← Chapters

အခန်း (၅၆၅-၅၆၇)

Vol. 38 Ch. 565-567

အခန်း (၅၆၅-၅၆၇)

Vol. 38 Ch. 565-567

အပိုင်း ၅၆၅ : ဘယ်ကျောင်းသားကိုမှ လက်မလွှတ်ပါ

ဓာတ်ခွဲခန်းထဲတွင် ကျောင်းသားတစ်စုသည် စက်ရုပ်တစ်ခုကို တပ်ဆင်နေကြသည်။

ဘက်စုံအဆင့်မြှင့်တင်ထားသောကြောင့် စက်ရုပ်သည် ယခင်ကလို လေးလံသော သံတုံးကြီး မဟုတ်တော့ပေ။

အထူးသဖြင့် ခြေလက်အဆစ်များတွင် အဆင့်အမြင့်ဆုံး အဆစ်ချိတ်ဆက်ကိရိယာများကို အသုံးပြုထားသောကြောင့် စက်ရုပ်၏ လှုပ်ရှားမှုများမှာ ပိုမိုသွက်လက်ချောမွေ့လာသည်။

လူသားတစ်ယောက်၏ ခြေလက်များလို ချောမွေ့သွက်လက်မှုမျိုး မရှိသေးသော်လည်း ယခင်ကထက်တော့ အလွန်တိုးတက်ကောင်းမွန်လာချေပြီ။

စက်ရုပ်ကြီး ဤမျှအထိ တိုးတက်လာခြင်းမှာ ဤကလေးများ၏ မမောနိုင်မပန်းနိုင် ကြိုးစားအားထုတ်မှုများကြောင့်သာ ဖြစ်ကြောင်း ယဲ့ချန်း ကောင်းကောင်းသိသည်။

ဤကလေးများမှာ သူတို့၏ အိပ်မက်များကို အကောင်အထည်ဖော်ရန်အတွက် အစွမ်းကုန်စိုက်ထုတ်ထားကြသည်။

ယဲ့ချန်းကို မြင်သောအခါ လုဂန်က စိတ်လှုပ်ရှားစွာ ပြေးလာခဲ့သည်။

ယခုအခါတွင် သူတို့၏ နှလုံးသားထဲတွင် ယဲ့ချန်းသည် မည်သည့်ပြဿနာကိုမဆို အလွယ်တကူ ဖြေရှင်းနိုင်သော နတ်ဘုရားတစ်ပါးသဖွယ် ဖြစ်နေပေပြီ။

ယဲ့ချန်းသာမရှိလျှင် သူတို့အနေနှင့် ဤမျှကောင်းမွန်သော စက်ရုပ်မျိုးကို ဖန်တီးနိုင်မည် မဟုတ်ပေ။

ယဲ့ချန်းက သူတို့ကို စွမ်းအားများပေးခဲ့ပြီး သူတို့၏ အိပ်မက်များကို အတောင်ပံတပ်ပေးခဲ့သည်။

"ကျောင်းအုပ်ယဲ့... ကျွန်တော်တို့ စက်ရုပ်အဆင့်မြှင့်တင်တာ ပြီးသလောက်နီးနီးဖြစ်သွားပါပြီ။ တစ်ချက်လောက် ကြည့်ပေးပါဦး"

လုဂန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ယဲ့ချန်းက ပြုံး၍ ပြောလိုက်သည်။

"ငါ ကြည့်နေပါတယ်။ မင်းတို့တော်တယ်။ ဒါပေမဲ့ ထပ်ပြီးအဆင့်မြှင့်တင်ဖို့တော့ လိုသေးတယ်"

ပြီးခဲ့သည့်တစ်ခေါက်က စတားတက္ကသိုလ်၏ စက်ရုပ်သည် ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့သော်လည်း နိုင်ငံခြားမှ ကျွမ်းကျင်သူအချို့ကမူ ကြည့်ကောင်းရုံသက်သက်သာဖြစ်ပြီး လက်တွေ့အသုံးမဝင်ဟု လှောင်ပြောင်ခဲ့ကြသည်။

တစ်နည်းဆိုရလျှင် တည်ဆောက်ထားနိုင်ခဲ့သော်လည်း တကယ့်လက်တွေ့တွင်မူ အသုံးဝင်မှုမရှိသေးပေ။

ဤအချက်မှာ စတားတက္ကသိုလ်၏ စက်ရုပ်အပေါ် ပြည်ပနိုင်ငံများက ဂရုမစိုက်ဘဲ လျစ်လျူရှုထားရသည့် အဓိကအကြောင်းအရင်းပင်တည်း။

ယခုတစ်ကြိမ် စက်ရုပ်ကို ပြသသည့်အခါ တစ်ကမ္ဘာလုံး အံ့အားသင့်သွားစေရန် ယဲ့ချန်း ရည်ရွယ်ထားသည်။

လုဂန်နှင့် စကားပြောနေစဉ် ပြတင်းပေါက်အပြင်ဘက်တွင် စက်ရုပ်ကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်နေသော ကောင်လေးတစ်ယောက်၏ပုံရိပ်ကို ယဲ့ချန်း သတိထားမိလိုက်သည်။

ယဲ့ချန်း၏ မှတ်ဉာဏ်ထဲတွင် ဤကောင်လေးကို အကြိမ်ကြိမ် တွေ့ဖူးသည်။

သို့သော် ထိုကောင်လေးမှာ အပြင်ဘက်တွင်သာ အမြဲရှိနေတတ်သည်။

ကောင်လေးနှင့်ပတ်သက်၍ သိချင်စိတ်ပြင်းပြလာသဖြင့် ယဲ့ချန်းလည်း သူ့အကြောင်း ပိုမိုလေ့လာရန် ဆုံးဖြတ်လိုက်သည်။

လုဂန်နှင့် ခဏကြာအောင် စကားပြောပြီးနောက် ယဲ့ချန်းလည်း ဓာတ်ခွဲခန်းထဲမှ ထွက်လာခဲ့သည်။

ယဲ့ချန်း ထွက်လာသည်ကို မြင်သောအခါ ထိုကောင်လေးက လှည့်ပြန်ရန် ပြင်လိုက်သည်။

ယဲ့ချန်းကတော့ သူ့ကို လှမ်းခေါ်လိုက်သည်။

"ဟေး ကျောင်းသား... ခဏလောက်နေပါဦး"

ယဲ့ချန်း၏ခေါ်သံကို ကြားသောအခါ ထိုကောင်လေး ရပ်တန့်သွားသည်။

"ကျောင်းအုပ်ယဲ့"

ကောင်လေးက ခေါင်းငုံ့ထားပြီး အကြည့်များကလည်း ဂနာမငြိမ်ဖြစ်နေကာ မိမိကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့နေဟန်ပေါက်နေချေသည်။

ယဲ့ချန်းက နားမလည်ဟန်ဖြင့် မေးလိုက်၏။

"မင်းက စတားတက္ကသိုလ်က ကျောင်းသားပဲလား"

ထိုကောင်လေးက ခေါင်းညိတ်ပြသည်။

"ဟုတ်ပါတယ်။ ကျွန်တော်က စတားတက္ကသိုလ်က ကျောင်းသားပါ"

"သြော်... ဘယ်မေဂျာကလဲ"

ဤမေးခွန်းကို ကြားသောအခါ ကောင်လေး၏ မျက်နှာအမူအရာမှာ ထူးဆန်းသွားသည်။ ထို့နောက် ခေါင်းငုံ့၍ ခပ်တိုးတိုးရေရွတ်လိုက်သည်။

"ကျောင်းအုပ်ယဲ့... ကျွန်တော် မေဂျာမရွေးရသေးပါဘူး"

ယဲ့ချန်း အံ့ဩသွားရသည်။

စတားတက္ကသိုလ် ကျောင်းဖွင့်ချိန်မှစ၍ နှစ်လကျော် ကြာမြင့်နေပြီဖြစ်ရာ ကျောင်းသားအားလုံးနီးပါး မိမိတို့၏မေဂျာများကို ရွေးချယ်ထားပြီးသားပင်။

