အခန်း (၅၆၂-၅၆၄)
Vol. 38 Ch. 562-564
အပိုင်း ၅၆၂ : ကျွန်တော့်မှာ အချိန်မရှိဘူး
ယဲ့ချန်းက သူ့လိုင်ကန်ကားကို မောင်းလာပြီး လမ်းအလယ်တည့်တည့်တွင် ကန့်လန့်ဖြတ်ရပ်လိုက်သည်။
ထို့နောက် ယဲ့ချန်းက ရယ်မော၍ ပြောလိုက်၏။
"ကဲ... အိမ်ပြန်ကြစို့"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းက ကားနောက်ဖုံးထဲမှ ဈေးဝယ်အိတ်များကို ထုတ်ယူပြီး စုဝမ်ယိကိုဆွဲခေါ်ကာ ထွက်သွားလေသည်။
ထိုအခါမှသာ ယဲ့ချန်း၏ ရည်ရွယ်ချက်ကို စုဝမ်ယိ သဘောပေါက်တော့သည်။
ယဲ့ချန်း၏ ယွမ်သန်းတစ်ရာကျော်တန် ကားကြီးမှာ လမ်းအလယ်တွင် ပိတ်ရပ်ထားသဖြင့် လုံးဝလမ်းပိတ်သွားချေသည်။
ဤသို့သောဇိမ်ခံကားကြီးဖြစ်နေသဖြင့် ဤလူတစ်သိုက် မည်မျှသတ္တိရှိရှိ ကားကိုတော့ ရမ်းကားရဲမည် မဟုတ်ပေ။
လမ်းပိတ်ရပ်ခြင်းက တရားမျှတသည်ဟု ပြောခဲ့သည်မဟုတ်လော။
ကောင်းပြီလေ... ဒါဆို မင်းတို့အတွက် ငါက လမ်းပိတ်ပေးရတာပေါ့။
စုဝမ်ယိက ကူကယ်ရာမဲ့လေဟန် အမူအရာဖြင့် ပြောလိုက်သည်။
"ရှင်က တော်တော်ဆိုးတာပဲ"
ယဲ့ချန်းက ပြုံးလိုက်လေသည်။
"ကိုယ့်ကောင်မလေး အနိုင်ကျင့်ခံနေရတာကို ဘယ်လိုလုပ်ပြီး ခွင့်ပြုနိုင်မှာလဲ။ ကိုယ့်ကောင်မလေးကို အနိုင်ကျင့်တဲ့လူတွေ ဒါမျိုးကြုံရမှာပဲ"
သူတို့နှစ်ယောက် လမ်းလျှောက်လာစဉ် စုဝမ်ယိက ရုတ်တရက်ပြောလိုက်သည်။
"ဒီည ရှင် ကျွန်မအိမ်မှာပဲ အိပ်လိုက်ပါလား။ ဘာပဲဖြစ်ဖြစ် ရှင့်ကားက လမ်းပိတ်ထားတာပဲဟာ"
ယဲ့ချန်းက ဆို၏။
"ဟင်... မင်းအိမ်ထဲ ဝံပုလွေကို ဖိတ်ခေါ်သလို ဖြစ်သွားမှာ မကြောက်ဘူးလား"
"ဟွန့်... နည်းနည်းလေးမှ မကြောက်ပါဘူး"
စုဝမ်ယိက ရှက်သွေးဖြာနေလေဟန်ဖြင့် ပြောလိုက်သည်။
သူတို့နှစ်ယောက်သား ဗီလာဆီသို့ လျှောက်လာခဲ့ကြသော်လည်း လေထုကား အနည်းငယ် မရေမရာဖြစ်လာခဲ့သည်။
ဤဗီလာမှာ ပြီးခဲ့သည့်တစ်ခေါက်က ယဲ့ချန်း စတော့ရှယ်ယာ အရောင်းအဝယ်လုပ်ရာမှရထားသော ငွေဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အလွန်ခမ်းနားထည်ဝါလှသည်။
သုံးထပ်တိုက်ဖြစ်ပြီး ခြံဝင်းအကျယ်ကြီးလည်း ပါရှိသည်။
ဗီလာတစ်ခုလုံးတွင် ပန်းခြံနှင့် ရေကူးကန်အပါအဝင် ဘောလုံးကွင်းတစ်ကွင်းစာခန့် ကျယ်ဝန်းပြီး ဤဗီလာဧရိယာတစ်ခုလုံး၏ ဘုရင်တစ်ပါးသဖွယ် ဖြစ်နေပေသည်။
ဗီလာ၏ အထွေထွေဒီဇိုင်းမှာ ဥရောပနှင့် အမေရိကန်စတိုင်ဘက်သို့ သွားပြီး ပတ်ဝန်းကျင်ရှုခင်းကလည်း အလွန်ကောင်းမွန်သည်။
အိမ်ရာစီမံခန့်ခွဲရေးအမှိုက်ကောင်သာ မရှိလျှင် ဤပတ်ဝန်းကျင်မှာ အလွန်တရာကောင်းမွန်နေမည်သာ။
စုဝမ်ယိမှာ ဤနေရာသို့လာခဲပြီး အကြိမ်အနည်းငယ်မျှသာ လာဖူးသည်။
သူတို့နှစ်ယောက်သား ဗီလာထဲသို့ ဝင်သွားသွားပြီးနောက် ယဲ့ချန်းက ခေါင်းတညိတ်ညိတ်လုပ်၍ ပြောလိုက်သည်။
"အင်း... ဒီဗီလာက အိမ်ရာစီမံခန့်ခွဲရေး နည်းနည်းအသုံးမကျတာကလွဲရင် တော်တော်ကောင်းပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ အိမ်ရာစီမံခန့်ခွဲရေးပြဿနာကို ကိုယ်ကူရှင်းပေးမှာပါ"
စုဝမ်ယိက ရယ်မောလျက် ပြောလိုက်၏။
"ပိုက်ဆံကို ဒီလောက်တောင် ဖြုန်းတီးပစ်ရလား။ လာ... အိမ်ထဲလိုက်ပြမယ်"
အိမ်ထဲလိုက်ကြည့်မှသာ ဤဗီလာသည် အဘယ်ကြောင့် ယွမ်သန်းသုံးရာတန်ကြေးရှိရသလဲဆိုသည်ကို ယဲ့ချန်း သဘောပေါက်သွားတော့သည်။
ပထမထပ်တွင် မီးဖိုချောင်နှင့် ဧည့်ခန်း၊ ဒုတိယထပ်တွင် ရုပ်ရှင်ရုံ၊ စာကြည့်တိုက်၊ ကေတီဗီအခန်း၊ အရက်ဘားနှင့် အားကစားခန်းမတို့ ပါရှိပြီး တတိယထပ်တွင် အိပ်ခန်းရှိ၏။ သုံးထပ်သာ ရှိသော်လည်း ဓာတ်လှေကားပင် ပါသေးသည်။
အိမ်ကို ယဲ့ချန်းက ဝယ်ယူခဲ့ခြင်းဖြစ်သော်ငြား ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းပင်။
"ဒါနဲ့ ခုနက မင်း ကောင်းကောင်းမစားလိုက်ရဘူးမလား။ ကိုယ် အရသာရှိတာလေးတစ်ခုခု လုပ်ကျွေးမယ်"
ယဲ့ချန်းက ပြုံးစစဖြင့် ပြောလိုက်သည်။
စုဝမ်ယိကလည်း ခေါင်းညိတ်ပြသည်။
ယဲ့ချန်းက ရေခဲသေတ္တာထဲမှ ခေါက်ဆွဲနှင့် ကြက်ဥများကို ထုတ်လိုက်သည်။
ရိုးရှင်းသော ခေါက်ဆွဲပြုတ်တစ်ပွဲသာ ဖြစ်သော်ငြား ယဲ့ချန်းတွင် နတ်ဘုရားအဆင့် ဟင်းချက်စွမ်းရည်ရှိသဖြင့် ရလဒ်မှာ အလွန်ထူးခြားနေတော့သည်။
ခေါက်ဆွဲပြုတ် ချလိုက်သည်နှင့် စုဝမ်ယိမှာ သွားရည်ကျတော့မတတ်ပင်။
ခေါက်ဆွဲပြုတ် တစ်ပန်းကန်လုံးကို စုဝမ်ယိကမူ အရည်ပင်မကျန်အောင် အကုန်စားပစ်လိုက်သည်။
ယဲ့ချန်း၏ ခေါက်ဆွဲပြုတ်အရသာမှာ အလွန်ထူးခြားပြီး ခရမ်းချဉ်သီး၏ ချဉ်စပ်ချိုမြိန်သော အရသာလေးက အလွန်အရသာရှိလှသည်။
