အခန်း (၁၆၆၃-၁၆၆၅)
Vol. 111 Ch. 1663-1665
အခန်း (၁၆၆၃ )
ကြီးပြင်းလာခွင့် မပေးနိုင်
အဝေးမှ ပြင်းထန်စွာ ဒဏ်ရာရရှိနေသည့် မြေနတ်ကို ချက်ချင်း အပြတ်မရှင်းပဲ ငေးမောနေဟန်ပုံရသော ကျိုးကျင်ထုန်ကို ကြည့်ကာ စစ်မှန်သောနတ် တစ်ပါးက ဇဝေဇဝါဖြင့်
“အကြီးအကဲကျိုး... ဂိုဏ်းချုပ်ရဲ့ အစီအစဉ်ကို ဖျက်ဆီးခဲ့တဲ့သူက ဒီလူလား။”
“သူ့ကို ဘာလို့ အခုထိ အပြတ်မရှင်းသေးတာလဲ။”
ကျိုးကျင်ထုန်က မျက်မှောင်ကြုတ်လျက်
“သူက လျှို့ဝှက်လဝန်းနန်းတော်သခင်ရဲ့ တပည့်ရင်းဖြစ်တဲ့ ချန်းလုပဲ။”
ထိုစကားကို ကြားလျှင် ကျန်အကြီးအကဲများမှာ ချက်ချင်းပင် မှင်တက်သွားကြ၏။
ချန်းလု...
ဒုက္ခရောက်ပြီ...
ဤနေရာတွင် ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို လျှို့ဝှက်လဝန်းနန်းတော်ဆီ ချန်းလု အစီရင်ခံလိုက်လျှင် သူတို့၏ ခရမ်းရောင် ပုံရိပ် ဂိုဏ်းလည်း နှစ်လအတွင်း လောက်မှာတင် အမြစ်ပြတ် သုတ်သင်ခံရပေလိမ့်မည်။
သတိပြန်ဝင်လာသည့် စစ်မှန်သောနတ် အကြီးအကဲတစ်ဦးက လုချန်းကို သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ကြည့်ကာ
“ဒါဆိုရင် သူ့ကို အသက်ရှင်ခွင့် ပေးလို့ လုံးဝမဖြစ်ဘူး။”
“အကြီးအကဲကျိုးက ဘာကို တွန့်ဆုတ်နေသေးတာလဲ။”
ထိုအကြီးအကဲက ကိုယ်တိုင်ကိုယ်ကျ အရေးယူရန် ပြင်လိုက်စဉ်မှာပင် ကျိုးကျင်ထုန်က
“သူ့ဆီမှာ ဘယ်လို နတ်လက်နက်တွေ ရှိနေမလဲဆိုတာ ခင်ဗျားတို့ ဘယ်လို သိနိုင်မလဲ... ဒါမှမဟုတ် သူ့နောက်မှာ အစောင့်အရှောက်တစ်ယောက် ပါမလာဘူးလို့ကော သေချာလို့လား။”
ဒါက...
ကျိုးကျင်ထုန်၏ စကားကို ကြားလျှင် အင်အားကြီး အဖွဲ့အစည်းများမှ ဆင်းသက်လာသူများတွင် အစောင့်အရှောက်များ ပါလေ့ရှိသည်ကို အကြီးအကဲများ ချက်ချင်း သဘောပေါက်သွားကြ၏။
မည်သို့ပင်ဖြစ်စေ ချန်းလုသည် လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်၏ တပည့်ရင်းဖြစ်ရာ သူ့နောက်တွင် အစောင့်အရှောက်တစ်ဦး ပါလာနိုင်ခြေ အလွန်မြင့်မားလှပေသည်။
အကယ်၍ သူတို့ အခု လှုပ်ရှားလိုက်လျှင် ထိုအစောင့်အရှောက်ကို ရန်စလိုက်သလို ဖြစ်သွားပေလိမ့်မည်။
ထိုသို့ဆိုလျှင် သူတို့၏ လုပ်ဆောင်ချက်များကို ချန်းလုသာမက သူ့နောက်ကွယ်ရှိ အစောင့်အရှောက်ကပါ သိသွားပြီလား။
ထိုအတွေးနှင့်အတူ သူတို့၏ မျက်နှာများ ဖြူလျော့သွားကာ ချွေးစေးများ ပြိုင်တူ စီးကျလာကြ၏။
အကယ်၍ ချန်လုတစ်ယောက်တည်းကသာ သူတို့၏ ကိစ္စကို တွေ့ရှိသွားခဲ့ခြင်း ဆိုပါက အခြေအနေ သိပ်မဆိုးလှသေးပေ။ သူသည် မြေနတ်အဆင့်မျှသာ ဖြစ်၏။
သူတို့ဘက်၌ စစ်မှန်သောနတ် သုံးပါးနှင့် ကောင်းကင်နတ် နှစ်ပါးရှိရာ ချန်းလုကဲ့သို့ မြေနတ်တစ်ဦးကို သတ်ဖြတ်ရန်က လက်ဖဝါးလှန်သလောက်ပင် လွယ်ကူလှ၏။
သို့သော်လည်း ချန်းလု၏ အစောင့်အရှောက်ပါ ခရမ်းရောင် ပုံရိပ် ဂိုဏ်း၏ လုပ်ရပ်များကို သိသွားခဲ့လျှင် နှုတ်ပိတ်ရန် မဖြစ်နိုင်တော့ပဲ သူတို့သာ သေတွင်းထဲ ရောက်သွားနိုင်ပေသည်။
ချန်းလု၏ အဆင့်အတန်းအရ သူ့နောက်ကွယ်ရှိ အစောင့်အရှောက်က နတ်ဘုရင်ခံ မဟုတ်ခဲ့လျှင်ပင် အနည်းဆုံးတော့ ရွှေနတ်အဆင့် ဖြစ်နိုင်သည် မဟုတ်ပါလား။
နတ်ဘုရင်ခံဖြစ်စေ ရွှေနတ်ဖြစ်စေ ထိုအဆင့်များက သူတို့ ယှဉ်ပြိုင်နိုင်သည့် အဆင့်အတန်းမျိုး မဟုတ်ချေ။
အခု ဘယ်လိုလုပ်ကြမလဲ။
သူ့ကို စိုက်ကြည့်နေကြသော်လည်း မလှုပ်ရဲပဲ ဖြစ်နေကြသော ခရမ်းရောင် ပုံရိပ် ဂိုဏ်းမှ အကြီးအကဲများကို ကြည့်ကာ လုချန်းက ခပ်တိုးတိုး ရယ်မောလိုက်၏။
သူတို့ မတိုက်ခိုက်ရဲ ဖြစ်နေခြင်းက သူ့နောက်တွင် အစောင့်အရှောက် ရှိနေနိုင်သည်ကို စိုးရိမ်နေကြခြင်းကြောင့် ဖြစ်ကြောင်း သူ ကောင်းကောင်း နားလည်လိုက်သည်။
ထိုအထင်အမြင်မှားမှုကို အသုံးချကာ လုချန်း သူတို့ကို လှည့်စားနိုင်၏။
လုချန်းက
“ကျုပ် ဘယ်သူလဲဆိုတာ ခင်ဗျားတို့ ဘယ်လို သိသွားတာလဲ... ကျုပ် အပြင်မှာ လေ့ကျင့်နေတယ်ဆိုတာကို ဘယ်သူက ပြောပြလိုက်တာလဲဆိုတာ တကယ်ပဲ သိချင်မိတယ်။”
ထိုအခိုက်အတန့်တွင် ကျိုးကျင်ထုန်၏ အမူအရာ ပြောင်းလဲသွားကာ အပြုံးတစ်ခုနှင့်အတူ
“ချန်းလု... ဒါတွေက အထင်လွဲတာတွေပါ... ခင်ဗျားက လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်ရဲ့ တပည့်ရင်းမှန်း အစက မသိခဲ့လို့ပါ... ပြစ်မှားမိတာတွေရှိရင် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။”