စတားတက္ကသိုလ်အနေနှင့် မေဂျာရွေးချယ်မှုအပေါ် မည်သည့်ကန့်သတ်ချက်မှ ချမထားပေ။

မေဂျာတစ်ခုချင်းစီ၏ အကြောင်းအရာများကို တရားဝင်ဝဘ်ဆိုက်တွင် ဖော်ပြထားသည်ဖြစ်ရာ ကျောင်းသားများအနေနှင့် မိမိတို့၏ မေဂျာများကို လွတ်လပ်စွာ ရွေးချယ်နိုင်သည်။

တစ်နည်းဆိုရလျှင် ရွေးချယ်လိုက်သရွေ့ မည်သူကမှ သင့်ကို ငြင်းပယ်မည်မဟုတ်ပေ။

ဤကျောင်းသားနှင့်ပတ်သက်၍ ယဲ့ချန်း၏ သိချင်စိတ်က ပိုမိုနက်ရှိုင်းလာသည်။

ဒီကျောင်းသားက ဘာလို့ မေဂျာမရွေးရသေးတာလဲ။

အထူးသဖြင့် ထိုကောင်လေး၏ မျက်လုံးထဲတွင် ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်စိတ်နှင့် ယုံကြည်မှုကင်းမဲ့ခြင်းများကို ယဲ့ချန်း မြင်နေရသည်။

ကလေးတိုင်း၏ အိပ်မက်များကို အတောင်တပ်ပေးနိုင်ရန်အတွက် ယဲ့ချန်းက စတားတက္ကသိုလ်ကို တည်ထောင်ခဲ့ခြင်းပင်။

သူ့အနေနှင့် မည်သည့်ကျောင်းသားကိုမှ လက်လျှော့မည်မဟုတ်ပေ။

ယဲ့ချန်းက ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်သည်။

"မင်း အပြင်ကနေ ကြည့်နေတာကြာပြီ။ စက်ရုပ်တွေကို သဘောကျလို့လား"

အစပိုင်းတွင် ကောင်လေးက ခေါင်းညိတ်လိုက်သော်လည်း ချက်ချင်းဆိုသလို ခေါင်းယမ်းလိုက်ပြန်သည်။

"ဒီလိုလုပ်။ ငါ့ရုံးခန်းကို လိုက်ခဲ့။ ငါတို့ စကားနည်းနည်း ပြောရအောင်"

ယဲ့ချန်းလည်း ဤကလေးအကြောင်းကို ပိုမိုလေ့လာရန် ဆုံးဖြတ်လိုက်သည်။

ရုံးခန်းထဲသို့ ရောက်သောအခါ ယဲ့ချန်းက ကောင်လေးကို ရေတစ်ခွက် ငှဲ့တိုက်လိုက်သည်။

"မင်းနာမည်က ဘယ်လိုခေါ်လဲ"

ကောင်လေးက ပြန်ဖြေသည်။

"ကျွန်တော့်နာမည်က လုချန်းပါ"

"သြော်"

ယဲ့ချန်းက ရေရွတ်လိုက်သည်။

ယဲ့ချန်းမှာ ကျောင်းသားစာရင်းစနစ်ကို ဖွင့်ကြည့်လိုက်လေရာ မကြာခင်မှာပင် ကျောင်းသား၏ အချက်အလက်များက သူ့ရှေ့တွင် ပေါ်လာလေသည်။

အချက်အလက်များကို မြင်လိုက်ရသောအခါ ကောင်လေး ဘာကြောင့် တံခါးဝတွင် တုံ့ဆိုင်းနေရသလဲဆိုသည်ကို ယဲ့ချန်း နားလည်သွားသည်။

တကယ်တော့ ထိုကောင်လေးသည် ငယ်စဉ်က ဖျားနာခဲ့သောကြောင့် ညာဘက်လက်မောင်း သိမ်သွားပြီး လုံးဝနီးပါးအသုံးမပြုနိုင်တော့ချေ။

တစ်နည်းဆိုရလျှင် ကောင်လေးသည် ဘယ်ဘက်လက် တစ်ဖက်တည်းကိုသာ အသုံးပြုနိုင်တော့သည်။

သူသည် စက်ရုပ်များကို အလွန်နှစ်သက်သော်လည်း ညာဘက်လက်ကြောင့် အဖွဲ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မည်ကို စိုးရိမ်သဖြင့် အဝေးကသာ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်ပေမည်။

အခြေအနေကို နားလည်သွားသောအခါ ယဲ့ချန်း လုချန်းကို ကြည့်လိုက်သည်။

"ရှောင်လု... မင်း စက်ယန္တရားတွေကို သဘောကျတယ်မလား"

လုချန်းက ယဲ့ချန်းကိုကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။

တကယ်တော့ သူသည် စက်ယန္တရားများကို အလွန်ရူးသွပ်သူဖြစ်၏။ အထူးသဖြင့် လုဂန်နှင့် အခြားသူများ စက်ရုပ်ဖန်တီးနေသည်ကို မြင်ရသောအခါ အလွန်အားကျမိသည်။

သူလည်း ထိုအဖွဲ့ထဲသို့ ဝင်ချင်သော်လည်း သူ့ညာဘက်လက်ကြောင့် လက်လျှော့ခဲ့ရသည်။

ကျောင်းတက်စဉ်က လုချန်းသည် အမှတ်ကောင်းများ အမြဲရခဲ့သည်။

သို့သော် ဖျားနာပြီးနောက်ပိုင်းတွင် ညာဘက်လက်မှာ ခံစားမှုမဲ့သွားခဲ့လေရာ ဤအဖြစ်က သူ့အပေါ် ဆိုးဝါးသောသက်ရောက်မှုများ ရှိလာခဲ့ပြီး အမှတ်များလည်း ထိုးကျသွားခဲ့သည်။

အစပိုင်းတွင် သူ တက္ကသိုလ်တက်ရန် အခွင့်အရေး မရှိခဲ့သော်လည်း စတားတက္ကသိုလ်က သူ့အိပ်မက်များကို ပြန်လည်ရှာဖွေနိုင်ရန် အခွင့်အရေးတစ်ခု ပေးခဲ့သည်။

ငယ်စဉ်ကတည်းက လုချန်းသည် စက်ယန္တရားများကို ဝါသနာပါခဲ့သောကြောင့် စက်မှုအင်ဂျင်နီယာမေဂျာအကြောင်း သိလိုက်ရချိန်ဝယ် အလွန်စိတ်လှုပ်ရှားသွားရသည်။

သို့တိုင် သူ့ညာဘက်လက်က ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေဆဲပင်။

စက်မှုမေဂျာသည် လက်တွေ့လုပ်ဆောင်ရန် လိုအပ်သော်ငြား သူကတော့ ညာဘက်လက်ကို အသုံးပြု၍မရပေ။

သူ့ဘယ်ဘက်လက်ဖြင့် နေ့စဉ်ဘဝကို ဖြတ်သန်းနိုင်သော်လည်း စက်မှုပိုင်းဆိုင်ရာ လုပ်ငန်းများအတွက်မူ အဆင်မပြေနိုင်ပေ။

သို့သော် သူ့အိပ်မက်ကို မစွန့်လွှတ်ချင်သောကြောင့် သူ့အချိန်များကို စာကြည့်တိုက်တွင်သာ ကုန်ဆုံးခဲ့သည်။

စာကြည့်တိုက်တွင် စက်မှုအင်ဂျင်နီယာဆိုင်ရာ စာအုပ်များကို ဖတ်ရှုပြီး ဓာတ်ခွဲခန်းတွင်မူ လုဂန်တို့ စက်ရုပ်တည်ဆောက်နေသည်ကို စောင့်ကြည့်လေ့လာခဲ့သည်။

လုချန်း၏စကားကို နားထောင်ရင်း ယဲ့ချန်း ပြုံးလိုက်သည်။

"ငါ့ဆီမှာ စက်မှုပရောဂျက်တစ်ခုရှိတယ်။ မင်း စိတ်ဝင်စားလား"

ယဲ့ချန်း၏စကားကို ကြားသောအခါ လုချန်း၏ မျက်လုံးများ အရောင်လက်သွားလေသည်။

သူသည် စက်ယန္တရားများကို နှစ်သက်သော်လည်း အဖွဲ့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်ပေ။ ယခုမူ ယဲ့ချန်းကိုယ်တိုင်က သူ့ကို ဖိတ်ခေါ်နေသည်။