စုဝမ်ယိမှာ ကြယ်ငါးပွင့်အဆင့် ဟိုတယ်များသို့ မကြာခဏသွားလေ့ရှိသော်လည်း မီချယ်လင်းကြယ်သုံးပွင့်အဆင့်စားဖိုမှူး ချက်ပြုတ်ပေးသော ခေါက်ဆွဲပြုတ်ပင် ယဲ့ချန်း၏ လက်ရာကို မယှဉ်နိုင်ပေ။
စားသောက်ပြီးနောက် စုဝမ်ယိက ပန်းကန်လုံးကိုကိုင်၍ မဝသေးသည့် အမူအရာမျိုး လုပ်နေချေသည်။
ယဲ့ချန်းက ရယ်မော၍ ပြောလိုက်၏။
"တော်လောက်ပြီနော်။ ဝမှာမကြောက်ဘူးလား"
စုဝမ်ယိက ရယ်မောလျက် ပြောလိုက်လေသည်။
"ကျွန်မက သြဇာညောင်းတဲ့ အမျိုးသမီးစီအီးအိုနော်။ ဟိုရုပ်ရှင်သရုပ်ဆောင်တွေလို မဟုတ်ဘူး။ ကျွန်မက ရုပ်ရည်ကို အားကိုးတာမဟုတ်ဘူး။ အရည်အချင်းကို အားကိုးတာမို့ နည်းနည်းဝလာလည်း ကိစ္စမရှိပါဘူး"
ယဲ့ချန်းက ကူကယ်ရာမဲ့ဟန်ဖြင့် လက်ကိုဝှေ့ယမ်းလိုက်သည်။
"မင်းကို ထပ်မလုပ်ပေးချင်လို့ မဟုတ်ပါဘူး။ တကယ်တော့ စားစရာသိပ်မကျန်တော့လို့ပါ"
စုဝမ်ယိလည်း ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။
"ကောင်းပါပြီ။ ဒါပေမဲ့ နောက်ဆိုရင် ကျွန်မကို အရသာရှိတဲ့ အစားအသောက်တွေ ခဏခဏ လိုက်ကျွေးရမယ်နော်"
ယဲ့ချန်းက ရယ်မောလျက် ပြောလိုက်လေသည်။
"နောင်တစ်ချိန် မင်း ကိုယ့်ဇနီးဖြစ်လာရင် နေ့တိုင်း အရသာရှိတဲ့စားစရာတွေ ချက်ကျွေးမှာပေါ့"
ယဲ့ချန်း၏စကားကို ကြားသောအခါ စုဝမ်ယိ၏ မျက်နှာကား နီမြန်းသွားသည်။
သူတို့နှစ်ယောက်သား ကြည်ကြည်နူးနူး စကားပြောနေစဉ် ယဲ့ချန်း၏ဖုန်းက ရုတ်တရက် မြည်လာခဲ့သည်။
ဖုန်း၏တစ်ဖက်ခြမ်းမှ ကျန်းမင်၏အသံ ထွက်လာသည်။
ယခုမူ ကျန်းမင်မှာ အစောပိုင်းတုန်းက မောက်မာလေဟန်ပုံစံနှင့် လုံးဝကွာခြားနေပြီး အသံကလည်း လေးစားမှုအပြည့်ပင်။
"ဆရာ... ဆရာ့ကားက လမ်းပိတ်နေလို့။ ကျေးဇူးပြုပြီး နည်းနည်းလောက် လမ်းဖယ်ပေးလို့ ရမလား"
အစောတုန်းက ကျန်းမင်နှင့် သူငယ်ချင်းတစ်သိုက် သောက်စားပြီးချိန်တွင် လမ်းပိတ်နေကြောင်း တွေ့လိုက်ရသည်။
ကျန်းမင် ဒေါသထွက်သွားချေသည်။
"ဒါ ဘယ်ကောင်လဲကွ။ အသိစိတ်မရှိလိုက်တာ။ ကားကို ကန့်လန့်ဖြတ်ပြီးရပ်ထားရတယ်လို့"
အခြားသူဌေးသားတချို့ကလည်း ကားကို ရိုက်ခွဲပစ်ရန် အော်ဟစ်နေကြသည်။
သို့သော် သူဌေးသားတစ်ယောက်က သူတို့ကို တားလိုက်သည်။
"ဒါ ဘာကားလဲဆိုတာ မင်းတို့သိကြလား။ ဒါ လိုင်ကန်ကွ။ ဘယ်လောက်တန်လဲဆိုတာ အွန်လိုင်းမှာ ရှာကြည့်လိုက်ဦး"
အွန်လိုင်းတွင် ရှာကြည့်ပြီးနောက် လူတိုင်း လန့်ဖျပ်သွားကြသည်။ ထိုကားမှာ ယွမ်သန်း၁၂၀တန်ဖိုးရှိသည့် လိုင်ကန်ကား ဖြစ်နေပေသည်။
ထိုကဲ့သို့သောကားမျိုးကို သူတို့ လက်ဖျားနှင့်ပင် မထိရဲကြပေ။
ကျန်းမင်က ရဲတင်းစွာ ဟန်ရေးပြနေခဲ့သော်လည်း ကား၏ဈေးနှုန်းကို ကြားလိုက်ရချိန်တွင် ချက်ချင်း ကြောက်လန့်သွားတော့သည်။
အကယ်၍ သူသာ ဤကားကို ရိုက်ခွဲလိုက်မိပါက သူ့တွင် ရှိသမျှအရာအားလုံး ဆုံးရှုံးသွားလျှင်ပင် လျော်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် ကျန်းမင်က ပိုင်ရှင်ကိုစုံစမ်းပြီး ယဲ့ချန်း၏ ဖုန်းနံပါတ်ကို ရှာတွေ့သဖြင့် ယဲ့ချန်းထံသို့ ဖုန်းခေါ်ဆိုလိုက်ခြင်းပင်။
ယဲ့ချန်းလည်း ထိုစကားကို နားထောင်ပြီး ခပ်ဟဟရယ်မောလိုက်သည်။
"ဆောရီးပဲ.. အခု ငါ မအားသေးဘူး။ ဖယ်ချင်ရင် မင်းတို့ဘာသာ ဖယ်လိုက်ပေါ့"
ထိုသို့ပြောပြီးနောက် ကျန်းမင်၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ ယဲ့ချန်းက ဖုန်းချပစ်လိုက်သည်။
ကျန်းမင်မှာ အခက်တွေ့သွားလေတော့သည်။ သူသည် အိမ်ရာမန်နေဂျာဖြစ်ပြီး သူငယ်ချင်းများကို ဖိတ်ခေါ်ပြီးနောက် အဝင်ဝတွင် ကားများဖြင့် ပိတ်ဆို့ခံထားရသည်။
ဒါက ဘာသောက်ချိုးလဲ။
အရေးအကြီးဆုံးအချက်မှာ ကျန်းမင်ဘက်က ရိုးသားစွာ တောင်းပန်နေသော်လည်း ယဲ့ချန်းက လျစ်လျူရှုသည့်ပုံစံ လုပ်နေသဖြင့် ကျန်းမင် အလွန်ဒေါသထွက်ရသည်။
အထူးသဖြင့် သူငယ်ချင်းတစ်သိုက်၏ ရှေ့တွင်ဖြစ်နေသဖြင့် အလွန်ရှက်စရာကောင်းလှသည်။
"သေစမ်း... ယွမ်သန်းတစ်ရာတန်ကားလေးပဲ မဟုတ်လား။ ဂရုမစိုက်ဘူးကွာ။ ရိုက်သာခွဲပစ်လိုက်။ အဆိုးဆုံးဖြစ်လာမှ ငါတို့အားလုံး စုပြီး လျော်ကြတာပေါ့"
သူ ထိုသို့ပြောလိုက်သည်နှင့် လူတိုင်း၏ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး သူ့ကို အရူးတစ်ယောက်လို ကြည့်လိုက်ကြသည်။
ယွမ်သန်းတစ်ရာကျော်ဆိုသည်မှာ ဤလူတစ်သိုက် စုပေါင်းပြီး လျော်လျှင်ပင် လုံးဝဝယ်နိုင်မည် မဟုတ်ပေ။
ထိုအချိန်တွင် သူငယ်ချင်းတစ်ယောက်၏ ဇနီးဖြစ်သူက မနေနိုင်တော့ဘဲ ဝင်ဟောက်လိုက်၏။
"ယွမ်သန်းတစ်ရာကျော်တန်တဲ့ကားကို ရှင် သေချာရောမြင်ရဲ့လား။ ဘာနဲ့ စုပြီးလျော်မှာလဲ။ ပြီးတော့ ယွမ်သန်းတစ်ရာကျော်တန် ကားမောင်းတဲ့လူက ဘယ်လိုအဆင့်အတန်းမျိုး ရှိနိုင်မလဲဆိုတာ စဉ်းစားမိရဲ့လား"
