်ပိတ်ထားနိုင်ပါတယ်။ ဘယ်သတင်းအချက်အလက်မှ အပြင်ကို မပေါက်ကြားအောင် သေချာလုပ်ဆောင်ပါ့မယ်။”

အဆက်အသွယ် ဖြတ်တောက်ရန် ရှုကျင့်ရှူးက နည်းဗျူဟာ ပုံစံကို စီစဉ်ထားပြီးဖြစ်ရာ နှင်းမြင့်မြို့အတွင်း ဝင်ရောက်လာသည့် လူသား ကျင့်ကြံသူ သို့မဟုတ် နတ်ဖြစ်စေ အားလုံးကို သတ်ဖြတ်လိုက်ရုံဖြင့် သတင်းပေါက်ကြားမှုကို တားဆီးနိုင်မည်ဟု ကျိုးရန်ကျန်း တွေးတောနေ၏။ သေခြင်းနှင့် နီးကပ်နေပြီဖြစ်သော ကျိုးရန်ကျန်းသည် ရှုကျင့်ရှူးထက်ပင် ပို၍ စိတ်လောနေတာ ထင်ရှားသည်။

မိစ္ဆာနတ်ကျင့်စဉ်ကို အမြန်ဆုံးကျင့်ကြံပြီး သူ၏ အဆင့်နယ်ပယ်ကို ကျော်ဖြတ်ရန်သာ ကျိုးရန်ကျန်း အလိုရှိနေ၏။

ခဏခန့် စဉ်းစားပြီးနောက် ရှုကျင့်ရှူးက

“ဂိုဏ်းချုပ်ကျိုးက ဒီလောက် စိတ်ထက်သန်နေမှတော့ ရှင်ပြောတဲ့အတိုင်းပဲ လုပ်ပါ။ ဒါပေမဲ့ ကျွန်မ ကြိုသတိမပေးဘူးလို့တော့ မပြောပါနဲ့။ အကယ်၍ ခရမ်းရောင် ပုံရိပ် ဂိုဏ်းက မြို့လုံးကျွတ် သတ်ဖြတ်မှုတွေ လုပ်နေတာကို လျှို့ဝှက်လဝန်းနန်းတော်က သိသွားရင် သူတို့ရဲ့ တိုက်ခိုက်မှုတွေကို ခုခံဖို့ သွေးလင်းယုန်ခန်းမက ကူညီမှာ မဟုတ်ဘူး။ အလွန်ဆုံး ရှင်တို့ကို ဆုတ်ခွာဖို့ပဲ ကူညီပေးနိုင်လိမ့်မယ်။”

သွေးလင်းယုန်ခန်းမနှင့် လျှို့ဝှက်လဝန်းနန်းတော်ကြားက ပဋိပက္ခသည် လွယ်လွယ်နှင့် ပြီးဆုံးမည် မဟုတ်သဖြင့် ရေရှည်စီမံကိန်းများ လိုအပ်၏။ အခြားအင်အားစုများက လျှို့ဝှက်လဝန်းနန်းတော်ကို ကူညီခြင်းမရှိမှသာ သူတို့က စစ်ပွဲကို စတင်မည်ဖြစ်သည်။

အရေးကြီးဆုံး အချက်က သွေးလင်းယုန်ခန်းမ ဘက်မှ ထိုနတ်ဂိုဏ်း၏ ကံစွမ်းအားကို ဦးစွာ ပျက်စီးစေနိုင်ရန် ဖြစ်သည်။ မင်းဆက် ကံစွမ်းအားကဲ့သို့ပင် နတ်ဂိုဏ်း၏ ကံစွမ်းအားသည်လည်း ဂိုဏ်းအတွင်းရှိ နတ်များ၏ အစွမ်းကို အဆမတန် တိုးမြင့်လာစေသည်။

ဂိုဏ်းပိုင်နက်အတွင်းရှိ နတ်ဘုရင်တစ်ပါး အနေနှင့် ဂိုဏ်း၏ကံစွမ်းအားကို ရယူနိုင်သည့်အတွက် သာမန်အခြေအနေထက် ကြောက်မက်ဖွယ်ကောင်းတတ်၏။