သို့သော် ခဏအကြာမှာပင် သူ့မျက်လုံးများ ပြန်မှေးမှိန်သွားခဲ့သည်။

"ကျောင်းအုပ်ယဲ့... မဖြစ်နိုင်ပါဘူး။ ကျွန်တော် သူများအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ချင်ဘူး"

သူက ​ဆိုလာလေသည်။

ယဲ့ချန်းက ညင်သာစွာ ပြုံးလိုက်သည်။

"ဝန်ထုပ်ဝန်ပိုး မဖြစ်ပါဘူး။ မင်းက ဒီပရောဂျက်အတွက် အဓိကတာဝန်ယူရမယ့်လူ ဖြစ်လာမှာ။ ပြီးတော့ ကနဦးအဆင့်ကို မင်းတစ်ယောက်တည်း အပြီးသတ်ပေးဖို့ လိုတယ်"

"ဗျာ"

လုချန်းခမျာ ယဲ့ချန်း၏စကားကြောင့် မှင်တက်သွားသည်။

ယဲ့ချန်းက ပြုံးလိုက်၏။

"ကောင်းပြီလေ.. မနက်ဖြန် ငါ့ကိုလာတွေ့"

လုချန်းလည်း နားမလည်နိုင်ဟန် မျက်လုံးများဖြင့် ခေါင်းညိတ်ပြပြီးနောက် ထွက်သွားလေသည်။

သူ ထွက်သွားသည်ကို ကြည့်ပြီးနောက် ယဲ့ချန်းလည်း သူ့ကွန်ပျူတာကို ဖွင့်လိုက်သည်။

ထိုပရောဂျက်သည် လုချန်းနှင့် သက်ဆိုင်သော ဒီဇိုင်းလုပ်ငန်းများ လိုအပ်သည်။

လုချန်၏ ညာဘက်လက်ပြဿနာကြောင့် အဓိကရည်ရွယ်ချက်မှာ အလုပ်လုပ်နိုင်သော ညာဘက်လက်တစ်ဖက်ကို ဖန်တီးပေးခြင်းဖြင့် သူ့ယုံကြည်မှုကို ပြန်လည်တည်ဆောက်ပေးရန်ပင်။

အကယ်၍ ယခင်တုန်းကသာဆိုလျှင် ယဲ့ချန်းအနေနှင့် လုချန်း၏လက်ကို ပြန်လည်ကောင်းမွန်လာစေရန် ဆေးပညာစွမ်းရည်များကို သုံးကောင်းသုံးနိုင်သော်လည်း ယခုတွင်မူ...

လုချန်း၏ ညာဘက်လက်မှာ လုံးဝအသုံးမဝင်သော တစ်ရှူးများအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ သူ ကုသ၍ မရနိုင်တော့ပေ။ သို့ဖြစ်လေရာ ယဲ့ချန်း၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။ ၎င်းမှာ စက်ရုပ်လက်တုပင်။

စက်ရုပ်လက်တုအတွက် ဒီဇိုင်းတစ်ခုမှာ သူ့အာရုံထဲတွင် အမြန်ပေါ်လာခဲ့သည်။

ယဲ့ချန်းသည် နတ်ဘုရားအဆင့် နည်းပညာများဖြင့် စက်ရုပ်လက်တုဒီဇိုင်းကို တစ်ရက်အတွင်း အပြီးသတ်ရေးဆွဲနိုင်ခဲ့သည်။

နောက်တစ်နေ့ မနက်စောစောတွင် လုချန်းသည် ယဲ့ချန်း၏ရုံးခန်းသို့ ရောက်လာခဲ့သည်။

လုချန်း၏မျက်လုံးထဲတွင် စိုးရိမ်ထိတ်လန့်မှု အရိပ်အယောင်အနည်းငယ်ကို ခံစားလိုက်ရသည်။

ယဲ့ချန်းက ခပ်ဖွဖွပြုံး၍ မေးလိုက်၏။

"လုချန်း... မင်း ဒီပရောဂျက်ကို စိတ်ဝင်စားလား"

ထိုသို့ပြောပြီးနောက် ယဲ့ချန်းက ကွန်ပျူတာကို ဖွင့်ပြလိုက်သည်။

ထိုဒီဇိုင်းကို မြင်လိုက်ရသောအခါ လုချန်း၏ မျက်လုံးထဲတွင် တင်းမာမှု၊ စိတ်လှုပ်ရှားမှုနှင့် စိတ်အားထက်သန်မှုတို့ ပေါ်ပေါက်လာခဲ့သည်။

•••••••••••••••••••••••••••

အပိုင်း ၅၆၆ : အိပ်မက်များကို ပြန်လည်ရယူခြင်း

ယဲ့ချန်းက သူ့ကို စက်ရုပ်လက်အတု ပရောဂျက်တစ်ခု ပေးအပ်ခဲ့သောကြောင့် လုချန်း အလွန်ဝမ်းသာပီတိဖြစ်သွားရသည်။

သူ့လက်ပြဿနာကို ယဲ့ချန်း အစကတည်းက သိနေခဲ့ကြောင်းကိုလည်း နားလည်လိုက်သည်။

သို့သော် ထိုအကြောင်းကို ထုတ်ပြောမည့်အစား ယဲ့ချန်းက သူ့ကို စက်ရုပ်လက်အတုများကို သုတေသနလုပ်ခွင့်ပေးခဲ့သည်။

ဒီဇိုင်းပုံစံများကို ကြည့်ရင်း လုချန်း၏ရင်ထဲ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

"ကျောင်းအုပ်ယဲ့... ဒီလက်အတုက တကယ်ကြီး လက်တွေ့အကောင်အထည်ဖော်လို့ ရပါ့မလား"

အတိတ်တုန်းက လုချန်၏ အကြီးမားဆုံး နာကျင်မှုမှာ မလှုပ်ရှားနိုင်သော သူ့ညာဘက်လက်ပင်။

သို့သော် ဤလက်အတုဒီဇိုင်းသာ လက်တွေ့ ဖြစ်လာခဲ့လျှင် ဤသည်မှာ ဘာအဓိပ္ပာယ်ဆောင်ကြောင်း သူ ကောင်းကောင်းသိသည်။

ဤသည်မှာ သူ့လက် ပြန်ကောင်းလာနိုင်ပြီး ပြန်လှုပ်ရှားနိုင်တော့မည်ဟု ဆိုလိုခြင်းပင်။

ထိုသို့ဆိုလျှင် သူ့အိပ်မက်များ အကောင်အထည်ဖော်ရန်အတွက် အတားအဆီးများအားလုံး ဖယ်ရှားခံလိုက်ရပြီဖြစ်၏။

လုချန်းက ယဲ့ချန်းကို စိုးရိမ်တကြီး ကြည့်လိုက်လေသည်။

ထိုဒီဇိုင်းကို လက်တွေ့အကောင်အထည်ဖော်၍မရနိုင်ဟု ယဲ့ချန်းဘက်က ပြောလိုက်မည်ကို သူ အလွန်စိုးရိမ်နေခဲ့သည်။

သို့သော် ယဲ့ချန်း၏စကားကြောင့် လုချန်း သက်ပြင်းချနိုင်သွားသည်။

"ပြဿနာမရှိပါဘူး။ မင်းသာ ဖန်တီးနိုင်ရင် မင်းရဲ့ညာဘက်လက်က ပုံမှန်လူတစ်ယောက်လိုမျိုး ပြန်မဖြစ်ရင်တောင်မှ ရှစ်ဆယ်ကိုးဆယ်ရာခိုင်နှုန်းလောက်တော့ ပြန်ကောင်းနိုင်ပါတယ်"

ယဲ့ချန်း၏စကားကို ကြားလိုက်ရသောအခါ လုချန်း၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။

ရှစ်ဆယ်ကိုးဆယ်ရာခိုင်နှုန်းဆိုသည်မှာ သူ့အတွက်တော့ အိပ်မက်တစ်ခုနှယ် ကောင်းမွန်လွန်းလှသည်။

ဘုရားရေ... ငါ့လက်သာ ရှစ်ဆယ်ကိုးဆယ်ရာခိုင်နှုန်း ပြန်ကောင်းလာမယ်ဆိုရင် ငါ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ပြီပေါ့။