တစ်ဖက်လူ၏စကားကို ကြားလိုက်ရသောအခါ ကျန်းမင် ချက်ချင်းအမူးပြေသွားတော့သည်။
"ဟုတ်သားပဲ... ယွမ်သန်းတစ်ရာကျော်တန် ကားကို မောင်းတဲ့လူဆိုတော့ သူတို့ရဲ့ နောက်ခံအင်အားက ဘယ်လောက်တောင် ကြီးမားမလဲဆိုတာ တွေးကြည့်လို့ရနေတာပဲ"
ထိုအချိန်တွင် လူတိုင်း စိတ်ထဲတွင် ထိတ်လန့်နေကြပြီး ကျန်းမင်ကိုသာ ကြည့်နေကြသည်။
"အစ်ကိုကျန်း... ဒီကိစ္စကို ငါတို့ သတိထားမှရမယ်နော်။ ငါတို့မစော်ကားသင့်တဲ့ သြဇာကြီးတဲ့လူတစ်ယောက်ကို သွားစော်ကားမိသလို ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"
"ဟုတ်တယ်။ ငါ အိမ်ပြန်ရဦးမယ်။ ဒါပေမဲ့ ကားက လမ်းပိတ်နေတော့ ဘယ်လိုလုပ်ပြီး သွားလို့ရမလဲ။ ပြီးတော့ ဒီလို ညဉ့်နက်နေတဲ့အချိန်ကြီး ဒီလောက်ခေါင်တဲ့ နေရာမျိုးမှာ တက္ကစီငှားဖို့ဆိုတာလည်း ခက်တယ်"
ထိုအချိန်တွင် ကျန်းမင်၏ဖုန်းက မြည်လာခဲ့သည်။
ဖုန်းခေါ်ဆိုသူကား အိမ်ရာမန်နေဂျာချင်းပင်းဖြစ်၏။
"ကျန်းမင်... အခုလေးတင် ငါ သတင်းရထားတယ်။ ဗီလာနံပါတ်တစ်မှာနေတဲ့လူက သာမန်လူမဟုတ်ဘူး။ သူက အရမ်းသြဇာကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ကောင်မလေးတဲ့။ မင်း သူ့ကို သေချာ ဝန်ဆောင်မှုပေးတာ ကောင်းမယ်နော်။ သူတို့ကို မစော်ကားမိစေနဲ့။ မဟုတ်ရင် ငါလည်း မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး"
မန်နေဂျာချင်း၏စကားကို ကြားလိုက်ရသောအခါ ကျန်းမင်၏ လက်များ တုန်ယင်သွားသည်။
အစောတုန်းက လူငယ်စုံတွဲသည် သြဇာကြီးမားသော ထိုပုဂ္ဂိုလ်နှင့် သူ့ကောင်မလေးဖြစ်ကြောင်း နောက်ဆုံးတွင် သူ သဘောပေါက်သွားလေတော့သည်။
ဒုက္ခပါပဲ။ ဒီတစ်ခါတော့ သူ တကယ်ဒုက္ခရောက်ပြီထင်တယ်...
ဖုန်းထဲရှိ အသံက အေးစက်စက် ဆက်ပြောလိုက်သည်။
"မင်းလည်း သိပါတယ်။ အခု ငါတို့အလုပ်အကိုင်နယ်ပယ်မှာ ရပ်တည်ဖို့ အရမ်းခက်ခဲတယ်။ သူတို့ကသာ ငါတို့ကို ထွက်သွားခိုင်းရင် ငါတို့ ထွက်သွားရမှာပဲ။ အဲဒါကြောင့် အိမ်ရှင်တွေကို သေချာဝန်ဆောင်မှုပေးနော်။ ကြားလား"
ချင်းပင်းမှာ ကျန်းမင်၏ ယောက်ဖဖြစ်သောကြောင့် သူ ဤမျှမောက်မာရဲခြင်းပင်။
ယခုမူ သူ့ယောက်ဖကိုယ်တိုင်ပင် စိုးရိမ်ကြောက်လန့်နေကြောင်း သိလိုက်ရသောအခါ ကျန်းမင်မှာ ကြက်သေသေသွားတော့သည်။
သို့တိုင် သူသည် တုန်ယင်နေသော လေသံဖြင့် ပြောလိုက်သည်။
"ယောက်ဖ... စိတ်ချပါ။ ကျွန်တော် သေချာပေါက် ဂရုစိုက်လိုက်ပါ့မယ်"
ဖုန်းချပြီးနောက် သူ့ခန္ဓာကိုယ်ထက်ဝယ် ချွေးစေးများ ထွက်လာတော့သည်။
••••••••••••••••••••
အပိုင်း ၅၆၃ : ကျွန်တော် ဒါကို လိုချင်တယ်
ကျန်းမင်သည် အိမ်ရာစီမံခန့်ခွဲရေး၏ စာတိုက်ပုံးကို အမြန်ဖွင့်ပြီး စာရင်းစာအုပ်ကို လှန်ကြည့်လိုက်သည်။
ဗီလာနံပါတ်တစ်၏ ပိုင်ရှင်က မည်သူဖြစ်ကြောင်း မြင်လိုက်ရသောအခါ ကျန်းမင်ခမျာ ချက်ချင်း မျက်နှာပျက်ယွင်းသွားတော့သည်။
ဗီလာနံပါတ်တစ်၏ ပိုင်ရှင်မှာ စုဝမ်ယိဖြစ်ကြောင်း တွေ့လိုက်ရသည်။
ထိုအမျိုးသားမှာ ယဲ့ချန်းဖြစ်လိမ့်မည်ဆိုသည်မှာ စဉ်းစားနေစရာပင် မလိုတော့ပေ။
ဓာတ်ပုံကို မြင်လိုက်ရချိန်တွင် ကျန်းမင်၏ လက်များ တုန်ယင်သွားပြီး ဖုန်းလည်း မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။
အသစ်စက်စက်ဝယ်ထားသော ဖုန်းမှာ မြေကြီးပေါ်သို့ ကျသွားသဖြင့် ဖန်သားပြင်လည်း ချက်ချင်းကွဲကြေသွားတော့သည်။
ကျန်းမင်၏ သူငယ်ချင်းတစ်ယောက်က ပျက်ယွင်းနေသော သူ့မျက်နှာကိုမြင်သဖြင့် မနေနိုင်ဘဲ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
ကျန်းမင်က ငိုသံပါကြီးဖြင့် ပြောလိုက်ချေသည်။
"အဲဒီကားပိုင်ရှင်က ဗီလာနံပါတ်တစ်ရဲ့ ပိုင်ရှင်တဲ့။ သူက အရမ်းသြဇာညောင်းတဲ့လူကွ"
ထိုသူငယ်ချင်းများလည်း ကျန်းမင်ကို သနားလေဟန် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
စောစောက ကျန်းမင်၏ မောက်မာလွန်းသော အပြုအမူများက တစ်ဖက်လူကို စော်ကားမိသလို ဖြစ်သွားသည်မှာ သေချာပေသည်။
ဤတစ်ကြိမ်တော့ သူ ဒုက္ခလှလှတွေ့ချေပြီ။ ကြွားဝါရန်ကြိုးစားရင်း ငတုံးတစ်ယောက်လို အဆုံးသတ်သွားခဲ့ရသည်။
ထိုစဉ် သူငယ်ချင်းတစ်ယောက်က ပြောလိုက်သည်။
"အစ်ကိုကျန်း... ဗီလာနံပါတ်တစ်ကို သွားပြီး တောင်းပန်လိုက်ပါ့လား။ မဟုတ်ရင် ဒီလိုဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကို သွားစော်ကားမိထားတာဆိုတော့ ခင်ဗျားတော့ သွားပြီပဲ။ ဒီလိုအချိန်မျိုးမှာ မာနက ဘာအရေးကြီးလို့လဲ"
ကျန်းမင်လည်း အံတင်းတင်းကြိတ်ရင်း စောစောက မောက်မာခဲ့သော သူ့အပြုအမူကို ပြန်တွေးကာ အလွန်အမင်း နောင်တရနေမိသည်။