ကျူးကျော်သူဖြစ်သည့်အတွက် သွေးလင်းယုန်ခန်းမ၏ နတ်ဘုရင်များသည် သူတို့နယ်မြေကို စွန့်ခွာရမည်ဖြစ်ရာ ဂိုဏ်း၏ ကံစွမ်းအားကို အသုံးချရန် ခက်ခဲပေလိမ့်မည်။ မိစ္ဆာနတ်များ ဖြစ်သည့်အတွက် သူတို့၏ အစွမ်းက ဖြောင့်မတ်သော နတ်များကို ဖိနှိပ်နိုင်သော်လည်း မတော်တဆ ဖြစ်ရပ်များကြောင့် ရှုံးနိမ့်သွားနိုင်သည့် အခွင့်အရေးများလည်း ရှိနေသေး၏။

နတ်ဂိုဏ်းအချင်းချင်း စစ်ပွဲများသည် သာမန်လူသားမြို့များကြား တိုက်ပွဲများနှင့် မတူပေ။ တောင်ပိုင်းနယ်မြေ၏ နံပါတ်တစ် နတ်ဂိုဏ်း ဖြစ်သော ခမ်းနားသော ကောင်းကင်ခန်းမကဲ့သို့ အလွန် အစွမ်းထက်သည့် အဖွဲ့အစည်းမျိုး ဆိုလျှင်တော့ သူတို့ တိုက်ခိုက်ချင်ပါက လျှို့ဝှက်လဝန်းနန်းတော်၏ ကံစွမ်းအားကို အရင်ဖြတ်တောက်ရန် မလိုပေ။

နတ်သခင် တစ်ပါးကို စေလွှတ်၍ လျှို့ဝှက်လဝန်းနန်းတော်ကို အလွယ်တကူ ချေမှုန်းနိုင်၏။

သို့သော် သွေးလင်းယုန်ခန်းမသည် ခမ်းနားသော ကောင်းကင်ခန်းမ မဟုတ်သလို နတ်သခင် အဆင့်ရှိသူလည်း တစ်ယောက်မှ မရှိပေ။ ဤအခြေအနေမျိုးတွင် နှစ်ပေါင်းများစွာ တိုက်ခိုက်ခြင်း မပြုပဲ အနိုင်အရှုံးကို ဆုံးဖြတ်ရန်က မဖြစ်နိုင်သလောက်ပင်။

ထို့ပြင် သွေးလင်းယုန်ခန်းမသည် လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ခိုက်ရန်သာမက ချီယန်ဂိုဏ်းကိုပါ ဝါးမြိုရန် ကြံစည်ထား၏။

မြို့လုံးကျွတ် သတ်ဖြတ်မှုကြောင့် ဖြစ်လာမည့် အန္တရာယ်များကို ကျိုးရန်ကျန်း ကောင်းကောင်း နားလည်ထားသော်လည်း သူ၏ အကန့်အသတ်များကို အမြန်ဆုံး ကျော်ဖြတ်နိုင်ရန်အတွက် အခြားအရာများကို သူက ဂရုမစိုက်နိုင်တော့ပေ။

ကျိုးရန်ကျန်းက

“သံတမန်က သဘောတူပြီဆိုတော့ ကျုပ် ချက်ချင်းပဲ ပြင်ဆင်မှုတွေ စလုပ်ပါ့မယ်။ စိတ်ချပါ... ဖြစ်လာသမျှ အကျိုးဆက်အားလုံးကို ခရမ်းရောင် ပုံရိပ် ဂိုဏ်းကပဲ တာဝန်ယူပါ့မယ်။”

ထိုသို့ပြောပြီးနောက် ဝိညာဉ်သန့်စင် နည်းဗျူဟာ ပုံစံကို ဖျက်ဆီးခဲ့သော နတ်ကို သတ်ဖြတ်ရန်နှင့် ဝိညာဉ်အနှစ်သာရ ပုလဲများ ဖန်တီးရန် သူဆုံးဖြတ်ချက် ချလိုက်တော့သည်။ ထို့နောက် မြို့ကိုအရင်ရောက်နှင့်နေသော အကြီးအကဲကို ကူညီရန် ခရမ်းရောင် ပုံရိပ် ဂိုဏ်းမှ အခြားအကြီးအကဲများကို ကျိုးရန်ကျန်း ချက်ချင်း ဆက်သွယ်ညွှန်ကြားလိုက်၏။