လုချန်းခမျာ တစ်ကိုယ်လုံး တုန်ယင်လာသည်အထိ စိတ်လှုပ်ရှားနေချေသည်။

ယဲ့ချန်းက ပြုံးတုံ့တုံ့ဖြင့် လုချန်းကို လက်အတုဖန်တီးမည့် နည်းလမ်းကို စတင်ရှင်းပြလေသည်။

ယခုတလော လုချန်းသည် စက်မှုပိုင်းဆိုင်ရာ စာအုပ်များကို ဖတ်ရှုခဲ့သည်ဖြစ်ရာ ယခုအချိန်တွင် အသုံးဝင်လာခဲ့ပြီဖြစ်၏။

သူ၏သီအိုရီဗဟုသုတနှင့် နားလည်နိုင်စွမ်းမှာ လုဂန်ထက်ပင် သာလွန်သည်ဟု ဆိုနိုင်ပေသည်။

လုချန်းတွင် လိုအပ်နေသည်မှာ လက်တွေ့လုပ်ဆောင်နိုင်စွမ်းပင်။

ယဲ့ချန်း ရှင်းပြပြီးသွားသောအခါ လုချန်းက ခေါင်းညိတ်လိုက်၏။

"ကျောင်းအုပ်ယဲ့... ကျွန်တော် နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ်"

ထိုသို့ပြောရင်း လုချန်းက ယဲ့ချန်းကို ဦးညွှတ်အရိုအသေပေးလိုက်သည်။

ဤသည်မှာ လုချန်း၏ ရင်ထဲမှလာသော အရာပင်တည်း။

သူ အလွန်ဝမ်းသာပီတိ ဖြစ်နေချေသည်။

အကြောင်းမှာ ယဲ့ချန်းက သူ့အိပ်မက်များကို အကောင်အထည်ဖော်ရန် အခွင့်အရေးပေးခဲ့သောကြောင့်ပင်။

ထို့ပြင် ယဲ့ချန်းသည် သူ မသန်စွမ်းဖြစ်နေကြောင်း သိပါလျက်နှင့် တစ်ကြိမ်တစ်ခါမျှ ထုတ်မပြောခဲ့ပေ။

ယဲ့ချန်းက သူ့ကို သာမန်ကျောင်းသားတစ်ယောက်လို ဆက်ဆံခဲ့ပြီး အမြင့်ဆုံးသော လေးစားမှုကို ပေးခဲ့သည်။

"ဆက်ကြိုးစား။ မင်းကို ငါ ယုံကြည်တယ်"

ယဲ့ချန်းက လုချန်း၏ပခုံးကိုပုတ်၍ ပြောလိုက်သည်။

လုချန်းမှာ ခေါင်းညိတ်ပြီးနောက် သက်ပြင်းရှည်ကြီးတစ်ချက် ရှိုက်သွင်းလိုက်၏။

"ကျောင်းအုပ်ကြီး စိတ်မပျက်စေရပါဘူး"

ယဲ့ချန်းက လုချန်းအတွက် အထူးဓာတ်ခွဲခန်းတစ်ခုကို သီးသန့်ပေးထားလိုက်သည်။

လုချန်းမှာ ဓာတ်ခွဲခန်းထဲသို့ ဝင်သွားလေသည်။

ယခင်က လုချန်းတွင် အိပ်မက်များရှိခဲ့သော်လည်း ယခုအကြိမ်မှာမူ ပထမဆုံးအကြိမ်အဖြစ် သူ့အိပ်မက်များနှင့် အလွန်နီးစပ်နေခဲ့ခြင်းပင်။

ထို့ပြင် ဤအရာအားလုံးမှာ ယဲ့ချန်းပေးခဲ့သော မျှော်လင့်ချက်ဖြစ်သောကြောင့် ကျောင်းအုပ်ယဲ့ကို သူ လုံးဝ စိတ်ပျက်အောင်လုပ်မည် မဟုတ်ပေ။

ဓာတ်ခွဲခန်းထဲ ရောက်သည်နှင့် လုချန်းတစ်ယောက် အစိတ်အပိုင်းများကို စတင်ပြုလုပ်တော့သည်။

သူ့ဘယ်လက်တစ်ဖက်တည်းသာ လှုပ်ရှားနိုင်သောကြောင့် အစိတ်အပိုင်းတစ်ခုစီ ပြုလုပ်ရန် အခြားသူများထက် နှစ်ဆပိုကြိုးစားအားထုတ်ရသည်။

အစပိုင်းတွင် လုချန်း အလွန်ရုန်းကန်ခဲ့ရသည်။

ပထမဆုံးအကြိမ် တပ်ဆင်မှုမှာ ကျရှုံးသွားခဲ့သည်။

သို့သော် လုချန်းကတော့ လုံးဝစိတ်ဓာတ်မကျဘဲ ဆက်လက်ကြိုးစားခဲ့သည်။

ဒုတိယအကြိမ်ကြိုးစားမှုလည်း ကျရှုံးခဲ့ပြန်သည်။

မရေမတွက်နိုင်အောင် ကြိုးစားပြီးနောက်တွင်မူ လုချန်းတစ်ယောက် ပထမဆုံးအစိတ်အပိုင်းကို အောင်မြင်စွာ တပ်ဆင်နိုင်ခဲ့သည်။

လုချန်းမှာ တစ်နေ့လုံး ဓာတ်ခွဲခန်းထဲတွင်သာ အချိန်ကုန်ဆုံးခဲ့သည်။

တိုးတက်မှုနှေးကွေးသော်လည်း လုချန်းကတော့ အလွန်ပျော်ရွှင်နေသည်။

လုချန်း၏ ဇွဲလုံ့လက ယဲ့ချန်းကိုပင် အံ့အားသင့်စေခဲ့သည်။

လက်ရှိအချိန်တွင် လုချန်း၏ တပ်ဆင်မှုအမြန်နှုန်းမှာ ယခင်ကထက် သိသိသာသာ တိုးတက်လာခဲ့သည်။

ဗီဒီယိုထဲတွင် လုချန်း အကြိမ်ကြိမ်ကျရှုံးနေသော်လည်း အကြိမ်တိုင်း ချွေးသုတ်ကာ အစက ပြန်လုပ်နေသည့်မြင်ကွင်းကို ယဲ့ချန်း စောင့်ကြည့်နေခဲ့သည်။

အစပိုင်းတွင် ပထမအဆင့်အတွက် လုချန်း အနည်းဆုံး သုံးရက်အချိန်ယူရမည်ဟု ယဲ့ချန်း ထင်ထားခဲ့သော်လည်း တစ်ရက်တည်းနှင့် အပြီးသတ်နိုင်ခဲ့သည်။

ယဲ့ချန်း ဓာတ်ခွဲခန်းထဲသို့ ဝင်သွားသောအခါ အလွန်ပင်ပန်းနေသော လုချန်းကို မြင်လိုက်ရသည်။

"မင်း တော်တယ်။ ခဏနားလိုက်ဦး။ ပြီးမှ ဒုတိယအဆင့် စလုပ်လို့ရပါတယ်"

"ကျောင်းအုပ်ယဲ့... ကျွန်တော် နားဖို့မလိုပါဘူး"

ယဲ့ချန်းကမူ ခေါင်းယမ်းလိုက်၏။

"မဟုတ်ဘူး။ မင်း နားကိုနားရမယ်"

လုချန်းက စိတ်ဓာတ်ခိုင်မာသော်လည်း သူ့ကျန်းမာရေးက ပိုအရေးကြီးသည်။

အခြားရွေးချယ်စရာမရှိတော့သဖြင့် လုချန်းမှာ အနားယူရန် ပြန်သွားရတော့သည်။

အိပ်စက်အနားယူပြီးနောက် လုချန်း ဓာတ်ခွဲခန်းထဲသို့ ပြန်ရောက်လာချိန်တွင် ထိုနေရာ၌ လူတချို့ရပ်နေကြောင်း တွေ့လိုက်ရသည်။

သူတို့မှာ လုဂန်တို့အဖွဲ့ပင်။

လုချန်းက စက်ရုပ်ဓာတ်ခွဲခန်းသို့ နေ့တိုင်းသွားပြီး သူတို့တပ်ဆင်နေသည်ကို ကြည့်လေ့ရှိသဖြင့် သူတို့ကို ကောင်းကောင်း မှတ်မိသည်။