ထိုအခိုက်ဝယ် အသက်အနည်းငယ်ပိုကြီးသော အခြားသူငယ်ချင်းတစ်ယောက်က ဆိုလာလေသည်။
"မင်းကွာ... အခုအချိန်ထိ မျက်နှာပျက်မှာ ကြောက်နေတုန်းလား။ မင်း အလုပ်ပြုတ်သွားနိုင်တယ်နော်။ ပြီးတော့ ဒီအိမ်ကြီးမှာလည်း ဆက်နေချင်သေးတယ်။ အိမ်ငှားခတောင် ပေးနိုင်မှာမဟုတ်ဘူး"
ကျန်းမင်က အသက်ပြင်းပြင်းရှူသွင်းပြီးနောက် သူ့ယောက်ဖ၏ဖုန်းနံပါတ်ကို မခေါ်ချင်ခေါ်ချင်ဖြင့် ခေါ်လိုက်ရသည်။
"ယောက်ဖ... ကျွန်တော် ပြဿနာရှာမိသွားပြီ"
ဖုန်းတစ်ဖက်ခြမ်းရှိ သူ့ယောက်ဖကမူ ဆဲရေးတိုင်းထွာလေတော့သည်။
"မင်း ရူးနေလား။ မင်းကို ငါ ဘာပြောထားလဲ။ အဲဒီမှာနေတဲ့လူတွေကို မင်း တကယ်စော်ကားလို့ရမယ်လို့ ထင်နေတာလား။ အခုကြည့်လေ... မင်း ထိပ်သီးပုဂ္ဂိုလ်ကိုမှ သွားစော်ကားမိပြီ။ ဒီပြဿနာကို ဘယ်လိုရှင်းရမလဲဆိုတာ ငါလည်း မသိတော့ဘူး"
ကျန်းမင်ခမျာ ဝမ်းပန်းတနည်းပြောလေတော့သည်။
"ယောက်ဖ... ကျွန်တော့်ကို ကယ်ပါဦး"
ထိုအချိန်တွင် ယဲ့ချန်းနှင့် စုဝမ်ယိတို့မှာ ရုပ်ရှင်ခန်းထဲတွင် ရှိနေကြသည်။
သူတို့နှစ်ယောက်သား သရဲကားတစ်ကားကို ကြည့်နေကြခြင်းပင်။
ဇာတ်လမ်းထဲတွင် စိတ်လှုပ်ရှားဖွယ်အခန်းတစ်ခန်းကို ရောက်သောအခါ စုဝမ်ယိက ယဲ့ချန်းကို ခပ်တင်းတင်း ဖက်ထားလိုက်သည်။
သရဲကားကို ရွေးချယ်ခဲ့သည့်အတွက် သူလိုချင်သော အခြေအနေမျိုး ဖြစ်လာသဖြင့် ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်သည်။
ထိုစဉ် အပြင်ဘက်မှ လူခေါ်ခေါင်းလောင်းသံ ရုတ်တရက် မြည်လာခဲ့သည်။
စုဝမ်ယိ၏အမူအရာလည်း အနည်းငယ် ပြောင်းလဲသွားသည်။
"ဒီလိုညဉ့်နက်သန်းခေါင်ကြီး ဘယ်သူ တံခါးလာခေါက်တာလဲ"
ယဲ့ချန်းက ပြုံးလိုက်သည်။
"ဘာမှမဖြစ်ဘူး။ မကြောက်နဲ့။ ကိုယ် ရှိတယ်"
ယဲ့ချန်းနှင့် စုဝမ်ယိတို့ တံခါးဝသို့သွားပြီး တံခါးဖွင့်လိုက်ကြသည်။
တံခါးဝတွင် ရပ်နေသူကို မြင်လိုက်ရသောအခါ ယဲ့ချန်းလည်း သူတို့၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ဖေးထျန်းမောက်ထိုင်အရက်နှစ်ပုလင်းကို ကိုင်ထားပြီး အနောက်တွင်လည်း အစောပိုင်းက မောက်မာပြခဲ့သော ကျန်းမင်မှာ အရှက်ရနေဟန်ဖြင့် ခေါင်းငုံ့လျက် ရပ်နေသည်။
"မစ္စတာယဲ့... ကျွန်တော်က တာ့မေ့အိမ်ရာစီမံခန့်ခွဲရေးက အထွေထွေမန်နေဂျာ ချင်းပင်းပါ။ ဒီလိုညဉ့်နက်ကြီးကျမှ လာနှောင့်ယှက်မိတဲ့အတွက် တကယ်တောင်းပန်ပါတယ်"
ယဲ့ချန်းက ချင်းပင်းနှင့် မရင်းနှီးသော်လည်း သူ့ရည်ရွယ်ချက်ကိုမူ နားလည်သည်။ ထို့ပြင် တာ့မေ့လုပ်ငန်းစုသည် မိုတုမြို့တွင် နာမည်ကြီးအိမ်ရာစီမံခန့်ခွဲရေး ကုမ္ပဏီတစ်ခုဖြစ်ပြီး ယဲ့ချန်းလည်း ယခင်က ကြားဖူးသည်။
သူတို့က လက်ဆောင်များယူလာပြီး တောင်းပန်ရန် လာခဲ့ခြင်းဖြစ်သောကြောင့် ယဲ့ချန်း၏ သဘောထားလည်း အလွန်ပျော့ပျောင်းသွားသည်။
ဖေးထျန်းမောက်ထိုင်မှာ အခြားသူများအတွက် တန်ဖိုးကြီးလက်ဆောင်ဟု ယူဆရသော်လည်း ယဲ့ချန်းအတွက်တော့ ဘာမှမပြောပလောက်ပေ။
ယဲ့ချန်း၏ မျက်လုံးထဲရှိ တည်ငြိမ်မှုကို မြင်လိုက်ရချိန်ဝယ် ချင်းပင်းခမျာ ယဲ့ချန်းအပေါ် ပို၍ပင် အထင်ကြီးလေးစားသွားတော့သည်။
ယဲ့ချန်းက ဆို၏။
"အထဲဝင်ခဲ့ပါ။ ကိစ္စရှိရင် အထဲရောက်မှ ဆွေးနွေးကြတာပေါ့"
ချင်းပင်း အိမ်ထဲသို့ဝင်လာပြီး ထိုင်ခုံတွင်ထိုင်ချလိုက်သည်နှင့် စကားစလာလေသည်။
"မစ္စတာယဲ့... ဒီနေ့ ကျွန်တော် လာရတဲ့အကြောင်းအရင်းက ခင်ဗျားကို လာတောင်းပန်တာပါ။ ကျွန်တော့်ရဲ့ အသုံးမကျတဲ့ ဒီယောက်ဖက တကယ်စည်းကျော်ခဲ့မိပါတယ်။ ဖြစ်ခဲ့တဲ့ကိစ္စတွေကို ကျွန်တော် သိပြီးပါပြီ။ သူ့ကိုလည်း ပြင်းပြင်းထန်ထန် ဆူပူထားပါတယ်။ သူလည်း အရက်မူးနေလို့ ခင်ဗျားကို စော်ကားမိသွားတာပါ။ ဒါကြောင့် ခင်ဗျားကို တောင်းပန်ခိုင်းဖို့ သူ့ကို ကျွန်တော် ခေါ်လာခဲ့တာပါ"
ထိုသို့ပြောပြီးနောက် ချင်းပင်းက ကျန်းမင်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
"ဘာရပ်လုပ်နေတာလဲ။ မစ္စတာယဲ့ကို မြန်မြန် တောင်းပန်လိုက်လေ"
ကျန်းမင်ခမျာ အနည်းငယ် တုန်ယင်သွားပြီး ခေါင်းကို အမြန်ငုံ့ကာ မြှောက်ပင့်ခယသော အပြုံးဖြင့် ယဲ့ချန်းကို အရိုအသေပေးလိုက်သည်။
"မစ္စတာယဲ့... ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် သတိမမူဂူမမြင် ဖြစ်ခဲ့မိပါတယ်။ ဒီကိစ္စတစ်ခုလုံးက ကျွန်တော့်အမှားပါ။ ကျေးဇူးပြုပြီး သဘောထားကြီးပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ"
ယဲ့ချန်းက ယခုအချိန်တွင် ခွေးတစ်ကောင်နှယ် ဖြစ်နေသော ကျန်းမင်ကိုကြည့်ပြီး လွန်ခဲ့သည့် မိနစ်အနည်းငယ်က အမြီးပြတ်နေသောခွေးထက်ပင် မောက်မာနေခဲ့သည့် သူ့ပုံစံကို ပြန်တွေးမိကာ ရယ်ချင်စိတ်ပေါက်သွားသည်။