ကျိုးကျင်ထုန်နှင့် အခြားသူများကို လှောင်ပြောင်သော အမူအရာဖြင့် ကြည့်ကာ လုချန်းက အေးအေးလူလူပင်
“ခင်ဗျားတို့ အမြင်မှာ ကျုပ်ကို လူအ တစ်ယောက်လို့ ထင်နေတာလား။”
ထိုအရာကို ကြားလျှင် အကြီးအကဲတစ်ဦးက ဆက်၍ မအောင့်အီးနိုင်တော့ပဲ
“ရှေ့တိုးတိုး နောက်ဆုတ်ဆုတ် ကျုပ်တို့ကိစ္စကို သိသွားပြီ... အခု ဒီကောင်လေးနောက်မှာ အစောင့်အရှောက် မပါဘူးလို့ပဲ လောင်းကြေးထပ်ရတော့မယ်... သံတမန်က သူ့နောက်မှာ ကောင်းကင်နတ် နှစ်ပါးပဲ ပါတယ်လို့ ပြောခဲ့တယ်မဟုတ်လား... တကယ်လို့ တခြား အစောင့်အရှောက်တွေ မပါပဲ ကောင်းကင်နတ် နှစ်ပါးပဲ ရှိနေရင်ကော။”
ထိုစကားများ ပြောပြီးသည်နှင့် ထိုအကြီးအကဲက လက်ထဲမှ တူကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ လုချန်းထံ တိုက်ရိုက် ရိုက်ချလိုက်၏။
ဝေဟင်ထက်တွင် ကြီးမားလှသော တူကြီးတစ်လက် ပေါ်ပေါက်လာကာ ဖိအားအလုံးအရင်းဖြင့် လုချန်းထံ ကျဆင်းလာခဲ့၏။
လုချန်းလည်း ကြီးမားသော ဖိအားကို ထပ်မံ ခံစားလိုက်ရ၏။ စစ်မှန်သောနတ် တစ်ဦးကို ယှဉ်ပြိုင်ရန်က သူ့အတွက် တကယ်ပင် ခက်ခဲလှသည်။
သို့သော်လည်း နတ်ဘုရင်၏ ကျိန်စာကို လုချန်း ချက်ချင်း အသုံးမပြုသေးပေ။
ခရမ်းရောင် ပုံရိပ် ဂိုဏ်းမှ အခြားမည်သည့် နတ်များ ထပ်မံ ပေါ်လာဦးမလဲ ဆိုတာကို သူ ကြည့်ချင်သေးသည်။
နတ်ဘုရင်၏ ကျိန်စာသည် တစ်ကြိမ် အသုံးပြုပြီးလျှင် ပြန်လည် အားဖြည့်ဖို့ အချိန်အတော်ကြာ လိုအပ်၏။
၎င်းသည် သူ၏ အသက်သွေးကြောဖြစ်သည့်အပြင် ယခု ရှိနေသူကလည်း ကိုယ်ပွားသာ ဖြစ်သဖြင့် ဤနေရာ၌ သေဆုံးသွားလျှင်ပင် ကိစ္စမရှိပေ။
ဘေးနားတွင် ဇနီးနှင့် သားသမီးများ မရှိသဖြင့် သူ့အတွက် မည်သည့် ထိခိုက်မှုမှ မရှိပဲ ထိုကိုယ်ပွားကို အဆုံးခံနိုင်သည်။
လုချန်းက လက်ထဲမှ နတ်သတ်ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ လွှဲယမ်းလိုက်၏။
“ပိလော့ နဂါးပြာ ဟောက်သံ”
ဓားချက်ကို ထုတ်လွှတ်ပြီးနောက် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို တစ်ပြိုင်နက်တည်း အသုံးပြုလိုက်၏။
ရုတ်တရက်ပင် ဝေဟင်ထက်တွင် မီးအိမ် ပုံရိပ်ပေါင်း မြောက်မြားစွာ ပေါ်ပေါက်လာခဲ့သည်။
ထိုမီးအိမ်များမှ ထွက်ပေါ်လာသော အနီရောင် အလင်းတန်းများကြောင့် ကျိုးကျင်ထုန်တို့လူစု အတွင်းရှိ နတ်အငွေ့အသက်များ ခဲသွားသကဲ့သို့ ခံစားရကာ အလွန်ပင် နေရခက်သွားကြ၏။
သို့သော်လည်း နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ၏ ကန့်သတ်နိုင်စွမ်းက ထင်သလောက် မပြင်းထန်လှချေ။
သူတို့သည် သွေးလင်းယုန်ခန်းမထံ သစ္စာခံထားကြသော်လည်း မိစ္ဆာကျင့်စဉ်များကို မကျင့်ကြံရသေးသဖြင့် မိစ္ဆာနတ်များ မဟုတ်ကြသေးသလို အတွင်း၌ မိစ္ဆာစွမ်းအားများလည်း ရှိမနေကြပေ။
ထို့ကြောင့် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာသည် ကောင်းကင်အဆင့် နတ်နိယာမတစ်ခု၏ စွမ်းအားကိုသာ ပြသနိုင်ပြီး သူတို့ကို အပြည့်အဝ မချုပ်တည်းနိုင်ချေ။
လုချန်းလက်ထဲမှ နတ်သတ်ဓားကို ခုနက တိုက်ခိုက်လိုက်သော အကြီးအကဲ မြင်သောအခါ ရုတ်တရက် ဝမ်းသာအားရဖြင့်
“ကောင်းကင်အဆင့် နတ်ဓားပဲ... လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်ရဲ့ တပည့်ရင်းဆိုတာ မမှားဘူးပဲ... အကြီးအကဲကျိုး... ခင်ဗျား အရေးမယူခဲ့တော့ ဒီကောင်းကင်အဆင့် နတ်ဓားက ကျုပ်အပိုင်ပဲ။”
ကျိုးကျင်ထုန်ကတော့ မျက်မှောင် အနည်းငယ်သာ ကြုတ်လိုက်ပြီး မည်သည့် လှုပ်ရှားမှုမှ မပြုလုပ်သေးပေ။
သူသည် အချိန်မရွေး ထွက်ပြေးရန် အသင့်ပြင်ထား၏။
ချန်းလု အသက်အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် အစောင့်အရှောက် ပေါ်လာခြင်း ရှိမရှိကို သူ အရင်ဆုံး အကဲခတ်ချင်သည်။
အစောင့်အရှောက် ပေါ်မလာမှန်း သေချာသောအခါမှ သူ လှုပ်ရှားလျှင်လည်း နောက်မကျသေးပေ။
ချန်းလုလက်ထဲမှ ကောင်းကင်အဆင့် နတ်ဓားကိုတော့ လုတိုင်း လက်လှမ်းမမီနိုင်ချေ။
သူတို့ ဂိုဏ်းချုပ်၏ လက်ထဲတွင်ပင် မြေအဆင့် နတ်လက်နက်များသာ ရှိပြီး အလွန်ဆုံးမှ သံတမန်ထံမှ ရရှိထားသော အရိပ်အယောင် ကောင်းကင်အဆင့် နတ်လက်နက်ဖြစ်သည့် ဝိညာဉ်ဘုရင်မီးဖိုသာ ရှိသည်။