ထိုအဖွဲ့ကို စိုက်ကြည့်ရင်း လုချန်း အံ့ဩသွားသည်။

လုဂန်က ပြုံးလိုက်၏။

"မင်းရဲ့ပရောဂျက်ကို ကူညီပေးဖို့ ကျောင်းအုပ်ယဲ့က ငါတို့ကို လွှတ်လိုက်လို့"

နောက်ပိုင်းတပ်ဆင်ရမည့် အဆင့်များက ပိုမိုခက်ခဲလာမည်ဖြစ်ရာ တစ်ယောက်တည်း အပြီးသတ်ရန် သေချာပေါက် ခက်ခဲမည်ဖြစ်ကြောင်း လုချန်း နားလည်ပေသည်။

"မင်းတို့ ကူညီပေးမယ်ဆိုရင်တော့ အရမ်းကောင်းတာပေါ့"

သူတို့တစ်သိုက် အတူတကွ အလုပ်လုပ်ကြလေတော့သည်။

လုဂန်တို့၏အကူအညီဖြင့် လုပ်ငန်းတိုးတက်မှုမှာ အမှန်တကယ်ပင် ပိုမြန်ဆန်လာခဲ့သည်။

လုဂန်တို့တစ်သိုက်ကလည်း လုချန်း၏ သီအိုရီအဆင့်အတန်းကို သိလိုက်ရသဖြင့် အံ့အားသင့်သွားကြသည်။

ပြဿနာတစ်ခုခုနှင့် ကြုံတွေ့ရတိုင်း လုချန်းက ပိုကောင်းသော ဖြေရှင်းနည်းများကို အမြဲဖော်ထုတ်ပေးနိုင်ခဲ့သည်။

အစပိုင်းတွင် လုချန်းသည် မိမိကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့နေခဲ့သော်လည်း တဖြည်းဖြည်းဖြင့် ယုံကြည်မှုပိုရှိလာပြီး စကားများလည်း ပိုပြောလာခဲ့သည်။

သုံးရက်ကြာသောအခါ သူတို့အားလုံး၏ရှေ့တွင် စက်ရုပ်လက်အတုတစ်ခု ပေါ်ထွက်လာခဲ့သည်။

ထိုလက်အတုကိုကြည့်ပြီး လူတိုင်း အလွန်စိတ်လှုပ်ရှားနေကြသည်။ အထူးသဖြင့် လုချန်းပင်။

လုဂန်က ပြုံးလိုက်၏။

"စမ်းတပ်ကြည့်လိုက်တော့လေ"

လုချန်းက ခေါင်းညိတ်ပြလိုက်ပြီးနောက် အလွန်စိတ်လှုပ်ရှားနေဟန်ဖြင့် လက်အတုကို တပ်ဆင်လိုက်သည်။

သူ့လက်မောင်းကို မြှောက်ကြည့်ရန် ကြိုးစားလိုက်သည်။

အားလုံး အံ့အားသင့်သွားရသည်မှာ သူ့လက်မောင်းက တကယ်မြောက်တက်လာခဲ့ခြင်းပင်။

လုချန်း၏မျက်လုံးထဲတွင် မျက်ရည်များ ဝဲတက်လာသည်။

သူ့လက်မောင်းက တကယ်မြောက်တက်လာခဲ့သည်။

နှစ်ပေါင်းများစွာကြာအောင် လက်တစ်ဖက်လုံး ခံစားချက်ကင်းမဲ့နေခဲ့ပြီးနောက် ယခုအခါတွင်မူ တကယ် လက်မြှောက်၍ရနေလေပြီ။

သူ လက်သီးဆုပ်ကြည့်ရန် ကြိုးစားလိုက်ပြန်သည်။

လက်သီးက နာခံစွာ ဆုပ်သွားခဲ့သည်။

"ငါတို့ အောင်မြင်သွားပြီ"

လုချန်း ဝမ်းသာမျက်ရည်များ ကျလာခဲ့သည်။

သူ့ညာလက်၏ ထိန်းချုပ်နိုင်စွမ်းမှာ လက်အစစ်နှင့် ကွာခြားနေသေးသော်လည်း တကယ်လှုပ်ရှားနိုင်နေသည်ဆိုသည့် အချက်ကပင် လုချန်းအတွက် အလွန်စိတ်လှုပ်ရှားဖို့ ကောင်းနေလေပြီ။

လုချန်း သက်ပြင်းရှည်ကြီးတစ်ချက် ရှိုက်သွင်းလိုက်သည်။ အရေးကြီးသော နောက်အဆင့်မှာ ပစ္စည်းတစ်ခုကို ကောက်ကိုင်ရန်ပင်။

သူလည်း သတ္တုသေတ္တာတစ်လုံးကို သူ့လက်ဖြင့် ကောက်ကိုင်လိုက်သည်။

မထင်မှတ်ထားပါဘဲ လုချန်းသည် သတ္တုသေတ္တာကို အလွယ်တကူ မြှောက်လိုက်နိုင်သည်။

လူတိုင်း အံ့အားသင့်သွားကြသည်။

ဤသတ္တုသေတ္တာကို သာမန်လူတစ်ယောက် မနိုင်ရန်အတွက် ခွန်အားအမြောက်အများ စိုက်ထုတ်ရမည်ဖြစ်သော်လည်း လုချန်းကမူ လက်တစ်ဖက်တည်းဖြင့် အားစိုက်စရာမလိုဘဲ မြှောက်လိုက်နိုင်သည်။

ဤနည်းပညာကိုသာ စက်ရုပ်များတွင် အသုံးပြုမည်ဆိုပါက သူတို့၏ လုပ်ငန်းတိုးတက်မှုနှုန်းမှာ နှစ်ဆမြန်ဆန်လာမည်ဖြစ်၏။

လုဂန်က ပျော်ရွှင်စွာ ပြောလိုက်၏။

"လုချန်း... ဖြစ်နိုင်မယ်ဆိုရင် ငါတို့စက်ရုပ်အဖွဲ့ထဲကို ဝင်မလား"

လုဂန်၏ဖိတ်ခေါ်မှုကို ကြားသောအခါ လုချန်း ဆွံ့အသွားချေသည်။

ဤသည်မှာ သူ့အတွက် အိပ်မက်များ အမှန်တကယ်ဖြစ်လာခြင်းပင်။ သို့တိုင် ဤအဖြစ်ကို သူ ဘယ်တုန်းကမှ မတွေးဝံ့ခဲ့ပေ။

အကြောင်းမှာ သူသည် ဘယ်အရာကိုမှ ကူညီမပေးနိုင်သဖြင့် အဖွဲ့ထဲသို့ဝင်ခြင်းကား သူတို့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်လိမ့်မည်ဟု ခံစားခဲ့ရသောကြောင့်ပင်။

လုဂန်က လေးလေးနက်နက် ပြောလိုက်၏။

"မင်းရဲ့ သီအိုရီဗဟုသုတက ငါတို့အဖွဲ့အတွက် အရမ်းအရေးကြီးတယ်။ ပြီးတော့ အခုဆိုရင် စက်ရုပ်လက်အတုနဲ့အတူ မင်းက ငါတို့မလုပ်နိုင်တဲ့ အရာတွေကိုတောင် လုပ်နိုင်နေပြီလေ။ လုချန်း... ငါတို့အဖွဲ့ထဲဝင်ဖို့ မင်းကို ဖိတ်ခေါ်ပါတယ်"

လုဂန်၏စကားကို ကြားသောအခါ လုချန်း အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

ငါက တကယ်ပဲ ဒီလောက်အထိ အရေးပါတာလား။

လုချန်းလည်း အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။

"အင်း... ငါလည်း မင်းတို့ရဲ့ စက်ရုပ်အဖွဲ့ထဲကို ဝင်ချင်တယ်"

ဗီဒီယိုထဲတွင် ထိုအဖွဲ့သားများ ပွေ့ဖက်နေကြသည့်မြင်ကွင်းကို ယဲ့ချန်း မြင်တွေ့လိုက်ရသည်။ သူ့မျက်နှာပေါ်တွင် ကျေနပ်နေဟန် အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။