စစ်မှန်သောနတ် သုံးပါးနှင့် ကောင်းကင်နတ် နှစ်ပါးကို ကျိုးရန်ကျန်း စေလွှတ်ထားပြီး သူတို့ ရှုံးနိမ့်လိမ့်မည်ဟုလည်း သူ၏ အိပ်မက်ထဲတွင်ပင် ထည့်မက်မည် မဟုတ်ပေ။ အကြောင်းမှာ သာမန် လူ့လောကရှိ နတ်များသည် များသောအားဖြင့် မြေနတ် အဆင့်သာ ရှိတတ်ကြ၏။

ထိုမြေနတ်များပင် အဆင့်တက်ခါနီး အချိန်ရောက်လျှင် သူတို့၏ ဂိုဏ်းများသို့ ပြန်သွားလေ့ရှိကြ၏။ ထို့ကြောင့် ကောင်းကင်နတ် အဆင့်ရှိသူများပင် လူ့လောကတွင် ရှိနိုင်ဖို့ အလွန်ခဲယဉ်းလှသည်။

နှင်းမြင့်မြို့သို့ အကြီးအကဲ ငါးဦးကို စေလွှတ်ပြီးနောက် ထိုမြို့တွင် ဖြစ်ပျက်သမျှကို ကျိုးရန်ကျန်း ဂရုမစိုက်တော့ပေ။ သူ၏ အသက်စွမ်းအားကို ထိန်းသိမ်းရန်နှင့် ဝိညာဉ်အနှစ်သာရ ပုလဲများကို စုပ်ယူရန်အတွက် တံခါးပိတ် ကျင့်စဉ်စခန်းသို့ ဝင်ရောက်သွားတော့သည်။

…………

အခန်း (၁၆၆၂)

ခရမ်းရောင် ပုံရိပ် ဂိုဏ်းကို တစ်ယောက်ယောက်က တစ်ခုခု ပြောပြထားတာလား

လုချန်းသည် နှင်းမြင့်မြို့တွင် သုံးရက်ခန့် စောင့်ဆိုင်းနေခဲ့ပြီးနောက် မြို့သို့ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာသည့် စစ်မှန်သောနတ် တစ်ပါး၏ အငွေ့အသက်ကို သနောက်ဆုံး၌ သူ ခံစားလိုက်ရ၏။

ထိုသူက သူ၏ အငွေ့အသက်ကို ဖုံးကွယ်ရန်ပင် အားမထုတ်ပေ။ နှင်းမြင့်မြို့ရှိ နတ်များက သူလက်ခုပ်ထဲက ရေကဲ့သို့ ဖြစ်နေပြီဟု ယုံကြည်နေပုံရပြီး တစ်ဖက်မှ သတိပြုမိသွားမည်ကိုလည်း နည်းနည်းမှ စိုးရိမ်ပုံ မရပေ။

ထိုသူ့ထံမှ ထွက်ပေါ်နေသော စစ်မှန်သောနတ် အငွေ့အသက်ကို လုချန်း ခံစားမိသည်နှင့် ချက်ချင်းပင် နှင်းမြင့်မြို့မှ ထွက်ခွာလိုက်၏။ အကယ်၍ စစ်မှန်သောနတ်က မြို့အနီးတွင် တိုက်ခိုက်ခဲ့လျှင် မြို့တစ်မြို့လုံး အပျက်အစီးပုံဘဝသို့ ရောက်သွားနိုင်သည်။ နှင်းမြင့်မြို့မှ ထွက်ခွာပြီးနောက် အရင်က ကဲဟုန်ကို သူ ချေမှုန်းခဲ့သည့် နေရာသို့ လုချန်း ဦးတည်လိုက်၏။

နှင်းမြင့်မြို့အတွင်းသို့ ဝင်ရောက်ရန် ပြင်နေသော ကျိုးကျင်ထုန်သည် မြို့၏ မြောက်ဘက်သို့ လျင်မြန်စွာ ပျံသန်းသွားသည့် မြေနတ် တစ်ပါး၏ အငွေ့အသက်ကို ရုတ်တရက် ခံစားလိုက်ရ၏။ မည်သည့် တွန့်ဆုတ်မှုမျှမရှိပဲ ကျိုးကျင်ထုန် နောက်မှ လိုက်လေတော့သည်။

ကဲဟုန်ကို သတ်ဖြတ်ပြီး နှင်းမြင့်မြို့ရှိ ဝိညာဉ်သန့်စင် နည်းဗျူဟာ ပုံစံကို ဖျက်ဆီးခဲ့သူမှာ ဤသူသာ ဖြစ်ရမည်ဟု သူက ယူဆလိုက်၏။ ထိုသူက သူ၏ အငွေ့အသက်ကို ခံစားမိ၍ ထိတ်လန့်တကြား ထွက်ပြေးခြင်း ဖြစ်ရမည်။