အကယ်၍ သူတို့ ကောင်းကင်အဆင့် နတ်ဓားကို ရရှိသွားကြောင်း ဂိုဏ်းချုပ် သိသွားပါက ၎င်းကို အပ်နှံရန် ဧကန်မုချ ခိုင်းစေပေလိမ့်မည်။
ဂိုဏ်းချုပ်က မတောင်းဆိုခဲ့လျှင်ပင် သွေးလင်းယုန်ခန်းမမှ သံတမန်က တောင်းဆိုလာနိုင်သည်။ ထိုကောင်းကင်အဆင့် နတ်ဓားကို သူတို့ ပိုင်ဆိုင်နိုင်မည် မဟုတ်ချေ။
ဝေဟင်ထက်မှ တူကြီး လုချန်းထံ ကျဆင်းလာစဉ်မှာပင် လုချန်း ထုတ်လွှတ်လိုက်သော ဓားစွမ်းအား နဂါးနှင့် ထိပ်တိုက် တွေ့ဆုံသွားကာ နတ်အငွေ့အသက် နှစ်ခု ပြင်းထန်စွာ ပွတ်တိုက်မိပြီး ကြီးမားသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာ၏။
ယခင်အတိုင်းပင် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် နတ်အငွေ့အသက်များ၏ တုန်ခါမှုကြောင့် နှစ်ဖက်စလုံး နောက်သို့ လွင့်စင်သွားကြ၏။
ထိုအချိန်တွင် တူကို ကိုင်ထားသောသူက
“လျှို့ဝှက်လဝန်းနန်းတော်သခင်ရဲ့ တပည့်ရင်း ဖြစ်လာတာ မဆန်းပါဘူး... ဒီကောင်လေးမှာ ပါရမီကြီးကြီး ရှိနေတာပဲ... သူသာ ကောင်းကင်နတ်အဆင့် ဖြစ်နေရင် ကျုပ်တောင် သူ့ကို နိုင်ဖို့ မလွယ်ဘူး။”
“နှမြောစရာကောင်းတာက သူက အခုထိ မြေနတ်အဆင့်ပဲ ရှိသေးတာပဲ... ဒီလို ပါရမီရှင်မျိုးကို ကြီးပြင်းလာခွင့် ပေးလို့ မဖြစ်ဘူး။”
ထိုသို့ ပြောဆိုရင်း သူ၏ တိုက်ခိုက်မှုကြောင့် လုချန်း သေဆုံးသွားလိမ့်မည်ဟု ထိုသူ မယုံကြည်သဖြင့် တူကို ဆုပ်ကိုင်ကာ ပေါက်ကွဲမှု ဖြစ်ပွားရာ အရပ်သို့ ပြေးဝင်သွား၏။
ထိုမျှ ပြင်းထန်သော ဓားစွမ်းအားကို ထုတ်လွှတ်နိုင်ခြင်းက သူသည် သာမန်မြေနတ်တစ်ဦး မဟုတ်ကြောင်း သက်သေပြနေ၏။ သူ့ကို ပေါ့ပေါ့တန်တန် သတ်မှတ်၍ မရချေ။
ထန်ဆန်း တွေးထားသည့်အတိုင်းပင် ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသို့ ချဉ်းကပ်သွားချိန်တွင် လုချန်း၏ အငွေ့အသက်ကို ခံစားလိုက်ရပြီး တစ်ဖက်လူ အသက်ရှင်နေသေးကြောင်း သိလိုက်ရ၏။
နတ်အငွေ့အသက်များကို အသုံးပြုကာ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ဖုန်မှုန့်အားလုံးကို ထန်ဆန်း ဖယ်ရှားလိုက်၏။
နောက်တစ်ခဏတွင် အားလုံး၏ ရှေ့မှောက်၌ လုချန်း တစ်ဖန် ပြန်လည် ပေါ်ပေါက်လာသည်။
ထိုအချိန်တွင် လုချန်း၏ အခြေအနေ အလွန်ဆိုးရွားနေပုံရ၏။ သူ၏ အဝတ်အစားများလည်း အပိုင်းပိုင်း ပြတ်တောက်နေပြီး တစ်ကိုယ်လုံးတွင် သွေးများ စိုရွှဲလျက် ပြင်းထန်စွာ ဒဏ်ရာရနေကာ သနားစဖွယ် ပုံစံဖြစ်နေသည်။
…………..
အခန်း (၁၆၆၄ )
စနစ်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီနိုင်ခြေရှိသူ
လုချန်း၏ အငွေ့အသက် အလွန်ပင် အားနည်းနေပြီး ပြိုလဲလုနီးပါး ဖြစ်နေသည်ကို ခံစားမိလျှင် ထန်ဆန်းက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း
“ကျုပ် ခန့်မှန်းတာ မှန်တယ်ထင်တယ်... ဒီကောင်လေးနောက်မှာ တကယ်ပဲ အစောင့်အရှောက် တစ်ယောက်မှ ပါမလာဘူးပဲ။”
လုချန်းသည် ပြင်းထန်စွာ ဒဏ်ရာရရှိနေပြီ ဖြစ်သော်လည်း အစောင့်အရှောက်က ပေါ်မလာသေးသဖြင့် ထန်ဆန်း လောင်းကြေးထပ် သကဲ့သို့ ချန်းလု၏ နောက်ကွယ်တွင် တကယ်ပဲ အစောင့်အရှောက် မရှိတာလားဟု ကျိုးကျင်ထုန် တွေးတောမိလိုက်သည်။
သို့သော်လည်း ထိုအရာက ဘယ်လိုလုပ် ဖြစ်နိုင်ပါမည်နည်း။
မည်သို့ပင်ဖြစ်စေ ချန်းလုသည် လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်၏ တပည့်ရင်း ဖြစ်သည်။ နန်းတော်သခင်သည် သူ၏ တပည့်ရင်းကို အစောင့်အရှောက်မပါပဲ လွှတ်ထားမည် မဟုတ်ချေ။
ဤအရာက တပည့်ရင်းတစ်ဦး ရရှိသင့်သော ဆက်ဆံမှုမျိုးလား။
ဒါမှမဟုတ် နန်းတော်သခင်က အစကတည်းက ချန်းလုကို တပည့်ရင်းအဖြစ် မသတ်မှတ်ခဲ့တာလား။
လျှို့ဝှက်လဝန်းနန်းတော်သည် အမျိုးသမီး တပည့်များကိုသာ လက်ခံလေ့ရှိပြီး ချန်းလုကဲ့သို့ အမျိုးသား တပည့်တစ်ဦးကို လက်ခံခြင်းက ပထမဆုံးအကြိမ် ဖြစ်၏။
နန်းတော်သခင်သည် ချန်းလုထံမှ တစ်စုံတစ်ခုကို အလိုရှိသဖြင့် တပည့်ရင်းအဖြစ် အယောင်ပြ ခေါ်ယူထားခြင်း ဖြစ်ပြီး သူ၏ အသက်အန္တရာယ်ကို ဂရုမစိုက်ခြင်းများ ဖြစ်နေမလား။
ထိုသို့ တွေးမိသည်နှင့် ကျိုးကျင်ထုန် လုချန်းကို ပို၍ စိတ်ဝင်စားသွားကာ ထန်ဆန်းကို ချက်ချင်းပင် ပြောလိုက်၏။