သို့သော် ယဲ့ချန်းအတွက်တော့ ကျန်းမင်က ပုရွက်ဆိတ်တစ်ကောင်မျှသာ။ ဤမျှသေးသိမ်သော လူတစ်ယောက်နှင့် ပြဿနာမရှာချင်တော့သဖြင့် လက်ကိုဝှေ့ယမ်း၍ ပြောလိုက်သည်။
"ထားလိုက်ပါတော့။ ထွေထွေထူးထူးမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနေရာရဲ့ အိမ်ရာစီမံခန့်ခွဲရေး ဝန်ဆောင်မှုကိုတော့ ကျွန်တော် တော်တော်သဘောမကျဘူး။ ဂိတ်ပေါက်မှာ လုံခြုံရေးအစောင့်လည်း မရှိဘူး။ ဒီမှာနေဖို့ ပိုက်ဆံတွေ အများကြီး ပေးထားရတာတောင် ဒီလိုလုပ်နေရင် ဘယ်လိုလုပ်ပြီး လုံခြုံမှုရှိနိုင်မှာလဲ"
ယဲ့ချန်း၏ စကားကို ကြားလိုက်ရချိန်တွင် ကျန်းမင်၏ မျက်နှာကား ဖြူရော်သွားတော့သည်။
"မစ္စတာယဲ့... ကျွန်တော့်အမှားကို ကျွန်တော် သိပါပြီ။ ကျွန်တော်တို့ သေချာပေါက်ပြင်ဆင်လိုက်ပါ့မယ်"
ဘေးနားရှိ ချင်းပင်းကလည်း ဝင်ပြောလေသည်။
"မစ္စတာယဲ့... ဒီကိစ္စအတွက် ကျွန်တော်လည်း တာဝန်ယူပါတယ်။ စိတ်ချပါ။ ကျွန်တော်တို့ အိမ်ရာဝင်းရဲ့လုံခြုံရေးနဲ့ အိမ်ရာစီမံခန့်ခွဲရေး ပြဿနာတွေကို ကျွန်တော်ကိုယ်တိုင် ကြီးကြပ်ပေးပါ့မယ်။ ဒီနေရာကို အလုံခြုံဆုံးနဲ့ ဝန်ဆောင်မှုအကောင်းဆုံး အိမ်ရာဝင်းဖြစ်လာစေရမယ်လို့ ကတိပေးပါတယ်"
ယဲ့ချန်းကမူ ထိုစကားများကို နားထောင်ပြီးနောက် အဆုံးတွင် ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ... အဲဒီလိုဆိုမှတော့ ဒီနေ့ကိစ္စကို မေ့လိုက်မယ်။ ဒါနဲ့ ကျွန်တော်တို့အိမ်ရာထဲမှာ ရောင်းစရာအိမ်တွေ ရှိသေးလား"
ယဲ့ချန်း၏အမေးကို ကြားလိုက်ရသောအခါ ချင်းပင်း၏ မျက်လုံးများ အရောင်လက်သွားသည်။
ယခုတလော သူ ငွေကြေးအခက်အခဲ ကြုံနေရသည်။ သူတို့အိမ်ရာဝင်းထဲတွင် ရောင်းမထွက်သေးဘဲ လွတ်နေသော အိမ်တစ်လုံး တကယ်ရှိနေချေသည်။
ထို့ပြင် သူတက်ရောက်မည့် မြေကွက်လေလံပွဲတစ်ခုအတွက်လည်း ရန်ပုံငွေလိုအပ်နေသောကြောင့် အကယ်၍ ယဲ့ချန်းသာ ထိုအိမ်ကို ဝယ်ယူလိုက်ပါက အကောင်းဆုံးဖြစ်ပေလိမ့်မည်။
"ကျွန်တော်တို့ဆီမှာ မရောင်းရသေးတဲ့ ဗီလာတစ်လုံး ရှိပါသေးတယ်။ မစ္စတာယဲ့ စိတ်ဝင်စားရင် သုံးဆယ်ရာခိုင်နှုန်း လျှော့ပေးနိုင်ပါတယ်"
ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်၏။
"ကောင်းပြီ။ အဲဒါကို ကျွန်တော်ယူမယ်"
ချင်းပင်းခမျာ ခဏမျှ မှင်သက်သွားသည်။
"ဈေးတောင် မမေးတော့ဘူးလား"
ယဲ့ချန်းက ခပ်ဟဟပြုံး၍ ဆိုချေသည်။
"မစ္စတာချင်း ကျွန်တော်တို့ကို ဈေးကောင်းကောင်းပေးမယ်ဆိုတာ သေချာပေါက်သိပါတယ်"
ချင်းပင်းကလည်း ခေါင်းညိတ်ပြလေသည်။
"စိတ်ချပါ။ ခင်ဗျားအတွက် အသက်သာဆုံးဈေးကို ပေးပါ့မယ်။ ဗီလာက မျက်နှာမူရာအနေအထားနဲ့ အရာအားလုံး အရမ်းကောင်းပါတယ်။ ယွမ်သန်း၂၈၀ဆိုရင် အဆင်ပြေမလား"
"အဆင်ပြေပါတယ်"
ယဲ့ချန်းက နှစ်ခါမစဉ်းစားဘဲ သဘောတူလိုက်သည်။
သူ့ဘေးရှိ ကျန်းမင်မှာမူ ကြက်သေသေနေပြီဖြစ်၏။
သြဇာကြီးမားသော ဤပုဂ္ဂိုလ်မှာ အံ့ဖွယ်ကောင်းလှသည်။ ဤမျှဈေးကြီးသော ဗီလာကို တစ်စက္ကန့်လေးပင် မတုံ့ဆိုင်းဘဲ ဝယ်ယူလိုက်သည်။
အစောပိုင်းက သူ မောက်မာပြီး ကြွားလုံးထုတ်ရန် ကြိုးစားခဲ့ပုံများကို ပြန်တွေးမိချိန်ဝယ် သူကိုယ်သူ ငတုံးတစ်ယောက်နှယ် ခံစားလိုက်ရသည်။
ချင်းပင်းမှာ အလွန်ဝမ်းသာသွားသည်။ အစက သူသည် မြေကွက်လေလံပွဲတွင် ပါဝင်ရန် ရန်ပုံငွေပြတ်လပ်နေခဲ့သည်။
ယဲ့ချန်း၏ငွေဖြင့်သာဆိုလျှင် လေလံပွဲသို့ ချက်ချင်း ပါဝင်နိုင်ပြီဖြစ်၏။
"ကောင်းပါပြီ။ စာရွက်စာတမ်းတွေ ပြင်လိုက်ပါ။ ခင်ဗျားကို ငွေလွှဲပေးလိုက်ပါ့မယ်"
ယဲ့ချန်းက တည်ငြိမ်စွာ ဆိုလိုက်လေသည်။
ဤမျှများပြားသော ငွေပမာဏကို ပေးချေရာတွင် ယဲ့ချန်းက မျက်တောင်တစ်ချက်ပင် မခတ်ခဲ့သည်မှာ အံ့အားသင့်စရာပင်။
ချင်းပင်းခမျာ ယဲ့ချန်း၏ နောက်ခံနှင့်ပတ်သက်ပြီး ပိုထိတ်လန့်မိသည်။
ယဲ့ချန်းတွင် နောက်ခံကောင်းရှိကြောင်း သူသိထားသော်လည်း ဤမျှအထိ ကြီးမားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူသည် လူကုံထံပေါင်းများစွာနှင့် ဆက်ဆံခဲ့ဖူးသောကြောင့် လူအများစုမှာ ပုံသေပိုင်ဆိုင်မှုများသာ များပြားပြီး ငွေသားပိုင်ဆိုင်မှုနည်းပါးကာ ဘဏ်ချေးငွေများကိုသာ အားထားကြရသည်။
သို့သော် ယဲ့ချန်းကမူ ယွမ်သန်း၂၈၀ကို ပေါ့ပေါ့ပါးပါး သုံးစွဲပြီး တစ်ခါတည်းငွေချေလိုက်သည်။
သူသည် လူကုံထံများစွာနှင့် တွေ့ဆုံခဲ့ဖူးသော်လည်း ယွမ်သန်း၂၈၀ကို နှစ်ယွမ်သုံးသလို သုံးစွဲတတ်သည့် သူဌေးမျိုးကိုတော့ ပထမဆုံးအကြိမ်တွေ့ဖူးခြင်းပင်။