သို့သော် သူသည် စစ်မှန်သောနတ် တစ်ပါး ဖြစ်ပြီး သူတို့ကြားတွင် ကြီးမားသော အဆင့်နယ်ပယ်နှစ်ခု ကွာခြားနေ၏။ သာမန် မြေနတ် တစ်ပါး သူ၏ လက်တွင်းမှ လွတ်မြောက်နိုင်လိမ့်မည်ဟု ကျိုးကျင်ထုန် မယုံကြည်ပေ။

သိပ်မကြာခင်မှာပင် လုချန်းကို ကျိုးကျင်ထုန် မီသွားခဲ့သည်။ သို့သော် ထိုအချိန်တွင် လုချန်းက ထွက်ပြေးခြင်းကို ရပ်တန့်လိုက်ပြီး တောင်ကြားတစ်ခုတွင် ရပ်တန့်နေ၏။

မြေကျင်းကြီးများဖြင့် ပြည့်နေသည့် ထိုတောင်ကြားတွင် မိစ္ဆာစွမ်းအား အကြွင်းအကျန်များ ကိန်းအောင်းနေဆဲ ဖြစ်ရာ မကြာသေးမီက ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း ထင်ရှားနေသည်။

ကဲဟုန်ကို ဤနေရာတွင်ပင် ဤသူ သတ်လိုက်ခြင်း ဖြစ်နိုင်သည်ဟု ကျိုးကျင်ထုန် တွေးတောလိုက်၏။ လုချန်းကို တစ်ချက်ကြည့်လိုက်ပြီး ကျိုးကျင်ထုန်က

“ကျုပ်လက်က လွတ်အောင် မပြေးနိုင်မှန်း သိသွားလို့ ရပ်လိုက်တာလား။”

“ကျုပ် တို့ဂိုဏ်းက နတ်ကို ဘာကြောင့် သတ်ရတာလဲဆိုတာ ပြောစမ်း။”

“အမှန်အတိုင်း အကုန်အစင် ပြောမယ်ဆိုရင်တော့ ခင်ဗျားရဲ့ အလောင်းကို ကောင်းကောင်း မြေမြုပ်ပေးမယ်။”

လုချန်းက ခပ်အေးအေးပင်

“ကျုပ် ကို သတ်နိုင်မယ်လို့ ခင်ဗျား တကယ်ပဲ ယုံကြည်နေတာလား။”

သူကို ကြောက်ရွံ့ခြင်းမရှိပဲ တည်ငြိမ်နေသည့် လုချန်း၏ အမူအရာကို မြင်လျှင် ကျိုးကျင်ထုန် ခဏခန့် မှင်တက်သွား၏။ စစ်မှန်သောနတ် တစ်ပါးကိုပင် မကြောက်ရွံ့ရအောင် ဤသူ့တွင် မည်သည့် ယုံကြည်ချက်များ ရှိနေသလဲဆိုတာကို သူက သိချင်နေမိသည်။

ကျိုးကျင်ထုန်က

“ခင်ဗျားလို မောက်မာတဲ့ လူငယ်မျိုးကို တွေ့ဖူးတာ ဒါပထမဆုံးပဲ။ စစ်မှန်သောနတ် တစ်ပါးကို ဒီလိုစကားမျိုး ပြောရဲအောင် ခင်ဗျားမှာ ဘယ်လို အစွမ်းမျိုး ရှိမလဲဆိုတာ ကျုပ် ကြည့်ချင်သေးတယ်။”

ထိုသို့ပြောပြီးသည်နှင့် သူ၏လက်ကို ကျိုးကျင်ထုန် မြှောက်လိုက်ရာ ကောင်းကင်ယံမှ ကြီးမားသော လက်ဝါးကြီးတစ်ခု လုချန်းထံသို့ တိုက်ရိုက် ကျဆင်းလာခဲ့၏။ လုချန်း၏ အစွမ်းကို စမ်းသပ်မနေတော့ပဲ တိုက်ပွဲစတည်းက သူ၏ အစွမ်းကုန်ကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။