“အကြီးအကဲထန်... သူ့ရဲ့ နတ်ဝိညာဉ်ကို ချန်ထားလိုက်”
ထန်ဆန်းက
“စိတ်မပူပါနဲ့... ကျုပ် ဘာလုပ်ရမလဲဆိုတာ သိပါတယ်။”
အမှန်စင်စစ် ဤလူသည် လျှို့ဝှက်လဝန်း နန်းတော်သခင်၏ တပည့်ရင်း ဖြစ်သည်။ လျှို့ဝှက်လဝန်းနန်းတော်နှင့် သွေးလင်းယုန်ခန်းမတို့ကြား အလုံးစုံ စစ်ပွဲမဖြစ်ပွားမီ ဤလူ အသုံးဝင်နိုင်သေးသည် မဟုတ်ပါလား။
ထိုသို့ တွေးတောရင်း ထန်ဆန်း ထပ်မံလှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် လုချန်းက တည်ငြိမ်စွာ မေးမြန်းလိုက်၏။
“ခင်ဗျားတို့ နှင်းမြင့်မြို့ကို ဒီလောက် မြန်မြန် ရောက်လာတာဆိုတော့ ခရမ်းရောင် ပုံရိပ် ဂိုဏ်းက နှင်းမြင့်မြို့နဲ့ သိပ်မဝေးဘူး ထင်တယ်... ဟုတ်တယ်မလား။”
သူတို့ကို နှင်းမြင့်မြို့တွင် ရက်အနည်းငယ်ကြာအောင် လုချန်း စောင့်ဆိုင်းခဲ့ရ၏။ စစ်မှန်သောနတ် တစ်ပါးအတွက် ရက်အနည်းငယ်ကြာသော ခရီးသည် နတ်ဘုရင် တစ်ဦးအတွက်ဆိုလျှင် မျက်စိတစ်မှိတ်သာ ကြာ၏။
နတ်ဘုရင်၏ ကျိန်စာမှ စွမ်းအားကို သူ အလဟဿ မဖြုန်းတီးချင်ပေ။ အကယ်၍ အသုံးပြုတော့မည်ဆိုပါက ၎င်း၏ စွမ်းအားအပြည့်အဝကို ထုတ်ဖော်လိုသည်။
စစ်မှန်သောနတ် အနည်းငယ်ကို သတ်ရန်အတွက် ဤစွမ်းအားကို တစ်ကြိမ် အသုံးပြုရခြင်းက သူ့အတွက် အလွန် နှမြောစရာ ကောင်း၏။
ပြီးခဲ့သည့်အကြိမ် ကစဉ့်ကလျား နယ်မြေ၌ စစ်မှန်သောနတ် တစ်ဦးကို သတ်ရန် နတ်ဘုရင်၏ ကျိန်စာကို အသုံးပြုခဲ့ရခြင်းအတွက်လည်း သူ နှမြော နေမိသည်။ သို့သော်လည်း သူ၏ အဆင့်က နိမ့်လွန်းနေပြီး စစ်မှန်သောနတ် တစ်ဦးကို မသတ်နိုင်ခဲ့သဖြင့် တခြားနည်းလမ်း မရှိခဲ့ချေ။
ယခု အသုံးပြုမည်ဆိုပါက ဤစွမ်းအားကို ယခင်ကကဲ့သို့ မဖြုန်းတီးပဲ အကျိုးရှိရှိ အသုံးချရန် လိုအပ်သည်။
အကယ်၍ ယခု အသုံးပြုလိုက်ပြီး ခရမ်းရောင် ပုံရိပ် ဂိုဏ်းမှ ကျန်ရှိနေသူများ ရောက်လာချိန်တွင် ထပ်မံ အသုံးပြုရန် လိုအပ်လာပါက အခွင့်အရေးကို ဖြုန်းတီးသလို ဖြစ်သွားပေလိမ့်မည်။ နတ်ဘုရင်၏ ကျိန်စာကို အသုံးပြုလိုက်သည်နှင့် လုချန်းထံသို့ နတ်ဘုရင်၏ စွမ်းအား အချို့ ရောက်ရှိလာမည် ဖြစ်ပြီး လုချန်းအနေနှင့် အပြည့်အဝ အသုံးချနိုင်သည်ဖြစ်စေ အသုံးမချနိုင်သည်ဖြစ်စေ အချိန်အတိုင်းအတာ တစ်ခုအကြာတွင် သူ့ဘာသူ ပျောက်ကွယ်သွားမည် ဖြစ်၏။
လုချန်း၏ မပြောင်းလဲသော အမူအရာနှင့် ခရမ်းရောင် ပုံရိပ် ဂိုဏ်းနှင့် နှင်းမြင့်မြို့ အကွာအဝေးကိုပင် မေးမြန်းနေသေးတာ ကြည့်ပြီး တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း ကျိုးကျင်ထုန်တို့လူစု ချက်ချင်းပင် ခံစားလိုက်ရ၏။
သဘာဝအရဆိုလျှင် ဤအချိန်တွင် ထိုလူ အလွန် ကြောက်ရွံ့နေသင့်သည်။ ယခု သူသည် လုံးဝ မကြောက်ရွံ့သည့်အပြင် ခရမ်းရောင် ပုံရိပ် ဂိုဏ်းနှင့် နှင်းမြင့်မြို့ကြား အကွာအဝေးကိုပါ စိတ်ဝင်စားနေ၏။
ထန်ဆန်းက နှာခေါင်းရှုံ့လျက်
“ခင်ဗျားက သေလူတစ်ယောက်ပဲ... ဒါတွေကို အများကြီး သိနေဖို့ မလိုပါဘူး။”
ထိုသို့ ပြောဆိုရင်း ထန်ဆန်းက လုချန်းထံသို့ တူဖြင့် ထပ်မံ ရိုက်ချလိုက်၏။ သို့သော်လည်း ယခုတစ်ကြိမ်တွင် စွမ်းအားကို အတော်အတန် လျှော့ချထားသည်။
လုချန်းကို သေလူတစ်ဦးဟု ပြောခဲ့သော်လည်း လုချန်း၏ နတ်ဝိညာဉ်ကို ဖမ်းဆီးရန် သူ မျှော်လင့်ထားဆဲ ဖြစ်၏။ လက်ရှိအချိန်တွင် ချန်းလု၏ နတ်ဝိညာဉ်သည် သွေးလင်းယုန်ခန်းမအတွက် အလွန်ပင် တန်ဖိုးရှိလှသည်။
အကယ်၍ ချန်းလု၏ နတ်ဝိညာဉ်ကို သွေးလင်းယုန်ခန်းမမှ သံတမန်ထံသို့ ယူဆောင်သွားနိုင်ပါက ကြီးမားသော အကျိုးဆောင်မှုတစ်ခု ဖြစ်ပေလိမ့်မည်။ သံတမန်က သူတို့ကို အဆင့်မြင့် မိစ္ဆာကျင့်စဉ်များပင် ဆုလာဘ်အဖြစ် ပေးကောင်း ပေးနိုင်သည်။
ယခုတစ်ကြိမ်တွင်တော့ လုချန်းသည် ဓားကို လွှဲယမ်းခြင်း သို့မဟုတ် ရှောင်တိမ်းခြင်း မပြုတော့ပဲ ဝေဟင်ထက်မှ သူ့ထံသို့ ကျဆင်းလာသော တူကြီးကို ငြိမ်သက်စွာ စိုက်ကြည့်နေ၏။ ထိုအရာကို မြင်သောအခါ ရုတ်တရက် စိတ်မသက်သာဖြစ်သွားသလို ကျိုးကျင်ထုန် ခံစားလိုက်ရသည်။
တည်ငြိမ်လွန်းနေ၏...
ချန်းလုသည် တည်ငြိမ်လွန်းနေကာ သေဘေးနှင့် ရင်ဆိုင်နေရသူတစ်ဦး၏ အမူအရာမျိုး လုံးဝ မရှိချေ။
တစ်ခုခုတော့ မှားနေပြီ...