သူတို့နှစ်ဖက် အရောင်းအဝယ်ကို နှုတ်ဖြင့် သဘောတူလိုက်ကြပြီဖြစ်ရာ နောက်နေ့မနက်တွင် လုပ်ငန်းစဉ်များကို ပြီးစီးအောင် ဆောင်ရွက်နိုင်ပြီဖြစ်၏။
ယခု ကိစ္စပြေလည်သွားပြီဖြစ်၍ ယဲ့ချန်းလည်း ကားဖယ်ပေးရန် ချင်းပင်းနှင့် ကျန်းမင်တို့နောက်သို့ လိုက်သွားခဲ့သည်။
အပြင်ဘက်တွင်မူ ထိုသူဌေးသားတစ်သိုက်က စောင့်ဆိုင်းနေကြဆဲပင်။
ဤလူတစ်သိုက်၏ အမူအရာမှာ ယဲ့ချန်းကို မြင်လိုက်ရသောအခါ ယခင်ကနှင့် လုံးဝမတူကြတော့ချေ။ တစ်ယောက်ချင်းစီတိုင်းက မြှောက်ပင့်ခယလိုသော အပြုံးများကို ဆင်မြန်းထားကြသည်။
ယဲ့ချန်းက လူတိုင်းကို တစ်ချက်လှမ်းကြည့်ပြီး ပြောလိုက်၏။
"မင်းတို့တွေအကုန်လုံး ကားတွေကို ဒီမှာပဲရပ်ထားခဲ့ဖို့ အကြံပေးချင်တယ်။ မင်းတို့က အရက်သောက်ထားတာဆိုတော့ ကားမမောင်းကြနဲ့။ ဒါမှမဟုတ်ရင်လည်း အငှားယာဉ်မောင်းကို ခေါ်လိုက်။ စည်းကမ်းမဲ့ကားမောင်းတာက ချစ်ရတဲ့လူတွေကို မျက်ရည်ကျစေနိုင်တယ်ဆိုတာ သဘောပေါက်ကြ"
•••••••••••••••••••••••••
အပိုင်း ၅၆၄ : စက်ရုပ်အဆင့်မြှင့်တင်မှုအောင်မြင်ခြင်
ယဲ့ချန်း ကားရွှေ့ပြီးနောက် ချင်းပင်းက မြှောက်ပင့်ခယသော အပြုံးဖြင့် ပြောလိုက်သည်။
"မစ္စတာယဲ့... ညဉ့်နက်မှ လာနှောင့်ယှက်မိတဲ့အတွက် တကယ်အားနာပါတယ်"
ကျန်းမင်ကလည်း ကျေးဇူးတင်စွာဖြင့် အကြိမ်ကြိမ်ဦးညွှတ်၍ အရိုအသေပေးနေချေသည်။
နောက်တစ်နေ့တွင် ယဲ့ချန်းသည် ချင်းပင်းနှင့်အတူ အိမ်လွှဲပြောင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ကိုင်တွယ်ဆောင်ရွက်ခဲ့သည်။
"ရပါတယ်... ဒါနဲ့ မစ္စတာချင်းက သိပ်မကြာခင် ရင်းနှီးမြှုပ်နှံမှုအကြီးကြီးတစ်ခု လုပ်ဖို့ အစီအစဉ်ရှိနေတာလား"
ချင်းပင်းမှာ ခဏမျှမှင်တက်သွားသည်။
"ဟုတ်ပါတယ်။ အခုတလော ကျွန်တော် အနောက်ပိုင်းခရိုင်က မြေကွက်တစ်ကွက်ကို လေလံဆွဲချင်နေတာ"
ယဲ့ချန်းသည် ချင်းပင်း၏ မျက်နှာသွင်ပြင်ကို ကြည့်လိုက်လေရာ ငွေကြေးဆုံးရှုံးမည့် လက္ခဏာများကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။
မည်သို့ပင်ဖြစ်စေ ဤချင်းပင်းမှာ အလွန်သဘောကောင်းသူ ဖြစ်၏။
ယဲ့ချန်းက ဆို၏။
"အခုတလော မစ္စတာချင်း ရင်းနှီးမြှုပ်နှံမှုအကြီးကြီးတွေမလုပ်ဖို့ မျှော်လင့်ပါတယ်။ မဟုတ်ရင် အရှုံးပေါ်သွားနိုင်တယ်"
ယဲ့ချန်း၏စကားကို ကြားပြီးနောက် ချင်းပင်း၏ မျက်နှာအမူအရာကား အနည်းငယ် ပြောင်းလဲသွားသည်။
"ကျေးဇူးတင်ပါတယ် မစ္စတာယဲ့... ကျွန်တော် နားလည်ပါပြီ"
ယဲ့ချန်း ထွက်သွားပြီးနောက် ချင်းပင်းလည်း အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
"မနက်ဖြန် မြေကွက်လေလံပွဲကို ငါတို့တွေ မဝင်ဖြစ်တော့ဘူးထင်တယ်"
"ဘာလို့လဲ... ယောက်ဖ အဲဒီမြေကွက်အတွက် အများကြီး ကြိုးစားထားခဲ့တာလေ"
ကျန်းမင်က နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
"မစ္စတာယဲ့က သာမန်လူမဟုတ်တာ သေချာတယ်။ ငါ အရှုံးပေါ်မယ်လို့ သူ ပြောသွားတယ်ဆိုရင် အတွင်းသတင်းတစ်ခုခု ရထားလို့ပဲ ဖြစ်ရမယ်"
ထို့နောက် ချင်းပင်းက ဆို၏။
"ကျန်းမင်... မင်း အိမ်ရာစီမံခန့်ခွဲရေးရဲ့ လက်ထောက်အထွေထွေမန်နေဂျာအဖြစ် ဆက်မလုပ်သင့်တော့ဘူး"
ချင်းပင်း၏စကားကို ကြားပြီးနောက် ကျန်းမင်၏မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။
ချင်းပင်းက ကျန်းမင်၏ အတွေးများကို ဖောက်ထွင်းမြင်နေရသည့်အလား တည်ငြိမ်စွာ စကားဆိုလိုက်သည်။
"ငါ မင်းကို အလုပ်ဖြုတ်တာက ယဲ့ချန်းကို ဖားချင်လို့လို့ မင်း ထင်နေတာလား"
ကျန်းမင်က ခေါင်းကို အမြန်ခါယမ်းပြပြီး ပြောလိုက်သည်။
"အဲဒီလိုမထင်ရဲပါဘူး"
"မင်းက စိတ်ထဲမှာ မကျေနပ်ပေမဲ့ မပြောရဲပုံပဲ"
ကျန်းမင်က အမြန်ပြောလိုက်၏။
"ယောက်ဖ... ကျွန်တော်က အဲဒီလိုသဘောမျိုးနဲ့ ပြောတာမဟုတ်ပါဘူး"
ချင်းပင်းကမူ တည်ငြိမ်စွာ စကားဆိုသည်။
"ကျန်းမင်... သေချာစဉ်းစားကြည့်စမ်း။ ယဲ့ချန်းက ယွမ်သန်းရာနဲ့ချီတန်တဲ့ စူပါကားကို မောင်းတယ်။ ယွမ်သန်း၂၈၀တန်ဗီလာကိုလည်း စိတ်ကူးပေါက်တာနဲ့ ဝယ်ပစ်လိုက်တယ်။ သူ့ကို သာမန်လူလို့ မင်း ထင်နေသေးတာလား။ ယဲ့ချန်းရဲ့ ကောင်မလေးက ဘယ်သူလဲဆိုတာ မင်း သိလား။ မိုတုမြို့ စီးပွားရေးလောကရဲ့ နတ်ဘုရားမ စုဝမ်ယိနော်။ သူသာ သာမန်လူဆိုရင် စုဝမ်ယိက သူနဲ့ တွဲပါ့မလား"
ကျန်းမင်လည်း ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်သည်။
"ယောက်ဖ... ကျွန်တော် နားလည်ပါပြီ။ ယောက်ဖက ကျွန်တော့်အတွက် လုပ်ပေးတာပါ"
"အင်း... ငါ့စေတနာကို မင်း နားလည်ရင် ကောင်းတာပေါ့။ မင်းအစ်မဆီ သွားပြီး မတိုင်နဲ့နော် ကြားလား"
ကျန်းမင် : "..."