ယဲ့ချန်း၏မူဝါဒမှာ မည်သည့်ကျောင်းသားကိုမှ လက်မလျှော့ရန်ပင်။ ယခုမူ လုချန်းလည်း ယုံကြည်မှု ပြန်လည်ရရှိလာပြီး သူ့အိပ်မက်ကို ရှာဖွေတွေ့ရှိသွားသည့်အတွက် ယဲ့ချန်း အလွန်ပျော်ရွှင်ရသည်။

ထိုအချိန်တွင် ယဲ့ချန်း၏ဖုန်းက မြည်လာခဲ့သည်။

"ဥက္ကဋ္ဌယဲ့... ခင်ဗျား တလောတုန်းက တာ့မိုင်လုပ်ငန်းစုက ရော်ဘင်ကို အကွက်ဆင်ပြီး အမြတ်ငွေဘီလျံတော်တော်များများ ရလိုက်တယ်လို့ ကြားတယ်နော်"

ချန်းဝမ်က ရယ်မောလျက် ပြောလေသည်။

ယဲ့ချန်းက နောက်ပြောင်လိုက်၏။

"ခင်ဗျားတောင် သိနေပြီပဲ"

"ဟားဟား ဘဏ္ဍာရေးအဆောက်အအုံမှာတော့ ဒါက ဟာသတစ်ခုလို ဖြစ်နေပြီလေ"

ချန်းဝမ်က ဆို၏။

"အဲဒီကောင်က အရမ်းကြွားချင်တာကိုး။ ပြီးတော့ သူက အဲဒီလောက်ချမ်းသာနေမှတော့ ဘာလို့ အခွင့်အရေးမယူဘဲ နေရမှာလဲ"

ချန်းဝမ်က ရယ်မောလိုက်၏။

"ဥက္ကဋ္ဌယဲ့... ကျွန်တော်တို့ မဆုံဖြစ်တာတောင် တော်တော်ကြာပြီ။ ဒီည အားလား။ အတူတူ ထမင်းစားကြရအောင်"

ယဲ့ချန်းလည်း သဘောတူလိုက်သည်။

"ပြဿနာမရှိပါဘူး"

ချန်းဝမ်က ပြုံးလိုက်၏။

"ဒီည ခြောက်နာရီခွဲ။ ထျန်းပေါင်ဟိုတယ်မှာနော်"

ယဲ့ချန်း ခဏမျှတွေဝေသွားသည်။

"ထျန်းပေါင်ဟိုတယ်ဆိုတာ ငါ့ဟိုတယ် မဟုတ်ဘူးလား"

•••••••••••••••••••••••

အပိုင်း ၅၆၇ : ရော်ဘင် လူထုဒေါသကို ဆွပေးမိခြင်း

ညနေစောင်းတွင် ယဲ့ချန်းသည် ထျန်းပေါင်စားသောက်ဆိုင်သို့ စောစောစီးစီး ကားမောင်းထွက်ခဲ့သည်။

ယဲ့ချန်းကို မြင်သည်နှင့် တံခါးဝရှိ စားပွဲထိုးက အမြန်ဦးညွှတ်နှုတ်ဆက်လေသည်။

"မင်္ဂလာပါ သူဌေး"

ယဲ့ချန်းကလည်း ထိုလူများကို ခေါင်းညိတ်ပြလိုက်သည်။

"အခုတလော ငါတို့စားသောက်ဆိုင် အခြေအနေ ဘယ်လိုရှိလဲ"

ယဲ့ချန်းက မေးလိုက်သည်။

"စားဖိုမှူးချုပ်ကို ပြောင်းပြီးကတည်းက စီးပွားရေးက တော်တော်ကောင်းနေပါတယ်။ နေ့တိုင်း လူပြည့်နေလို့ စားပွဲဝိုင်းရဖို့ဆိုရင် အနည်းဆုံး လဝက်လောက် ဘိုကင်ကြိုလုပ်ထားရပါတယ်"

ယဲ့ချန်းက ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။

စတားတက္ကသိုလ်ကျောင်းသားများက စင်စစ်အရည်အချင်းရှိသည်ဟု ဆိုရပေမည်။

စတားတက္ကသိုလ်မှ အချက်အပြုတ်အဖွဲ့ ရောက်လာပြီးနောက် ဤစားသောက်ဆိုင်မှာ မိုတုမြို့တွင် နာမည်ကြီးလာခဲ့သည်။

ထို့ကြောင့်လည်း ချန်းဝမ်က သူ့ကို ဤနေရာတွင် ထမင်းစားရန် ဖိတ်ခေါ်ခြင်းပင်။

"သူဌေး... လုပ်ငန်းခွင်စစ်ဆေးဖို့ လာတာလားဗျ"

ယဲ့ချန်းကမူ ခေါင်းယမ်းပြလိုက်သည်။

"မဟုတ်ပါဘူး။ ဒီနေ့ ငါ ထမင်းလာစားတာ။ မင်းတို့အလုပ် မင်းတို့ဆက်လုပ်ကြပါ။ ငါ့ကို ဂရုမစိုက်နဲ့"

"ဟုတ်ကဲ့ သူဌေး ကြွပါခင်ဗျ"

"ဥက္ကဋ္ဌယဲ့... မတွေ့တာ ကြာပြီနော်"

ယဲ့ချန်း လှည့်ကြည့်လိုက်လေရာ အစ်ကိုထန် ဖြစ်နေချေသည်။

"အစ်ကိုထိန်... ခင်ဗျားလည်း ဒီမှာထမင်းလာစားတာလား"

"ဟုတ်တယ်။ ထျန်းပေါင်ဟိုတယ်က စားစရာတွေက အကောင်းစားတွေ။ တစ်ခါစားကြည့်ပြီးကတည်းက အပတ်တိုင်း ဒီကိုလာစားဖြစ်တယ်။ အခုလည်း ဖောက်သည်တစ်ယောက်နဲ့ အလုပ်ကိစ္စပြောဖို့ ချိန်းထားလို့"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်လေသည်။

"ကောင်းပါပြီ။ ခဏခဏလာခဲ့ပါဦး။ ကျွန်တော်လည်း ဒီမှာ ထမင်းစားဖို့လာတာ"

အစ်ကိုထန်က အချိန်ကို တစ်ချက်ကြည့်လိုက်သည်။

"ကောင်းပြီလေ။ ကျုပ်ဧည့်သည်လည်း မရောက်သေးဘူးဆိုတော့ ခင်ဗျားရဲ့ဗွီအာပရောဂျက်အကြောင်း အရင်ပြောရအောင်"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်ပြီးနောက် သူတို့နှစ်ယောက်သား အခန်းနံပါတ်၁၁၈သို့ သွားလိုက်ကြသည်။

"ယဲ့ချန်း... ခင်ဗျားရဲ့ဗွီအာနည်းပညာက ကျုပ်တို့ကုမ္ပဏီနဲ့ လက်တွဲလို့ရမလား"

လင်းဝမ်ယို၏ ကြိုးပမ်းမှုကြောင့် စတားကုမ္ပဏီ၏ ဗွီအာပရောဂျက်မှာ အလွန်ရေပန်းစားလာခဲ့သည်။

ထို့ကြောင့် အစ်ကိုထန်လည်း မနာလိုဖြစ်ခဲ့ရသည်။ နောက်ပိုင်းမှသာ ဗွီအာနည်းပညာသည် ယဲ့ချန်း၏ကုမ္ပဏီဖြစ်ကြောင်း သူ သိလိုက်ရသည်။

မူလက သူသည် ယဲ့ချန်းနှင့် သီးသန့်စကားပြောလိုသော်လည်း ဤနေရာတွင် ဆုံလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ယဲ့ချန်းက ထိုစကားကို နားထောင်ပြီး ရယ်မောလိုက်၏။

"ရတာပေါ့ အစ်ကိုထန်...ခင်ဗျားသာ ဆန္ဒရှိမယ်ဆိုရင်ပေါ့။ ကျွန်တော်တို့ဘက်ကလည်း ပူးပေါင်းဆောင်ရွက်ချင်ပါတယ်။ အင်အားကြီးနှစ်ခု ပေါင်းစည်းသလိုမျိုးပေါ့"