တူကြီး ကျဆင်းသွားပြီး ပေတစ်သောင်းခန့်အထိ ဖုန်မှုန့်များ ထွက်ပေါ်လာသော်လည်း ထူးခြားမှု မရှိသည်ကို မြင်သောအခါ သူပဲ အတွေးလွန်နေခြင်းလားဟု ကျိုးကျင်ထုန် တွေးမိသွား၏။
သူအနေနှင့် မလွတ်မြောက်နိုင်တော့ကြောင်း ချန်းလု သိသွားသဖြင့် ခုခံရန် လက်လျှော့လိုက်ခြင်းများ ဖြစ်လေမလား။
ချန်းလုက မခုခံပဲ သူ၏ တူချက်ကို ခံယူသွားသည်ကို မြင်လျှင် ထန်ဆန်းက စိုးရိမ်တကြီးဖြင့်
“ဒီကောင်လေးရဲ့ နတ်ဝိညာဉ်ကိုပါ ကျုပ် ဖျက်ဆီးမိသွားတာလား။”
ထန်ဆန်း၏ စကားဆုံးသည်နှင့် ပေတစ်သောင်းခန့်မြင့်သော ဖုန်မှုန့်များကြားမှ ဖိအားတစ်ခု အလုံးအရင်းနှင့် ရုတ်တရက် ပေါက်ကွဲထွက်လာကာ ကျိုးကျင်ထုန်တို့ကို ဝေဟင်ထက်မှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားစေ၏။
ထိုကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံစားလိုက်ရသဖြင့် ကျိုးကျင်ထုန်တို့၏ မျက်နှာများ သိသိသာသာ ပြောင်းလဲသွားကြ၏။ မြေပြင်ပေါ်တွင် ဖိကပ်ခံထားရသည့် ကျိုးကျင်ထုန်
“အစောင့်အရှောက်... သူ့ရဲ့ အစောင့်အရှောက် ဖြစ်ရမယ်။”
အခြားနတ်တစ်ဦးကလည်း ဖြူလျော့နေသော မျက်နှာဖြင့်
“သွားပါပြီ... ချန်းလုမှာ တကယ်ပဲ အစောင့်အရှောက် ရှိနေတာပဲ...”
ထိုအချိန်တွင် တိုက်ခိုက်ခဲ့သူ ထန်ဆန်း၏ မျက်နှာက အဆိုးရွားဆုံး ဖြစ်နေသည်။ သူသည် မြေပြင်ပေါ်တွင် ဒူးတစ်ဖက် ထောက်လျက် လွတ်မြောက်ရန် အခွင့်အရေးကို ရှာဖွေနေ၏။
နောက်တစ်ခဏတွင် ကြီးမားသော စွမ်းအားတစ်ခုက ဖုန်မှုန့်များကို လွင့်စင်သွားစေကာ ဝေဟင်ထက်မှ လုချန်း၏ ပုံရိပ်ကို မြင်နိုင်စေခဲ့၏။
ထိုအခိုက်အတန့်တွင် လုချန်း၏ အဝတ်အစားများ ပြန်လည် ကောင်းမွန်နေပြီး ခန္ဓာကိုယ်ပေါ်ရှိ သွေးစွန်းများနှင့် ဒဏ်ရာများလည်း ပျောက်ကွယ်သွားပြီ ဖြစ်၏။
ကျိုးကျင်ထုန်တို့လည်း ဝေဟင်ထက်မှ လုချန်းကို ဇဝေဇဝါ ဖြစ်လျက် မော့ကြည့်လိုက်ကြ၏။
ချန်းလု...
ဤအငွေ့အသက်က ချန်းလုထံမှ ထွက်ပေါ်လာခြင်းလား။
ထိုအရာက ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မည်နည်း။
ချန်းလုထံတွင် ဤမျှကြီးမားသော စွမ်းအား ဘယ်လိုရှိနေရသနည်း။
ဤမျှကြီးမားသော ဖိအားကို အနည်းဆုံး နတ်ဘုရင်ခံအဆင့် တစ်ဦးသာ ထုတ်ဖော်နိုင်ပေလိမ့်မည်။
ကျိုးကျင်ထုန်က
“ခင်ဗျားက ချန်းလု မဟုတ်ဘူး... ခင်ဗျား ဘယ်သူလဲ”
သူတို့သည် တစ်စုံတစ်ဦးကို မှားယွင်းစွာ တိုက်ခိုက်မိခြင်း ဖြစ်နိုင်ပြီး တစ်ဖက်လူကလည်း ချန်းလုဟန်ဆောင်ကာ သူတို့ကို ကစားနေခြင်း ဖြစ်နိုင်သည်ဟု ကျိုးကျင်ထုန်တို့ တွေးမိသွားကြ၏။ လုချန်း ခပ်အေးအေးပင်
“ခင်ဗျားတို့ သိဖို့ မလိုပါဘူး... ကဲ... ခင်ဗျားတို့ကို မရဏနိုင်ငံ ပို့ပေးရမယ့် အချိန်ရောက်ပြီ။”
ထိုသို့ ပြောဆိုရင်း လုချန်း လက်ကို ဝှေ့ယမ်းလိုက်ရာ ဝေဟင်ထက်မှ ကြီးမားသော လက်ဝါးကြီးတစ်ချက် ကျဆင်းလာကာ မြေပြင်ကို ချေမှုန်းလိုက်၏။ ဖုန်မှုန့်များ ငြိမ်သက်သွားချိန်တွင် လုချန်း မြေပြင်ပေါ်သို့ ချက်ချင်းပင် ရောက်ရှိလာ၏။
ကျိုးကျင်ထုန်သည် လုံးဝ သေဆုံးမသွားသေးပဲ သူ၏ နတ်ဝိညာဉ် အပိုင်းအစလေး တစ်ခု ကျန်ရှိနေ၏။ လုချန်း၏ အငွေ့အသက်ကို ခံစားမိသည်နှင့် ထိုဝိညာဉ် အပိုင်းအစလေးလည်း အဝေးသို့ ထွက်ပြေးရန် ကြိုးစားနေခဲ့သည်။
လုချန်း လက်ကို မြှောက်လိုက်ရာ သူ၏ လက်ဖဝါးဆီမှ ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူမှုတစ်ခု ထွက်ပေါ်လာ၏။ လုချန်းက မဆိုင်းမတွပင် ကျိုးကျင်ထုန်အပေါ် ဝိညာဉ်ရှာဖွေခြင်း နည်းလမ်း အသုံးပြုလိုက်၏။ ကျိုးကျင်ထုန်၏ နတ်ဝိညာဉ်အတွင်းရှိ ဆံပင်နီနှင့် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရလျှင် လုချန်း ခဏခန့် အတွေးထဲနစ်မြောသွား၏။
သူမသည် အနီရောင် ကိုယ်ကျပ် ဝတ်စုံကို ဝတ်ဆင်ထားကာ ရင့်ကျက် အေးစက်၍ ဆွဲဆောင်မှုရှိသော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ သူမသည် ဆွဲဆောင်မှု ရှိသော်လည်း ထိုဆွဲဆောင်မှုက သိမ်မွေ့ကာ အေးဆေးငြိမ်သက်လှသည်။ သူမ၏ အလှတရားကတော့ နတ်မိမယ်တစ်ပါးကဲ့သို့ပင် ရင်သပ်ရှုမောဖွယ် ကောင်းလှ၏။
“သွေးလင်းယုန်ခန်းမက သံတမန်က တကယ်ပဲ ဒီလောက် လှတာလား... သူက စနစ်ရဲ့ သတ်မှတ်ချက်တွေနဲ့ကော ကိုက်ညီနိုင်မလား” ဟု လုချန်းတွေးလိုက်၏။
ကျိုးကျင်ထုန်၏ နတ်ဝိညာဉ်မှတစ်ဆင့် ရှုကျင့်ရှူး၏ တည်ရှိမှုကိုသာ သိနိုင်ခြင်း ဖြစ်သဖြင့် စနစ်က တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးပေ။ စနစ်၏ သတ်မှတ်ချက်များနှင့် သူမ ကိုက်ညီခြင်း ရှိ မရှိ သိနိုင်ရန် ခရမ်းရောင် ပုံရိပ် ဂိုဏ်းသို့ သူ ကိုယ်တိုင် သွားရောက်ရန် လိုအပ်သည်။
တကယ်တော့ သူမ စနစ်၏ သတ်မှတ်ချက်များနှင့် မကိုက်ညီခဲ့လျှင်ပင် ခရမ်းရောင် ပုံရိပ် ဂိုဏ်းသို့ လုချန်း သွားရောက်ရမည်သာ ဖြစ်သည်။
………….