ထိုအချိန်တွင် ယဲ့ချန်းကမူ စတားတက္ကသိုလ်သို့ ပြန်ရောက်လာခဲ့သည်။
ကျောင်းသို့ ရောက်ရောက်ချင်းမှာပင် အကြီးအကဲဝေ့က အပြေးရောက်လာခဲ့သည်။
"အကြီးအကဲဝေ့... ဘာလုပ်နေတာလဲ"
ထိုအခါ အကြီးအကဲဝေ့က အတွင်းရေးမှူးကို ဝိုင်တစ်ဖာယူလာရန် ညွှန်ကြားနေကြောင်း တွေ့လိုက်ရသည်။
ယဲ့ချန်း ကြည့်လိုက်သောအခါ အကုန်လုံးက ၁၉၈၂ခုနှစ်ထုတ် ဖလိုင်းဟိုက်ဝိုင်များ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
ထိုဝိုင်တစ်ပုလင်းလျှင် ယွမ်နှစ်သိန်းဖြင့် ရောင်းချရပြီး အကြီးအကဲဝေ့က တစ်ဖာလုံး ယူလာခဲ့ခြင်းဖြစ်ရာ ယွမ်နှစ်သန်းတန်ဖိုးရှိပေသည်။
အကြီးအကဲဝေ့က ရယ်မော၍ ပြောလိုက်၏။
"ဒီဝိုင်တွေက ငါ မင်းကို လက်ဆောင်ပေးတာ မဟုတ်ဘူး။ နိုင်ငံကူးတံတားစီမံကိန်းက ပင်မဒီဇိုင်နာက မင်းကို ပေးခိုင်းလို့ လာပေးတာ"
စတားတက္ကသိုလ်အဖွဲ့ ရောက်ရှိသွားပြီးနောက် အခက်အခဲအားလုံးနီးပါးကို အလွယ်တကူ ဖြေရှင်းပေးနိုင်ခဲ့သည်ဟု သိရသည်။
ဟွားနိုင်ငံရှိ ကျွမ်းကျင်သူများပင် မဖြေရှင်းနိုင်သော ပြဿနာများမှာ သူတို့မျက်လုံးထဲတွင်မူ တက္ကသိုလ်ကျောင်းသားများ မူလတန်းအဆင့်ပုစ္ဆာများကို တွက်ချက်နေသကဲ့သို့ ရိုးရှင်းလှသည်။
ဤကျောင်းသားများ ဤမျှထူးချွန်ရခြင်း၏ အကြောင်းအရင်းမှာ ယဲ့ချန်းကြောင့်ပင်။
ယဲ့ချန်းက ဤကျောင်းသားများအတွက် ဗိသုကာပညာပြဋ္ဌာန်းစာအုပ်များကို အထူးတလည် တည်းဖြတ်ပေးခဲ့သည်။ ယဲ့ချန်း၏ နတ်ဘုရားအဆင့် ဗိသုကာပညာရပ်ဖြင့် တည်းဖြတ်ထားသော စာအုပ်များမှာ မွေးရာပါပါရမီရှိသော ဤကျောင်းသားများကို အဆင့်အတန်းတစ်ခုသို့ ထိုးဖောက်ပြောင်းလဲသွားစေရန် အထောက်အကူဖြစ်ခဲ့သည်။
"အကြီးအကဲဝေ့က ယဉ်ကျေးလွန်းနေပါပြီ။ ဟွားနိုင်ငံအတွက်ဆိုရင် ဒါတွေက ကျွန်တော်တို့ လုပ်ပေးသင့်တဲ့ အရာတွေပါ"
"ယဲ့ချန်း... မင်းကို တကယ်ကျေးဇူးတင်ပါတယ်။ စတားတက္ကသိုလ်ကြောင့် တို့ဟွားနိုင်ငံက ကမ္ဘာတစ်ဝန်း နည်းပညာနယ်ပယ်မှာ ဦးဆောင်နိုင်သွားပြီ"
"အကြီးအကဲဝေ့... တကယ်တော့ ကျွန်တော်တို့ကလည်း ကြီးမြတ်သူတွေရဲ့ ပခုံးပေါ်မှာ ရပ်တည်နေကြတာပါ"
ယဲ့ချန်း၏စကားကို ကြားပြီးနောက် အကြီးအကဲဝေ့က လေးစားကြည်ညိုဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
မောက်မာမှုလည်းမရှိသလို စိတ်မရှည်မှုလည်းမရှိသော ယဲ့ချန်းကို ပိုင်ဆိုင်ထားခြင်းကား ဟွားနိုင်ငံအတွက် ကောင်းချီးမင်္ဂလာတစ်ခုပင်။
အကြီးအကဲဝေ့က မေးလိုက်လေသည်။
"ဒါနဲ့... စက်ရုပ်အဆင့်မြှင့်တင်ရေးအခြေအနေက ဘယ်လိုရှိလဲ"
ယဲ့ချန်းက ပြုံးလိုက်သည်။
"စက်ရုပ်အဆင့်မြှင့်တင်တာက လုပ်ဆောင်နေတုန်းပါ။ ကျွန်တော့်ကျောင်းသားတွေက လက်ရှိ ဉာဏ်ရည်တုနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနေကြပါတယ်"
စက်ရုပ်အသက်ဝင်လာစေရန် ဉာဏ်ရည်တု၏ နည်းပညာပိုင်းဆိုင်ရာပံ့ပိုးမှုကို လိုအပ်ပေသည်။
ဤနည်းဖြင့်သာ လူသားများနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်နိုင်မည်ဖြစ်၏။
၎င်းမှာ နိုင်ငံအသီးသီးမှ ဉာဏ်ရည်တုနယ်ပယ်တွင် ရင်ဆိုင်နေရသော ဘုံပြဿနာတစ်ခုလည်း ဖြစ်၏။
အကြီးအကဲဝေ့က ပြုံးစစဖြင့် ဆိုချေသည်။
"မင်းတို့ရဲ့စီမံကိန်း တိုးတက်မှုရှိလာရင် ငါ့ကို အကြောင်းကြားလိုက်ပါ"
ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလိုက်သည်။
"ပြဿနာမရှိပါဘူး။ ဒီစီမံကိန်းက မကြာခင် တိုးတက်မှုရှိလာမယ်လို့ ကျွန်တော် အတပ်သိနေတယ်"
အကြီးအကဲဝေ့ ပြန်သွားပြီးနောက် ယဲ့ချန်းလည်း ဓာတ်ခွဲခန်းသို့ သွားလိုက်သည်။
ကွန်ပျူတာအဖွဲ့မှ ကျောင်းသားများ ပြင်းပြင်းထန်ထန် စမ်းသပ်မှုပြုလုပ်နေကြောင်း တွေ့လိုက်ရသည်။
မည်သို့ပင်ဆိုစေကာမူ ဉာဏ်ရည်တုဆိုသည်မှာ ဤကျောင်းသားများအတွက် အနည်းငယ် ခက်ခဲလွန်းနေပေသည်။
ယဲ့ချန်းက ကျောင်းသားများ၏ ဒီဇိုင်းတိုးတက်မှုကို တစ်ချက်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်မိသည်။
ကြည့်ရသည်မှာ သူတို့ကို အကူအညီနည်းနည်းပေးဖို့ လိုအပ်နေဟန်ပင်။
ဤကျောင်းသားများ၏ တိုးတက်မှုနှုန်းအတိုင်းသာဆိုလျှင် ယဲ့ချန်း၏ လိုအပ်ချက်များကို ပြည့်မီရန် အနည်းဆုံး ဆယ်နှစ်ခန့် အချိန်ယူရပေလိမ့်မည်။
ယဲ့ချန်းအနေနှင့် ထိုမျှအကြာကြီး မစောင့်ချင်ပေ။
သူလည်း ကွန်ပျူတာရှေ့တွင်ထိုင်ကာ တစ်ညလုံး အလုပ်လုပ်နေခဲ့သည်။
နောက်တစ်နေ့တွင် ယဲ့ချန်း ဓာတ်ခွဲခန်းသို့ ပြန်ရောက်လာခဲ့သည်။
"ဒါက ငါတီထွင်ထားတဲ့ ဉာဏ်ရည်တုစနစ်ပဲ။ စမ်းသပ်ကြည့်ကြပါ"
ကွန်ပျူတာပွင့်လာပြီးနောက် ကွန်ပျူတာထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။
"စတားလိုက် စတင်နေပါပြီ... စတားလိုက် စတင်နေပါပြီ။ သင်ယူမှုစနစ်ကို စတင်ချင်ပါသလား"
ကွန်ပျူတာထဲမှ ဆွဲဆောင်မှုရှိသော နတ်သူငယ်လေးနှင့်တူသည့် အိုင်ကွန်ကို မြင်လိုက်ရသောအခါ လူတိုင်း မှင်တက်သွားကြသည်။ သင်ယူမှုစနစ်ဆိုသည်မှာ ဘာကိုဆိုလိုလေသလဲ။
ယဲ့ချန်းက သင်ယူမှုစတင်ခြင်းကို နှိပ်လိုက်သည်။
ထိုအချိန်တွင် ဟွားချင်းတက္ကသိုလ်၏ ဒေတာဘေ့စ်၌...