လက်ရှိတွင် ဗွီအာအတွက် အကြီးမားဆုံး စိန်ခေါ်မှုမှာ ကြော်ငြာပင်။

အစ်ကိုထန်တွင် ဟွားနိုင်ငံ၌ အကျော်ကြားဆုံး ဆက်သွယ်ရေးဆော့ဖ်ဝဲများဖြစ်သည့် ဝေ့ရွှင်းနှင့် ပင်ဂွင်းဆော့ဖ်ဝဲတို့ ရှိသည်။ အကယ်၍ ဗွီအာဂိမ်းများကို ထိုနှစ်ခုထဲတွင် ထည့်သွင်းနိုင်ပါက သေချာပေါက် ပေါက်သွားပေလိမ့်မည်။

ထိုအချိန်တွင် ခမ်းနားထည်ဝါသော လင်ကွန်းကားတစ်စီးက ထျန်းပေါင်ဟိုတယ်အဝင်ဝ၌ ထိုးရပ်လိုက်သည်။

သာလွန်မြင့်မြတ်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည့် လူတစ်ယောက်က ကားပေါ်မှ ဆင်းလာသည်။

ထိုလူမှာ အခြားသူမဟုတ်ပေ။ ယခင်က ယဲ့ချန်းထံမှ အနိုင်ပိုင်းခံခဲ့ရသော ရော်ဘင်ပင်။

ရော်ဘင် ကားပေါ်က ဆင်းလိုက်သည်နှင့် မျက်နှာပျက်သွားသည်။

အကြောင်းမှာ အလွန်ရင်းနှီးနေသော ကားတစ်စီးဖြစ်သည့် ကျီလိကားကို တွေ့လိုက်ရသောကြောင့်ပင်။

ထိုကားမှာ စားသောက်ဆိုင်အဝင်ဝတွင်ပင် ရပ်ထားသည်။

ဤကားကို မြင်လိုက်သည်နှင့် ယဲ့ချန်းလည်း ဤနေရာတွင် ရှိနေကြောင်း သူ သိလိုက်သည်။

အကြောင်းတစ်ခုခုကြောင့် ဤကားကို မြင်လိုက်ရခြင်းမှာ ရော်ဘင်အတွက်တော့ မကောင်းသော ခံစားချက်တစ်မျိုးကို ပေးစွမ်းနေပေသည်။

ရော်ဘင်မှာ ယဲ့ချန်းကို သူရန်သူတော်အဖြစ် သတ်မှတ်ထားသည်။ ယဲ့ချန်းကို စတွေ့ကတည်းက သူ ကံဆိုးမှုများနှင့် ကြုံတွေ့နေရသည်။

သို့သော် သူ ခေါင်းခါယမ်းလိုက်သည်။

ယဲ့ချန်းက ဟွားနိုင်ငံရှိ သာမန်သူဌေးတစ်ယောက်ပင်။ သူကတော့ Mနိုင်ငံရှိ အဆင့်မြင့်ရုံးဝန်ထမ်း တာ့မိုင်လုပ်ငန်းစု၏ ဟွားနိုင်ငံရုံးခွဲဥက္ကဋ္ဌဖြစ်သည်။ ယဲ့ချန်းက သူနှင့် ဘယ်လိုယှဉ်နိုင်မည်နည်း။ သူက ဘဏ္ဍာရေးအဆောက်အအုံတစ်ခုတည်းပဲ ရှိသည်မဟုတ်လော။ သူ့အဖေကို အားကိုးနေရသည့် သူဌေးသားတစ်ယောက်ပင် ဖြစ်ချေမည်။

သူသည် Mနိုင်ငံက ယဲ့လုတက္ကသိုလ် ဘဏ္ဍာရေးဌာနမှ အတော်ဆုံးကျောင်းသားတစ်ယောက်ပင်။ ဟွားနိုင်ငံရှိ သာမန်သူဌေးတစ်ယောက်က သူ့ကို ဘယ်လိုယှဉ်နိုင်မည်နည်း။

ထိုသို့တွေးပြီးနောက် သူသည် ထောင်လွှားလေဟန် အမူအရာကို ပြန်လည်ဆင်မြန်းထားလိုက်သည်။

သို့သော် သီးသန့်အခန်းထဲသို့ ဝင်လိုက်သောအခါ ရော်ဘင် မျက်မှောင်ကြုတ်လိုက်မိသည်။

သူချိန်းထားသည့် အစ်ကိုထန်က ရောက်မလာသေးပေ။

သူ ချက်ချင်း မျက်မှောင်ကြုတ်လိုက်မိသည်။

ဟွားနိုင်ငံသားတွေက အချိန်ကိုမလေးစားကြဘူးပဲ။ ချိန်းထားတဲ့အချိန်တောင် ရောက်နေပြီ။

"ဟွားနိုင်ငံသားအမှိုက်တွေ..အဆင့်အတန်း တော်တော်နိမ့်တာပဲ။ ကုမ္ပဏီက ငါ့ကို ဒီပို့လိုက်လို့သာပေါ့။ မဟုတ်ရင် ဒီလိုအမှိုက်နိုင်ငံမှာ တစ်မိနစ်တောင် မနေချင်ဘူး"

ရော်ဘင်က ဤစကားများကို အင်္ဂလိပ်လို ပြောဆိုနေခဲ့သော်လည်း ဤနေရာတွင် လာစားသူများမှာ အထက်တန်းလွှာများ ဖြစ်ကြသဖြင့် ဘေးပတ်ဝန်းကျင်ရှိ လူများက သူ​့စကားများကို နားလည်ကြသည်။

အမှိုက်နိုင်ငံ။ အမှိုက်ဟွားနိုင်ငံသားတဲ့လား။

ဒီလူက ဟွားနိုင်ငံမြေပေါ်မှာ ဟွားနိုင်ငံကို လာစော်ကားနေတာလား။

ထိုအချိန်တွင် ဝတ်စုံပြည့်ဝတ်ဆင်ထားသော လူလတ်ပိုင်းတစ်ဦးက ခပ်မာမာပြောလိုက်လေသည်။

"လူကြီးမင်း... စကားပြောဆင်ခြင်ပေးပါ။ ခင်ဗျားက ဟွားနိုင်ငံမြေပေါ်မှာ ရှိနေတဲ့အတွက် ကျွန်တော်တို့ ဟွားနိုင်ငံသားတွေကို လေးစားသင့်တယ်နော်။ ခင်ဗျား ကျွန်တော်တို့ကို တောင်းပန်ရမယ်"

ထိုလူ၏စကားကို ကြားသောအခါ ရော်ဘင်လည်း မကျေမနပ်ဖြစ်သွားသည်။

ဟွားနိုင်ငံကို ရောက်ကတည်းက သူ ကံမကောင်းခဲ့ပေ။

ပထမအချက်အနေနှင့် သူသဘောကျသည့် မိန်းကလေးမှာ အလုခံရသည်။ ထို့နောက် ငွေဘီလျံပေါင်းများစွာ အလိမ်ခံရသည်။ ယခုလည်း ဆဲမိသဖြင့် ဝေဖန်ခံနေရပြန်လေပြီ။

ရော်ဘင်က မောက်မာစွာ ပြောလိုက်လေသည်။

"ငါ့ဘက်ကတောင်းပန်ပေးဖို့ မင်းမှာ အရည်အချင်းရှိလို့လား။ ငါ ဘယ်သူလဲဆိုတာ မင်းသိလား"

"ငါက Mနိုင်ငံက တာ့မိုင်လုပ်ငန်းစုရဲ့ ဟွားနိုင်ငံရုံးခွဲဥက္ကဋ္ဌပဲ။ မင်းကို တောင်းပန်ရမယ်တဲ့လား။ ဟာသပဲ"

တာ့မိုင်လုပ်ငန်းစုဟူသော နာမည်ကို ကြားလိုက်ရသောအခါ လူတိုင်း၏အမူအရာကား ပြောင်းလဲသွားကြသည်။

ဟွားနိုင်ငံရှိ ထိပ်တန်းရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဆယ်ခုအနက် တစ်ခုဖြစ်သောကြောင့် လူအများအပြားမှာ တာ့မိုင်လုပ်ငန်းစုအကြောင်း ကြားဖူးကြသည်။