အခန်း( ၁၆၆၅ )
စွန့်ခွာထွက်ပြေးသူ
ရင်သပ်ရှုမောဖွယ်ကောင်းသော နတ်မိမယ်များစွာကို လုချန်း မြင်ဖူးခဲ့သည်။ သူ၏ ဇနီးများထဲတွင် ရုပ်ဆိုးသူ တစ်ဦးမှ မရှိပေ။
သူ၏ အစေခံဟောင်းပင်လျှင် စနစ်၏ သတ်မှတ်ချက်များနှင့် မကိုက်ညီသော်လည်း တိုင်းပြည်တစ်ပြည်ကိုပင် မှောက်လှန်သွား စေနိုင်သည့် အလှတရားမျိုးကို ပိုင်ဆိုင်ထားကြသည်။
သဘာဝအရဆိုလျှင် ပထမဆုံးအကြိမ် မြင်လိုက်ရုံဖြင့် သူ့ကို အံ့အားသင့်သွားစေနိုင်သည့် အမျိုးသမီးမျိုး အလွန်ပင် ရှားပါးလှသော်လည်း ကျိုးကျင်ထုန်၏ နတ်အာရုံမှတစ်ဆင့် ရှုကျင့်ရှူးကို မြင်လိုက်ရသောအခါ သူမနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံလိုသည့် ဆန္ဒများ လုချန်းစိတ်ထဲ ချက်ချင်းပင် ဖြစ်ပေါ်လာခဲ့၏။
သူ့အား ထိုကဲ့သို့သော အတွေးမျိုး ပေါ်ပေါက်စေနိုင်သည့် အမျိုးသမီးများသည် စနစ်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီနိုင်ခြေ များသည်ဟု လုချန်း ယုံကြည်လိုက်သည်။
ထိုသို့ တွေးတောရင်း လုချန်းလည်း တွေဝေမနေပဲ ခရမ်းရောင် ပုံရိပ် ဂိုဏ်းဆီသို့ တိုက်ရိုက် ထွက်ခွာသွားတော့သည်။
…….
ထိုအချိန်တွင်။
ခရမ်းရောင် ပုံရိပ် ဂိုဏ်းရှိ စံအိမ်တစ်ခု အတွင်း၌။
ကျိုးရန်ကျန်းသည် ကျိုးကျင်ထုန်တို့၏ သတင်းကို စောင့်ဆိုင်းနေဆဲဖြစ်၏။ ထိုအခိုက်အတန့်တွင် ဝိညာဉ်မီးအိမ်များကို စောင့်ကြပ်ရန် တာဝန်ကျသော အကြီးအကဲတစ်ဦး စံအိမ်၏ အပြင်ဘက်သို့ အပြေးအလွှား ရောက်ရှိလာကာ
“ဂိုဏ်းချုပ်... ကိစ္စကြီးတစ်ခု ဖြစ်သွားပါပြီ”
ဝိညာဉ်မီးအိမ် စောင့်ကြပ်သည့် အကြီးအကဲ ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ကျိုးရန်ကျန်း၏ မျက်နှာ ချက်ချင်းပင် ညိုမှောင်သွားခဲ့သည်။ ထိုအကြီးအကဲက ဆိုးရွားသော ကိစ္စတစ်ခု ဖြစ်ပွားသည်ဟု ဆိုလျှင် ဂိုဏ်းအတွင်းရှိ အရေးပါသော ပုဂ္ဂိုလ်များ၏ ဝိညာဉ်မီးအိမ်များ ငြိမ်းသွားပြီဟု ဆိုလိုခြင်းသာ ဖြစ်သည်။
ကျိုးရန်ကျန်းက
“ဘယ်သူ့ရဲ့ ဝိညာဉ်မီးအိမ် ငြိမ်းသွားတာလဲ”
ဟု အေးစက်စွာ မေးမြန်းလိုက်၏။
အကြီးအကဲက
“အကြီးအကဲကျိုး၊ အကြီးအကဲထန်၊ အကြီးအကဲလျှို၊ အကြီးအကဲချင်၊ အကြီးအကဲပိုင်... အကြီးအကဲ ငါးဦးစလုံးရဲ့ ဝိညာဉ်မီးအိမ်တွေ... ငြိမ်းသွားပါပြီ...”
ဟု ကပျာကယာ တုံ့ပြန်လိုက်သည်။
ထိုအရာကို ကြားလျှင် ကျိုးရန်ကျန်းထံမှ ပြင်းထန်သော အငွေ့အသက်များကို ရုတ်တရက် ထုတ်လွှတ်လိုက်ရာ စံအိမ်တစ်အိမ်လုံး ချက်ချင်းပင် ပြိုလဲပျက်စီးသွားသည်။
သူ၏ စိတ်ကို မထိန်းချုပ်နိုင်ခဲ့မှန်း သတိရသွားပြီး ကျိုးရန်ကျန်းက ရှုကျင့်ရှူးအား
“ခွင့်လွှတ်ပါ သံတမန်... ကျုပ်ရဲ့ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ခဲ့လို့ပါ”
ဟု အလျင်အမြန် တောင်းပန်လိုက်၏။
ရှုကျင့်ရှူးကတော့ ဂရုမစိုက်ချေ။ စံအိမ်ကြီး ပြိုကျသွားလျှင်ပင် နတ်အငွေ့အသက်၏ အကာအကွယ်ကြောင့် သူမအား ထိခိုက်စေနိုင်မည် မဟုတ်သဖြင့် ထိုအရာက ကြီးမားသော ကိစ္စတစ်ခု မဟုတ်ပေ။
ရှုကျင့်ရှူးက အမူအရာ ကင်းမဲ့စွာဖြင့်
“ဒါက အရေးမကြီးပါဘူး။ အရေးကြီးတာက ဘာဖြစ်ခဲ့လဲဆိုတာကို သိဖို့ပဲ။ စစ်မှန်သောနတ် သုံးပါးနဲ့ ကောင်းကင်နတ် နှစ်ပါးကို တစ်ပြိုင်နက်တည်း သတ်နိုင်ဖို့ဆိုရင် တစ်ဖက်ရဲ့ စွမ်းအားက ရွှေရောင်နတ် အဆင့်ကို ရောက်နေနိုင်ခြေ ရှိတယ်။”
“ဆိုလိုတာက ခရမ်းရောင် ပုံရိပ် ဂိုဏ်း လုပ်ခဲ့တဲ့ အရာတွေကို လျှို့ဝှက်လဝန်းနန်းတော်က သိသွားပြီထင်တယ်။”
ရွှေရောင်နတ် တစ်ဦးသည် လူသားမြို့တော်ဖြစ်သည့် နှင်းမြင့်မြို့သို့ အကြောင်းမဲ့ သွားရောက်မည် မဟုတ်ချေ။ လျှို့ဝှက်လဝန်းနန်းတော်မှ စေလွှတ်လိုက်ခြင်းသာ ဖြစ်နိုင်ခြေရှိ၏။ ထို့ပြင် လျှို့ဝှက်လဝန်းနန်းတော်ကလည်း အကြောင်းမရှိပဲ ရွှေရောင်နတ် တစ်ဦးကို စေလွှတ်မည် မဟုတ်ပေ။
အကြီးမားဆုံး ဖြစ်နိုင်ခြေက လျှို့ဝှက်လဝန်းနန်းတော်သည် နှင်းမြင့်မြို့၏ အခြေအနေကို သိသွားသဖြင့် နှင်းမြင့်မြို့နှင့် ခရမ်းရောင် ပုံရိပ် ဂိုဏ်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ကိုင်တွယ်ရန်အတွက် ရွှေရောင်နတ် တစ်ဦးကို အထူးစေလွှတ်လိုက်ခြင်း ဖြစ်နိုင်သည်။