ပါမောက္ခအမြောက်အများက အချက်အလက်များကို ထိန်းသိမ်းနေကြသည်။
ရုတ်ခြည်းပင် စနစ်မှ သတိပေးချက်တစ်ခု မြည်လာခဲ့သည်။
"သေစမ်း... ဟက်ကာတစ်ယောက် ကျူးကျော်ဝင်ရောက်လာပြီ"
သို့သော် တစ်ဖက်လူသည် လျင်မြန်စွာ ပျံသန်းဝင်ရောက်လာပြီး ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
ဤအခြေအနေကား ဟွားချင်းတက္ကသိုလ်တွင်သာမက ကမ္ဘာတစ်ဝန်းရှိ ပင်မတက္ကသိုလ်ကြီးများတွင်ပါ ဖြစ်ပွားခဲ့ပြီး အချို့သုတေသနအဖွဲ့အစည်းများပင် ထိုဖြစ်စဉ်ကို ကြုံတွေ့ခဲ့ရသည်။
ဤအခိုက်အတန့်တွင် ကွန်ပျူတာကို ဝိုင်းကြည့်နေကြသူတိုင်းမှာ မှင်တက်သွားကြသည်။
စတားလိုက်သည် ကိုယ်တိုင်သင်ယူလေ့လာရန်အတွက် ကမ္ဘာတစ်ဝန်းရှိ ပင်မတက္ကသိုလ်ကြီးများနှင့် သုတေသနအဖွဲ့အစည်းများ၏ ဝဘ်ဆိုက်များကို ကျူးကျော်ဝင်ရောက်သွားခဲ့သည်။
ဤသည်မှာ မယုံနိုင်စရာ ကောင်းလွန်းလှသည်။
ဤတစ်ခေါက်တွင် အချိန်တစ်နာရီသာ ကြာမြင့်ခဲ့သည်။
ယခုမူ စတားလိုက်တွင် ကမ္ဘာ့သုတေသနအဖွဲ့အစည်းအားလုံးမှ အချက်အလက်များကို ရရှိထားပြီဖြစ်၏။
ဝမ်မုန့်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။
"ကျောင်းအုပ်ယဲ့... ခင်ဗျားရဲ့ စတားလိုက်ဉာဏ်ရည်တုက အံ့သြဖို့ကောင်းလိုက်တာ"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။
"ဒါက အစပဲ ရှိသေးတယ်။ ဒါနဲ့ မင်းတို့အဖွဲ့ရဲ့ စက်ရုပ်ဒေတာဘေ့စ် ခွဲခြမ်းစိတ်ဖြာမှုက မပြီးသေးဘူးမလား"
"ဟုတ်ပါတယ်။ ကျွန်တော်တို့ အမြန်ဆုံး တွက်ချက်နေပေမဲ့ ဒေတာတွေက အရမ်းများလွန်းလို့ အပြီးသတ်ဖို့ဆိုရင် တစ်လလောက်တော့ အချိန်ယူရပါလိမ့်မယ်"
ယဲ့ချန်းက ခပ်ဟဟပြုံးလိုက်သည်။
"အဲဒီလောက်အထိ အလုပ်ရှုပ်ခံစရာ မလိုပါဘူး။ စတားလိုက်ကိုသာ တာဝန်လွှဲထားလိုက်ပါ"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းက ယူအက်စ်ဘီဒစ်ခ်ကို တပ်ဆင်၍ ကုတ်များ ရိုက်ထည့်လိုက်သည်။
မူလက ကျောင်းသားများအတွက် တွက်ချက်ရန် တစ်လခန့် အချိန်ယူရမည့် အချက်အလက်များကို စတားလိုက်သည် ဆယ်မိနစ်ပင်မပြည့်သော အချိန်အတွင်း လုပ်ဆောင်ပေးခဲ့သည်။
ထိုနေရာရှိ လူတိုင်းမှာ စတားလိုက်ကိုကြည့်၍ အံ့အားသင့်သွားကြသည်။
ဤတွက်ချက်နိုင်စွမ်းအားမှာ စင်စစ်ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။
စတားလိုက်သည် ယဲ့ချန်း၏ ဖန်တီးမှုဖြစ်ပြီး စနစ်တွင် ထိန်းချုပ်ရေးပရိုဂရမ်များလည်း ပါဝင်သောကြောင့် စတားလိုက်အနေနှင့် သူ့အတွက် ရာနှုန်းပြည့် အလုပ်အကျွေးပြုနိုင်ကြောင်း သေချာသည်။
ဤနည်းဖြင့် ရုပ်ရှင်များထဲတွင် တွေ့ရတတ်သော ထိန်းချုပ်မရသည့် ဖြစ်ရပ်မျိုး ဖြစ်ပေါ်လာမည်မဟုတ်ပေ။
ဉာဏ်ရည်တုနှင့် ချိတ်ဆက်လိုက်ခြင်းဖြင့် စက်ရုပ်၏ နောက်ဆုံးပြဿနာမှာ ဖြေရှင်းပြီးသားဖြစ်သွားလေသည်။
ထိုအချိန်တွင် စက်မှုဓာတ်ခွဲခန်းအတွင်း၌ ဧရာမစက်ရုပ်ကြီးတစ်ခုက ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နေသည်။
စက်မှုဌာနရှိ ကျောင်းသားများမှာ စက်ရုပ်ကို ပြန်လည်တပ်ဆင်ရန် အလုပ်များနေကြသည်။
မက်ချာအသစ်သည် ဒီဇိုင်းနှင့် အသွင်အပြင် နှစ်ခုစလုံးတွင် ယခင်ကထက် ပိုအနုစိတ်ပြီး သေသပ်လှပချေသည်။
ဤအချိန်ဝယ် လူတိုင်းရှေ့တွင် ရပ်နေသော စက်ရုပ်ကြီးမှာ ယဲ့ချန်း ယခင်ဘဝက ကြည့်ဖူးခဲ့သော ထရန်စဖော်မာရုပ်ရှင်ထဲမှ အော့ပတီမတ်စ်ပရိုင်းမ်နှင့်ပင် ဆင်တူနေတော့သည်။
ယခုအခါ စက်ရုပ်ထိန်းချုပ်မှုစနစ်သည် လက်ဖြင့်ထိန်းချုပ်မှုမှ ဉာဏ်ရည်တုထိန်းချုပ်မှုသို့ ပြောင်းလဲသွားပြီဖြစ်၏။
ဤနည်းဖြင့် စက်ရုပ်၏ လုပ်ဆောင်မှုများမှာ အခြေခံအားဖြင့် တစ်ပြိုင်တည်းလုပ်ဆောင်နိုင်ရန် အောင်မြင်သွားပြီဖြစ်၏။
ယခင်စက်ရုပ်က ပုံကြမ်းတစ်ခုမျှသာ ဖြစ်ခဲ့သည်ဆိုလျှင် လက်ရှိစက်ရုပ်ကမူ ပြီးပြည့်စုံသော ပုံစံတစ်ခု ဖြစ်နေလေပြီ။