"တာ့မိုင်လုပ်ငန်းစုကိုး။ ဒါကြောင့်လည်း ဒီလောက် မောက်မာနေတာပေါ့"

"တာ့မိုင်လုပ်ငန်းစုရဲ့ ဟွားနိုင်ငံရုံးခွဲဥက္ကဋ္ဌဆိုတော့ တကယ့်ရာထူးအကြီးပိုင်းကပဲ"

"ဒါကြောင့်လည်း သွေးနားထင်ရောက်နေတာကိုး"

ထိုလူလတ်ပိုင်းအရွယ်အမျိုးသားက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

"တာ့မိုင်ဥက္ကဋ္ဌ... ခင်ဗျား ဟွားနိုင်ငံမှာလာပြီး အလုပ်လုပ်မယ်ဆိုရင် ပထမဆုံး သင်ယူရမှာက လေးစားမှုပဲ။ မောက်မာမှု မဟုတ်ဘူး။ ခင်ဗျား ဒီနေ့ မဖြစ်မနေတောင်းပန်ရမယ်"

"ဟုတ်တယ်။ ငါတို့ဆီက ပိုက်ဆံလည်း လာရှာသေးတယ်။ ငါတို့ကိုလည်း ဆဲသေးတယ်"

"မင်းက ငါတို့ကို ငတုံးတွေလို့ ထင်နေတာလား"

"တောင်းပန်ရမယ်။ ငါတို့ကို ဖြေရှင်းချက်ပေး"

ဘေးနားရှိ ဟွားနိုင်ငံသားများမှာ ဒေါသထွက်နေကြသည်။

သူက တာ့မိုင်ဥက္ကဋ္ဌဆိုတော့ရော ဘာဖြစ်လဲ။

ချင်မင်းဆက်ခေတ်က ကုန်ဆုံးသွားသည်မှာ ကြာလှချေပြီ။ ဟွားနိုင်ငံက အနိုင်ကျင့်ရလွယ်သည်ဟု ထင်နေဆဲလား။

ထိုအချိန်တွင် ယဲ့ချန်း၊ အစ်ကိုထန်နှင့် ချန်းဝမ်တို့ စကားပြောနေကြစဉ် အပြင်ဘက်မှ ဆူညံသံများကို ကြားရသဖြင့် အခြေအနေကို ထွက်ကြည့်ကြသည်။

ယဲ့ချန်းက ရော်ဘင်ကို မြင်လိုက်ရသောအခါ ခဏမျှ ဆွံ့အသွားသည်။

ဒါက Mနိုင်ငံက လေကြီးတဲ့ကောင် မဟုတ်လား။

ထိုအချိန်တွင် မန်နေဂျာပိုင်လည်း ရောက်ချလာသည်။

"ဘာဖြစ်တာလဲ"

ယဲ့ချန်းက မေးကြည့်လိုက်သည်။

မန်နေဂျာပိုင်က ဆို၏။

"ဒီဧည့်သည်က ကျွန်တော်တို့ဟွားနိုင်ငံက ဖောက်သည်ကို နောက်ကျလို့ဆိုပြီး ဧည့်ခန်းမထဲမှာ ဟွားနိုင်ငံကို အမှိုက်လို့ ဆဲနေတာပါ။ ဟွားနိုင်ငံသားတွေက အဆင့်အတန်းနိမ့်တယ်လို့လည်း ပြောနေပါတယ်"

ဘေးနားရှိ အစ်ကိုထန်၏ မျက်နှာကား ချက်ချင်းဆိုသလို တင်းမာသွားသည်။

ရော်ဘင်ပြောနေသည့်လူမှာ သူပင်။

သေစမ်း... သူတို့က နောက်ကျနေတာကို ငါ့ကို အမှိုက်လို့လာဆဲပြီး ယဉ်ကျေးမှုမရှိဘူးလို့ လာပြောနေတာလား။

အစ်ကိုထန်ခမျာ ချက်ချင်း ဒေါသထွက်သွားသည်။

နောက်ကျတာလည်း မင်းပဲ။ ဆဲတာလည်း မင်းပဲ။ ဒါနဲ့များ ငါနဲ့ အကျိုးတူပူးပေါင်းပြီး အမြတ်ခွဲချင်သေးတယ်ပေါ့။

အိပ်မက်ပဲ မက်နေလိုက်။

ထိုအချိန်တွင် ရော်ဘင်သည် ဟွားနိုင်ငံသားများထံတွင် အဝိုင်းခံထားရသဖြင့် အလွန်မကျေမနပ်ဖြစ်နေပေသည်။

သူ့မျက်လုံးထဲတွင် လူဖြူများကသာ အမြင့်မြတ်ဆုံးသော သတ္တဝါများပင်။

ဟွားနိုင်ငံသားများမှာ အဆင့်နိမ့်လူမျိုးစုတစ်စုသာ ဖြစ်၏။

ယခုတစ်ကြိမ်တွင် သူ စိတ်မထိန်းနိုင်ဘဲ ဆဲဆိုပစ်လိုက်သည်။

ဟွားနိုင်ငံရှိ အထက်တန်းလွှာများကလည်း အလျှော့ပေးမည့်လူများ မဟုတ်ကြပေ။

"သေစမ်း... ဟွားနိုင်ငံနယ်မြေထဲမှာတောင် ဒီလောက်မောက်မာနေသေးတယ်"

"သူ့အကြောင်း ဖွင့်ချလိုက်ကြ"

"ဟုတ်တယ်။ သူ ဟွားနိုင်ငံသားတွေကို ဆဲနေတဲ့ဗီဒီယိုကို အင်တာနက်ပေါ် တင်လိုက်ကြ။ ဟွားနိုင်ငံတစ်နိုင်ငံလုံး တာ့မိုင်လုပ်ငန်းစုကို သပိတ်မှောက်အောင် လုပ်ကြမယ်"

ထိုအချိန်တွင် ပိုင်ထန်က အမြန်ပြေးလာခဲ့သည်။

အကြောင်းမှာ ဧည့်သည်များသည် သူ့ကို ဝိုင်းထိုးကြိတ်ကြတော့မည်တကဲကဲ ဖြစ်နေသောကြောင့်ပင်။

"အားလုံး စိတ်အေးအေးထားကြပါ။ သူက ယဉ်ကျေးမှုမရှိဘူးဆိုရင်တောင် ကျွန်တော်တို့ ဟွားနိုင်ငံသားတွေက အဲဒီလိုမလုပ်သင့်ဘူးမဟုတ်လား"

ထိုအချိန်တွင် လူငယ်တစ်ယောက်က ပြောလိုက်သည်။

"ဒီလိုအမှိုက်မျိုးက ဟွားနိုင်ငံမှာ စီးပွားရှာချင်သေးတယ်ပေါ့။ သူ ဆဲနေတာကို ငါ ဗီဒီယိုရိုက်ထားတယ်။ ဒါကို အင်တာနက်ပေါ် တင်လိုက်ရင် ဟွားနိုင်ငံသားတွေအကုန်လုံး တာ့မိုင်လုပ်ငန်းစုကို သပိတ်မှောက်ကြမှာ သေချာတယ်"

ထိုလူငယ်၏စကားကို ကြားသောအခါ ရော်ဘင်လည်း စိုးရိမ်သွားသည်။

အကယ်၍ ဤကိစ္စသာ တကယ်ပေါက်ကြားသွားပါက သူ ကိစ္စတုံးပြီမဟုတ်လော။

ပိုင်ထန်လည်း ရော်ဘင်က လူထုဒေါသကို ဆွပေးလိုက်ပြီဖြစ်ကြောင်း မြင်သဖြင့် အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

"လူကြီးမင်း... ခင်ဗျားကို ဒီနေရာက မကြိုဆိုပါဘူး။ အခုချက်ချင်း ထွက်သွားပေးပါ"

ရော်ဘင် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤနေရာတွင် ဆက်နေ၍မရတော့ကြောင်း သိသောကြောင့် သူ ပြန်ပြောလိုက်၏။

"ငါ ထွက်သွားပေးမယ်။ ဒါပေမဲ့ မင်း ငါ့တောင်းဆိုချက်တစ်ခုကို သဘောတူရမယ်"

All Chapters