ရှုကျင့်ရှူး၏ စကားကို ကြားလျှင် ကျိုးရန်ကျန်း ထိတ်လန့်သွားခဲ့သည်။ သူကိုယ်တိုင်ပင် စစ်မှန်သောနတ် အဆင့်၌သာ ရှိသဖြင့် ရွှေရောင်နတ် တစ်ဦးကို ယှဉ်နိုင်မည် မဟုတ်ပေ။ အကယ်၍ ရွှေရောင်နတ် တစ်ဦး တကယ် ရောက်လာပါက သူ၏ သေဆုံးချိန် နီးကပ်လာပြီဟု အဓိပ္ပာယ်ရလိမ့်မည်။
ထိုသို့ တွေးတောရင်း ကျိုးရန်ကျန်းက ရှုကျင့်ရှူးကို အလျင်အမြန် မေးမြန်းလိုက်၏။
“သံတမန်... အကယ်၍ တစ်စုံတစ်ခု မှားယွင်းခဲ့ရင် သွေးလင်းယုန်ခန်းမက ကျုပ်တို့ကို အကာအကွယ် ပေးမယ်ဆိုတဲ့ အရင်က ကတိက အခုထိ ရှိတုန်းလား”
ရှုကျင့်ရှူးက အေးစက်စွာဖြင့်
“ဒါပေါ့။ ရှိတာပေါ့”
“ရှင်တို့ အားလုံးကို သွေးလင်းယုန်ခန်းမဆီ တိုက်ရိုက် ပို့ဆောင်ပေးနိုင်မယ့် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံတစ်ခု တည်ဆောက်ဖို့ ကျွန်မ ကူညီပေးနိုင်တယ်။”
ရှုကျင့်ရှူး၏ စကားကို ကြားရသဖြင့် ကျိုးရန်ကျန်း စိတ်သက်သာရာ ရသွားခဲ့သည်။ သွေးလင်းယုန်ခန်းမသို့ တိုက်ရိုက် ရွှေ့ပြောင်းသွားနိုင်မည်ဆိုလျှင် လျှို့ဝှက်လဝန်းနန်းတော်၏ အင်အားစုများကို ကြောက်နေစရာ မလိုတော့ပေ။
သူတို့၏ ခရမ်းရောင် ပုံရိပ် ဂိုဏ်း၏ အကာအကွယ် စွမ်းအားသည် လျှို့ဝှက်လဝန်းနန်းတော်မှ စွမ်းအားကြီး ပုဂ္ဂိုလ်များကို အချိန်အတိုင်းအတာတစ်ခုအထိ တောင့်ခံထားနိုင်မည်ဖြစ်ရာ ရှုကျင့်ရှူး တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံ တည်ဆောက်ရန် လုံလောက်သော အချိန်ကို ရရှိလိမ့်မည်။
ကျိုးရန်ကျန်းက
“ဒါဆိုရင် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ တည်ဆောက်ဖို့ ကူညီပေးပါ သံတမန်... လိုအပ်တဲ့ နတ်ကျောက်တုံးတွေ အားလုံးကို ကျုပ်တို့ ခရမ်းရောင် ပုံရိပ် ဂိုဏ်းကပဲ ထောက်ပံ့ပါ့မယ်။”
နတ်ဂိုဏ်းကြီးများနှင့် နှိုင်းယှဉ်ပါက ခရမ်းရောင် ပုံရိပ် ဂိုဏ်းသည် ဂိုဏ်းငယ်လေးတစ်ခုသာ ဖြစ်သဖြင့် နတ်ကျောက်တုံး အမြောက်အမြား မရှိပေ။ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံများ၊ အထူးသဖြင့် ခရီးဝေး ပို့ဆောင်ရေး နည်းဗျူဟာ ပုံစံများကို တည်ဆောက်ရန်အတွက် နတ်ကျောက်တုံး အမြောက်အမြား လိုအပ်သည်။
အသုံးပြုရမည့် နတ်ကျောက်တုံးများကို ကျိုးရန်ကျန်း နှမြောတသ ဖြစ်မိသော်လည်း သူတို့သည် အကူအညီ တောင်းခံနေရသည့် အခြေအနေတွင် ရှိနေသဖြင့် ရှုကျင့်ရှူး၏ နတ်ကျောက်တုံးများ ထုတ်ပေးစေရန် မမျှော်လင့်နိုင်မှန်း နားလည်ထားသည်။
ရှုကျင့်ရှူးက
“ကောင်းပြီလေ”
ရှုကျင့်ရှူး စကားပြောအပြီးတွင် ကျိုးရန်ကျန်းသည် နတ်ကျောက်တုံးများနှင့် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ တည်ဆောက်ရန် လိုအပ်သော ပစ္စည်းများကို စုဆောင်းရန် ပြင်ဆင်လိုက်၏။ သို့သော် ထိုအခိုက်အတန့်တွင် ခရမ်းရောင် ပုံရိပ် ဂိုဏ်း၏ မြူခိုးဖုံးကွယ် နည်းဗျူဟာ ပုံစံ အပြင်ဘက်မှ အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့သည်။
“သွေးလင်းယုန်ခန်းမက သံတမန် ဘယ်မှာလဲ... ထွက်လာခဲ့ပြီး တွေ့ပါ။”
တစ်ဖက်လူက သွေးလင်းယုန်ခန်းမမှ သံတမန်ကို တွေ့ဆုံရန် ချက်ချင်း တောင်းဆိုလိုက်သဖြင့် ရှုကျင့်ရှူး မျက်မှောင်ကြုတ်သွားခဲ့၏။ အပြင်ဘက်မှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို သူမ စားမိလိုက်ရာ ထိုလူသည် နတ်ဘုရင်ခံ အဆင့်ထက်ပင် မြင့်မားသော စွမ်းအားကို ပိုင်ဆိုင်ထားမှန်း သေချာနေသည်။
လက်ရှိတွင် သူမသည် စစ်မှန်သောနတ် အဆင့်၌သာ ရှိသေးသဖြင့် ထိုသူ၏ စွမ်းအားကို ယှဉ်နိုင်ရန် အလှမ်းဝေးနေဆဲ ဖြစ်ရာ ယခု ခရမ်းရောင် ပုံရိပ် ဂိုဏ်းကို စွန့်ခွာရန် လိုအပ်ကြောင်း သူမ နားလည်သွားခဲ့သည်။
ထိုသို့ တွေးတောရင်း ရှုကျင့်ရှူးက ကောင်းကင်ခွင်း အဆောင်လက်ဖွဲ့ ကို အသုံးပြုကာ ထွက်ပြေးရန် ပြင်ဆင်လိုက်၏။ လက်ရှိ၌ ပတ်ဝန်းကျင် အာကာသ ပိတ်ဆို့ခံထားရပြီ ဖြစ်သဖြင့် အာကာသကို တိုက်ရိုက်ဖြိုခွင်းကာ ထွက်ပြေးရန်က မဖြစ်နိုင်သလောက် ဖြစ်ကြောင်း သူမ ကောင်းစွာ သိထားသည်။
သို့သော်လည်း သူမသည် သွေးလင်းယုန်ခန်းမ၏ သူတော်စင်မ တစ်ဦး ဖြစ်သဖြင့် အသက်ကယ် ရတနာများစွာ ပိုင်ဆိုင်ထားရာ တစ်ဖက်လူအနေနှင့် သူမကို သတ်ရန်ကတော့ အတော်ပင် ခက်ခဲပေလိမ့်မည်။