ဤသူက အကျိုးအကြောင်း ရှင်းပြလိုဟန် မရှိသည့်အတွက် သူလည်း ရှင်းပြချက်များ မလိုအပ်တော့ပေ။ ဤသူ့ကို သတ်ဖြတ်ပြီး နတ်ဝိညာဉ်ကို ဖမ်းဆီးကာ ဝိညာဉ်ရှာဖွေခြင်း အတတ်ဖြင့် ကြည့်လိုက်ရုံပင်။

အစကတည်းက အစွမ်းကုန် ထုတ်သုံးနေသည့် ကျိုးကျင်ထုန်ကို မြင်လျှင် နတ်သတ်ဓားကို လုချန်း အလျင်အမြန် ဆွဲထုတ်လိုက်ပြီး သူ၏ နတ်စွမ်းအားအားလုံးကို ဓားအတွင်းသို့ စုစည်းလိုက်၏။

“ပိလော့နဂါးပြာဟိန်းသံ”

ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ကြီးမားသော နဂါးပြာတစ်ကောင်သည် ကောင်းကင်ယံရှိ လက်ဝါးကြီးထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့၏။ နဂါးနှင့် လက်ဝါးကြီး ထိတွေ့သွားသည့် ခဏခန့် မှာပင် အဖျက်စွမ်းအားပြင်းထန်လှသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး တောင်ကြားတစ်ခုလုံးကို မြေလှန်ပစ်လိုက်၏။

နတ်စွမ်းအားများ ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာသည့် ပေါက်ကွဲမှုကြောင့် ကီလိုမီတာ ဆယ်ဂဏန်းခန့်အကွာသို့ လုချန်း လွင့်စင်သွားခဲ့သည်။ ထျန်းရန် နတ်ဘုရား နယ်မြေ၏ နိယာမများက ထိန်းချုပ်မထားလျှင် သို့မဟုတ် သူတို့၏ တိုက်ပွဲ ကစဉ့်ကလျား ပင်လယ်ထဲ၌သာ ဖြစ်ခဲ့လျှင် ဤပေါက်ကွဲမှုကြောင့် အလင်းနှစ် သန်းထောင်ပေါင်း များစွာ အကွာသို့ လုချန်း လွင့်စင်သွားနိုင်သည်။

ဤအရာက နတ်များ၏ စွမ်းအားအပေါ်ရှိ ထျန်းရန် နတ်ဘုရား နယ်မြေ နိယာမများ၏ ကြောက်မက်ဖွယ် ကန့်သတ်ချက်များကို ဖော်ပြနေခြင်းပင်။

သို့သော် ထိုကဲ့သို့ ကန့်သတ်ချက်များ ရှိနေခြင်းကြောင့်သာ ထျန်းရန် နတ်ဘုရား နယ်မြေသည် နတ်များ၏ စစ်ပွဲများကြားတွင် ပျက်စီးမသွားခြင်း ဖြစ်၏။ နတ်များ၏ စွမ်းအားကို ထိန်းချုပ်ထားသော ကောင်းကင်ဘုံ လမ်းစဉ် နိယာမများ မရှိခဲ့လျှင် ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံး အစောကတည်းက ပျက်စီးသွားခဲ့ပေလိမ့်မည်။

ယခု နတ်ဘုရင်၏ ကျိန်စာကို အသုံးမပြုပဲ စစ်မှန်သောနတ် တစ်ပါး၏ အစွမ်းကုန်တိုက်ကွက်ကို အတင်းအကျပ် ခုခံလိုက်ရသဖြင့် လုချန်း၏ ပုံစံ ဖရိုဖရဲ ဖြစ်သွား၏။ ပါးစပ်ထောင့်မှ သွေးစများကို လုချန်း သုတ်လိုက်ရင်း စစ်မှန်သောနတ် တစ်ပါးကို ဒီအတိုင်းယှဉ်ပြိုင်ရန် ကြိုးစားခြင်းက သူ့အတွက် အလှမ်းဝေးနေဆဲဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

ပေါက်ကွဲမှု အရှိန်အဟုန်များ ငြိမ်သက်သွားသောအခါ လုချန်းနှင့် မလှမ်းမကမ်း၌ ကျိုးကျင်ထုန် ပေါ်လာခဲ့သည်။ ထိုအခါ စုတ်ပြဲနေသည့် အဝတ်အစားများနှင့် ပါးစပ်ထောင့်မှ သွေးစများကြောင့် ဒဏ်ရာပြင်းထန် နေပုံရသည့် လုချန်းကို သူ မြင်လိုက်ရသည်။