မြူခိုးဖုံးကွယ် နည်းဗျူဟာပုံစံ အပြင်ဘက်မှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် ကျိုးရန်ကျန်း လုံးဝ ထိတ်လန့်သွားခဲ့သည်။ အပြင်ဘက်ရှိ လူက ထုတ်လွှတ်လိုက်သော ဖိအားသည် သာမန် ရွှေရောင်နတ် တစ်ဦး ထုတ်လွှတ်နိုင်သော ဖိအားထက်ပင် ကျော်လွန်နေသည်။
နတ်ဘုရင်ခံ တစ်ဦးများလား။
“သွားပါပြီ... သွားပါပြီ... ကျုပ်တို့ ခရမ်းရောင် ပုံရိပ် ဂိုဏ်းရဲ့ နည်းဗျူဟာ ပုံစံက နတ်ဘုရင်ခံ တစ်ဦးရဲ့ တိုက်ခိုက်မှုကိုတော့ ဘယ်လိုမှ တောင့်ခံနိုင်မှာ မဟုတ်ဘူး”
ဟု ကျိုးရန်ကျန်း ရေရွတ်လိုက်၏။
ကျိုးရန်ကျန်း၏ အကြည့်များက ရှုကျင့်ရှူးထံသို့ ချက်ချင်း ရောက်သွားခဲ့ပြီး သွေးလင်းယုန်ခန်းမ၏ သံတမန်အပေါ်တွင်သာ မျှော်လင့်ချက် ထားလိုက်တော့သည်။ သို့သော် ထိုအခိုက်အတန့်တွင် ရှုကျင့်ရှူး၏ လက်ထဲ၌ အာကာသ စွမ်းအားများ ထွက်ပေါ်နေသော အဆောင်လက်ဖွဲ့ တစ်ခုကို ကိုင်ထားသည်ကို ကျိုးရန်ကျန်း သတိပြုမိလိုက်၏။
ဒါက...
ကောင်းကင်ခွင်း အဆောင်လက်ဖွဲ့လား။
ကျိုးရန်ကျန်း၏ ရင်ထဲ အလွန်အမင်း တုန်လှုပ်သွားခဲ့၏။
မဖြစ်နိုင်ဘူး....
ဒီသံတမန်က ငါတို့ကို စွန့်ပစ်ပြီး ထွက်ပြေးဖို့ ကြံနေတာပဲ။
ကျိုးရန်ကျန်း ထိုသို့ တွေးလိုက်စဉ်မှာပင် ရှုကျင့်ရှူးက ကောင်းကင်ခွင်း အဆောင်လက်ဖွဲ့ကို တိုက်ရိုက် အသုံးပြုလိုက်ရာ ခဏချင်းမှာပင် သူမ၏ ခန္ဓာကိုယ် ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။
ဤအရာကြောင့် ကျိုးရန်ကျန်းတစ်ယောက် လုံးဝ ဆွံ့အသွားခဲ့၏။
သွေးလင်းယုန်ခန်းမ၏ သံတမန်က သူတို့ကို တကယ်ပဲ စွန့်ပစ်ပြီး ထွက်ပြေးသွားခဲ့လေပြီ။
ထို့နောက် သူ၏ မျက်လုံးများ ပြူးကျယ်လျက် ကြမ်းပြင်ပေါ်သို့ ပုံရက်သား ပြုတ်ကျသွားခဲ့တော့သည်။
…….
တစ်ချိန်တည်းမှာပင်။
ခရမ်းရောင် ပုံရိပ် ဂိုဏ်း၏ မြူခိုးဖုံးကွယ် နည်းဗျူဟာ ပုံစံ၏ အပြင်ဘက်၌။
ခရမ်းရောင် ပုံရိပ် ဂိုဏ်းမှ မည်သူမှ ထွက်မလာသည်ကို မြင်သောအခါ ဂိုဏ်း၏ အကာအကွယ် နည်းဗျူဟာ ပုံစံကို စွမ်းအားသုံး၍ ဖျက်ဆီးရန် လုချန်း ပြင်ဆင်လိုက်၏။ ထိုအမျိုးသမီးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံချိန်တွင် အထင်ကြီးမှု တစ်ခု ပေးနိုင်ရန် အစက သူ မျှော်လင့်ထားခဲ့ခြင်း ဖြစ်၏။
ယခင်ကတုန်းကတော့ စနစ်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီသော အမျိုးသမီးများနှင့် တွေ့ဆုံချိန်တွင် သားရဲတစ်ကောင်ကဲ့သို့ သူ အဆင်အခြင်မဲ့စွာ တိုက်ရိုက် ချဉ်းကပ်လေ့ ရှိခဲ့သည်။
သို့သော်လည်း ယခုတစ်ကြိမ်တွင်တော့ သူမသည် သွေးလင်းယုန်ခန်းမမှ မိစ္ဆာနတ်တစ်ဦး ဖြစ်သည်ဟူသော အချက်ကို ထည့်သွင်းစဉ်းစား ရမည်ဖြစ်သည်။ သူက အထင်ကြီးအောင် လုပ်လျှင်ပင် သူမက ဂရုစိုက်မည် မဟုတ်ချေ။
နည်းဗျူဟာကို ဖျက်ဆီးရန် ပြင်လိုက်စဉ်မှာပင် အာကာသအတွင်း သိမ်မွေ့သော လှုပ်ခတ်မှုတစ်ခုကို လုချန်း ခံစားလိုက်ရသည်။ လမ်းစဉ်စွမ်းအား အလုံးစုံ၏ အရှင်သခင် တစ်ဦး ဖြစ်သည့် လုချန်းသည် မည်သည့် အာကာသ လှုပ်ခတ်မှုမဆို သူ၏ အာကာသ စွမ်းအားမှတစ်ဆင့် သိနိုင်၏။
သူမ ထွက်ပြေးဖို့ ကြိုးစားနေတာလား။
လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားကာ အာကာသ စွမ်းအားကို ချက်ချင်း အသုံးပြု၍ သူမအား အာကာသ လမ်းကြောင်း အတွင်းမှ ဆွဲထုတ်လိုက်၏။
အလင်းရောင်ကို မြင်လိုက်ရလျှင် ခရမ်းရောင် ပုံရိပ် ဂိုဏ်းမှ လွတ်မြောက်လာပြီဟု ရှုကျင့်ရှူး ထင်မှတ်ခဲ့သော်လည်း အာကာသ လမ်းကြောင်းမှ ထွက်လာချိန်တွင်တော့ သူမနှင့် မလှမ်းမကမ်း၌ သူမကို တိုက်ရိုက် စိုက်ကြည့်နေသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရတော့သည်။
ထိုအမျိုးသား၏ မျက်လုံးများတွင် အတားအဆီးမဲ့သော ပိုင်ဆိုင်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။
သူ့ရှေ့ရှိ စနစ်မျက်နှာပြင်ကို ကြည့်ရင်း သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်သဖြင့် လုချန်း ဝမ်းမြောက်သွားခဲ့၏။ ဤအမျိုးသမီးသည် စနစ်၏ သတ်မှတ်ချက်များနှင့် တကယ်ပင် ကိုက်ညီနေသည်။