ကျိုးကျင်ထုန် အနည်းငယ် အံ့အားသင့်သွားမိသည်။

မည်သည့် နတ်နိယာမများကိုမှ အသုံးမပြုခဲ့သော်လည်း သူ၏ စွမ်းအားအားလုံးကို အသုံးချခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း ဤ မြေနတ်လေးက ထိုတိုက်ကွက်ကို ကြံ့ကြံ့ခံနိုင်ခဲ့၏။

ဤအချက်က တစ်ခုခု မှားယွင်းနေပြီဟု ကျိုးကျင်ထုန်အား ခံစားရစေသည်။

မြေနတ် တစ်ပါးက မည်သို့မည်ပုံ ဤမျှအထိ အစွမ်းထက်နေရသနည်း။

ဤသူက စွမ်းအားကြီး ပုဂ္ဂိုလ် တစ်ဦး၏ အဆက်အနွယ် ဖြစ်နေမလား။

ထိုအခိုက်တွင် လူတစ်ယောက်ကို သူ သတိရလိုက်၏။ လူ့လောကတွင် ကျင့်ကြံနေသည့် လျှို့ဝှက်လဝန်းနန်းတော် သခင်၏ တပည့်ရင်းကို သတိထားရန် သွေးလင်းယုန်ခန်းမမှ သံတမန်က မကြာသေးမီက သတိပေးထားခဲ့သည်။

ထိုတပည့်သည်လည်း မြေနတ် အဆင့်တွင် ရှိနေသည် မဟုတ်ပါလား။

လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင်ထံတွင် တပည့်ရင်း ဖြစ်လာခွင့်ရရန်က သူ၏ ပါရမီနှင့် အစွမ်းက ရွယ်တူများထဲတွင် ထိပ်ဆုံး၌ ရှိနေရပေမည်။ အကယ်၍ ဤသူသည်သာ ချန်းလု ဖြစ်ခဲ့လျှင် ကိစ္စအားလုံး အဓိပ္ပာယ်ရှိသွားပေလိမ့်မည်။

သို့သော် ပြန်စဉ်းစားကြည့်လျှင် ဤသူသာ ချန်းလု တကယ် ဖြစ်နေခဲ့ပါက ပြဿနာရှိလာလိမ့်မည်။ ခရမ်းရောင် ပုံရိပ် ဂိုဏ်း၏ အရေးကိစ္စများ ပေါက်ကြားသွား၍ မဖြစ်ပေ။

ထို့ကြောင့် လျှို့ဝှက်လဝန်းနန်းတော်သခင်၏ တပည့်ရင်း ဖြစ်လျှင်ပင် ဤသူ့ကို သတ်ရမည်သာ ဖြစ်၏။

ယွမ်ယုတိက လုချန်းထံတွင် အသက်ကယ် ရတနာများ ပေးထားခဲ့သလား သို့မဟုတ် တစ်စုံတစ်ခုသော အမှတ်အသားများ ထည့်ပေးထားသလားဆိုတာကိုလည်း ကျိုးကျင်ထုန် စိုးရိမ်နေမိသည်။

အကယ်၍ လုချန်းကို သူတို့ သတ်လိုက်လျှင် ထိုအမှတ်အသားများက တုံ့ပြန်လာနိုင်သလား။

အင်အားကြီး ဂိုဏ်းများမှ အဆက်အနွယ်များ အပြင်လောကသို့ ထွက်ခွာပါက သူတို့၏ အကြီးအကဲများက ခန္ဓာကိုယ်ပေါ်တွင် အမှတ်အသားများ ထားရှိတတ်သလို အစောင့်အရှောက်များကိုလည်း လျှို့ဝှက်စွာ စီစဉ် ပေးထားတတ်ကြသည်။

လုချန်း၏ အနီးအနားတွင် အစောင့်အရှောက်များ ရှိနေနိုင်သည်ဟု တွေးလိုက်မိရင်း ကျိုးကျင်ထုန်၏ မျက်နှာ ပျက်ယွင်းသွားခဲ့သည်။ ယခုတော့ ကိစ္စများ ရှုပ်ထွေးလာခဲ့ပြီ ဖြစ်၏။

ကျိုးကျင်ထုန်က

“ခင်ဗျားက ချန်းလု လား”

ထိုအမေးကို ကြားလျှင် လုချန်း ခဏခန့် တုန်လှုပ်သွားခဲ့သည်။ ကဲဟုန်က သူ၏ နာမည်ကို ခန့်မှန်းနိုင်ခဲ့သလို ယခုလည်း ဤ စစ်မှန်သောနတ် ကပါ သိနေခဲ့ပြီ။

ဤအရာက တိုက်ဆိုင်မှု မဟုတ်မှန်း ထင်ရှားသည်။

သူတို့ မည်သို့ သိသွားကြသနည်း။

တစ်စုံတစ်ယောက်က သူတို့ကို တစ်ခုခု ပြောပြထားခဲ့ခြင်း ဖြစ်ရမည်။

ဤအချက်ကို တွေးမိသည်နှင့် လုချန်းက

“ကျုပ်ကို ဘယ်လို သိသွားတာလဲဆိုတာ ကျုပ် သိချင်မိတယ်။”

“ခင်ဗျားတို့ ခရမ်းရောင် ပုံရိပ် ဂိုဏ်းကို တစ်ယောက်ယောက်က တစ်ခုခု ပြောပြထားတာလား။”

လုချန်းက ဝန်ခံလိုက်သည်ကို မြင်ရလျှင် ကျိုးကျင်ထုန်၏ မျက်နှာ ပို၍ပင် ညိုမှောင်သွားခဲ့သည်။ နောက်ထပ် တိုက်ခိုက်မှု ပြုလုပ်ရန်လည်း သူ တွေဝေသွား၏။

ထို့နောက် လုချန်း၏ အစောင့်အရှောက် အနီးအနားတွင် ရှိမရှိ သိနိုင်ရန် သူ၏ နတ်အာရုံကို အသုံးပြု၍ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စမ်းသပ်ကြည့်လိုက်၏။

ကျိုးကျင်ထုန်၏ စိတ်ပျံ့လွင့်နေမှုနှင့် နတ်အာရုံဖြင့် အဆက်မပြတ် စမ်းသပ်နေမှုကို လုချန်း သတိပြုမိလိုက်သည်။ သူ၏ နာမည်ကို သိ သွားပြီးနောက် ကျိုးကျင်ထုန် အဘယ်ကြောင့် ဆက်လက် မတိုက်ခိုက်ရဲတော့တာလဲ ဆိုတာကို သူ ချက်ချင်း နားလည်လိုက်၏။

လုချန်း၏ အနီးအနားတွင် အစောင့်အရှောက် ရှိနေမည်ကို သူ စိုးရိမ်နေခြင်း ဖြစ်သည်။

စကားပြောရန် လုချန်း ပြင်လိုက်စဉ်မှာပင် နတ်လေးပါး၏ အငွေ့အသက်ကို သူ ရုတ်တရက် ခံစားလိုက်ရ၏။ ထိုအထဲတွင် ကောင်းကင်နတ် နှစ်ပါးနှင့် စစ်မှန်သောနတ် နှစ်ပါး ပါဝင်နေသည်။

လုချန်း အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ မြေနတ် တစ်ပါးကို သတ်ရန်အတွက် တစ်ဖက်လူက စစ်မှန်သောနတ် သုံးပါးနှင့် ကောင်းကင်နတ် နှစ်ပါးအထိ စေလွှတ်လိုက်ခြင်းလား။

ဤမျှအထိ အင်အား အလုံးအရင်း သုံးစွဲထားခြင်းလား။

ခရမ်းရောင် ပုံရိပ် ဂိုဏ်းသည် အင်အားကြီးဂိုဏ်း မဟုတ်သည့်အတွက် စစ်မှန်သောနတ်အဆင့်များသည် ထိုဂိုဏ်း၏ အမာခံ ဒေါက်တိုင်များ ဖြစ်ရပေမည်။ စစ်မှန်သောနတ် သုံးပါးကို တစ်ပြိုင်နက်တည်း စေလွှတ်လိုက်ခြင်းက ဂိုဏ်း၏ အဆင့်မြင့် တိုက်ခိုက်ရေး အင်အားစု အများစုကို ထုတ်သုံးလိုက်ခြင်း ဖြစ်၏။

ခဏအတွင်းမှာပင် ထိုသူလေးယောက် ကျိုးကျင်ထုန်၏ နောက်သို့ ရောက်ရှိလာခဲ့ကြ၏။

All Chapters